← Chapters

ဒီကိစ္စက တကယ် မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်လို့လား

Vol. 13 Ch. 177

ဒီကိစ္စက တကယ် မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်လို့လား

Vol. 13 Ch. 177

စုမင် ကောင်းကင်ရှိ ပုံရိပ်ယောင် ဧရာမခေါင်း ကိုးလုံးသားရဲကို ကြည့်လိုက်ရာ မျက်လုံးပွင့်နေသည့် ခေါင်း၃လုံးအနက် ၂လုံး၏ မျက်လုံးများထဲတွင် အစိမ်းရောင်ဝတ်စုံနှင့် ယောက်ျားတစ်ဦးကို တွေ့လိုက်ရပြီး သူတို့၏ အေးစက်၍ မာနထောင်လွှားဟန် အကြည့်များသည် စုမင်အကြည့်နှင့် ပထမဆုံး အကြိမ်အဖြစ် ချိတ်ဆက်သွားသည့်ပုံ ပေါ်သည်။

ခပ်ရေးရေး အပြုံးတစ်ခုသည် အစိမ်းရောင်ဝတ်ရုံနှင့် လူ၏ နှုတ်ခမ်းများတွင် ပေါ်လာခဲ့ပြီး သူ၏ အပြုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင် အချို့ ပါဝင်နေခဲ့သည်။ ထို့နောက်  သူသည် ကောင်းကင်ရှိ ခေါင်းကိုးလုံး သားရဲနှင့်အတူ ဖြည်းညင်းစွာ ပျောက်ကွယ် သွားတော့သည်။ ၎င်းအရာကြီး ပျောက်ကွယ်သွားသည်နှင့် အနက်ရောင် တိမ်တိုက်များ ပြန်လည်ဖြစ်ပေါ်လာပြီး နောက်တစ်ကြိမ် မိုးပြန်လည် ရွာသွန်းလာတော့သည်။

‘ဒီကိစ္စက တကယ် မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်လို့လား ...’

စုမင်၏ အမူအရာ ပြန်လည်တည်ငြိမ် သွားခဲ့သည်။ အစိမ်းရောင်ဝတ်ရုံနှင့် လူထံမှ အကြည့်၏ အဓိပ္ပာယ်ကို သူရုတ်တရက် နားလည်သွားခဲ့ပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် မည်သူဖြစ်ကြောင်း စုမင် မသိခဲ့ပေ။ သို့သော် ဟန်တောင်တန်း ခေါင်းလောင်းသည်တော့ ယခုအချိန်ထိ ပိုင်ရှင် မရှိသေးကြောင်း စုမင် သိခဲ့ရ၏။ ထိုပုဂ္ဂိုလ်သည်လည်း ခေါင်းလောင်းအား လုံးလုံးလျားလျား ပိုင်ဆိုင်နိုင်ရန် မလုပ်နိုင်သေးပေ။ သူသည် ခေါင်းကိုးလုံးအနက် ၂လုံးကိုသာ ရရှိအောင် ဆောင်ရွက်ထားနိုင်သေးတာ ဖြစ်သည်။

ကောင်းကင်ရှိ ပုံရိပ်ယောင်သားရဲ မှိန်ဖျော့သွားခဲ့ပြီး လေထုအတွင်း လုံးဝပျောက်ကွယ် သွားသည့်အချိန်တွင် မြေပြင်ရှိ တွေဝေမိန်းမော နေကြသည့်လူများသည်  သတိပြန်ကပ် လာဟန်ဖြင့် မျက်လုံးများကို ဖွင့်လာကြသည်။ ယန်လွမ်၊ အကြီးအကဲနှင့် မျိုးနွယ်စု၃စုမှ အခြားသူများသည်ပင် ထိုအခိုက်အတန့်တွင်မှ မျက်လုံးများ ပွင့်လာခဲ့ကြခြင်း ဖြစ်သည်။

အလွန်နည်းပါးသည့် လူများသာ ဘာဖြစ်ပျက်သွားမှန်း သိလိုက်ကြသည်။ ကောင်းကင်သည် တိမ်မည်းများဖြင့် ဖုံးအုပ်နေခဲ့ပြီး ပုံမှန်မဟုတ်သည့် မည်သည့် အရာကိုမှ မတွေ့ရပေ။ လူအုပ်သည် အချိန်ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး ပြန်လည် ပွက်လောရိုက် ဆူညံသွားခဲ့သည်။

“ဘာ ... အခု ဘာဖြစ်သွားတာလဲ”

“ငါ့စိတ်က ဗလာ ဖြစ်သွားသလိုပဲ။ ပြီးတော့ ငါ့ခေါင်းထဲမှာ ခေါင်းလောင်းသံ ပဲ့တင်ထပ်နေခဲ့တာ တစ်ခုတည်းပဲ သတိရတော့တယ် ...”

