← Chapters

ဆက်ဆံပုံ ပြောင်းလဲသွားခြင်း

Vol. 13 Ch. 179

ဆက်ဆံပုံ ပြောင်းလဲသွားခြင်း

Vol. 13 Ch. 179

“မင်း ၃နှစ် သီးသန့်တံခါးပိတ် ကျင့်ကြံရမယ်။ အပြင်ကို ထွက်လာခွင့် မရှိဘူး။ အဲဒါမင်းအတွက် အပြစ်ဒဏ်ပဲ”

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် သက်လတ်ပိုင်းလူအား မကြည့်ပဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သက်လတ်ပိုင်းလူ တိတ်ဆိတ်သွားမိသည်။ ထို့နောက် ပါးစပ်ထောင့်စွန်းရှိ သွေးတို့ကို သုတ်လိုက်ပြီး အကြီးအကဲထံ ဦးညွှတ်လိုက်၏။ တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင်တော့ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ရင်း လေးလေးစားစား ထွက်ခွာသွားလိုက်သည်။ သို့သော် သူ တောင်အစွန်းဆီသို့ လျှောက်သွားပြီး အောက်သို့ဆင်းသွားရန် ပြင်လိုက်စဉ်မှာပင် ...

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် မိုးရေထဲမှ စုမင် ရပ်နေသည့် ဟန်တောင်တန်း၏ သံကြိုးပေါ်သို့ လှမ်းကြည့်လိုက်ရင်း နောက်တစ်ကြိမ် ထပ်ပြောလာသည်။ “မင်းက အရမ်း အလောတကြီး ပြုမူခဲ့တယ်။ အရာအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားပေမယ့်၊ ဘာမှ ပြန်မရရှိခဲ့ဘူး။ ၃နှစ်ဆိုတာ အရမ်းနည်းလွန်းတယ်။ ၆နှစ် တံခါးပိတ် ကျင့်ကြံရမယ်။ လုံးဝထွက်မလာရဘူး “

ဤတစ်ကြိမ်တွင်တော့ သက်လတ်ပိုင်း လူသည် စိတ်မကျေနပ်မှု ရှိမနေရုံ သာမက အကြီးအကဲထံသို့ ပိုမိုလေးစားစွာဖြင့် ဦးညွှတ်လိုက်ချေသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ထိုလူ ထွက်ခွာသွားသည်နှင့် ပုချန့်တောင်သည် တိတ်ဆိတ်မှုအတွင်း ပြန်လည် ကျရောက်သွားသည်။

စုမင် ပုချန့်တောင်ဆီသို့ အေးစက်စက် လှမ်းကြည့်လိုက်သည်။ ရှေ့မှလာနေသည့် အေးစက်စက် အရှိန်အဝါတစ်ခုကို စုမင် ခံစားနေရသည်။ သူသာ ပထမကျောက်တိုင်ကို ဖြတ်သန်းပြီးသွားသည်နှင့် ထိုအေးစက်စက် အရှိန်အဝါသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ခြေလှမ်းတိုင်းတွင် ဝင်ရောက်လာမှာ ဖြစ်ပြီး သူ့ခြေလှမ်းများကို ပိုမို တောင့်တင်းစေလိမ့်မည် ဖြစ်ကြောင်း သူသေချာ ပြောနိုင်သည်။

‘ငါ ပိုပြီးတော့ ဝေးဝေးသွားနိုင်လေ၊ သံကြိုးရဲ့ ခက်ခဲမှုကလည်း ပိုတိုးလာလေ ဖြစ်နေမှာ။ ပြီးတော့ အခုလေးတင် ဖြစ်သွားခဲ့တဲ့ အရာက သေချာပေါက်ကို တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူး ...’

