ခေါင်းကိုးလုံး နဂါး
Vol. 13 Ch. 176
မိန်းကလေး၏ မျက်လုံးတို့သည် ကြီးမားလုံးဝန်း နေခဲ့ပြီး ဆွဲဆောင်မှုရှိစွာ တောက်ပနေခဲ့သည်။ သူမ၏ မျက်လုံးများတွင် အရိုင်းဆန်ဆန် အလှတရား တစ်ခု ရှိနေခဲ့ပြီး ၎င်းတို့အား ကြည့်လိုက်မိသူတိုင်း ဆွဲဆောင် ခံလိုက်ရမည် ဖြစ်သည်။
“ဘာမှ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ငါပိုင်ဆိုင်တဲ့ အရာကို လာထိလိုက်တာ။ ဒါပေမဲ့ သူက အဲဒါကို အဝေးယူသွားနိုင်မှာ မဟုတ်ပါဘူး”
အစိမ်းရောင် ဝတ်ရုံနှင့် ယောက်ျားသည် ခပ်ရေးရေး ပြုံးလိုက်ပြီး အဝေးသို့ ဆက်မကြည့်တော့ပေ။ ထိုအစား စစ်တုရင် အပိုင်းအစလေးကို စစ်တုရင် ခုံပေါ်၌ နေရာချထားလိုက်သည်။
ဟန်တောင်တန်းမြို့တော် ဒုတိယအလွှာ၏ ဝင်ပေါက်တွင်တော့ နန်ထျန်းနှင့် အခြားသူများသည် ကောင်းကင်ရှိ ပင်လယ်လိပ်နက်ကြီးကို ကြည့်နေခဲ့ကြသည်။ သူတို့၏ အမူအရာများသည် လေးနက်နေခဲ့ပြီး လေးနက်မှု အတွင်းတွင်တော့ အံ့အားသင့်မှု အရိပ်အမြွက် ရှိနေခဲ့သည်။ သူတို့သည် မြည်ဟည်းသံအား ယခုလေးတင် ကြားလိုက်ရခြင်း ဖြစ်ပြီး ထိုအသံကြောင့်ပင် ပုချန့်တောင် အကာအရံ မြူခိုးများ ပြိုကွဲသွားခြင်း ကိုလည်း မြင်လိုက်ရ၏။
အချိန် ခဏကြာပြီးနောက် နန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ညီနောင်လန်၊ မင်းရဲ့ မေးခွန်းအတွက် အဖြေကို အခုရပြီ မဟုတ်လား ...”
လန်ယင် တိတ်ဆိတ် နေမိပြီး ခေါင်းညိတ်ပြလိုက်၏။
“ဆရာစစ်မာ ဟန်တောင်တန်း မြို့တော်ကို ရောက်လာခဲ့တဲ့ အချိန်တုန်းက ဟန်တောင်တန်း ခေါင်းလောင်းဆီကိုလည်း ရောက်လာခဲ့တယ် ... သူက ခေါင်းလောင်းကို ရက်ပေါင်းများစွာ လေ့လာခဲ့ပြီးတော့ ခေါင်းလောင်းကို ၃ကြိမ်ပဲ တီးခတ်ခဲ့တယ်။ ဒါကြောင့်ပဲ လူတွေက အဲဒါကို ကြားခဲ့ပေမယ့် အလျင်အမြန်ပဲ မေ့ပျောက် သွားခဲ့ကြတာ။ အရမ်းကို နည်းပါးတဲ့ လူအချို့ကပဲ သူအရင်က ခေါင်းလောင်းကို တီးခတ်ခဲ့ဖူးတာ သိကြတော့တယ်” ရွှမ်းလွမ် ဘေးမှ အသံအက်အက်ဖြင့် ပြောလိုက်သည်။
“ခေါင်းလောင်းသံ ၃ချက် ... အဲဒီအချိန်တုန်းက ငါ အရောင်စုံ ရေကန်မျိုးနွယ်စု ခေါင်းဆောင်နဲ့ အတူရှိနေခဲ့တာ။ ပြီးတော့ အဲဒါကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာပဲ” ခဲ့ကျူးစစ် ညင်သာစွာ ရေရွတ်မိသည်။
“ဆရာစစ်မာရဲ့ ပထမဆုံး ခေါင်းလောင်းသံမှာ ခေါင်းလောင်းသံ ၁၂ချက်ကို ရောထွေး ထားခဲ့တာပဲ။ မင်း ဘယ်လိုပဲ ကြားကြား ကိစ္စမရှိဘူး။ အဲဒါက ခေါင်းလောင်းသံ တစ်ချက်ပဲ ဖြစ်နေခဲ့မှာ။ ဒါပေမဲ့ အဲဒါကို မင်းကိုယ်တိုင် မြင်ခဲ့ရမယ် ဆိုရင်တော့ အဲဒါက ခြားနားနေလိမ့်မယ် ...”
