← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 62 Ch. 735-736

အခန်း (၇၃၅-၇၃၆)

Vol. 62 Ch. 735-736

အခန်း (၇၃၅) နယ်မြေတိုးချဲ့ခြင်း

လီရွှမ်မြှောင် ကုအန်ကို ဆရာဟု စတင်ခေါ်ဝေါ်ခဲ့သည်မှာ နှစ်တစ်ရာ ရှိပြီ ဖြစ်၏။ လူသားကမ္ဘာတွင် နေ့စဉ်နှင့်အမျှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နေပြီး များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း အမတ ကျင့်ကြံရေး လောကရှိ ဂိုဏ်းပေါင်းတစ်ရာနှင့် တာအိုခုံရုံး တို့ကြားတွင် ပွတ်တိုက်မှုများ ရှိနေဆဲ ဖြစ်ကာ အခြေအနေက မရှင်းမလင်း ဖြစ်နေဆဲပင်။

ဤနေ့တွင် နှစ်သစ်ကူး အပြီး၌ ကုအန်က လီရွှမ်မြှောင်ကို ဖုန်မှုန့် ကမ္ဘာ သို့ ခေါ်ဆောင်သွားခဲ့၏။ ထိုကမ္ဘာမှာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ထက် ပိုမို ကြီးပွားတိုးတက်သော မဟာကမ္ဘာ တစ်ခုဖြစ်ပြီး မူလဘူတရွှေအမတ တစ်ပါးပင် ပုန်းအောင်းနေသေးသည်။

လီရွှမ်မြှောင်ကို ဖုန်မှုန့် ကမ္ဘာ တွင် အမတအဖြစ် တက်လှမ်းစေရန် သူ စီစဉ်ထားခြင်း ဖြစ်၏။

ဤရည်ရွယ်ချက်အတွက် သူက လီရွှမ်မြှောင်၏ အကြောင်းအကျိုးများကိုပင် ပြောင်းလဲပစ်ခဲ့ပြီး သူ့ကို ဖုန်မှုန့် ကမ္ဘာ ၏ မူလ ဇာတိ သက်ရှိတစ်ဦးအဖြစ် ဖန်တီးလိုက်သည်။ လီရွှမ်မြှောင်၏ ကံကြမ္မာက ထိုသို့ ဖြစ်ပေါ်နေရုံသာမက ဤကမ္ဘာရှိ ကျင့်ကြံသူကြီးများကြားတွင်လည်း သူ့အကြောင်း မှတ်ဉာဏ်များ ထွက်ပေါ်လာခဲ့၏။ ယခုအခါ လီရွှမ်မြှောင်သည် ဖုန်မှုန့် ကမ္ဘာ တစ်ခုလုံးတွင် လူသိများသော ပါရမီရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သူက ဖုန်မှုန့် ကမ္ဘာ တစ်ခုလုံး၏ အကြောင်းအကျိုးများကို လက်တွေ့အားဖြင့် ပြောင်းလဲပစ်လိုက်ခြင်းပင်။ ၎င်းမှာ တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါး၏ စွမ်းအားဖြစ်ပြီး ဤကမ္ဘာ၏ ကောင်းကင်နတ်ဘုရားများ ပင်လျှင် သတိမပြုမိခဲ့ကြချေ။

သမုဒ္ဒရာ ကမ်းစပ် သဲသောင်ပြင်တွင် လီရွှမ်မြှောင်က ကောင်းကင်တာအို အမတကျောက်တုံး ကို ကိုင်ဆောင်ထားပြီး ကုအန်ကို တည်ကြည်လေးနက်သော မျက်နှာဖြင့် ကြည့်နေ၏။

ကုအန်က ပြုံး၍ ပြောလိုက်သည်။ “အရမ်းကြီး စိတ်မပူပါနဲ့... အထဲက စမ်းသပ်မှုတွေကို မင်း ဖြတ်သန်းဖူးပြီးသားပါ... ဒီတစ်ခါ မင်းရဲ့ ပြိုင်ဘက်တွေက အမတနတ်ဘုရားတွေ ဖြစ်နေတာလေးပဲ ကွာသွားတာ... သတိထားရအောင်လို့ ငါနဲ့ ပတ်သက်တဲ့ မင်းရဲ့ မှတ်ဉာဏ်တွေကို အရင်ဆုံး ဖုံးကွယ်ထားလိုက်မယ်... မင်း အမတအဖြစ် တက်လှမ်းပြီး နှစ်ပေါင်း တစ်သောင်း ကြာတဲ့အခါ ဒီမှတ်ဉာဏ်တွေ ပြန်ပေါ်လာပါလိမ့်မယ်...”

လီရွှမ်မြှောင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

ကုအန်က သူ၏ လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး လီရွှမ်မြှောင်ကို မိန်းမောသွားစေခဲ့သည်။

သူ သတိပြန်လည်လာသောအခါ ကုအန်၏ ပုံရိပ်ကို မတွေ့ရတော့ချေ။ သူ၏ လက်ထဲရှိ ကောင်းကင်တာအို အမတကျောက်တုံး ကို ငုံ့ကြည့်လိုက်ပြီး သူ၏ နတ်အာရုံဖြင့် ချက်ချင်း စမ်းသပ်ကြည့်လိုက်၏။

အမွှေးတိုင် တစ်တိုင်စာ အချိန် ကြာပြီးနောက်။

သူ၏ ခြေအောက်ရှိ သဲများက ကောင်းကင်ယံသို့ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး တိမ်များဆီသို့ တိုက်ရိုက် ထိုးတက်သွား၏။ ထို့နောက် တောက်ပသော အလင်းတန်း တစ်ခုက ကောင်းကင်တာအို အလင်းတိုင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လောကကြီး အတွင်းရှိ ဝိညာဉ်စွမ်းအင်များက သူ့ထံသို့ ရူးသွပ်စွာ စီးဝင်လာတော့သည်။

