အခန်း (၅၇၁-၅၇၂)
Vol. 41 Ch. 571-572
အခန်း ၅၇၁ - ချင်ရှီဟွမ်၏ သေးငယ်သောစိတ်ကူးများ၊ ဘာသာပြန်ခြင်း အကြီးအကျယ်ရှုံ့နိမ့်ခြင်း
“ဆယ်ခုက အတော်လေးများနေပါပြီ။ အခု သူဌေးကြီးအတွက် ကြော်ငြာပေးလိုက်ရမလား။”
“ဒါပေါ့...။ ဒါက ငါတို့ သူဌေးကြီးနားကို ချဉ်းကပ်ဖို့ အခွင့်ကောင်းပဲ လက်လွတ်ခံလို့မရဘူး။”
ခေါင်းဆောင်က ပြောလိုက်သည်။
“မင်းတို့ သတိထားပြီး ဒေသခံတွေရဲ့ လှေကို ပြန်ဆွဲလာခဲ့။”
“ဟုတ်ကဲ့။”
ထို့နောက် ခေါင်းဆောင်သည် ကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားကာ ဂရုထဲတွင် ပြောလိုက်သည်။
“သူဌေးရဲ့ အမြောက်ဆန်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒေသခံတွေကို ဖြေရှင်းဖို့ နှစ်ခုပဲသုံးခဲ့ရတယ်။ အရမ်းအသုံးဝင်သလို အရမ်းလည်းအစွမ်းထက်တယ်။ ကျေးဇူးတင်ပါတယ်။”
ချင်ရှီးဟွမ်ဆိုသော အိုင်ဒီပိုင်ရှင်ထံမှ မက်ဆေ့ချ်ကို ကြည့်လိုက်ရင်း ရှောင်းယီ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်သွားခဲ့သည်။
“သူက ဒီနာမည်ကို တကယ်သုံးရဲတာပဲ။”
ရှောင်းယီ သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
ဤနာမည်သည် သူ့၏နာမည်အစစ် မဖြစ်နိုင်ပေ။
“မင်းတို့ကို လာတိုက်ခိုက်တဲ့ ဒေသခံတွေကို ဖြေရှင်းပြီးသွားပြီလား။”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဒါပေါ့ သူဌေးရဲ့ အမြောက်ဆန်နှစ်ခုက သူတို့ကို တိုက်ရိုက်ပေါက်ကွဲသွားစေခဲ့တယ်လေ။”
ချင်ရှီဟွမ်က ပြန်ဖြေလိုက်သည်။
“သူဌေးက တကယ့်အံ့ဖွယ်ပဲ။”
“ဒါကို နားထောင်ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။”
“ထူးဆန်းတာက မင်းလေ။”
“ဘာထူးဆန်းတာလဲ။ ဒီနယ်ပယ်မှာ သူဌေးရဲ့စွမ်းဆောင်ရည်ကို သံယဝင်နေတာလို့တော့ လာမပြောနဲ့။”
“ငါက အဲ့ဒါကို သံသယဝင်နေတာ မဟုတ်ပါဘူး။ အရင်က တစ်ယောက်ယောက်က အဲ့အကြောင်းထုတ်ဖော်ခဲ့တယ်မဟုတ်ဘူးလား။ ဟုတ်သားပဲ...အဲ့ဒါက ဆေးအတုရောင်းတဲ့သူလေ။”
“ဟုတ်တယ်...။ ဆေးအတုရောင်းတဲ့သူက ထုတ်ဖော်ပြောဆိုပြီးသွားပြီ။ သူဌေးရဲ့စွမ်းဆောင်ရည်က မရှိတော့ဘူး။ သူက အထူးဆေးဝါးတွေ သုံးနေရတာ။”
“ဟင်း...ဘယ်လောက်တောင် စိတ်မကောင်းစရာကောင်းလိုက်သလဲ။ ငါက သူနဲ့ တစ်ညလောက် ချစ်တင်းနှောချင်နေတာ။”
ရှောင်းယီ၏မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့သည်။ သူတို့သည် အမြောက်ဆန်များအကြောင်းမှ သူ၏ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်သည့်အကြောင်းသို့ အဘယ်ကြောင့် ခဏအတွင်း ပြောင်းလဲသွားရသနည်း။
“မင်းတို့က အခြားအရာတွေမှာ အသုံးမဝင်ပေမယ့် ခေါင်းစဥ်ပြောင်းအောင်လုပ်တာမှာတော့ တကယ်တော်ကြတယ်။ အမြောက်ဆန်ကိစ္စပေါ်မှာပဲ အာရုံစိုက်ထားလို့ မရဘူးလား။”
“အမှန်ပဲလေ။ ငါတို့လည်း သူဌေးရဲ့ အမြောက်ဆန်ကိစ္စကို အာရုံစိုက်နေတာပါ။”
“ထွက်သွားစမ်းပါ။ မင်းတို့တွေ ဘယ်သူမှ လေးလေးနက်နက်မရှိဘူး။ လူအိုကြီးချင် ခင်ဗျားတို့ ဒေသခံတွေကို ဖြေရှင်းပြီးသွားပြီဆိုတော့ အမြောက်ဆန်အများကြီး ရလာမှာပေါ့။ ကျုပ်ကို တစ်ခုရောင်းပေးပါလား။”
