အခန်း (၇၃၃-၇၃၄)
Vol. 62 Ch. 733-734
အခန်း (၇၃၃) အမတအဖြစ် တက်လှမ်းခြင်းနှင့် ကောင်းကင်၊ မြေကြီး၏ ကြီးမားသော အပြောင်းအလဲ
ဆောင်းဦးပေါက် အစပိုင်း အချိန်ဖြစ်ပြီး မြင့်မြတ်ဘုရင် စံအိမ် အတွင်းရှိ ခြံဝင်းထဲတွင် ယန်ကျန်း က လက်ဖက်ရည် သောက်ရင်း ရှုခင်းများကို ခံစားနေ၏။
သူက ချောင်ချောင်ချိချိ ပန်းထိုး ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အမူအရာက သိမ်မွေ့နေကာ သူသည် တစ်ချိန်က ထိုက်ချန်း အင်ပါယာ ကို ကြီးမားသော အောင်မြင်မှုများဖြင့် တည်ထောင်ရာတွင် ကူညီပေးခဲ့သည့် စစ်သူကြီးချုပ် ဖြစ်ခဲ့သည်ကို ယုံကြည်ရန် ခက်ခဲလှပေသည်။
“ရှင်ဒီလောက်တောင် လွတ်လွတ်လပ်လပ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... ဘဝမှာ ပိုမြင့်မားတဲ့ ရည်မှန်းချက်တွေ မရှိတော့ဘူးလား...”
ပန်းခြံထဲတွင် အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာရာ ယန်ကျန်း မှာ လန့်ဖျပ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ အန်ရှင်း က ခြံဝန်း၏ တံခါးဝမှ ဝင်လာသည်ကို သူ တွေ့လိုက်ရ၏။သူမ၏ နောက်တွင် ရှန်ကျန်း က လိုက်ပါလာကာ ရှန်ကျန်း ၏ အနောက်တွင် နောက်ထပ် လူတစ်ယောက် ရှိနေ၏။
ထိုနောက်ဆုံး လူမှာ မည်သူဖြစ်ကြောင်း ယန်ကျန်း မြင်လိုက်ရသောအခါ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ထရပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။
“တပည့် ယန်ကျန်း က ဆရာ့ကို အရိုအသေ ပေးပါတယ်...”
ကုအန် က နောက်ဆုံးမှ လျှောက်လာပြီး ယန်ကျန်း ၏ စကားကို ကြားသောအခါ ချက်ချင်း မတုံ့ပြန်ဘဲ ခြံဝန်းပတ်လည်ကို ဝေ့ကြည့်လိုက်၏။
ဤခြံဝန်း၏ ဖွဲ့စည်းပုံနှင့် ရှုခင်းများက လွန်ခဲ့သော နှစ်ပေါင်းများစွာက တတိယဆေးတောင်ကြား ရှိ ခြံဝင်း တစ်ခုနှင့် လုံးဝ တူညီနေပြီး ယန်ကျန်း ၏ အတိတ်အပေါ် နက်ရှိုင်းသော တမ်းတလွမ်းဆွတ်မှုများကို ဖော်ပြနေပေသည်။
အန်ရှင်း က ယန်ကျန်း ထံသို့ ချဉ်းကပ်သွားပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “ရှင့် မှာ ဆရာတစ်ယောက် ရှိသေးတယ် ဆိုတာကိုတော့ မှတ်မိသေးတာပဲ... နှစ်တွေ အများကြီး ကုန်လွန်သွားပြီကို ဘာလို့ ဆရာကို လာမတွေ့ရတာလဲ... သူ့ကို ရှာမတွေ့ဘူးလို့တော့ မပြောနဲ့နော်... ရှင့်မှာ ဆန္ဒသာ ရှိမယ်ဆိုရင် နှစ်တစ်သန်း ဆိုတာ သူ့ကို ရှာဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်”
ယန်ကျန်း က မော့ကြည့်၍ အကူအညီမဲ့စွာ ပြောလိုက်သည်။ “ငါ အနားယူလိုက်ပြီ ဆိုပေမဲ့ ထိုက်ချန်း အင်ပါယာ ကနေ ထွက်သွားလို့ မရဘူး...အခုလက်ရှိ အင်ပါယာမှာ လောကအနှံ့ ရန်သူတွေ ရှိနေတယ်... ငါတကယ်ကို စွမ်းဆောင်နိုင်စွမ်း မရှိတော့သလိုတောင် ခံစားနေရတယ်”
အန်ရှင်း က နှာရှုတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဘေးသို့ ဖယ်သွား၏။
ယန်ကျန်း က ကုအန် ချဉ်းကပ်လာသည်ကို ကြည့်နေရင်း သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။ လွန်ခဲ့သော နှစ်တစ်သန်း အတွင်း ကုအန် နှင့် တွေ့ဆုံရမည့် အချိန်ကို သူ မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ထိုနေ့ ရောက်လာသောအခါ သူ၏ စကားလုံး ထောင်ပေါင်းများစွာက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ဖွင့်အံ၍ မရနိုင်အောင် ဖြစ်နေ၏။
“ထပါ... ထိုင်ပြီး စကားပြောကြတာပေါ့...”