သူ ကောင်းကင်တာအို စမ်းသပ်မှုကို အောင်မြင်သွားပြီ ဖြစ်သည်။

ကောင်းကင် အပြင်ဘက် စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာရှိ ကမ္ဘာ့ဂိတ်တံခါး တွင် ဖုန်မှုန့် ကမ္ဘာ ကို စောင့်ကြပ်နေသော ကောင်းကင်နတ်ဘုရားက မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာ၏။

“ဒီကမ္ဘာမှာ ကောင်းကင်တာအို အမတကျောက်တုံး ရဲ့ အကဲဖြတ်မှုကို အောင်မြင်နိုင်တဲ့ သူတွေ ရှိနေတာလား... အထင်ကြီးစရာပဲ”

ကောင်းကင်နတ်ဘုရားက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပေါ်လွင်နေ၏။

ဤကမ္ဘာတွင် အမတနတ်ဘုရား တစ်ပါး မွေးဖွားလာခြင်းက သူ့အတွက်လည်း အကျိုးရှိပေသည်။ အကြောင်းမှာ သူသည် ကောင်းကင်နန်းတော် ထံမှ ဆုလာဘ်များ ရရှိမည် ဖြစ်ပြီး ဤအသစ် တက်လှမ်းလာသော အမတ၏ ရာထူးက သူ၏ ရာထူးထက် သေချာပေါက် ပိုမြင့်မားမည် ဖြစ်ရာ သူတို့ အချင်းချင်း ရင်းနှီးကျွမ်းဝင်ခွင့် ရရှိနိုင်သောကြောင့် ဖြစ်၏။

တက်လှမ်းလာသော နတ်ဘုရားများနှင့် စမ်းသပ်မှုခံ နတ်ဘုရားများစွာက သူတို့၏ မူလဘဝကို သံယောဇဉ် ရှိကြပြီး အချို့သော မဟာကမ္ဘာများမှာ အမတနတ်ဘုရားများ များပြားလှသဖြင့် ၎င်းတို့၏ အမွေအနှစ်များက အလွန် ကြွယ်ဝကာ အခြား မဟာကမ္ဘာများထက် များစွာ သာလွန်ပေသည်။

အမတနတ်ဘုရား အသစ်နှင့် တွေ့ဆုံရန် သူ မတ်တတ်ထရပ်လိုက်၏။ သူက နှုတ်ဆက်သည့် အနေဖြင့် အကြံဉာဏ် အချို့ ပေးကာ ရင်းနှီးမှု တည်ဆောက်နိုင်မည် ဖြစ်သည်။

…

ကုအန်က သက်တမ်းတာအိုနယ်မြေ သို့ ပြန်ရောက်လာပြီး လီရွှမ်မြှောင် အမတနတ်ဘုရားဖြစ် သို့ ဝင်ရောက်တော့မည် ဖြစ်၍ ဝမ်းသာပီတိ ဖြစ်နေ၏။

လီရွှမ်မြှောင်က မည်သည့် ကောင်းကင်တာအို အမတရာထူး အဆင့်ကို ရရှိမည်ကိုတော့ မသေချာသေးချေ။

ထာဝရအသက် အရှင်မြတ် ၏ အဆိုအရ ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်အမိန့်တော် ကို အသုံးပြုသည်ဖြစ်စေ၊ ကောင်းကင်တာအို အမတကျောက်တုံး မှတစ်ဆင့် ဖြစ်စေ ရရှိမည့် အမတ ရာထူးက ကောင်းကင်နတ်ဘုရားများ အထက်တွင် ရှိမည် ဖြစ်သည်။

ထာဝရအသက် အရှင်မြတ် က အမတဖြစ်ရန် အခြားသော နည်းလမ်းများကိုလည်း ပြောပြခဲ့၏။ ကုအန်၏ လက်ဝယ်တွင် ကောင်းကင်တာအို အမတကျောက်တုံး ရှိနေသည်ကို သူ ခန့်မှန်းမိမည် မဟုတ်ချေ။

အမတဖြစ်ရန် နည်းလမ်း ဒါဇင်ပေါင်းများစွာ ရှိပြီး ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များ နှင့် ပတ်သက်သော မည်သည့် လမ်းစဉ်မဆို အဆင့်မြင့် လမ်းစဉ်တစ်ခု ဖြစ်၏။ ကောင်းကင်နတ်ဘုရား အများစုမှာ အမတနတ်ဘုရားများ၏ ထောက်ခံစာများဖြင့် ခန့်အပ်ခံရခြင်း သို့မဟုတ် ကောင်းကင်စစ်သည် စမ်းသပ်မှုများတွင် ပါဝင်ယှဉ်ပြိုင်ရာမှ ရွေးချယ်ခံရသူများဖြစ်ကြသည်။

ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားများ ထဲတွင် အထူးချွန်ဆုံးသူ ပင်လျှင် ကောင်းကင်တာအို အမတကျောက်တုံး မှတစ်ဆင့် မတက်လှမ်းနိုင်ဘဲ အမတနတ်ဘုရားများ၏ ထောက်ခံချက် လိုအပ်ခဲ့၏။ ကောင်းကင်နန်းတော် တွင် ပါရမီ ဆိုသည်မှာ ရှားပါးသောအရာဖြစ်ပေသည်။ အကြောင်းမှာ အမတ ဖြစ်လာရန် မျှော်လင့်နေသော ထူးချွန်သည့် ပါရမီရှင်များ အလွန် များပြားလွန်းသောကြောင့် ဖြစ်၏။

