← Chapters

ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများ

Vol. 13 Ch. 178

ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများ

Vol. 13 Ch. 178

“အဲဒါ ပုချန့်မျိုးနွယ်ပဲ”

“သူက အရောင်စုံရေကန်နဲ့ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တွေကို မရွေးချယ်ခဲ့ပဲနဲ့ ပုချန့်မျိုးနွယ်ကို ရွေးခဲ့တာပဲ”

“ပုချန့်မျိုး နွယ်စုက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီးတော့ အဲဒီတောင်ရဲ့ သံကြိုးတန်းကို စိန်ခေါ်တဲ့သူ အရမ်းရှားတယ်။ သူက ဘာလို့များ အဲဒီတောင်ကို ရွေးချယ်လိုက်တာလဲ မသိဘူး။ အရောင်စုံရေကန်နဲ့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တွေက သူ့ကိုလက်ခံဖို့ ဆန္ဒရှိတယ် ဆိုတာကို ခုလေးတင် ရှင်းရှင်းလင်းလင်း ဖော်ပြသွားခဲ့တာ။ ပုချန့်မျိုးနွယ် တစ်ခုတည်းကပဲ လျစ်လျူရှုခဲ့ပြီး သူတို့တွေ အစောပိုင်းကတောင် ပဋိပက္ခ ဖြစ်ခဲ့ကြသေးတာကို”

စုမင် ရှေ့သို့ ရွေ့လျားခဲ့ချိန်မှာပင် ဟန်တောင်တန်း မြို့တော်တစ်ခုလုံး ပွက်လောရိုက် ဆူညံသွားသည်။ လူတိုင်းနီးပါးပင် ထိုအကြောင်းအား ပြောဆိုလိုက်ကြပြီး စုမင်၏ အပြုအမူများကို သူတို့နားမလည် နိုင်ခဲ့ပေ။

ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများနှင့် ချိတ်ဆက်နေခဲ့သည့် တောင်၃လုံးတွင်လည်း အလားတူပင် ဖြစ်သည်။ အေးခဲကောင်းကင် ကလန်သည် တပည့်ရွေးချယ်ရာတွင် စိန်ခေါ်သူများ အတွက် တောင်တစ်လုံးတည်း သတ်မှတ် ပေးထားခြင်းမျိုး မရှိပေ။

အကယ်၍ ထိုနေရာတွင် အခြားသူတစ်ဦး ဖြစ်ခဲ့လျှင် မျိုးနွယ်စု၏ စစ်သည်တော် ခေါင်းဆောင်ကိုယ်တိုင် လာရောက်ခဲ့သည့် ငြိမ်းအေးရာ အရှ့အရပ် မျိုးနွယ်စုနှင့် ပလိတ်ပြားကို ပထမဆုံး ပေးပို့ပေးခဲ့သည့် အရောင်စုံ ရေကန်မျိုးနွယ်စုတို့ကို ကျော်၍ ပုချန့်မျိုးနွယ်အား ရွေးချယ်မိမည်မဟုတ်ပေ။ ယခုလေးတွင်ပင် စုမင်နှင့် ပုချန့်မျိုးနွယ်တို့ ကြား၌ ပဋိပက္ခလည်း ဖြစ်ပွား သွားခဲ့သေးသည်။ အထူးသဖြင့် ခေါင်းလောင်းသံသည် သူတို့၏ တောင်အကာအရံ မြူထုကို ဖြိုခွဲလိုက်ခဲ့ခြင်းဖြစ်သည်။

လူအုပ်သည်သာ နားမလည်နိုင် ဖြစ်သွားရုံမက စုမင်၏ အပြုအမူများကို မြင်လိုက်ချိန်တွင်  နန်ထျန်းနှင့် အခြား ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ၃ဦးသည်လည်း ရှုပ်ထွေး သွားခဲ့ကြသည်။ တောင်ထိပ်မှ စုမင်၏ ပုံသဏ္ဌာန်ကို နန်ထျန်း လှမ်းကြည့်မိသည်။ ထိုသူသည် အဘယ်ကြောင့် ဤကဲ့သို့ ရွေးချယ်မှုမျိုး ပြုလုပ်ခဲ့မှန်း သူနားမလည်ပေ။