“အဲဒါ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ အခုလေးတင် ဖြစ်ပျက်သွားတာ ဖြစ်ရမယ်။ မဟုတ်ရင် ငါတို့အကုန်လုံး ဒီလို တစ်ပုံစံတည်း ပြုမူမိသွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး”

ဆွေးနွေးသံများ ပိုမိုကျယ်လောင်လာခဲ့ပြီး လူအုပ်၏ အကြည့်များသည် ခေါင်းလောင်းအောက်တွင် ရှိနေခဲ့သည့် စုမင်ထံ ပြန်လည်ရောက်ရှိ သွားကြသည်။ စုမင် နောက်ကျောကိုသာ သူတို့မြင်နေရပြီး စုမင်သည် ခေါင်းကိုငုံ့ထားပြီး အနက်ရောင်ဝတ်ရုံဖြင့် မျက်နှာအား ဖုံးကွယ်နေသဖြင့် သူ၏ မျက်နှာကို သော်လည်းကောင်း၊ အမူအရာကို သော်လည်းကောင်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ စောင့်ကြည့်နေသူများသည် ဒုတိယအလွှာသို့ ဦးတည်နေသည့် ကျောက်တုံး ဂိတ်တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည့် စုမင်၏ နောက်ကျောမှ ထွက်ပေါ်နေသည့် ဖော်ပြ၍ မရနိုင်သော အရှိန်အဝါ တစ်ခုကိုသာ ခံစားနေရသည်။

ကျောက်တုံး ဂိတ်တံခါးဝတွင်တော့ နန်ထျန်းနှင့် အခြားလူများသည် တုန်လှုပ်နေသည့် အမူအရာများဖြင့် ရပ်နေခဲ့ကြပြီး  သူတို့ထံ လျှောက်လှမ်းလာနေသည့် စုမင်ကို ကြည့်နေကြသည်။ သူတို့သည် ရုပ်နယ်လွန်အဆင့်မှ စွမ်းအားကြီး မာန်စွမ်းအားရှင်များ ဖြစ်နေခဲ့သော်လည်း ထို အသက်ရှူချိန် အနည်းငယ်အတွင်း သူတို့စိတ်များ ဗလာ အခြေအနေသို့ ကျရောက် သွားခဲ့ရတာပင် ဖြစ်သည်။ ဘာဖြစ်သွားမှန်း သူတို့မသိသော်လည်း စုမင် နီးကပ်လာချိန်တွင် ခဲ့ကျူးစစ်သည် မသိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်လိုက်မိသည်။ သူ့မျက်နှာတွင်တော့ လေးစားအားကျဟန် အမူအရာ ဖြစ်ပေါ်နေခဲ့သည်။

အခြားသူများ သိရှိနိုင်လိမ့်မည် မဟုတ်သော်လည်း အတိတ်တွင် စစ်မာရှင်း ခေါင်းလောင်း တီးခတ်ခဲ့ခြင်းကို ခဲ့ကျူးစစ်မြင်ခဲ့ဖူးသည်။ ထိုအရာသည် ခေါင်းလောင်းသံ၃ချက်ပင် ဖြစ်သော်လည်း သူတို့စိတ်များ ဗလာ အခြေအနေသို့ ကျရောက်သွားခဲ့ရသည့် အလားတူ အခြေအနေမျိုး ဖြစ်ပွားခဲ့သည်သာ။ သူ ထိုအရာကို မှတ်မိနေဆဲပင် ဖြစ်သည်။ ထိုနှစ်က သူပြန်နိုးထ လာခဲ့ချိန်တွင် ခေါင်းလောင်းအား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည့် စစ်မာရှင်း၏ နောက်ကျောကို သူတွေ့ခဲ့ရသည်။ ထိုမှတ်ဉာဏ်သည် ယခုသူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သည ့်လူနှင့် ထပ်တူညီ နေခဲ့သည်။

နန်ထျန်း၏ အသက်ရှူသံ သည်လည်း မြန်ဆန်လာခဲ့၏။ ခဲ့ကျူးစစ်လောက် သူသေချာ မသိသော်လည်း ထိုခေါင်းလောင်းသည် စစ်မာရှင်းနှင့် သက်ဆိုင်ကြောင်းကိုတော့ သူသိနေခဲ့သည်။ သို့သော် သူ့မှတ်ဉာဏ် အတွင်းမှ ထိုထူးဆန်းသည် ဗလာ အခြေအနေ ပေါ်ပေါက် လာခဲ့ချိန်တွင် သူတို့ထံ လျှောက်လှမ်းလာနေသည့် လူအပေါ် လေးစားမှုတို့ ဖြစ်ပေါ်လာခဲ့ရသည်ပင် ဖြစ်သည်။

‘သူက ဒီခေါင်းလောင်း အတွက် ဆရာစစ်မာ ကိုတောင် ဆန့်ကျင်ရဲတာ ... ဒီလူက ...’