မဟာကမ္ဘာ တစ်ခုတည်းရှိ အကြီးမားဆုံးသော ပါရမီရှင် ပင်လျှင် မဟာတာအို အတွင်း၌ အရေးမပါဟုသာ သတ်မှတ်ခံရပေသည်။

ကုအန်က နယ်မြေအတွင်းရှိ မြစ်ငယ်လေး တစ်လျှောက်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေ၏။

အရှေ့ဘက် မြစ်ကမ်းဘေးတွင် တစ်စုံတစ်ယောက် ကျင့်ကြံနေ၏။ ယင်းက အခြားသူ မဟုတ်ဘဲ ထျန်းဟုန် ဧကရာဇ် ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ထျန်းဟုန် ဧကရာဇ် သည် အမတနတ်ဘုရားများ၏ မှတ်ဉာဏ် အချို့ကို နိုးထလာခဲ့ပြီးနောက်သက်တမ်းတာအိုနယ်မြေ တွင် ကျင့်ကြံရသည့် အချိန်များကို ပို၍ တန်ဖိုးထားလာစေခဲ့၏။ အကြောင်းမှာ သူသည် နောက်ဆုံးတွင် ကောင်းကင်နန်းတော် သို့ ပြန်သွားရမည်ကို သိထားသောကြောင့် ဖြစ်သည်။

ခြေသံများကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ် က မျက်လုံးများ ဖွင့်၍ ခေါင်းလှည့်ကြည့်လိုက်ပြီး ကုအန် ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း ထရပ်ကာ ကုအန်ကို အရိုအသေ ပေးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်ပါ... ငါက ဒီတိုင်း လမ်းလျှောက် ထွက်လာရုံပဲ...”

ကုအန်က ပြုံး၍ ပြောလိုက်၏။ လီရွှမ်မြှောင် ၏ အမတအဖြစ် တက်လှမ်းခြင်းက သူ့ကို ထျန်းဟုန် ဧကရာဇ် အပေါ် ပိုမို အမြင်ကြည်လင်လာစေခဲ့သည်။

မလိုအပ်ဘဲ သူက ကောင်းကင်နန်းတော် ကို ဆန့်ကျင်ရန် အမှန်တကယ် မလိုချေ။ သူက တိုက်ခိုက် သတ်ဖြတ်ရခြင်းများထက် အသိပညာ ရှာဖွေရသည့် ငြိမ်းချမ်းသော နေ့ရက်များကို ပို၍ သဘောကျသောကြောင့် ဖြစ်၏။

သူက ထျန်းဟုန် ဧကရာဇ် ၏ ဘေးမှ ဖြတ်သွားစဉ် ထျန်းဟုန်ဧကရာဇ် မှာ သက်ပြင်းချနိုင်သွားပြီး တရားထိုင်ကာ ဆက်လက် ကျင့်ကြံနေတော့သည်။

နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့သော်လည်း ကုအန်ကို ရင်ဆိုင်ရချိန်တွင် သူက ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်၏။

သူ၏ အတွင်းစိတ်က အတွေးများကို ကြားလိုက်ရသော်လည်း ကုအန်က သိပ်ဂရုမစိုက်ခဲ့ချေ။

သက်တမ်းတာအိုနယ်မြေ တွင် လူဦးရေ များပြားလာသည်နှင့်အမျှ သူက တပည့်တိုင်းနှင့် ရင်းနှီးအောင် မလုပ်နိုင်တော့ချေ။ ၎င်းက အလွန် ပင်ပန်းလွန်းသောကြောင့် ဖြစ်သည်။

တတိယမျိုးဆက် တပည့်များထဲတွင် ရှန်ကွမ်ရှန်းအာ တစ်ယောက်သာ သူ့အတွက် စိတ်ဝင်စားစရာ ကောင်းပြီး သူ လောကကြီးကို လိုက်ပြခဲ့ဖူးသော အန်ကျီကျိုက် ကိုပင် ဂရုစိုက်ရန် ပျင်းရိလာခဲ့၏။

မိုင်တစ်ရာခန့် ဆက်လျှောက်သွားပြီးနောက် ထျန်းယောင်အာ ၏ တပည့် လုကျီတောက် က အန်ရှင်း ၏ ဒုတိယ တပည့် ကျန်းလန် နှင့် ဓားသိုင်း ယှဉ်ပြိုင်နေသည်ကို ကုအန် တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်က နတ်ဘုရားစွမ်းအင်များ သို့မဟုတ် နတ်ဘုရားစွမ်းရည်များကို မသုံးဘဲ ဓားသိုင်းကွက်များ သက်သက်ဖြင့်သာ ဖလှယ်နေကြ၏။ သူတို့၏ လှုပ်ရှားမှုများက ထက်မြက်ပြီး လျင်မြန်လှ၏။

ကုအန် ချဉ်းကပ်လာသည်ကို သတိပြုမိသောအခါ သူတို့၏ မျက်နှာများ ပြောင်းလဲသွားပြီး ရပ်တန့်ရန် ပြင်လိုက်သော်လည်း ကုအန်၏ အသံက သူတို့ထံသို့ ရောက်ရှိလာသည်။

“မရပ်ကြနဲ့... ငါက ဒီတိုင်း ဖြတ်သွားရုံပါ...”

