အခန်း (၅၇၃-၅၇၄)
Vol. 41 Ch. 573-574
အခန်း ၅၇၃ - ထိုးဖောက်တိုက်ခိုက်မှု၊ လူသိရှင်ကြား
“ချူဖုန်းမြို့လား။”
ဆုဝမ်၏တောင်းဆိုချက်ကို ကြားလိုက်ရပြီးနောက် အန်းယွဲ့ အံ့အားသင့်သွားခဲ့သည်။
“ဘာလို့လဲ ငါတို့ ချူဖုန်းမြို့နဲ့ တိုက်ပွဲဖြစ်နေတာလား။”
“အသက်ရှင်ကျန်ရစ်သူတချို့ကို ချူဖုန်းမြို့က တိုက်ခိုက်ခဲ့ပြီးတော့ ဒေသခံတချို့ကို ဖမ်းမိထားတာထင်တယ်။”
ဆုဝမ်က ခန့်မှန်းလိုက်သည်။
“ကောင်းပြီ ငါ ကျန်းရွှဲ့ဘက်ကို မေးကြည့်လိုက်မယ်။ သူတို့မှာ ဘာသာပြန်အဖြစ်အသုံးပြုနိုင်တဲ့ ဖယ်ထုတ်ခံထားရတဲ့ စပိုင်တချို့တော့ ကျန်နေသေးတယ်ထင်တယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“ငါညှိနှိုင်းပြီးသွားရင် တစ်ယောက်ယောက်ကို မင်းဆီ တိုက်ရိုက်ပို့ခိုင်းလုပ်မယ်။”
“ကောင်းပါပြီ။”
မကြာမီ ဒေသခံတစ်ဦး အလျင်အမြန် အပြေးအလွှားရောက်ရှိလာခဲ့သည်။ ဆူဝမ်သည် ၎င်းကို ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် တည်နေရာကူးပြောင်းခိုင်းလိုက်သည်။
ကျန်းယွင်ထျန်းသည် ဦးတည်ချက်ကျောက်ကိုအသုံးပြုကာ အခြားပင်လယ်ပြင်သို့ ရောက်ရှိသွားပြီဖြစ်သည်။
“နည်းပြ အခု ကျုပ်တို့ရဲ့ ခရီးပန်းတိုင်နေရာကနေ ၁၀ ကီလိုမီတာအကွာကို ရောက်နေပါပြီ။”
ဘေးမှ တပ်သားတစ်ဦးက သတင်းပို့လာခဲ့သည်။
အခြားသူများက ကျန်းယွင်ထျန်းအား ‘သခင်ကျန်း’ ဟုခေါ်ဝေါ်လေ့ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့အတွင်းတွင် တပ်သားများသည် ကျန်းယွင်ထျန်းအား ‘နည်းပြ’ ဟုခေါ်ဝေါ်နေကြဆဲဖြစ်သည်။
ကျန်းယွင်ထျန်း ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။
“ကောင်းကောင်းပုန်းကွယ်ထားပြီး တိုက်ရိုက်ဆိုက်ကပ်ဖို့ကြိုးစားကြ။”
“ဟုတ်ကဲ့”
လူအုပ်ကြီးက တုံ့ပြန်လိုက်သည်။
မကြာမီ သင်္ဘောကြီးသည် ကမ်းစပ်သို့ ချဉ်းကပ်လာခဲ့သည်။
ကမ်းခြေရှိ ကင်းလှည့်အဖွဲ့ဝင်များစွာသည် သူတို့၏သင်္ဘောပြန်ရောက်လာသည်ကိုမြင်လိုက်ရပြီးနောက် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတို့သည် ကမ်းခြေပေါ်တွင် နားမလည်နိုင်သောစကားများဖြင့် အော်ဟစ်နေကြပြီး ထိုသူများထဲမှ နှစ်ဦးသည် ကျွန်းဆီသို့ ပြေးသွားခဲ့ကြသည်။
“သူတို့ကို ဖယ်ရှားပစ်လိုက်။”
ကျန်းယွင်ထျန်းက အော်လိုက်သည်။
ဝှစ်ရှ် ဝှစ်ရှ်
ဝါးမြားနှစ်ချောင်း ပျံထွက်သွားပြီး ကျွန်းဆီသို့ပြေးနေသော ထိုလူနှစ်ဦးကို တိုက်ရိုက်ဖယ်ရှားပစ်လိုက်သည်။
ထိုလူနှစ်ဦး မြေပြင်သို့ လဲကျသွားပြီးနောက် ကျန်ရှိသော ကင်းလှည့်တပ်သားများသည် နောက်ဆုံးတွင် ကြောင်အနေရာမှ တုံ့ပြန်လာလာနိုင်ခဲ့ကြပြီး အကူအညီတောင်းရန်အတွက် အော်ဟစ်ရန်ပြင်လိုက်ကြသည်။
ထိုစဥ် အဖြူရောင်အရိပ်တစ်ခု သူတို့နားမှ ဖြတ်ပြေးသွားကာ သူတို့မတုံ့ပြန်နိုင်မီ အားလုံးကို ချေမှုန်းပစ်လိုက်သည်။
ကျန်းယွင်ထျန်းသည် လူများ၏ချိုင့်ဝင်နေသော ရင်ဘတ်များကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်များ တုန်ခါသွားခဲ့သည်။
“တပိုင်က ရက်စက်လွန်းတယ်။”