ကုအန် က ပြုံးလိုက်ရာ သူ၏ အပြုံးက ယန်ကျန်း ကို စိတ်သက်သာရာ ရသွားစေသည်။
သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကုအန် က ယန်ကျန်း ကို အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ပြီး သူ့ထံ လာရောက် မလည်ပတ်ခဲ့သည့်အတွက် ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ လောကကြီး၏ ကျယ်ပြောလှမှုကို လျစ်လျူရှု၍ မရနိုင်ဘဲ ယန်ကျန်း ၏ ရင်ထဲတွင် သူ့ကို မှတ်ထားသရွေ့ သူက ကျေနပ်နေပြီ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယန်ကျန်း သည် သူ၏ ပြုစုစောင့်ရှောက်မှု အောက်တွင် ကြီးပြင်းလာခဲ့ပြီး တစ်ချိန်က သူ အချစ်ရဆုံးသော တပည့် ဖြစ်ခဲ့သောကြောင့်ပင်။
အချိန်ကာလများ ပြောင်းလဲသွားပြီး ယန်ကျန်း သည် သူ၏ အစွမ်းအထက်ဆုံး တပည့် မဟုတ်တော့သော်လည်း ကုအန် က သူ၏ တပည့်များကို ခွန်အား သက်သက် အပေါ် အခြေခံ၍ အကဲမဖြတ်ခဲ့ချေ။
သူက တပည့်များကို စိတ်ဝင်စားမှုကြောင့် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပြီး သူတို့ အပေါ် ဘယ်တုန်းကမှ အားမကိုးခဲ့ပေ။
ယန်ကျန်း က လျင်မြန်စွာ ထရပ်လိုက်ပြီးနောက် ရှန်းကျန် ကိုပါ ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
သူတို့ လေးယောက် ထိုင်ပြီးသောအခါ ကုအန် က ဤနှစ်များတစ်လျှောက် ယန်ကျန်း ၏ အတွေ့အကြုံများကို စတင် မေးမြန်းတော့ရာ ယန်ကျန်း က အချိန်အကြာကြီး ပြောပြနေပြီး ရှန်ကျန်း နှင့် အန်ရှင်း တို့က စူးစိုက် နားထောင်နေကြသည်။
တစ်နာရီ ကြာပြီးနောက် ကုအန် က သူ လာရောက်ရသည့် ရည်ရွယ်ချက်ကို စတင် ပြောပြလိုက်ပြီး အမတနတ်ဘုရား တစ်ပါး ဖြစ်လာခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေးနွေးကာ အန်ဟောင် ၏ နောက်ခံ သမိုင်းကြောင်းကိုပါ ထုတ်ဖော် ပြောပြလိုက်၏။
အန်ဟောင် က ကောင်းကင်ဧကရာဇ် ၏ သားတော် ပြန်လည်ဝင်စားလာသူ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယန်ကျန်း မှာ အံ့အားသင့်သွားသော်လည်း ၎င်းက ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။ ကမ္ဘာကြီးကို ပြန်လည် ပုံဖော်လိုက်ပြီး လူသား ပါရမီရှင်များ၏ ကျင့်ကြံခြင်း အမြန်နှုန်းက ပိုမို၍ ချဲ့ကားပြောဆိုရလောက်အောင် မြန်ဆန်လာသည့် အချိန်တွင်ပင် အန်ဟောင် က သူ့အပေါ် အကြီးမားဆုံးသော သက်ရောက်မှုကို ပေးစွမ်းနိုင်ခဲ့သည်။ ထိုကဲ့သို့သော ပါရမီရှင် တစ်ဦးက ကောင်းကင်ဧကရာဇ် ၏ သားတော် ဖြစ်နေခြင်းမှာ အဓိပ္ပာယ် ရှိပေသည်။
“ကျွန်တော် လိုလားပါတယ်...”
ကုအန် ၏ အကြည့်ကို ရင်ဆိုင်ရင်း ယန်ကျန်း က တိုက်ရိုက် သဘောတူလိုက်၏။
ကုအန် က ပြုံး၍ ပြောလိုက်သည်။ “အလျင်စလို မလုပ်နဲ့... မင်း အချိန်ယူပြီး စဉ်းစားလို့ ရတယ်... နောက်မှ နောင်တရနေလို့တော့ မရဘူးနော်...”
ယန်ကျန်း က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အမတနတ်ဘုရား တစ်ပါး ဖြစ်လာတယ် ဆိုတာက လွတ်လပ်မှုကို ဆုံးရှုံးရတယ် ဆိုပေမဲ့ ဒီလို အခွင့်အရေးမျိုးက သာမန် သက်ရှိတွေ ဘယ်တော့မှ လက်လှမ်းမမီနိုင်တဲ့ အရာပါ... ဆရာ့ရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ... ထပ်ပြီးတော့ ဆရာ ပြောခဲ့သလိုပဲ ဒါက စီနီယာအစ်ကိုကြီး အန်ဟောင် နဲ့လည်း ပတ်သက်နေတာပဲလေ... ဆရာ့ ကိုယ်စား ကောင်းကင်နန်းတော် ကို ဝင်ရောက်ပြီး စီနီယာအစ်ကိုကြီး အန်ဟောင် ကို ကူညီပေးရင်းနဲ့ ကောင်းကင်နန်းတော် ထဲမှာ ဆရာ့ရဲ့ မျက်လုံးတွေအဖြစ် တာဝန်ယူပေးဖို့ ကျွန်တော် လိုလားပါတယ်...”