ရွှမ်းလွမ်သည်သာ မျက်လုံးတို့ စူးရှသွားခဲ့သည်။ သူသည် အစတည်းကပင် ပုချန့်မျိုးနွယ်၏ ဧည့်သည်တော်တစ်ယောက် ဖြစ်ခဲ့ခြင်းဖြစ်ရာ မျိုးနွယ်စုနှင့် ပတ်သက်၍ မယုံနိုင်ဖွယ် ရင်းနှီးကျွမ်းဝင် နေခဲ့၏။ ထို့ကြောင့်ပင် သူသည် ဧည့်သည်တော်တစ်ဦး မဟုတ်တော့သော်လည်း သူနှင့် မျိုးနွယ်စုအကြားရှိ ကောင်းမွန်သည့် ဆက်ဆံရေးသည်တော့ ကျန်ရှိနေဆဲပင် ဖြစ်သည်။ စုမင်၏ ဆုံးဖြတ်ချက်ကို မြင်လိုက်ချိန်တွင် ဘာကြောင့်မှန်း မသိသော်လည်း သူ၏နှလုံးသားသည် တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။

‘သူ့မှာ တခြားအစီအစဉ် ရှိနေတာ ဖြစ်ရမယ်’

ရွှမ်းလွှမ် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်ပြီး တောင်ထိပ်တွင်ရပ်နေသည့် စုမင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

အရောင်စုံရေကန် မျိုးနွယ်စုနှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု များသည်လည်း ပဟေဠိ ဖြစ်သွားရသည်။ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲနှင့် အခြား မျိုးနွယ်ဝင်များသည်လည်း သူတို့၏ တောင်ထိပ်များတွင် ရပ်လျက် ဟန်တောင်တန်းကို ကြည့်နေခဲ့ကြသည်။ ပုချန့်မျိုးနွယ်၏ သံကြိုးဆီသို့ စုမင် ရွေ့လျားသွားသည်ကို မြင်လိုက်ချိန်တွင် မျိုးနွယ်စုခေါင်းဆောင် ဖန်းရှန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိ၏။

အကြီးအကဲ၏ မျက်လုံးများတွင်တော့ အလင်းတစ်ခု လျှပ်ပြက်သလို တောက်ပသွားခဲ့ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဆွေတော်မော့မှာ အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ခွင့်ရဖို့ အပြင် အခြား ရည်ရွယ်ချက်လည်း ရှိနေတဲ့ပုံပဲ ...”

အရောင်စုံရေကန် မျိုးနွယ်စု တောင်ပေါ်တွင်တော့ မူလက မောပန်းနေခဲ့ဟန် တူသည့် အကြီးအကဲထံမှ စူးရှသည့် အကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟန်တောင်တန်းဆီသို့ ကြည့်လိုက်သည့် သူမမျက်နှာတွင် အတွေးနက်နေဟန် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

သူမ၏ဘေးရှိ ယန်လွမ်သည်တော့ မျက်မှောင်ကြုတ်လိုက်မိ၏။

“ပုချန့်မျိုးနွယ်က စီစဉ်ပေးနိုင်တဲ့ အရာမှန်သမျှကို ငါတို့လည်း ပေးနိုင်တာပဲ ... ဒါကိုတောင် သူက ပုချန့်မျိုးနွယ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒီလူက ရည်ရွယ်ချက် တစ်ခုခု ရှိနေတဲ့အပြင် အဲဒါအတွက် ပြင်ဆင်မှုတွေတောင် လုပ်ထားခဲ့တာပဲ။ သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်မှု မလုပ်ခင်တည်းက ဆုံးဖြတ်ချက် အရင်ချထားပြီးသား ဖြစ်ရမယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဟန်တောင်တန်းခေါင်းလောင်း မဟုတ်ဘူး ... ပုချန့်မျိုးနွယ်ပဲ” အဘွားအို အသံအက်အက်ဖြင့် ရေရွတ်ပြောဆိုလိုက်သည်။

သူမမျက်လုံးများ အတွင်းရှိ အလင်းသည်တော့ ပိုမိုတောက်ပ လာခဲ့သည်။

အဘွားအိုသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မသေချာ မရေရာစွာ ရေရွတ်လိုက်သည်။ “ငါတို့ စီစဉ် မပေးနိုင်တဲ့ တစ်ခုတည်းသော အရာဆိုလို့ ပုချန့်မျိုးနွယ်က သူတို့ရဲ့ ထူးခြားတဲ့ မာန်အတတ်နဲ့ စုဆောင်းထားခဲ့တဲ့ သေခြင်း အငွေ့အသက်ပဲ ရှိတယ် ...”

