← Chapters

ယခင်အလုပ်ကို ပြန်လုပ်ခြင်း

Vol. 95 Ch. 942

ယခင်အလုပ်ကို ပြန်လုပ်ခြင်း

Vol. 95 Ch. 942

ဘုန်ကြီးလေး ကျစ်ခုန်းက အလယ်တွင်ရပ်ကာ နှစ်ဖက်လုံးအား မိတ်ဆက်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒကာတော်တို့"

'နန်ယန်ဂိုဏ်းတဲ့လား'ဟု လူငယ်စုံတွဲက တွေးလိုက်ကြ၏။

လူငယ်စုံတွဲက တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် အနေခက်စွာဖြင့် လက်ယှက်ကာ ဝတ်ကျေတမ်းကျေနှုတ်ဆက်လိုက်ကြသည်။

"ဆရာတော်နာမည်ကို ကြားဖူးနေတာကြာပါပြီ... ဆရာတော်ကျစ်ခုန်းရဲ့စိုးရိမ်ပူပန်မှုတွေကို ကူညီဖြေရှင်းပေးရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျေးဇူးတင်တယ်လို့ ထပ်မပြောပါနဲ့တော့ဗျာ"

ထိုနှစ်ဦးက ရှန်းယီ နှင့် စကားအများကြီးပြောရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မိန်းမဖြစ်သူက ဆရာတော်ကျစ်ခုန်း ထံမှ အာရုံစိုက်ခံရမှုကိုလုယူသွားမည်ကို စိုးရိမ်နေသကဲ့သို့ သူ့အားသတိထားကာစွေကြည့်လိုက်သေး၏။

ဗောဓိဂိုဏ်း၏တပည့်များနှင့် အဆက်အသွယ်လုပ်ရန် ဤကဲ့သို့သောအခွင့်အရေးမျိုးမှာ အလွန်ရှားပါးပြီး ကောင်းစွာအသုံးချရန်လိုအပ်ပေသည်။

အကယ်၍ ဗောဓိဂိုဏ်း နှင့် ဆက်ဆံရေးကောင်းမွန်အောင်လုပ်နိုင်ပါက ယခုတစ်ကြိမ်ဂိုဏ်းမှ ထွက်ခွာလာခြင်းက အချည်းနှီးဖြစ်မည်မဟုတ်ဘဲ ၎င်းတို့ပြန်ရောက်သောအခါ ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်လာလိမ့်မည်။

နတ်ဆိုးအမဲလိုက်ခြင်း ကျွမ်းကျင်သူနှင့် ပတ်သက်၍မူ... အင်ပါယာမင်းဆက်၏ အချုပ်အခြာအာဏာပိုင်နက်အတွင်း လေ့လွင့်မသေမျိုးတစ်ပါးက ထိုကဲ့သို့ သူရဲကောင်းဖြစ်နိုင်သည်ဟု ကျစ်ခုန်းတစ်ဦးတည်းကသာ ယုံကြည်ပါလိမ့်မည်။

"ကျွန်တော်တို့ အဲဒီလူရဲ့အနံ့ကို ရှာတွေ့ထားပြီးပါပြီ၊ ဆရာတော်... ဒီဘက်ကို လိုက်ခဲ့ပါ"

အမျိုးသားဖြစ်သူက အနည်းငယ်ဘေးသို့ရှောင်ကာ ရှန်းယီ၏အရှေ့တွင် နေရာယူလိုက်သဖြင့် လူမသိသူမသိနေတတ်သော ဂိုဏ်းချုပ်ရှန်းအား တစ္ဆေတစ်ကောင်ကဲ့သို့ လုံးဝမမြင်ရသလောက် ဖြစ်သွားစေခဲ့၏။

၎င်းတို့ စုံတွဲက သူတို့၏တာဝန်ကို ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ကြ၏။ အကျိုးအမြတ်ကိုအလကားခွဲဝေယူရန်မျှော်လင့်နေသော လူသစ်တစ်ဦးအနေဖြင့် မျှော်လင့်ချက်လွန်စွာကြီးမားလွန်းနေပုံရသည်။

...

