← Chapters

အလုပ်အကိုင်ပြီးမြှောက်ခြင်း

Vol. 95 Ch. 948

အလုပ်အကိုင်ပြီးမြှောက်ခြင်း

Vol. 95 Ch. 948

အရုဏ်ဦး၏ပထမဆုံး အလင်းတန်းများကြား၊ ပါးလွှာသောမြူခိုးများနောက်ကွယ်တွင် ခရမ်းရောင်မုတ်ဆိတ်မွေးများနှင့် နဂါးဖြူတစ်ကောင်က ကောင်းကင်ယံ၌ပျံသန်းနေကာ သူ၏အသက်ရှူသံက ပြင်းထန်သောမိုးချုန်းသံကဲ့သို့ ထွက်ပေါ်နေပြီး ကျန်းယန်စီရင်စု၏ ကျယ်ပြန့်သောနယ်မြေပေါ်သို့ ဖြည်းညှင်းစွာ ဖြတ်သန်းသွားလေသည်။

တိမ်တိုက်များဖန်တီးခြင်းနှင့် မိုးရွာသွန်းစေခြင်းတို့က မသေမျိုးခုံရုံး၏တာဝန်များဖြစ်ပြီး မသေမျိုးများမှ အထူးတလည်စီမံခန့်ခွဲရခြင်းဖြစ်ပေသည်။

နဂါးဖြူက မိုးရွာသွန်းစေရန်စီစဉ်နေသည်ဟု ဆိုခြင်းထက် အခြားနေရာများမှရေများကို ဤစီရင်စုအတွင်းသို့ရွှေ့ပြောင်းပေးနေသည်ဟုဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။

အကယ်၍ သာမန်တောရိုင်းနတ်ဆိုးတစ်ကောင်ကသာ ဤတာဝန်ကိုယူခဲ့ပါက ဘေးအန္တရာယ်များပင် ကျရောက်သွားနိုင်ပြီး မသေမျိုးခုံရုံး၏သေဒဏ်ပေးခြင်းကို ရှောင်လွှဲ၍ရနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူက အင်ပါယာ၏အမိန့်အရဆောင်ရွက်နေခြင်းဖြစ်ရာ ပုံမှန်မဟုတ်သော်ငြားလည်း သာမန်အခြေအနေများအောက်တွင် မည်သူကမျှဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။

"နေ့ခင်းကြောင်တောင် အိပ်မက်မမက်နေနဲ့"

မြေစောင့်ဘုရားကျောင်း၏အရှေ့တွင် အဘိုးအိုတစ်ဦးက သူ၏တုတ်ကောက်ကို ပစ်ပေါက်လိုက်ရာ ထိုတုတ်ကောက်က လေထဲသို့မြောက်တက်သွားပြီး နဂါးဖြူ၏နဖူးကို မပြင်းလွန်းမပေါ့လွန်းသောအနေအထားဖြင့် သွားရောက်ခေါက်မိလေ၏။

"အား..."

ကျစ်ယန်က နာကျင်စွာအော်ဟစ်လိုက်ပြီး သူ လိုက်လံကြည့်ရှုနေသောအကြည့်များကို ရုပ်သိမ်းလိုက်လေသည်။

ဂိုဏ်းချုပ်ရှန်းက ဘုန်းကြီးနှင့်အတူ ပျောက်ကွယ်သွားခဲ့ခြင်း နှင့် မြေစောင့်မသေမျိုး ယခင်ကပြောခဲ့သည့် စကားများနှင့်ပေါင်းစပ်ကြည့်လျှင် ကျစ်ရှန်းက မိုးရွာသွန်းစေရန် စီစဉ်ပေးလိုစိတ် အနည်းငယ်မျှသာရှိပြီး ခိုးထွက်သွားရန်အခွင့်အရေးကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်သည်မှာ ထင်ရှားပေသည်။

"မင်းမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ ရှိသေးတယ်ဆိုတာ မမေ့နဲ့"