“အဲအချိန်မှာ စည်းတံဆိပ် သားရဲတစ်ကောင် ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သားရဲပုံရိပ် ရှင်းရှင်းလင်းလင်း ထင်ရှား မလာခင်မှာပဲ ဆရာစစ်မာရဲ့ ဒုတိယ ခေါင်းလောင်းသံက အဲဒါကို ဖျက်ဆီးပစ်လိုက်တယ်။ ပင်လယ်လိပ်နက်ကြီးလည်း အတူတူပဲ။ သူ ထင်ရှား မလာခင်မှာပဲ တတိယ ခေါင်းလောင်းသံရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်”
“တတိယ ခေါင်းလောင်းသံ အတွက်ကတော့ ... ဆရာစစ်မာတောင် သွေးအနည်းငယ် ထွက်ခဲ့ပေမယ့် တခြား ဘယ်စည်းတံဆိပ် သားရဲမှ ပေါ်မလာခဲ့ဘူး။ အဲဒါ ပြီးသွားတော့ သူထွက်မသွားခင် ခေါင်းလောင်းအနားမှာ ရက်အနည်းငယ်ကြာ နေခဲ့တယ်”
ထူးဆန်းသည့် အလင်းသည် လန်ယင်၏ မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။ သိပ်မဝေးသည့် နေရာတွင် တည်ရှိနေသည့် ကျောက်တုံးဂိတ်အား ကြည့်လိုက်ပြီး ရူးသွပ်သည့် အမူအရာ တစ်ခုသည် သူ့မျက်လုံးများ အတွင်း ဖြစ်ပေါ်လာခဲ့၏။
နန်ထျန်း လန်ယင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “မင်းက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ချင်တာ မဟုတ်ဘူး ဆိုရင်တော့ အဲဒါကို ကြိုးစားမကြည့်တာ ကောင်းလိမ့်မယ်။ ဒီခေါင်းလောင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုတာ မျိုနွယ်စု ၃စုလုံးက သိတယ် ... ဒါပေမဲ့ အဲဒါက ဆရာစစ်မာနဲ့ပဲ သက်ဆိုင်တာ”
လန်ယင် တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း သူ့မျက်လုံးများ အတွင်းရှိ ရူးသွပ်သည့် အမူအရာသည်တော့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။
စုမင် ခေါင်းလောင်းဘေးတွင် ရပ်နေရင်းမှ ၎င်းအား ကြည့်လိုက်သည်။ ယခုလေးတွင် ဖြစ်ပျက်သွားခဲ့သည့် မြင်ကွင်းသည် သူ့အား တုန်လှုပ် သွားစေခဲ့ပြီး ခေါင်းလောင်းနှင့် ပတ်သက်၍ ထင်မြင်ချက် အသစ်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
‘ဟန်တောင်တန်း ခေါင်းလောင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုတာ အသေအချာပဲ။ ဒီအကြောင်းကို ဟယ်ဖုန်းတောင် မသိသေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါက ဒီနေရာမှာ ရှိနေခဲ့တာ နှစ်တွေ အများကြီး ကြာနေခဲ့တာတောင် ဘယ်သူကမှ ယူဆောင် မသွားခဲ့ဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုရှိနေတာ သေချာတယ်’