မြင့်မြတ်ခုံရုံး တွင် အာဏာကို ကိုင်စွဲခဲ့ဖူးပြီး ထိုက်ချန်း အင်ပါယာ တွင် မြင့်မားသော ရာထူး ရှိခဲ့သူပီပီ ဤအကြောင်းအကျိုး၏ နောက်ခံ ဇာတ်လမ်းကို သိရှိပြီးနောက် သူ ဘာလုပ်သင့်သည်ကို သူ နားလည်ပေသည်။
သူ၏ ဆရာအတွက် နယ်ရုပ်လေး တစ်ရုပ် ဖြစ်ရမည်ဆိုလျှင် သူ စိုးရိမ်ပူပန်နေမည် မဟုတ်ဘဲ မျှော်လင့်ပင် မျှော်လင့်နေမိသေးသည်။
ထို့ပြင် သူ၏ ဆရာက သူ့ကို စိတ်ပျက်အောင် လုပ်မည် မဟုတ်ကြောင်းကိုလည်း သူ ယုံကြည်သည်။ ထိုက်ချန်း အင်ပါယာ တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက် လူသား အင်ပါယာ အတွင်းရှိ အာဏာလုပွဲများကို သူ ငြီးငွေ့နေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နန်းတော် ရှိ ကောင်းကင်သားတော် များ၏ ပြိုင်ပွဲတွင် ပါဝင်ရမည် ဆိုခြင်းက သူ့ကို စိတ်လှုပ်ရှားသွားစေပြီး ထိုကဲ့သို့သော ခံစားချက်မျိုး မဖြစ်ပေါ်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကုအန် ၏ နှုတ်ခမ်းများ ကွေးတက်သွား၏။ ယန်ကျန်း ၏ စကားများကြောင့် သူ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ချေ။ သူက ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် ကို တိုက်ရိုက် ထုတ်ယူ၍ စားပွဲပေါ်တွင် တင်လိုက်သည်။
“မင်း အဆင်သင့် ဖြစ်တဲ့အခါ ဒီအမိန့်တော်ထဲကို မင်းရဲ့ နတ်အာရုံကို သွင်းလိုက်ရုံပဲ... အဲဒီအခါကျရင် ကောင်းကင်တာအို က မင်းကို ကောင်းကင်နန်းတော် ဆီ ခေါ်ဆောင်သွားလိမ့်မယ်... အချိန်ကိုတော့ မင်းဘာသာမင်း ဆုံးဖြတ်လိုက်ပါ...”
ထိုသို့ပြောပြီးနောက် ကုအန် က မတ်တတ်ထရပ်ကာ ထွက်ခွာရန် လှည့်လိုက်၏။ အန်ရှင်း နှင့် ရှန်ကျန်း တို့ကလည်း သူ၏ အနောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။
ယန်ကျန်း က ချက်ချင်း ထရပ်လိုက်ပြီး ထွက်ခွာသွားသော ကုအန် ၏ ကျောပြင်ကို ဦးညွှတ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။
ကုအန် သည် အန်ရှင်း၊ ရှန်ကျန်း တို့နှင့်အတူ ပန်းခြံ အတွင်းရှိ လေဟာပြင်ထဲသို့ ပျောက်ကွယ်သွားပြီးမှသာ ယန်ကျန်း က သူ၏ အကြည့်များကို ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် ထံသို့ ပြောင်းလိုက်တော့သည်။
အခြား တစ်နေရာတွင် ကုအန် နှင့် အခြားသူများက ဧကရာဇ် မြို့တော် ရှိ လမ်းမတစ်ခုပေါ်သို့ ရောက်ရှိလာကြပြီး မပြန်မီ နှစ်ရက်ခန့် ပျော်ပါးရန် စီစဉ်ထားကြ၏။
“ကောင်းကင်နန်းတော် ကို သွားဖို့ သူ အချိန် ဘယ်လောက် ယူမယ်လို့ ရှင် ထင်လဲ...” ရှန်ကျန်း က ပြုံး၍ မေးလိုက်သည်။
အန်ရှင်း က စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် နားကွဲမတတ် ဟိန်းဟောက်သံ တစ်ခုက အဝေးမှ ထွက်ပေါ်လာ၏။ ခမ်းနားကြီးကျယ်သော ကောင်းကင် ဘုန်းတန်ခိုး တစ်ခုက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လမ်းပေါ်ရှိ လူတိုင်းကို ခေါင်းလှည့်ကြည့်သွားစေသည်။ ဧကရာဇ် မြို့တော် ၏ အရှေ့ဘက် အရပ်မှ အဖြူရောင် အလင်းတိုင်ကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးဖောက်သွားကာ အံ့မခန်း ဖြစ်နေတော့၏။
ရှန်းကျန် မှာ အံ့အားသင့်သွားသည်။ ကြီးမားလှသော ကောင်းကင်တာအို ကံကြမ္မာ ကို သူမ အာရုံခံမိလိုက်ပြီး ၎င်းမှာ ယန်ကျန်း ဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက်၏။
ယန်ကျန်း က ဤမျှ လျင်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
အန်ရှင်း က ရယ်မောလိုက်သည်။ “သူက ပါးနပ်တယ်... ပိုပြင်ဆင်လေလေ၊ ပိုချီတုံချတုံ ဖြစ်လေလေပဲလေ... ဘာပဲဖြစ်ဖြစ် သူက အထီးကျန် ဝံပုလွေ တစ်ကောင်မှ မဟုတ်တာ...”