“ဟုတ်တယ်...ကျုပ်တို့မဟာမိတ်အဖွဲ့လည်း တစ်ခုလောက်လိုချင်တယ်။”
“+၁”
“+၁၀၀၈၆”
လူတိုင်း၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရပြီးနောက် ချင်ရှီးဟွမ်က ချက်ချင်း ပြောလိုက်သည်။
“ကျုပ်တို့မဟာမိတ်အဖွဲ့အတွက်တောင် မလုံလောက်သေးဘူး။ ဒီတော့ ကျုပ်တို့ အခုမရောင်းဘူး။”
“အဲဒီလိုမလုပ်ပါနဲ့။ ခင်ဗျားတို့ ဈေးနှုန်းကို သတ်မှတ်ပေးလို့ရပါတယ်။ ကျုပ်တို့ ဈေးမဆစ်ပါဘူး။”
“ဟုတ်တယ် အမှန်ပဲ။”
“တောင်းပန်ပါတယ်။ အခုအချိန်မှာတော့ မရောင်းသေးပါဘူး။”
ချင်ရှီဟွမ်၏ခံယူချက်မှာ အလွန်ခိုင်မာလှသည်။
“အို... စိတ်မကောင်းစရာပဲ။ ချင်ရှီဟွမ်ဆိုတာက ရာဇဝင်တွေထဲမှာ ဧကရာဇ်တစ်ပါးပဲ။ ခင်ဗျားက သူ့နာမည်ကို သုံးထားပြီးတော့ ဒီလိုမျိုးကောင်းကောင်းမွန်မွန်နဲ့ အုတ်မြစ်ကျောက်တွေ ရှာဖွေနိုင်တဲ့ အခွင့်အရေးကို ဘယ်လိုတောင် လက်လွတ်လိုက်ရတာလဲ။”
ချင်ရှီဟွမ်သည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး စကားဆက်မပြောတော့ပေ။ ဂရုထဲက ဆွေးနွေးမှုများကိုကြည့်ရင်း သူ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားခဲ့သည်။
“အခြားမဟာမိတ်အဖွဲ့တွေက ငါအခုလေးတင် လုယူလိုက်တဲ့ အမြောက်ဆန်တွေကို ဝယ်ချင်နေကြတယ်။ ဒါပေမယ့် ယီရန်ပင်းက သူတို့ကို သူ့ဆီမှာလာဝယ်ကြဖို့ တက်တက်ကြွကြွ မပြောသေးဘူး။ သူ့မှာ ရှိပြီးသားများလား။”
“သူ့မှာရှိပြီးသားဆိုရင်တောင် သူတို့မဟာမိတ်အဖွဲ့ထဲမှာ အမြောက်ဆန်တွေ ဘယ်လောက်များများ ရှိမှာမလဲ။ သူ့မှာ အမြောက်ဆန်ပုံစံကွက်တွေ ရှိနေတာလား။”
ထိုအတွေး ရောက်သွားသည့်အခါချင်ရှီဟွမ် အံ့အားသင့်သွားခဲ့သည်။
“သူ့မှာ အမြောက်ဆန်ပုံစံကွက် ရှိတယ်ဆိုရင် သူကဘာလို့ မရောင်းတာလဲ။ ဒါက အုတ်မြစ်ကျောက်တွေ ပိုပြီးရနိုင်တယ်မဟုတ်ဘူးလား။”
“မဟုတ်သေးဘူး။ လူတိုင်းမှာ အခုချိန်ထိ အုတ်မြစ်ကျောက်တွေက ကန့်သတ်ချက်ရှိနေတုန်းပဲ။ သူစောင့်နေတာဖြစ်နိုင်တယ်။ သူက တကယ့်ကို အမြတ်ကြီးစားတဲ့လူပဲ။”
“သူက ဒီရတနာရှာဖွေရေးခရီးစဉ်ကနေ အမြောက်ဆန်တွေ ရခဲ့မှာပဲ။ မျှော်လင့်ထားသလိုပဲ အားကြီးသူတွေက ပိုပိုပြီး အားကောင်းလာနေကြပြီ။”
ချငိရှိဟွမ်သည် သူ ယီရန်ပင်းကို သူနားလည်သွားပြီဟု ထင်လိုက်မိပြီး သူ၏စိတ်ထဲတွင် သက်ပြင်းချကာ အပြင်ထွက်သွားခဲ့သည်။
ထိုအချိန်တွင် ဒေသခံများ၏သင်္ဘောကို ကမ်းစပ်သို့ ဆွဲတင်ထားပြီး ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်။
သင်္ဘော၏ဘေးတွင် ထိုးထွက်နေသော အမြောက်ခုံငါးခုကိုကြည့်ရင်း ချင်ရှီဟွမ် အလွန်ကျေနပ်နေခဲ့သည်။
“ခေါင်းဆောင် ဒီသင်္ဘောရယ်၊ သူဌေးရဲ့ အမြောက်ဆန်တွေနဲ့ဆိုရင် ဒေသခံတွေ လာတိုက်ခိုက်မှာကို အချိန်တစ်ခုအထိ စိတ်ပူစရာမလိုတော့ဘူးထင်တယ်။”
ချင်ရှီဟွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်... ကျွန်းတစ်ကျွန်းစီတိုင်းမှာ ကင်းလှည့်တာကို သတိထားပြီး ဆောင်ရွက်ရမယ်။ ဒေသခံတွေရဲ့သင်္ဘောကို ကြိုတင်ရှာဖွေထားနိုင်သ၍ ငါတို့ သူတို့ကို တိုက်ရိုက်ရင်ဆိုင်နိုင်တယ်။”