‘ဒါနဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့ရှင်းလင်းချက် တစ်ခုပဲရှိတယ်။ ခေါင်းလောင်းမှာ ဝိညာဉ် ရှိနေတယ်။ တစ်စုံတစ်ယောက်က သူ့ရဲ့ အသိအမှတ်ပြုမှုကို မရသေးသရွေ့၊ ဘယ်သူကမှ ဒါကို ယူသွားနိုင်မှာ မဟုတ်ဘူး ... အတိတ်တုန်းက စစ်မာရှင်း ဟန်တောင်တန်း မြို့တော်ကို လာခဲ့ဖူးတယ်လို့ ဖန်းချန်းလန် ပြောခဲ့ဖူးတယ်။ ဒီခေါင်းလောင်းရဲ့ လျှို့ဝှက်ချက်ကို သူသတိပြုမိခဲ့လား ဆိုတာ ငါသိချင်မိတယ်’
စုမင် မျက်လုံးအတွင်းရှိ အလင်းသည် တောက်ပသွား၏။ ထိုအချိန်ထိအောင်ပင် ခေါင်းလောင်းမှ အသံသည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ကိုး ... ခေါင်းလောင်းသံ၂ချက်နဲ့ ပင်လယ်လိပ်နက်ရဲ့ ဟိန်းဟောက်သံ နှစ်မျိုး ရောထွေးသွားခဲ့ချိန်တွင် ကြီးမားသည့် ထူးခြားဆန်းကြယ်မှုများ ပါဝင်နေဟန်တူသည့် ထိုစကားလုံး ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် စုမင်၏ နှလုံးသားကို ဝန်းရံထားခဲ့ပြီး သူ့မျက်လုံး အတွင်းရှိ အလင်းရောင်အား ပိုမိုတောက်ပ လာစေသည်။
ထိုအခိုက်တွင်ပင် အခြားအလင်းတန်း တစ်ခုသည် အကာအရံ မြူများ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည့် ပုချန့်တောင်ဆီမှ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းသည် အဘိုးအို တစ်ဦးဖြစ်သည်။ ရုပ်နယ်လွန်အဆင့် ဖြစ်သည့် သူ၏ မျက်နှာတွင်တော့ အလွန်အမင်း လေးစားနေဟန် အမူအရာ ရှိနေခဲ့၏။ သူသည် မြို့တော်ဆီသို့ လျင်မြန်စွာ နီးကပ်လာခဲ့ပြီးနောက် လေထု အလယ်တွင်ပင် ရပ်မနေရဲခဲ့ပေ။ စုမင်နှင့် ပေ၁၀၀ အကွာအဝေးတွင် ဆင်းသက်လိုက်ပြီး လက်သီးနှင့် လက်ဝါးထပ်လျက် လေးနက်စွာ ဦးညွှတ်လိုက်သည်။
“အကြီးအကဲရဲ့ အမိန့်အရ၊ ငါတို့က မင်းဆီကို ဒီပလိတ်ပြား လာပို့ပေးရတာပါ။ စောစောက ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး မင်း စိတ်မဆိုးဖို့ မျှော်လင့်မိပါတယ် "
စကားပြောပြီးသည်နှင့် အဘိုးအိုသည် ပလိတ်ပြားကို ထုတ်ယူလျက် မြေပေါ်တွင်ချလိုက်ပြီး မျက်နှာတွင် ရှုပ်ထွေးနေသည့် အမူအရာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ထွက်ခွာသွားရန် လှည့်လိုက်မိသည်။
စုမင် မြေပေါ်ရှိ ပလိတ်ပြားအား မကြည့်ခဲ့ပေ။ သူ့အကြည့်သည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်တွင်သာ မြဲမြံစွာ ရှိနေခဲ့ပြီး သူ့မျက်လုံးများသည် တောက်ပနေခဲ့သည်။ ခေါင်းလောင်းမှ ထွက်ပေါ်လာသည့် အသံ အရေအတွက်သည် မျိုးနွယ်စုများ အသိအမှတ် ပြုရခြင်း၏ အရင်းအမြစ် မဟုတ်ကြောင်း သူပြောနိုင်သည်။
‘သူတို့က ဘာကိုလိုချင်တာများ ဖြစ်နိုင်မလဲ ...’