နန်ထျန်း ခေါင်းကို ငုံ့ထားလိုက်မိသည်။

ရွှမ်းလွမ် တိတ်ဆိတ်နေခဲ့ပြီး သူ့မျက်နှာသည် ဝေခွဲမရဟန် အမူအရာတို့ အထင်းသား ပေါ်နေခဲ့သည်။ သူသည် စုမင်အား သတိပြု မှတ်မိနေခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်တွင် စုမင်သည် သူ့မျက်လုံးထဲတွင် ပိုမိုးထူးခြား ဆန်းကြယ်လာခဲ့သည်။ ထိုထူးခြား ဆန်းကြယ်မှုသည် အလွန်ထူထဲ နေခဲ့သဖြင့် ရွှမ်းလွမ် သိစိတ်အရ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ရန် ရွေးချယ်လိုက်မိသည်။

‘မော့စုရဲ့ စွမ်းအားက ငါ့လောက် မမြင့်မားဘူး။ ဒါပေမဲ့ သူက ငါ့ကို ကြောက်ရွံ့မှု ခံစားရအောင် လုပ်နိုင်တယ် ... သူက ဒီရတနာ အတွက် ဆရာစစ်မာကိုတောင် ဆန့်ကျင်ရဲတယ်။ ပြီးတော့ ... မော့စုက တစ်ခုခု ရရှိခဲ့တဲ့ ပုံပဲ။ တကယ်ပါပဲ ဒီလူမှာ တခြား လျှို့ဝှက်ချက်တွေ ဘယ်လောက်များ ရှိနေသေးတာလဲ။ သူက တကယ်ပဲ အေးခဲကောင်းကင် ကလန်ကို ဝင်နိုင်ဖို့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ် ချင်နေခဲ့တာလား။ သူက လွန်ခဲ့တဲ့ လအနည်းငယ်က သွေးကြောကျောက်သား နယ်ပယ်ကို  ပြီးပြည့်စုံတဲ့ အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တဲ့သူ မဟုတ်တာ အတွက်တော့ နတ်ဘုရားတွေကို ကျေးဇူးတင်မိပါရဲ့ ...’

ရွှမ်းလွမ် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ၏ အတွေးများသည် မသေချာမရေရာ ဖြစ်လာခဲ့သည်။

စုမင်သည် ထိုလူတို့၏ အကြည့်များအောက်တွင် တည်ငြိမ်အေးဆေးစွာ လျှောက်လှမ်းသွားခဲ့သည်။ သူသည် တစ်ခဏပင် ရပ်တန့်ခြင်းမရှိပဲ ဒုတိယအလွှာသို့ ဦးတည်နေသည့် ကျောက်တုံးတံခါးထံ ဦးတည်လိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ၎င်းအား ဖြတ်သန်းသွားလိုက်သည်။

ကျောက်တုံးဂိတ် တံခါးသည် ရုတ်တရက်ပင် စူးရှသည့် အလင်းတို့ ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်း၌ပင် စုမင် ခန္ဓာကိုယ်ပေါ်မှ ပလိတ်ပြား ၃ခုသည်လည်း တောက်ပသည့် အလင်းတို့ကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် လျှပ်တစ်ပြက်ပင် သူသည် ကျောက်တုံးဂိတ်တံခါး အတွင်းသို့ ဝင်ရောက်ပျောက်ကွယ် သွားတော့သည်။

စုမင် ကျောက်တုံးဂိတ်တံခါးမှ လျှောက်လှမ်း ထွက်လာသည့် အချိန်တွင် အရောင်စုံရေကန် မျိုးနွယ်စု တောင်ပေါ်ရှိ ယန်လွမ်နောက်တွင် အဘွားအိုတစ်ဦး ပေါ်လာခဲ့သည်။ ထိုအဘွားအိုသည် လမ်းလျှောက် နေရင်းမှပင် ချောင်းအနည်းငယ် ဆိုးလိုက်သည်။ သူမ၏ မျက်နှာသည်တော့ အရေးအကြောင်းတို့ ပြည့်နှက်နေခဲ့ပြီး ချောင်းဆိုးလိုက်ချိန်တွင် ဖျားနာနေဟန် အနီရောင် အရိပ်အယောင်သည် သူမ၏ မျက်နှာတွင် ပေါ်ပေါက်လာခဲ့သည်။

