အဆင့် ၇ သို့ ထိုးဖောက်ဝင်ရောက်ခြင်း ၂
Vol. 95 Ch. 950
သူ့စိတ်ထဲတွင် မတင်မကျဖြစ်နေသော စိုးရိမ်ပူပန်မှုတစ်ခု အမြဲရှိနေခဲ့သည်။
[လက်ကျန် နတ်ဆိုးသက်တမ်း : ကပ်ဘေးဒုက္ခ ၂၀၁ ခု ]
ရှန်းယီက သူ၏စိတ်အခြေအေနကို အနည်းငယ်ထိန်းညှိပြီးနောက် နတ်ဆိုးဖိနှိပ်ကျောက်တုံး တစ်ခုကို ပေါင်းစပ်လိုက်၏။ ထို့နောက် ချက်ချင်းပင် နတ်ဆိုးဝိညာဉ်ကို ပြန်လည်ပုံဖော်ရန် စတင်လိုက်တော့သည်။
ထုံးစံအတိုင်းပင် ကိစ္စရပ်များစွာကိုကူညီဆောင်ရွက်ပေးရာတွင် အသုံးဝင်မည့် အဆင့် ၇ မဟာနတ်ဆိုး တစ်ကောင်အတွက် သက်တမ်း ကပ်ဘေးဒုက္ခ ကိုးခုကို လဲလှယ်လိုက်ခြင်းမှာ ဆုံးရှုံးမှုမဟုတ်ပေ။
အထူးသဖြင့် ၎င်းက သူယခင်က မသိရှိခဲ့သော အရာများစွာကို သင်ယူခွင့်ရစေသောကြောင့်ဖြစ်သည်။
နတ်ဆိုးသက်တမ်းများ ကုန်ဆုံးသွားသည်နှင့်အမျှ လက်ဝါးခန့်ရှိသော မီးခိုးရောင်ကြွက်နတ်ဆိုးတစ်ကောင်က ရှန်းယီ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာကာတုန်ရင်လျက် လဲလျောင်းနေခဲ့သည်။
ဤအရွယ်အစားမျိုးနှင့်ဆိုလျှင် ဟုန်ကျယ်တွင်ပင် နတ်ဆိုးတစ်ကောင်ဖြစ်လာရန် အရည်အချင်းမပြည့်မီပေ၊နတ်ဘုရားနယ်မြေတွင်မူ ဆိုဖွယ်ရာမရှိတော့ပေ။
ယခုအချိန်တွင် ၎င်းက လူသားပုံသဏ္ဌာန် ပြောင်းလဲရန်ပင် မဝံ့ရဲတော့ပေ။ ယင်းမှာ တုတ်ဖြင့် အသားဖတ်ဖြစ်အောင် အရိုက်ခံခဲ့ရခြင်းကြောင့်ရရှိသွားသော စိတ်ဒဏ်ရာမည်မျှပြင်းထန်ကြောင်း ပြသနေသည်။
"တံခါးကို စောင့်နေလိုက်"
ရှန်းယီ လက်ကိုချလိုက်ရာ ကြွက်အိုကြီးက တံခါးအနီးရှိထောင့်တစ်နေရာသို့ ဝုန်းခနဲပြေးသွားတော့သည်။
ကပ်ဘေးဒုက္ခသုံးသွယ် ကြာပန်းပလ္လင်နည်းစနစ်ပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွားခဲ့သည်။
နတ်ဘုရားနယ်မြေတွင် တာအိုနယ်ပယ် အထက်၌ကွဲပြားသော လမ်းကြောင်းအနည်းဆုံး နှစ်ခုရှိကြောင်း သူယခုနားလည်သွားပြီဖြစ်သည်။
အကယ်၍ ကျင့်ကြံသူတစ်ဦးက မန္တန်များကို ဆက်လက်ကျင့်ကြံပါက အစစ်အမှန်မသေမျိုးနယ်ပယ်သို့ တက်လှမ်းနိုင်သည်။ အကယ်၍ ခန္ဓာကိုယ်ကိုသာ ကျင့်ကြံပါက လောကခရီးသည်ဟု သိကြပါလိမ့်မည်။
သို့သော် လောကခရီးသည်ဖြစ်စေ၊ အစစ်အမှန်မသေမျိုးဖြစ်စေ နှစ်ခုစလုံးမှာ အဆင့် ၇ ပင် ဖြစ်သည်။