အတွေးနက်နေသည့် အမူအရာသည် စုမင် မျက်လုံးများတွင် ပေါ်ပေါက်နေခဲ့သည်။ သူ တစ်စုံတစ်ရာအား နားလည်သဘောပေါက် သွားခဲ့သော်ငြား ၎င်းနောက်ကွယ်ရှိ အကြောင်းအရာ တစ်ခုလုံးသည်တော့ သူ့အတွက် အနည်းငယ် မှေးမှိန်နေဆဲ ဖြစ်သည်။
“မင်း ဒါကို မလုပ်ဖို့ ငါအကြံပေးချင်တယ်”
စုမင် ထိုကိစ္စအား စဉ်းစားနေစဉ်မှာပင် ဒုတိယအလွှာသို့ ဦးတည်နေသည့် သူ့ဘေးမှ ကျောက်တုံးဂိတ်သည် ရုတ်တရက် အလင်းရောင်များ တောက်ပသွားပြီး ထိုအတွင်းမှ လူ၄ယောက် လျှောက်လှမ်း ထွက်လာခဲ့၏။
ထိုလူလေးယောက် ပေါ်ထွက်လာမှုသည် မူလက တိတ်ဆိတ်နေခဲ့သော လူအုပ်အား ချက်ချင်း လှုပ်ခတ်သွားစေသည်။
“နန်ထျန်း၊ ရွှမ်းလွမ်၊ ခဲ့ကျူးစစ်နဲ့ လန်ယင်၊ ယွမ်ကျန်းကလွဲလို့ ဟန်တောင်တန်း မြို့တော်ရဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တွေ အကုန်လုံး ပေါ်လာကြပြီ”
“ဒါက ငါ သူတို့လေးယောက် အတူတူ ရှိနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
“အဲဒါ ဆရာလန်ယင်ပဲ။ ငါ သူ့အကြောင်း အရင်က ကြားခဲ့ဖူးတယ်။ အခုတော့ ငါသူ့ကို မြင်ဖူးသွားပြီ။ သူက သူ့အကြောင်း ဖော်ပြထားတဲ့ ကောလာဟလ တွေထဲက အတိုင်း လိုပါပဲလား။ သူသာ အနားမှာရှိနေရင် ဆူပွက်နေတဲ့ ချော်ရည်တွေတောင် ချက်ချင်း အေးခဲသွားလိမ့်မယ် ဆိုသလိုပဲ”
ကျောက်တုံးဂိတ်မှ လျှောက်လှမ်း ထွက်လာသည့် လူလေးယောက်ကို စုမင် လှည့်ကြည့်လိုက်သည်။ အနက်ရောင်ဝတ်ရုံ အောက်တွင် ဖုံးကွယ်နေခဲ့သည့် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေး ဖြစ်ပေါ်လာသည်။ ထိုအုပ်စုအတွင်းမှ နန်ထျန်းနှင့် ရွှမ်းလွမ်တို့အား သူ ယခင်တည်းက ဆုံတွေ့ ခဲ့ဖူးပြီးသား ဖြစ်သည်။
စကား ပြောလိုက်သူသည် နန်ထျန်း ဖြစ်သည်။
နန်ထျန်းသည် မျက်နှာအား ဖုံးကွယ်ထားခဲ့သည့် အနက်ရောင် ဝတ်ရုံနှင့်လူကို ကြည့်လိုက်သည်။ ထိုလူသည် ခေါင်းကို ငုံ့ထားသဖြင့် မျက်နှာအား ရှင်းလင်းစွာ မမြင်ရသော်လည်း သူ၏ ခန္ဓာကိုယ် ပုံစံကိုမူ ယခင်က မြင်ဖူးခဲ့ပြီးသားဟု ခံစားနေမိသည်။
“ဆရာ၊ မင်း ဘာကို ဆိုလိုတာလဲ”
စုမင် ထိုအခိုက်တွင် အခြားလူများ သူ့အား မှတ်မိသွားမည်ကို မလိုလားပေ။ သူ၏ အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်ရန် အစီအစဉ်များ သက်သက်ကြောင့် မဟုတ်သော်လည်း သူ့အသံကို ဖျက်ပြီးသာ မေးလိုက်သည်။
