← Chapters

အဖိုးအနဂ္ဃထိုက်သော ရတနာ

Vol. 13 Ch. 175

အဖိုးအနဂ္ဃထိုက်သော ရတနာ

Vol. 13 Ch. 175

“ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ဖို့”

စုမင် ခေါင်းလှည့် မကြည့်ခဲ့ပေ။ ထိုအစား ညာဘက် လက်သီးကိုမလျက် ခေါင်းလောင်းအား နောက်တစ်ကြိမ် ထိုးချလိုက်ရင်း ၁၉ကြိမ်မြောက် ခေါင်းလောင်းသံအား လေထုအတွင်း မြည်ဟည်းစေလိုက်သည်။

ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် လှိုင်းဂယက်များသည် လေထုအတွင်း ပျံ့နှံ့သွားပြီး ကောင်းကင်ရှိ ပင်လယ်လိပ်နက်ကြီး သည်လည်း နောက်တစ်ကြိမ် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“၁၉ကြိမ်မြောက် ... သူက ခေါင်းလောင်းကို ဘယ်နှကြိမ်အထိ တီးခတ်ဦးမှာလဲ ... သူ့ရဲ့ အကန့်အသတ်က ဘယ်လောက်လဲ”

“သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ချင်နေတုန်းပဲ မဟုတ်ဘူးလား။ ခေါင်းလောင်းကို တီးခတ်ရင်းနဲ့သာ ဒဏ်ရာရသွားရင် သံကြိုးတန်းတွေကို စိန်ခေါ်တဲ့အချိန်ကျ သူသေချာပေါက်ကို သေသွားလိမ့်မယ်”

“ဒီလူက အရမ်းကို သန်မာလွန်းတာပဲ ... ကြည့်လိုက် အရောင်စုံရေကန် မျိုးနွယ်စုက တစ်ယောက်ယောက်ကို ဒီနေရာ ပို့လိုက်ပြီးပြီ။ ဒါပေမဲ့ အဲလူရဲ့စကားကို ပြန်ဖြေပြီးတဲ့ အချိန်မှာတောင် သူက ၁၉ကြိမ်မြောက် ခေါင်းလောင်းသံကို တီးခတ်ခဲ့တုန်းပဲ”

ဆွေးနွေးသံများသည် လေမုန်တိုင်း တစ်ခုသဖွယ် ကျယ်လောင်လာခဲ့သည်။ ထိုအသံများ လေထုအတွင်း ပဲ့တင်ထပ် နေစဉ်မှာပင် အရောင်စုံရေကန် မျိုးနွယ်စုမှ အဘိုးအိုသည် စုမင်အား လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး ရင်ဘတ်အတွင်းမှ ပလိတ်ပြားတစ်ခုကို ထုတ်ယူလျက် စုမင်ထံ ပစ်ပေးလိုက်သည်။

“မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အမိန့်အရ၊ ငါတို့က မင်းရဲ့ ဟန်တောင်တန်း သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်ခွင့်ကို အသိအမှတ်ပြုတယ်။ အရောင်စုံရေကန် မျိုးနွယ်စုက မင်းရောက်ရှိလာမှာကို စောင့်နေမယ်”

စုမင် ပလိတ်ပြားအား လက်ခံ ယူလိုက်သည်ကို မြင်သည်နှင့် အဘိုးအိုသည် နောက်သို့ ပြန်လှည့်လျက် အလင်းတန်းရှည် တစ်ခုအသွင် ပြောင်းလဲသွားကာ  အရောင်စုံရေကန် မျိုးနွယ်စုဆီသို့ အကြောင်းကြားရန် ပြန်လည်ဦးတည် ထွက်ခွာသွားသည်။

တိတ်ဆိတ် နေခဲ့သည့် မျိုးနွယ်စု ၃စုသည်လည်း ဆက်လက်၍ တိတ်ဆိတ် မနေနိုင်တော့ချေ။ အရောင်စုံရေကန် မျိုးနွယ်စုပြီးသည်နှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု၏ တောင်ဆီမှလည်း လေတိုးသံနှင့်အတူ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းအတွင်းမှ လူသည်တော့ စစ်သည်တော် ခေါင်းဆောင်ပင်ဖြစ်သည်။

သူသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ဟန်တောင်တန်းဆီသို့ သူနီးကပ်လာသည်နှင့် ထိုဧရိယာ တစ်ဝိုက် စုရုံးနေခဲ့သည့် လူထုသည် ရုတ်တရက် ပေါ်လာသည့် သူ့အား ကြည့်ရှုလိုက်ကြသည်။

“ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုရဲ့ စစ်သည်တော်ခေါင်းဆောင်”

“သူကိုယ်တိုင် ရောက်လာခဲ့တာပဲ”

“ဒါပေါ့ သူလာရမှာပဲလေ။ ဒီလူက ခေါင်းလောင်းကို ၁၉ကြိမ်တောင် တီးခတ်နိုင်ခဲ့တာပဲကို”

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု၏ စစ်သည်တော် ခေါင်းဆောင်သည် နီးကပ် လာခဲ့ပြီးနောက်တွင် လေထုအလယ်တွင် ရပ်မနေခဲ့ပေ။ ထိုအစား သူသည် စုမင်နှင့် ပေ၁၀၀ခန့် အကွာအဝေးတွင် ဆင်းသက်ရပ်တန့်လိုက်ပြီး စုမင်အားကြည့်နေသည့် သူ့မျက်လုံးများသည် တောက်ပသွားခဲ့၏။ အချိန်ခဏ ကြာပြီးချိန်တွင်တော့ စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် နှုတ်ဆက်လိုက်၏။

“အကြီးအကဲရဲ့ အမိန့်အရ၊ မင်းရဲ့ ဟန်တောင်တန်း သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်ခွင့်ကို ငါတို့ အသိအမှတ် ပြုတယ်။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုက မင်းရောက်လာမှာကို စောင့်နေပါ့မယ်”

စကားပြောပြီးသည်နှင့် စစ်သည်တော် ခေါင်းဆောင်သည် ပလိတ်ပြား တစ်ခုအား ထုတ်ယူလိုက်ပြီး စုမင်အား လေးစားစွာ လွှဲပြောင်း ပေးအပ်လိုက်သည်။ ထိုသို့ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူသည် စုမင်အား လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက် သွားတော့သည်။

သူ့ရှေ့ရှိလူသည် မော့စုဖြစ်ကြောင်း သူအသိအမှတ် ပြုလိုက်မိ၏။

သို့သော် သူသည် ဤလူအား မဆန့်ကျင်လိုပေ။ အထူးသဖြင့် လက်ရှိ မော့စုနှင့် စစ်မာရှင်းအကြားတွင် တူညီသည့် တည်ရှိမှုတစ်ခု ရှိသည်ဟု သူခံစားမိသောကြောင့် ဖြစ်သည်။ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိုအတွေးသည် မော့စုအား ဆန့်ကျင်ရန် ပို၍ပင် တွန့်ဆုတ်စေသည်။

“မျိုးနွယ်စု၃စုထဲမှာ ပုချန့်မျိုးနွယ်စုပဲ ကျန်တော့တယ်”

“အဲဒါ အမှန်ပဲ။ ပုချန့်မျိုးနွယ်စုက အခုအချိန်မှာ ဒီနေရာကို တစ်ယောက်ယောက် ပို့လိုက်သင့်ပြီ”

“စိတ်မကောင်းစရာပဲ။ ပုချန့် မျိုးနွယ်စုကသာ ဒီနေရာကို တစ်ယောက်ယောက် ပို့လိုက်တာနဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စိန်ခေါ်သူက ခေါင်းလောင်း တီးခတ်တာကို ရပ်တန့်လိုက်လိမ့်မယ်။ ဒါဆိုရင်တော့ ငါတို့က ဟန်တောင်တန်း ခေါင်းလောင်းရဲ့ တတိယသားရဲကို မြင်ဖူးမှာ မဟုတ်တော့ပြန်ဘူး”

စုမင်သည် ခေါင်းလောင်းဘေးတွင် ရပ်လျက် နောက်တစ်ကြိမ် ထပ်မံတီးခတ်ခြင်း မပြုခဲ့ပေ။ ခေါင်းလောင်းဆီမှ ပြန်လည်ထွက်ပေါ်လာသည့် ဖိအားသည် ပိုမိုပြင်းထန် လာခဲ့သည်ကို သူခံစားမိခဲ့သည်။ ၂၀ကြိမ်မြောက် ခေါင်းလောင်းသံသည် သေချာပေါက် လွယ်ကူမည် မဟုတ်ပေ။ သူခေါင်းလောင်းအား တီးခတ်လိုက်သည်နှင့် ပြန်ကန် ထွက်လာမည့် အားသည် သူ့ကိုပင် သက်ရောက်နိုင်လိမ့်မည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အမွှေးတိုင် တစ်တိုင် ထွန်းစာခန့် အချိန်သည် ကုန်ဆုံးသွားခဲ့၏။ ထိုအချိန်အတွင်း မှာပင် များစွာသော လူတို့သည်လည်း ဧရိယာတစ်ဝိုက် ပိုမိုစုဝေး လာခဲ့ကြသည်။ နောက်ဆုံးတွင် တတိယအလွှာသို့ မဝင်ရောက်နိုင်သူ အများစုသည်ပင် အပြင်ဘက်တွင် ပြွတ်သိပ်နေခဲ့ပြီ ဖြစ်သည်။