ညနေ ၉ နာရီနီးပါးရှိပြီဖြစ်သည်။ ကျန်းယွင်ထျန်းနှင့် အဖွဲ့သည် ထိုလူများ၏အလောင်းများကို အနီးနားရှိ တောအုပ်ထဲတွင် ဝှက်ထားပြီး လက်ဟန်ပြလိုက်သည်။
တပ်သား ၅၀ ပါဝင်သော တပ်ဖွဲ့တစ်ခုသည် ချက်ချင်းပင် သင်္ဘောမှဆင်းသက်လာကာ တိတ်တဆိတ် ကျွန်းထဲသို့ စီးနင်းဝင်ရောက်သွားခဲ့သည်။
ကျန်းယွင်ထျန်းသည် အကွာအဝေးကိုခန့်မှန်းရင်း လမ်းလျှောက်နေခဲ့သည်။ အဝေးမှ လူများ စကားပြောနေသည့်အသံကို ကြားလာရသည့်အခါ သူသည် မီတာ ၅၀၀ ခန့် ခရီးနှင်ပြီးဖြစ်သည်။
အကယ်၍ တစ်ဖက်လူသည် သူ၏ကျွန်းကို စတုရန်းပုံသဏ္ဍာန် ချဲ့ထွင်ထားခြင်းဖြစ်ပါက ကျွန်း၏ပတ်လည်အလျားသည် တစ်ကီလိုမီတာရှိပြီး ကျွန်းတစ်ခုလုံး၏ဧရိယာသည် စတုရန်းမီတာ တစ်သန်းရှိသင့်သည်။
ဤကိန်းဂဏန်းသည် အလွန်ကြီးမားနေပြီဖြစ်ပြီး ဤကျွန်း၏ပိုင်ရှင်သည် သာမန်လူတစ်ဦးမဟုတ်ကြောင်း ညွှန်ပြနေခဲ့သည်။
သူသည် မျောက်နက်နိုင်ငံသားများပြောခဲ့သည့်စကားများ၏အမှန်တကယ်ကို သံသယရှိနေခဲ့သည်။ သူတို့သည် သူတို့၏မဟာမိတ်အဖွဲ့တွင် S-အဆင့် ကျွမ်းကျင်သူရှိသည်ဟုပြောခဲ့ခြင်းပင်။ သို့သော် ယခုအခါ ကျန်းယွင်ထျန်းသည် ထိုစကားများကို ယုံကြည်လာပြီဖြစ်သည်။
အဝေးတွင် ကင်းလှည့်တပ်ဖွဲ့များစွာ ဖြတ်သန်းသွားလာနေကြသည်။
ကျန်းယွင်ထျန်းသည် လက်ဟန်အနည်းငယ်ပြုလုပ်လိုက်သည်။ သူ့နောက်ကလိုက်လာသော တပ်သားများသည် ချက်ချင်းပင် ပြန့်ကားသွားပြီး သူတို့လက်ထဲရှိ S-အဆင့် ဒူးလေးများကို ကင်းလှည့်တပ်သားများဆီသို့ ပစ်မှတ်ထားလိုက်ကြသည်။
ဤ S-အဆင့် ဒူးလေးများသည် ရတနာမြေပြင်မှရရှိခဲ့သော A-အဆင့် ဒူးလေးပုံစံကွက်နှစ်ခုကို ပေါင်းစပ်ပြီးနောက် ပြုလုပ်ထားခြင်းဖြစ်သည်။
သူတို့သည် သူတို့၏ပစ်မှတ်များကို အသီးသီး ရှာဖွေလိုက်ကြသည်။
ကျန်းယွင်ထျန်းက လက်ခါပြလိုက်၏။
ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်
အလွန်တိုးဖျော့သောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကင်းလှည့်တပ်သားများသည် ချက်ချင်းပင် သူတို့၏လည်ပင်းကိုဆုပ်ကိုင်ပြီး လဲကျသွားခဲ့ကြသည်။ တစ်ယောက်မျှမလွဲခဲ့ပေ။
ဒူးလေးများပစ်ခတ်ပြီးနောက် တပ်ဖွဲ့တစ်ဖွဲ့သည် ချက်ချင်းပြေးထွက်လာကာ သူတို့ကို အဆုံးသတ်ပစ်လိုက်သည်။
တစ်ချို့လူများ လုံးဝမသေသေးသောကြောင့် အသံတစ်ခုခုပြုလုပ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
သူတို့ကို အဆုံးသတ်ပြီးနောက် ထိုလူများ၏အလောင်းများကို ဘေးတစ်ဖက်ရှိ အမှောင်ထဲသို့ ဆွဲခေါ်သွားခဲ့ကြသည်။
ကျန်းယွင်ထျန်းနှင့် အဖွဲ့သည် အိမ်များဆီသို့ ထပ်မံချဉ်းကပ်လာခဲ့ကြသည်။
အိမ်များအတွင်းမှ ယောက်ျားများ၏ စိတ်လှုပ်ရှားစွာအော်ဟစ်သံများနှင့် မိန်းမများ သနားခံသံများကို ကြားနေခဲ့ရ၏။
“အကုန်လုံး သတ်ပစ်လိုက်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
သူ့နောက်ရှိ တပ်သားများသည် ချက်ချင်းပင် ပြေးဝင်သွားကြပြီး အိမ်ထဲက လူများသည် ရုတ်တရက် ဝင်ရောက်လာသော တပ်သားများကို ကြောက်လွန်းသဖြင့် ဆီးများပင် ထိန်းနိုင်ခြင်းမရှိခဲ့ကြပေ။
တစ်ယောက်စီကို ဓားတစ်ချက်စီဖြင့် သန့်ရှင်းပြီး ထိရောက်လှသည်။