နန်ထျန်း စုမင်ကို တစ်ချက်နီးကပ်စွာ ကြည့်လိုက်၏။ ခဏအကြာတွင်တော့ မျက်မှောင်ကြုတ်လိုက်ရင်း ဖြည်းညင်းစွာ ပြောသည်။ “ဒါက ဘာမှ မဟုတ်ပါဘူး။ သတိပေးချက် တစ်ခုပါပဲ။ ခေါင်းလောင်းရဲ့ ပိုင်ရှင်က အဲလိုလုပ်တာကို မကြိုက်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ”
စုမင် ခဏတာ တိတ်ဆိတ်နေပြီးနောက် ညာလက်အား မြှောက်လိုက်ပြီး လေထဲသို့ ကုပ်ဆွဲဟန် ပြုလိုက်ရာ ပုချန့်မျိုးနွယ်၏ ပလိတ်ပြားသည် မြေပေါ်မှ သူ့လက်ထဲသို့ ပျံသန်း ရောက်ရှိလာခဲ့သည်။ ထိုအခိုက်တွင် သူ့၌ မျိုးနွယ်စု၃စု၏ ပလိတ်ပြားများ ရှိနေခဲ့ပြီဖြစ်ကာ ဟန်တောင်တန်း တောင်ထိပ်သို့ သွားရောက်ခွင့် ရရှိခဲ့ပြီး ဖြစ်သည်။ သူသည် ထိုနေရာသို့ သွားရောက်နိုင်ပြီး မျိုးနွယ်စု၃စုမှ တစ်စုထံသို့ ဦးတည်နေသည့် သွယ်ဆက် သံကြိုးတန်း တစ်ခုကို စိန်ခေါ်ရမည် ဖြစ်သည်။
နန်ထျန်း ခပ်ရေးရေး ပြုံးလိုက်ပြီး နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်၏။ ခဲ့ကျူးစစ်နှင့် အခြားသူများ သည်လည်း အလားတူပင် ပြုလုပ်လိုက်ပြီး ကျောက်တုံး တံခါးဆီသို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။
စုမင် ကျောက်တုံး ဂိတ်တံခါးကို ကြည့်လိုက်မိ၏။ ထိုတံခါးပေါက်သည် ဒုတိယအလွှာသို့ ဦးတည်နေခြင်း ဖြစ်ကြောင်း သူသိသည်။ ယခု သူဝင်ရောက်သွားလျှင် နောက်ထပ် အတားအဆီးများ ရှိတော့မည် မဟုတ်ပဲ တောင်ထိပ်ဆီသို့ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ပြီဖြစ်သည်။ သို့သော် ... စုမင မျက်လုံးများတွင် အလင်းတစ်ခု ပေါ်လာခဲ့ပြီး ဟန်တောင်တန်း ခေါင်းလောင်းကို ပြန်ကြည့်လိုက်သည်။
“အဲဒါက ပိုင်ရှင်ရှိတယ် ဆိုရင်တောင် ... ငါ လုယူလို့ မရဘူးလို့ ဆိုလိုတာမှ မဟုတ်တာ” စုမင် တီးတိုးရေရွတ်ရင်း ခုန်လိုက်သည်။ ထို့နောက် ညာဘက်ခြေထောက်အား မြှောက်လျက် တစ်ချက်လှည့်လိုက်ပြီး ခေါင်းလောင်းကို ကန်လိုက်သည်။
စုမင်၏ လုပ်ရပ်များသည် နန်ထျန်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူ့ဘေးနေရာများရှိ ခဲ့ကျူးစစ်နှင့် လန်ယင်၏ မျက်လုံးများသည်လည်း တောက်ပသွားကြ၏။ ရွှမ်းလွမ် တစ်ဦးတည်းသာ တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရနေဟန်ဖြင့် စုမင်အား ငေးကြည့်နေခဲ့သည်။
“ခေါင်းလောင်းသံက နောက်တစ်ကြိမ် မြည်ဟည်းသွားပြန်ပြီ! ၂၂၊ ၂၃၊ ၂၄ ...”