မြေစောင့်မသေမျိုးက သူ၏တုတ်ကောက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ကာ အဓိပ္ပာယ်ပါပါ သတိပေးလိုက်ပြီးနောက်အကြည့်လွှဲကာ လူငယ် တပည့်နှစ်ဦး၏တွဲကူမှုဖြင့် ဘုရားကျောင်းအတွင်းပိုင်းသို့ လျှောက်လှမ်းသွားလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်အဖော်တွေဖြစ်ခဲ့ကြတော့ ဒီလိုအချိန်တိုလေးအတွင်းမှာ စိတ်အေးလက်အေးရှိဖို့ဆိုတာ ခက်ခဲမှာပါ"

တပည့်တစ်ဦးက ခေါင်းယမ်းပြရင်း သူ၏ကိုယ်စား ရှင်းပြလိုက်သည်။

မြေစောင့်မသေမျိုး၏အခန်းကဏ္ဍက အလွန်ပင် ထူးခြားလှပေသည်။ မသေမျိုးခုံရုံးထံမှ လစာရိက္ခာရရှိသော်လည်း သူ၏တစ်သက်တာတွင် မသေမျိုးခုံရုံးသို့ တစ်ခါမျှသွားရောက်နိုင်မည် မဟုတ်ပေ။

ယင်းအစား သူက အင်ပါယာမင်းဆက်နှင့် ပို၍ နီးကပ်စွာဆက်နွှယ်နေပြီး အင်ပါယာ၏ကိစ္စရပ်များကို မကြာခဏကိုင်တွယ်ဖြေရှင်းရကာ ကြီးကြပ်ကွပ်ကဲမှုတာဝန်အချို့ကိုလည်း တစ်ပြိုင်နက်တည်း ထမ်းဆောင်ရလေ၏။

သို့သော် လက်ရှိ လူသားဧကရာဇ်သည် လွန်စွာပြတ်သားမှုရှိသည့် လူတစ်ဦးဖြစ်ပေသည်။

သူ၏အုပ်ချုပ်မှုကာလအတွင်း နတ်ဘုရားနယ်မြေက ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်နေရမည်ဖြစ်သည်။

မကြာသေးမီက အင်ပါယာမင်းဆက်က လှည့်လည်သွားလာနေသောမသေမျိုးများကိုစုဆောင်းရန်နှင့် လောကရှိ ပညာရှိများကို သူတို့အတွက်အသုံးပြုရန် စိတ်ကူးရခဲ့ကြလေ၏။

၎င်းတို့၏တာဝန်များထဲတွင် တိမ်တိုက်များဖန်တီးခြင်းနှင့် မိုးရွာသွန်းစေခြင်းဟူသော အရေးကြီးသည့် တာဝန်ကြီးလည်း ပါဝင်လေသည်။

ဤအရာက ပြည်သူများ၏သက်သာချောင်ချိရေးနှင့် သက်ဆိုင်နေသော်လည်း အဘယ်ကြောင့် ဤမျှထိအရေးပါနေသနည်းဆိုသည်ကို သူတို့ မသိရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စအတွက် မသေမျိုးခုံရုံးတွင် တာဝန်ရှိသောကြောင့်ပင်။

မိုးခေါ်တမန်တော်များစွာကို စုဆောင်းရန်အတွက် ကြီးမားသောကုန်ကျစရိတ်များကို သုံးစွဲခြင်းက မသေမျိုးခုံရုံးဘက်မှပြတ်လက်သည့်အခါများတွင် လစ်ဟာမှုများကိုဖြည့်ဆည်းပေးရန်အတွက်သာ ဖြစ်ပုံရလေသည်။

သို့သော် အင်ပါယာမင်းဆက်မှ ယင်းကို အရေးကြီးသည်ဟုယူဆထားသောကြောင့် သတ်မှတ်အရေအတွက်ပြည့်မီရန် အရည်အချင်းရှိသူများကို ရှာဖွေရခြင်းကိုလည်း ၎င်းတို့ကကန့်ကွက်စရာမရှိပေ။