စည်ကားနေသော လမ်းမကြီးပေါ်တွင် ကုအန် တစ်ယောက်တည်းသာ ခေါင်းလှည့်ပင် မကြည့်ခဲ့ချေ။
ယန်ကျန်း ကို လာမရှာမီကတည်းက ယန်ကျန်း က သဘောတူမည်ကို သူ သိထားပြီး ယန်ကျန်း မည်သည့်အချိန်တွင် အမတအဖြစ် တက်လှမ်းမည် ဆိုသည်ကိုပင် ကြိုတင် မြင်တွေ့ထားခဲ့ပြီး ဖြစ်၏။
ယခုအခါ သူတော်စင်ရွှမ်မြှောင် ကို မည်သည့်အချိန်တွင် အမတအဖြစ် တက်လှမ်းစေရမည်နှင့် ၎င်းက မည်သည့်နေရာတွင် ဖြစ်သင့်သည် ဆိုသည်ကို သူ စဉ်းစားနေတော့သည်။
ယန်ကျန်း ၏ အမတအဖြစ် တက်လှမ်းခြင်းက ကြီးမားသော မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး လီရွှမ်တောက် အပါအဝင် ထိုက်ချန်း အင်ပါယာ အနှံ့အပြားမှ မဟာစွမ်းအားရှင် များကို ဆွဲဆောင်သွားခဲ့၏။
တက်လှမ်းခြင်း ပြုလုပ်နေစဉ် အတွင်း ယန်ကျန်း က အမတအဖြစ် တက်လှမ်းမည့် သူ၏ ရည်ရွယ်ချက်ကို လီရွှမ်တောက် အား ရင်ဖွင့် ပြောပြခဲ့သော်လည်း သူ မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကိုတော့ မရှင်းပြခဲ့ဘဲ လီရွှမ်တောက် အနေဖြင့် သူ၏ သားစဉ်မြေးဆက်များကို စောင့်ရှောက်ပေးရန်သာ မျှော်လင့်ခဲ့သည်။
လီရွှမ်တောက် က တုန်လှုပ် အံ့ဩမှုများဖြင့် ပြည့်နှက်စွာ သဘောတူလိုက်၏။
အမတနတ်ဘုရားတွေ တကယ်ကြီး ရှိနေတာလား...
အမတများ ဆိုသည်မှာ ကျင့်ကြံခြင်းမှတစ်ဆင့် ထာဝရအသက်ကို ရရှိသွားသော သက်ရှိများ သက်သက်သာ ဖြစ်သည်ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ ယခင်မြင့်မြတ်ခုံရုံး က သူတို့ကိုယ်သူတို့ အမတများဟု ခေါ်ဆိုခဲ့သကဲ့သို့ ယခု တာအိုခုံရုံး နှင့် လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ ကလည်း အလားတူပင် ခေါ်ဆိုနေကြ၏။ သူကိုယ်တိုင်လည်း သူ၏ ပြည်သူများ အပေါ် မိမိကိုယ်ကိုယ် အမတဟု သုံးနှုန်းခဲ့သည်။
သို့သော်လည်း ယနေ့တွင် ကောင်းကင်တာအို ကံကြမ္မာ က ယန်ကျန်း ကို ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ နားလည်မှုက အလွန် ရိုးရှင်းလွန်းနေကြောင်း သူ သဘောပေါက်လိုက်သည်။
တက်လှမ်းခြင်း ကံကြမ္မာက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ မျက်နှာပြင်ပေါ်ရှိ ကောင်းကင်တာအို အလင်းလွှာ နှင့် ချိတ်ဆက်သွားသဖြင့် ကမ္ဘာတစ်ဝန်းရှိ မဟာစွမ်းအားရှင် များ၏ အာရုံကို ဖမ်းစားသွားစေတော့သည်။
နောက်ရက်များတွင် ယန်ကျန်း ၏ အမတအဖြစ် တက်လှမ်းခြင်းကို ကြည့်ရှုရန် ပို၍ပို၍ များပြားသော မဟာစွမ်းအားရှင် များ ရောက်ရှိလာကြ၏။
ယန်ကျန်း က ရိုးရိုးရှင်းရှင်း တက်လှမ်းနေခြင်း မဟုတ်ချေ။ ထိုလုပ်ငန်းစဉ် အတွင်း သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်က ကောင်းကင်တာအို ကံကြမ္မာ ၏ သန့်စင်မှုကို ခံယူနေရပြီး သူ၏ ကျင့်ကြံခြင်း အဆင့်က မရပ်မနား မြင့်တက်လာနေခဲ့သည်။
သူ၏ လျင်မြန်စွာ မြင့်တက်လာနေသော အငွေ့အသက်ကို ခံစားရပြီး စောင့်ကြည့်နေသော မဟာစွမ်းအားရှင် ကျင့်ကြံသူများမှာ အံ့ဩချီးကျူးနေကြ၏။ အချို့က အတင်းအကျပ် ထိုးဖောက် ဝင်ရောက်ရန်ပင် ကြိုးစားခဲ့ကြသော်လည်း ကောင်းကင်တာအို ကံကြမ္မာ ၏ အစွမ်းကြောင့် သူတို့၏ ရုပ်ခန္ဓာများမှာ ပြာအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်များပါ ပျက်သုဉ်းလုမတတ် ဖြစ်သွားသဖြင့် အခြားသူများမှာ အလျင်စလို မလှုပ်ရှားဝံ့အောင် တားဆီးထားနိုင်ခဲ့သည်။
နောက်ပိုင်းတွင် မူလဘူတအနှောင်ဖွဲ့ကင်းအမတ များပင် ရောက်ရှိလာကြပြီး တာအိုခုံရုံး ၏ အရှင်သခင် ဖြစ်သော ယွမ်စုန်ကျီ လည်း ပါဝင်လာခဲ့သည်။
လမ်းမပေါ်တွင် ကုအန် က လူသားကမ္ဘာ၏ ကံကြမ္မာများ ပြောင်းလဲသွားကြောင်း တွက်ချက် သိရှိလိုက်၏။