“ဒီပုဂ္ဂိုလ်က ရုပ်နယ်လွန် အဆင့်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ နည်းနည်း ထူးဆန်းနေသလိုပဲ ... ဒီတစ်ကြိမ် ခေါင်းလောင်းသံမှာ အဲဒီလို တုန်လှုပ်ဖွယ် ခံစားမှုမျိုး မပါဘူး”
“၂၅၊ ၂၆၊ ၂၇ ... တကယ်ပဲ သူက ခေါင်းလောင်းကို ဘယ်နှကြိမ်ထိများ တီးခတ်နိုင်မှာလဲ။ ပြန်ထွက်လာတဲ့ တွန်းကန်အားက အရမ်း သန်မာနေတာကို”
လူအုပ်သည် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ပြီး အများစုသည် ရုတ်ခြည်း နောက်ပြန်ဆုတ်လိုက်ကြသည်။ စုမင်နှင့် ခေါင်းလောင်းအား ဗဟိုပြုလျက် မမြင်နိုင်သော လှိုင်းဂယက်များသည် တစ်လွှာပေါ် တစ်လွှာဆင့်ကာ ပျံ့နှံ့သွားခဲ့ပြီး ဟန်တောင်တန်း၏ မြေပြင်ကို တုန်ခါ သွားစေခဲ့သည်။ ၎င်းသည် မြို့တော်ပတ်လည်ရှိ တောင်များမှ မျိုးနွယ်စု ခေါင်းဆောင်များ၏ အကြည့်တို့ကိုပင် ထိုနေရာသို့ စုရုံးကျရောက ်သွားစေသည်။
စုမင် လေထဲတွင် ရပ်တန့်လိုက်ပြီး ပြန်လည်ကျဆင်း လာခဲ့သည်။ သူမြေပေါ်သို့ ကျရောက်ခါနီးတွင် ဝိုးတဝါး ခံစားချက်တစ်ခုအား ရလိုက်သကဲ့သို့ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ ထို့နောက် ညာဘက်လက်သီးကို မလိုက်ပြီး ခေါင်းလောင်းထံသို့ ထိုးသွင်းလိုက်သည်။
လက်သီး ကျရောက်သွားသည်နှင့် တုန်လှုပ်ဖွယ် တွန်းကန်အားသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်လည် ကျရောက်လာခဲ့ပြီး စုမင်၏ ပါးစပ်မှ သွေးတို့ စီးကျလာသည်။ ထို့နောက် သူ မြေပေါ်သို့ ပြုတ်ကျသွားပြီး နောက်သို့ ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်လိုက်ရပြီး ပါးစပ်အပြည့် သွေးတို့ ထွေးထုတ်လိုက်ရ၏။
ဒေါင် ...
၂၈ကြိမ်မြောက် ခေါင်းလောင်းသံသည် ပုချန့်မျိုးနွယ်၏ တောင်အကာအရံ မြူတို့ကိုပင် ပြိုကွဲသွားစေခဲ့သည့် အသံအပါအဝင် ယခင် ထွက်ပေါ်ခဲ့ဖူးသည့် အသံများ အားလုံးထက် သာလွန်စွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လောက တစ်ခုလုံးရှိ အရာအားလုံးအား အသံတစ်သံတည်းဖြင့် အစားထိုးသွားခဲ့ပြီး နှလုံးသားများ အားလုံးကို တုန်ခါသွားစေခဲ့ပြီး ကြားလိုက်ရသူတိုင်းအား ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ လူတစ်ဦးသည် မည်သည့် ကျင့်ကြံဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ထိုစွမ်းအား ကြီးမားသောအသံသည် သူတို့စိတ်များထဲတွင် ပေါ်ပေါက်လာပြီး မှင်တက်ကြောင်အ သွားစေခဲ့၏။