ဤနဂါးဖြူအနေဖြင့် အလိုက်တသိရှိရန်သာ လိုအပ်ပြီး သူ့အတွက်အလားအလာကောင်းသော အနာဂတ်တစ်ခုရှိလာလိမ့်မည်ဖြစ်သည်။

ထိုတာအိုနယ်ပယ်မှ လေလွင့်မသေမျိုး နှင့် ပတ်သက်၍မူ တစ်ဖက်လူမှာ ဤလစာရိက္ခာကို တန်ဖိုးထားမည်မဟုတ်လို သူကိုယ်တိုင်လည်း နှိမ့်ချမည် မဟုတ်ချေ။

မည်သည့် ရှုပ်ထွေးမှုမှမရှိဘဲ၊ သူ၏ခရီးစဉ်ကို စတင်သည်နှင့် တစ်ပြိုင်နက်ပြဿနာများကြားသို့မကျရောက်သွားစေရန် လုံလောက်သောကံတရားရှိပါစေဟုသာ မျှော်လင့်ရမည်။

ကျန်းယန်စီရင်စု၏မြေစောင့်မသေမျိုးတွင် အလွန်ကြွယ်ဝသောအတွေ့အကြုံများ ရှိလေသည်။ သူ အကဲဖြတ်မှားယွင်းမှုမှာ ရှားပါးလှပြီးမှားယွင်းသောဆုံးဖြတ်ချက်ကို ချမှတ်ခဲလှ၏။

ဥပမာအားဖြင့် ဗောဓိဂိုဏ်းကျင့်ကြံသူများနှင့် ပတ်သက်သည့် လက်ရှိပဋိပက္ခက သူ၏အမြင်တွင် အလွန်ရှုပ်ထွေးကာ၊ အသက်အန္တရာယ်ရှိသည့် ရွှံ့နွံကြီးတစ်ခုပင်။

ထိုလူနှစ်ဦးက ကောင်းကင်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း မရှိသလို အင်ပါယာ၏ဥပဒေများကိုလည်း ထိပါးခဲ့ခြင်း မရှိပေ။

ယင်းက မိသားစုအတွင်းရေးကိစ္စသက်သက်သာ ဖြစ်ပေသည်။

အကယ်၍ သူက သတင်းပို့လိုလျှင်ပင် မည်သို့ သတင်းပို့ရမည်ကို သိမည်မဟုတ်ပေ။

မြေစောင့်မသေမျိုးကိုယ်တိုင်ပင် ပါဝင်ပတ်သက်ရန်မဝံ့ရဲသော ကိစ္စရပ်တစ်ခုကို ထိုလူငယ်က ချက်ချင်း သဘောတူခဲ့သည်မှာ... မိုက်မဲခြင်း သို့မဟုတ် မွေးရာပါသတ်ဖြတ်ခြင်းကံကြမ္မာ ပါလာသောပြဿနာများသူဖြစ်ရပေမည်။

မည်သို့ပင်ဖြစ်စေ သူက ဝင်ရောက်စွက်ဖက်လိုစိတ် မရှိချေ။

ကျန်းယန်စီရင်စုမှ ပြည်သူများဘေးကင်းနေသရွေ့ ဤဒေသ၏ကွယ်ရာအမှောင်ထောင့်များတွင် ကျင့်ကြံသူအလောင်းမည်မျှမြှုပ်နှံထားသည်ဖြစ်စေ အင်ပါယာမင်းဆက်နှင့် မသက်ဆိုင်ပေ။

သူ ဘာမှမမြင်မကြားလိုက်ရသလိုသာနေလိမ့်မည်။

"သူတို့အနှေးနဲ့အမြန် အသားကျသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနှစ်ယောက်က လမ်းကြောင်းတူတာမှ မဟုတ်တာ။သူတို့ လမ်းခွဲလိုက်တာက ပိုကောင်းပါတယ်"