သူတို့၏ အကြည့်များသည် စုမင်ထံတွင်သာ စုဝေးနေခဲ့ကြပြီး အချိန်အတော်ကြာ မရွေ့လျားခဲ့ကြပေ။ သူတို့သည် ဝါးခမောက်နှင့် ဝတ်ရုံအနက်တို့အား ဖြတ်လျက် ထိုသူ၏ မျက်နှာအား တစ်ချက်ခန့် ရှင်းရှင်းလင်းလင်း မြင်လို၍ ထိုသူသည် မည်သူဖြစ်ကြောင်း သိချင်နေကြခြင်းဖြစ်သည်!

“သူက ခေါင်းလောင်းကို ၁၉ကြိမ် တီးခတ်နိုင်ခဲ့တယ်။ အကယ်၍ သူသာ ဟန်တောင်တန်းရဲ့ သွယ်ဆက်သံကြိုးတန်းတွေ စိန်ခေါ်မှုကို အောင်မြင်ခဲ့မယ်ဆိုရင် သူ့ပုံရိပ်က မွန်းတည့်ချိန် နေမင်းလို တောက်ပလာမှာ အမှန်ပဲ။ သူက အေးခဲကောင်းကင် ကလန်ကိုတောင် ဝင်ရောက်ချင် ဝင်ရောက်နိုင်လိမ့်မယ်”

“မလိုအပ်ပါဘူး။ သူက ကျော်ကြားနေခဲ့ပြီးပါပြီ”

“ဒါပေမဲ့ ထူးဆန်းနေတယ်။ ဘာလို့ ပုချန့်မျိုးနွယ်က ဒီနေရာကို တစ်ယောက်ယောက် မလွှတ်သေးတာလဲ”

ဆွေးနွေးသံများသည် လေထုအတွင်း ထွက်ပေါ် လာခဲ့ပြန်သည်။ လူအများသည် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသည့် ပုချန့်မျိုးနွယ်စု တောင်ဆီသို့ လှမ်းကြည့်လိုက်မိကြသည်။

စုမင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိသည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ခန့် သူစောင့်နေခဲ့သော်လည်း ပုချန့်မျိုးနွယ်သည် တိတ်ဆိတ်နေဆဲပင်။

‘ငါက ပုချန့်မျိုးနွယ်စုနဲ့ သိပ်ပြီး အဆက်အဆံ မလုပ်ခဲ့ဖူးလို့ အဲဒီမျိုးနွယ်စု အကြောင်းကို သိပ်မသိဘူး။ ဒါပေမဲ့ ဒီမျိုးနွယ်စုက အရမ်းကို လေးနက် ဆန်းကြယ်တယ်လို့ ငါခံစားနေ မိတယ် ...’

စုမင် ခေါင်းကိုမော့လျက် ပုချန့်မျိုးနွယ်စု ပိုင်ဆိုင်ရာ တောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ တောင်ရှိမြူခိုးတို့သည် အလွန် ထူထပ်နေခဲ့ပြီး သေခြင်းတရား၏ အငွေ့အသက်တို့ ပြည့်နေခဲ့သည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင်တော့ လူအုပ်သည် တစ်စုံတစ်ရာ လွဲမှားနေခဲ့ကြောင်း သတိပြုမိလိုက်ပြီ ဖြစ်သည်။ ပုချန့်တောင်ဆီသို့ လှမ်းကြည့်လိုက်မိကြ၏။ အရောင်စုံရေကန် မျိုးနွယ်စုနှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု ခေါင်းဆောင်များသည်ပင် သူတို့၏ အကြည့်များအား ပုချန့်မျိုးနွယ်စုဆီသို့ လှမ်းကြည့်လိုက်မိကြသည်။