ယန်ကျန်း ၏ အမတအဖြစ် တက်လှမ်းခြင်းက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ ကောင်းကင်တာအို ကံကြမ္မာ တွင် ချက်ချင်း ခုန်တက်သွားမည့် အပြောင်းအလဲ တစ်ခုကို အမှတ်အသား ပြုလိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ ကမ္ဘာတစ်ဝန်းရှိ လူများက အမတများကို စတင် ယုံကြည်လာကြပြီး ကျင့်ကြံသူများ၏ ယုံကြည်မှုက ကောင်းကင်တာအို ကံကြမ္မာ ကို ပိုမို အားကောင်းလာစေနိုင်သောကြောင့် ဖြစ်၏။
ထိုသို့ဖြင့် ထိုက်ချန်း အင်ပါယာ မှာ ကမ္ဘာကျော် ဖြစ်လာမည် ဖြစ်ပြီး ယန်ကျန်း သည် မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားမည့် အမတ အမည်နာမ တစ်ခု ဖြစ်လာတော့မည်ဖြစ်လေသည်။
အခန်း (၇၃၄) အမတနတ်ဘုရားများခေတ်
ယန်ကျန်း ၏ အမတအဖြစ် တက်လှမ်းခြင်းက နက်ရှိုင်းသော သက်ရောက်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး အချိန်နှင့်အမျှ ပိုမို ကျယ်ပြန့်စွာ ပြန့်နှံ့သွားကာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုကိစ္စက ချမ့်ခွန်းဂိုဏ်း သို့ ရောက်ရှိသွားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့၏။
နောက်ပိုင်း နှစ်များတွင် အမတများကို ရှာဖွေခြင်းနှင့် အမတအဖြစ် တက်လှမ်းရန် အခွင့်အရေးများကို ရှာဖွေခြင်းက လူသားကမ္ဘာရှိ အမတ ကျင့်ကြံရေး လောက၏ အဓိက အကြောင်းအရာ ဖြစ်လာပြီး သာမန် သက်ရှိများ ပင်လျှင် ထိုကဲ့သို့သောရာများကို စတင် လိုက်လံ ရှာဖွေလာကြသည်။
ယန်ကျန်း သည် ကောင်းကင် အပြင်ဘက်သို့ တစ်ခါမှ မရောက်ဖူးသော်လည်း လူသားကမ္ဘာတွင် အမတအဖြစ် တက်လှမ်းနိုင်ခဲ့သဖြင့် လူသားကမ္ဘာတွင် အမတ ကံကြမ္မာ ရှိနေကြောင်း ညွှန်ပြနေ၏။
ဤသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသော ကောင်းကင်တာအို နောက်လိုက်များက မိုးရွာပြီးနောက် ထွက်လာသော မျှစ်ရုံများကဲ့သို့ ပြန်လည် ထွက်ပေါ်လာကြပြီး လူသားကမ္ဘာကို တက်လှမ်းခြင်း ဒဏ္ဍာရီများဖြင့် ပြည့်နှက်သွားစေကာ ဤဖြစ်စဉ်ကို ပိုမို လျှို့ဝှက်ဆန်းကြယ် လာစေတော့သည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွား၏။
နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက် လူသားကမ္ဘာက ဒဏ္ဍာရီလာ ခေတ်တစ်ခုသို့ အပြည့်အဝ ဝင်ရောက်သွားပြီး သက်ရှိ အားလုံးက အမတ ကံကြမ္မာကို လိုက်လံ ရှာဖွေရာတွင် ရူးသွပ်လာကြသဖြင့် ကျင့်ကြံသူ ပိုများလာကာ အမတနတ်ဘုရားများဖြစ် ဟန်ဆောင်လာကြ၏။ ဤလုပ်ငန်းစဉ် အတွင်း အချို့သော ကျင့်ကြံသူများက ယုံကြည်ကိုးကွယ်မှု၏ စွမ်းအားကို ရှာဖွေတွေ့ရှိသွားကြပြီး လူသားကမ္ဘာတွင် အမတနတ်ဘုရား အရေအတွက်ကို တိုးပွားလာစေခဲ့သည်။
ယန်ကျန်း အမတအဖြစ် တက်လှမ်းပြီးနောက် နှစ်ပေါင်း တစ်သိန်း အကြာတွင် လူသားကမ္ဘာရှိ လွတ်ငြိမ်းရာအမတ အရေအတွက်က အမြင့်ဆုံး အဆင့်သစ်များသို့ ရောက်ရှိသွားပြီး ကောင်းကင် အပြင်ဘက် ဟင်းလင်းပြင်ရှိ အင်အားစုများ၊ မျိုးနွယ်စုများ၊ မြို့တော်များနှင့် ကမ္ဘာငယ်လေးများ ကလည်း ပိုမို များပြားလာကာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ က ၎င်း၏ အထွတ်အထိပ်သို့ ဦးတည်နေတော့သည်။
ထိုက်ချန်း တိုက်ကြီး၊ မြောက်ပိုင်းပင်လယ် တောင်တန်း၊
တောင်စောင့်နတ်ဘုရားကျောင်း။
ခြံဝင်းထဲတွင်။
သူတော်စင်ရွှမ်မြှောင် က မြေပြင်ပေါ်တွင် ဒူးထောက်လျက် အပြင်းအထန် မောဟိုက်နေပြီး ချွေးများ ရွှဲနစ်နေ၏။
ကုအန် က သူ့ရှေ့ရှိ လှေကားထစ်ပေါ်တွင် ထိုင်ကာ သူ့ကို သေချာစွာ အကဲခတ်နေပြီး သူ၏ မျက်လုံးများထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
“တကယ်လို့ မင်းက အနာဂတ်မှာ တက်လှမ်းဖို့ ရည်ရွယ်ထားတယ်ဆိုရင် ‘သူတော်စင်’ ဆိုတဲ့ နာမည်ကို ဆက်မသုံးနဲ့တော့... မင်းရဲ့ နာမည်ရင်းကို ပြန်သုံးပါ... အခုကစပြီး လီရွှမ်မြှောင် လို့ ခေါ်မယ်...”