ထိုအသံကြောင့် ကောင်းကင်ရှိ ပင်လယ်လိပ်နက်ကြီး သည်လည်း ကောင်းကင်ဘုံသို့ ဦးတည်၍ ဟိန်းဟောက် အော်မြည်လိုက်ပြီး နောက် သူ့ခန္ဓာကိုယ်သည် ပြိုကွဲသွားတော့သည်။ ၎င်းသည် သူ့ခန္ဓာကိုယ် တစ်ခုတည်းသာ ပြိုကွဲသွားခြင်း မဟုတ်ပဲ သူ့ကျောဘက်ရှိ တောင်ကြီးသည်ပါ ပြိုကျသွားခြင်းဖြစ်သည်။
ထိုပြိုကျသံများသည် ကြီးမားသော အပျက်စီးများ ဖြစ်ပေါ်စေပြီး ခေါင်းလောင်းသံနှင့် ရောထွေးသွားလျက် ကြားရသူတိုင်း မှင်တက်သွားကြပြီး ခေါင်းလောင်းသံသည် အစစ်အမှန် ဟုတ်မဟုတ် မခွဲခြားနိုင် ဖြစ်သွားကြ၏။ ထိုအခိုက်တွင် အသံများ အတူတကွ ရောထွေးသွားကြပြီး ကောင်းကင်နှင့် မြေပြင်သည် အပြောင်းအလဲများ ဖြစ်ပွားသွားခဲ့၏။ ထို့နောက် ဝေးကွာသော အတိတ်ကလာမှ ထွက်ပေါ်လာဟန် ရသည့် နွမ်းလျလျအသံသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
“ခေါင်း ... ကိုးလုံး ... နဂါး”
ထိုအသံသည်သာ လောကတစ်ခုလုံးရှိ တစ်ခုတည်းသော အသံ ဖြစ်သွားခဲ့သည်။ ၎င်းသည် ပဲ့တင်ထပ်၊ ပျံ့လွင့်၊ ပျံ့နှံ့သွားခဲ့ပြီး ကြားရသူတိုင်း သူတို့၏စိတ်များ ဆုံးရှူံး သွားသကဲ့သို့ ငေးမောကြောင်အ သွားခဲ့ကြသည်။
ယန်လွမ်၊ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲနှင့် ချွင်းချက်မရှိ လူများအားလုံး ထိုအခြေအနေသို့ ကျရောက်သွားခဲ့ခြင်းဖြစ်သည်!
စုမင်သည် အပြင်းထန်ဆုံး ခံစားနေရခြင်း ဖြစ်သည်။ထိုပေါက်ကွဲသံ သူ့ခေါင်းအတွင်း ပဲ့တင်ထပ် မြည်ဟည်းသွားသည်နှင့် တစ်ပြိုင်နက် သူ့စိတ်သည် ဗလာ အခြေအနေဖြင့် အစားထိုး ခံလိုက်ရလေသည်။
သူ့စိတ်ထဲတွင်တော့ ဧရာမခေါင်းလောင်းကြီး တစ်လုံးသည် ထွန်းလင်းတောက်ပ နေခဲ့၏။ ထိုအရာသည် ဟန်တောင်တန်း ခေါင်းလောင်းပင် ဖြစ်သည်။
ထိုပေါက်ကွဲ မြည်ဟည်းသံအား ခေါင်းလောင်းသံနှင့် အစားထိုး၍ စုမင်စိတ်ထဲ ပဲ့တင်ထပ်သွားခဲ့ပြီး သူ ပြန်လည်သတိရ လာချိန်တွင်တော့ အချိန်မည်မျှကြာအောင် ကုန်ဆုံး သွားခဲ့ပြီမှန်း မသိတော့ချေ။
သူပြန်လည် နိုးထလာသည့် အချိန်တိုင်အောင်ပင် သူ့နားများထဲတွင် ခေါင်းလောင်းသံများ ပဲ့တင်ထပ် နေဆဲပင် ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ လူများအားလုံး မိန်းမောတွေဝေ နေသည့် အမူအရာများဖြင့် မလှုပ်မရှား ရပ်တန့်နေကြသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