ဒေသခံများ၏ အမြောပ်ဆန်များသည် အစိုင်အခဲကျည်ဆန်များဖြစ်ကြောင်းနှင့် အစိုင်အခဲကျည်များ၏ပျက်စီးမှုသည် ကန့်သတ်ချက်ရှိကြောင်း သူတို့သိထားပြီးဖြစ်သည်။ သူတို့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေသ၍ အဆုံးမရှိ ပြန်လည်ပြင်ဆင်နိုင်သောကြောင့် စိုးရိမ်စရာမလိုပေ။
သူတို့၏လူများကို ကောင်းကောင်းပုန်းခိုင်းပြီး ဒဏ်ရာမရစေရန် ဂရုစိုက်ရုံသာ လိုအပ်ပေသည်။
“ဟုတ်သားပဲ ခေါင်းဆောင် ဒီသင်္ဘောပေါ်က ဒေသခံတွေက အရင်ကလူတွေနဲ့ နည်းနည်းကွဲပြားနေတယ်။”
“ဘယ်လိုကွဲပြားတာလဲ။”
ချင်ရှီဟွမ်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“သူတို့ရဲ့ အဝတ်အစားတွေပါ၊ ပြီးတော့ ပုံပန်းသဏ္ဍာန်ကလည်း အနည်းငယ်ကွဲပြားတယ်။”
“ဂရုထဲမှာ လူတစ်ယောက်က ယဉ်ကျေးမှုရှိတဲ့ ဒေသခံတွေ ပေါ်လာပြီလို့ ပြောထားပြီ။ အဝတ်အစားတွေ ကွဲပြားတာက နားလည်နိုင်ပေမယ့် ပုံပန်းသဏ္ဍာန်ပါ ကွဲပြားနေတာလား။”
ချင်ရှီဟွမ်က ပြောလိုက်သည်။
သူ၏ညီငယ်က ခေါင်းညိတ်ပြလိုက်သည်။
“သူတို့ သတိရလာရင် ယီရန်ပင်းဆီက ဘာသာပြန်တစ်ယောက်ခေါ်ပြီး မေးခိုင်းမယ်။”
ချင်ရှီဟွမ်က ပြန်ဖြေလိုက်သည်။
“လူတိုင်း အလုပ်ကြိုးစားခဲ့ကြတယ်။ ကိုယ့်ကျွန်းကို အရင်ပြန်သွားကြတော့။ သတိကြီးကြီး စောင့်ကြည့်ကြ။ ပေါ့လျော့လို့မဖြစ်ဘူး။”
“ဟုတ်ကဲ့”
လူတိုင်းက တုံ့ပြန်လိုက်ကြပြီး မြို့ပြန်ကျောက်များဖြင့် သူတို့၏ကျွန်းများဆီသို့ ပြန်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရှောင်းယီနှင့် အခြားသူများမှာ ညစာစားနေကြပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် ဝမ်ရှင်းဘက်မှာ အရာအားလုံး စီစဉ်ပြီးသွားပြီ။ ကျုပ်တို့ အဲ့ဒီမျောက်နက်နိုင်ငံကိုရော သွားသင့်လား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
သူတို့သည် ရတနာနယ်မြေတွင် မျောက်နက်နိုင်ငံ၏အဖွဲ့နှင့် တွေ့ဆုံခဲ့ရပြီး ဒေါသထွက်ကာ ရတနာကျွန်းပေါ်တွင် သူတို့ကို တိုက်ရိုက်သတ်ဖြတ်ပစ်ခဲ့သည်။
ရှောင်းယီသည် သူတို့ကို သူ၏စိတ်ထဲမှ ထုတ်ထားပြီးသားဖြစ်ကာ ကျန်းယွင်ထျန်း ယခုပြောမှသာ သတိရသွားခဲ့သည်။
အနည်းငယ်စဉ်းစားပြီးနောက် သူက အေးစက်စွာပြောလိုက်သည်။
“တပိုင်ကို ခေါ်သွားပြီး သိမ်းပိုက်လိုက်။ ခုခံရင် အကုန်လုံးသတ်ပစ်လိုက်။”
“ဟုတ်ကဲ့...။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
မည်သည့်ရှားနိုင်ငံသားမဆို မျောက်နက်နိုင်ငံအတွက် ကောင်းမွန်သော ခံစားချက်များ ရှိမည်မဟုတ်ပေ။
ထိုနိုင်ငံသည် ရှေးရိုးစွဲအစဉ်အလာအတိုင်း ရှားနိုင်ငံကို ဆန့်ကျင်လျက်ရှိသည်။
သူသည် သူတို့ကို သတ်ပစ်လိုက်လျှင်ပင် ရှောင်းယီအနေဖြင့် စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးဖြစ်မည်မဟုတ်ပေ။ ဤသည်မှာ သူတို့ ကျူးလွန်ခဲ့သော အမှားများအတွက် ပြန်လည်ပေးဆပ်ခြင်းသာဖြစ်သည်။