"ဒီစုံတွဲပါသေသွားမယ်ဆိုရင် အဲဒီဝေးလံခေါင်ဖျားတဲ့ဒေသဆီကို သတင်းပို့ပေးမယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူး"

ကျန်းယန်စီရင်စု မြေစောင့်မသေမျိုးက သက်ပြင်းအနည်းငယ်ချလိုက်ပြီး ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သေးငယ်သောနေရာများမှ လူများက များသောအားဖြင့် ၎င်းတို့၏မွေးရပ်မြေမျှော်လင့်ချက်များကို အကြီးအကျယ်ထမ်းပိုးထားရတတ်ပြီး ဤကိစ္စမျိုးကို သူအသားကျနေပြီဖြစ်သည်။

သို့သော် သူ နောက်ထပ်ခြေတစ်လှမ်း မလှမ်းရသေးမီမှာပင် သူ၏မျက်လုံးများ တောက်ပသွားပြီး နောက်သို့ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လေ၏။

"ဝုန်း..."

နဂါးဖြူက အလင်းတန်းတစ်ခုအဖြစ်မြေပြင်ပေါ်သို့ဆင်းသက်လာရင်း လူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားကာ အဝေးတစ်နေရာဆီသို့ ငေးကြည့်ရင်းမျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသောအမူအရာဖြင့် အော်ပြောလိုက်သည်။

"မြေစောင့်မသေမျိုးကြီး... သူတို့ ပြန်လာကြပြီ"

ယင်းကိုကြားသောအခါ တပည့်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အလျင်အမြန်ချောင်းအနည်းငယ်ဟန့်ကာ ခေါင်းငုံ့ထားလိုက်ကြလေသည်။

မြေစောင့်မသေမျိုး၏မျက်နှာက ရဲတက်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အသားမည်းသောကြောင့်ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့၏။

သူက ထိုအရပ်မျက်နှာဆီသို့အကြည့်များကို စူးစိုက်လိုက်သည်။ ထို့နောက် အတူတကွယှဉ်တွဲ လမ်းလျှောက်လာသော လူနှစ်ဦးနှင့် ၎င်းတို့နောက်မှလိုက်ပါလာသော ခရမ်းရောင်တိမ်တိုက်ဂိုဏ်းမှ ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာထားများနှင့်တပည့်များကို မြင်လိုက်ရလေသည်။

၎င်းတို့၏အမူအရာများက ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း ရှင်းလင်းစွာပြသနေလေသည်။

သို့သော် လေးယောက်စလုံးသည် ပွန်းပဲ့ဒဏ်ရာ တစ်ချက်မျှပင်မရှိဘဲ ၎င်းတို့၏အငွေ့အသက်များလည်း မပြောင်းလဲဘဲ အကောင်းပကတိပြန်လည် ရောက်ရှိလာကြ၏။

သူသိထားသလောက်ဆိုလျှင် လောကခရီးသည် ကျစ်ခုန်းက လင်ကွမ်းထက်ပို၍အစွမ်းထက်သော်လည်း လုံးဝအပြတ်အသတ်သာလွန်နေခြင်းမျိုးတော့ မဟုတ်ပေ။

ထို့နောက် လူငယ်လေးအပေါ် ကျစ်ခုန်း မည်သို့ ဆက်ဆံနေသည်ကို သူလေ့လာကြည့်လိုက်၏။

မထွက်ခွာမီကကဲ့သို့ တန်းတူညီမျှနူးညံ့သိမ်မွေ့စွာ ဆက်ဆံနေသော်လည်း ပထမအကြိမ်မှာ ကျစ်ခုန်း၏မွေးရာပါနှိမ့်ချတတ်ပြီး ယဉ်ကျေးသော သဘာဝကြောင့် ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင်မူ သူက လူငယ်လေးအား ရင်းနှီးသောသူငယ်ချင်းတစ်ဦးကဲ့သို့ ရှင်းလင်းစွာ ဆက်ဆံနေပြီးကျေးဇူးတင်သည့် အရိပ်အယောင်များပင် ပြသနေလေသည်။

"..."

