ပင်လယ်လိပ်နက်
Vol. 13 Ch. 174
အရောင်စုံရေကန်မျိုးနွယ်စု တောင်တွင်တော့ ဟန်ဖေးကျစ်သည် သူမအိမ်အတွင်း ရပ်နေလျက် မြို့တော်ထဲမှ ခေါင်းလောင်းအား အသံမြည်အောင် တီးခတ်ခဲ့သူအား မြင်နိုင်သကဲ့သို့ ကြည့်နေခဲ့ပြီး ဟန်တောင်တန်းအား ငေးကြည့်နေသည့် သူမ၏မျက်လုံးများသည်တော့ တောက်ပနေခဲ့ကြသည်။
ထိုပုဂ္ဂိုလ်သည် မြူများဖြင့် ဖုံးလွှမ်းခြင်း ခံထားရသော်ငြား ထိုလူသည် သူမ အချိန်ကြာမြင့်စွာ ရှာဖွေနေခဲ့ရသည့် မော့စု ဖြစ်မည်ဟု သူမ မှန်းဆထားခဲ့မိပြီး ဖြစ်သည်။
“အဲဒါ ရှင်လား ...” ဟန်ဖေးကျစ် တီးတိုးရေရွတ်မိသည်။
ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲသည် တောင်ထိပ်တွင်ထိုင်လျက် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ အမူအရာသည် ရေတွင်းတစ်တွင်းရှိ ရေသေနှင့်တူညီပြီး သူ၏အတွေးများအား အခြားသူတို့ မသိနိုင်ပါချေ။ သူ့ဘေးတွင်တော့ စစ်သည်တော် ခေါင်းဆောင်နှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင် ဖန်းရှန်တို့ ထိုင်နေကြသည်။
ခေါင်းလောင်းသံများ ထွက်ပေါ်လာကာ သူတို့နားများအတွင်း ပဲ့တင်ထပ်လာချိန် အထိ လူ၃ဦးသည် တိတ်ဆိတ်နေခဲ့ကြ၏။
“အဲဒါ ငါတို့ရဲ့ ဧည့်သည် မော့စုဖြစ်နိုင်လား” အကြီးအကဲသည် ခပ်အက်အက် အသံတိုးတိုးဖြင့် ဖြည်းညင်းစွာ ပြောသည်။
“ကျွန်တော် သေချာမသိဘူး။ ဒါပေမဲ့ တစ်ချက်သွားကြည့်ဖို့ လူတွေတော့ လွှတ်ထားလိုက်ပြီ” ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်သည်လည်း ခပ်တိုးတိုး ပြန်ဖြေသည်။
“အကြီးအကဲ၊ တစ်ယောက်ယောက်ကို ဒီလူဆီ ပလိတ်ပြား သွားပေးခိုင်းလိုက်ရမလား” စစ်သည်တော် ခေါင်းဆောင်သည် ခဏတာ တုံ့ဆိုင်းနေပြီး အကြီးအကဲအား ကြည့်လိုက်သည်။ မျက်နှာတွင် အရေးအကြောင်းများ ဖုံးအုပ်နေပြီ ဖြစ်သည့် အဘိုးအိုသည် မျက်လုံးတို့ကို ပိတ်လိုက်သည်။ သူသည် စစ်သည်တော် ခေါင်းဆောင်၏ စကားကို ငြင်းဆန်ခြင်း မပြုသလို သဘောတူကြောင်းလည်း မပြခဲ့ပေ။
အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေခဲ့သည့် ပုချန့်မျိုးနွယ် တောင်ပေါ်တွင်တော့ လူများစွာတို့သည် မြူထုအတွင်း ရပ်လျက် ဟန်တောင်တန်း မြို့တော်ရှိရာ အရပ်ဆီသို့ ကြည့်နေခဲ့ကြသည်။ သူတို့သည် စကားမပြောခဲ့ကြပဲ အဝေးသို့ ထူးမခြားနားသာ ငေးကြည့်နေကြသည်။