စုမင် မျက်လုံးတို့သည် ပိုမိုအေးစက်လာပြီး အေးစက်စက် လှောင်ပြုံးတစ်ခုသည် သူ့နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာခဲ့သည်။ သံကြိုး၏ ပထမဆုံးအပိုင်း အဆုံးတွင် ရပ်နေရာမှ ညာခြေကိုမြှောက်လျက် ပထမဆုံး ကျောက်တိုင်ပေါ်သို့ ခြေချလိုက်သည်။ မယုံနိုင်လောက်ဖွယ် အားတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ညာဘက်ခြေထောက်မှ တစ်ဆင့် သက်ရောက်မှု တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။

ကျောက်တိုင်ပေါ်သို့ ထိုအား ကျရောက်သွားသည်နှင့် ကျောက်တိုင်ထံမှ မြည်ဟည်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ အက်ကွဲသံများ ထွက်ပေါ်လာပြီး စုမင် ခြေထောက်အောက်တွင်း အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းများသည် အောက်ဆုံးထိတိုင် ပျံ့နှံ့သွားပြီး ကျောက်တိုင် တစ်ခုလုံးကို ထွင်းဖောက်သွားတော့သည်။

ကျောက်တိုင်သည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများအား စိန်ခေါ်ခဲ့ဖူးသည့် မည်သူမှ ကျောက်တိုင်ကို မဖျက်ဆီးရဲခဲ့သဖြင့် ၎င်းကျောက်တိုင်သည် မည်သည့်အခါကမှ ပျက်စီးခြင်း မရှိခဲ့ဖူးပေ။ ထိုအရာအပြင် အခြား အကြောင်းအရင်းများလည်း ရှိနေသေးသည်။ ထိုကျောက်တိုင်အား ဖျက်ဆီးလိုက်ပြီးသည်နှင့် သူတို့တွင် အနားယူရန် နေရာ ရှိနိုင်တော့မည် မဟုတ်ပဲ စိန်ခေါ်မှုသည် ပိုခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ပို အရေးကြီးသည်မှာ၊ ကျောက်တိုင်အတွင်းတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုစွမ်းအားသည် ၎င်းကျောက်တိုင်တို့အား အခြားသူများ ဖျက်ဆီးရန် မဖြစ်နိုင်သလောက် ပြုလုပ်ပေးထားသည်။ သို့သော် စုမင်သည်တော့ ထိုကဲ့သို့ လူများထဲမှ တစ်ယောက် မဟုတ်ခဲ့ပေ။

ထိုစွမ်းအားသည် ဟန်တောင်တန်း ဘိုးဘေးဆီမှ ဖြစ်သည်။ ၎င်းစွမ်းအားသည် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်၏ စွမ်းအားနှင့် တူညီနေခဲ့သဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်၏ စွမ်းအားကို ဆုပ်ကိုင်ထားနိုင်သည့် စုမင်အတွက်တော့ ကျောက်တိုင်များ အတွင်းရှိ စွမ်းအားသည် ပြဿနာတစ်ခု မဟုတ်တော့ပေ။

ဟန်တောင်တန်းဘိုးဘေး အသက်ရှိ နေသေးမည် ဆိုလျှင်တော့ ယခုလို ပြုလုပ်ခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်သော်လည်း ဟန်တောင်တန်းဘိုးဘေး သေဆုံး သွားခဲ့ချိန်မှစ၍ ကျောက်တိုင်များ အတွင်းရှိ ခိုင်ခံ့အောင် ပြုလုပ်နေသည့်စွမ်းအား အများစုသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်  စုမင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်အတွင်း သူ့ခန္ဓာကိုယ် အတွင်းရှိ သွေးကြော ၉၇၉ခုလုံး၏ စွမ်းအားများကို ပေါင်းထည့်လိုက်ပြီး အက်ကြောင်း တစ်ကြောင်းထံမှ တစ်ဆင့် ဖိအား သက်ရောက်စေလိုက်ပြီး ကျောက်တိုင်ကို ပျက်စီးသွားရန် လုပ်ဆောင်လိုက်သည်။

တုန်ခါမှုများသည် ကျောက်တိုင်တစ်ခုလုံး ဖြစ်ပေါ်သွားပြီး လူတိုင်း ပါးစပ်အဟောင်းသား ပွင့်လျက် ငေးကြည့်နေသည့် အချိန်မှာပင် သံကြုးအောက်မှ ကျောက်တိုင်သည် ကြေမွပျက်စီး သွားတော့သည်။