"ဆရာတော် ကျစ်ခုန်းက မင်းထက် ဘာလို့ အများကြီးပိုသန်မာနေရတာလဲ"
"သခင်ကြီးကို ဖြေကြားပါရစေ... ဆရာတော် ကျစ်ခုန်းက ကပ်ဘေးဒုက္ခသုံးသွယ်ကြာပန်းပလ္လင်ကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီးပါပြီ၊ အခု ကပ်ဘေးဒုက္ခခြောက်သွယ်ကြာပန်းပလ္လင်နည်းစနစ်ကို ကျင့်ကြံနေတာပါ။ ကပ်ဘေးဒုက္ခတစ်ခု တိုးလာတိုင်းကြာပန်းပလ္လင်က တစ်ဆင့်မြင့်တက်လာပြီး ပန်းသုံးပွင့်နဲ့ အပွင့်ဖတ်ကိုးခု ထပ်တိုးလာပါတယ်"
ဝိညာဉ်အလင်းကြွက်က အနည်းငယ်အပြစ်ရှိသကဲ့သို့ ပြောလိုက်၏။
"သူက ကပ်ဘေးဒုက္ခငါးသွယ်ကြာပန်းပလ္လင်အဆင့်မှာ ရှိနေတာပါ၊ ကျွန်တော်ကတော့... ကျွန်တော်က နှစ်ခုပဲ ရှိပါသေးတယ်"
"လောကခရီးအသီးအဆင့်တစ်ခုကို ရရှိထားနိုင်ဖို့ ကြာပန်းပလ္လင် ကပ်ဘေးဒုက္ခဘယ်လောက် လိုအပ်သလဲ"
ရှန်းယီက ဆရာတော် ကျစ်ခုန်း၏သတိပေးချက်ကို ပြန်လည်သတိရလိုက်ပြီး ဤကြွက်အိုကြီးကို ထပ်မံကြည့်ရှုလိုက်၏။ ၎င်းက ကျားနဂါးကျမ်းစာ ကို ခိုးယူခဲ့သော်လည်း သူ၏အစွမ်းမှာ သိသိသာသာတိုးတက်မလာခဲ့သည်မှာ ထင်ရှားသည်။
ရှန်းယီစကားကိုကြားသော် ဝိညာဉ်အလင်းကြွက်၏အသံထဲတွင် နောင်တနှင့် ရှိုက်သံများ ရောယှက်လာခဲ့သည်။
"သာမန်အကျဆုံး အသီးအဆင့်အတွက်တောင် ကပ်ဘေးဒုက္ခကိုးသွယ်ကြာပန်းပလ္လင် လိုအပ်ပါတယ်၊အဲဒါက ခွန်အားအရဆိုရင် အဆင့် ၆ မသေမျိုးအရာရှိတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ အဲဒီနေ့က ကျွန်တော်လောဘဇောတိုက်သွားခဲ့တာပါ။ကျွန်တော်က ကပ်ဘေးဒုက္ခခြောက်သွယ်ကြာပန်းပလ္လင်နည်းစနစ်စာအုပ်ကို ခိုးဖို့ ရည်ရွယ်ခဲ့တာပါ၊ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဝေဝေဝါးဝါးနဲ့ ဒီကျားနဂါးကျမ်းစာကို ယူမိသွားလဲမသိပါဘူး"
"ဟူး..."
ရှန်းယီက တိတ်ဆိတ်စွာ နားထောင်ပြီးနောက် လေကို ဖြည်းညှင်းစွာရှူထုတ်လိုက်သည်။
ကျားနဂါးကျမ်းစာ လက်ထဲရှိနေသော်လည်း ကျားနဂါးအသီးအဆင့်သို့ ရောက်ရှိရန်တစ်စုံတစ်ခု လိုအပ်နေသေးသည်။ သူ၏ကံကြမ္မာ ကုန်ဆုံးသွားပြီလော သို့မဟုတ် ဆရာတော် ကျစ်ခုန်းကဲ့သို့သော ပုဂ္ဂိုလ်များနှင့်ထပ်မံတွေ့ဆုံရဦးမည်လား ဆိုသည်မှာ မသေချာပေ။
သို့မဟုတ်ရင်လည်း...