မျိုးနွယ်စု၃စု၏ တိတ်ဆိတ်မှုနှင့် ယှဉ်လျှင်တော့ မြို့တော်အထက် နက်မှောင်သော တိမ်ထုအတွင်း ဧရာမပင်လယ် နဂါးပုံရိပ်ကြီး ပေါ်လာချိန်တွင် မြို့တော်အတွင်းရှိ လူများသည် လုံးဝတုန်လှုပ် သွားခဲ့ကြသည်။ ကောင်းကင်ရှိ ပင်လယ်နဂါးကြီးအား ကြည့်ရှုရန် ဟန်တောင်တန်း မြို့တော်မှ မရေမတွက်နိုင်သော လူများသည် မိုးရေထဲသို့ ပြေးထွက်လာခဲ့ကြသည်။ သူတို့အားလုံးသည် စိတ်ဝိညာဉ်အတွင်းမှပင် တုန်ခါသွားသည်ဟု ခံစားရပြီး နားများ အတွင်းတွင်တော့ ခေါင်းလောင်းသံများသည် ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။
“ခေါင်းလောင်းသံ ၁၂ချက်။ ဟန်တောင်တန်း ခေါင်းလောင်းက ၁၂ကြိမ်တောင် မြည်ဟည်းခဲ့တယ် ... ဒီပုဂ္ဂိုလ် ... ဒီပုဂ္ဂိုလ်က တကယ့်ကို စွမ်းအားကြီးတာပဲ”
“သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ခွင့် ရထားပြီ။ အခု သူလုပ်ဖို့လိုတာက မျိုးနွယ်စု၃စုက ပလိတ်ပြားတွေ ပို့ပေးမှာကို စောင့်ရုံပဲ။ ပြီးရင်တော့ ပလိတ်ပြားတွေနဲ့ တောင်ထိပ်ကို သွားပြီးတော့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်လို့ရပြီ”
“ခေါင်းလောင်းသံ တစ်ချက်က မတော်တဆလို့ပဲ ငါထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အသံက ၉ချက်ကိုတောင ်ကျော်ပြီး ၁၂ချက်တောင် မြည်ဟည်းသွားခဲ့တာ”
“အဲဒါ ဘယ်သူလဲ ... ကြည့်ရတာတော့ သူက အခုထိ ရပ်ဦးမယ့်ပုံ မပေါ်ဘူး။ တကယ်ပါပဲ ခေါင်းလောင်းကို သူ ဘယ်နှကြိမ် အထိတောင် တီးခတ်မှာလဲ”
ဟန်တောင်တန်းမြို့တော် စတုတ္ထအလွှာမှ လူများသည် တတိယအလွှာသို့ ဦးတည်သည့် ဝင်ပေါက်ဆီသို့ ဦးတည် ပြေးလွှားခဲ့ကြသည်။ ဖန်းလင်းနှင့် တတိယအလွှာ၏ ဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့ကြသည့် အခြားလူများသည်လည်း ၁၂ကြိမ်မြောက် ခေါင်းလောင်းသံအား ကြားလိုက်ချိန်တွင် အရိုးတွင်းမှပင် တုန်ခါ သွားသကဲ့သို့ ခံစားလိုက်ရသည်။ အထူးသဖြင့်တော့ ဖန်းလင်းပင်ဖြစ်သည်။ သူ၏ ပါးစပ်များသည် ခြောက်သွေ့နေခဲ့ပြီး နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည် ကဲ့သို့ တုန်လှုပ် နေခဲ့သည်။ ရှေးဟောင်းခေါင်းလောင်းအား ၁၂ကြိမ်အထိ တီးခတ်နိုင်ခဲ့သူသည် ... ယခုလေးပင် သူမြင်ခဲ့ရသည့် ရင်းနှီး ကျွမ်းဝင်နေသော လူဖြစ်လိမ့်မည်ဟု ခိုင်မာစွာ ခံစားနေမိ၏။ လူများသည် ရောက်ရှိလာခဲ့ပြီး ဖန်းလင်းကို ကျော်ဖြတ်လျက် ကျောက်တုံးဂိတ် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားကြ၏။ ထိုမနက်ခင်းတွင်တော့ တတိယအလွှာသို့ ဝင်ရောက်ခွင့် ရှိသူများ၏ စိတ်ထဲတွင် ရည်ရွယ်ချက် တစ်ခုသာ ရှိနေခဲ့ကြသည် ... ခေါင်းလောင်းအား အသံမြည်အောင် တီးခတ်ခဲ့သူသည် မည်သူဖြစ်ကြောင်း သူတို့သိချင်သည်။