မျက်စိရှေ့ရှိ အိမ်များအတွင်းရှိ လူများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။ ဤနေရာတွင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မရှိပေ။
“ဒီကျွန်းရဲ့ပိုင်ရှင်က သူနေတဲ့အိမ်ကို အလယ်ဗဟိုမှာမထားဘူးလား။”
ကျန်းယွင်ထျန်းက သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။
ထိုအချိန်တွင် ကမ်းခြေမှ မောင်းထုသံများ ရုတ်တရက် မြည်ဟီးလာခဲ့သည်။
“ငါတို့ ရှာတွေ့သွားပြီ။”
ကျန်းယွင်ထျန်းက တွေ့လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ၏ဝေါ်ကီတော်ကီမှ အသံမြည်လာခဲ့သည်။
“နည်းပြ သူတို့က တောထဲက အလောင်းတွေကို ရှာတွေ့သွားပြီ။ ကျုပ်တို့ သင်္ဘောကို နည်းနည်းပြန်ရွှေ့ထားလိုက်တယ်။”
“ရပြီ သင်္ဘောကို သူတို့မတိုက်ခိုက်နိုင်အောင် ဂရုစိုက်ထား။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ညဖက်သည် မှောင်မိုက်နေပြီး အခြားအဆောက်အဦများကို မတွေ့ရှိသဖြင့် အမိန့်ပေးလိုက်တော့သည်။
“ပြန်ဆုတ်ပြီး သူတို့ရောက်လာမှာကို စောင့်ကြမယ်။”
“ဟုတ်ကဲ့။”
လူအုပ်က တုံ့ပြန်လိုက်သည်။
ကျန်းယွင်ထျန်းသည် တပ်ဖွဲ့ကို ကမ်းခြေအနီးသို့ ပြန်ခေါ်သွားခဲ့သည်။ ထိုနေရာတွင် လူပေါင်း ၁၀၀ နီးပါးရှိနေပြီဖြစ်ကာ ကမ်းခြေပေါ်တွင် သုံးချက်ပစ်လောက်လွှဲများ တပ်ဆင်ထားခဲ့သည်။
ထိုလူများသည် ပင်လယ်ထဲရှိ သင်္ဘောကြီးဆီသို့ တစ်စုံတစ်ခုအော်ပြောနေခဲ့ကြသည်။
ကျန်းယွင်ထျန်းတို့အဖွဲ့သည် ထိုစကားများကို လုံးဝနားမလည်နိုင်ကြပေ။
“နောင်တိုက်ပွဲတွေမှာ တပ်ဖွဲ့နဲ့အတူ ဘာသာပြန်တွေပါ ခေါ်သွားရမယ်ထင်တယ်။”
ကျန်းယွင်ထျန်းက တွေးလိုက်မိသည်။
ကမ်းခြေရှိ မျောက်နက်နိုင်ငံသားများသည် စမ်းသပ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း သင်္ဘောကြီးသည် သုံးချက်ပစ်လောက်လွှဲများ၏ တိုက်ခိုက်မှုအကွာအဝေးထက် ကျော်လွန်နေသောကြောင့် အကျိုးမရှိပေ။
ကျန်းယွင်ထျန်း၏ဘေးရှိ တပိုင်သည်မူ လှုပ်ရှားလိုစိတ်ပြင်းပြနေပြီဖြစ်သည်။ သူဝက်ဝံတစ်ကောင်တည်းဖြင့် ထိုအားနည်းသည့်လူအားလုံးကို ဖြေရှင်းနိုင်ပေသည်။
ကျန်းယွင်ထျန်းက အလွန်တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
“သူတို့ကိုသတ်ဖို့က လွယ်လွယ်လေးပဲ။ ဒါပေမယ့် သူတို့ရဲ့ခေါင်းဆောင်ကို ထွက်ပြေးသွားအောင်လုပ်မိသွားရင် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သွားလိမ့်မယ်။ ခဏစောင့်ဦး။”
ထိုအခါမှ တပိုင်သည် သူမပုန်းအောင်းသည့်နေရာသို့ ပြန်ဆုတ်သွားခဲ့သည်။
တပိုင်သည် ကျန်းယွင်ထျန်း၏စကားကို အပြည့်အဝနားမလည်နိုင်သော်လည်း ယခုအချိန်တွင် အနည်းဆုံးတော့ အလောတကြီးလှုပ်ရှား၍မဖြစ်ကြောင်း နားလည်ထားခဲ့သည်။
မကြာမီ ကျွန်းအတွင်းမှ အခြားတပ်ဖွဲ့တစ်ဖွဲ့ ထွက်လာခဲ့ပြီး လူ ၃၀ ခန့်ရှိလေသည်။ ခေါင်းဆောင်သည် အရပ်ပုပြီး ကြံ့ခိုင်ကာ အသားအရောင်မှာ မည်းနက်နေ၍ ကြယ်များဝန်းရံထားသော လတစ်စင်းကဲ့သို့ ကမ်းခြေသို့ လျှောက်လာနေခဲ့သည်။
