ယခင်အလုပ်ကို ပြန်လုပ်ခြင်း
Vol. 95 Ch. 941
ရှန်းယီ ကိုယ်တိုင်ပင် အံ့ဩသွားခဲ့၏။
သူက စကားအဖြစ်ကာ ပြောလိုက်ခြင်းသာဖြစ်သည်။ မည်သို့ပင်ဆိုစေ ရောင်းကောင်းရောင်းဝယ်ပြုကြစဉ် ဖွင့်ဈေး နှင့် ဈေးဆစ်ခြင်းရှိသည်မဟုတ်လော။
နတ်ဘုရားနယ်မြေသို့ စတင်ဝင်ရောက်လာချိန်တွင် သူ၏ပခုံးပေါ်၌ကြီးမားသော ပြဿနာကြီးနှစ်ခုကို ထမ်းပိုးထားရပြီးဖြစ်သည်။
ပထမတစ်ခုမှာ မသေမျိုးကို သတ်ဖြတ်သည့်ကိစ္စဖြစ်သည်။အကယ်၍ မသေမျိုးခုံရုံးကသာ သိရှိသွားပါက နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် သတ်မှတ်ခံရနိုင်ပြီး အသားအလွှာတစ်ထောင်လှီးဖြတ်ခံရမည့် ကြီးလေးသောပြစ်ဒဏ်ချမှတ်ခံရနိုင်ချေရှိလေ၏။
ဒုတိယတစ်ခုမှာ ကျစ်လင် ပင်။ ထိုမိန်းမက သူမ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူဖြစ်ပြီး ဟုန်ကျယ်ရှိ အခြားသက်ရှိများကိုမဆိုထားနှင့်၊ သူမ၏ကိုယ်ပိုင်ဖခင်ကိုပင် ချမ်းသာပေးသူ မဟုတ်ပေ။
ဤပြဿနာများကို ဖြေရှင်းရန်အတွက် လုံလောက်သော အင်အား သို့မဟုတ် အဆင့်အတန်း ရာထူး လိုအပ်ပါသည်။
တောက်.... သူက အောက်ခြေသိမ်းအလုပ်တစ်ခုကိုပင် ရှာမတွေ့နိုင်သေးချေ။ အဆင့်အတန်းမြှင့်တင်ရန်ဆိုသည်မှာ ပြောသလောက်မလွယ်ကူလှပေ။
ခွန်အားပိုင်းနှင့် ပတ်သက်၍မူ...
တာအိုပေါင်းစည်းခြင်းနယ်ပယ် အဆင့်ကို ကျော်လွန်သွားသည်နှင့် ကျင့်ကြံသူတစ်ဦးက လေလွင့်မသေမျိုးဟူသည့် ဘွဲ့ကို ရရှိမည်။
မသေမျိုးများနှင့် ဆက်နွယ်နေသည့်နာမည်ရှိနေသည်မှာ တော်တော်လေး အဆင်ပြေပုံပေါ်သည်။
သို့သော် ပို၍အရေးကြီးသည်မှာ ထို လေလွင့်ဟူသည့် အပိုင်းပင်။
မျိုးရိုးမရှိ၊အဆက်အသွယ်မရှိပါက မသေမျိုးခုံရုံးတွင် တရားဝင်ရာထူးတစ်ခုသို့တက်လှမ်းနိုင်မည်မဟုတ်ပေ။ သူ၏ဘဝက လေလွင့်မသေမျိုးတစ်ပါးအဖြစ်မှလွဲ၍ အခြားရှိလာမည်မဟုတ်ချေ။
အရှေ့နဂါးဘုရင်၏မှတ်စုများအရ အမှန်ကန်ဆုံးသော လမ်းကြောင်းမှာ ဗောဓိဂိုဏ်း နှင့် မသေမျိုးသုံးပါးဂိုဏ်းတို့၏လမ်းကြောင်းပင်။ ၎င်းက ကောင်းကင်ဘုံသို့တိုက်ရိုက်သွားရာလမ်းဖြစ်ပြီး ရှေ့တွင် တောက်ပသောအလားအလာများရှိနေပါသည်။
ထို့ထက် အဆင့်နိမ့်သည်မှာ ဤဂိုဏ်းနှစ်ခုတွင် တစ်ချိန်က သင်ယူခဲ့ဖူးပြီး ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ခဲ့သူများဖြစ်သည်။ အဓိကမသေမျိုးဂိုဏ်းအသီးသီးက ထိပ်တန်းမသေမျိုးများ မဖြစ်လာနိုင်သော်လည်း အနည်းဆုံးတော့ ၎င်းတို့က လေလွင့်ဟူသည့် အမည်နာမကိုဖယ်ရှားကာ အစစ်အမှန် မသေမျိုးများ ဖြစ်လာနိုင်ပါသည်။