တတိယအလွှာရှိ ဈေးဆိုင် ပိုင်ရှင်များသည်တော့ ဝါးခမောက်နှင့် ကောက်ရိုးဝတ်ရုံတို့အား ဝတ်ဆင်ထားသည့် ခေါင်းလောင်းရှေ့တွင် ရပ်နေခဲ့သော စုမင်အား ပထမဆုံး မြင်တွေ့ရသည့် လူအုပ်ပင်ဖြစ်သည်။ မရင်းနှီးသည့် လူပုံရိပ်အား သူတို့မျက်လုံးအတွင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့သည် ထိုလူနှင့် ပေ၁၀၀၀ခန့် အကွာအဝေးတွင် ရပ်လိုက်ကြ၏။
ဒုတိယအလွှာ၏ ထွက်ပေါက်တွင်တော့ ဒုတိယအလွှာတွင် နေထိုင်သူများ ဖြစ်သည့် နန်ထျန်း၊ ရွှမ်းလွမ်၊ ခဲ့ကျူးစစ်နှင့် အခြားသူများ ရှိနေခဲ့သည်။ ရှေးဟောင်းခေါင်းလောင်းအား ၁၂ကြိမ် တီးခတ်နိုင်ခဲ့သူသည် ထိုကျောက်တုံးဂိတ်၏ နောက်ဘက်တွင်ရှိကြောင်း သူတို့ သိနေခဲ့သော်လည်း သူတို့ မထွက်ခဲ့ကြပေ။
နန်ထျန်း၏ အကြည့်သည် ကောင်းကင်ရှိ ပင်လယ် နဂါးပုံရိပ်ဆီသို့ ကျရောက်သွားပြီး ဖြည်းညင်းစွာ ပြောသည်။
“ခေါင်းလောင်းသံ ၁၂ကြိမ်တောင်လား၊ အာ ... ဟန်တောင်တန်း မြို့တော်ရဲ့ သမိုင်းထဲမှာ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို အဆုံးထိ လျှောက်နိုင်ခဲ့တဲ့ သူတေွဆီက ကြားခဲ့ဖူးတယ်။ ခေါင်းလောင်းသံ၁၂ချက် တီးခတ်နိုင်ခဲ့ပြီး ဟန်တောင်တန်းရဲ့ ချိပ်တံဆိပ် သားရဲတွေကို ဆင့်ခေါ်နိုင်ခဲ့တဲ့သူ ၃ယောက်ပဲ ရှိခဲ့တာ”
နန်ထျန်း၏ဘေးတွင် ရပ်နေခဲ့သည့် ခဲ့ကျူးစစ်သည် ရုတ်တရက် ပြောလိုက်သည်။ “ညီနောင် နန်၊ မင်း လူတစ်ယောက်ကို မေ့ကျန်ခဲ့ပြီ”
သူ၏စကားများ ထွက်ပေါ်လာချိန်တွင် နန်ထျန်း၏ အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ ရွှမ်းလွမ်သည်လည်း အဝေးတွင် ရပ်နေခြင်း မဟုတ်သဖြင့် သူ၏ စကားလုံးများအား ကြားလိုက်ရလေသည်။ ထို့နောက် တစ်စုံတစ်ရာအား အမှတ်ရသွားဟန်ဖြင့် သူ့မျက်နှာသည် အနည်းငယ် ဖျော့တော့သွားခဲ့သည်။
ဒုတိယအလွှာတွင် လူလေးယောက် ရှိနေခဲ့ခြင်းဖြစ်ပြီး ဘေးတွင်ရပ်နေသူသည် အစိမ်းရောင် ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်သည်။ ထိုလူ၏ အဝတ်အစားများသည် အလွန်ထူးဆန်း နေခဲ့သည်။ ဟန်တောင်တန်း မြို့တော်သည် ပူသည့် ရာသီဥတုရှိပြီး မိုးရာသီတွင်ပင် ပူလောင်နေမြဲ ဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်၏ အဝတ်များသည်တော့ အလွန်ပင် ထူထဲနေခဲ့သည်မှာ ဤကဲ့သို့ တုန်လှုပ်ဖွယ် အပူချိန်၌ပင် အအေးမိ နေသကဲ့သို့ ပုံစံမျိုးဖြစ်သည်။
“ညီနောင် ခဲ့၊ မင်းပြောတဲ့လူက ...”
အစိမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီး စကားပြောလိုက်ချိန်တွင် သူ၏ပါးစပ်မှ ထွက်ပေါ်လာသည့် အဖြူရောင် မြူငွေ့လေတို့သည် သူ့ပတ်ဝန်းကျင်ရှိ အခြားလူများနှင့် ကွဲပြားခြားနားသည့် မြင်ကွင်းအား ဖြစ်ပေါ်စေခဲ့သည်။ အခြား တစ်စုံတစ်ယောက်သည်သာ မြင်လျှင် ဤလူသည် နန်ထျန်းနှင့် ကျန်လူများ၏ အဆင့်အတန်းနှင့် တူညီကြောင်း ချက်ချင်း သတိပြုမိလိမ့်မည် ဖြစ်သည်။ သူသည် ဟန်တောင်တန်းမြို့တော်၏ စတုတ္ထမြောက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်- လန်ယင် ဖြစ်သည်။
“စစ်မာရှင်းလား” လန်ယင် ဖြည်းညင်းစွာ မေးလိုက်သည်။
“ညီနောင်လန်၊ ညီနောင်ယွမ်နဲ့ မင်း၂ယောက်လုံးက ဟန်တောင်တန်း မြို့တော်ကို မကြာသေးခင်ကမှ ရောက်လာခဲ့ကြတာ။ ဒါကြောင့် မင်းက အဲဒီပုဂ္ဂိုလ်ကို သိမှာမဟုတ်ဘူး”
ခဲ့ကျူးစစ်သည် လန်ယင်အား တစ်ချက်ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည်။
ဟန်တောင်တန်းမြို့တော်၏ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ၅ဦးအနက် ယွမ်ကျန်းဟုခေါ်သော လူတစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ သူသည် ခဲ့ကျူးစစ် ပြောသည့် ‘ညီနောင်ယွမ်’ ဆိုသူပင် ဖြစ်သည်။ ထိုလူသည် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်ရန် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ဖို့ရာ အတွက် လွန်ခဲ့သော တစ်လခန့်ကပင် တစ်ဦးတည်း ကျင့်ကြံမှု ပြုလုပ်ရန် ထွက်ခွာသွားခဲ့သည်။
“အတိတ်တုန်းက စစ်မာရှင်း အေးခဲကောင်းကင် ကလန်နဲ့အတူ ဟန်တောင်တန်းမြို့တော်ကို ရောက်လာခဲ့ပြီးတော့ ရှေးဟောင်းခေါင်းလောင်းကို တီးခတ်ခဲ့ဖူးတယ် ... အပြင်လူ အများစုက အသေးစိတ်သေချာ မသိကြဘူး။ မျိုးနွယ်စု၃စုရဲ့ ခေါင်းဆောင်တွေနဲ့ ကျုပ်တို့၃ယောက်ပဲ အဲဒီအကြောင်းကို သိကြတာ”
စကားပြောလိုက်သူသည် ဖျော့တော့နေသည့် မျက်နှာနှင့် ရွှမ်းလွမ် ဖြစ်သည်။
“အိုး ... သူသာ ခေါင်းလောင်းကို အသံမြည်အောင် တီးခတ်နိုင်ခဲ့တယ် ဆိုရင် ဘာလို့ အပြင်လူတွေက အဲဒီအကြောင်း အသေးစိတ်ကို မသိရတာလဲ ... ခေါင်းလောင်းသံ မြည်ဟည်းလာတာနဲ့ ဟန်တောင်တန်းက လူတိုင်းက သိသင့်တာပဲလေ။ အကယ်၍ စစ်မာရှင်းလို လူမျိုးကသာ ခေါင်းလောင်းကို တီးခတ်နိုင်ခဲ့တာ ဆိုရင် သူကသေချာပေါက်ကို အမှတ်ရခံ ရမှာပဲကို”
လန်ယင် မျက်မှောင်ကြုတ်ရင်း ရွှမ်းလွမ်အား ကြည့်လိုက်သည်။
ရွှမ်းလွမ် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူစကားစပြောရန် ပြင်လိုက်ချိန်မှာပင် ခေါင်းလောင်းသံ နောက်တစ်ချက်သည် လေထုအတွင်း ပျံ့လွင့်လာပြန်သည်။
ဒေါင် ...