ကမ်းခြေရှိတပ်ဖွဲ့သည် ထိုလူကိုမြင်လိုက်ရပြီးနောက် သူ့ကို နှုတ်ဆက်လိုက်ကြသည်။
“သင်္ဘောကနေ တုံ့ပြန်မှုရှိလား။”
ထိုယောက်ျားက မေးလိုက်သည်။
“မရှိသေးပါဘူး။ သူတို့က ကျုပ်တို့ကို ခုထိ ဘာမှမတုံ့ပြန်သေးဘူး။”
“အရင်ကမ္ဘာရဲ့ အပြည်ပြည်ဆိုင်ရာ ဘုံဘာသာစကားနဲ့ အော်ပြောကြည့်ပြီးပြီလား။”
ထိုယောက်ျားက ပင်လယ်ထဲရှိသင်္ဘောကို စိုက်ကြည့်လိုက်သည်။
“မပြောကြည့်ရသေးပါဘူး။”
“အပြည်ပြည်ဆိုင်ရာ ဘုံဘာသာစကားကိုသုံးပြီး ဆက်ပြီးအော်ပြောလိုက်။ မင်းတို့ထဲက လူတစ်ဝက်ကို ကျွန်းပေါ်က တောအုပ်ထဲမှာ ရှာဖွေခွင့်ခိုင်းလိုက်။ ရန်သူတွေက ကျွန်းပေါ်ကိုရောက်နေပြီ။ ငါတို့ရဲ့စခန်းကို သိမ်းပိုက်လိုက်တယ်။ ရန်သူတွေက အတွင်းဘက်ကို ဆက်သွားဖို့များတယ်။ စစ်စခန်းနားကနေ စရှာလိုက်။”
ထိုယောက်ျားက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ဘေးတစ်ဖက်တွင် ပုန်းအောင်းနေသော ကျန်းယွင်ထျန်းသည် နောက်ဆုံးတွင် ထိုလူများပြောနေသည့်စကားများကို နားလည်နိုင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြေးစားစစ်သားတစ်ဦးအနေဖြင့် သူသည် အနည်းဆုံးတော့ အပြည်ပြည်ဆိုင်ရာ ဘုံဘာသာစကားကို နားလည်ပြောဆိုနိုင်သည်။
ဟုတ်ပါသည်။ နားလည်ခြင်းက ဘာကိုမျှဆိုလိုနေခြင်းမဟုတ်ပေ။ သူတို့သည် မိမိတို့အား လက်နက်ချရန် တောင်းဆိုနေခြင်းသာဖြစ်သည်။
တပိုင်သည် အရပ်ပုပြီးကြံ့ခိုင်၍ မည်းနက်သောမျက်နှာရှိသူကိုကြည့်ကာ ကျန်းယွင်ထျန်းကို ပြန်ကြည့်လိုက်သည်။ သူ၏အဓိပ္ပာယ်မှာ ရှင်းနေလေသည်။
“အခုတိုက်လို့ရပြီလား။”
ကျန်းယွင်ထျန်းသည် သူ့ကိုယ်သူ လက်ညိုးထိုးပြကာ အလွန်တိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါအရင်သွားမယ် မင်းက သူထွက်မပြေးနိုင်အောင် သေချာတားထား။”
ထိုသို့ပြောရင်းဖြင့် ကျန်းယွင်ထျန်းသည် လူ ၁၀ ဦးကို ခေါ်ဆောင်ကာ ပုန်းအောင်းရာနေရာမှထွက်လာပြီး တစ်ချိန်တည်းတွင် ဝါးမြားနှစ်ချောင်းပစ်ကာ အနီးနားရှိလူ ၁၀ ဦးခန့်ကို သတ်ပစ်လိုက်သည်။
တစ်ဖက်လူက ချက်ချင်းသတိထားမိသွားပြီး သူတို့လက်ထဲရှိလက်နက်အားလုံးကို သူတို့ဆီသို့ ပစ်မှတ်ထားလိုက်ကြသည်။
သို့သော် သူတို့လက်ထဲတွင် အေးစက်သောလက်နက်များသာရှိပြီး ကျန်းယွင်ထျန်း ခေါ်ဆောင်လာသော တပ်သားများသည် ချက်ချင်းပင် သူတို့၏ကျောပြင်တွင်ရှိသော ဒိုင်းများကို ထုတ်ယူလိုက်ကြသည်။
ခေါင်းဆောင်သည် ကျန်းယွင်ထျန်းကို မြင်လိုက်ရပြီးနောက် သူ၏မျက်လုံးများကျဥ်းမြောင်းသွားခဲ့သည်။ ကျန်းယွင်ထျန်းသည် သူ့အား အန္တရာယ်ရှိသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
“မင်းကိုကြည့်ရတာ ယုတ်ညံ့တဲ့ ရှားနိုင်ငံသားတစ်ယောက်ပဲဖြစ်ရမယ် ဟုတ်လား။”
ထိုယောက်ျားက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
“ဘာလဲ။ မင်းတို့က ငါ့ရဲ့ရတနာရှာဖွေဖို့သွားတဲ့သူတွေကို ချုံခိုတိုက်ခိုက်ပြီး ငါ့နယ်မြေထိပါ ရောက်လာရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။”
အခန်း ၅၇၄ - S-အဆင့် အိမ်မွေးတိရစ္ဆာန်များ၏ ပုန်ကန်မှု၊ တပိုင်က ပိုင်လောင်ကို ကယ်တင်ချင်နေသည်