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုနှင့် အရောင်စုံရေကန် မျိုးနွယ်စုများ၏ ရှုပ်ထွေးမှုများနှင့် ယှဉ်လျင် ပုချန့်မျိုးနွယ်သည်တော့ ပိုမို၍ တုန်လှုပ်သွားခဲ့ခြင်းပင် ဖြစ်သည်။ ပုချန့်မျိုးနွယ်ဆီသို့ သံကြိုးတန်းအား စုမင် ရွေးချယ်လိုက်သည့် အခိုက်အတန့်မှာပင် ပုချန့်မျိုးနွယ် တောင်ထိပ်တွင် ခြေချိတ် ထိုင်နေခဲ့သည့် အရိုးပြိုင်းပြိုင်း အဘိုးအို၏ မျက်လုံးများထဲတွင် ထူးဆန်းသည့် အလင်းရောင်တစ်ခု တောက်ပ သွားခဲ့ချေသည်။

သူ့နောက်တွင်တော့ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ထိုင်နေကြသည်။ ထိုအချိန်တွင်ပင် တောင်ထိပ်၏ အောက်မှလူများသည်ပင် သူ့ထံသို့ အလျင်အမြန် ချဉ်းကပ် လာကြလေသည်။

“အကြီးအကဲ ...” အရိုးစုနှင့် တူသည့် အဘိုးအို၏ဘေးမှ လူတစ်ဦးသည် အသံတိုးတိုးဖြင့် တုံ့ဆိုင်းစွာ ခေါ်လိုက်သည်။

“ကိစ္စ မရှိပါဘူး။ အဲဒီပုဂ္ဂိုလ်က ဒီနေရာကို ရောက်လာနိုင်မလား ဆိုတာကို ငါကြည့်ချင်တယ်” ပုချန့်မျိုးနွယ်စု အကြီးအကဲသည် အေးအေးဆေးဆေးပင် ပြောလိုက်ရင်း သူ၏ ညာဘက်လက်ကောက်ဝတ်မှ အရိုးလက်ကောက်ကို ထိလိုက်ရင်း အဝေးရှိ ဟန်တောင်တန်းဆီသို့ တောက်ပစွာ ငေးကြည့်နေခဲ့သည်။

စုမင်၏ ညာဘက်ခြေထောက်သည် ပုချန့်တောင်နှင့် ဆက်သွယ်ထားသည့် လှုပ်ရှားနေသည့် သံကြိုးပေါ်သို့ ခြေချလိုက်မိစဉ်မှာပင် မိုးထစ်ချုန်းသံများ ကဲ့သို့ မသဲမကွဲ အသံများအဖြစ် လေထုအတွင်း ပျံ့နှံ့သွားပြီး ဟန်တောင်တန်းမှ လူများအားလုံး၏ အသံတို့ကို ဖုံးအုပ်သွားသည်။ ကမ္ဘာမြေကြီးသည်ပင် လှုပ်ယမ်းနေသကဲ့သို့ တုန်ခါသွားခဲ့ပြီး ပေ၁၀၀ခန့်ထူသည့် ဧရာမတိုင်ကြီး ၈ခုသည် သံကြိုးအောက် ချောက်နက်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ဧရာမတိုင်ကြီး ၈လုံးပေါ်တွင်တော့ အက်ကြောင်းများ၊ မရေမတွက် နိုင်သည့် အစိမ်းရောင်အပင်များ ရှိနေခဲ့ပြီး မြည်ဟည်းသံများနှင့် ချောက်နက်ကြီးများ အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရုတ်ခြည်းဆိုသလို လှုပ်ယမ်းနေသည့် သံကြိုးအား ထောက်ကန်ပေးလိုက်ရင်း ၎င်းကို အပိုင်းကိုးပိုင်း ပိုင်းခြားပစ်လိုက်၏။