ကျန်းယန်စီရင်စု၏ မြေစောင့်မသေမျိုးက ဘုရားကျောင်းအပြင်ဘက်သို့ထွက်လာပြီး ဝတ်ရုံနက် ဝတ်ဆင်ထားသောလူငယ်ထံသို့ သူ၏အကြည့်များ ပြန်လည်ရောက်ရှိသွားလေသည်။

သူ၏အမူအရာမှာ တဖြည်းဖြည်းနှင့် ပိုမို ရှုပ်ထွေးလာခဲ့၏။

"အရူးတစ်ယောက် မဟုတ်ရင်တော့ သေချာပေါက် သတ်ဖြတ်ခြင်းကံကြမ္မာပါလာတဲ့ မွေးရာပါ ကပ်ဆိုးကြီးပဲ ဖြစ်ရမယ်"

သူ၏အနံ့ခံနိုင်စွမ်းကို သူကိုယ်တိုင်ယုံကြည်ပါသည်။ ဤလူငယ်ထံမှ ရနေသော သွေးနံ့များက မသေမျိုးဆေးရည်ဖြင့် ဆေးကြောလျှင်ပင် ပျောက်ကွယ်သွားရန်မဖြစ်နိုင်လုနီးပါးဖြစ်နေ၏။

ဤသို့သောသတ္တဝါမျိုးသာ တူညီသော စွမ်းအားကို ပိုင်ဆိုင်ထားပါက...

"ကိစ္စတွေ ပြေလည်သွားပြီလား"

မြေစောင့်မသေမျိုးက သူ၏အကြည့်ကို အနည်းငယ်မြှင့်လိုက်ရင်း မေးလိုက်၏။

"ပြေလည်သွားပါပြီ မြေစောင့်မသေမျိုးကြီး"

ဘုန်းကြီးလေး ကျစ်ခုန်းက ခေါင်းညိတ်ကာ လက်အုပ်ချီလျက် ပြန်ဖြေလိုက်သည်။

"မိတ်ဆွေ မသေမျိုးရှန်းရဲ့ အကူအညီကြောင့်ပါ။ မဟုတ်ရင် ဒီဘုန်းကြီးလေးက ကြီးမားတဲ့ ကပ်ဘေးဒုက္ခကြီးတစ်ခုကိုဖန်တီးမိလုနီးပါး ဖြစ်သွားမှာ"

ဤစကားများ ထွက်ပေါ်လာချိန်တွင် ကျစ်ယန်က နောက်ဆုံး၌အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိလေ၏။

အဘိုးအို မြေစောင့်မသေမျိုးကြောင့် သူ အတော်လေးလန့်သွားခဲ့သည်။ သူ တွေးထားသည့်အတိုင်းပင်။

မျက်တောင်မခတ်သတ်ဖြတ်နိုင်စွမ်းရှိပြီး မသေမျိုးများကိုပင် သတ်ဖြတ်ရန်သတ္တိရှိသည့် ဟုန်ကျယ်အားပြန်လည်ငြိမ်းချမ်းစေနိုင်သူ တစ်ယောက်အနေဖြင့် ကျန်းယန်စီရင်စုကြောင့် မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။

"မြေစောင့်မသေမျိုးကြီး... ကျွန်တော် ပြောသားပဲ၊ ကျွန်တော့်အစ်ကိုက နတ်ဆိုးတွေကိုသုတ်သင်တဲ့ နေရာမှာ ကျွမ်းကျင်ပါတယ်လို့။ ခင်ဗျား သူ့အတွက်အလုပ်တစ်ခုလောက် မြန်မြန်ရှာပေးသင့်တယ်။ မဟုတ်ရင် ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွတ်သွားပြီး ဒီဘုရားကျောင်းကိုပါ ဆုံးရှုံးရလိမ့်မယ်"