ကုအန် က ပြောလိုက်ရာ သူတော်စင်ရွှမ်မြှောင် မှာ ကန့်ကွက်စရာ မရှိချေ။ အကြောင်းမှာ သူက စန်းချင့်တောင် ကို စွန့်ခွာလာခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူတော်စင်ဆိုသည့် ဘွဲ့အမည်က အရေးမပါတော့သောကြောင့် ဖြစ်၏။
“စီနီယာ... ကောင်းကင်တာအို စာမေးပွဲကို အောင်မြင်ဖို့ ကျွန်တော့်မှာ အရည်အချင်း တကယ် ရှိရဲ့လား...” လီရွှမ်မြှောင် က ကုအန် ကို မော့ကြည့်၍ ချီတုံချတုံဖြင့် မေးလိုက်သည်။
ကုအန် က အမတအဖြစ် တက်လှမ်းရန် နည်းလမ်းကို သူ့အား ပြောပြခဲ့ပြီး ဖြစ်၏။ သူက အမတနတ်ဘုရားများကို အနိုင်ယူခြင်းဖြင့် အမတအဆင့် ဝင်ခွင့် အရည်အချင်း ပြည့်မီရန် လိုအပ်သည်။ နှစ်သိန်းပေါင်းများစွာ တစ်လျှောက်လုံး ကုအန် က သူ့ကို နတ်ဘုရားစွမ်းရည်များစွာ သင်ကြားပေးခဲ့သော်လည်း သူက တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးချေ။
“ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့... ထင်ယောင်ထင်မှား နယ်မြေ ထဲက မင်းရဲ့ ပြိုင်ဘက်က ငါဆိုတာမမေ့နဲ့... လောကကြီး တစ်ခုလုံးကို ကြည့်လိုက်ရင် မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်တဲ့ လွတ်ငြိမ်းရာအမတ ဆိုတာ မရှိတော့ဘူး”
ကုအန် က တိုးတိုးလေး ရယ်မောလိုက်၏။ လီရွှမ်မြှောင် ၏ စွမ်းအားကို သူ အပြည့်အဝ သိရှိထားသည်။
ဤနှစ်များ တစ်လျှောက် ကုအန် က အန်ရှင်း ထက် လီရွှမ်မြှောင် ကို ပို၍ ပြုစုပျိုးထောင်ပေးခဲ့၏။ ၎င်းမှာ အန်ရှင်း က လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။
အန်ရှင်း က ဝင်စားခြင်းကပ်ဘေး ကို ကျော်ဖြတ်ရန် မလိုအပ်ဘဲ ဝင်စားခြင်းတာအိုဧကရာဇ်(ကျိရှောင်ယုရဲ့လမ်းစဥ်) လမ်းစဉ်ကို လျှောက်လှမ်းမည် ဖြစ်၏။
လီရွှမ်မြှောင် သည်လည်း ဝင်စားခြင်း ကပ်ဘေး ကို မကျော်ဖြတ်ရသေးချေ။ အကြောင်းမှာ ကုအန် က သူ၏ ကျင့်ကြံခြင်း အဆင့်ကို ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။ ကောင်းကင်တာအို စာမေးပွဲတွင် စိန်ခေါ်မှုများ၏ အခက်အခဲက စာမေးပွဲ ဖြေဆိုသူ၏ ကျင့်ကြံခြင်း အဆင့်ပေါ်တွင် မူတည်၏။
ကုအန် က ဤစာမေးပွဲ၏ လုပ်ငန်းစဉ်ကို သိရှိရန် ယခင်က သက်တမ်း ပုံတူကူးခြင်း ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။
ဤ ကောင်းကင်တာအို စာမေးပွဲက လုရှန် တစ်ခါက မတော်တဆ တွေ့ရှိခဲ့ဖူးသည့် အမတ ကံကြမ္မာ ဖြစ်ပြီး ကုအန် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်၏။
တက်လှမ်းခြင်း အခွင့်အရေးများ ပါဝင်သော ကောင်းကင်တာအို အမတကျောက်တုံး ကို မဟာကမ္ဘာ တိုင်းနီးပါးတွင် ဖုံးကွယ်ထားကြောင်း ထာဝရအသက် အရှင်မြတ် ထံမှ ကုအန် နားလည်ထားပြီး ဖြစ်သည်။ ၎င်းက လူသားကမ္ဘာရှိ သက်ရှိအားလုံးအပေါ် ကောင်းကင်နန်းတော် ၏ ကရုဏာကို ကိုယ်စားပြု၏။ ထူးချွန်သော ပါရမီရှင်များက ၎င်းအတွင်းရှိ ကောင်းကင်တာအို စာမေးပွဲကို အောင်မြင်ခြင်းဖြင့် တက်လှမ်းနိုင်ပြီး အမတ ရာထူးကို သူတို့၏ ကိုယ်ပိုင် စွမ်းအားဖြင့် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ကောင်းကင်တာအို အမတကျောက်တုံး ၏ ကံကြမ္မာက ဖမ်းယူ၍ မရနိုင်ချေ။ ထာဝရအသက် အရှင်မြတ် ပင်လျှင် ၎င်း၏ တိကျသော တည်နေရာကို တွက်ချက်၍ မရနိုင်ဘဲ ၎င်းနှင့် ကြုံတွေ့ရခြင်း၊ မကြုံတွေ့ရခြင်းမှာ ကံတရား အပေါ်တွင်သာလုံးဝ မူတည်ပေသည်။
သေချာသည်က ဤစာမေးပွဲကို အောင်မြင်ရန် အလွန် ခက်ခဲပြီး လုရှန် ပင် ယခင်က ကျရှုံးခဲ့ဖူး၏။ အကယ်၍ တစ်စုံတစ်ယောက်က စာမေးပွဲ အောင်မြင်ပြီးနောက် တက်လှမ်းရန် ငြင်းဆန်ပါက ကောင်းကင်အပြစ်ပေးခြင်း ကျရောက်လာမည် ဖြစ်ကြောင်း မှတ်သားထားရပေမည်။
အကြောင်းမှာ မည်သူမျှ ကောင်းကင်နန်းတော် ကို မငြင်းဆန်နိုင်သောကြောင့်ပင်။
“တကယ်လား...”