ကျောက်တိုင်ကြီး၈လုံး မြင့်တက်လာသည်နှင့် ချောက်နက်ကြီးများ အတွင်းမှ ဖုန်မှုန့်ထုများလည်း ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းတို့ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် မုန်တိုင်းကြောင့် ချက်ချင်းပျောက်ကွယ် သွားကြရသည်။ ကောင်းကင်မှ မိုးကြိုးသည်လည်း သူ၏စွမ်းအားကို ပြသလိုဟန်ဖြင့် ထစ်ချုန်း မြည်ဟည်းလိုက်သည်။

သံကြိုး၏ အပိုင်းကိုးပိုင်းမှ တစ်ပိုင်းစီတိုင်းသည် အလွန်ရှည်လျားသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြပြီး ဟန်တောင်တန်းနှင့် ပုချန့်တောင်ကြား သံကြိုးလမ်းကြောင်း တစ်ခုသဖွယ် တံတားတစ်စင်း ဖြစ်ပေါ်နေခဲ့သည်။

မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်ပြီး သံကြိုးကို မယုံနိုင်လောက်ဖွယ် စိုစွတ် နေခဲ့စေသည်။ တောင်ထိပ်တွင် သာမန်လူတစ်ဦးသာ ဖြစ်ခဲ့မည်ဆိုလျှင် ခြေတစ်လှမ်းပင် လှမ်းဝံ့မည် မဟုတ်ချေ။ အကယ်၍ ခြေလှမ်းခဲ့လျှင်ပင် ဂရုသေချာ မစိုက်မိလျှင် ပြုတ်ကျသေဆုံး သွားလိမ့်မည်သာ ဖြဖစ်သည်။

ထို လျော့ရဲရဲ လှုပ်ယမ်းနေခဲ့သည့် သံကြိုးသည် လူတစ်ဦး၏ ခန္ဓာကိုယ်ထံသို့သာ အန္တရာယ် ယူဆောင်လာသည် မဟုတ်ပဲ ဝိညာဉ်ကိုပင် တုန်လှုပ်ချောက်ချား စေလေသည်။ ချောက်နက်သည် သူတို့ မျက်စိရှေ့တွင်ပင် ရှိနေသည်ဟု ခံစားလိုက်ရပြီး မသိစိတ်အရ နောက်သို့ ပြန်ဆုတ်လိုက်မိမှာ အသေအချာပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အနောက်မှ တွန်းခဲ့မည်ဆိုလျှင်တောင် သူသည် နောက်သို့ ပြန်ဆုတ်ရန်သာ ကြိုးစားရုန်းကန် နေလိမ့်ဦးမည် ဖြစ်သည်။

ထိုကဲ့သို့ ဝိညာဉ်ကိုပင် တုန်လှုပ်ချောက်ချား စေနိုင်မှုအား ကြံ့ခိုင်သည့် စိတ်ခွန်အား ရှိသူများသည်သာ လက်ခံနိုင်လိမ့်မည် ဖြစ်သည်။

သံကြိုးပေါ်သို့ စုမင် ညာခြေကို ချလိုက်သော်လည်း ၎င်းသည် ခြေချလိုက်မှုကြောင့် တည်ငြိမ်သွားခြင်း၊ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ မုန်တိုင်းအတွင်းတွင် ဆက်လက်၍သာ လှုပ်ယမ်းနေခဲ့ပြီး စုမင်၏ ညာခြေထောက်ကိုပင် သူနှင့်အတူ ယိမ်းယိုင် နေစေသည်။

စုမင် မျက်နှာသည်တော့ မယုံနိုင်ဖွယ် တည်ငြိမ်နေခဲ့သည်။ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများအား သူဘယ်တုန်းကမှ လျှော့မတွက် ထားခဲ့ပေ။ ထို ချော်ထွက်တော့မည်ကဲ့သို့ ခံစားမှုသည် သူသံကြိုးပေါ်သို့ ခြေချလိုက်မိချိန်တွင် ပိုမိုရှင်းလင်း လာခဲ့ပြီး သူ့အတွက် ခိုင်မြဲစွာ ရပ်နေနိုင်ရန်ပင် ခက်ခဲနေခဲ့လေသည်။

‘အဲဒီအချိန်တုန်းက ဟယ်ဖုန်း တစ်ကြိမ်ကို ခြေလှမ်း နည်းနည်းစီပဲ လှမ်းခဲ့တာ မအံ့သြ မိတော့ပါဘူး။ သူရပ်လိုက်တယ် ဆိုရင်တောင် သူ့ရဲ့ခြေထောက် တည်ငြိမ်သွားခဲ့တဲ့ အချိန်ထိအောင် စောင့်ဆိုင်း နေခဲ့တာပဲ ...’