ထိုအရာ ပျက်စီးသွားသည်နှင့် သံကြိုးသည် အောက်သို့ ပြုတ်ကျသွားသော်လည်း ထိုအပေါ်၌ ရပ်နေသည့် စုမင်သည်တော့ အနည်းငယ်မျှပင် သက်ရောက်ခံလိုက်ရခြင်း မရှိပေ။ ကျောက်တုံး ပျက်စီးသွားသည့် အချိန်တွင် စုမင် သံကြိုးပေါ်တွင် ဖြောင့်တန်းစွာ ရပ်လိုက်ပြီး အဝေးရှိ ပုချန့်တောင်ဆီသို့ လှမ်းကြည့်လိုက်သည်။

‘မင်းတို့ ငါ့ကို တစ်ခါတိုက်ခိုက်တိုင်း၊ ငါက မင်းတို့ရဲ့ ကျောက်တိုင်တွေကို တစ်တိုင်ချင်း ဖျက်ဆီးပြမယ်’

စုမင် ထိုစကားလုံးများကို မပြောခဲ့သော်လည်း သူ၏အေးစက်စက် အကြည့်သည် သူပေးလိုသည့် သတင်းစကားကို ထုတ်ဖော်နေခဲ့သည်။

စုမင် သူတို့အား ခြိမ်းခြောက်ရန် စကားလုံးများကို မသုံးခဲ့ပေ။ ထိုအစား ပုချန့်မျိုးနွယ်၏ အစီအစဉ်များကို အပြုအမူဖြင့်သာ တုံ့ပြန်ရန် သူရွေးချယ်ခဲ့သည်။ သူ့တွင် ကျောက်တိုင်များကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိကြောင်း လုံးလုံးလျားလျား အသိပေးလိုက်ခြင်း ဖြစ်သည်။

ဟန်တောင်တန်း မြို့တော်မှ လူအုပ်ကြီးသည် ထိုအရာအား မြင်လိုက်ချိန်တွင် ရုတ်တရက် ပွက်လောရိုက် ဆူညံသွားတော့သည်။ သူတို့သည် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများအတွက် များစွာသော စိန်ခေါ်မှုတို့ကို မြင်တွေ့ခဲ့ ရဖူးသော်လည်း ယခုလို အရာများအား မည်သည့်အခါကမှ မမြင်ဖူး၊ မကြားဖူးခဲ့ချေ။ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် ကျောက်တိုင်သည် သူတို့ မျက်စိရှေ့တွင်ပင် ပျက်စီး သွားလိမ့်မည်ဟုလည်း တွေးပင် မတွေးမိခဲ့ချေ

“ပုချန့်မျိုးနွယ်စုရဲ့ ကျောက်တိုင် ရှစ်ခုထဲက တစ်ခုကို ဖျက်ဆီးခံလိုက်ရပြီ”

“အဲဒီကျောက်တိုင်တွေကို အတိတ်မှာ ဟန်တောင်တန်း မျိုးနွယ်စုက တည်ဆောက်ခဲ့ပြီးတော့ မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိတယ်လို့ ပြောကြတာ။ သူတို့ကို ချိုးဖျက်နိုင်ဖို့ ဆိုတာ အရမ်းခက်ခဲတယ်။ တကယ်ပဲ သူဘယ်လိုများ လုပ်လိုက်တာလဲ”

“အခု ဖြစ်သွားတဲ့အရာက ပုချန့်မျိုးနွယ်ရဲ့ လုပ်ရပ်အတွက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ... အဲဒါက မတန်ဘူးလေ။ ကျောက်တိုင် ပျက်စီးသွားပြီဆိုရင်၊ စိန်ခေါ်သူတွေအတွက် ပိုခက်ခဲသွားရုံပဲ ရှိမှာ။ သူတို့မှာ အနားယူစရာ နေရာရှိမှာတောင် မဟုတ်ဘူး”