သူမ၏ ဘေး၂ဖက်တွင်တော့ မိန်းကလေး ၂ဦးသည် အဘွားအိုကို ကူတွဲထားခဲ့ကြသည်။ သူမတို့ မျက်နှာများသည် စိုးရိမ ်ပူပန်မှုများဖြင့် ပြည့်နေခဲ့ကြ၏။

ယန်လွမ် နောက်လှည့်လိုက်ပြီး အဘွားအိုကို မြင်လိုက်သည်နှင့် ချက်ချင်း ရှေ့သို့ လျှောက်သွားလိုက်ပြီး အဘွားအို၏ လက်မောင်းကို သူမကိုယ်တိုင် ကူတွဲပေးလိုက်သည်။

“မျိုးနွယ်စု ခေါင်းဆောင်၊ အကြီးအကဲက ဒီကိုလာဖို့ အပြင်းအထန် တောင်းဆိုနေတာနဲ့ ... ကျွန်မတို့ ...” မိန်းကလေးတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။

“အဆင်ပြေပါတယ်။ မင်းတို့နှစ်ယောက်လုံး အခုသွားလို့ရပြီ”

ယန်လွမ် ခေါင်းညိတ်ပြလိုက်ပြီး အဘွားအိုကို တောင်အစွန်းဆီသို့ တွဲခေါ်သွားလိုက်သည်။ ထိုနေရာသည် ဟန်တောင်တန်း မြို့တော်အား ပိုမိုရှင်းလင်းစွာ မြင်ရစေသည်။

“လွမ်အာ၊ တစ်ယောက်ယောက်က အခုလေးတင် ဟန်တောင်တန်း ခေါင်းလောင်းရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရသွားခဲ့တယ်။ ဟုတ်တယ်မလား ...”

အဘွားအို၏ မျက်လုံးများတွင် မှုန်မှိုင်းမှိုင်း အလင်းရောင်တစ်ခု တောက်ပနေခဲ့ပြီး အက်ကွဲကွဲ သူမအသံတွင် အားနည်းမှု အရိပ်အယောင်တို့ ပါဝင်နေခဲ့သည်။ ယန်လွမ် ကူတွဲ ပေးထားခြင်းသာ မရှိလျှင်၊ သူမ လဲကျသွားမည်မှာ အသေအချာပင် ဖြစ်သည်။

“ဟုတ်တယ်” ယန်လွမ် ခဏတာတုန့်ဆိုင်းနေပြီးမှ ညင်သာစွာဖြေလိုက်သည်။

“အဲဒီခေါင်းလောင်းက ဟန်တောင်တန်းမှာ ရှိနေခဲ့တာ အရမ်းကြာနေပြီ ... ဟန်တောင်တန်း မျိုးနွယ်စုကတောင် ခေါင်းလောင်းကို အစွဲပြုပြီး အမည် ပေးထားခဲ့တာပဲ။ ဟန်တောင်တန်း ဘိုးဘေးက ခေါင်းလောင်းကို သူ့နာမည်ဖြစ်တဲ့ ဟန်တောင်တန်း ခေါင်းလောင်းလို့ အမည်ပေးခဲ့တဲ့ လူပဲ။ ဒါပေမဲ့ အမှန်ကတော့၊ ခေါင်းလောင်း ဘယ်နေရာက ရောက်လာခဲ့တယ် ဆိုတာကိုရော၊ သူ့ရဲ့ နာမည် စစ်အမှန်က ဘာလဲဆိုတာကိုရော ဘယ်သူမှ မသိကြဘူး”

“အဲဒါက အဝေးကို ယူဆောင်သွားနိုင်ရင် ပိုကောင်းတယ်။ အကယ်၍ ဒီမှာသာ အခုလို ဆက်ရှိနေမယ်ဆိုရင် တစ်နေ့နေ့မှာ အဲဒါက ကပ်ဘေးတစ်ခုကို ဆောင်ကြဉ်းလာလိမ့်မယ် ... စစ်မာရှင်းပဲ ဖြစ်ဖြစ် အခုဒီပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ယူဆောင်သွားသွား ခွင့်ပြုပေးလိုက်ပါ။ ဝင်မစွက်ဖက် မိပါစေနဲ့”

“ဒါပေမဲ့ ဖေးအာက အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့ လိုနေသေး ...”