ရှန်းယီက အာရုံစိုက်ခံရရန် အလုအယက်ကြိုးစားလိုစိတ်မရှိဘဲ တိတ်ဆိတ်စွာလိုက်ပါသွားခဲ့သည်။

သူ၏အမြင်တွင် အကောင်းဆုံးအခြေအနေမှာ ဘာမျှမလုပ်ဘဲ ကျင့်ကြံခြင်းနည်းစနစ်က သူ၏လက်ထဲသို့ တိုက်ရိုက်ရောက်ရှိလာခြင်းပင်။ ၎င်းကသာလျှင် အစစ်အမှန်သက်သောင့်သက်သာရှိမှု ဖြစ်ပေသည်။

ထိုစုံတွဲ၏ဦးဆောင်မှုဖြင့် သူတို့ကလမ်းမကြီးကို ဖြတ်သန်းကာ လူသူကင်းမဲ့သောလမ်းကြားများထဲသို့ဝင်ရောက်သွားပြီး သာမန်အိမ်တစ်လုံး၏အရှေ့တွင် ရပ်တန့်လိုက်ကြ၏။

"ဒီနေရာပဲ ဆရာတော်ကျစ်ခုန်း၊ အဲဒီတည်ရှိမှုကို ထောက်လှမ်းမိတဲ့နေရာက ဒီအိမ်ပဲ"

ထိုစုံတွဲက လိမ္မာပါးနပ်စွာဖြင့်ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဒကာတော်တို့"

ဘုန်ကြီးလေး ကျစ်ခုန်းက အိမ်တံခါးကိုညင်သာစွာခေါက်လိုက်ပြီး အပြင်ဘက်တွင်ယဉ်ကျေးစွာ ရပ်စောင့်နေခဲ့သည်။

မကြာမီ ကျွီ့ဟူသော အသံတစ်ခုထွက်ပေါ်လာခဲ့၏။

အမျိုးသမီးတစ်ဦးက တံခါးကို သတိထား၍ အနည်းငယ်ဖွင့်ကာ အပြင်ဘက်သို့ချောင်းကြည့်လိုက်သည်။ ကျစ်ခုန်း၏ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သူမ၏မျက်လုံးထဲတွင် အထိတ်တလန့်ဖြစ်မှုနှင့်သတိထားမှုတို့ ပေါ်လာကာ ပြောလိုက်၏။

"ရှင်တို့ လူမှားနေပြီ"

ထိုသို့ပြောပြီးနောက် သူမက တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်ပါသည်။

"ဒါက..."

ဘုန်ကြီးလေး ကျစ်ခုန်းက တံခါးဝတွင် လက်အုပ်ချီလျက်ကြက်သေသေကာ ရပ်နေခဲ့သည်။ သူက မိမိ၏ရည်ရွယ်ချက်ကို ပြောပြရန်ပင် အခွင့်အရေး မရခဲ့ပုံပေါ်သည်။

တောင်ပေါ်မှ ဆင်းလာစဉ်အတွင်း လူအများအပြားနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းမရှိသော်လည်း ဆွမ်းခံခြင်းမှာ သာမန်ကိစ္စဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှမကြုံတွေ့ခဲ့ဖူးချေ။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူက မျက်နှာအမူအရာကို ပိုမိုကြင်နာဟန်ပေါ်အောင်ပြင်ဆင်လိုက်ပြီး သစ်သားတံခါးကို ထပ်မံခေါက်လိုက်ပြန်သည်။

"ဒကာတို့... ဘုန်ကြီးက လူဆိုးမဟုတ်ပါဘူး။ မေးစရာလေးတစ်ခု ရှိလို့ပါ..."