ကျန်းယွင်ထျန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဒီနေ့ ငါဒီကိုရောက်လာတာက မင်းကိုချိုးနှိမ်ပစ်ဖို့ပဲ။”
တစ်ဖက်ကလူက ခေါင်းခါလိုက်သည်။
“မင်းက ယီရန်ပင်းရဲ့အဖွဲ့ကပဲဖြစ်ရမယ်။ အဆင့်မြင့်ပစ္စည်းတချို့ရောင်းပြီးတာနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာလား။ မင်းရောက်လာပြီဆိုမှတော့ ငါတို့ရဲ့ မျောက်နက်နိုင်ငံရဲ့ စွမ်းအားကို မင်းကိုကြည့်ခွင့်ပေးလိုက်မယ်။”
“တော်တော်အရှက်မဲ့တာပဲ။”
ကျန်းယွင်ထျန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
“ငါသိပါတယ်။ ယီရန်ပင်းအဖွဲ့က အရမ်းအားကောင်းတယ်။ ဒါပေမယ့် မင်းကိုကြည့်ရတော့ ဒီလောက်ပဲ။ တကယ်တော့ ငါက ရှားနိုင်ငံနယ်မြေကို ဘယ်တော့သိမ်းပိုက်ရမလဲဆိုပြီး တွေးနေတာ။ မင်းသိလား ငါတို့နိုင်ငံမှာ နောက်ဆုံးလုပ်ခဲ့တဲ့ ရှားနိုင်ငံဆနိ့ကျင်ရေးလှုပ်ရှားမှုမှာ ရှားနိုင်ငံသူ ၃၆ ယောက်တိတိကို ငါမြည်းကြည့်ခဲ့တယ်။ အရသာက တကယ့်ကိုအံ့မခန်းပဲ။”
တစ်ဖက်ကလူက ကျန်းယွင်ထျန်းကို ဒေါသထွက်စေချင်နေဟန်ရှိသည်။ သူသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေခြင်းမရှိဘဲ ကရားရေလွှတ်ပြောနေခဲ့သည်။
“အခု မင်း ဒီကိုရောက်လာပြီဆိုမှတော့ ငါ ရှားနိုင်ငံကိုသွားဖို့ လမ်းကြောင်းရှာတွေ့သွားပြီ။”
“ဟမ့် မင်းမှာအခွင့်အရေးမရှိတော့ဘူး။ တိုက်ခိုက်ကြ...”
ကျန်းယွင်ထျန်း၏မျက်နှာသည် မှုန်မှိုင်းနေပြီး ပြင်းထန်စွာအော်ဟစ်လိုက်သည်။
သူ့ဘေးကတပ်သားတွေက ချက်ချင်းပင် သူတို့၏ဒိုင်းများကြားမှ ဒူးလေးများဖြင့် ပစ်ခတ်လိုက်ကြသည်။
တစ်ဖက်တွင် ရန်သူ၏မြားတွေကလည်း ချက်ချင်းပင် သူတို့ဆီသို့ ပျံသန်လာခဲ့ကြလေသည်။
သို့သော် ကျန်းယွင်ထျန်းတို့လက်ထဲရှိ ဒိုင်းများမှာ အလွန်ထိရောက်လှပြီး မျောက်နက်နိုင်ငံ၏မြားများက လုံးဝမထိုးဖောက်နိုင်ပေ။
ကျန်းယွင်ထျန်းသည် ရန်သူ၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ခေါင်းဆောင်ဆီသို့ ပြေးဝင်သွားခဲ့သည်။
“စိတ်ဆိုးသွားပြီလား...။”
ထိုယောက်ျားက ဆက်လက်၍ စိတ်အနှောက်အယှက် ပေးနေခဲ့သည်။
“ငါ မင်းကိုပြောဖို့မေ့သွားတယ်။ ရှားနိုင်ငံဆန့်ကျင်ရေးလှုပ်ရှားမှုကို ငါတို့စူးမိသားစုကစတင်ခဲ့တာ။ ဒါပေမယ့် မင်းတို့မှာ ငါတို့ကိုဖြေရှင်းဖို့ နည်းလမ်းမရှိခဲ့ဘူးမလား။”
“သေစမ်း....။”
ကျန်းယွင်ထျန်းသည် လေထဲသို့ လွှားခနဲခုန်တက်လိုက်ပြီး သူ့လက်ထဲကဓားကို ထိုယောက်ျားဆီသို့ တိုက်ရိုက်ထိုးသွင်းလိုက်သည်။
ထိုယောက်ျားသည် နောက်ပြန်ခုန်ဆုတ်လိုက်ပြီး နှုတ်ခမ်းထောင့်များမှာ အနည်းငယ်ပြုံးနေခဲ့သည်။
“မှတ်ထားစမ်း မင်းကိုသတ်မယ့်လူနာမည်က စူးတုကျီပဲ။”
ထိုစဉ် ရုတ်တရက် ဘယ်ဘက်မှ လေပြင်းတစ်ခု တိုးတင်လာခဲ့ပြီး ကျန်းယွင်ထျန်းသည် အလျင်အမြန် ဒိုင်းဖြင့်ကာကွယ်ကာ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဘမ်း