ရတနာရှာနယ်မြေတွင် အသတ်ခံခဲ့ရသော ခေါင်းဆောင်သည် သူတို့၏မဟာမိတ်အဖွဲ့တွင် S-အဆင့်ကျွမ်းကျင်သူရှိသည်ဟု ပြောခဲ့သောကြောင့် ရှောင်းယီသည် ဤကိစ္စတွင် ကျန်းယွင်ထျန်းအား တပိုင်ကို ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ညစာစားပြီးနောက် ကျန်းယွင်ထျန်းသည် မျောကခ်နက်နိုင်ငံ၏မဟာမိတ်အဖွဲ့ကို ချက်ချင်းသိမ်းပိုက်ရန်အတွက် အဖွဲ့ဝင်များကိုစုစည်းရန် တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။
ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားခဲ့ပြီး ချင်ရှီဟွမ်က သူ့ဆီသို့ သီးသန့်မက်ဆေ့ချ်ပို့ထားခဲ့သည်။
“သူဌေး ဒီမှာ ဘာသာပြန်တစ်ယောက် လိုအပ်နေပါတယ်။”
ချင်ရှီဟွမ်က ပြောထားသည်။
“ကောင်းပြီ ကျုပ်လူတစ်ယောက်ကို ခင်ဗျားဆီ အခုဆက်သွယ်ခိုင်းလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီး ထိုလူ၏အချက်အလက်များကို ဆုဝမ်ဆီသို့ ပို့ပေးလိုက်သည်။
ဆုဝမ်သည် ထိုအချက်အလက်များကို လက်ခံရရှိပြီးနောက် ဘာသာပြန်တစ်ဦးကို ချက်ချင်းစီစဉ်ကာ ပို့ဆောင်လိုက်လေသည်။
နောက်ဆုံးအကြိမ်က ဆန်ဖူနိုင်ငံ၏ ချီဝမ်မဟာမိတ်အဖွဲ့ ဖျက်စီးခံလိုက်ရသည့်အချိန်မှစ၍ ရှောင်းယီ၏ကျွန်းမှ ထွက်ခွာသွားသော ဘာသာပြန်များသည် ယခုအခါ လုံခြုံစွာရှိနေပြီဖြစ်ကာ ယီရန်ပင်း၏ဒေါသကို မည်သူမျှ မခံစားလိုကြတော့ပေ။
သို့သော် မကြာမီမှာပင် ဆုဝမ်က ရှောင်းယီထံသို့ ဖုန်းခေါ်ဆိုလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့ စီစဉ်ပေးလိုက်တဲ့ ဘာသာပြန်တွေက သူတို့ရဲ့စကားကို နားမလည်ကြဘူး။”
“ဟမ် ဒါက ဘယ်လိုအခြေအနေလဲ။”
ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“သိပ်မရှင်းလင်းဘူး။ သူတို့က ဒေသခံအသစ်တွေ ဖြစ်နိုင်တယ်။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်းယီ၏ နှလုံးသား အနည်းငယ်လှုပ်ရှားသွားပြီး ပြန်ဖြေလိုက်သည်။
“ငါ သူနဲ့ဆက်သွယ်လိုက်မယ်။”
ဖုန်းချပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချင်ရှီဟွမ်နှင့် ဗီဒီယိုခေါ်ဆိုမှုပြုလုပ်ရန် ရွေးချယ်လိုက်သည်။
ချင်ရှီဟွမ်က ချက်ချင်းပင် ချိတ်ဆက်လိုက်လေသည်။ ရှောင်းယီကိုမြင်လိုက်ရသည့်အခါ သူသည် အနည်းငယ်အံ့အားသင့်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“သူဌေး ခင်ဗျားက အရမ်းငယ်နေသေးတာပဲ။”
ရှောင်းယီသည် လက်ခါပြကာ ပြောလိုက်သည်။
“ကျုပ်ကြည့်ဖို့ အကျဉ်းသားတစ်ယောက်လောက် ခေါ်လာပေးလို့ရမလား။”
“ရပါတယ်။ ကျုပ်လည်း ဘာဖြစ်နေမှန်းမသိဘူး။ ခင်ဗျားရဲ့ဘာသာပြန်တွေက သူတို့စကားကို နားမလည်ဘူး။”
ချင်ရှီဟွမ်က ထိုသို့ပြောလိုက်ပြီး အကျဉ်းသားတစ်ဦးကို ခေါ်ဆောင်လာရန် လူတစ်ဦးကို စီစဉ်ခိုင်းလိုက်သည်။
အကျဉ်းသားသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေလျက်ရှိပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ တရွတ်တိုက်ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။ ယခင်က အမြောက်ဆန်များ၏မြင်ကွင်းသည် သူ၏စိတ်ထဲ၌ အရိပ်တစ်ခုလို စွဲထင်နေခဲ့သည်။
ထိုလူ၏အဝတ်အစားကို မြင်လိုက်ရသောအခါ ရှောင်းယီ၏နှလုံးသားမှာ နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့လေသည်။