သူ စကားမဆုံးမီမှာပင် သစ်သားတံခါးက အကြမ်းပတမ်းပွင့်လာခဲ့သည်။

လူမိုက်ရုပ်ပေါက်နေသော အမျိုးသားတစ်ဦးက အပြင်သို့ပြေးထွက်လာပြီး စကားတစ်ခွန်းမျှမဆိုဘဲ လက်သီးဖြင့်ထိုးကာ ခြေထောက်ဖြင့် ကန်ကျောက်တော့သည်။

သူက ကျစ်ခုန်းကို အနောက်သို့ တွန်းထုတ်ကာ ဆဲရေးတိုင်းထွာလိုက်၏။

"လူမှားနေပြီလို့ ပြောနေတယ်လေ၊ တခြားနေရာသွားတောင်းစားစမ်း၊ ဒီမှာ စားကြွင်းစားကျန်မရှိဘူးကွ"

ကျစ်ခုန်း၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် လက်တုံ့ပြန်ရန်ပြောနေစရာပင်မလိုပေ။ သူ၏ အငွေ့အသက်ကို အနည်းငယ်မျှထုတ်လွှတ်လိုက်ရုံဖြင့် ဤလူအားအသားပုံအဖြစ်သို့ ရောက်ရှိသွားစေရန် လုံလောက်နေပြီဖြစ်သည်။

သို့သော် သူက အံ့ဩတကြီးဖြင့် ထိုနေရာတွင် ရပ်နေခဲ့ပြီး ထိုလူအားပြန်ကာကွယ်ရင်း နောက်ဆုတ်ကာ စကားထစ်အအဖြင့် ပြောလိုက်၏။

"ဘုန်း... ဘုန်ကြီး တောင်းစားဖို့လာတာမဟုတ်ပါဘူး..."

သို့သော် ထိုလူက သူ့ကို စကားဆုံးအောင် အခွင့်အရေးမပေးဘဲ လှေကားထစ်များပေါ်မှ တွန်းချကာ တံခါးကိုဝုန်းခနဲ ပြန်ပိတ်လိုက်ပြန်သည်။

...

ဘုန်ကြီးလေး ကျစ်ခုန်းက စုံတွဲရှိရာသို့ လှည့်ကြည့်လိုက်၏။

ထိုစုံတွဲကလည်း အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများအနေဖြင့် ၎င်းတို့က သေမျိုးလောကသို့ ဆင်းသက်လာကတည်းက သွားလေရာတိုင်းတွင် လေးစားမှုခံခဲ့ရပြီး ဤကဲ့သို့သော စော်ကားမှုကို တစ်ခါမျှ မခံခဲ့ရဖူးပေ။

အကယ်၍ နတ်ဆိုးသတ္တဝါများသာ ဖြစ်ခဲ့ပါက ၎င်းတို့ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်လိုက်မည်သာ ဖြစ်သည်။

သို့သော် ဤနေရာသည် ကျန်းယန်စီရင်စုဖြစ်ပြီး တစ်ဖက်လူမှာ မည်သည့် နတ်ဆိုးအငွေ့အသက်မျှ မရှိသော သာမန်သေမျိုးတစ်ဦးသာဖြစ်နေသည်။

"သေမျိုးလောကမှာ ရွှေငွေတွေနဲ့ လဲလှယ်လို့ရမလား"

"ငါ့ဆီမှာ မသေမျိုးကျောက်စိမ်းတွေ အများကြီးရှိတယ်"

စည်းစိမ်ဥစ္စာဖြင့် တံခါးဖွင့်ခြင်းက အမြဲတစေမှန်ကန်သော ရွေးချယ်မှုဖြစ်သောကြောင့် ထိုစုံတွဲသည် အားတင်းကာပြုံးပြလိုက်ကြသည်။

အမျိုးသမီးဖြစ်သူက အဖိုးတန် ကျောက်စိမ်းတစ်ခုကို ထုတ်ယူကာ ဘုန်ကြီးလေး ကျစ်ခုန်း ထံသို့ ကမ်းပေးလိုက်သည်။

"ကျုပ်..."