‘သူတို့က အခြေအနေကို အသုံးချပြီး သူတို့ရဲ့စွမ်းအားကို ပြသချင်နေတာပဲ’

ပုချန့်တောင်ဆီသို့ လှမ်းကြည့်နေသည့် စုမင် မျက်လုံးများတွင် အေးစက်မှုတို့ ပေါ်လာခဲ့သည်။ ပုချန့်မျိုးနွယ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ခပ်ရေးရေး အရိပ်အမြွက်ခန့် သိရှိလိုက်ပြီဖြစ်သည်။ သူတို့သည် သူ့အား ပလိတ်ပြား ချက်ချင်း မပေးချင်းဖြင့် မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားကို ပြသလိုနေခြင်း ဖြစ်သည်။

ပုချန့် မျိုးနွယ်စုသည် ပိုမို တိတ်ဆိတ်လေလေ၊ သူတို့သည် အာရုံစိုက်မှု ပိုရလေလေ ဖြစ်သည်။  စုမင်အား ပလိတ်ပြားပေးရန် ငြင်းဆန်မည်တော့ မဟုတ်ပေ။ သို့သော် သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းအား မြှင့်တင်နိုင်ရန် စုမင်အား အချိန်ကြာကြာ စောင့်ဆိုင်းရအောင်တော့ ပြုလုပ်လိမ့်မည် ဖြစ်သည်။

“ပုချန့်မျိုးနွယ်စုက လွန်လွန်းသွားပြီ” ယန်လွမ်သည် သူမ၏အကြည့်အား ပုချန့်မျိုးနွယ်စုမှ ပြန်လွှဲလိုက်ရင်း တည်ငြိမ်စွာပြောသည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲသည်လည်း အလားတူ  စကားလုံးများကိုပင် ပြောဆိုလိုက်၏။

ထိုအခိုက်မှာပင် ပုချန့်မျိုးနွယ်စု တောင်ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူခိုးတို့သည် အနည်းငယ် ပြိုကွဲသွားပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် အတွင်းမှ လျှောက်လှမ်း ထွက်လာခဲ့သည်။ ဟန်တောင်တန်း မြို့တော်ဆီသို့ ဦးတည်လာသည့် သူ့မျက်နှာထက်တွင် ခေါင်းမာဟန် အမူအရာ ရှိနေခဲ့၏။ ထို့နောက် သူသည် ဟန်တောင်တန်း မြို့တော်အထက် လေထုအတွင်း ရပ်လျက် ခေါင်းကိုငုံ့လိုက်ပြီး ခေါင်းလောင်းဘေးတွင် ရပ်နေသည့် စုမင်အား ငုံ့ကြည့်လိုက်သည်။

“အကြီးအကဲက သီးခြားတံခါးပိတ် ကျင့်ကြံနေတုန်းပဲ။ ကျေးဇူးပြုပြီး နည်းနည်းလောက်ထပ်ပြီး ကြာကြာစောင့်ပေးပါဦး”

သူ ထိုသို့ ပြောပြီးသည်နှင့် လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး သူတို့၏ အကြည့်များသည် စုမင်ထံသို့ ကျရောက်သွားကြသည်။

စုမင် မည်သည့်စကားမျှ ပြန်လည် မပြောဆိုခဲ့ပေ။ သူ့မျက်နှာအား ဝါးခမောက်နှင့် အနက်ရောင် ဝတ်ရုံတို့ဖြင့် ဖုံးကွယ်ထားမှုကြောင့် သူ၏နက်မှောင်သွားသည့်အမူအရာအား သူတို့မမြင်ရသော်ငြား စုမင်အနားတွင် စုဝေးလာနေသည့် အေးစက်သည့် လေထုကိုတော့ အကုန်လုံး ခံစားမိကြသည်။

“သီးခြားတံခါးပိတ် ကျင့်ကြံနေတာလား။ အဲလိုဆိုရင်တော့ ငါကပဲ သူ့ကို နှိုးပေးရတာပေါ့”

စုမင်၏ ခပ်အက်အက် အသံသည် လေထုအတွင်း ပဲ့တင်ထပ်သွားသည်။ ဤအရာသည် သူထိုနေရာသို့ လာရောက်ခဲ့ချိန်မှ စ၍ ပထမဆုံး အကြိမ်အဖြစ် စကားပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုစကားလုံးများ ထွက်ပေါ်လာပြီးသည်နှင့် စုမင်သည် ညာဘက် လက်သီးဆုပ်အား ဖြည်းညင်းစွာ မလိုက်ပြီး ခေါင်းလောင်းအား လက်သီးဖြင့် ထိုးချလိုက်သည်။

ဒေါင် ....