ကျန်းယွင်ထျန်းသည် ညာဘက်သို့ ပစ်ထုတ်ခံလိုက်ရပြီး သူသည် ထိုအရှိန်အဟုန်ဖြင့် လှိမ့်လိုက်ကာ သူ့လက်ထဲကဓားမြှောက်ဖြင့် ဝါးမြားနှစ်ချောင်းကို လွှဲဖယ်လိုက်သည်။ ထိုအခါမှ အခုလေးတင် သူ့ကိုတိုက်ခိုက်ခဲ့သူမှာ အဖြူရောင်ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း မြင်လိုက်ရလေသည်။
“ဟားဟားဟား မင်းက S-အဆင့်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ငါကိုယ်တိုင်က S-အဆင့် ဖြစ်ရုံတင်မကဘူး ငါ့မှာ S အဆင့် အိမ်မွေးတိရစ္ဆာန်လည်းရှိတယ်။ မင်းက ဘာနဲ့ပြန်တိုက်မှာလဲ။”
စူးတုကျီက အကြီးအကျယ် အော်ရယ်လိုက်သည်။
“ရေတွင်းထဲကဖားတစ်ကောင်ပဲ”
ကျန်းယွင်ထျန်းက လှောင်ရယ်လိုက်သည်။
“တပိုင် သူ့ကိုမင်းလက်ထဲအပ်လိုက်မယ်။”
စူးတုကျီသည် ကျန်းယွင်ထျန်း ရယ်မောလိုက်သည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏အိမ်မွေးတိရစ္ဆာန် အဖြူရောင်ဝံပုလွေ၏အမွေးများသည် ထောင်မတ်သွားခဲ့ပြီး သူသည် ကြီးမားသောအန္တရာယ်တစ်ခုကို ခံစားလိုက်ရဟန်ရှိသည်။
ချုံပုတ်ထဲမှ တရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုစဉ် ဘေးတစ်ဖက်ရှိ ချုံပုတ်များသည် ဆွဲဖြဲခံလိုက်ရပြီး ထိုထဲမှ ဝက်ဝံဖြူကြီးတစ်ကောင် ထွက်လာခဲ့လေသည်။
စူးတုကျီ လုံးဝ ကြောင်အသွားသည်။ သူ၏ကျွန်းတွင် ဆင့်ကဲပြောင်းလဲမှုနှင့် အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းပြဿနာများကို ထိန်းချုပ်ရန် အထူးတပ်ဖွဲ့တစ်ခုရှိပေသည်။ သို့သော် ဝက်ဝံဖြူတစ်ကောင်ပေါ်လာကြောင်း မည်သူမျှမသတင်းပို့ခဲ့ပေ။
သို့သော် စောစောက ကျန်းယွင်ထျန်း၏စကားများနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ချက်ချင်းပင် တုံ့ပြန်နိုင်သွားခဲ့သည်။ ဤသည်မှာ ကျန်းယွင်ထျန်းခေါ်ဆောင်လာသော အိမ်မွေးတိရစ္ဆာန်ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် အခြားတပ်သားများသည်လည်း ထိုဝက်ဝံဖြူကြီးကို မြင်လိုက်ရသောအခါ အနည်းငယ် တုန်လှုပ်သွားခဲ့ကြသည်။
ဤအခိုက်အတန့်အတွင်း မှောင်မိုက်သောနေရာများတွင်ပုန်းအောင်းနေခဲ့ပြသော တပ်သား ၄၀ သည် အခြားတစ်ဖက်မှ ချက်ချင်းထွက်ပြေးလာကာ ကမ်းခြေရှိတပ်ဖွဲ့သို့ သေစေနိုင်သော ဝါးမြားများဖြင့် ပစ်ခတ်ကြတော့လေသည်။
ဤအကြိမ်ပစ်ခတ်ပြီးနောက် မူလက လူပေါင်း ၁၀၀ ကျော်ရှိခဲ့သော ရန်သူတပ်ဖွဲ့သည် ချက်ချင်း လူ ၅၀ အောက်သို့ ရောက်ရှိသွားခဲ့သည်။
ထို့ပြင် သူသည် တချို့ကို ကျွန်းပေါ်ရှိစစ်တန်းလျားလက်သို့ ရှာဖွေရန် စေလွှတ်ထားခဲ့သည်။
သူ့တပ်ဖွဲ့၏လူတစ်ဝက်ခန့် ချက်ချင်း ဖယ်ရှားခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ စူးတူကျီက ချက်ချင်း အော်ဟစ်လိုက်သည်။
“ခံစစ်ကို အာရုံစိုက်ထားကြ။ ကျွန်းပေါ်ကတပ်ဖွဲ့နဲ့ဆက်သွယ်ပြီး အရံတပ်တွေ မြန်မြန်ရောက်အောင်လုပ်။”
“ဟုတ်ကဲ့”
ကမ်းခြေရှိ မျောက်နက်နိုင်ငံတပ်ဖွဲ့က ထိတ်လန့်တုန်လှုပ်စွာဖြင့် တုံ့ပြန်လိုက်ကြသည်။
စူးတုကျီသည် ဝက်ဝံဖြူကို မည်းမှောင်နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။
“ဟမ့် မင်း အရမ်းကြောက်မနေတာ မအံ့ဩတော့ဘူး။ မင်းလည်း အိမ်မွေးတိရစ္ဆာန်ယူလာလို့ကိုး...။ ဝံပုလွေဖြူ သွား...”
အူဝူး......