လီရွှမ်မြှောင် က အံ့အားသင့်စွာ မေးလိုက်သည်ကုအန် ၏ အကဲဖြတ်မှုကို ယုံကြည်လိုက်၏။ အကြောင်းမှာ ကုအန် က ကောင်းကင် အောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သောကြောင့်ပင်။
မဟုတ်သေးဘူး...
ကောင်းကင် အပြင်ဘက်မှာတောင် သူက အစွမ်းအထက်ဆုံး ဖြစ်နိုင်တယ်...
“သေချာတာပေါ့... အခုကစပြီး ငါ့ကို ဆရာ လို့ ခေါ်တော့...”
ကုအန် ၏ စကားများကြောင့် လီရွှမ်မြှောင် မှာ ဝမ်းသာသွားပြီး သူ့ကို ဆရာအဖြစ် ခံယူရန် ချက်ချင်း ဒူးထောက်လိုက်၏။
ထို့နောက် ကုအန် က မီးဖိုငယ်လေး တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
“ဒါက တောင်နှင့်မြစ် ယှဉ်ပြိုင်ဘက်ကင်း မီးဖို ဖြစ်ပြီး ဝူရှီ ရဲ့ တာအိုရတနာ တစ်ခုပဲ... ငါက ဝူရှီ ရဲ့ ကံကြမ္မာကို ယာယီ ပိတ်လှောင်ထားတယ်... ဒါပေမဲ့ ဒီလို ဆိုရင်တောင်မှ ဒါက အစွမ်းထက်တဲ့ တာအိုရတနာ တစ်ခု ဖြစ်နေတုန်းပဲ... မင်း အသက်အန္တရာယ် ကြုံရတဲ့အခါ ဒါက မင်းကို ကာကွယ်ပေးလိမ့်မယ်... ဝူရှီ တပည့် တိုင်းမှာ တာအိုရတနာ တစ်ခုစီ ရှိသလိုမျိုးပေါ့...”
ယန်ကျန်း တွင် မရှိသေးသော်လည်း သူ ကောင်းကင်နန်းတော် မှ အလည်ပြန်လာမည့် အချိန်အတွက် ပြင်ဆင်ထားပြီး ဖြစ်၏။
လီရွှမ်မြှောင် က တောင်နှင့်မြစ် ယှဉ်ပြိုင်ဘက်ကင်း မီးဖို ကို ဝမ်းသာအားရ လက်ခံယူလိုက်ပြီး ပိုကြည့်လေလေ၊ ပိုသဘောကျလေလေ ဖြစ်နေတော့သည်။
သူ အတန်ကြာ ဆော့ကစားပြီးနောက် ကုအန် က မီးဖိုကို သန့်စင်ရန် သူ့ကို စတင် လမ်းညွှန်ပေးတော့၏။
မင်း အမတအဖြစ် တက်လှမ်းဖို့ အချိန်ကျပြီ...
လီရွှမ်မြှောင် ကို ကြည့်ရင်း ကုအန် က သူ့ဘာသာ တိတ်တဆိတ် တွေးလိုက်သည်။
လီရွှမ်မြှောင် ၏ နတ်ဘုရားစွမ်းရည်များ အားလုံးကို သူ ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်း ဖြစ်သဖြင့် မည်သည့် အားနည်းချက်မျှ မရှိချေ။ ထို့ပြင် သူ၏ မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ် နှင့် ပေါင်းစပ်လိုက်ပါက လီရွှမ်မြှောင် အမတနတ်ဘုရား တစ်ပါး ဖြစ်လာသောအခါ မည်သို့ စွမ်းဆောင်နိုင်မည်ကို ကုအန် အလွန် မြင်တွေ့ချင်နေမိသည်။
တစ်ချိန်တည်းမှာပင် မဟာတာအို လမ်းစဉ်။
သွေးကျဉ်းထောင် သူတော်စင် က တောင်ထွတ် တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး မဟာတာအို၏ အငွေ့အသက်များက ဝိုင်းရံနေကာ ဤဟင်းလင်းပြင် တစ်ခုလုံးကို ဖိအားပေးနေသော အငွေ့အသက် တစ်ခု လွှမ်းခြုံထား၏။
အဝေးရှိ ပျက်စီးနေသောမြေပြင်ပေါ်တွင် ဖန်းရွှမ် က ကျင့်ကြံသူ ငါးယောက်နှင့် ပခုံးချင်းယှဉ်လျက် ရပ်နေပြီး သူ့ကို ကြည့်နေကြသည်။
“ဒုတိယ အစ်ကို အောင်မြင်ပါ့မလား မသိဘူး...”
“သူ သေချာပေါက် အောင်မြင်မှာပါ... မူလဘူတ တာအိုဧကရာဇ် မှာ သူ့ရဲ့ ပါရမီက ငါတို့ထက် အများကြီး သာလွန်တယ်...”
“ငါတို့ထဲက ဒုတိယမြောက် မူလဘူတ တာအိုဧကရာဇ် ပေါ်ထွက်လာတော့မယ်... တကယ်ကို စိတ်လှုပ်ရှားစရာပဲ...”
“ငါတို့လည်း ကြိုးစားရမယ်... ငါတို့ ခုနစ်ယောက်စလုံး မူလဘူတ တာအိုဧကရာဇ်တွေ ဖြစ်လာတာနဲ့ မူလဘူတ တာအိုဧကရာဇ် ကို သက်သေပြဖို့ တာအိုဧကရာဇ် ကို စိန်ခေါ်လို့ ရပြီ...”