ယန်လွမ် စကားပြော မပြီးသေးခင်မှာပင် အဘွားအိုသည် သူမ၏ အားနည်းနေသည့် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူမအရှေ့ရှိ လှပသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ သူမ မည်သည့် စကားမှမပြောပဲ ကြည့်ရုံသာ ကြည့်နေခဲ့သည်။

ခဏကြာပြီး နောက်တွင်တော့ ယန်လွမ် ခေါင်းကို ငုံ့လိုက်သည်။

“အကြီးအကဲ၊ ကျွန်မ မှတ်ထားပါ့မယ်”

“လွမ်အာ၊ အရောင်စုံရေကန် မျိုးနွယ်စုက သေးငယ်တဲ့ အလယ်အလတ်တန်းစား မျိုးနွယ်စုလေး တစ်ခုပါပဲ။ စစ်မာရှင်းက ငါတို့တွေ ရန်စလို့ရနိုင်တဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းလာင်းအတွက်နဲ့ စစ်မာရှင်းကိုတောင် ဆန့်ကျင်ရဲတဲ့ လူတစ်ယောက်ကရော ငါတို့ရန်စလို့ ရနိုင်တဲ့ လူမျိုးမို့လို့လား”

“အကြီးအကဲ၊ ကျွန်မက အေးခဲ ကောင်းကင်ကလန်ကို စိုးရိမ်လို့ပါ။ စစ်မာရှင်းက အေးခဲကောင်းကင် ကလန်ရဲ့ တန်ဖို့အထားရဆုံး တပည့်လေ ... ဖေးအာက အေးခဲကောင်းကင်ကလန်ကို ဝင်ရောက်ရဦးမယ်။ ကျွန်မသာ အခု တစ်ခုခု မလုပ်ဘူးဆိုရင်၊ ကျွန်မ ...”

“မင်းက အရမ်းငယ်ရွယ် သေးတယ် ...”

အဘွားအိုသည် သူမ၏ တုန်ယင်နေသည့် လက်ကို မြှောက်လိုက်ပြီး ယန်လွမ်ပခုံးကို ပုတ်ပေးလိုက်သည်။

“စစ်မာရှင်းက အေးခဲကောင်းကင် ကလန်ရဲ့တပည့်လို့ မင်းပြောခဲ့တယ်။ ဒါပေမဲ့ စစ်မာရှင်း တစ်ယောက်တည်းကပဲ အေးခဲကောင်းကင် ကလန်ရဲ့ တစ်ဦးတည်းသော တပည့်လို့ မင်းပြောနိုင်လို့လား”

အဘွားအိုသည် ခေါင်းပြန်လှည့်လိုက်ပြီး ဟန်တောင်တန်းဆီသို့ လေးနက်စွာ ငေးမောကြည့်လိုက်သည်။

“ဒါက ...”

ယန်လွမ် မှင်တက်သွား၏။ ထို့နောက် အနည်းငယ် ရောထွေးနေသည့် ဝေခွဲမရဟန် အမူအရာသည် သူမမျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။

အဘွားအိုသည် သက်ပြင်းချလိုက်ရင်း ယန်လွမ်အား မကြည့်ပဲ တီးတိုးပြောလိုက်သည်။ “ရှုထောင့်ပြောင်းပြီး ပြောကြည့်ရအောင်။ အရောင်စုံရေကန် မျိုးနွယ်စုက တောင်ပိုင်းအရုဏ်ဦး နယ်မြေအတွင်းမှာ ရှိတဲ့ မျိုးနွယ်စု တစ်ခုလို့ မင်းပြောလို့ရတယ်။ ဒါပေမဲ့ အရောင်စုံရေကန် မျိုးနွယ်စုက တောင်ပိုင်းအရုဏ်ဦး နယ်မြေရဲ့ တစ်ခုတည်းသာ မျိုးနွယ်စုလို့ မင်းပြောနိုင်လို့လား ... မင်း အခု နားလည်သွားပြီလား”

ယန်လွမ် ခဏတာခန့် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

“ငါက အေးခဲကောင်းကင် ကလန်ကို မျှော်လင့်ချက် အများကြီး မထားတော့ဘူး။ လေးလွှာစည်း တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်က ငါတို့မျိုးနွယ်စုကို နှစ်ပေါင်း၁၀၀၀ထက် မနည်း ကာကွယ်ပေးနိုင်လိမ့်မယ်။ ဒီလူကို အပြစ်မပြုမိစေနဲ့။ သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ချင်တယ် ဆိုရင်လည်း ငါတို့က သူ့ကို ထောက်ပံ့ ပေးရမှာပဲ” အဘွားအိုသည် ပြောပြီးသည်နှင့် မောပန်းသွားဟန် အမူအရာသည် သူမမျက်နှာတွင် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တောင်ပေါ်ရှိ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲ၏ မျက်လုံးများသည်လည်း တောက်ပနေခဲ့သည်။ မသေချာမရေရာ ဟန်ဖြင့် သူ့အမူအရာသည် ထပ်ခါထပ်ခါ ပြောင်းလဲနေခဲ့သည်။ သူသည် အရောင်စုံရေကန် မျိုးနွယ်စု တောင်ဆီသို့ပင် ရံဖန်ရံခါ လှမ်းကြည့်လိုက်သေးသည်။ အရောင်စုံရေကန် မျိုးနွယ်စုတောင်သည် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်ကို သူတွေ့လိုက်ရသောအခါ သူ့မျက်လုံးများတွင် ဆုံးဖြတ်ချက်ချပြီးသွားဟန်တို့ ဖြစ်ပေါ်လာခဲ့သည်။