ရှေးဟောင်းခေါင်းလောင်း၏ ဘေးတွင် စုမင် ရပ်နေခဲ့သည်။ သူ၏ အမူအရာသည် တည်ငြိမ်နေခဲ့သော်လည်း ဝါးခမောက်အောက်တွင် ဖုံးကွယ်ထားသည့် မျက်လုံးများအတွင်းမှ အလင်းသည်တော့ အလွန်အမင်းကို တောက်ပနေခဲ့ပြီ ဖြစ်သည်။ ခေါင်းလောင်းမှ ပြန်လည် ထွက်ပေါ်လာသည့် ဖိအားသည် သူ့ကိုယ်ထဲတွင် ခုန်ပေါက် ပြေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူနှင့် ပေ၁၀၀၀ အကွာအဝေးတွင် စုရုံးနေခဲ့သည့် လူအုပ်ကို၎င်း၊ သူ့ထံသို့ အဝေးမှ ပြေးလွှားလာနေသည့် လူများကို၎င်း သူမြင်နေရသည်။
မိုးရေအလွှာအား ဖြတ်လျက် အကြည့်များသည် သူ့ပေါ်တွင် စုရုံးကျရောက်နေခဲ့သည်။
“ခေါင်းလောင်းသံ ၁၂ချက်က ဟန်တောင်တန်း မြို့တော်ကိုပဲ တုန်လှုပ် ချောက်ချားစေတယ် ... မျိုးနွယ်စု ၃စုက တကယ် မလှုပ်ရှား လာသေးဘူးပဲ ...”
စုမင်ခေါင်းကို မော့လျက် ကောင်းကင်ရှိ တိမ်တိုက်များအတွင်း ဖြစ်ပေါ်နေခဲ့သည့် ပင်လယ်နဂါးကြီးအား ကြည့်လိုက်သည်။ သားရဲပုံရိပ် ပေါ်ပေါက်လာချိန်မှ ကနဦး ဟိန်းဟောက်မြည်တမ်းသံမှ လွဲ၍ ၎င်းသည် အသက်မရှိသည့် သတ္တဝါ တစ်ကောင်ကဲ့သို့ပင် လေထဲတွင် မလှုပ်မရှား ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအရာထံမှ ပြင်းထန်သည့် ဖိအားများသည်တော့ ထွက်ပေါ်နေဆဲပင် ဖြစ်သည်။
‘ဒါက ငါ့ရဲ့ အစီအစဉ်တွေနဲ့ မကိုက်ညီသေးဘူး။ ကြည့်ရတာ ခေါင်းလောင်းသံ၁၂ချက်က ငါလိုချင်တဲ့ အံ့သြတုန်လှုပ်မှုကို ဖန်တီးဖို့ မလုံလောက်သေးဘူး ထင်တယ်။ ဒါဆိုရင်တော့ ...’