“ဟားဟား... တကယ်တော့ ငါတို့ လှုပ်ရှားဖို့တောင် မလိုပါဘူး... ရွှမ်ကျိ ဧကရာဇ် တစ်ယောက်တည်းနဲ့တင် သက်သေပြနိုင်ပါတယ်... သူ့ရဲ့ ပါရမီနဲ့ဆို သူက သေချာပေါက် မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာမှာပဲ...”
ဖန်းရွှမ် က အခြား ငါးယောက်နှင့် စကားဝိုင်းတွင် မပါဝင်ခဲ့ချေ။ သူက သွေးကျဉ်းထောင် သူတော်စင် ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေပြီး တစ်ဖက်လူ အောင်မြင်မည်ကို ယုံကြည်နေ၏။
ဖန်းရွှမ် က မူလဘူတ တာအိုဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ စွမ်းအားကို အပြည့်အဝ သိရှိထားသဖြင့် တာအိုဧကရာဇ် နှင့် ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မထင်တော့ချေ။
သူ့အမြင်တွင် မည်သည့် မဟာတာအို ကံကြမ္မာ ကမျှ မူလဘူတ တာအိုဧကရာဇ် ကို မယှဉ်နိုင်ပေ။
တာအိုဧကရာဇ် က တိုက်ခိုက်ခြင်းနှင့် လုယက်ခြင်းကို အားကိုးပြီး ကောင်းကင်တာအို ကံကြမ္မာ က ယုံကြည်ကိုးကွယ်မှုကို အားကိုးသော်လည်း မူလဘူတ တာအိုဧကရာဇ် ကတော့ နားလည်သဘောပေါက်ခြင်း ကိုသာ လိုအပ်၏။
မဟာတာအို သုံးထောင် တွင် တာအိုတစ်ခုက နောက်တစ်ခုကို ဝါးမျိုသည်ဟု တစ်ခါမှ မဖော်ပြထားချေ။ ထို့ကြောင့် မူလဘူတ တာအိုဧကရာဇ် ကသာ အစစ်အမှန် မှန်ကန်သော လမ်းစဉ် ဖြစ်သည်ဟု သူ ခံစားရလေသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ သွေးသောက် ညီအစ်ကိုများ၏ စိတ်အားထက်သန်မှုကို လျှော့ချရန်တော့ အကြောင်းပြချက် မရှိပေ။
သွေးကျဉ်းထောင် သူတော်စင် အောင်မြင်မည်၊ မအောင်မြင်မည်ကို စိုးရိမ်နေခြင်းထက် အောင်မြင်သွားပါက ခွဲခွာရမည်ကိုသာ သူ ပို၍ ကြောက်ရွံ့နေမိသည်။
စစ်ခုံရုံး ပျက်စီးသွားကတည်းက ဖန်းရွှမ် သည် တစ်ယောက်တည်း လွင့်မျောနေခဲ့ပြီး သွေးကျဉ်းထောင် သူတော်စင် တစ်ယောက်သာ သူ၏ တစ်ဦးတည်းသော ယုံကြည်ရသူနှင့် အားထားရာ ဖြစ်သဖြင့် သူ ထွက်သွားမည်ကို အလိုမရှိချေ။ သို့သော်လည်း သူ ပြန်သွားရန် ရွေးချယ်ပါကလည်း သူ တားဆီးမည် မဟုတ်ပေ။
ထိုအခိုက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကြီး တစ်ခု ကျဆင်းလာသဖြင့် ဖန်းရွှမ် နှင့် အခြား ငါးယောက်မှာ ခေါင်းလှည့်ကြည့်လိုက်ရ၏။ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာတွင် ကမ္ဘာမြေ၏ အဆုံးသတ်မှနေ၍ ဝါးမျိုတော့မည့်အလား ဧရာမ တွင်းနက်ကြီး တစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
တွင်းနက်ကြီး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် များစွာ ထွက်ပေါ်လာပြီး ရန်သူ အင်အားစု တစ်ခု ဝင်ရောက်လာကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။
“တိုက်ပွဲအတွက် ပြင်ထား... ဖြတ်လမ်း ရှာချင်တဲ့သူတွေက အမြဲတမ်း ရှိနေတာပဲ...”
ဖန်းရွှမ် က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ သူက ကောင်းကင်တက်လှမ်းခြင်း နှောင်ဖွဲ့ကင်းအမတ တစ်ပါး ဖြစ်ပြီး မူလဘူတ တာအိုဧကရာဇ် ၏ ထောက်ပံ့မှု ရှိထားသဖြင့် ရွှေအမတ အဆင့်အောက် မည်သည့်အရာကိုမျှ သူ ကြောက်ရွံ့မည် မဟုတ်ချေ။
ထိုစကားကို ကြားသောအခါ အခြား ငါးယောက်ကလည်း သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြပြီး ရန်သူများ ရောက်လာခြင်းကို အံ့အားသင့် မသွားကြချေ။
ဤအုပ်စုက သူတို့ကို နှစ်သောင်းပေါင်းများစွာ ဒုက္ခပေးနေခဲ့ပြီး ၎င်း၏ လျှို့ဝှက်ချက်များကို နားလည်ရန် ဖန်းရွှမ် ၏ မူလဘူတ တာအိုဧကရာဇ် ခန္ဓာကိုယ်ကို လိုချင်တပ်မက်နေကြခြင်း ဖြစ်၏။
ဖန်းရွှမ် က အရင်ဆုံး ရှေ့သို့ ပျံတက်သွားပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က ရုတ်တရက် ပေါက်ကွဲထွက်လာကာ တွင်းနက်ကြီး အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားစု၏ စုပေါင်း အငွေ့အသက်နှင့် ရင်ပေါင်တန်းနိုင်လောက်အောင် ဖြစ်နေတော့သည်။