အခန်း ၅၇၂ - ချူဖုန်းမြို့တပ်ဖွဲ့၊ ငါနာမည်ပြောင်းချင်တယ်
ထိုလူ၏ဝတ်စားဆင်ယင်မှုသည် ချူဖုန်းမြို့၏ အသွင်အပြင်နှင့် အတိအကျတူညီနေခဲ့သည်။
ချူဖုန်းမြို့ရှိ စပိုင်များသည် အကြိမ်ကြိမ် အချက်အလက်များ ပေးပို့ခဲ့ပြီးဖြစ်သည်။ သူ၏သူလျှိုများသည် အထူးလျှို့ဝှက်သော နေရာများမှလွဲ၍ အခြားနေရာအများစုသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
သူတို့သည် ချူဖုန်းမြို့ထဲသို့ ပေါင်းစည်းသွားပြီဟုပင် ဆိုနိုင်သည်။
သူလျှိုတစ်ဦးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ဗီဒီယိုဖြင့်ချိတ်ဆက်ကာ ရှောင်းယီထံသို့ အချက်အလက်များ ပေးပို့ဖူးပြီး သူဝတ်ဆင်ထားသည်မှာ ချူဖုန်းမြို့သားများ၏ အဝတ်အစားဖြစ်ကာ ရှောင်းယီယခုမြင်နေရသည့်အတိုင်းပင်ဖြစ်သည်။
ရှောင်းယီသည် သူ၏ပါးစပ်ဖွင့်ဟကာ မေးလိုက်သည်။
“မင်းက ချူဖုန်းမြို့သားလား။”
တုန်ရီနေသောလူသည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။ သူသည် သူ၏ရှေ့တွင်ရှိနေသောလူ၏ စကားကို သူမည်သို့နားလည်နိုင်သည်ကို မသိသော်လည်း သူပြောသောမြို့မှာ သူ၏မြို့ပင်ဖြစ်နေခဲ့သည်။
“ငါ့ရဲ့မဟာမိတ်တွေနဲ့ ငါတွေ့နေရတာလား။”
ထိုလူက သူ၏စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအခါ ဘေးနားတွင်ရပ်နေသော ချင်ရှီဟွမ်သည်လည်း ရှောင်းယီမေးလိုက်သည့်စကားများကို ကြားလိုက်ရပြီး အံ့အားသင့်သွားကာ ပြောလိုက်သည်။
“သူဌေး ဒီကောင်တွေက ရှားနိုင်ငံသားတွေရဲ့စကားကို နားမလည်ဘူး။”
ရှောင်းယီက သူ့စကားကို ပြန်မဖြေဘဲ ထိုလူကိုကြည့်ကာ ဆက်မေးလိုက်သည်။
“မြန်မြန်ဖြေစမ်း မဟုတ်ရင် သူတို့ကို မင်းကိုချက်ချင်းသတ်ခိုင်းလိုက်မယ်။”
ထိုလူသည် တုန်ရီသွားကာ ချက်ချင်းဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်က ချူဖုန်းမြို့သားပါ။”
ဒေသခံ၏စကားကိုကြားလျှင် ချင်ရှီဟွမ်သည် ထပ်မံအံ့အားသင့်သွားခဲ့ကာ ပြောလိုက်သည်။
“သူဘာပြောတာလဲ။”
ရှောင်းယီသည် သူ့လက်ကို အနည်းငယ်မြှောက်ကာ ချင်ရှီဟွမ်အား စကားမပြောရန် အချက်ပြပြီး ဆက်မေးလိုက်သည်။
“မင်းတို့ ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”
“ကျုပ်တို့က မြို့တော်ဝန်ရဲ့ အမိန့်နဲ့ တစ်ခါတည်းတည်နေရာကူးပြောင်းပြီး ဒီပင်လယ်ထဲကို ရောက်လာတာပါ။ ပြီးတော့ မတူညီတဲ့ အရပိမျက်နှာရှစ်ခုလုံးကို ထွက်လာခဲ့တာ။”
ထိုလူက ချက်ချင်းပြန်ဖြေလိုက်သည်။
“မင်းတို့မြို့က မှော်ဆရာကရော မင်းတို့နဲ့အတူ လိုက်လာလား။”
ရှောင်းယီက မေးလိုက်သည်။
“မှော်ဆရာလား။ သခင်ကြီးက ထျန်းယန်ကို ဆိုလိုချင်တာလား။”
ထိုလူက ပြန်မေးလာခဲ့သည်။
“ထျန်းယန်လား။ ဒါကဘာကိုဆိုလိုတာလဲ။”
ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ဤသည်မှာ အသစ်စက်စက် စကားလုံးတစ်ခုဖြစ်သည်။
“ကျုပ်တို့မြို့မှာ ကောင်းကင်ဘုံကိုကိုယ်စားပြုပြီး လူသားတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့သူရှိတယ်။ မြို့တော်ဝန်က သူ့ကို ထျန်းယန်လို့ခေါ်တယ်။ ကျုပ်တို့ကတော့ အရှင်ထျန်းယန်လို့ခေါ်တယ်။”
