← Chapters

သူကတုံးတယ်၊မင်းရောလည်လား

Vol. 95 Ch. 943

သူကတုံးတယ်၊မင်းရောလည်လား

Vol. 95 Ch. 943

မှိန်ပျပျလင်းသော အခန်းတွင်း၌...

ဘုန်းကြီးလေး ကျစ်ခုန်းက သူ၏မေးမြန်းသံကို တတ်နိုင်သမျှညင်သာအောင် ကြိုးစားနေသော်လည်း၊ပေါင်ကြားတွင် စိုစွတ်နေသော အမျိုးသားမှာမူ ထောင့်တစ်နေရာ၌ကပ်လျက် တုန်ရင်နေရှာသည်။

သူက မေးခွန်းတစ်ခုကိုဖြေဆိုတိုင်း နံရံထောင့်ရှိ ပုံရိပ်ကိုကြောက်လန့်တကြား လှမ်းကြည့်မိနေ၏။

မင်ကဲ့သို့နက်မှောင်သောဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးက သစ်သားကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာထိုင်နေခဲ့သည်။ သူ၏အကြည့်များမှာ တစ်နေရာရာသို့လွင့်ပျံ့နေပြီး စိတ်မပါသကဲ့သို့ ရှိနေသော်လည်း၊ သူ၏လက်ချောင်းထိပ်များက စားပွဲပေါ်သို့နှေးကွေးစွာ တောက်နေသည့် အသံတစ်ခုချင်းစီတိုင်းက ထိုလူကို တုန်ရင်သွားစေခဲ့၏။

ထို့နောက် သူက ကျစ်ခုန်းထံသို့ အလျင်အမြန် အာရုံပြန်စိုက်ကာ သူ၏စိတ်ရင်းမှန်မှုကို သက်သေပြရန်ကြိုးစားနေတော့သည်။

ရှန်းယီက ဗောဓိဂိုဏ်း၏ကိစ္စရပ်များကို စိတ်ဝင်စားခြင်းမရှိပေ။

အဓိကမှာ သူနားမလည်သောကြောင့်ပင်။

သူက နံရံအက်ကွဲကြောင်းရှိယဇ်ပလ္လင်ကို တိတ်ဆိတ်စွာစိုက်ကြည့်ရင်း၊ကြင်နာသနားတတ်သောသဏ္ဍာန်ရှိသည့် ကြွက်ခေါင်းရုပ်တုကို ကြည့်ကာအတွေးထဲသို့ တဖြည်းဖြည်းနစ်ဝင်သွားခဲ့၏။

ဘုန်းကြီးလေး ကျစ်ခုန်းက အဆင့်၇ အစစ်အမှန် မသေမျိုး နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဟုန်ကျယ်တွင်ဆိုလျှင် သူ၏အဆင့်အတန်းမှာ ရှီယန် နှင့် အတူတူပင်ဖြစ်ပြီး မရေမတွက်နိုင်သောသက်ရှိများ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သူဖြစ်သော်လည်း သူ၏လုပ်ရပ်များမှာ ကလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်လွန်းလှ၏။

ရှန်းယီ၏အမြင်တွင် ဤအချက်မှာ အနည်းငယ် ကျောစိမ့်ဖွယ်ကောင်းနေသည်။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

အပြင်သို့ထွက်လာပြီး တစ်ရက်မျှအကြာတွင် သူမြင်တွေ့ကြားသိခဲ့ရသည့် အရာများကြောင့် သူ၏သတိထားမှုများကို တဖြည်းဖြည်းလျှော့ချမိနေကြောင်း ရှန်းယီရှာဖွေတွေ့ရှိခဲ့သည်။

၎င်းမှာ စစ်မီးများတောက်လောင်နေသော ဒေသမှ ဒုက္ခသည်တစ်ဦးက ငြိမ်းချမ်းသာယာသောခေတ်ကာလသို့ ရုတ်တရက်ရောက်ရှိသွားပြီး လွဲချော်နေမှုမှာ မိမိကိုယ်တိုင်လော သို့မဟုတ် ဤအေးချမ်းသာယာသောခေတ်ကာလလောဆိုသည်ကို မသေချာသကဲ့သို့ဖြစ်နေခြင်းပင်။