ထို့ပြင် ထိုက်ယီတာအိုသစ်သီးကို ရရှိရန်မှာလည်း မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ဟုန်ကျယ်မှ မည်သည့်အဆက်အသွယ်မျှမပါဘဲ ထွက်ပေါ်လာသော ရှန်းယီ၏မူလအစီအစဉ်မှာ အင်ပါယာမင်းဆက်သို့ ပထမဆုံးဝင်ရောက်ရန်ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံချက်တစ်ခုရှိခြင်းက အခြားမသေမျိုးဂိုဏ်းများမှ ကျင့်ကြံသူများနှင့် နားလည်မှုရယူရန်နှင့် ဆက်သွယ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
မထင်မှတ်ဘဲ ဗောဓိဂိုဏ်းမှ ဤကျင့်ကြံသူ ဘုန်းကြီးက အလွန်လွယ်ကူစွာသဘောတူလိုက်သဖြင့် သူ အနည်းငယ်မှင်သက်သွားခဲ့ရ၏။
၎င်းက ထောင်ချောက်တစ်ခုတော့ မဖြစ်နိုင်ပေ။
ရှန်းယီ၏ရောဂါဟောင်းတော့ ပြန်ထလာလေပြီ။
"ဒီအတိုင်းပဲ သဘောတူလိုက်ကြတာပေါ့။"
ကျင့်ကြံသူ ဘုန်ကြီးက ပြုံးလိုက်ပြီး သူတို့ထံသို့ လက်အုပ်ချီကာ ဂါရဝပြုလိုက်၏။
"ဒီခရီးစဉ်အတွက် ဘုန်ကြီးလေး ကျစ်ခုန်းကို စောင့်ရှောက်ပေးကြပါဦး။"
သူစကားပြောဆိုပြီးသည်နှင့် ရှန်းယီကိုယ်စား သဘောတူရန် စိတ်အားထက်သန်နေခဲ့သော ကျစ်ယန်က ယခုအခါ အနည်းငယ်ဇဝေဇဝါဖြစ်လာပြီး သူ၏ဝတ်ရုံလက်ကိုလွှတ်ကာ စိတ်ချင်းဆက်သွယ်ကာသတင်းပို့လိုက်သည်။
"မင်း တကယ်သွားတော့မလို့ပေါ့လေ။"
ကောင်းကင်ဘုံမှ ပိုင်မုန့်များကျလာသည်ဟူသော အရာမျိုး မရှိပေ။
ရှန်းယီက မိုးခေါ်တမန်တော်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ခပ်အေးအေးပင်ပြန်ဖြေလိုက်၏။
"ငါ့မှာ တခြားရွေးချယ်စရာမှ မရှိတာ။"
ကျစ်ယန် နှင့်အတူ တောင်များ၊ မြစ်များတစ်လျှောက် လှည့်လည်သွားလာကာမသေမျိုးဂိုဏ်းအသီးသီးတွင် လမ်းစဉ်ကိုရှာဖွေရသည်ကို သူ စိတ်မခုပေ။
အကယ်၍ သူက ဤအသက်မွေးဝမ်းကျောင်းနည်းလမ်းများကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်ပြီး နေ့စဉ်ရာသီဥတုခန့်မှန်းကာ မိုးခေါ်ရုံဖြင့် အင်ပါယာမင်းဆက်အတွင်း အလွယ်တကူနေထိုင်သွားမည်ဆိုပါက ထိုမိန်းမနှင့် မည်သူက ရာထူးပိုမြန်မြန်တက်မည်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဤသို့တွေးမိသည်နှင့် ရှန်းယီက ကျင့်ကြံသူ ဘုန်းကြီးကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာငြိမ့်ပြလိုက်၏။
"ဆရာတော်... ကျေးဇူးပြုပြီး လမ်းပြပေးပါ။"
...