စုမင် တစ်ယောက်တည်းသာ အလေးအနက် ထားနေခဲ့ခြင်း မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ဟန်တောင်တန်းမြို့တော်မှ လူများ အားလုံးသည်လည်း အလားတူပင် ဖြစ်နေခဲ့ကြ၏။ မိုးရေထဲရှိ ပုံရိပ်နှင့် သူ့ခြေထောက်အောက်ရှိ လှုပ်ယမ်းနေသည့် သံကြိုးတို့ကို ကြည့်နေရင်း သူတို့ အလွန်စိတ်လှုပ်ရှား လာခဲ့ကြသည်။

“ခေါင်းလောင်းကို အကြိမ်၂၀ကျော် တီးခတ်နိုင်ခဲ့တဲ့ ဒီလူက ... ဘယ်လောက် ဝေးဝေးထိများ သွားနိုင်မှာလဲ”

“သူက မှားယွင်းတဲ့ အချိန်ကို ရွေးချယ် ခဲ့မိတာပဲ။ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက မိုးရေထဲမှာဆို ပိုခက်ခဲလိမ့်မယ်”

“အချိန်ကိုက်တာက ပြဿနာ မဟုတ်ဘူး။ ဒီရာသီမှာ မိုးက ဆက်နေမှာပဲ။ သူဘယ်နေ့ကိုပဲ ရွေးသည်ဖြစ်စေ၊ အခုလိုမျိုးပဲ ဖြစ်နေမှာ”

လူများ၏ အသက်ရှူနှုန်းများ လျင်မြန်လာသည် နှင့်အမျှ ဆွေးနွေးသံများ သည်လည်း တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။

စုမင် မည်သည့်အရာမှ မကြားနိုင်ချေ။ သူ ဘယ်ခြေကို မလိုက်ပြီး ညာဘက်ခြေထောက်ကို ထိန်းလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်းသည် သေးငယ်သည်ဟု ထင်ရသော်ငြား ၎င်းမှာ စုမင်၏ ခြေထောက်သည် မြေပြင်ကိုရော၊ ဟန်တောင်တန်းကိုပါ စွန့်ခွာသွားပြီဟု ဆိုလိုနေခဲ့သည်။ ထိုအခိုက်အတန့်တွင်တော့ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းပေါ်တွင် ရပ်နေခဲ့သည်ဟု ပြော၍ရနိုင်ပြီ ဖြစ်သည်။

တောင်ပေါ်မှလေသည် စုမင်အား သံကြိုးပေါ်မှ တွန်းချလိုဟန်ဖြင့် သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဖြတ်တိုက်သွားသည်။ ၎င်းသည် စုမင်၏ဝတ်ရုံအား တဖျတ်ဖျတ် လှုပ်ခတ်သွားစေပြီး သံကြိုးကို ပိုမိုလှုပ်ယမ်း သွားစေသည်။

ဤမုန်တိုင်းထဲတွင် အသက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။ အဝေးရှိ ပုချန့်တောင် တည်ရှိရာသို့ စုမင် မော့ကြည့်လိုက်သည်။ သံကြိုးတန်းပေါ်တွင် ရပ်နေခြင်းဖြစ်၍ သူ၏မြင်ကွင်းသည်ပင် ယိမ်းထိုးနေခဲ့သည်။

‘ဒီလိုသာဆိုရင်တော့ အဲလောက် သိပ်မခက်ခဲပါဘူး’