ထိုလူက ပြန်ဖြေလိုက်သည်။
သေချာပေါက် သူတို့က အခေါ်အဝေါ်ပြောင်းလဲလိုက်ခြင်းပင်။ သို့သော်လည်း နာမည်ပြောင်းလဲလိုက်ရုံသာဖြစ်ပြီး ယခင်ဒေသခံမျိုးနွယ်စု မှော်ဆရာများ၏ လုပ်ဆောင်မှုနှင့် တူညီနေဆဲပင်။
“ဟုတ်တယ်။ မင်းပြောတဲ့ အရှင်ထျန်းယန်ကိုဆိုလိုတာပဲ။ သူပါလာလား။”
ရှောင်းယီက မေးလိုက်သည်။
“မပါဘူး။ ကျုပ်တို့ရဲ့ ဒီသင်္ဘောရှစ်စီးက အရင်ဆုံး စူးစမ်းရှာဖွေဖို့ ထွက်လာခဲ့တာ။ ဒီကျွန်းနဲ့တူတဲ့ ကျွန်းတစ်ခုကိုရှာတွေ့ရင် ကျုပ်တို့က သူ့ကိုအသိပေးရမယ်။”
ရှောင်းယီ၏မျက်နှာအမူအယာက အနည်းငယ်တင်းမာသွားခဲ့သည်။
“ဒီကျွန်းကိုရှာတွေ့တော့ မင်းတို့ သူ့ကိုအသိပေးပြီးသွားပြီလား။”
“အသိပေးပြီးပါပြီ။”
‘ဒါဆိုရင်တော့ အရမ်းဆိုးရွားသွားပြီ။’
ရှောင်းယီက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအချိန်တုန်းက S-အဆင့် ခွန်းပန်ကို ဝေးဝေးကနေ ဒဏ်ရာရအောင်လုပ်နိုင်ခြင်းသည် သူ့၏အဆင့်က အနည်းဆုံး SS-အဆင့် သို့မဟုတ် ထိုထက်မြင့်နိုင်ကြောင်း ဆိုလိုနေခြင်းပင်။ ရှောင်းယီသည် သူ့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို ရှောင်ရှားနေခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော အခုအချိန်တွင် ရှောင်းယီအတွက် အလိုအပ်ဆုံးအရာမှာ အချိန်ဖြစ်နေသောကြောင့်ပင်။ သူသာ အချိန်လုံလုံလောက်လောက်ရမည်ဆိုလျှင် SSS အဆင့် စွမ်းအားရှင်တစ်ယောက် သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။
ယခုဆိုလျှင် ချူဖုန်းမြို့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အောင်မြင်စွာရရှိခဲ့ပြီး ရှားနိုင်ငံသားအသက်ရှင်ကျန်ရစ်သူများ၏နယ်မြေဆီသို့ ချီတက်လာနေပြီဖြစ်သည်။
ထိုအတွေး ဝင်ရောက်လာသောအခါ ရှောင်းယီသည် ချင်ရှီဟွမ်ကိုကြည့်ကာ မေးလိုက်၏။
“ခင်ဗျားတို့ ဒီသင်္ဘောပေါ်က ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီးပြီလား။”
ရုတ်တရက် ရှောင်းယီ၏ မေးခွန်းကိုကြားလိုက်ရသောအခါ ချင်ရှီဟွမ် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
“သိမ်းပိုက်ပြီးပါပြီ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မသိမ်းပိုက်ရသေးပါက သူတို့သည် မြို့ပြန်ကျောက်မှတစ်ဆင့် တည်နေရာကူးပြောင်းလာနိုင်ခြေရှိသည်။
အကယ်၍ ထိုထျန်းယန်သာ ရောက်လာခဲ့လျှင် သူတစ်ယောက်တည်းဖြင့်ပင် ဤမဟာမိတ်အဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။ မြို့ပြန်ကျောက်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာကို အခြေခံပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သိမ်းပိုက်ခံရပြီးနောက် အတွင်းရှိ တည်နေရာအချက်အလက်များကို ဖျက်ပစ်လိုက်မည်ဖြစ်သည်။
“ကောင်းပြီ...။ ဒါပေမယ့် ခင်ဗျားတို့ပြင်ဆင်ထားသင့်တယ်။ မကြာခင်မှာ စွမ်းအားကြီးမားတဲ့ ရန်သူတွေ ရောက်လာနိုင်တယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