ကျစ်ယန်က ထိုနှစ်ဦးလမ်းလျှောက်ထွက်သွားသည်ကို ကြည့်နေပြီးနောက် တစ်ခဏမျှ မတ်တတ်ရပ်ကာ နောက်ဆုံးတွင် ခြေဆောင့်လိုက်ပြီးလိုက်သွားရန် ရည်ရွယ်ခိက်ဖြင့် ရှေ့သို့လှမ်းလိုက်သည်။
သူ၏ခွန်အားမှာ ဂိုဏ်းချုပ် ရှန်းထက် နိမ့်ကျသော်လည်း အနည်းဆုံးတော့ သူကပြင်ပကမ္ဘာအကြောင်းကို ပိုသိထားသည်။ အတူလိုက်ပါသွားခြင်းဖြင့် သူတို့က အနည်းဆုံးတစ်ယောက်ကိုတစ်ယောက် ကူညီပေးနိုင်ပါလိမ့်မည်။
သို့သော် ထိုအချိန်တွင်ပင် ကျစ်ယန်က သူ၏ ညာဘက်လက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်ခံလိုက်ရကြောင်း ခံစားလိုက်ရ၏။ သူ မည်မျှပင် ရုန်းကန်နေပါစေ၊တစ်လက်မမျှပင် မရွေ့လျားနိုင်ခဲ့ပေ။
"မကြိုးစားနဲ့တော့၊ငါက အဆင့်ရှစ်ကွ။"
သူ၏နားဘေးမှ ပျင်းရိပြီးအက်ကွဲကွဲအသံကို ကြားလိုက်ရသဖြင့် ကျစ်ယန်လှည့်ကြည့်လိုက်ရာ သူ့ကို ဖမ်းဆွဲထားသူမှာ အခြားသူမဟုတ်ဘဲ အရပ်ပုပုမြေစောင့်မသေမျိုးပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ဤ မြေစောင့်မသေမျိုးဟူသော မသေမျိုးရာထူးမှာ အန္တရာယ်မရှိသော်လည်း အဆင့်တက်ရန် ခက်ခဲလှ၏။ အဆင့်ရှစ်သို့ ရောက်ရှိနေခြင်းက တစ်ဖက်လူ၏နက်ရှိုင်းသော အတွေ့အကြုံကို ပြသရန် လုံလောက်နေပြီဖြစ်သည်။
"အဲဒီလူဆီက မုန်တိုင်းထန်တဲ့အတိတ်ရဲ့ အနံ့အသက်တွေ ရနေတယ်၊ သူက အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်လူ မဟုတ်ဘူး။ ဒီကိစ္စမှာ ဝင်မပါဘဲ မင်းရဲ့မိုးခေါ်တတော်မန် အလုပ်ကိုပဲ မင်း ဆက်လုပ်စမ်းပါ။"
ကျန်းယန်စီရင်စု၏မြေစောင့်မသေမျိုးမျက်လုံးများက ပျင်းရိစွာဖြင့်မှေးဆင်းသွားပြီး ခွန်အားမဲ့နေသော ကျစ်ယန်ကို မြေစောင့်ဘုရားကျောင်းအရှေ့သို့ ပြန်ဆွဲခေါ်သွားခဲ့၏။
"ခင်ဗျား ဘာမှ မသိပါဘူး။"
ကျစ်ယန်က အလိုအလျောက် ပြန်ပက်လိုက်သည်။ ဂိုဏ်းချုပ်ရှန်း၏လက်တွင် သွေးမည်မျှစွန်းထင်းနေသည်ကို ဤအဘိုကြီးသတိထားမိသည်မှာ သေချာသော်လည်း အဘယ်ကြောင့်ထိုသွေးများ စွန်းခဲ့ရသည်ကို ဤအဘိုးကြီးသိပါမည်လောဟု သူတွေးမိသည်။
ဝတ်ရုံနက်လူငယ်လေးတစ်ဦးက အရှေ့နဂါးနန်းတော်၏ခန်းမကြီးထဲသို့ လျှောက်ဝင်လာပြီး သူ၏ဖခင်မျက်လုံးများကို အလွန်နူးညံ့သိမ်မွေ့ညင်သာစွာဖြင့်ပိတ်ပေးခဲ့သည်ကို သူ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
သို့သော် ထောင်းခနဲဒေါသထွက်သွားသည့် ကျစ်ယန်က စကားပြောပြီးသည်နှင့် သူ၏အမှားကို သဘောပေါက်သွားပြီး သူ၏မျက်နှာမှာရှက်ရွံ့မှုများပြည့်သွားခဲ့သည်။
ခေါင်ကျသောမြေရိုင်းဒေသတစ်ခုမှ တောရိုင်းနဂါးတစ်ကောင်က အဆင့်ရှစ် မသေမျိုးတစ်ပါးအား ရိုင်းစိုင်းစွာစကားပြောဆိုခွင့်မရှိပေ။
သို့သော်လည်း မြေစောင့်မသေမျိုးက သူ့ကို စူးရဲစွာကြည့်လိုက်ရုံသာရှိပြီး သူ၏သစ်သားတောင်ဝှေးကိုမြှောက်ကာ ကျစ်ယန်၏နဖူးကို ခေါက်လိုက်သည်။
"မင်းတို့မျိုးနွယ်စုထဲမှာ ဉာဏ်ကောင်းတဲ့ကောင် တစ်ကောင်မှမရှိဘူးဆိုတာကို ထည့်တွေးပေးပြီး ဒီတစ်ခါတော့ ငါခွင့်လွှတ်ပေးလိုက်မယ်။"