စုမင် ညာဘက်လက်အား မြှောက်လိုက်ပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ လက်ဝါးဖြင့် ရိုက်ချလိုက်ခြင်း မဟုတ်ပဲ ထိုအစား ရှေးဟောင်းခေါင်းလောင်းအား လက်သီးဖြင့် ထိုးချလိုက်ခြင်း ဖြစ်သည်။
လက်သီး ကျရောက်သွားသည်နှင့် ၁၃ကြိမ်မြောက် ခေါင်းလောင်းသံသည် စွမ်းအားကြီးမားစွာ ထွက်ပေါ်လာပြီး ကျယ်လောင်သံနှင့်အတူ မမြင်နိုင်သော လှိုင်းဂယက်လေးများ အသွင်ဖြင့် အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားချေသည်။ ထိုလှိုင်းဂယက်လေးများသည် မူလတွင် မမြင်နိုင်သော်ငြား မိုးရေစက်များနှင့် စုစည်း သွားမိချိန်တွင်တော့ အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာနေသည့် ဧရာမလက်စွပ်ကွင်း အသွင် ဖြစ်ပေါ်သွားလေသည်။ အဆိုပါ လှိုင်းဂယက်များဖြင့် ထိမိသူတိုင်းသည် မိမိတို့အဝတ်များနှင့် ဆံပင်များ တဖြတ်ဖြတ် လွင့်မောနေသည်အား တွေ့လိုက်ကြရသည်။
၁၃ကြိမ်မြောက် ခေါင်းလောင်းသံသည် လေထုအတွင်း ပဲ့တင်ထပ်နေဆဲ ဖြစ်သော်ငြား စုမင်သည် လက်သီးဆုပ်အား မလျက် နောက်တစ်ကြိမ် ပြန်လည်ထိုးချလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် ခေါင်းလောင်းအား ၄ကြိမ် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
‘ဒီလောက်က မလုံလောက်သေးဘူး ဆိုရင်၊ ငါက လုံလောက်အောင် လုပ်ပေးရမှာပေါ့’
စုမင် ကိုယ်ပေါ်ရှိ ကောက်ရိုးဝတ်ရုံသည် အသံလှိုင်းများကြောင့် တစ်စစီ ဆုတ်ဖြဲသွားခဲ့ပြီး သူ့အောက်မှ အနက်ရောင် ဝတ်ရုံရှည် ထွက်ပေါ်လာခဲ့သော်ငြား ခေါင်းပေါ်ရှိ ဝါးခမောက်သည်တော့ တစ်လက်မပင် ရွေ့လျားသွားခြင်း မရှိပဲ သူ့မျက်နှာအား ဆက်လက် ဖုံးကွယ်ထားဆဲပင်ဖြစ်သည်။
ခေါင်းလောင်းသံသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါ သွားစေခဲ့သည်။ လေးကြိမ်ဆက်တိုက် ခေါင်းလောင်းသံများသည် လက်စွပ်ကွင်း လေးကွင်းပုံစံ ဖြစ်ပေါ်လာခဲ့ပြီး ယခင်တည်းက ဖြစ်ပေါ်ခဲ့ကာ အဝေးဆုံးတွင် တည်ရှိနေသည့် လက်စွပ်ကွင်း သဏ္ဌာန်ဆီသို့ ဆင့်ကဲပျံ့နှံ့ သွားကြ၏။ ၎င်းပုံစံအရ ကမ္ဘာသည် ရေပြင်သဖွယ် ဖြစ်သွားကာ စုမင်သည် လှိုင်းဂယက်များ၏ အလယ်ဗဟိုသဖွယ် ဖြစ်သွားသကဲ့သို့ပင် ဖြစ်သည်။
ဟန်တောင်တန်းသည် တုန်ခါသွားခဲ့ပြီး မရေမတွက်နိုင်သော ကျောက်တုံးများ ပြိုကျသွားခဲ့သည်မှာ ကမ္ဘာမြေကြီး ကိုယ်တိုင်ပင် တုန်ခါ သွားသကဲ့သို့ ခံစားလိုက်ရသည်။ လှိုင်းဂယက်များ ပျံ့နှံ့သွားသည့်အခါ သူနှင့် ပေ၁၀၀၀ အကွာအဝေးတွင် ရပ်နေခဲ့သည့် လူအုပ်၏ အမူအရာများ သည်လည်း ပြောင်းလဲသွားကြ၏။
ထိုအချိန်၌ပင် ကောင်းကင်မှ မသဲမကွဲ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။ ပင်လယ်နဂါး၏ မျက်လုံးများသည် အသက်ဝင်လာခဲ့ပြီး စတင်ရွေ့လျား လာခဲ့သည်။ ထို့နောက် ဟန်တောင်တန်း မြို့တော်အား ဗဟိုပြုလျက် သူ၏ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် အကြိမ်ရေ အနည်းငယ်ခန့် လှည့်ပတ်လိုက်ရာ ကောင်းကင်ရှိ တိမ်မည်းအချို့ လွင့်ပါးပျောက်ကွယ် သွားခဲ့ချေသည်။