ထိုစကားကို ကြားသောအခါ လုကျီတောက် နှင့် ကျန်းလန် တို့၏ မျက်လုံးများက စူးရှသွားပြီး သူတို့၏ လှုပ်ရှားမှု နည်းစနစ်များက ပိုမို မြန်ဆန်လာကြ၏။

တတိယမျိုးဆက် တပည့်များ အားလုံးက ကုအန်၏ မျက်နှာသာပေးမှုကို ရယူလိုကြပြီး သူ၏ ရှေ့တွင် သူတို့၏ ပါရမီကို ပိုမို စိတ်အားထက်သန်စွာ ပြသနိုင်ရန် ဤရှားပါးသော အခွင့်အရေးကို အရယူခဲ့ကြခြင်း ဖြစ်သည်။

ကုအန်က သူတို့ကို ရှောင်ကွင်း၍ တောင်တန်းများနှင့် တောအုပ်များထဲသို့ ဝင်ရောက်သွား၏။

“အနာဂတ်မှာ နယ်မြေရဲ့ တပည့်တွေ အရေအတွက် တစ်ရာ ရောက်သွားရင်တော့ တိုးချဲ့ဖို့ လိုလာလိမ့်မယ်...”

အဆင့်မြင့် တပည့်များ၏ တိုက်ခိုက်မှုများက ထိန်းချုပ်ထားလျှင်တောင်မှ ကျယ်ပြန့်သော သက်ရောက်မှုများ ရှောင်လွှဲ၍မရ ဖြစ်ပေါ်လာနိုင်သဖြင့် ကုအန်က တိတ်တဆိတ် စဉ်းစားလိုက်၏။

နယ်မြေကို တိုးချဲ့ရန် သက်တမ်း လိုအပ်၏။ ဝိညာဉ်ကိုးပါး တိုက်ကြီး တစ်ခုလုံးကို သက်တမ်းတာအိုနယ်မြေ အတွင်းသို့ ထည့်သွင်းရန် သူ စီစဉ်ထားသည်။

သူ၏ စဉ်းစားမှုမှာ အနာဂတ်ကို မြင်တွေ့ရခြင်းမှ အခြေခံခြင်း ဖြစ်သည်။ အနာဂတ်တွင် ချမ့်ခွန်းဂိုဏ်း က ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ဂိုဏ်းအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ကာ တိုက်ကြီး၏ သက်ရှိများကြားတွင် သိသာထင်ရှားသော သေဆုံးမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။

ဤသည်မှာ အတွင်းရေး ပဋိပက္ခကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ကုအန် ကတော့ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။ ၎င်းမှာ ချမ့်ခွန်းဂိုဏ်း ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်စေလိုသော သူ၏ ဆန္ဒနှင့် အပြည့်အဝ ကိုက်ညီနေ၏။

သူက ချမ့်ခွန်းဂိုဏ်း ကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့ပြီး ဖြစ်ကာ ဆက်လက် ကာကွယ်ပေးနေခြင်းက သူ၏ လမ်းစဥ်များကို ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။ အကြောင်းမှာ လောကအရှင်သခင် ဖြစ်လာရန် သက်တမ်းတာအိုနယ်မြေ အပေါ် အားကိုးနေခြင်းက သူ၏ ယုံကြည်ချက်များနှင့် ဆန့်ကျင်နေသောကြောင့်ပင်။

ချမ့်ခွန်းဂိုဏ်း က လောကထိပ်တန်း ဂိုဏ်း ဖြစ်လာနိုင်သော်လည်း သက်တမ်းတာအိုနယ်မြေ အပေါ်တွင်သာ အပြည့်အဝ အားကိုး၍ မရနိုင်ချေ။

လောကဦးဆောင် ဂိုဏ်းဆိုသည်မှာ အစွမ်းထက်ရုံသာမက လောကသားများ၏ လေးစားမှုကိုလည်း ရရှိထားရမည် ဖြစ်၏။

တစ်နာရီ ကြာပြီးနောက် ကုအန်က သူ၏ ခြံဝင်းထဲသို့ အေးအေးဆေးဆေး ပြန်ရောက်လာသည်။

သူက မရတနာ သန့်စင်မီးဖို ဘေးမှ ဖြတ်သွားစဉ် ရှန်းကျန်က ရုတ်တရက် မေးလိုက်၏။ “အခု ယန်ကျန်း ရဲ့ လက်ရှိ အမတ ရာထူးကို ရှင်ခန့်မှန်းလို့ ရပြီလား...”

ယန်ကျန်း အမတအဖြစ် တက်လှမ်းသွားကတည်းက ဤအကြောင်းကို သူမက စပ်စုချင်နေခဲ့ပြီး အကြိမ်များစွာ မေးမြန်းခဲ့ဖူး၏။

ကုအန်က ခြေလှမ်းများကို မရပ်တန့်ဘဲ ပြန်ဖြေလိုက်သည်။ “မရသေးဘူး... ဒါပေမဲ့ သူ ပြန်လာတဲ့အခါ မင်း သိရမှာပါ...”

စာဖတ်ရန် အိမ်ထဲသို့ သူ ပြန်ဝင်ရမည် ဖြစ်၏။ မကြာသေးမီက ရှန်ကွမ်ရှန်းအာ တွင် နောက်ထပ် ခမ်းနားသော လက်ရာတစ်ခု ရှိနေပြီး ၎င်းကို သူ သေချာစွာ အကဲဖြတ် ခံစားရန် လိုအပ်လေသည်။

ရှန်းကျန် က နှုတ်ခမ်းကို စူလိုက်ပြီး ရှန်ကွမ်ရှန်းအာ ကို သူမအား ကျော်တက်ခွင့် မပေးရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။ သူမလည်း ပြန်လည် ရေးသားသင့်ပေသည်။

နေဝင်သွားပြီး လထွက်လာကာ ညတစ်ည ကုန်လွန်သွား၏။

နောက်နေ့ နံနက်ခင်းတွင်

ကုအန်က လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်လျက် အိမ်ထဲမှ လျှောက်ထွက်လာပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

“ရှင် ဘယ်ကို သွားမလို့လဲ...” ရှန်းကျန် က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

ကုအန်က သူမကို တစ်ချက် ကြည့်၍ ပြောလိုက်သည်။ “ချမ့်ခွန်းဂိုဏ်း ကို သွားမလို့...”