အကြိမ်၂၀မြောက် ခေါင်းလောင်းသံ ...

စုမင်၏ လက်သီးတစ်ချက် အောက်တွင် ရှေးဟောင်း ခေါင်းလောင်းကြီးသည် တုန်ခါသွားပြီး နောက်သို့ယိမ်းထိုးသွားကာ လေထုအတွင်း ယခင် ပဲ့တင်ထပ်နေသည့် အသံများအား ကျော်လွန်သည့် ပြင်းထန်သော အသံကြီး ထွက်ပေါ်လာခဲ့သည်။ အဆိုပါအသံသည် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မကြာမီမှာပင် ၂၁ကြိမ်မြောက် ခေါင်းလောင်းသံသည်လည်း ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်သည့် အသံနှင့် အတူ လိုက်ပါလာခဲ့သည်။

စုမင် ခေါင်းကို မော့လိုက်ချိန်တွင် တုန်လှုပ်မှုတို့သည် သူ့မျက်လုံးအတွင်း ပေါ်ထွက်လာခဲ့သည်။ ပြန်ကန်ထွက်လာသည့် တွန်းကန်အားသည် သူ့ခန္ဓာကိုယ်အား ရိုက်ခတ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ဝါးခမောက်သည်လည်း အပိုင်းအစများအဖြစ် ပျက်စီးသွားသော်ငြား သူ့မျက်နှာသည်တော့ အနက်ရောင်ဝတ်ရုံဖြင့် ဖုံးကွယ်ခံထားရဆဲ ဖြစ်ပြီး မည်သူမျှ မမြင်နိုင်သေးပေ။

‘အဲဒါ ဘယ်လိုများ ဖြစ်နိုင်မှာလဲ ...’

စုမင် တုန်လှုပ်သွားခဲ့သည်။

ခေါင်းလောင်းသံ၂ချက်သည် အတူတကွ ရောနှောသွားခဲ့ပြီး ဟန်တောင်တန်း မြို့တော်အထက်တွင် ဟိန်းဟောက်သံကြီး သဖွယ် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ရှိ ပင်လယ်လိပ်နက်ကြီး သည်ပင် တုန်ခါသွားပြီး ၎င်း၏ မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်းတို့ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် ၎င်းသည် ပုချန့်တောင်ရှိရာ ဘက်သို့ ... ဟိန်းဟောက်လိုက်၏။

ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် ခေါင်းလောင်းသံ ၂ချက်သည်လည်း လုံးဝပင် ရောထွေးသွားကြကာ အသံတစ်သံတည်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ကိုး ...”

ထိုအသံသည် ခေါင်းလောင်းသံနှင့် ဆင်တူသကဲ့သို့ ပင်လယ်လိပ်နက်ကြီး၏ ဟိန်းဟောက်သံနှင့်လည်း ဆင်တူနေခဲ့သည်။ ထိုအသံ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ဖွယ် မြည်ဟည်းသံကြီးသည် ပုချန့်တောင်၏ အနက်ရောင်မြူများ ဆီမှ ထွက်ပေါ်လာခဲ့၏။

အဆိုပါအသံကြီး ကျယ်လောင်လာသည် နှင့်အမျှ တောင်အား ဖုံးကွယ်ထားသည့် အနက်ရောင် မြူခိုးများသည်လည်း ရုတ်ခြည်း ပြိုကွဲသွားပြီး မရေမတွက် နိုင်သည့် အနက်ရောင် အမှုန်များအဖြစ် ပြောင်းလဲသွားကာ မြူအောက်တွင် ဖုံးကွယ် ခံထားရသည့် ပုချန့်တောင်၏ အစိတ်အပိုင်း တော်တော်များများ ပေါ်ထွက် လာခဲ့တော့သည်။

ဤရုတ်တရက် အပြောင်းအလဲသည် လူအုပ်ကြီး၏ နှလုံးသားများကို တုန်လှုပ်ချောက်ချား သွားစေပြီး တိတ်ဆိတ် သွားခဲ့သည်။ ဘာတွေ ဖြစ်ပျက်သွားမှန်း သူတို့မသိပေ။ ဤတစ်ကြိမ် ခေါင်းလောင်းသံသည် အဘယ်ကြောင့် ယခုလို အံ့သြဖွယ် စွမ်းအားများ ပါဝင်နေခဲ့မှန်းလည်း သူတို့မသိပေ။