သူသည် ဘာမျှနားမလည်သလို အဓိပ္ပာယ်လည်း မဖော်နိုင်သေးပေ။

သူ့အရှေ့ရှိရုပ်တုကဲ့သို့ပင်။

ဘုရားကျောင်းဆောင်များမှ ရရှိသောယုံကြည်မှုစွမ်းအင် နှင့် ပတ်သက်၍ ရှန်းယီက အတော်အတန် ဗဟုသုတရှိသော်လည်း၊ ကျစ်ခုန်း ကိုယ်တိုင်လိုက်လံဖမ်းဆီးနေရသော နတ်ဆိုးတစ်ကောင်က ကျင့်ကြံခြင်းအဆင့်နိမ့်နေပါစေ တာအိုနယ်ပယ်အောက်သို့ မည်သို့ရောက်ရှိနေနိုင်သည်ကို သူ တကယ် နားမလည်နိုင်ပေ။

ဤမျှအစွမ်းထက်သော တည်ရှိမှုတစ်ခုက ကျန်းယန်စီရင်စုရှိ အိမ်ထောင်စုများတွင် တစ်အိမ်တည်း အားတရားဟောနေသည်လော။

ချင်ပြည်နယ်တွင် သူကြုံတွေ့ခဲ့ရသည့် မြစ်စောင့်နတ်ဘုရားနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။

ဤမျှနည်းပါးလှသော ယုံကြည်မှုစွမ်းအင်က သူတို့အတွက် မည်သည့်အရာများပြောင်းလဲပေးနိုင်မည်နည်း။

သို့မဟုတ် သူတို့ရှာဖွေနေသည်မှာ ယုံကြည်မှုစွမ်းအင်မဟုတ်ဘဲ...

ရှန်းယီက ဆရာတော်ကျစ်ခုန်း ဆွမ်းခံနေစဉ်က အဝါရောင်မြူခိုးများကိုမျိုချလိုက်သည့် မြင်ကွင်းကို ရုတ်တရက်သတိရသွား၏။

ထားလိုက်ပါ၊ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိပြီးမှသာ ဤဗောဓိဂိုဏ်းမှကျင့်ကြံသူကို သူမေးမြန်းရမည်။

ဆရာတော်ကျစ်ခုန်း မေးမြန်းခြင်းပြီးဆုံးသွားသည်ကို မြင်သောအခါ ရှန်းယီက ထရပ်လိုက်ပြီး ပျင်းကြောဆန့်လိုက်သည်။ သူ၏လက်ချောင်းရှိ လက်စွပ်ကို ညင်သာစွာပွတ်သပ်ရင်း တံခါးအပြင်ဘက်သို့ဖြည်းညှင်းစွာ လျှောက်ထွက်သွားခဲ့၏။

ယခုအခါ သူက လူအင်အားလိုအပ်နေပြီဖြစ်သောကြောင့် နောက်ဆုံးတွင်အားထုတ်မှုအချို့ ပြုလုပ်ရန် စီစဉ်လိုက်သည်။

နတ်ဆိုးသက်တမ်း နှစ်ပေါင်းသန်းနှစ်ဆယ်ကျော်ရှိသော်လည်း၊တိုးတက်မှုမရှိဘဲ နေထိုင်ရခြင်းမှာ အဆင်မပြေပေ။ အပြင်လောက၏အခြေအနေများကို ကြည့်ခြင်းအားဖြင့် နတ်ဆိုးသက်တမ်း ထပ်မံရရှိရန်မှာ မလွယ်ကူလှချေ။

အမှန်ပင်၊ ၎င်းမှာလည်း တိကျသောအခြေအနေများပေါ်တွင် မူတည်နေသေး၏။ အကယ်၍ အလွန်အမင်းအန္တရာယ်များနေပါက ၎င်းကိုမေ့ပစ်လိုက်ရုံသာရှိတော့သည်။

"တကယ့်ရာဇဝတ်ကောင်ပဲ၊ မျက်နှာမပျက်ဘဲလူတွေကိုလှည့်စားနေတာ"

ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ အမျိုးသမီးတပည့်ဖြစ်သူက စားပွဲပေါ်ရှိ ကျောက်စိမ်းပြားကို ဒေါသတကြီး ကောက်ယူလိုက်ပြီး သူမ၏မကျေနပ်ချက်ကို တီးတိုးရေရွတ်လိုက်၏။

မသေမျိုးခုံရုံး၏ အရာရှိအဖြစ်ဟန်ဆောင်ခြင်းမှာ သာမန်လူများလုပ်နိုင်သည့်အရာ မဟုတ်ပေ။ အထူးသဖြင့် ဤကဲ့သို့ကျွမ်းကျင်နေခြင်းမှာ မည်မျှထိအကြိမ်များစွာလုပ်ဆောင်ခဲ့ဖူးသည်ကို မည်သူသိနိုင်မည်နည်း။