ရှန်းယီက ဝိညာဉ်အလင်းကြွက်ကို မသိမသာလှမ်းကြည့်လိုက်၏။ ကြွက်တစ်ကောင်ပင် ဂိုဏ်းသို့ ဝင်ရောက်နိုင်သည်ဆိုလျှင် ဗောဓိဂိုဏ်းအတွင်းရှိ လူတိုင်းမှာ ကျင့်ကြံသူများ မဟုတ်ကြောင်း ညွှန်ပြနေသည်။
နတ်ဆိုးကျောက်တုံး အနည်းငယ်ထပ်မံအသုံးပြုရုံဖြင့် ဤလမ်းကြောင်းကိုအလားတူပင် ပြီးမြောက်စေနိုင်ပေသည်။
အမှန်ပင်၊ထိုအရာအပြင် ဗောဓိဂိုဏ်းသို့ ကိုယ်တိုင်တိုက်ရိုက်ဝင်ရောက်ခြင်းမှာလည်း ဖြစ်နိုင်ချေရှိသောရွေးချယ်မှုတစ်ခုဖြစ်သည်။
သူ တစ်လှမ်းချင်းစီသာ သွားရမည်။
အသေးစိတ်အချက်အလက်များပင် သိထားခြင်းမရှိသေးသောအဖွဲ့အစည်းတစ်ခုသို့ ယခုလေးတင် ဝင်ရောက်ခဲ့ရသဖြင့် သူ၏အသက်ကို ကယ်တင်နိုင်မည့် စွမ်းရည်အချို့ပြင်ဆင်ထားရန် လိုအပ်ပါသည်။
ရှန်းယီက လောကခရီးသည်ကျင့်ကြံသူ လင်ကွမ်းကို သူ၏ စနစ်မျက်နှာပြင်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် နတ်ဆိုးသက်တမ်းများကို ကပ်ဘေးဒုက္ခသုံးသွယ်ကြာပန်းနည်းစနစ်ထဲသို့ အလျင်အမြန် လောင်းထည့်လိုက်တော့သည်။
[ပထမကပ်ဘေးဒုက္ခ : လောကခရီးသည်ကျင့်ကြံသူ လင်ကွမ်းက ကျမ်းစာများကိုဟောပြောပို့ချပေးပြီး၊သင်က နှလုံးသားဖြင့်နားထောင်ကာ စာသားများကို တိတ်တဆိတ်ရွတ်ဆိုနေခဲ့သည်၊ ဤအမြင့်မြတ်ဆုံးနှင့် နက်ရှိုင်းလှသောနည်းလမ်းကို အသုံးပြု၍သနားကြင်နာတတ်သော နှလုံးသားကို ကာကွယ်ကာလောကကြီးအတွင်း သင်၏ ခရီးလမ်းကို စတင်လိုက်၏]
မိုးနှင့်မြေ၏အပြောင်းအလဲများကို တွေ့ကြုံခံစားနိုင်ရန် လောကခရီးသည်သက်တမ်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာ။
ဤအရာမှာ ခန္ဓာကိုယ်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။
အခြားကျင့်ကြံသူများအတွက်မူ ၎င်းမှာ ခေတ်မမီတော့သောနည်းလမ်း၊အချိန်ကုန်ဆုံးမှု အများဆုံးဖြစ်သည့် ခန္ဓာကိုယ်ဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သည်။ ရှန်းယီအတွက်မူ ၎င်းမှာ အလွယ်ကူဆုံးပင်။