“ဟန်တောင်တန်းရဲ့ မျိုးနွယ်စု၃စုထဲမှာ အရောင်စုံ ရေကန်မျိုးနွယ်စုရဲ့ အကြီးအကဲကို ငါအလေးစားဆုံးပဲ။ အဲဒီအမျိုးသမီးကြီးက မယုံနိုင်လောက်အောင် တွက်ချက်တတ်ရုံတင်မကဘူး။ သူမရဲ့ ဉာဏ်ရည်ကလည်း အရေးကြီးတဲ့ အဖြစ်အပျက်တွေမှာ အရမ်းကို အသုံးဝင်သေးတယ်။ သူမသာ မလှုပ်ရှားဘူး ဆိုရင်၊ ငါတို့လည်း ဘာမှမလုပ်သင့်ဘူး”

“ဟန်တောင်တန်း ခေါင်းလောင်းက ဘယ်သူမဆို ယူသွားနိုင်မယ်ဆိုရင် အဲဒီလူနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ခေါင်းလောင်းက ဘယ်တုန်းကမှ မျိုးနွယ်စု ၃စုနဲ့ သက်ဆိုင်ခဲ့တာ မဟုတ်ဘူး။ ငါတို့သာ ဒါကိုနားလည် သွားပြီဆိုရင်၊ ငါတို့အတွက် လွယ်ကူသွားပြီပဲ” ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် သူ့ကိုသူ ပြောဟန်ဖြင့် တီးတိုးရေရွတ်သည်။ သို့သော် သူ့ဘေးတွင် ရပ်နေခဲ့သည့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုခေါင်းဆောင်၊ စစ်သည်တော် ခေါင်းဆောင်နှင့် အခြားသူများကို ပြောပြနေဟန်လည်း တူနေခဲ့သည်။

ပုချန့်မျိုးနွယ်သည်လည်း တိတ်ဆိတ်နေခဲ့၏။ မျိုးနွယ်စု၃စုသည် ဤကိစ္စနှင့်ပတ်သက်၍ တူညီသည့် သဘောထားမျိုး ရှိနေခဲ့သည်။ သူတို့ လျစ်လျူရှုရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

မွန်းလွဲပိုင်းအချိန် မရောက်ခင် အချိန် အနည်းငယ်သာ ကျန်တော့သော်လည်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေဆဲပင်ဖြစ်သည်။

ဤတစ်ကြိမ်သည် စုမင် ဟန်တောင်တန်းမြို့တော် ဒုတိယအလွှာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ သူ့နောက်တွင်တော့ ကျောက်တုံးဂိတ် တံခါးကြီးက တတိယအလွှာသို့ လမ်းကြောင်းကို ကာဆီးထားခဲ့သည်။ သူ့ရှေ့တွင်တော့ ဟန်တောင်တန်း မြို့တော်၏ ပထမဆုံး အလွှာသည် မြင့်မားသည့် နေရာတွင် တည်ရှိနေခဲ့သည်။ ထိုနေရာသည် ဟန်တောင်တန်း၏ တောင်ထိပ်လည်းဖြစ်ပြီး သူရှိနေသည့်နေရာနှင့် သိပ်မဝေးသည့် နေရာတွင် ရှိနေခဲ့သည်။ ပထမအလွှာ အပေါ်တွင်တော့ မည်သည့်အရာမှ ရှိမနေတော့ပေ။ သံကြိုးကြီး ၃ခုသည်သာ မျိုးနွယ်စု၃စု၏ တောင်များနှင့် ထိုနေရာအား ချိတ်ဆက် ထားခဲ့ကြသည်။

“ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ ...”