တောက်ပသည့် အလင်းတစ်ဖြာသည် စုမင် မျက်လုံးအတွင်း ပေါ်ပေါက်လာခဲ့ပြီး သူသည် ခေါင်းလောင်းအား လက်သီးဖြင့် နောက်တစ်ကြိမ် ထိုးချလိုက်သည်။
လက်သီးနှင့်ခေါင်းလောင်း ထိရိုက်မိသည်နှင့် ၁၈ကြိမ်မြောက် ခေါင်းလောင်းသံသည် ဆူညံစွာမြည်ဟည်း ထွက်ပေါ်လာခဲ့သည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ပင်လယ်နဂါးကြီးသည် သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားဟန်ဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကြီးသည် လူပေါင်းများစွာ၏ မျက်လုံးများ ရှေ့၌ပင် ပြိုလဲပျက်စီးသွားပြီး အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားတော့သည်။ သို့သော် ထိုအရာကြီး ပျောက်ကွယ်သွားသည်နှင့် စူးရှသည့် ငိုကြွေးမြည်တမ်းသံကြီးသည် ကောင်းကင်ရှိ လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ထိုအသံထွက် ပေါ်လာသည်နှင့် ဖော်ပြ၍ မရနိုင်သော တောင်ကြီးတစ်လုံးသည် ကောင်းကင်၌ ထွက်ပေါ်လာခဲ့၏။ တောင်ကြီး၏ အရွယ်အစားသည် ဟန်တောင်တန်းနှင့် စုမင် မြင်ဖူးသမျှ တောင်အားလုံးထက် ကြီးမားသာလွန် နေခဲ့ချေသည်။
တောင်ကြီးသည် ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းထားကာ လေထုအတွင်း ပုံရိပ်ယောင် တစ်ခုသဖွယ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး တောင်ထိပ်အား မမြင်ရချေ။ မြင်နိုင်သည့် တစ်ခုတည်းသော အရာသည် တောင်ခြေအောက်ရှိ ဧရာမ ပင်လယ်လိပ်ကြီးပင် ဖြစ်သည်။ သူသည် တောင်ကြီးအား သယ်ဆောင်ထားသည်မှာ သူ့ကျောပေါ်တွင် ကောင်းကင်ကြီးအား ထမ်းပိုး ထားသကဲ့သို့ပင်ဖြစ်သည်။
ထိုပင်လယ်လိပ်ကြီးသည် မယုံနိုင်ဖွယ် ရက်စက်ကြမ်းကြုတ်ဟန် ပေါက်နေခဲ့သည်။ သူ၏မျက်နှာသည် တွန့်လိမ်နေခဲ့ပြီး ထိုအပေါ်တွင် မုန်းတီးခြင်းဝိညာဉ် တစ်ခုလည်း ရှိနေခဲ့ဟန်တူသည်။
ထိုပင်လယ်လိပ်ကြီးသည် ဆိုးယုတ်သော ဝိညာဉ်တစ်ခု သဖွယ်ပင်ဖြစ်သည်။
ထိုအရာသည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်တွင် ထွင်းထုထားသည့် ဟန်တောင်တန်း၏ စည်းတံဆိပ် ဒုတိယသားရဲပင် ဖြစ်သည်။
ဟန်တောင်တန်း မြို့တော်ရှိ ထိုအရာအား မြင်လိုက်သူ အားလုံးသည် သူတို့၏ နှလုံးခုန်နှုန်းများ လျင်မြန်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤနံနက်ခင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများသည် သူတို့အား တုန်လှုပ်ချောက်ချားမှုကို ခံစားမိအောင် လုပ်ဆောင်နိုင်ခဲ့၏။ သူတို့ထဲမှ အများစုသည် ယခုကဲ့သို့ အရာမျိုးအား ယခင်က မမြင်ဖူးခဲ့ကြဟုပင် ပြော၍ရချေသည်။