“မဟုတ်ဘူးကွ၊ မင်း မှားတယ်။ ဒါက တကယ်တော့ သူ့အတွက် ပိုခက်ခဲအောင် လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါက ပုချန့်မျိုးနွယ်ရဲ့ မျှော်လင့်ထားတဲ့ အပြင်ကို ရောက်သွားပြီ။ အခုအချိန်မှာ တုန်လှုပ်ချောက်ချားနေမှာ သူမဟုတ်ဘူး။ ပုချန့်မျိုးနွယ်ပဲ”

“ကျောက်တိုင်တွေကို ဖျက်ဆီးခြင်းက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်တဲ့လူအတွက် စည်းမျဉ်းတွေကို ဆန့်ကျင်ရာ မရောက်ဘူး။ ဘယ်သူကမှ အဲဒါအတွက် ပြောနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ပုချန့်မျိုးနွယ်ကသာ ဟန်တောင်တန်း မျိုးနွယ်စု တည်ဆောက်ခဲ့သလို့ ကျောက်တိုင်တစ်ခုကို ပြန်မတည်ဆောက်နိုင်ရင် ဒါက ပုချန့်မျိုးနွယ်စု အတွက် ထာဝရ အမည်းစက်တစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါက သူတို့ ဂုဏ်သတင်း အတွက်တော့ အပျက်အစီး တစ်ခုပဲ။ သူက သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဆိုပေမယ့် သူတို့ကတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှတောင် မပြောနိုင်ရှာဘူး။ ပြီးတော့ တခြားလူတွေကလည်း ဒါကို မှတ်မိ နေကြမှာပဲ”

အရောင်စုံရေကန် မျိုးနွယ်စုတောင်ပေါ်ရှိ အဘွားအို၏ မျက်လုံးများသည် စူးရှသွား၏။ အဝေးရှိ သံကြိုးပေါ်တွင် ရပ်နေခဲ့သည့် စုမင်အား လေးနက်စွာ စိုက်ကြည့်လိုက်မိသည်။

သူမဘေးတွင် ယန်လွမ်သည် ခပ်ရေးရေး ပြုံးလိုက်သော်ငြား စကားတော့ မပြောခဲ့ပေ။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု သည်လည်း အလားတူ ပြုမူလိုက်မိကြသည်။ သူတို့သည် ပုချန့်တောင်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့မိ၏။

ပထမဆုံးကျောက်တိုင်ကို စုမင် ဖျက်ဆီးလိုက်သည့် အခိုက်အတန့်တွင် ပုချန့်တောင်ပေါ်၌ အကြီးအကဲနှင့် လူနှစ်ဦးမှလွဲ၍ ကျန်သူများအားလုံး မတ်တတ် ထရပ်လိုက်မိကြသည်။ ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးပေါ်တွင် ရပ်နေသည့် စုမင်အား ငေးကြည့်နေရင်း သူတို့၏ အမူအရာများ သည်တော့ မုန်းတီးမှုများဖြင့် ပြည့်နှက် နေခဲ့ကြသည်။

“သူကများ ဟန်တောင်တန်းရဲ့ ကျောက်တိုင်ကို ဖျက်ဆီးရဲတယ်ပေါ့”

“အကြီးအကဲ၊ ဒီလို ရိုင်းစိုင်းတဲ့လူ တစ်ယောက်ကို ကျွန်တော်တို့ အပြစ်ပေးမှရမယ်”

“အကြီးအကဲ၊ မျိုးနွယ်စုခေါင်းဆောင် ဒီလူက ကျွန်တော်တို့ရဲ့ ကျောက်တိုင်ကို ဖျက်ဆီးပြီးတော့ မျိုးနွယ်စုရဲ့ ဂုဏ်သတင်းကို ပျက်စီးစေတယ်။ ကျွန်တော်တို့က ဒီအတိုင်း ကျော်သွားပေးလို့ မဖြစ်ဘူး”