စုမင် မျက်လုံးတို့သည် တောက်ပသွားပြီး ဖြောင့်တန်းစွာရပ်လျက် ရှေ့သို့ ရွေ့လျားလိုက်သည်။ သူသည် ခြေလှမ်းတိုင်းအား လှုပ်ယမ်းနေသည့် သံကြိုးပေါ်တွင် လျင်မြန်စွာ ခြေချခဲ့သည်။ သံကြိုးသည် မည်မျှပင် လှုပ်ရှားနေပါစေ၊ စုမင်အား သူ့အပေါ်သို့ ခြေချစေလိုဟန်ဖြင့် စုမင်၏ ခြေထောက်အောက်သို့ ၎င်းကိုယ်တိုင် ရွေ့လျားတိုးဝင်နေပုံ ပေါ်နေသည်။

စုမင် ရှေ့သို့မှန်မှန် ရွေ့လျားလာခဲ့ပြီး တဖြည်းဖြည်းနှင့် သံကြိုး ပထမဆုံးအပိုင်း၏ တစ်ဝက်ခန့်ကိုပင် ဖြတ်သန်းလာခဲ့ပြီ ဖြစ်သည်။ သူနှင့် ပေ၂၀၀၀ အဝေးတွင်တော့ သံကြိုး ပထမဆုံးအပိုင်း အဆုံးသတ်၏ သင်္ကေတဖြစ်သည့် ပေ၁၀၀ခန့် ကျယ်သည့် ကျောက်တိုင်လုံးကြီး ရှိသည်။

ဟန်တောင်တန်း မြို့တော်ရှိလူများသည် စုမင် ပထမဆုံး ကျောက်တိုင်ဆီသို့ လျှောက်လှမ်းနေရင်း လေထဲမှ သံကြိုး ပထမဆုံးအပိုင်း၏ ထက်ဝက်ခန့် ဖြတ်သန်း သွားခဲ့ခြင်းကို အာရုံစိုက်၍ ငေးကြည့်နေခဲ့ကြသည်။

“ငါတို့က သူ့မျက်နှာကို မမြင်နိုင်ပေမယ့်၊ သူ့ခြေလှမ်းတွေ တည်ငြိမ်နေတာကို တော့ မြင်နေရတယ်။ ပထမဆုံးအပိုင်းက သူ့အတွက် ပြဿနာတစ်ခု ဖြစ်နိုင်မှာ မဟုတ်လောက်ဘူး”

“အဲဒါ အမှန်ပဲ။ ဒါပေမဲ့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက အပိုင်း၉ပိုင်းတောင် ရှိတာ။ မင်းပိုပြီး ဝေးဝေးသွားနိုင်လေ၊ သံကြိုးက ပိုထူးဆန်းလေလေပဲ။ အဲလိုမှမဟုတ်ရင် အဲဒါက ဘာလို့ ကျော်ကြားနေမှာတဲ့လဲ။ နောက်တစ်မျိုး ပြောရရင် အေးခဲကောင်းကင် ကလန်က ဒါကို သူတို့တပည့်တွေ ရွေးချယ်ဖို့ စမ်းသပ်ချက်အဖြစ် သုံးမှာတဲ့လဲ”

“ဒီလူ ဘယ်နှပိုင်းလောက် အထိ အောင်မြင်နိုင်မလဲ ငါသိချင်တယ် ...”

ဆွေးနွေးသံများသည် တဖြည်းဖြည်း ငြိမ်ကျသွားခဲ့ပြီး မရေမတွက်နိုင်သည့် မျက်လုံးများသည် စုမင် ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်နေခဲ့ကြသည်။ ထိုအရာသည် ဟန်တောင်တန်းမှ လူများပင် မဟုတ်ပေ။ မျိုးနွယ်စု၃စုမှ ခေါင်းဆောင်များနှင့် မျိုးနွယ်စုဝင် များသည်လည်း သူ့အား ကြည့်နေခဲ့ကြသည်။ စုမင်၏ ပေါ်ထွက်လာမှုကြောင့် မိုးရွာထဲတွင်သာ ကျော်ဖြတ်သွားရမည့် နေ့တစ်နေ့သည် ကွဲပြား ခြားနားသွားခဲ့ပြီ ဖြစ်သည်။

စုမင်သည် သံကြိုး၏ ပထမဆုံးအပိုင်းအား အေးအေးဆေးဆေး ကိုယ်နေဟန်ထားဖြင့်သာ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်တော့မည် ဖြစ်သည်။ ပထမအပိုင်း၏ အဆုံးသတ်သို့ရောက်၍ ပထမဆုံး ကျောက်တိုင်ပေါ်သို့ ခြေချရန် ပြင်လိုက်ချိန်မှာပင် သူရုတ်တရက် တုန်လှုပ်သွားတော့သည်။