စုမင်မျက်လုံးတို့ တောက်ပသွားပြီး သီးခြားနေရာ တစ်ခုသဖွယ် တိတ်ဆိတ်နေခဲ့သည့် ဒုတိယအလွှာကို ဖြတ်လျှောက် သွားလိုက်သည်။ လေတိုက်ခတ်နေသည့် တောင်လမ်းကြောင်း တစ်လျှောက် သူလျှောက်လှမ်းလာခဲ့ပြီး အမွှေးတိုင် တစ်ဝက်ထွန်းစာခန့် အချိန်ယူပြီး နောက်တွင်တော့ ဟန်တောင်တန်း မြို့တော်၏ အမြင့်ဆုံး နေရာတွင် သူရပ်နေခဲ့ပြီ ဖြစ်သည်။

ထိုနေရာရှိ လေပြင်းတို့သည် အသံမြည်အောင် တိုက်ခတ်နေကြပြီး စုမင်၏ မျက်နှာကိုပင် ရူးသွပ်စွာ ဖြတ်သန်း တိုက်ခတ်နေခဲ့၏။ ၎င်းသည် စုမင်၏ဝ တ်ရုံများကို လေထုအတွင်း ဝဲလွင့်နေစေသော်လည်း သူ့မျက်နှာအား ဖုံးကွယ်ထားသည့် ဝတ်ရုံအစကိုမူ ပင့်တင်နိုင်ခြင်း မရှိခဲ့ပေ။ သံကြိုးကြီး၃ခုသည် လေတိုက်တိုင်း ယိမ်းယိုင်နေခဲ့သည်။ ပေရာပေါင်းများစွာ ကျယ်ဝန်းသည့် ချောက်နက်ကြီးများသည်တော့ သူတို့အောက် ပေထောင်ပေါင်းများစွာ အကွာတွင် ရှိနေခဲ့သည်။

လေသည် အေးခဲမတတ် တိုက်ခတ်နေခဲ့ပြီး ၎င်းအထဲတွင် မိုးစက်မိုးပေါက်များပါ ပါဝင်နေခဲ့သည်။

စုမင် တောင်ထိပ် ထိုနေရာတွင် ရပ်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ရုပ်နယ်လွန်အဆင့် စွမ်းအားကြီး မာန်စွမ်းအားရှင်များသည်ပင် စိန်ခေါ်ခြင်းကို ကျရှုံးသွားပြီး ချောက်နက်ကြီးများအတွင်း ပြုတ်ကျခဲ့ပါက သေဆုံးသွားလိမ့်မည် ဆိုသည်ကို သူမသိခဲ့ပေ။ မည်သို့ပင်ဆိုစေ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများသည် နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အားစိန်ခေါ်ရန် လွယ်ကူလိမ့်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ရုပ်နယ်လွန် အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ကောင်းကင်တွင် လမ်းလျှောက်နိုင်နေပြီ ဆိုသူများသည်ပင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးနေဆဲ ဖြစ်သည်။

စုမင် တောင်ထိပ်၌ရပ်လျက် အဝေးသို့ ငေးကြည့်လိုက်သည်။ သူမြင်သမျှ အရာအားလုံးသည် အနက်ရောင်တိ မ်စိုင်များဖြင့်သာ ပြည့်နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီးသည်ပင် ၎င်းတို့အကြား မည်သည့်ခြားနားချက်မျှ မရှိဟန်ဖြင့် အတူတကွ ချိတ်ဆက်နေဟန် ပေါ်နေခဲ့သည်။ မိုးရေစက်တို့သည် ခန်းဆီးစ တစ်ခုသဖွယ် ကာဆီးထားခဲ့ပြီး မြင်ကွင်းအတွင်းရှိ အရာအားလုံးကို ဝိုးတဝါး မထင်မရှား ဖြစ်နေစေသည်။

တစ်ခါတစ်ရံ ကောင်းကင်တွင် မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး လျှပ်စီးတို့က တဝင်းဝင်း လက်နေတတ်သည်။ လူတို့သည်သာ သူတို့၏မျက်လုံးများအား ကောင်းကင်သို့ အချိန်ကြာရှည်စွာ စိုက်ကြည့်လိုက်မိမည် ဆိုလျှင် မျက်လုံးများ ကန်းသွားသကဲ့သို့ ခံစားရမည်ဖြစ်သည်။

“သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်မှုကို စတော့မယ်”

“ဘယ်မျိုးနွယ်စုရဲ့ သံကြိုးကိုများ အဲလူရွေးချယ်မှာလဲ။ အရောင်စုံရေကန် မျိုးနွယ်စုလို့ ငါတော့ထင်တယ်”

“ဘယ်မျိုးနွယ်စုရဲ့ သံကြိုးတန်းကိုပဲ သူစိန်ခေါ်ပစေ၊ ငါကတော့ သူအောင်မြင်မှာလား ဆိုတာကိုပဲ သိချင်တယ်။ သံကြိုးတစ်ခုမှာ အပိုင်း၉ပိုင်းရှိတယ်။ သူ ဘယ်နှပိုင်းလောက်အထိ လျှောက်နိုင်မလဲ မသိဘူး။ သတ္တမြောက် အပိုင်းကိုသာ ကျော်သွားနိုင်ခဲ့ရင် သူအောင်မြင်ပြီလို့ သတ်မှတ်လို့ရပြီ “