“ကျွန်မလည်း လိုက်မယ်...”

ရှန်ကျန်း က ချက်ချင်း မတ်တတ်ထရပ်လိုက်၏။ ကုအန် ဘာလုပ်တော့မည်ကို သူမ ခန့်မှန်းမိပြီး ထိုစိတ်လှုပ်ရှားမှုတွင် ပါဝင်ချင်နေသည်။

ကုအန်က သူမကို မငြင်းပယ်ဘဲ ခြံဝင်း တံခါးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

သူ တံခါးဝသို့ ရောက်ရှိသွားချိန်မှာပင် အန်ရှင်း က လေဟာပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “ဆရာ... ယွမ်လော့ က မိစ္ဆာ အဖြစ် ပြောင်းလဲသွားပြီဆိုတဲ့ သတင်း ရထားတယ်...”

အခန်း (၇၃၆) ကောင်းကင်နှင့် မြေကြီး၏ အမွေအနှစ်

တစ်ချိန်က ချမ့်ခွန်းဂိုဏ်း ၏ ထိပ်တန်း ပါရမီရှင် ဖြစ်ခဲ့သော ယွမ်လော့ သည် ယခုအခါ လောကတစ်ခွင် နာမည်ကျော်ကြားသော လွတ်ငြိမ်းရာအမတ တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။

သူ မိစ္ဆာ အဖြစ် ပြောင်းလဲသွားခြင်းက လမ်းမှန်တာအိုဂိုဏ်း ဟု မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားနေသည့် ချမ့်ခွန်းဂိုဏ်း အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့သည်။

အပြင်ဘက်တွင် လေ့ကျင့်နေစဉ် ယွမ်လော့ က ဂိုဏ်းများစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း အန်ရှင်း သတင်းရရှိခဲ့၏။ အကြောင်းပြချက် တစ်ခုခုကြောင့် သူက ရုတ်တရက် မိစ္ဆာ အဖြစ် ပြောင်းလဲသွားပြီး ဂိုဏ်းတူ ညီအစ်ကို မောင်နှမ ရာပေါင်းများစွာ အပါအဝင် ကျင့်ကြံသူ သောင်းနှင့်ချီ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ဤသတင်းက ချမ့်ခွန်းဂိုဏ်း သို့ ပြန်လည် ရောက်ရှိသွားပြီး သူတို့က ၎င်းကို ဖုံးကွယ်၍ မရနိုင်တော့ချေ။

အခြား ဂိုဏ်းများကလည်း ဤအဖြစ်အပျက်ကို အသုံးချ၍ ချမ့်ခွန်းဂိုဏ်း ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ကြိုးပမ်းနေကြသည်။

ဤသည်က ချမ့်ခွန်းဂိုဏ်း အတွက် မကြုံစဖူးသော အကျပ်အတည်း တစ်ခု ဖြစ်ပြီး သေချာစွာ မကိုင်တွယ်နိုင်ပါက ၎င်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်ဟု အန်ရှင်း ခံစားနေရ၏။

“သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါ... ဒါကပ်ဘေးက ချမ့်ခွန်းဂိုဏ်း ရဲ့ စိတ်ပိုင်းဖြတ်မှုကို စမ်းသပ်ပေးနိုင်ပါတယ်...” ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ယွမ်လော့ က အမှန်တကယ် မိစ္ဆာ အဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ချေ။ သူက ဒေါသတကြီးဖြင့် သောင်းကျန်းခဲ့ခြင်းသာ ဖြစ်၏။ သူသည် ငယ်စဉ်ကတည်းက ကြမ်းတမ်းသော အကျင့်စရိုက် ရှိခဲ့ပြီး ၎င်းကို ချမ့်ခွန်းဂိုဏ်း ၏ အထက်လူကြီးများကလည်း သိရှိထားပြီး ဖြစ်သည်။

ဖရိုဖရဲ နာကြည်းချက် လော့ ၏ ဝင်စားသူ ဖြစ်သော ယွမ်လော့ ၏ စွမ်းအားက သူ၏ နာကြည်းမှုနှင့် ဒေါသတို့နှင့်အတူ ကြီးထွားလာမည် ဖြစ်သည်။ တာအိုခုံရုံး နှင့် ပဋိပက္ခများ ဖြစ်ပွားနေစဉ် အတွင်း ၎င်းကို သူ ပိုမို သတိပြုမိလာပြီး အစွန်းရောက်သော စိတ်ခံစားမှုများထဲသို့ သူ့ကိုယ်သူ တမင်တကာ ဝင်ရောက်ခွင့် ပြုလာခဲ့သည်။

လက်ရှိတွင် ယွမ်လော့ က လုံလောက်အောင် အစွမ်းမထက်သေးချေ။ အနည်းဆုံး လောကကြီးကို အန္တရာယ် ပေးနိုင်စွမ်း မရှိသေးပေ။ ဖရိုဖရဲ နာကြည်းချက် လော့ ကို ချိတ်ပိတ်ထားဆဲ ဖြစ်သဖြင့် သူက စွမ်းအား အနည်းငယ်ကိုသာ ငှားရမ်း အသုံးပြုနိုင်၏။

အမှန်တကယ် ယွမ်လော့ အပြင် ချမ့်ခွန်းဂိုဏ်း အတွင်း၌ အခြားသော ပုန်းကွယ်နေသည့် အန္တရာယ်များလည်း ရှိသေးသည်။