တစ်စုံတစ်ယောက်သည် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများကို စိန်ခေါ်ချင်လျှင် ခေါင်းလောင်းအား အသံမြည်အောင် တီးခတ်နိုင်ရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေ ခေါင်းလောင်း အသံမြည်ခြင်း ဆိုသည်ကပင် လူများအတွက် ခက်ခဲသည့်အရာ ဖြစ်သည်။ ခေါင်းလောင်းသံအား ကိုးကြိမ်မြည်ဟည်းအောင် လုပ်ဆောင်နိုင်ခြင်း သည်တော့ သူတို့အတွက် အကန့်အသတ်ပင် ဖြစ်သည်။ သို့သော် သူတို့သည် ယခုလေးပင် ခေါင်းလောင်းသံ ၁၈ကြိမ် မြည်ဟည်းခြင်းအား မိမိနားများဖြင့် ကြားခဲ့ရပြီး ဟန်တောင်တန်း၏ ဒဏ္ဍာရီလာ စည်းတံဆိပ် သားရဲများကိုလည်း မိမိတို့၏ မျက်လုံးများဖြင့် မြင်ခဲ့ရ၏။
“တောင်ကို ထမ်းပိုးထားတဲ့ ပင်လယ်လိပ်နက်ကြီး”
“ပြောကြတာတော့ အရင်တုန်းက ဟန်တောင်တန်း မျိုးနွယ်စုက ဟန်တောင်တန်း ခေါင်းလောင်းကို ပိုင်ဆိုင်တာ မဟုတ်ဘူးတဲ့ ... ခေါင်းလောင်းသံ မြည်ဟည်းလာရင် ပုံရိပ်ယောင်တွေလည်း ပေါ်ပေါက် လာလိမ့်မယ်တဲ့”
“ငါ ဟန်တောင်တန်း မြို့တော်မှာ နှစ်တွေအကြာကြီး နေထိုင်ခဲ့ပြီးနောက်မှာ အရင်က ဟန်တောင်တန်းခေါင်းလောင်း အကြောင်း အခြားသူတွေ ပြောတာကို ကြားဖူးတယ်။ ခေါင်းလောင်းပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ၃ကောင်ပုံ ထွင်းထုထားပေမယ့် နောက်ဆုံး တစ်ကောင်ပုံကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဆိုပဲ။ နောက်ဆုံးတစ်ကောင်က မှိန်ဖျော့ နေခဲ့တယ်တဲ့။ အခုတော့ ... အရမ်းကို နည်းပါးလွန်းတဲ့ လူအနည်းငယ်ပဲ တတိယသားရဲက ဘယ်လိုပုံစံ ရှိတယ်ဆိုတာ သိကြတော့တယ်”
“ဒီလူ့ရဲ့ပုံစံက ငါတို့နဲ့ မရင်းနှီးဘူး။ ဒါပေမဲ့ သူ့စွမ်းအားကို ဝေဖန်ပိုင်းခြား ကြည့်မယ်ဆိုရင် သူက ရုပ်နယ်လွန်အဆင့် ရောက်ပြီးသား ဖြစ်ရမယ်။ မဟုတ်ရင် သူ ခေါင်းလောင်းကို ၁၈ကြိမ်အထိ တီးခတ်နိုင်မှာ မဟုတ်ဘူး”
“၁၈ကြိမ် ... သူ့ရဲ့ ပုံစံတွေအရတော့ သူက လုံးဝကို အဆင်ပြေ နေသေးတယ် ... ကြည့်လိုက် မျိုးနွယ်စု၃စုက တစ်ယောက်ယောက် ရောက်လာပြီ အဲဒါ အရောင်စုံ ရေကန်မျိုးနွယ်စုပဲ”
လူအုပ်သည် ထိတ်လန့်တကြားဖြင့် ရုန်းရင်းဆန်ခတ် အချင်းချင်း စတင် ဆွေးနွေးခဲ့ကြ၏။ ထိုအချိန်မှာပင် တစ်စုံတစ်ဦးသည် ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ အရောင်စုံ ရေကန်မျိုးနွယ်စုမှ မြို့တော်ဆီသို့ လူတစ်ဦး ဦးတည်လာနေခြင်း ဖြစ်ပြီး ထိုသူသည် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ အမူအရာသည် တည်ငြိမ ်နေခဲ့သော်လည်း မျက်လုံးများ အတွင်းမှ ထိတ်လန့် တုန်လှုပ်မှုများကိုတော့ ဖုံးကွယ် မထားနိုင်ခဲ့ချေ။
“ဟန်တောင်တန်း ခေါင်းလောင်းကို ဘယ်သူ တီးခတ်ခဲ့တာလဲ။ ခေါင်းလောင်းသံရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းသိလား”
အဘိုးအိုသည် လေထုအတွင်း ရပ်နေရင်းမှ သူ၏အသံသည် မိုးထစ်ချူန်းသံ ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
***