အဖြူရောင်ဝံပုလွေ၏အမွေးများသည် အဆုံးစွန်ထိ ထောင်မတ်နေခဲ့သည်။ သို့သော်လည်း သူသည် စူးတူကျီ၏အမိန့်များကို ချက်ချင်းမလိုက်နာခဲ့ပေ။
“ဘာလုပ်နေတာလဲ သွားစမ်း...။”
စူးတုကျီက အော်ပြောကာ ချက်ချင်းပင် စာချုပ်စွမ်းအားကို အသက်သွင်းလိုက်လေသည်။
အဖြူရောင်ဝံပုလွေသည် အလွန်အမင်း ခုခံနေဟန်ရှိသော်လည်း စာချုပ်၏စွမ်းအားက သူ့ကို ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းစေနေခဲ့သည်။
ထို့ကြောင့် သူသည် သုံးလှမ်းရှေ့တိုးလိုက် တစ်လှမ်းနောက်ပြန်ဆုတ်လိုက် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည်။
“သေစမ်း မင်း နောက်တစ်ကြိမ်မှမလုပ်ဘူးဆိုရင် စာချုပ်စွမ်းအားနဲ့ မင်းကိုချက်ချင်းသတ်ပစ်မယ်။”
စူးတုကျီက အော်ဟစ်လိုက်သည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် အဖြူရောင်ဝံပုလွေသည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး ချက်ချင်းပင် ဝက်ဝံဖြူဆီသို့ ခုန်အုပ်လိုက်သည်။
ဝက်ဝံဖြူသည် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ ရပ်ရုံသာရပ်နေပြီး အဖြူရောင်ဝံပုလွေ သူဆီသို့ ခုန်အုပ်လာသည်ကိုသာ ကြည့်နေခဲ့သည်။
“ဟားဟားဟား အဖြူရောင်ဝံပုလွေက မင်းရဲ့လည်ချောင်းကို တစ်ချက်ကိုက်လိုက်တာနဲ့ မင်းသေရလိမ့်မယ်။”
စူးတုကျီက ပျော်ရွှင်စွာပြောလိုက်သည်။
သူသည် ထိုဝက်ဝံဖြူကို ဖြေရှင်းနိုင်သ၍ သူနှင့်အဆင့်တူသည့် S အဆင့်ဖြစ်သော ကျန်းယွင်ထျန်းကို လုံးဝမကြောက်ပေ။
တူညီသောအဆင့်တွင် သားရဲ၏စွမ်းအားသည် လူသားများထက် ပိုမိုကြီးမားသည်။
သို့သော် တူညီသောအဆင့်ရှိ ဝက်ဝံဖြူတစ်ကောင်၏စွမ်းအားသည် ဝံပုလွေတစ်ကောင်ထက် ပိုမိုကြီးမားသည်ကိုမူ သူမေ့သွားခဲ့၏။
ဘမ်း
တပိုင်သည် အဖြူရောင်ဝံပုလွေကို တိုက်ရိုက်ပင် ရိုက်ထုတ်ပစ်လိုက်ပြီး သစ်ပင်နှစ်ပင်၊ သုံးပင်ကြားထဲသို့ လဲကျသွားခဲ့သည်။
“အူး...”
အဖြူရောင်ဝံပုလွေသည် အလွန်နာကျင်နေခဲ့ပြီး မတ်တတ်ရပ်ရန် ရုန်းကန်လိုက်သော်လည်း သူ၏ ရှေခြေတစ်ချောင်းသည် အားစိုက်၍မရဘဲ ထော့နဲ့ထော့နဲ့ဖြစ်သွားခဲ့သည်။
စူးတုကျီ လုံးဝ ကြက်သေသေသွားခဲ့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...အဖြူရောင်ဝံပုလွေက S-အဆင့်သားရဲပဲ။ လက်ဝါးတစ်ချက်တည်းနဲ့ ဘယ်လိုလုပ် အသတ်ခံရနိုင်မှာလဲ။”
သို့သော် သူက ချက်ချင်းအော်ဟစ်လိုက်သည်။
“ဆက်လုပ်စမ်း”
အမိန့်ပေးနေစဉ်တွင် စူးတုကျီသည် နောက်သို့ တဖြည်းဖြည်ဆုတ်သွားခဲ့သည်။
အဖြူရောင်ဝံ့ပုလွေဖြူသည် စက္ကန့်ပိုင်းအတွင်း ရိုက်နှက်ခံလိုက်ရသောကြောင့် ဤဝက်ဝံဖြူ၏အဆင့်သည် SS-အဆင့်သို့ ရောက်နေနိုင်သည်ဟု သူထင်လိုက်မိသည်။ ဤအဆင့်ရှိသည့်သားရဲကို သူလုံးဝမတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် အလျင်အမြန် ထွက်ပြေးရမည်ဖြစ်သည်။
ကျန်းယွင်ထျန်းသည် သူ၏ခြေဖျားကို အနည်းငယ်ဖိထောက်ကာ တိုက်ရိုက် မီတာများစွာခုန်ကျော်လိုက်ပြီး စူးတူကျီ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
“မင်း ရှားနိုင်ငံကိုသွားကြည့်ချင်တယ်မဟုတ်ဘူးလား။ ထွက်သွားဖို့ မလောပါနဲ့ဦး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဝံပုလွေဖြူ အခုချက်ချင်း သူတို့နှစ်ယောက်ကိုတားထားစမ်း”