၎င်းကို ကြားသောအခါ ကျစ်ယန်က ရပ်တန့်သွားပြီး နောက်ဆုံးတွင်သဘောပေါက်သွားခဲ့၏။
ဤအဘိုးကြီးကလည်း အရှေ့ပိုင်းဘုရင်ဖြစ်သော သူ၏ဖခင်နှင့် ရင်းနှီးသူတစ်ဦး ဖြစ်နေနိုင်ကြောင်း သူတွေးမိသည်။
သူသည် ကပျာကယာဖြင့်ပြုံးလိုက်၏။
"ကျွန်တော်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါဘူး စကားကျွံတာပါ၊ မြေစောင့်မသေမျိုးကြီး ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ဗျာ... ဒါပေမဲ့ ကျွန်တော့်အစ်ကိုက တကယ်လူကောင်းတစ်ယောက်ပါ၊ သူ့ကို ကျန်းယန်စီရင်စုမှာ သင့်တော်တဲ့ အလုပ်တစ်ခုရှာတွေ့ဖို့ ကျေးဇူးပြုပြီး ကူညီပေးပါဦး။"
မြေစောင့်မသေမျိုး၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ခပ်ဖျော့ဖျော့သာပြန်ဖြေလိုက်၏။
"နောက်ကျသွားပြီ။"
ထိုရိုးရှင်းသော စကားတစ်ခွန်းက ကျစ်ယန်၏ နှလုံးခုန်သံကို ရပ်တန့်သွားစေခဲ့သည်။
"အဲဒါ ဘာကိုများဆိုလိုတာလဲ မြေစောင့်မသေမျိုးကြီး။"
အဘိုးကြီးက သူ၏မျက်လုံးများကို ညင်သာစွာ ပင့်ကာကြည့်လိုက်သည်။
"ကျန်းယန်စီရင်စုမှာ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ ဘယ်လောက်များများရှိနေနိုင်မှာမို့လို့လဲ။ ဒါက ဗောဓိဂိုဏ်းရဲ့ အတွင်းရေးကိစ္စကွ၊ တောင်ပေါ်ကနေ အခုမှဆင်းလာတဲ့ သာမန်အတွေ့အကြုံမရှိသေးသူတစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ကျင့်ကြံခြင်းနည်းစနစ်တွေကို ခိုးယူရဲတဲ့ပြစ်မှုကျူးလွန်သူကို ယှဉ်နိုင်ဖို့အခွင့်အရေးမရှိဘူး။"
"သေချာတာပေါ့၊အဲဒီဘုန်းကြီးက အတွေ့အကြုံတော့လိုအပ်နေသေးတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်လေ။သူ အသက်ရှင်နိုင်မလားကတော့မေးခွန်းထုတ်စရာမလိုဘူး။ ဒါပေမဲ့ မင်းရဲ့အစ်ကိုကတော့... သူက နတ်ဆိုးတွေကိုအမဲလိုက်ရာမှာ တကယ်ပဲကျွမ်းကျင်နေတာ ပိုကောင်းလိမ့်မယ်။"
မြေစောင့်မသေမျိုးက မည်သည့်စကားမျှထပ်မပြောတော့ဘဲ ကျောင်းတော်အတွင်းသို့ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့၏။
ထိုစကားများက ကျစ်ယန်ကို မျက်နှာဖြူရော်သွားစေခဲ့၏။ သူအနောက်သို့ လှည့်ကြည့်လိုက်သောအခါ ဂိုဏ်းချုပ်ရှန်း၏အရိပ်အယောင်မျှပင် မရှိတော့ပေ။
...
ကျန်းယန်စီရင်စု၊မြို့၏အနောက်ဘက်
ခြိုးခြုံသောကျင့်ကြံသူဘုန်းကြီး နှင့် လူငယ်တစ်ဦးတို့ကအတူသက်ဝင်လှုပ်ရှားနေသော စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နားလိုက်ပြီး လူငယ်စုံတွဲတစ်တွဲ သူတို့နှင့် လာရောက်ပူးပေါင်းမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
"ဒီနှစ်ယောက်က လောကကြီးထဲလေ့ကျင့်ဖို့ ထွက်လာတဲ့ ခရမ်းရောင်တိမ်တိုက်ဂိုဏ်းက ဓားသမားစုံတွဲပါ။ ချီစစ်ဆေးခြင်းကျင့်စဉ်မှာ အကျွမ်းကျင်ဆုံးဖြစ်ပြီး ဒီဘုန်ကြီးလေးက ကူညီပေးဖို့တောင်းဆိုထားတာပါ။ ဒါကတော့ နန်ယန်ဂိုဏ်းက မိတ်ဆွေ မသေမျိုးရှန်းဖြစ်ပြီး နတ်ဆိုးအမဲလိုက်ရာမှာ ကျွမ်းကျင်သူတစ်ဦးပါ။"