ဘုန်ကြီးလေး ကျစ်ခုန်းက အနည်းငယ် အနေခက်စွာဖြင့် ထိုကျောက်စိမ်းကို လက်ခံရန်လှမ်းယူလိုက်သည်။ သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက် သေမျိုးများအားစည်းစိမ်ဥစ္စာများ ဝေငှခြင်းနှင့် လူသားလောကကို ဝင်ရောက်စွက်ဖက်ခြင်းမှာ တားမြစ်ထားသော အရာတစ်ခုဖြစ်သည်။

ထိုအချိန်တွင် သူက မလှမ်းမကမ်း၌ရပ်နေသော ဝတ်စုံနက်လူငယ်လေးကို နောက်ဆုံးတွင်မြင်တွေ့လိုက်ရသည်။

ဤမိတ်ဆွေ မသေမျိုးရှန်းက တိတ်ဆိတ်စွာရပ်နေပြီး သူ၏ဖြူဖျော့ချောမောသော မျက်နှာပေါ်တွင် အနည်းငယ်တွေဝေနေသည့် အမူအရာရှိနေကာ သူတို့သုံးဦးအား ထူးဆန်းသောအကြည့်ဖြင့် စောင့်ကြည့်နေခဲ့၏။

သူက လူမိုက်များကိုကြည့်နေသည့်အလား ပုံပေါက်နေပေသည်။

ဘုန်ကြီးလေး ကျစ်ခုန်းက အကူအညီတောင်းခံသည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။

"မိတ်ဆွေရှန်းမှာများ ဖြေရှင်းမယ့်နည်းလမ်း ရှိမလားဗျာ"

"ဟူး..."

ရှန်းယီက မျက်လုံးများကိုမှိတ်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။

ထို့နောက် သူက ရှေ့သို့လှမ်းသွားကာ ဘုန်ကြီးလေး ကျစ်ခုန်း၏လက်ထဲမှ ကျောက်စိမ်းပြားကို ယူလိုက်သည်။

နောက်တစ်ခဏတွင် သူတို့သုံးဦး အံ့အားသင့်နေသောအကြည့်များအောက်၌ပင် သူက သူ၏ကျင့်ကြံခြင်းစွမ်းအင်ကို လုံးဝအသုံးမပြုဘဲ သစ်သားတံခါးကိုခြေထောက်ဖြင့် ကန်ဖွင့်လိုက်၏။

ဘုန်း...

တံခါးအနောက်တွင် ခိုးနားထောင်နေသော ဇနီးမောင်နှံနှစ်ဦးမှာ သတိလက်လွတ်ဖြစ်သွားပြီး အနောက်သို့ လွင့်စင်သွားခဲ့လေသည်။

မြေပြင်ပေါ်သို့မကျမီ အမျိုးသမီးဖြစ်သူသည် လည်လီးခံနေရသောဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်၏။

"လူသတ်နေတယ်ဗျို့... လူသတ်နေတယ်... ဘုန်းကြီးက လူသတ်နေတယ်ဗျို့... အစိုးရအရာရှိကိုအမြန်သွားတိုင်ကြပါ..."

အမျိုးသားဖြစ်သူက မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်လိမ့်သွားပြီးနောက် အရူးတစ်ယောက်ကဲ့သို့ ရှန်းယီထံသို့ ပြေးဝင်လာကာ ဘုန်ကြီးလေး ကျစ်ခုန်းအပေါ် အသုံးပြုခဲ့သောလှည့်ကွက်ကို ထပ်မံအသုံးပြုရန် ရည်ရွယ်လိုက်သည်။

သို့သော် သူရှေ့သို့ ပြေးဝင်သွားသည့် အခိုက်အတန့်တွင် သူ၏လည်ပင်းကို သွယ်လျသောလက်တစ်ဖက်က တင်းကျပ်စွာဆုပ်ကိုင်လိုက်၏။