“တော်လောက်ပြီ “ပုချန့်မျိုးနွယ်စု အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။ သူပြောလိုက်သည်နှင့် ထိုဧရိယာ တစ်ခုလုံး တိတ်ကျသွားသည်။ “ဒါက ကျောက်တိုင်လေးတစ်ခု သက်သက်ပါပဲ။ အဲဒါက ဖျက်ဆီး ခံလိုက်ရတယ် ဆိုရင်တောင် ထားလိုက်ပါတော့။ သူဒီနေရာကို ရောက်လာနိုင်ခဲ့ရင် အဲဒီအချိန်ကြမှ ပြောကြတာပေါ့ “

အကြီးအကဲ၏ အမူအရာသည် အေးဆေးနေဆဲပင် ဖြစ်ပြီး သူ့အသံသည် တည်ငြိမ်နေခဲ့သော်ငြား သူ့မျက်လုံးများ အတွင်းတွင်တော့ အေးစက်မှုတစ်ခု ရှိနေခဲ့သည်။

အကြီးအကဲ၏ ဘေးတွင်တော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ထိုင်နေခဲ့ပြီး သူတောင်ထိပ်တွင် ထိုင်နေသည့် ပုံမှာ အသားတောင်လေး တစ်လုံးသဖွယ်ပင် ဖြစ်သည်။ သူသည် ပြုံးလျက် မျက်လုံးတို့ကို ကျဉ်းမြောင်းလိုက်ရင်း စကားပြောလိုက်သည်။

“သူကျောက်တိုင်ကို ဖျက်ဆီးလိုက်တာကလဲ ဆိုးတဲ့အရာတော့ မဟုတ်ပါဘူး။ အခြား မျိုးနွယ်စု၂စုနဲ့ ယှဉ်ရင် အနာဂတ်မှာ ပုချန့်မျိုးနွယ်စုရဲ့ သံကြိုးက စိန်ခေါ်သူတွေ အတွက် ပိုခက်ခဲလာလိမ့်မယ်။ အဲဒါဆိုရင် ငါတို့ကို အခြားသူတွေနဲ့လည်း ကင်းကင်းရှင်းရှင်း ဖြစ်လာစေမှာပဲ “

မျိုးနွယ်စု၃စု၏ တုန်လှုပ်သံများနှင့် မြို့တော်အတွင်းမှ လူအုပ်ကြီး၏ ပွက်လောက်ရိုက်သံများကို စုမင် မကြားနိုင်ပေ။ သူသည် ပထမဆုံးကျောက်တိုင် ပျက်စီးသွားခဲ့သည့် သံကြိုးပေါ်တွင်သာ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး ရှေ့သို့ဆက်သွားရန် အလျင်မလိုခဲ့ပေ။ ထိုအစား၊ သူ၏ အသက်ရှူနှုန်းကိုသာ ပြန်လည် ထိန်းညှိနေလိုက်သည်။

အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ခန့် ကုန်ဆုံးသွားပြီး နောက်တွင်တော့ ကောင်းကင်တွင် မိုးခြိမ်းသံများ ဆူညံလာခဲ့ပြီး မိုးသည် ပိုမိုသည်းထန် လာခဲ့တော့သည်။

မိုးရေစက်များသည် စုမင် ကိုယ်ပေါ်သို့ များစွာကျဆင်းလာခဲ့ပြီး သူ့ဝတ်ရုံအား သူ့အရေပြားနှင့် ကပ်သွားစေသည်။ လေသည်လည်း ပိုမို ပြင်းထန်လာခဲ့သော်ငြား စုမင် ထိုအရာအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ စုမင် အခြားသူများအား သူ့မျက်နှာကို မမြင်စေချင်သဖြင့် ဝတ်ရုံဖြင့် သူ့မျက်နှာအား သေချာစွာ ဖုံးအုပ်ထားခဲ့ခြင်း ဖြစ်သည်။

မိုးရေထဲမှာပင် သူရှေ့သို့ နောက်တစ်ကြိမ် လျှောက်လှမ်းလိုက်သည်။ ဤတစ်ကြိမ်တော့ သူမရပ်တန့်ခဲ့ပေ။ သူ့ခြေထောက်အောက်မှ အေးစက်မှုသည် ပိုမို အေးစက်လာသော်ငြား စုမင် လျင်မြန်တည်ငြိမ်သည့် ခြေလှမ်းများဖြင့် သံကြိုး ဒုတိယပိုင်း၏ အဆုံးရှိ ကျောက်တိုင်ဆီသို့ ဦးတည် သွားနေဆဲပင် ဖြစ်သည်။