သူက လှည့်ကာ မြေစောင့်မသေမျိုးအား ဆက်လက်၍ချီးမွမ်းခန်း ဖွင့်နေလေသည်။

ကျစ်ယန် နှင့် ယှဉ်ပါက မသေမျိုးဝတ်ကြွေးပြုအဘ်ိုးအိုနှစ်ဦးမှာ ဆရာတော် ကျစ်ခုန်း၏စကားများကြောင့် အလွန်ထိတ်လန့်သွားကြလေ၏။

"မသေမျိုးရဲဘော် ရှန်း ရဲ့ အကူအညီကြောင့် ဟုတ်လား"

သင် မမေ့ထားသင့်သည်မှာ၊ ဤဘုန်းကြီးလေး ကျစ်ခုန်းက အခြားသော နတ်ဆိုးများကို သွားရောက်နှိမ်နင်းခဲ့ခြင်းမဟုတ်ဘဲ ဗောဓိဂိုဏ်းမှ အခြားကျင့်ကြံသူတစ်ဦးကို သွားရောက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ အမှားလုပ်မိထားလျှင်ပင် သူကိုဂရုစိုက်မည့် ဂိုဏ်းတူတပည့်အချို့ သို့မဟုတ် အကြီးအကဲများ ရှိနေနိုင်သေး၏။

ယခုမှထွက်ပေါ်လာသော ဤတာအိုနယ်ပယ်မှ လေလွင့်မသေမျိုးက ချက်ချင်းပင် လမ်းစဉ်သုံးသွယ်ကို စော်ကားလိုက်ခြင်းလော။

ဤကဲ့သို့သော သတ္တိနှင့် ထိုးထွင်းသိမြင်မှုမျိုးက မည်သည့် ဘုရားကျောင်းငယ်ကမျှ ကိုင်တွယ်နိုင်မည့်အရာမျိုးမဟုတ်ပေ။

လျှင်မြန်စွာလက်လွတ်လိုက်ရသည်က ပိုကောင်းပေလိမ့်မည်။

သို့သော် အစစ်အမှန် မသေမျိုးမဟုတ်သည့် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ဦးက လောကခရီးသည်များကြားရှိပဋိပက္ခတွင် မည်သည့် အခန်းကဏ္ဍမှ တိတိကျကျပါဝင်ခဲ့သနည်းဆိုသည်ကို ၎င်းတို့ အနည်းငယ် သိချင်နေမိကြသေး၏။

"အလုပ်အကိုင် ဟုတ်လား..."

မြေစောင့်‌မသေမျိုးက ရှန်းယီအားစူးစိုက်ကြည့်လိုက်ရင်း သူ၏တုတ်ကောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ဆိုလိုက်သည်။

"မသေမျိုးမိတ်ဆွေ... ကျေးဇူးပြုပြီး ဆွေးနွေးဖို့ ဘုရားကျောင်းထဲကို ဝင်သွားကြရအောင်"

အက်အားရှိပြီး သတ်ဖြတ်ခြင်းဝါသနာပါသူများကို သူမြင်ဖူးသော်လည်း ထိုကဲ့သို့သော သူများအားလုံးမှာ နောက်ခံရာဇဝင်ရှင်းလင်းသော ဂိုဏ်းကြီးများမှ တပည့်များသာဖြစ်ကြသည်။

သူတို့ ပြဿနာများ ဖန်တီးခဲ့လျှင်ပင် အနည်းဆုံးတော့ သူတို့၏ဆရာများ သို့မဟုတ် အကြီးအကဲများကိုစစ်ဆေးနိုင်ပြီး သင့်လျော်သော အပြစ်ပေးခြင်း နှင့် လျော်ကြေးပေးခြင်းများပြုလုပ်နိုင်လေသည်။