မည်သည့်အမူအရာမျှမရှိသော ချောမောသည့် မျက်နှာနှင့်ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည့် ဝတ်ရုံနက်လူငယ်လေးကို ကြည့်ရင်း ထိုလူမှာရုတ်တရက်အသံမထွက်နိုင်တော့ဘဲ သူ၏ပေါင်ကြားတွင် စိုစွတ်သောအကွက်တစ်ခု အလျင်အမြန် ပြန့်နှံ့သွားခဲ့သည်။

"ခင်ဗျားရူးသွားပြီလား... ကျန်းယန်စီရင်စုထဲက သေမျိုးတွေကို အကြောင်းပြချက်မရှိဘဲ ရမ်းသန်းပြီးတိုက်ခိုက်နေတာလား"

တာအိုကျင့်ကြံသူစုံတွဲက တံတွေးမျိုချလိုက်ကြ၏။ အကယ်၍ ဤကိစ္စက တရားသူကြီးထံရောက်သွားပါက သူတို့နှစ်ဦးဒုက္ခရောက်ရုံသာမက ၎င်းတို့၏အနောက်ရှိ ခရမ်းရောင်တိမ်တိုက်ဂိုဏ်းပင်လျှင် ဆိုးကျိုးများကို ခံစားရပါလိမ့်မည်။

လူသားဧကရာဇ်၏နယ်မြေများအပေါ် အုပ်စိုးမှုက နောင်ပြောင်မှုသက်သက်တစ်ခုဟု သူတကယ်ထင်နေသည်လား မသိပေ။

သေမျိုးများက ကျင့်ကြံသူများအပေါ် သာမန်ရိုသေမှုမျိုးဖြင့်ဆက်ဆံရခြင်း၏အကြောင်းရင်းမှာ အင်ပါယာမင်းဆက်၏ပြတ်သားသော လုပ်ရပ်များကြောင့်သာ ဖြစ်သည်။

ကျင့်ကြံသူများအနေဖြင့် သေမျိုးကမ္ဘာကို ဝင်ရောက်မစွက်ဖက်ရဟူသည်မှာ သံမဏိစည်းကမ်းတစ်ခုရှိပေသည်။

ဆရာတော်ကျစ်ခုန်းက နောက်ဆုံးတွင် သတိပြန်ဝင်လာပြီးအငြင်းပွားမှုကို တားဆီးရန် ရှေ့သို့ တိုးလာခဲ့၏။

သို့သော် ရှန်းယီက ထိုလူကိုမြှောက်ကိုင်ထားပြီးဖြစ်ကာ အမျိုးသမီး၏အရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားပြီး အနည်းငယ်ကုန်းကာ လက်ကိုဆန့်တန်းလျက်ကျောက်စိမ်းပြားကို သူမ၏ မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

အမျိုးသမီး၏မျက်လုံးများက ကျောက်စိမ်းပြားနှင့် ၎င်းပေါ်ရှိ ဖတ်မရသောရှုပ်ထွေးလှသည့် စာလုံးများပေါ်တွင် စူးစိုက်နေပြီးနောက် လူငယ်လေးထံသို့ ပြန်လှည့်ကြည့်လိုက်သည်။

ထို့နောက် သူ၏အနီးမှ ရင်းနှီးနေသော အငွေ့အသက်ကိုခံစားမိလိုက်သောအခါ သူမ၏အသံမှာ ထစ်အသွားခဲ့၏။

ရာနှင့်ချီသောလမ်းဘေးဈေးသည်များအား အနိုင်ကျင့်ဖူးသူတစ်ဦးမဟုတ်လျှင် ဤကဲ့သို့ မျက်နှာပြောင်တိုက်သောအမူအကျင့်မျိုးကို ပိုင်ဆိုင်ထားရန် လုံးဝမဖြစ်နိုင်ပေ။

"အရာ... အစိုးရအရာရှိမင်းရှင်..."