ရောထွေးနေသည့် အသံတွင် ပါဝင်နေသည့် စွမ်းအားသည် ပုချန့်တောင်၏ အကာအကွယ် စွမ်းအားတစ်ဝက်ခန့်အား ပျက်စီးသွားစေခဲ့ခြင်း ဖြစ်သည်

ဧရိယာ တစ်ခုလုံးသည် တိတ်ဆိတ်လျက်။ လေထုအလယ်ရှိ ပုချန့်မျိုးနွယ်ဝင် အနက်ရောင်ဝတ်ရုံနှင့် လူသည်လည်း စကားမပြောနိုင်စွာ ကြောင်အ နေခဲ့သည်။ ကြောက်ရွံ့မှု အရိပ်အယောင်တို့ ပါဝင်နေသည့် မယုံကြည်နိုင်မှု တို့သည်လည်း သူ့မျက်နှာတွင် အထင်းသား ဖြစ်ပေါ်နေခဲ့၏။

အရောင်စုံရေကန် မျိုးနွယ်စုတောင်ပေါ်တွင် ယန်လွမ်၏ မျက်လုံးတို့ ပြူးကျယ်နေခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် သူမ တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ ဟန်တောင်တန်း မြို့တော်အား ငေးကြည့်နေရင်းမှ သူမ၏ အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး အသက်ရှူနှုန်းသည်လည်း လျင်မြန်လာခဲ့သည်။

“သူ ... သူက ဟန်တောင်တန်း ခေါင်းလောင်းရဲ့ စွမ်းအားကို အသက်သွင်း လိုက်နိုင်တယ်”

တစ်ချိန်တည်းမှာပင် အရောင်စုံရေကန် မျိုးနွယ်စု တောင်ပေါ်တွင်ပင် ရှိနေခဲ့သည် ဟန်ဖေးကျစ်၏ မျက်လုံးများသည်လည်း တောက်ပသွားခဲ့သည်။ ထိုစွမ်းအားများ ပေါက်ကွဲ ထွက်လာခဲ့ချိန်တွင် သူမ၏ ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။ တုံ့ဆိုင်းနေခြင်း မရှိပဲ သူမ၏ ခြေထောက်အောက်တွင် တိမ်စိုင်ဖြူများ ပေါ်လာလျက် အရောင်စုံ ရေကန်တောင်ပေါ်မှ ဟန်တောင်တန်းဆီသို့ ဦးတည်လိုက်တော့သည်။

ထိုပုဂ္ဂိုလ်သည် သူမစောင့်မျှော ်နေခဲ့ရသည့် မော့စု ဟုတ်မဟုတ် သိချင်မိသည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတောင်ပေါ်တွင် ရှိနေခဲ့သည့် အကြီးအကဲ၏ မျက်နှာသည် မူလက တည်ငြိမ်နေခဲ့သော်လည်း ထိုအခိုက်တွင်တော့ သူ၏မျက်လုံးများသည် စူးရှတောက်ပ သွားခဲ့သည်။ အသက်ပြင်းပြင်း ရှူလိုက်ရင်း ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဟန်တောင်တန်း၏ တောင်ထိပ်ဆီသို့ ငေးကြည့်လိုက်သည်။

‘သူက ဆရာစစ်မာနဲ့ အရမ်းတူတယ်လို့ ငါအမြဲတမ်း တွေးခဲ့ဖူးတယ်။ အတိတ်မှာတုန်းက ဆရာစစ်မာက ဟန်တောင်တန်း ခေါင်းလောင်းရဲ့ စွမ်းအားကို အသက်ဝင် စေနိုင်ခဲ့ပြီးတော့ သူ့ရဲ့ အမွေအနှစ်ကို ရရှိခဲ့တာ။ မော့စုကလည်း အခုသူနဲ့ တူညီတဲ့အရာကို ပြုလုပ်နိုင်ခဲ့ပြီ’

‘ဟန်တောင်တန်း ခေါင်းလောင်း၊ ဟန်တောင်တန်းခေါင်းလောင်း ... မင်းက ဟန်တောင်တန်းမှာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြာအောင် ရှိနေခဲ့ပေမယ့် ဟန်တောင်တန်း ဘိုးဘေးတောင်မှ မင်းရဲ့အမွေနဲ့ ကောင်းချီးကို မရခဲ့ဘူး။ နှစ်တွေအကြာကြီး ဖြတ်သန်း လာခဲ့ပြီးတဲ့နောက်မှာ အဲဒီနှစ်မှာ ဆရာစစ်မာကပဲ မင်းရဲ့အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့တယ်။ ပြီးတော့ အခု၊ ဒီ မော့စု ...’