အချိန်တို့သည် ကုန်ဆုံးလာလျက် ... စုမင် ဒုတိယကျောက်တိုင်နှင့် နီးကပ်လာသည့် အခိုက်အတန့်တွင်ပင် လူအုပ်ကြီးသည် ဒုတိယ ကျောက်တိုင်ကိုပါ စုမင် ဖျက်ဆီးပစ်မည်လား သိချင်စွာဖြင့် ငေးကြည့်နေကြသည့် အချိန်၌ ပညာသားပါသော အသံတစ်သံသည် ပုချန့်တောင်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဆရာ၊ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ကျန်နေသေးတဲ့ ဟန်တောင်တန်း ကျောက်တိုင်တွေကိုလည်း ကျေးဇူးပြုပြီး ဖျက်ဆီးပေးပါဦး။ မင်းကို ဒါနဲ့ပတ်သက်ပြီး ဒုက္ခပေးမိတာ အတွက် စိတ်မကောင်းပါဘူး။ ပြီးတော့ မင်းမှာ ပိုသာလွန်တဲ့ စွမ်းအားကို ပိုင်ဆိုင် ထားသေးရင်တော့ သံကြိုးကို ဖြတ်ချဖို့လည်း ကြိုးစားကြည့်လို့ ရပါတယ်။ အဲလိုဆိုရင် ကျွန်ုပ်တို့လည်း အခုကစပြီး အပြင်လူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာလိုမှာ မဟုတ်တော့ဘူး “

ထိုအသံသည် မည်သည့်စွမ်းအား မပါဝင်မနေဟန် ထင်ရသော်လည်း လူတို့၏နားများ အတွင်းသို့ ထိုစကားလုံးများ ကျရောက်သွားသည့် အချိန်တွင် သူတို့အား အဆိပ်ရှိမြွေများ ပစ်မှတ်ထားသကဲ့သို့ ခံစားလိုက်ရစေသည်။

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ဟန်တောင်တန်းမြို့တော်ရှိ လူအုပ်သည် တိတ်ကျသွားပြီး စုမင်ထံ လှမ်းကြည့်လိုက်မိကြသည်။ နန်ထျန်းနှင့် အခြားသူများသည်လည်း အလားတူပင် ကြည့်လိုက်မိ၏။ နန်ထျန်းမျက်လုံးများ အတွင်းရှိအလင်းသည် တောက်ပသွားခဲ့သည်။ ယခုတစ်ကြိမ် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများအား စိန်ခေါ်နေခြင်းသည် သူ့အတွက်တော့ ယခင် မြင်ဖူးခဲ့သည်များနှင့် လုံးဝကွဲပြား ခြားနားနေခဲ့၏။

‘ပုချန့်မျိုးနွယ်ရဲ့ အခုစကားလုံးတွေက ဒီလူကို သူ့ရဲ့ ကြမ္မာဆိုးဆီကို တွန်းအား ပေးနေတာပဲ။ ငါသာ သူ့နေရာမှာဆိုရင်၊ ငါ ဘာလုပ်မိမှာလဲ ...’

အေးစက်စက် လှောင်ပြုံးတစ်ခုသည် ရွှမ်းလွမ်၏ နှုတ်ခမ်းများတွင် ဖြစ်ပေါ်လာခဲ့သည်။ လေထဲရှိ သံကြိုးပေါ်တွင် ရပ်နေသည့် စုမင်ကို ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းများထက်မှ လှောင်ပြုံးသည် ပိုမိုအေးစက်လာခဲ့၏။

စုမင် ပုချန့်တောင်ဆီသို့ အေးစက်စွာ ကြည့်လိုက်ပြီး ညာဘက်ခြေထောက်ကို မလျက် ဒုတိယ ကျောက်တိုင်ပေါ်သို့ နင်းလိုက်သည်။ ထို့နောက်  ၎င်းအသံအား မကြားသကဲ့သို့ ထိုင်ချလိုက်ပြီး မျက်လုံးတို့ကို ပိတ်ချလိုက်သည်။ ထိုသူတို့အား လျစ်လျူရှုထားလိုက်ပြီး စတင်၍ အနားယူလိုက်တော့သည်။