"မင်းတို့ဘာသာ ဝန်ခံမလား... ဒါမှမဟုတ် ငါကိုယ်တိုင် ရှာရမလား"

ရှန်းယီက ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး ထိုလူကိုမြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်ကာ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်၏။

"ကျွန်တော်တို့ တကယ်ဘာမှမလုပ်ရပါဘူး အရာရှိမင်း... ကျေးဇူးပြုပြီး အမှန်တရားကို မြင်ပေးပါ"

ထိုစုံတွဲက မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီးဖြစ်ကာအပူတပြင်းဖြင့် ခေါင်းများကိုမြေကြီးနှင့် ဆောင့်နေကြသည်။

...

ရှန်းယီက ထိုနှစ်ဦးကို အရေးမစိုက်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး အတွင်းခန်းဘက်သို့လျှောက်သွားကာ အေးစက်စက်မှတ်ချက်တစ်ခုကို ချန်ထားရစ်ခဲ့၏။

"ဖုံးကွယ်ထားတဲ့နေရာတစ်ခုငါရှာတွေ့ရင် မင်းတို့ရဲ့ လက်တစ်ဖက်ကို ဖြတ်ယူမယ်"

၎င်းကို ကြားသောအခါ ထိုစုံတွဲက ရုတ်တရက် ခေါင်းမော့လာကြပြီး ၎င်းတို့၏မျက်နှာများတွင် အကြောက်တရားများပြည့်နှက်နေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သေမျိုးနှစ်ဦးအပေါ် တာအိုနယ်ပယ်ကျင့်ကြံခြင်းစွမ်းရည်ကို အသုံးပြုခြင်းမှာ အနည်းငယ်အဆင့်အတန်းနိမ့်ကျစေသည်မှာ အမှန်ပင်။

သို့သော် ရှန်းယီ၏လက်ရှိစွမ်းအားဖြင့် သူတို့၏ မျက်နှာပေါ်ရှိဆံပင်မွေးလေးအနည်းငယ်လှုပ်ရှားသွားသည်ကအစ သူ၏အာရုံခံစားမှုမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ထိုလူ၏ပြောင်းလဲနေသော မျက်နှာအမူအရာများမှတစ်ဆင့် လမ်းညွှန်မှုရယူကာ သူက အိပ်ခန်း၏ ထောင့်တစ်နေရာတွင် တည့်တည့်ရပ်လိုက်ပြီး နံရံကို အနည်းငယ်ဖိချေလိုက်၏။

ထိုအခါ ကွာကျသွားသောကျောက်သားများ၏ နောက်ကွယ်တွင်ပုန်းကွယ်နေပြီး အနီရောင်အဝတ်ဖြင့်ဖုံးအုပ်ထားသော ယဇ်ပလ္လင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ရှန်းယီက အဝတ်ကိုမလိုက်ပြီး ကြွက်ရုပ်တုကို ငုံ့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

"တစ်နေရာ"

အတွင်းသို့ ပြေးဝင်လာသည့် ဇနီးမောင်နှံက ချက်ချင်းပျော့ခွေသွားပြီး ဒူးထောက်ကျသွားကာ သူတို့၏မျက်နှာများမှာ သွေးဆုတ်ကာ ဖြူရော်သွားခဲ့သည်။

ရှန်းယီက လှည့်၍ကုတင်ဆီသို့ လျှောက်သွားကာ ကုတင်ပျဉ်ပြားကို လက်ဖြင့်ရိုက်ခွဲလိုက်ပြီး ရွှေရောင်စာအုပ်ငယ်တစ်အုပ်ကို ဆွဲထုတ်လိုက်ကာ ထိုလူ၏မျက်နှာကို ရိုက်ချလိုက်ပြန်သည်။

"နှစ်နေရာ"

ဤအရာမှာ သာမန်လူများထံမှစည်းစိမ်ဥစ္စာများကို လုယက်ယူငင်ခဲ့စဉ် သူ၏ယခင်သူမှ ချန်ရစ်ခဲ့သောအဖိုးတန်အတွေ့အကြုံများပင်။