"နင် အသံကိုနည်းနည်းလျှော့စမ်းပါ"

အမျိုးသားတပည့်ဖြစ်သူက သက်ပြင်းချလိုက်၏။ သူတို့အတွက် ရရှိရန်ခက်ခဲလှသောတာဝန်မှာ ယခုအခါ ရှန်းယီ၏လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး သူတို့၏အားထုတ်မှုများမှာ မှေးမှိန်သွားသည့်အတွက် သူ သိသိသာသာစိတ်ပျက်နေပုံရသည်။

သူတို့က ဆုလာဘ်ကို မတောင်းဆိုဘဲ အဆက်အသွယ်အချို့ရရှိရန်သာ မျှော်လင့်ခဲ့ကြသည်။

အင်း၊ ကံမကောင်းတာပဲ

ထိုလူငယ်လေးမှာ အလွယ်တကူဆက်ဆံ၍ရမည့်သူမဟုတ်ကြောင်းထင်ရှားနေသဖြင့် သူ့ကို မပြစ်မှားမိခြင်းကသာ အကောင်းဆုံးဖြစ်ပြီး ဤအဖြစ်အပျက်ကို တိတ်တဆိတ်သာမျိုသိပ်ထားရမည်ဖြစ်သည်။

"ဒကာတော်တို့၊ခဏလောက် နေပါဦး"

ဆရာတော်ကျစ်ခုန်းက ထိုလက်မယားစုံတွဲကိုနှစ်သိမ့်ပေးပြီးနောက် နောက်ဆုံးတွင်ထွက်လာခဲ့သည်။

ပထမဦးစွာ သူက ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ စုံတွဲကို လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် ရှန်းယီ၏အနားသို့ အမြန်ရောက်လာပြီးခါးသီးသောအပြုံးဖြင့် တိုးတိုးလေး ပြောလိုက်ပါသည်။

"မိတ်ဆွေ ရှန်းကို ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားသာ မရှိရင် ဒီဘုန်ကြီးအမှန်တကယ် ဘာလုပ်ရမှန်းသိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရအရာရှိအဖြစ် ဟန်ဆောင်တာကကြီးမားတဲ့ တားမြစ်ချက်တစ်ခုပါ။ အကယ်၍ ဒီလုပ်ရပ်ကနေ ပြဿနာတစ်ခုခုဖြစ်လာပြီး အင်ပါယာမင်းဆက်က လာမေးရင်တော့ ဒါကို ဒီဘုန်းကြီးရဲ့တာဝန်အဖြစ်ပဲ မှတ်ယူထားလို့ ရပါတယ်"

...

ရှန်းယီက ဆရာတော်ကို အံ့ဩတကြီးဖြင့် တစ်ချက်ကြည့်လိုက်၏။

တစ်ဖက်လူက သူ့အားပြစ်တင်ရှုံ့ချလိမ့်မည်ဟု သူထင်ထားသော်လည်း တစ်ဖက်လူမှာ ခေါင်းမာသူတစ်ဦးမဟုတ်သည့်အပြင် အတော်အတန်သစ္စာရှိသူလည်း ဖြစ်နေသည်။

၎င်းက ဘိုင်ယွင်ခရိုင်တွင် သူတွေ့ဆုံခဲ့ဖူးသည့် မိတ်ဆွေဟောင်းတစ်ဦးအား ရုတ်တရက်အမှတ်ရသွားစေခဲ့သည်။

"လူတစ်ယောက်ရဲ့ပိုက်ဆံကိုယူထားရင် သူတို့ရဲ့ အလုပ်ကိုလုပ်ပေးရတာက မှန်ကန်တဲ့ကိစ္စပါပဲ" ဟု ရှန်းယီက သူ၏အကြည့်ကို လွှဲလိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"သာမန်လူတွေက အလွယ်တကူအမြင်ကွယ်တတ်ကြတယ်၊အပြစ်က သူတို့ဆီမှာ မဟုတ်ဘဲ ကျုပ်ရဲ့ အစ်ကိုဆီမှာပဲရှိတာပါ"

ဘုန်းကြီးလေး ကျစ်ခုန်းက လမ်းလျှောက်ရင်း သက်ပြင်းချလိုက်၏။

"ကျုပ်ရဲ့အစ်ကိုက ပညာရှင်အဆင့်ကို ရရှိခဲ့ပြီး မသေမျိုးခုံရုံးမှာ အလုပ်လုပ်ဖို့ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ရုပ်ရည်မလှပမှုကြောင့် တခြားအစ်ကိုတစ်ယောက်ရဲ့ဖိနှိပ်မှုကို ခံခဲ့ရတယ်..."