ချူဖုန်းမြို့သားများသည် မြို့ပြန်ကျောက်မှတစ်ဆင့် တည်နေရာကူးပြောင်းလာနိုင်ခြင်းမရှိတော့သော်လည်း သူတို့သည် ဤသင်္ဘောများ၏ ရွေ့လျားမှုလမ်းကြောင်းကိုမူ သိရှိထားလိမ့်မည်ဖြစ်သည်။ သူတို့၏မြေပုံပေါ်ရှိ လမ်းကြောင်းအတိုင်း လိုက်လာမည်ဆိုပါက ပထမအင်ပါယာမဟာမိတ်အဖွဲ့၏တည်နေရာကို ရှာဖွေတွေ့ရှိနိုင်ဆဲဖြစ်သည်။
“ဟင် ခင်ဗျား ဘာကိုဆိုလိုတာလဲ။”
ချင်ရှီဟွမ်က နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ခင်ဗျား တကယ်ပဲ သူနဲ့စကားပြောနိုင်တာလား။”
“ဖြစ်နိုင်ရင် ခင်ဗျားတို့ တခြားနေရာကို ပြောင်းရွှေ့ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်သင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် ထိုဒေသခံကိုပြန်ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ ဒီကျွန်းကိုရှာဖွေတွေ့ရှိဖို့ ဘယ်လောက်ကြာခဲ့လဲ။”
“သုံးရက်ပါ”
ရှောင်းယီက ချင်ရှီဟွမ်ကို ပြန်ပြောလိုက်သည်။
“သုံးရက်...ခင်ဗျားတို့မှာ စဉ်းစားဖို့ အချိန်သုံးရက်ရှိတယ်။ သုံးရက်ပြည့်သွားရင် သူတို့က ခင်ဗျားတို့ရဲ့တည်နေရာကို ရှာတွေ့သွားလောက်ပြီ။”
“အမ်.. အခု ကျုပ်တို့မှာ အမြောက်ဆန်တွေအများကြီးရှိနေပြီလေ။ ဒါတောင် ခင်ဗျပြောနေတဲ့ ချူဖုန်းမြို့ကို မခုခံနိုင်သေးဘူးလား။”
ချင်ရှီဟွမ်သည် ယီရန်ပင်းက ကြောက်တတ်လွန်းနေသည်ဟု ခံစားလိုက်ရသည်။
ရှောင်းယီက သူ့ကို တစ်ချက်ငဲ့ကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ကျုပ်ရဲ့အချက်အလက်အရ ချူဖုန်းမြို့ရဲ့မှော်ဆရာက အနည်းဆုံး SS အဆင့်မှာရှိတယ်။ ခင်ဗျားတို့မဟာမိတ်အဖွဲ့က အဲဒီအဆင့်ရှိတဲ့ မှော်ဆရာကို ခုခံနိုင်မှာသေချာလား။”
“ချီး SS-အဆင့်လား။ ပြီးတော့ အနည်းဆုံးလား။”
ချင်ရှီဟွမ်က တိုက်ရိုက်ကျိန်ဆဲမိလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“ကျုပ်မေးထားတာက သူတို့ တည်နေရာတစ်ခါကူးပြောင်းပြီးနောက် ဒီကိုရောက်ဖို့ သုံးရက်ပဲကြာခဲ့တယ်။ ခင်ဗျားတို့ကိုယ်တိုင် ဆုံးဖြတ်ကြပေါ့။”
“သေစမ်း လူတွေကို လွှတ်ပေးထားလို့မရလား။”
ချူရှန်းက ကြိမ်းမောင်းလိုက်ပြန်သည်။
“ဟုတ်သားပဲ သူဌေး သူတို့ရဲ့အဆင့်ကို ခင်ဗျားဘယ်လိုသိခဲ့တာလဲ။ ဒီလူ ပြောပြတာလား။ သူက ကျုပ်တို့ကိုလှည့်စားနေတာလား။”
“သူပြောခဲ့တာမဟုတ်ဘူး။ ကျုပ်က ကံကောင်းထောက်မစွာနဲ့ ချူဖုန်းမြို့နဲ့ တွေ့ဆုံခဲ့ဖူးတယ်။ သူတို့က စိတ်ဝိဉာည်တိုက်ခိုက်မှုနဲ့ ကျုပ်ရဲ့ S-အဆင့် အိမ်မွေးတိရစ္ဆာန်ကို အဝေးကနေ ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ သူတို့ရဲ့အဆင့်က ဘယ်လောက်လဲဆိုတာ မင်းကောက်ချက်ချနိုင်မလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ချင်ရှီဟွမ်သည် တံတွေးမြိုချကာ ပြောလိုက်သည်။
“ကျုပ်နားလည်ပါပြီ။ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“ကျုပ် နောက်ထပ်ဘာသာပြန်တစ်ယောက် စီစဉ်ပေးမယ်။ ကျန်တာတွေကိုတော့ ခင်ဗျားကိုယ်တိုင်ပဲ သွားမေးလိုက်ပါ။”