ဤလူများပစ္စည်းများကို မည်သည့်နေရာတွင် ဖွက်ထားတတ်ကြောင်းရှာဖွေရန်အတွက် သူက စဉ်းစားနေရန်ပင် မလိုအပ်ပေ။

လူတစ်ယောက်တွင် လက်နှစ်ဖက်သာရှိသောကြောင့် ရှန်းယီက ဆက်မရှာတော့ပေ။

သူသည် ကြောက်လန့်တကြားတုန်ယင်နေသော စုံတွဲကိုကျော်ဖြတ်ကာ တံခါးဝတွင် မှင်သက်နေသောလူသုံးဦး၏ခါးဆီသို့ လှမ်းသွားပြီး ၎င်းတို့၏ ဓားအိမ်များထဲမှ မသေမျိုးဓား တစ်လက်ကို ဆွဲထုတ်လိုက်၏။

လက်တစ်ဖက်က ဓားကိုကိုင်ထားပြီး ကျန်တစ်ဖက်က ထိုလူကိုဆွဲကာ စားပွဲပေါ်သို့ အားကုန်ဖိချလိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ ရေစီးသကဲ့သို့ ချောမွေ့နေပြီး ဤကဲ့သို့သောအရာမျိုးကို သူအကြိမ်ပေါင်း သန်းနှင့်ချီ၍လုပ်ဆောင်ခဲ့ဖူးကြောင်း သံသယဝင်စရာပင် မလိုပေ။

ဓား၏အေးစက်စက် အလင်းရောင်အောက်တွင် အခန်းထဲ၌ သားသတ်ခုံပေါ်မှ ဝက်အော်ဟစ်သံများ နောက်ဆုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

ထိုလူ၏ဆံပင်များ ထောင်ထသွားပြီး သူ၏အသံမှာ အက်ကွဲလုမတတ်ဖြစ်သွားသည်။

"ကျွန်တော် ပြောပါ့မယ်"

ရှန်းယီက ထိုလူ၏လည်ပင်းကို လွှတ်ပေးလိုက်ပြီး မသေမျိုးဓားကို တာအိုကျင့်ကြံသူစုံတွဲထံသို့ ပြန်ပစ်ပေးလိုက်၏။ ထို့နောက် သူက ထိုင်ခုံတွင်ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး ရေနွေးတစ်ခွက်ကို ငဲ့ကာ တစ်ငုံသောက်လိုက်ပြီး တံခါးဝရှိ ဘုန်ကြီးလေးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"မေးစရာရှိတာ မေးတော့လေ"

၎င်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှ၏။ အကယ်၍ ဟုန်ကျယ်မှ ထွက်မလာခဲ့ပါက အစစ်အမှန် မသေမျိုး နှင့် တန်းတူညီမျှရှိသော သက်ရှိတစ်ဦးက သာမန်သစ်သားတံခါးတစ်ချပ်၏တားဆီးမှုကိုခံရမည်ဟု သူဘယ်သောအခါမျှယုံကြည်ခဲ့မည် မဟုတ်ပေ။

သူရှန်းယီအား ရယ်စရာလူရွှင်တော်တစ်ဦး ဖြစ်လုနီးပါး လုပ်ပစ်ခဲ့၏။

"ဟင်"

ဆရာတော်ကျစ်ခုန်းက ပါးစပ်အဟောင်းသားဖြစ်နေပြီး စားပွဲပေါ်ရှိကျောက်စိမ်းပြားကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေခဲ့၏။

ရှန်းယီက ၎င်းကိုသူ၏လက်ထဲမှ ခုလေးတင် ယူသွားခဲ့ခြင်း မဟုတ်ပါက မိတ်ဆွေ မသေမျိုးရှန်း၏အမူအရာနှင့် အပြုအမူများအရ ဤလူက မသေမျိုးခုံရုံးမှ အစစ်အမှန်အရာရှိတစ်ဦးဖြစ်သည်ဟု သူပင်လျှင် ယုံကြည်သွားပါလိမ့်မည်။

All Chapters