"သူက ဒေါသတကြီးနဲ့ပညာရှင်အဆင့်ကို ခိုးယူပြီး သေမျိုးကမ္ဘာဆီ တိတ်တဆိတ်ဆင်းသက်လာခဲ့တာပါ"

ကျစ်ခုန်းက ထိုအကြောင်း ပြောနေစဉ်တွင် သူ၏လက်စွပ်ကို ကစားနေသောရှန်းယီမှာ ရုတ်တရက်ရပ်တန့်သွားပြီး ဝင်ရောက်ပတ်သက်ရန်အတွေးများကို စွန့်လွှတ်လိုက်သည်ကို သတိမထားမိလိုက်ပေ။

အကြည့်ချင်း ဆုံလိုက်ရုံဖြင့်ပင် ယင်းမှာ မပြစ်မှားသင့်သောသူတစ်ဦးဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။

ထို့ပြင် ဤအကြောင်းကို နားထောင်ခြင်းအားဖြင့် ၎င်းမှာ ဗောဓိဂိုဏ်း၏အတွင်းရေးကိစ္စတစ်ခု ဖြစ်ပုံရသောကြောင့် ဝင်မပါခြင်းကသာ အကောင်းဆုံးဖြစ်မည်။

ရှန်းယီက အပြင်လောကနှင့် မရင်းနှီးသော်လည်း အနည်းဆုံးတော့ ဗောဓိဂိုဏ်းမှာ အဓိက လမ်းစဉ်သုံးသွယ်ထဲကတစ်ခုဖြစ်ကြောင်း သိသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းမှာ မသေမျိုးခုံရုံး၏သုံးပုံတစ်ပုံပင်။

"ဆရာတော်... ပညာရှင်အဆင့်ဆိုတာ ဘာလဲဆိုတာ မေးလို့ရမလား"

သူ ထပ်မံဝင်ရောက်မပတ်သက်ရန် ဆုံးဖြတ်ထားသောကြောင့် ရှန်းယီက ပွင့်ပွင့်လင်းလင်းပင် ကြိုတင်မေးမြန်းလိုက်၏။

...

ဆရာတော်ကျစ်ခုန်းက တစ်ခဏမျှမှင်သက်သွားပြီးနောက် တစ်ဖက်လူမှာမည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်သော လေလွင့်မသေမျိုး တစ်ဦးဖြစ်ကြောင်းသတိရသွားပါသည်။

သူက အတွေ့အကြုံမရှိသူဖြစ်သော်လည်း လောကီရေးရာများကို လုံးဝနားမလည်သူ မဟုတ်ပေ။ ၎င်းကိုကြားလိုက်ရသောအခါ မိတ်ဆွေ ရှန်းဘာကိုရှာဖွေနေသည်ကို သူ နားလည်သွားခဲ့၏။

လေလွင့်မသေမျိုးတစ်ဦးအတွက် ထိုကဲ့သို့သော ဗဟုသုတများကို ရရှိရန်မှာနေရာအနှံ့သို့နှစ်ပေါင်းများစွာလှည့်လည်သွားလာရမည်ဖြစ်ပြီး မသေမျိုးများအတွက်အလုပ်များစွာကို လုပ်ဆောင်ပေးပြီးမှသာ ရရှိနိုင်ပါလိမ့်မည်။

ကျစ်ခုန်းက ခေါင်းခါလိုက်ပြီးလှည့်၍ ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှစုံတွဲထံသို့ စာအိတ်တစ်အိတ်ကို ကမ်းပေးလိုက်သည်။

"ဒါက ဒကာတော်တို့စုံတွဲက ဒီဘုန်းကြီးကို ပေးခဲ့တဲ့ အရာပါ။ဒီပစ္စည်းနဲ့ဆိုရင် အဲဒီလူရဲ့ခြေရာကို ရှာတွေ့နိုင်ပါလိမ့်မယ်။ဒီတာဝန်ကို ဒကာတို့ နှစ်ယောက်လုံးကိုပဲ ကျုပ်လွှဲအပ်လိုက်ပါတယ်"

All Chapters