ထိုအချိန်တွင် ဟန်တောင်တန်းမြို့တော်ရှိ လူတိုင်းသည် စုမင်အားကြည့်လျက် တိတ်ဆိတ် နေခဲ့ကြသည်။ အရောင်စုံရေကန် မျိုးနွယ်စုနှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုတို့မှ လူများသည်ပင် စုမင် ထိုအခြေအနေအား ပြန်လည်အဖြေပေးရန် ရွေးချယ်မည့်အချိန်ကို စောင့်ဆိုင်းရင်း သူ့အား ငေးကြည့်နေခဲ့ကြသည်။

ခဏအကြာတွင် စုမင်မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ပြီး တတိယအပိုင်းသို့ သွားရန်ပြင်လိုက်သည်။ သူခြေချလိုက်မိသည့် အခိုက်အတန့်တွင်ပင် ပြင်းထန်သည့် ဖိအားသည် သံကြိုးမှ ပျံ့နှံ့လာခဲ့သည်။ ထိုဖိအားသည် အချိန်အတော်ကြာကပင် တည်ရှိနေခဲ့ဟန်ဖြင့် ရှေးကျသည့် တည်ရှိမှုတစ်ခု ပါဝင်နေခဲ့သည်။ ထိုအရာသည် တစ်ယောက်ယောက် ရှေ့သို့ တိုးလာချိန်ကြမှသာ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

သူ့အပေါ်သို့ ဖိအား ကျရောက်လာသည်နှင့် စုမင် နှလုံးခုန်သံသည်ပင် ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူ့ချီကို လှည့်ပတ်လိုက်ရင်း ဖိအားအများစုကို ပျောက်ကွယ် သွားစေလိုက်ရင်း သံကြိုးတစ်လျှောက် ရှေ့သို့ ဦးတည်သွားလိုက်သည်။

သူ ခြေလှမ်းများများ ပိုလှမ်းလေ၊ ဖိအားသည် ပိုပြင်းထန် လာလေလေပင် ဖြစ်သည်။ စုမင် ရှေ့သို့ ခြေလှမ်းငါးလှမ်းသာ လှမ်းရသေးသော်လည်း ထိုဖိအားကြောင့် သူ့ခန္ဓာကိုယ် အတွင်း အနည်းငယ် ယိုယွင်း ပျက်စီးသွားသည်ဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ၎င်းခံစားချက်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံး ဖြည်းညင်းစွာ အိုမင်း သွားသကဲ့သို့ပင် ဖြစ်သည်။

‘ဆိုတော့ ဒါက ဟန်တောင်တန်း သွယ်ဆက် သံကြိုးတန်းတွေရဲ့ အစစ်အမှန် ခွန်အားလား ... ရုပ်နယ်လွန်အဆင့် ရှိသူတွေတောင် အချိန် ကြာလာတာနဲ့အမျှ ဒီတည်ရှိမှု ဖိအားကြောင့် စွမ်းအား လျော့ကျသွားရတယ် ဆိုတာ မအံ့သြတော့ပါဘူး’

‘သံကြိုးရဲ့ တတိယအပိုင်းက သွေးကြောကျောက်သား အဆင့်၈ရှိသူတွေ အတွက် ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ ဒါကို ကိုင်တွယ် ဖြေရှင်းနိုင်ပါသေးတယ်’

စုမင် ရှေ့သို့ တိတ်ဆိတ်စွာ ဆက်လျှောက်သွားလိုက်သည်။ သူ ခြေလှမ်း၁၅လှမ်း မြောက်သို့ ရောက်သည့် အခိုက်အတန့်တွင်ပင် ပုချန့်တောင်ဆီမှ ပညာသားပါသော အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။

“ဆရာ၊ ငါတို့ မင်းကို မေးထားခဲ့တဲ့ အရာလေးနဲ့ ပတ်သက်လို့ ...”