လမ်းမှန် တာအို ၏ စည်းမျဉ်းများက တစ်ခါတစ်ရံတွင် အမုန်းတရားများကို လှုံ့ဆော်ပေးနိုင်ပြီး မလိုမုန်းထားရည်ရွယ်ချက် ရှိသူများအတွက် လက်နက်များ ဖြစ်လာနိုင်ပေသည်။

ကုအန်၏ စကားကို ကြားသောအခါ အန်ရှင်း တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ ကုအန် ထွက်သွားရန်အတွက် သူမက ဘေးသို့ ဖယ်ပေးလိုက်သည်။

ထွက်ခွာသွားသော ကုအန်နှင့် ရှန်းကျန်တို့၏ ကျောပြင်များကို ကြည့်ရင်း အန်ရှင်းက အနည်းငယ် သက်ပြင်းချလိုက်သည်။ ဆရာဖြစ်သူသည် ချမ့်ခွန်းဂိုဏ်း ကို ဂရုစိုက်ရသည်ကို ငြီးငွေ့နေပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

ချမ့်ခွန်းဂိုဏ်း နှင့် သူမ အဆင်ပြေပြေ နေနိုင်သော်လည်း ဆရာ၏ ဆုံးဖြတ်ချက်ကို သူမ ဆန့်ကျင်မည် သို့မဟုတ် သံသယ ဝင်မည် မဟုတ်ချေ။

အန်ရှင်းက ၎င်းအကြောင်း ဆက်မတွေးတော့ဘဲ ထွက်သွားရန် လှည့်လိုက်၏။ မကြာသေးမီက သူမသည် ဝင်စားခြင်း၏ အသိအမြင်များထဲတွင် နစ်မြောနေခဲ့ပြီး မူလဘူတ တာအိုဧကရာဇ် အကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။

မူလဘူတ တာအိုဧကရာဇ် သည် မှန်းဆ၍ မရနိုင်အောင် နက်နဲပြီး အဆုံးမဲ့ အလားအလာများ ရှိသော လမ်းစဉ်တစ်ခု ဖြစ်ကြောင်း သူမ ပို၍ပို၍ ခံစားလာရ၏။ မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာရန် သူမက ပြတ်သားစွာ ဆုံးဖြတ်ထားလေသည်။

ဝူရှီ ၏ တပည့်များ အားလုံးက မူလဘူတ ဧကရာဇ် လမ်းစဉ် ကို လျှောက်လှမ်းနေကြပြီး ကုအန်မှလွဲ၍ ဝူရှီ အတွင်း ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ဖြစ်လာရန် သူမ ရည်မှန်းထား၏။

…

နေရောင်ခြည်က တောက်ပနေပြီး ဝန်းရံနေသော တောင်တန်းများကြားတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှောင်လန် က စမ်းချောင်းဘေးရှိ ကျောက်ခင်းလမ်းပေါ်တွင် လျှောက်လှမ်းနေရင်း လမ်းတစ်လျှောက်ရှိ ရှုခင်းများကို စပ်စုချင်စိတ်ဖြင့် ငေးမောကြည့်နေ၏။

“စီနီယာအစ်မ ရှောင်လန်...”

ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာကာ သူမ၏ ဘေးတွင် ပြုံးလျက် ရပ်လိုက်သည်။

အပြာရောင် ဝတ်စုံရှင်၏ အရပ်က ရှည်လျားပြီး ပြေပြစ်သော ဟန်ပန် ရှိကာ သူ၏ အပြုံးက နွေဦးလေပြည်လေး တစ်ချက်ကဲ့သို့ နွေးထွေးမှုကို ခံစားရစေ၏။

ရှောင်လန် က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်သည်။ “ဂျူနီယာမောင်လေး ချန်... မင်းလည်း ဒီကို ရောက်နေတာလား...”

“ခုံရုံးအရှင်သခင် က ကျွန်တော့်ကို တွေ့ချင်တယ်လို့ ဆရာက ပြောလို့ လာခဲ့တာ... ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးလို့ မထင်ထားဘူး... ကြည့်ရတာ တခြား တပည့်တွေလည်း ရှိနေနိုင်တယ်...” ချန်ဆိုသူက ပြုံး၍ ပြောလိုက်၏။

ရှောင်လန် လည်း မနေနိုင်ဘဲ စိတ်ဝင်စားသွားသည်။ ခုံရုံးအရှင်သခင် တွင် ကြီးမားသော စီစဉ်စရာ တစ်ခုခု ရှိနေပုံရ၏။

သူတို့ နှစ်ယောက်က လမ်းတစ်လျှောက် စကားပြောရင်း ရှေ့ဆက်သွားကြသည်။

ခရီးတစ်လျှောက်တွင် အခြား တပည့်များနှင့်လည်း ဆုံတွေ့ခဲ့ရသဖြင့် ဤခရီးစဉ်၏ ရည်ရွယ်ချက်အပေါ် သူတို့၏ စပ်စုချင်စိတ်က ပိုမို မြင့်တက်လာတော့၏။

ခြံဝင်းတစ်ခုသို့ ရောက်ရှိသောအခါ တပည့် ဒါဇင်ကျော်ခန့် ထိုနေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။ရှောင်လန် က ကျောက်ရူရှန်ကိုလည်း မြင်တွေ့လိုက်ရသည်။

သူတောင် ရောက်နေတယ် ဆိုတော့ အရမ်းရေးကြီးတဲ့ ကိစ္စ တစ်ခုခု ဖြစ်ရမယ်...