စုမင် အသက်မြန်မြန် ရှူလိုက်မိ၏။ ထို့နောက် တစ်စုံတစ်ရာအား အာရုံလိုက်မိဟန်ဖြင့် ဖြည်းညင်းစွာ ခေါင်းမော့လိုက်ချိန်တွင် ကောင်းကင်၌ ရက်စက်ကြမ်းကြုတ်ဟန် သားရဲတစ်ကောင်၏ ပုံရိပ်ယောင်ကို သူရှင်းလင်းစွာ မြင်လိုက်ရသည်။
၎င်းသည် ဧရာမသားရဲ တစ်ကောင်ဖြစ်သည်။ သူ၏ အသွင်အပြင်များသည် ဝေဝါးနေခဲ့သော်လည်း ထိုသားရဲတွင် ခေါင်းကိုးလုံး ရှိနေကြောင်း သူသေချာ ပြောနိုင်သည်။ ၎င်းခေါင်းများထဲမှ အချို့သည် နဂါးများ၊ အချို့သည် မြွေများနှင့် အချို့သည် လူများသဏ္ဌာန် ဖြစ်ပေါ်နေခဲ့သည်။ ထိုအရာတို့သည် အလွန် ထူးဆန်းနေခဲ့ပြီး ၎င်းမြင်ကွင်းကြောင့် စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။ ခေါင်းကိုးလုံးအနက် ၆လုံးသည် မျက်လုံးများကို ပိတ်ထားခဲ့ပြီး သူတို့အထဲမှ ခေါင်းသုံးလုံးသည်သာ မျက်လုံးများကို ဖွင့်ထားကြသည်ကို သူမြင်လိုက်ရသည်။
မျက်လုံးပွင့်နေသည့် ခေါင်း၃လုံးအနက် တစ်လုံးသည် စုမင်ကို ညင်ညင်သာသာ ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲတွင် စုမင် သူ့ကိုသူ ပြန်မြင်လိုက်ရသည်။
အခြားခေါင်း၂လုံးသည်တော့ အေးစက်စက် မာနထောင်လွှားဟန်ဖြင့် သူ့အား စိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် အလွန်အမင်း ခန့်ညား ချောမောသည့် အစိမ်းရောင် ဝတ်ရုံနှင့် ယောက်ျားတစ်ဦးကို စုမင် မြင်နေရသည်။
ထိုအခိုက်တွင်ပင် ဟန်တောင်တန်းမြို့တော်နှင့် အဝေးတွင် တည်ရှိသည့် သက်တန့်ခုနစ်ရောင် တောင်ခြေတွင်တော့ အစိမ်းရောင်ဝတ်ရုံနှင့် ယောက်ျားသည် သူ၏လက်တွင်းမှ အဖြူရောင် စစ်တုရင် အပိုင်းအစကို အောက်သို့ နေရာချထားလိုက်သည်။
“အစ်ကိုကြီး စစ်မာ၊ အစ်ကို ဒီတစ်ပွဲတော့ ရှုံးသွားပြီ”
သူ့ဘေးရှိ မိန်းကလေးသည် ပျော်ရွှင်စွာ ရယ်မောလိုက်၏။ သူမ၏ ရယ်မောသံသည် ဆည်းလည်းသံကဲ့သို့ နားဝင်ပီယံ ရှိနေခဲ့သည်။ ထို့နောက် သူမလက်အတွင်းရှိ အနက်ရောင် အပိုင်းအစအား လျင်မြန်စွာ နေရာချထားလိုက်ပြီး သူမ၏ သေးသွယ်သည့် မျက်နှာလေးတွင် ဝမ်းမြောက် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့၏။
“ရှုံးသွားတာလား ...”
အစိမ်းရောင်ဝတ်ရုံနှင့် ယောက်ျားသည် ခပ်ရေးရေး ပြုံးလိုက်သည်။ သူ၏အပြုံးသည် အလွန်ပင် နူးညံ့သိမ်မွေ့ဟန် ပေါ်နေခဲ့သော်ငြား သူ့မျက်လုံးအတွင်းရှိ အေးစက်မှုများကိုတော့ အမျိုးသမီးလေး အနေဖြင့် မမြင်နိုင်ခဲ့သလို သူ့နှလုံးသားအတွင်းရှိ အသံကိုလည်း သူမ မကြားနိုင်ခဲ့ပေ။
‘ဒီလိုမျိုး ဟုတ်ချင်မှ ဟုတ်မှာပေါ့’
***