စူးတုကျီက အော်ဟစ်လိုက်သည်။
အဖြူရောင်ဝံပုလွေသည် စူးတုကျီကို မကျေမချမ်းမှုများစွာဖြင့် မော့ကြည့်ကာ သူ၏တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
“သေစမ်း မင်းက ပုန်ကန်ချင်နေတာလား။”
စူးတုကျီသည် ကျန်းယွင်ထျန်း၏ တိုက်ခိုက်မှုမျာူကိုကာကွယ်ရင်း ဆဲဆိုလိုက်သည်။
ရုတ်တရက် အဖြူရောင်ဝံပုလွေသည် သူ၏ဦးခေါင်းမော့ကာ စူးတုကျီဆီသို့ ပြေးလာခဲ့လေသည်။
“ရပ်လိုက်စမ်း မင်း ဘာလုပ်နေတာလဲ။”
စူးတုကျီသည် စာချုပ်၏စွမ်းအားကို ခက်ခက်ခဲခဲအသက်သွင်းလိုက်သည်။
သို့သော် စားချုပ်၏စွမ်းအားမှာ ကျရှုံးသွားပုံပင်။
“ခွေးသူတောင်းစား မင်းက သေခြင်းတရာကို ရှာဖွေနေတာပဲ။”
စူးတုကျီသည် အဖြူရောင်ဝံပုလွေ၏ ခုန်အုပ်လာခြင်းကိုရှောင်တိမ်းကာ သံတုတ်တစ်ချောင်းကို ထုတ်ယူပြီး အဖြူရောင်ဝံပုလွေ၏ခါးကို တိုက်ရိုက် ရိုက်နှက်ပစ်လိုက်သည်။
စကားပုံ၌ ပြောထားသကဲ့သို့ ကြေးခေါင်း၊ သံအရိုး၊ တို့ဖူးခါးဆိုလိုသည်မှာ ဝံပုလွေများကို ရည်ညွှန်းခြင်းဖြစ်သည်။ အကယ်၍ ဤတုတ်သာ ထိမှန်သွားပါက ထိုအဖြူရောင်ဝံပုလွေမှာ ပြီးဆုံးမည်ဟုပင် ခန့်မှန်းရမည်ဖြစ်သည်။
စောစောက သူသည် တပိုင်၏လက်ဝါးကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ စာချုပ်၏စွမ်းအားကိုခုခံရင်း ၎င်း၏ပိုင်ရှင်ကိုတိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် သူ့တွင် ဤတုတ်ကိုရှောင်တိမ်းရန် ပိုမိုကောင်းမွန်သည့်စွမ်းအားများ မရှိတော့ပေ။
ဘမ်း
ခရက်
အဖြူရောင်ဝံပုလွေ၏ ခါးရိုးကျောရိုးသည် တိုက်ရိုက်ပင် ကျိုးကြေသွားခဲ့သည်။
မြေပြင်သို့ ပြင်းထန်စွာပြုတ်ကျသွားပြီး အဖြူရောင်ဝံပုလွေ၏တစ်ကိုယ်လုံးသည် ထူးဆန်းသောပုံစံဖြင့် ကွေးခေါက်သွားခဲ့သည်။
တပိုင်သည် ချက်ချင်း ပြေးတက်လာပြီး ကျန်းယွင်ထျန်းအား အော်ခေါ်လိုက်သည်။
ကျန်းယွင်ထျန်းသည် တပိုင်ပြောလိုသို့အဓိပ္ပာယ်ကို တိတိကျကျ နားမလည်သော်လည်း ၎င်း၏အပြုအမူမှတစ်ဆင့် ဤအဖြူရောင်ဝံပုလွေကို ကယ်တင်လိုဟန်ရှိကြောင်း သိလိုက်သည်။
“အဲ့ဒီတစ်ကောင်ကို အရင်ဆုံး ဖြစ်နိုင်သမျှမြန်မြန် ဖမ်းလိုက်။ အဖြူရောင်ဝံပုလွေက မတောင့်ခံနိုင်လောက်တော့ဘူး။”
ကျန်းယွင်ထျန်းက စူးတုကျီကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
တပိုင်သည် သူ၏ဆိုလိုရင်းကို နားလည်သွားပြီး စူးတုကျီဆီသို့ ခုန်ဝင်သွားခဲ့သည်။
တပိုင် သူ၏အရှိန်အပြည့်ဖြင့် ပြေးဝင်လာသောအခါ စူးတူကျီသည် ၎င်းမှာ SS-အဆင့် အတိအကျဖြစ်ကြောင်း လုံးဝနားလည်သွားခဲ့သည်။ သို့သော် သူသည် လက်မလျှော့ဘဲ ထွက်ပြေးရန်အတွက် ကြိုးစားရုန်းကန်နေဆဲပင်။
အဖြူရောင်အရိပ်တစ်ခု လျှပ်တပြတ် ဖြတ်ပြေးသွားခဲ့သည်။
ဘမ်း
စူတုကျီသည် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီးနောက် သတိလစ်သွားခဲ့တော့သည်။
သူသည် သုံးစက္ကန့်ပင် မခံနိုင်ခဲ့ဘဲ တပိုင်၏ ဖြေရှင်းခြင်းကို ခံလိုက်ရလေသည်။ တပိုင်သည် အဖြူရောင်ဝံပုလွေကို ဆက်လက်ညွှန်ပြီး အော်ဟစ်လိုက်၏။
“ကောင်းပြီ ငါက သင်္ဘောပေါ်ကလူတွေကို ကျွန်းပိုင်ရှင်နဲ့ ဆက်သွယ်ခိုင်းလိုက်မယ်။”
ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏ဝေါ်ကီတော်ကီအား ထုတ်ယူလိုက်လေသည်။