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်တွင် ဖန်းချန်းလန် လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ သူမ၏ လှပသည့် မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေခဲ့၏။ ဤတစ်ကြိမ်တော့ သူမ၏ ရွေးချယ်မှု မမှားယွင်းခဲ့ကြောင်း သူမသိသည်။

သူတို့၏ တောင်ပေါ်တွင်တော့ ပုချန့်မျိုးနွယ်သည် တုန်လှုပ် ချောက်ချားနေသည့် အခြေအနေတွင် ရှိနေခဲ့သည်။ တောင်ပေါ်ရှိ လူများသည် ရုန်းရင်းဆန်ခတ် ဖြစ်ပွားသွားခဲ့ကြ၏။ အကာအကွယ် မြူခိုးများ ပျက်စီးသွားသည်နှင့် ပုချန့်မျိုးနွယ်၏ အကြီးအကဲသည်လည်း သူ၏တည်ငြိမ် အေးစက်မှုအား ဆက်လက် မထိန်းသိမ်း ထားနိုင်တော့ပေ။ အရိုးပြိုင်းပြိုင်းနှင့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအို၏ မှုန်မှိုင်းမှိုင်း မျက်လုံးများတွင်တော့ အံ့အားသင့်မှုတို့ ဖြစ်ပေါ်နေခဲ့သည်။

“သူ့ကို ပလိတ်ပြားပေးလိုက်”

စုမက်၏နှလုံးသည် ပေါက်ထွက်တော့မည် ကဲ့သို့ ခုန်လှုပ်နေခဲ့၏။ သူ့ရှေ့ရှိ ဟန်တောင်တန်း ခေါင်းလောင်းအား ကြည့်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူ့လက်သီး ခေါင်းလောင်းပေါ်သို့ ကျရောက်သွားခဲ့သည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ချီအချို့သည် လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံဖြင့် ခေါင်းလောင်း အတွင်းသို့ စုပ်ယူ ခံလိုက်ရသည်ကို သူရှင်းရှင်းလင်းလင်း ခံစားမိသည်။

သူသည် ခေါင်းလောင်းအား တစ်ကြိမ်သာ အသံမြည်အောင် တီးခတ်ခဲ့သော်လည်း ထိုအစား ခေါင်းလောင်းသံ၂ချက် ထွက်ပေါ်လာခဲ့သည်!

ထိုသာမန်ဟု ထင်ရသည့် ခေါင်းလောင်းသံ ၂ချက်သည် အတူတကွ ရောထွေးသွားခဲ့ပြီး ဤမျှ စွမ်းအား ကြီးမားလှစွာဖြင့် ပုချန့်တောင်၏ အကာအကွယ် မြူခိုးများကို ဖြိုဖျက် ပစ်နိုင်လိမ့်မည်ဟု သူလည်း မမျှော်လင့် ထားခဲ့မိပေ။

ထိုစွမ်းအားသည် သာမန်ရုပ် နယ်လွန်အဆင့် မာန်စွမ်းအားရှင် လုပ်နိုင်သည့် အရာမျိုး မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ အလယ်အလတ် တန်းစား မျိုးနွယ်စုတစ်ခု၏ တောင်အကာအရံအား တစ်ချက်တည်းဖြင့် ဖြိုဖျက်ပစ်နိုင်ရန် မယုံနိုင်လောက်ဖွယ် တွေးတော၍ပင် မရနိုင်သည့် စွမ်းအား ပမာဏမျိုး လိုအပ်လိမ့်မည် ... စုမင်၏ နှလုံးခုန်နှုန်းသည် ပိုမိုလျင်မြန် လာခဲ့သည်။

‘ဒီ ဟန်တောင်တန်း ခေါင်းလောင်း ... ဖြစ်နိုင်တာ ... ဖြစ်နိုင်တာ ဒီအရာက တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာ တစ်ခုများလား’