ထိုအသံ ထွက်ပေါ်လာသည့် အချိန်တွင်ပင် စုမင် နောက်ဘက်မှ ဒုတိယ ကျောက်တိုင်သည် ရုတ်တရက် တုန်ခါသွားပြီး များစွာသော အပိုင်းအစများအဖြစ် ကြေမွသွားသည်။ ၎င်းသည် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ပြိုကျပျက်စီး သွားတော့သည်။

ပုချန့်တောင်ဆီမှ အသံသည်လည်း နောက်ဆက်တွဲ စကားလုံးများအား ပြန်လည် မျိုချလိုက်ဟန်ဖြင့် ရုတ်ခြည်း အေးခဲရပ်တန့် သွားတော့သည် ...

အဆုံးထိတိုင်အောင်ပင် စုမင် စကားပြောရန် ပါးစပ်မဖွင့်ခဲ့ပေ။ သူ့နောက်ဘက်မှ ဒုတိယကျောက်တိုင် ပျက်စီးသွားခဲ့သော်လည်း သူသည် ခေါင်းကို ပြန်လှည့်၍ကြည့်ခြင်း ရပ်တန့်လိုက်ခြင်းမျိုးပင် မရှိခဲ့ပါချေ။ ကျောက်တိုင်သည် ရုတ်တရက် အောက်သို့ လျော့ကျသွားသော်ငြား သူသည် တတိယ ကျောက်တိုင်ဆီသို့သာ ဦးတည် သွားလိုက်သည်။ အချိန် ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသည့် ဖိအားကို ရင်ဆိုင်ရင်းဖြင့် ကျောက်တိုင်ဆီသို့ နီးကပ်လာခဲ့လေသည်။

သူ၏ တိတ်ဆိတ်မှုသည် ကျောက်တိုင် ပျက်စီးသွားသည်ကို မြင်လိုက်ရသူများအား မှင်တက်ကြောင်အ သွားစေသည်။ ထိုသို့ ဖြစ်သွားရခြင်းသည် ကျောက်တိုင် ပျက်စီးသွားခြင်းကြောင့်သာ မဟုတ်ပဲ သူတို့၏ စုမင်အပေါ် မသင်္ကာမှုများ ဖြစ်ပေါ်လာခြင်းကြောင့်လည်း ဖြစ်သည်။

“သူ့နာမည်က ဘာလဲ ... သူက သေချာပေါက်ကို သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး”

“ဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေးက ကြောက်စရာပဲ”

“ပုချန့်မျိုးနွယ်က နောက်ထပ် ဘာဆက်လုပ်မလဲ ဆိုတာ ငါသိချင်လိုက်တာ ...”

လူများသည် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြချိန်တွင် စုမင်သည်တော့ တတိယ ကျောက်တိုင်ပေါ်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ရှေ့သို့ ဆက်မလျှောက်ခင် ထိုနေရာတွင် ခဏသာ ရပ်တန့်ခဲ့လေသည်။

မြည်ဟည်းသံများသည် သူ့နောက်မှ ထွက်ပေါ်လာခဲ့ပြီး တတိယ ကျောက်တိုင်သည်လည်း ပြိုကျပျက်စီး သွားတော့သည်။

စတုတ္ထနှင့် ပဉ္စမမြောက် ကျောက်တိုင်များအား ဖြတ်သန်းလာချိန်အထိ သူတိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

ပဉ္စမမြောက် ကျောက်တိုင် ပျက်စီးသွားချိန်တွင်တော့ သံကြိုးပေါ်မှ စုမင်ခြေလှမ်းများ နှေးကွေးလာခဲ့ပြီ ဖြစ်သည်။ သူ့အသက်ရှူသံ သည်လည်း အနည်းငယ် မောပန်းလာခဲ့၏။ အိုမင်းသည့် ခံစားမှုသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားသည်မှာ သူသည် အဘိုးအိုတစ်ဦး အဖြစ် ပြောင်းလဲ သွားသကဲ့သို့ပင် ခံစားနေရလေသည်။

***

All Chapters