ရှောင်လန် က တိတ်တဆိတ် တွေးလိုက်၏။ ကျောက်ရူရှန်း သည် ယခုအခါ ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး တာအိုခုံရုံး အတွင်းတွင် ခုံရုံးအရှင်သခင် ယွမ်စုန်ကျီ ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးသူဖြစ်သည်။ လူတိုင်းက ကျောက်ရူရှန်ကို နောက်ထပ် ခုံရုံးအရှင်သခင် အဖြစ် သတ်မှတ်ထားကြ၏။

ရှောင်လန် တစ်ယောက်တည်း သာမကဘဲ အခြား တပည့်များကလည်း ကျောက်ရူရှန်ကို မြင်တွေ့ရသောအခါ အံ့အားသင့်သွားကြသည်။

ကျောက်ရူရှန်က ယွမ်စုန်ကျီ ၏ ဘေးတွင် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်၍ ထိုင်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူ၏ အကြည့်များက စူးရှပြီး လူအနည်းငယ်မှလွဲ၍ အများစုက သူ၏ မျက်လုံးများကို မကြည့်ရဲကြချေ။

ယွမ်စုန်ကျီ က လူအုပ်စုကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ရှိသင့်တဲ့သူ အားလုံး ရောက်လာကြပြီ... အားလုံးပဲ ဒီနေ့ ငါ ကြေညာစရာ တစ်ခု ရှိလို့ ခေါ်ခိုင်းလိုက်ရတာပဲ”

တပည့်များက တန်းစီ၍ ရပ်နေကြပြီး ကျောက်ရူရှန်ကဲ့သို့ ဝင်မထိုင်ဝံ့ကြချေ။

ရှောင်လန် က ကြောက်ရွံ့နေခြင်းတော့ မဟုတ်သော်လည်း ယွမ်စုန်ကျီ သို့မဟုတ် ကျောက်ရူရှန် တို့နှင့် သိပ်မနီးကပ်ချင်ပေ။ သူမက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ခုံရုံး အတွင်းရှိ အုပ်စုဖွဲ့ အာဏာလုပွဲများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့၏။

ယွမ်စုန်ကျီ က သူမကို မဟာတာအို လမ်းစဉ် သို့ ခေါ်ဆောင်သွားခဲ့ဖူးသော်လည်း သူမ၏ ဆရာက ကျောက်ရူရှန်နှင့် အုပ်စု တစ်ခုတည်း မဟုတ်ချေ။

“ခုံရုံးအရှင်သခင်... ဘာဖြစ်လို့လဲ... လူသားကမ္ဘာက ဂိုဏ်းပေါင်းတစ်ရာ က ကျွန်တော်တို့ကို ဝိုင်းရံ တိုက်ခိုက်ဖို့ စီစဉ်နေလို့လား...” ချန်ဆိုသူက မနေနိုင်ဘဲ အရင်ဆုံး မေးလိုက်၏။

သူ၏ စကားများကြောင့် အခြား တပည့်များမှာ တင်းမာသွားကြသည်။

ဤနှစ်များ တစ်လျှောက် တာအိုခုံရုံး ကို ပြဿနာ ရှာသည့် ဂိုဏ်းများ ပိုမို များပြားလာခဲ့၏။ အတွင်းပိုင်းတွင်လည်း အမျိုးမျိုးသော ပဋိပက္ခများ အကြောင်းကို သတင်းပို့ထားကြသည်။ တာအိုခုံရုံး က မိမိကိုယ်ကိုယ် မှန်ကန်သော တာအို နှင့် လောကအရှင်သခင် အဖြစ် ကြွားဝါနေသော်လည်း အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမှုက တပည့်များကို စိတ်ပျက်စေခဲ့သည်။ လူတိုင်းက အခြား ဂိုဏ်းများထံမှ ဖိအားများကို ခံစားနေရပြီး တာအိုခုံရုံး ၏ အားနည်းလာမှုကို သတိပြုမိနေကြသည်။

ပုံမှန်အားဖြင့် သူတို့က အထက်လူကြီးများကို မကျေနပ်ကြသော်လည်း ဂိုဏ်းပေါင်းတစ်ရာ နှင့် စစ်ဖြစ်ရမည်ကိုလည်း စိုးရိမ်ပူပန်မိကြ၏။

ယနေ့ အခြေအနေက အတိတ်နှင့် မတူတော့ချေ။ တာအိုခုံရုံး သည် လူသားကမ္ဘာ တစ်ခုလုံးကို ဖိနှိပ်ထားနိုင်စွမ်း အမှန်တကယ် ကင်းမဲ့နေပြီ ဖြစ်သည်။

“ဒါတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းတို့ ကြိုမြင်ထားတဲ့ အခြေအနေက အစောပိုင်းဖြစ်ဖြစ်၊ နောက်ပိုင်းဖြစ်ဖြစ် ဖြစ်လာမှာပါ...”

ယွမ်စုန်ကျီ က ညင်သာစွာ ပြုံးလိုက်၏။ သူ၏ စကားများကြောင့် တပည့်များ၏ မျက်နှာ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသော်လည်း သူ၏ အပြုံးကို မြင်တွေ့ရသောအခါ သူ စိုးရိမ်ပူပန်နေခြင်း မရှိကြောင်း ခံစားလိုက်ရသည်။

ခုံရုံးအရှင်သခင် မှာ အစီအစဉ် တစ်ခု ရှိပြီးသား ဖြစ်နိုင်တယ်...