တုန်လှုပ်သွားသည့် အခိုက်အတန့်တွင်ပင် သူ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး ထိုရုတ်တရက် မြင်ကွင်းသည် အောက်ဘက်ရှိ စုဝေးနေသူများ အားလုံးကို အံ့အားသင့်မှုဖြင့် ဟစ်အော်မိသွားစေသည်။

“ဒါ ... ဒါက ပထမဆုံး အပိုင်းလေးတင်ပဲလေ။ သူ ဒါကို မလုပ်နိုင်တော့ဘူးလား”

“မဖြစ်နိုင်လိုက်တာ။ သူက ခေါင်းလောင်းကိုတောင် အကြိမ်၂၀ကျော် တီးခတ်နိုင်ခဲ့တာလေ။ ပထမဆုံး အပိုင်းကိုတောင် မကျော်ဖြတ်နိုင်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒါက မဖြစ်နိုင်ဘူးလေ။ မဟုတ်ရင် ...”

အံ့သြတကြီး ရေရွတ်သံများသည် ခဏချင်းပင် ဆူညံပွက်လော ရိုက်သွားခဲ့သည်။

အရောင်စုံရေကန် မျိုးနွယ်စုနှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုမှ လူများသည်ပင် ယခုသူတို့ မြင်လိုက်ရသည့် အရာအား သေချာအာရုံစူးစိုက်လိုက်မိကြသည်။

ယန်လွမ်၏ မျက်လုံးတွင် အလင်းရောင်တစ်ချက် ပေါ်လာခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။ “မျိုးမစစ်တဲ့ ခွေးကောင်”

သူမဘေးမှ အဘွားအိုသည်တော့ စကားမပြောခဲ့ပေ။ ထိုအစား ပုချန့်တောင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တောင်ထိပ်တွင်တော့ အကြီးအကဲသည်လည်း ပုချန့်တောင်ဆီသို့ လေးနက်စွာ ကြည့်လိုက်သည်။ ထို့နောက် ခပ်ရေးရေးသာ ပြုံးလိုက်ရင်း မည်သည့်စကားမျှ မပြောခဲ့ချေ။ သို့သော် သူ့နောက်ရှိ ဖန်းရှန်၏ မျက်လုံးထဲတွင်တော့ စူးရှသည့် အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဘယ်အချိန်တုန်း တည်းကများ ပုချန့်မျိုးနွယ်စုက ဒီလောက် သဘောထားသေးသိမ် ညံ့ဖျင်း သွားရတာလဲ”

ပုချန့်တောင်ပေါ်တွင်တော့ လူများစွာတို့သည် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ထိုလူများ၏ ထိပ်ဆုံးတွင်တော့ ပုချန့်မျိုးနွယ်စု အကြီးအကဲ ထိုင်နေခဲ့သည်။

“ငါ့ကို အကြောင်းပြချက်တစ်ခု ပေးပါ“ပုချန့်မျိုးနွယ်စု အကြီးအကဲသည် အေးစက်စွာ ပြောလိုက်သည်။

စုမင် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ သူခြေချလိုက်မိသည့် အခိုက်အတန့်မှာပင် သံကြိုးမှ သန်မာသည့် စွမ်းအားလှိုင်းတစ်ခုသည် အသိပေးချက် မရှိပဲ သူ၏ ညာခြေထောက်မှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် သူ၏ချီများကို အေးခဲပစ်လိုဟန်ဖြင့် သေခြင်း၏ အငွေ့အသက်တို့ ပါဝင်နေခဲ့သည်။ သို့သော် စုမင်သည် သွေးကြော ၉၇၉ကြောအထိ နိုးထ ထားနိုင်ခဲ့ပြီးဖြစ်ရာ သာမန်ရုပ်နယ်လွန် အဆင့် မာန်စွမ်းအားရှင် တစ်ဦးအနေဖြင့် သူ၏ချီအား အေးခဲအောင် လုပ်နိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