ထို့နောက် ရှောငယီသည် စကားဝိုင်းကို အဆုံးသတ်ရန် ပြင်လိုက်သည်။
“ဟုတ်ကဲ့ပါ သူဌေး ကျေးဇူးတင်ပါတယ်။”
ချင်ရှီဟွမ်က ပြောလိုက်သည်။
“အရမ်းကြီးကျယ်တဲ့နာမည်မရွေးနဲ့။ ခင်ဗျားရဲ့ဘဝက နာမည်စီးနေတာဖြစ်မယ်။”
ရှောင်းယီသည် နောက်ဆုံးစကားတစ်ခွန်းကိုပြောကာ ဗီဒီယိုချိတ်ဆက်မှုကို ဖြတ်တောက်လိုက်လေသည်။
ချင်ရှီဟွမ်သည် အနည်းငယ် ကြောင်အသွားခဲ့ပြီး ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။
“ငါရွေးချယ်လိုက်တဲ့အွန်လိုင်းနာမည်ကြောင့် တကယ်ပဲ ဒီလိုစွမ်းအားကြီးမားတဲ့ရန်သူတွေကို ဆွဲဆောင်မိနေတာလား။ သေစမ်း...ငါနာမည်ပြောင်းတော့မယ်။”
ကမ္ဘာပေါ်တွင် အသက်ရှင်ကျန်ရစ်သူများ အများအပြားကျန်ရှိနေသေးသည်။ သူတို့၏မဟာမိတ်အဖွဲ့နှင့်မှ မည်ကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရှိခဲ့ရသည်ကို ပြောရန်ခက်ခဲလှသည်။
ရှောင်းယီ၏မွေးရပ်မြို့တွင် နာမည်ကြီးသောစကားတစ်ခွန်းရှိသည်။
‘နာမည်ကို နှိမ့်ချပါ။ အဲ့ဒါမှ အမြင့်ကို လွယ်လွယ်ရောက်နိုင်လိမ့်မယ်။”
ထို့ကြောင့် ကုန်းတန်(ခွေးဥ)ကဲ့သို့သောနာမည်များ အဆုံးမရှိ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဟုတ်ပါသည်။ ထိုအရာက ဘာမျှမဟုတ်ပေ။ ဥပမာအားဖြင့် အကုန်း(ဒုတိယခွေး)သည် ရက်သတ္တပတ်အနည်းငယ်ကြာက ရတနာမြေပုံကြောင့် အကြံအစည်ခံခဲ့ရသည်။
[T/N: အရင်က ဘာသာပြန်သူရဲ့လိုအပ်ချက်ကြောင့် အားကောင်းလို့ပြန်ခဲ့မိပါတယ်။ ခွေးလွှတ်ကြပါ (。•́︿•̀。)။]
ရှောင်းယီသည် ထိုလူနှင့်စကားပြောပြီးနောက် ဆုဝမ်ကို ဖုန်းခေါ်ကာ ပြောလိုက်သည်။
“အဲ့ဒီအကျဉ်းသားက ချူဖုန်းမြို့သားပဲ။ သူတို့ဘာသာစကားက ဒေသခံမျိုးနွယ်စုတွေနဲ့မတူဘူး။ ချူဖုန်းမြို့သားတွေရဲ့ဘာသာစကားကို သင်ယူထားတဲ့ ဒေသခံတွေကို စီစဉ်ပေးလိုက်ပါ။”
ဆုဝမ် အံ့အားသင့်သွားခဲ့သည်။ ယခင်က စပိုင်များကို လေ့ကျင့်သင်ကြားရေးတွင်သာ ချူဖုန်းမြို့သားအကျဉ်းသားများထံမှ ချူဖုန်းမြို့သားတို့၏ဘာသာစကားကို သင်ယူခဲ့ခြင်းဖြစ်သည်။ သူမထံတွင် ကျူးဖုန်းမြို့သားတို့၏ဘာသာစကားကိုသင်ယူထားသူ မည်သူမျှမရှိပေ။
ဆုဝမ်သည် သူမထံတွင် မည်သူမျှမရှိသော်လည်း ပြဿနာကို ရှောင်းယီအား ပြန်မတင်ပြဘဲ “အိုကေ” ဟုသာ တုံ့ပြန်လိုက်သည်။
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသောအခါ ဆုဝမ်သည် ကျန်းယွင်ထျန်းအား ချက်ချင်းဆက်သွယ်လိုက်လေသည်။ အကျဉ်းသားစီမံခန့်ခွဲမှုနှင့် စပိုင်များအား လေ့ကျင့်သင်ကြားရေးနှစ်ခုလုံးသည် ကျန်းယွင်ထျန်း၏တာဝန်ဖြစ်သည်။ သူနှင့်ဆက်သွယ်မည်ဆိုပါက ချူဖုန်းမြို့သား ဘာသာပြန်တစ်ဦးကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဖုန်းခေါ်ပြီးနောက် ဖုန်းသည် ဆက်သွယ်ဧရိယာပြင်ပရောက်နေသည်ဟု အသိပေးလာခဲ့သည်။
ထိုအခါမှ ဆုဝမ်သည် ကျန်းယွင်ထျန်းက မျောက်နက်နိုင်ငံသို့ သွားနေသည်ကို သတိရလိုက်လေသည်။
ထို့ကြောင့် သူမသည် အန်းယွဲ့ထံသို့ ဖုန်းထပ်ခေါ်လိုက်သည်။
“ဦးလေးအန်း ရှင့်ဘက်မှာ ချူဖုန်းမြို့သားတွေရဲ့ဘာသာစကားကိုသိတဲ့ ဘာသာပြန်တွေရှိလား။”