သူ၏အကြည့်က တဖြည်းဖြည်းနှင့် ဝေဝါးလာပြီးနောက် ယခင်ကထက်ပိုမိုကြည်လင်ပြတ်သားလာသည်အထိ အဆက်မပြတ်ပြန်လည်အာရုံစိုက်လာသည်။ မိုးကြိုးများနှင့် လေပြင်းများ၊ တောင်တန်းများနှင့် အိုင်များ၊ အသေးငယ်ဆုံးသော ပွင့်ချပ်နှင့် သစ်ရွက်များအထိ အားလုံးကိုမြင်နေရ၏။
ပန်းပွင့်ချပ်များကြွေကျကာ သစ်ရွက်များ ညှိုးနွမ်းသွားမှုက သူ၏မျက်လုံးများမှတစ်ဆင့် သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်းသို့ အခြေချသွားပုံရသည်။
ကျောက်စိမ်းဖြူရောင်ရှိသော ပန်းသုံးပွင့်နှင့် အပွင့်ဖတ်ကိုးခုတို့က ဖြည်းညှင်းစွာပွင့်လန်းလာပြီး အတွင်းရှိ ကြာပန်းပလ္လင်ကို ဖော်ပြလိုက်သည်။
ထို့နောက် အပွင့်ဖတ်များပြန့်ကျဲသွားကာ သူ၏ကိုယ်လက်အင်္ဂါများနှင့် သွေးကြောများတစ်လျှောက်စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဆေးကြောလိုက်သကဲ့သို့ ဖြစ်သွား၏။
ရှန်းယီက ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး သူ၏အမူအရာမှာ တဖြည်းဖြည်းတည်ငြိမ်အေးချမ်းလာပါသည်။
၎င်းမှာ ကပ်ဘေးဒုက္ခတစ်ခုကို ဖြတ်ကျော်ပြီး တောင်တန်းများနှင့်ပင်လယ်များကို ဖြတ်သန်းခြင်းမှ ရရှိလာသောအနည်ထိုင်မှုတစ်ခုဖြစ်သည်။
သူ၏အနက်ရောင်ဝတ်စုံအောက်တွင် သူ၏ အရေပြားက တောက်ပသော ရွှေရောင်အလင်းများ စတင်ဖြာထွက်လာပြီး သူ၏တစ်ကိုယ်လုံးမှာ ထွက်ပေါ်လာခါစ နေမင်းကြီးကဲ့သို့ထင်ရ၏။
နတ်ဆိုးသက်တမ်းများကို ထပ်မံ ထည့်သွင်းလိုက်သောအခါ...
ကြာပန်းပလ္လင်ပေါ်တွင် အပွင့်ဖတ်အသစ်များ ထွက်ပေါ်လာပြီးနောက် ယခင်ဖြစ်စဉ်အတိုင်း ဆက်လက်ဖြစ်ပေါ်နေပါသည်။
ကပ်ဘေးဒုက္ခသုံးခု ကုန်ဆုံးသွားသည့်တိုင်အောင်၊ ကျမ်းစာက သူ၏စိတ်ကို ထပ်မံမကာကွယ်ပေးနိုင်တော့သည့်အခါ ရှန်းယီ၏မြင်ကွင်းမှာ သူ့အသိစိတ်အားကုတ်ခြစ်နေသောမရေမတွက်နိုင်သောစိတ်အာရုံချောက်ခြားမှုများဖြင့် ပြောင်းလဲသွားခဲ့သည်။
သူ တစ်ကိုယ်လုံးတုန်ရင်သွားပြီး ရုတ်တရက်ပြန်နိုးထလာခဲ့၏။
ကျမ်းစာ၏အာနိသင် ဆုံးရှုံးသွားသည်နှင့် သူက စစ်မှန်သော ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ရတော့မည်။
"ဟင်း... ဟင်း..."