“အရင်တုန်းကတော့ စိန်ခေါ်သူတွေ အတွက် သံကြိုးရဲ့ အဌမမြောက် အပိုင်းအထိ လျှောက်နိုင်ပြီဆိုရင် အဲဒီလူကို အေးခဲကောင်းကင် ကလန်က တပည့်အဖြစ် ခေါ်တာပဲ။ လူတစ်ဦးစီတိုင်း အတွက် အခွင့်အလမ်းတွေက နည်းနည်း ခြားနားတယ်။ ဒါပေမဲ့ သံကြိုးရဲ့ နဝမမြောက် အပိုင်းအထိ လျှောက်လှမ်းနိုင်ခဲ့တဲ့ လူအနည်းငယ်လည်း ရှိခဲ့ဖူးတာပဲ”

“နဝမမြောက် အပိုင်းက ဘာမှမဟုတ်ဘူး။ ငါသိတဲ့အတိုင်းဆိုရင် အခု လူတိုင်းအတွက် ဖွင့်လှစ်ပေးထားတဲ့ နဝမမြောက်အပိုင်း ဆိုတာ ဟန်တောင်တန်း အစစ်အမှန် သံကြိုးတန်းတွေရဲ့ ပထမဆုံး အပိုင်းတွေပဲတဲ့။ ဟန်တောင်တန်းရဲ့ အစစ်အမှန် သံကြိုးတန်းတွေက တောင်ရှစ်လုံးနဲ့ ချိတ်ဆက်ထားတာတဲ့။ အခုချိန်ထိ နှစ်ထောင်ပေါင်းများစွာ ကြာတာတောင် သံကြိုးတန်းတစ်ခုလုံး အပြည့်အစုံက နှစ်ကြိမ်ပဲ ပေါ်ထွက် လာခဲ့ဖူးသေးတယ်ဆိုပဲ”

မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သော်လည်း လူတို့၏ ဖြစ်ပျက်သည့် အရာအပေါ် အာရုံစိုက်ခြင်းအား မရပ်တန့်နိုင်ခဲ့ပေ။

စုမင် တောင်ထိပ်တွင် ရပ်နေခဲ့ပြီး သူ့ရှေ့တွင်တော့ အရောင်စုံ ရေကန်မျိုးနွယ်စုနှင့် သွယ်ဆက်ထားသည့် သံကြိုး ရှိနေခဲ့သည်။ သူ၏ညာဘက်ရှိ သံကြိုးသည်တော့ အဝေးရှိ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတောင်နှင့် သွယ်ဆက်ထားခဲ့သည်။ သူ့ဘယ်ဘက်မှ သံကြိုးသည်တော့ ပုချန့်တောင်နှင့် သွယ်ဆက်ထားပြီး မိုးရေများကြောင့် စိုစွတ်နေခဲ့သည်။

သံကြိုး၃ချောင်းနှင့် မတူညီ ကွဲပြားသည့် တောင်သုံးလုံး ...

စုမင် တောင်ထိပ်တွင်ရပ်လျက် လွန်ခဲ့သော နှစ်အနည်းငယ်က ဟန်တောင်တန်း မြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းကို ပြန်လည် သတိရလိုက်မိသည်။ ထိုအချိန်က သူသည် တတိယအလွှာတွင် ရပ်လျက် ဟယ်ဖုန်းတောင်ထိပ်တွင် ရပ်နေခဲ့သည်ကို ခေါင်းမော့ ကြည့်နေခဲ့ရ၏။

ထိုမြင်ကွင်းသည် သူ့ခေါင်းထဲတွင် အချိန်ကြာမြင့်စွာ စွဲထင်နေခဲ့သည်။

“အဲဒီအချိန်ကစလို့ နှစ်အနည်းငယ်တောင် ကုန်ဆုံးသွားခဲ့ပြီပဲ။ အချိန်တွေ ကုန်သွားလိုက်တာ ...” စုမင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပုချန့်တောင်နှင့် သွယ်ဆက်နေသည့် သံကြိုးတန်းကို ကြည့်လိုက်သည်။ မျက်လုံးအတွင်း တောက်ပသည့် အလင်းတစ်ခု ဖြစ်ပေါ်သွားပြီး သူ့ဘယ်ဘက်ရှိ သံကြိုးတန်းဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။

***

All Chapters