သို့သော် ဤလူငယ်မှာမူ ကွဲပြားခြားနားလေ၏။

သူ မှန်းဆချက် မှန်ကန်ပါက တစ်ဖက်လူကလည်း ဟုန်ကျယ်မှ ဖြစ်သင့်ပေသည်။

ဤလူငယ် ရှန်းတွင် လောကခရီးသည်များ၏တိုက်ပွဲ၌ ပါဝင်နိုင်သည့် စွမ်းရည်ရှိနေပါက ဟုန်ကျယ်ကဲ့သို့ဝေးလံခေါင်ဖျားသော နေရာမျိုးမှ ရှီယန်အနေဖြင့် သူ့ကိုထိန်းချုပ်နိုင်မည် သို့မဟုတ် လျော်ကြေးပေးနိုင်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ် ကောင်းလှပေသည်။

ရှန်းယီအတွက် အလုပ်တစ်ခုရှာပေးခြင်းထက် သူ၏အပေါ် ကန့်သတ်ချက်အချို့ထားရှိခြင်းက ပို၍ အရေးကြီးလေ၏။

"ဟူး..."

မြေစောင့်မသေမျိုးက သူ၏ဝတ်ရုံအတွင်းသို့ လက်နှိုက်ကာ အေးစက်နေသောတံဆိပ်ပြားကို ပွတ်သပ်လိုက်ပြီး တဖြည်းဖြည်းဆုံးဖြတ်ချက်ချလိုက်လေသည်။

သူက နတ်ဆိုးတွေကိုသုတ်သင်တဲ့နေရာမှာ ထူးချွန်နေရင်လည်း... ဖြစ်ချင်တာဖြစ်ပါစေတော့။

သူက လှည့်လိုက်ပြီး ရှန်းယီဘုရားကျောင်းအတွင်းသို့ ဝင်လာရန်စောင့်ဆိုင်းနေလိုက်ကာ ထို့နောက် ဘုရားကျောင်းတံခါးကို ဖြည်းညှင်းစွာပိတ်လိုက်လေသည်။

"..."

ရှန်းယီက မြေစောင့်မသေမျိုး၏လုပ်ရပ်များကို တိတ်ဆိတ်စွာစောင့်ကြည့်နေပြီး ဘာစကားမျှ မဆိုချေ။

တစ်ဖက်လူ၏အမူအရာတွင် ပုံမှန်မဟုတ်သော တစ်စုံတစ်ရာရှိနေသည်ကို သူ အမှန်တကယ်ပင် သတိပြုမိလေ၏။

သို့သော် တံခါးဝတွင် ဗောဓိဂိုဏ်းမှကျင့်ကြံသူတစ်ဦးရှိနေသေးသည်ကိုပင် မဆိုနှင့်၊ တစ်စုံတစ်ရာ လွဲချော်မှုရှိခဲ့လျှင် သူကလက်ပိုက်ကြည့်နေရန် အကြောင်းမရှိပေ။

မြေစောင့်မသေမျိုးက အဆင့် ၈ မျှသာ ဖြစ်ပြီး စွမ်းအားအားဖြင့် တာအိုနယ်ပယ် နှင့် ညီမျှသော်လည်း အကယ်၍ အမှန်တကယ်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ရှန်းယီက အလွန်အမင်း ထိတ်လန့်နေမည် မဟုတ်ပေ။

ခြေတစ်လှမ်းဆုတ်ရလျှင်ပင် သူ၏အထက်တွင် မသေမျိုးခုံရုံးမှမြင်းတို့၏ ကံကြမ္မာ၏ အကာအကွယ် ရှိနေသေးသည်။

"ဒါကို..."