သူက ပြင်းထန်စွာအသက်ရှူနေမိသည်။ တစ်ချက်မျှသာကြည့်လိုက်ရသော်လည်း သူ၏တစ်ကိုယ်လုံးမှာ ချွေးများဖြင့်ရွှဲနစ်နေပြီဖြစ်သည်။
သူ၏အရေပြားကြားရှိ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းဖြူရောင်အပွင့်ဖတ်များက ကြာပန်းပလ္လင်ပေါ်တွင် ပြန်လည် စုစည်းသွားခဲ့၏။
ပန်းကိုးပွင့်နှင့် ပွင့်ဖတ်နှစ်ဆယ့်ခုနစ်ခုတို့က အနည်းငယ်ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး ပလ္လင်ပေါ်တွင် တစ်စုံတစ်ခုလိုအပ်နေဆဲဟု အမြဲထင်ရသည်။
[အဆင့် ၇။ ကပ်ဘေးဒုက္ခသုံးသွယ်ကြာပန်းပလ္လင်နည်းစနစ် : ပြီးပြည့်စုံခြင်း]
[လက်ကျန် နတ်ဆိုးသက်တမ်း : ကပ်ဘေးဒုက္ခ ၁၈၉ ခု ]
ရှန်းယီက သူ၏အသက်ရှူခြင်းကို ပြန်လည်ထိန်းညှိပြီး သူ၏လက်ဝါးကို ပြန်ကြည့်လိုက်၏။
ယခင်ကနှင့် မထူးခြားသလိုထင်ရသော်လည်း သူ၏လက်ချောင်းများကို အနည်းငယ်ကွေးလိုက်သောအခါ သူ၏အသက်ရှူသံနှင့် အတွင်းရှိကြာပန်းပလ္လင်၏ပွင့်လန်းမှုစည်းချက်တို့မှာ အပိုနှလုံးသားတစ်ခုဖြစ်ပေါ်လာသကဲ့သို့ တစ်သားတည်းကျနေတော့သည်။
အပွင့်ဖတ်များမှာ မိုးမြေမှပြောင်းလဲလာသော အကောင်းဆုံးသော ဝိညာဉ်စွမ်းအင်များဖြစ်ကြသည်။
ဤကြာပန်းပလ္လင်မှ ယူဆောင်လာသော စွမ်းအားက တာအိုနယ်ပယ်၏အတိုင်းအတာကို များစွာ ကျော်လွန်သွားပြီဖြစ်သည်။
အဆင့် ၇ လောကခရီးသည်နယ်ပယ်
ရှန်းယီ မျက်လုံးမှိတ်ကာ အချိန်အတော်ကြာအောင် နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ပြီးနောက်၊ ဤစွမ်းအားက ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးကို မမီသေးကြောင်း သတိထားမိသွား၏။
ယင်းကိုတွေးကြည့်လျှင် ပုံမှန်ပင်ဖြစ်ပုံရသည်။ ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးက မသေမျိုးခုံရုံး၏ကြီးမားလှသော စွမ်းအားကို ကိုယ်စားပြုသည်။
လူတစ်ဦးချင်းစီနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ အတိုင်းအဆမရှိကြီးမားသော်လည်း၊ မသေမျိုးအရာရှိတစ်ဦးက သူ၏တာဝန်ဝတ္တရားအတွင်းရှိ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုနိုင်ပေသည်။
ယင်းမှာ အဆင့် ၇ ၏အကန့်အသတ်ပင်။
လောကခရီးသည်ကျင့်ကြံသူ လမ်းကြောင်းအတွက်မူ ဝိညာဉ်အလင်းကြွက်နတ်ဆိုး၏ဖော်ပြချက်အရ အဆင့် ၇ ကိုလည်း အဆင့်နှစ်ဆင့် ထပ်မံခွဲခြားထားလေ၏။
သူ၏လက်ရှိ ကပ်ဘေးဒုက္ခသုံးသွယ်မှာ လမ်းတစ်ဝက်မျှသာရှိသေးပြီး ကပ်ဘေးဒုက္ခခြောက်သွယ်သို့ ရောက်မှသာ ပြည့်စုံမည်ဖြစ်လိမ့်မည်။
ထိုအဆင့်သို့ ရောက်မှသာ သူက ကျောက်စိမ်းဖြူကြံ့တံဆိပ်တုံးနှင့် ယှဉ်နိုင်ပါလိမ့်မည်။
အဆင့် ၆ သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက်မူ ကပ်ဘေးဒုက္ခကိုးသွယ်ကြာပန်းပလ္လင်၏စွမ်းအား လိုအပ်မည်ဖြစ်သည်။