ထိုသို့ တွေးလိုက်သောအခါ တပည့်များမှာ စိတ်သက်သာရာ ရသွားကြ၏။

“မင်းတို့ အားလုံးက တာအိုခုံရုံး ရဲ့ အတောက်ပဆုံး တပည့်တွေ ဖြစ်ပြီး မင်းတို့ရဲ့ ဂုဏ်သတင်းကလည်း အလွန် မြင့်မားတယ်... မင်းတို့ကို တာအိုခုံရုံး ရဲ့ အမွေအနှစ် အမျိုးမျိုးကို ဆက်ခံခွင့် ပေးဖို့ ငါ စီစဉ်ထားတယ်... အနာဂတ်မှာ တာအိုခုံရုံး ဖျက်သိမ်းသွားတဲ့အခါ မင်းတို့ ကိုယ်ပိုင် ဂိုဏ်းတွေကို တည်ထောင်နိုင်တယ်... မင်းတို့ကိုယ်မင်းတို့ ယုံကြည်မှု ရှိကြရဲ့လား”

ယွမ်စုန်ကျီ ဤသို့ ပြောလိုက်သောအခါ သူ၏ အပြုံးက ပျောက်ကွယ်မသွားဘဲ သာမန် ကိစ္စလေး တစ်ခုကို ဆွေးနွေးနေသကဲ့သို့ ဖြစ်နေ၏။

ထိုစကားကို ကြားသောအခါ ခြံဝင်းအတွင်း ဆူညံသွားပြီး တပည့်များ အားလုံး အံ့အားသင့်သွားကာ စတင် ကန့်ကွက်ကြတော့သည်။

“ခုံရုံးအရှင်သခင်... ဘာအဓိပ္ပာယ်လဲ... ဘာလို့ တာအိုခုံရုံး ကို ဖျက်သိမ်းရမှာလဲ...”

“ဂိုဏ်းပေါင်းတစ်ရာ နဲ့ ဆုံးသတ်တိုက်ပွဲ ဖြစ်မယ် ဆိုရင်တောင် တိုက်ခိုက်ဖို့ ကျွန်တော်တို့ မကြောက်ပါဘူး... ကျွန်တော်တို့ မကြောက်ပါဘူး...”

“ဟုတ်တယ်... တာအိုခုံရုံး တည်ထောင်ကတည်းက ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းတွေ အားလုံးနဲ့ဆိုရင် ဘာကို ကြောက်စရာ ရှိဦးမှာလဲ...”

“အတိအကျပဲ... ခုံရုံးအရှင်သခင်... ဘာလို့ ဂိုဏ်းပေါင်းတစ်ရာ နဲ့ စစ်ပွဲစပြီး သူတို့ကို အငိုက်မဖမ်းရမှာလဲ...”

တပည့်များက စိတ်အားထက်သန်စွာ စိတ်လှုပ်ရှားနေကြစဉ် ရှောင်လန် က တိတ်ဆိတ်နေပြီး သူမ၏ အကြည့်များက ယွမ်စုန်ကျီ ထံတွင် စူးစိုက်နေ၏။ ယွမ်စုန်ကျီ ကို သတ္တိကြောင်သူ တစ်ယောက်ဟု သူမ မထင်ချေ။

ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု က သူတို့ကို သတ်ချင်ခဲ့စဉ်က ယွမ်စုန်ကျီ က ဘာကြောက်ရွံ့မှုမှ မပြဘဲ ရှေ့ဆုံးမှကာကွယ်ပေးခဲ့သည်။

လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ ပူးပေါင်းထားလျှင်ပင် ရှုံးနိမ့်ခြင်း မရှိဧကရာဇ် မျိုးနွယ်စု ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ယွမ်စုန်ကျီ က လက်မြှောက်၍ အားလုံးကို ငြိမ်သက်ရန် အချက်ပြလိုက်ရာ လူအုပ်စုမှာ သူတို့၏ စိတ်ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရ၏။

“တာအိုခုံရုံး က လောကကြီးကို ကြီးကြပ်လာတာ နှစ်တစ်သန်း ရှိပြီ... အဲဒါက လုံလောက်အောင် ရှည်ကြာနေပါပြီ... တကယ်တော့ မင်းတို့ မသိတာက တာအိုခုံရုံး ကို ငါ တစ်ယောက်တည်း တည်ထောင်ခဲ့တာ မဟုတ်ဘူး... ကမ္ဘာကြီးကို ပြန်လည် မပုံဖော်ခင်က မဟာ ကောင်းကင်နဲ့ မြေကြီး က အကြီးမားဆုံး ဂိုဏ်းတွေ ပေါင်းစည်းပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ငါကဒါကို ပံ့ပိုးပေးခဲ့ရုံ သက်သက်ပဲ... တာအိုခုံရုံး ဖျက်သိမ်းသွားပြီးတဲ့နောက် မင်းတို့က မင်းတို့ရဲ့ ဂိုဏ်းတွေကို တည်ထောင်ပြီး ခေတ်သစ်အတွက် အစီအစဉ်သစ် တစ်ခုကို ဖန်တီးရမယ်...ဒါကလည်း အမွေအနှစ် ပုံစံတစ်မျိုးပါပဲ...”

ယွမ်စုန်ကျီ က တည်ကြည်လေးနက်စွာ ပြောလိုက်ပြီး ခေတ္တ ရပ်တန့်ကာ ဆက်ပြောလိုက်၏။ “သေချာတာပေါ့... တာအိုခုံရုံး က လွယ်လွယ်နဲ့ ဖျက်သိမ်းသွားမှာ မဟုတ်ဘူး... အနည်းဆုံးတော့ ဒီထီးနန်းက ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို တခြား ဂိုဏ်းတွေ သိလာအောင် လုပ်ပေးသင့်ပြီး နောင်လာနောက်သားတွေ အတွက် သတိပေးချက် တစ်ခုအဖြစ် ဆောင်ရွက်ပေးရမယ်... ဒါမှ ကောင်းကင် အောက်က သက်ရှိ အားလုံးအတွက် ပိုပြီး အကျိုးရှိစေမှာ...”

All Chapters