မြေစောင့်မသေမျိုးက နဂါးဖြူထံသို့ လက်ဆင့်ကမ်းပေးရန် ရှန်းယီအား တောင်းဆိုလိုက်သည်။

မြေစောင့်မသေမျိုးက "မိုးခေါ်ခြင်း" ဟူသော စာလုံးများထွင်းထုထားသည့် သံမဏိတံဆိပ်ပြား တစ်ခုကို ဦးစွာ ထုတ်ယူလိုက်လေသည်။

သူက အကျဉ်းချုံး၍ ရှင်းပြသည်။

"အင်ပါယာမင်းဆက်ရဲ့ ဌာနခြောက်ခုအပြင်ဘက်မှာ နောက်ထပ်ဌာနကြီးအသစ်တစ်ခုထပ်တိုးထားပြီး အဲဒီအောက်မှာ ဌာနရှစ်ခုရှိတယ်။ မိုးခေါ်ဌာနက အဲဒီထဲက တစ်ခုပဲ"

ထိုသို့ပြောရင်း မြေစောင့်မသေမျိုးသည် ရှန်းယီ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ တစ်စုံတစ်ရာကိုခွဲခြားသိမြင်ရန် ကြိုးစားလိုက်သော်လည်းခဏအကြာတွင် အချည်းနှီးသာ သက်ပြင်းချလိုက်သည်။

"ငါက ကျန်းယန်စီရင်စုကို ကြီးကြပ်ဖို့ စီရင်စုသခင်ကို နှစ်ပေါင်းများစွာကူညီပေးခဲ့တယ်။ ဒီနေရာလေးတည်ငြိမ်ဖို့ပဲမျှော်လင့်တာပါ။ မင်းလိုလူကိုတော့ ငါ မယုံကြည်နိုင်ဘူး"

"မင်းက အသက်ရှင်လျက်ပြန်လာနိုင်ခဲ့တယ်ဆိုတော့ အဆင့်နိမ့်အရာရှိလေးတစ်ယောက်ဖြစ်တဲ့ ငါက မင်းကိုထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

"ဒါပေမဲ့ ထိန်းချုပ်နိုင်မယ့်သူတွေ ရှိပါတယ်"

မြေစောင့်မသေမျိုး၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာမှာ ပိုမိုနက်ရှိုင်းလာပြီး နောက်ဆုံးတွင် အခြား သံမဏိတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

"ဌာနရှစ်ခုအပြင် တကယ်တော့ နောက်ထပ်တစ်ခု ရှိသေးတယ်။ဒါကို ကျန်းယန်စီရင်စု တစ်ခုလုံးမှာ စီရင်စုသခင်တစ်ယောက်တည်းကသာ သိပြီး တံဆိပ်ပြားတစ်ခုပဲထုတ်ပေးထားတာ"

"ဒီနေ့ ဒါကို မင်းဆီပေးလိုက်မယ်"

သူက တံဆိပ်ပြားကို ရှန်းယီထံသို့ ကမ်းပေးလိုက်လေသည်။

တံဆိပ်ပြား၏ပုံသဏ္ဍာန်က အလွန်ပင် ထူးခြားဆန်းပြားလှသည်။ အစပိုင်းတွင် စာလုံးတစ်လုံးကို ရေးဆွဲထားပြီးမှ ဓားတစ်လက်ဖြင့်နက်ရှိုင်းစွာခုတ်ပိုင်းခံလိုက်ရကာ စာလုံးများတစ်စစီအကွဲကွဲအပြားပြားဖြစ်သွားသကဲ့သို့ ဖြစ်နေ၏။

ထိုအကွဲအပြားများက အရိုင်းဆန်စွာထကြွနေသောအညွန့်လေးများနှင့်ပင် ဆင်တူနေပြီး ထူးဆန်းသောအလှတရားတစ်ခုကို သယ်ဆောင်ထားလေသည်။

"ဘယ်ဌာနလဲ"

ရှန်းယီက တံဆိပ်ပြားကိုငုံ့ကြည့်ရင်း မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ မြေစောင့်မသေမျိုးက ဖျော့တော့စွာပြုံးလိုက်ပြီး သူ၏အကြည့်ကို တိတ်ဆိတ်စွာ လွှဲဖယ်လိုက်၏။

"နတ်ဆိုးသုတ်သင်ရေး ဌာန"

All Chapters