ခေါင်းလောင်းသံကြောင့် ဟန်တောင်တန်း မြို့တော်တစ်ခုလုံး တုန်လှုပ်မှုအတွင်း ကျရောက်နေခဲ့သည့် အချိန်တွင် တောင်ပိုင်းအရုဏ်ဦး နယ်မြေအတွင်းမှ ဟန်တောင်တန်းနှင့် အဝေးရှိ တောင်တစ်လုံးသည် သက်တန့်ရောင်စဉ် ၇ရောင် တောက်ပနေခဲ့သည့် နေရာတစ်ခု ရှိနေခဲ့သည်။ အရောင်၇ရောင်သည် တောင်ပေါ်တွင် အချိန်မည်မျှပင် ကုန်လွန် သွားခဲ့ပါစေ တောက်ပနေခဲ့ခြင်း ဖြစ်သည်။

ထို အရောင်၇ရောင်မှ အလင်းသည် ကောင်းကင်၏ အရောင်များအား အစားထိုးထားခဲ့ခြင်း ဖြစ်သည်။

တောင်ခြေရင်းတွင်တော့ တဲတစ်လုံးရှိ နေခဲ့ပြီး ထိုတဲအတွင်းရှိ ကျောက်တုံးစားပွဲ ပေါ်တွင်တော့ အဖြူနှင့်အနက် ကျားစေ့များ ပြန့်ကျဲနေသည်မှာ ကောင်းကင်ရှိ ကြယ်များသဖွယ်ပင် ဖြစ်သည်။ အမျိုးသား တစ်ဦးနှင့် မိန်းကလေး တစ်ဦးသည် ထိုင်လျက် စစ်တုရင်ခုံအား ကြည့်နေခဲ့ကြသည်။ အမျိုးသားသည် အစိမ်းရောင် ဝတ်ရုံရှည်အား ဝတ်ဆင်ထားပြီး သူ၏ မျက်နှာသည်တော့ ကျောက်စိမ်းသဖွယ် တင့်တယ်၍ မျက်လုံးများသည်တော့ ကြယ်များသဖွယ် စူးရှတောက်ပ နေခဲ့ပြီး အလွန်ခံညား ချောမောသည့် မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ သူ့အနားတွင်တော့ ဖော်ပြ၍ မရနိုင်သည့် လေထုတစ်ခု ရှိနေခဲ့ပြီး သူ့အား အထီးကျန်ဆန်နေပုံ ပေါက်နေစေခဲ့၏။ သို့သော် ၎င်းလေထုသည်ပင် သူ့အား အေးဆေးတည်ငြိမ်သည့် အသွင်လည်း ဖြစ်ပေါ်နေစေခဲ့သည်။ သူ၏မျက်ခုံးများ အလယ်တွင်တော့ လက်ချောင်းတစ်ဝက်စာ ရှည်လျားသည့် အနီရောင် မျဉ်းတစ်ခု ရှိနေသည်။

သူသည် အဖြူရောင် ကျားစေ့လေးအား ယူလိုက်ပြီး နေရာချထားရန် ပြင်လိုက်စဉ်မှာပင်  ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးရှိ မိုးကုပ်စက်ဝိုင်း ဆီသို့ လှမ်းကြည့်လိုက်သည်။

“အစ်ကိုကြီး စစ်မာ၊ ဘာမှားနေလို့လဲ”

ကောင်မလေးသည် လက်များပေါ်တွင် မေးထောက်ရင်း မေးလိုက်သည်။ ထို့နောက် သူမ၏ ဆံပင်အား သပ်တင်လိုက်ရင်း မျက်နှာအား ဖော်ပြလိုက်သည်။ သူမ၏ မျက်နှာသည် အလွန်အမင်း မလှပသော်ငြား ၎င်းနှင့် ပတ်သက်၍ အရိုင်းဆန်မှု အနည်းငယ် ရှိနေခဲ့သည်။

စုမင်သာ ထိုနေရာ၌ ရှိခဲ့ပြီး အမျိုးသမီးအား မြင်လိုက်မည်ဆိုလျှင် သူ၏ဝိညာဉ်အား လျှပ်စီးတန်းဖြင့် ရိုက်ခတ် ခံလိုက်ရသကဲ့သို့ သူမြင်လိုက်ရသည့် အရာကြောင့် အလွန်အမင်း တုန်လှုပ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ပြင် ... မယုံကြည်နိုင်မှု တို့ဖြင့် ပြည့်နှက် သွားပေလိမ့်မည်။

***

All Chapters