စုမင် အေးစက်စွာ တစ်ချက် ရယ်မောလိုက်သည်။ သူသည် ညာခြေအား မမြှောက်လိုက်ပဲ ဘယ်ခြေဖြင့် သံကြိုးပေါ်သို့ ရိုးရှင်းသည့် ခြေလှမ်းတစ်ခု လှမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ် အတွင်းမှ သွေးကြော ၉၇၉ကြော၏ ချီများသည် အားအပြည့်ဖြင့် ရုတ်ခြည်း ပျံ့နှံ့သွားပြီး သံကြိုးအတွင်းသို့ ရေယှက်သွားကာ ပေရာပေါင်းများစွာ အဝေးမှ သူ့ထံ ဦးတည်လာနေသည့် အဆက်မပြတ် လှိုင်းများကို ခြေမွ ပစ်လိုက်တော့သည်။

ပထမဆုံး ကျောက်တိုင်သည် စွမ်းအားလှိုင်း၂ခု၏ ကြားတွင် ရှိနေခဲ့သည်။ ကျောက်တိုင်ကြီးသည် တုန်ခါသွားပြီး အကျိုးအပဲ့ အပျက်အစီးများ ထွက်ပေါ် ပြုတ်ကျသွားခဲ့သော်ငြား ကျောက်တိုင်ကြီးသည်တော့ မြင့်မားစွာ ရပ်တည်နေဆဲပင် ဖြစ်ပြီး ပြိုလဲ မသွားခဲ့ပါချေ။

စုမင် ထိုအရာအား ယခင်တည်းကပင် သတိပြုမိခဲ့ပြီး ဖြစ်သည်။ ကျောက်တိုင်ပေါ်တွင် ၎င်းအားခိုင်ခံ့အောင် ပြုလုပ်ထားသည့် ထူးဆန်းသည့် အားတစ်ခု ရှိနေပြီး ထိုအားသည် သူနှင့် အတော်အတန် ရင်းနှီးကျွမ်းဝင် နေခဲ့သည်။ ၎င်းသည် ဟန်တောင်တန်း ဘိုးဘေး၏ အရှိန်အဝါပင် ဖြစ်သည်။

ဟန်တောင်တန်းဘိုးဘေး သေဆုံးသွားခဲ့ပြီး ဤအရှိန်အဝါသည် အားနည်းနေပြီ ဆိုလျှင်ပင် ကျောက်တိုင်ပေါ်တွင် ချန်ထားခံခဲ့ရသည့် အရှိန်အဝါ၏ တည်ရှိမှုသည် ၎င်းအား ပြိုကျပျက်စီး မသွားစေရန် လုပ်နိုင်နေဆဲပင် ဖြစ်သည်။

စွမ်းအားလှိုင်း ၂ခုသည် တစ်ခုနှင့်တစ်ခု ချေဖျက်သွားခဲ့ပြီး ဝိုးတဝါးအသံ ထွက်ပေါ်လာခဲ့သော်လည်း မိုးခြိမ်းသံဖြင့် ဖုံးလွှမ်းခြင်း ခံလိုက်ရပြီး အခြားလူများအနေဖြင့် ရှင်းလင်းစွာ မကြားလိုက်ရပေ။ ပုချန့်တောင်ထိပ်တွင် ထိုင်နေခဲ့သည့် လူများစွာထဲမှ သက်လတ်ပိုင်း လူတစ်ဦးသည် တုန်ယင်သွားခဲ့သည်။ သူ့ပါးစပ်ထောင့်စွန်းမှ သွေးတို့ စီးကျလာပြီး ပုချန့်မျိုးနွယ်စု အကြီးအကဲထံသို့ လှမ်းကြည့်လိုက်သည်။

“သူက ဆရာစစ်မာ ဒီမှာထားခဲ့တဲ့ ရတနာကို ထိခဲ့တယ်။ ဆရာစစ်မာက သူ့လို လူတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ဖို့ မတန်ဘူးလို့ ထင်ကောင်း ထင်နိုင်ပေမယ့် သူက ဆန့်ကျင်ပြီး အပြစ် ကျူးလွန်ခဲ့တာကြောင့် အပြစ်ပေးသင့်တယ်”

“မင်းက ဝါးနိုင်တာထက် ပိုပြီးကိုက်ခဲ့တာပဲ ...” ပုချန့်မျိုးနွယ်စု အကြီးအကဲသည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

***

All Chapters