အခန်း (၇၃၇-၇၃၈)
Vol. 62 Ch. 737-738
အခန်း (၇၃၇) ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား
ဂူကောင်းကင် အတွင်း၌ ကုအန်နှင့် ရှောင်လန်တို့က တောင်ကမ်းပါးပေါ်တွင် ထိုင်ကာ ရှုခင်းများကို ခံစားရင်း စကားပြောနေကြ၏။
“ခုံရုံးအရှင်သခင် ရဲ့ အမြင်က တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ... တာအိုခုံရုံး ကို ဖျက်သိမ်းဖို့တောင် စဉ်းစားထားပြီးပြီ... ဒါပေမဲ့ တခြား အထက်လူကြီးတွေကတော့ သဘောတူမှာ မဟုတ်ဘူး...”
ရှောင်လန် က ယွမ်စုန်ကျီ ၏ ဆုံးဖြတ်ချက်ကို ပြောပြရာ သူမ၏ မျက်နှာပေါ်တွင် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
တာအိုခုံရုံး ဖျက်သိမ်းသွားမည့်အပေါ် သူမက နောင်တမရချေ။ ယွမ်စုန်ကျီ က အချက်ကျကျ ပြောခဲ့သည်ဟု သူမ ထင်သည်။ အကြောင်းမှာ တာအိုခုံရုံး ၏ ပြဿနာများကို စစ်ပွဲ တစ်ပွဲ၊ နှစ်ပွဲဖြင့် ဖြေရှင်း၍ မရနိုင်တော့သောကြောင့် ဖြစ်၏။
ရှောင်လန် က ကုအန်ကို ကြည့်၍ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “အစ်ကို ကု... အစ်ကို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဒီလောကကြီးကို ကြည့်မယ်ဆိုရင် နောက်ထပ် လောကကို ပေါင်းစည်းနိုင်မယ့် ဂိုဏ်းက ဘယ်သူ ဖြစ်လယမယ်ထင်လဲ”
ကုအန်က အရက်ဘူးကို လှုပ်ခါ၍ ပြုံးကာ ပြောလိုက်၏။ “ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ... ငါ သိခဲ့ရင်တောင် အဲဒါက ကောင်းကင် လျှို့ဝှက်ချက် တစ်ခုပဲလေ...”
ရှောင်လန် က နှုတ်ခမ်းကို စူလိုက်သည်။ ဤနှစ်များတစ်လျှောက် သူတို့ နှစ်ယောက်က မကြာခဏ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပြီး သူမ မည်မျှပင် အစွမ်းထက်လာပါစေ ကုအန်၏ ပြိုင်ဘက် မဖြစ်ခဲ့ချေ။ ကုအန်က ယွမ်စုန်ကျီ ထက် ပိုအစွမ်းထက်သည်ဟု သူမ အမြဲတမ်း ခံစားရ၏။
ကုအန် ရှိနေခြင်းက ဂိုဏ်းကြီးများကြားရှိ အငြင်းပွားမှုများကို သူမအတွက် အတော်လေး ရယ်စရာ ကောင်းနေစေသည်။
အစစ်အမှန် မဟာစွမ်းအားရှင် များက လူသားကမ္ဘာ တွင် ပုန်းအောင်းနေကြပြီး အတက်အကျ လှိုင်းလုံးများကို စောင့်ကြည့်နေကြ၏။ အကယ်၍ ကုအန် ကဲ့သို့သော သူတစ်ယောက်သာ လှုပ်ရှားရန် ဆန္ဒရှိပါက လောက၏ ဖွဲ့စည်းပုံကို သေချာပေါက် မှောက်ခုံလှန်ပစ်နိုင်ပေလိမ့်မည်။
ထိုသို့ တွေးလိုက်သောအခါ ရှောင်လန် က ကုအန်ကို အထင်ကြီး လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ကုအန်က ယွမ်စုန်ကျီ ၏ ဆုံးဖြတ်ချက်ကို စိတ်မဝင်စားချေ။ အကြောင်းမှာ ၎င်းက သူ၏ အမြင်အာရုံထဲတွင် လွန်ခဲ့သော အချိန်အကြာကြီး ကတည်းက ပေါ်လာခဲ့ပြီး ဖြစ်သောကြောင့်ပပင့်။ တာအိုခုံရုံး ဖျက်သိမ်းပြီးနောက် လူသားကမ္ဘာ ၏ အခြေအနေကိုပင် သူ ကြိုတင် မြင်တွေ့နိုင်စွမ်း ရှိ၏။
“မကြာသေးခင်ကရော မူလဘူတ တာအိုဧကရာဇ် နဲ့ ပတ်သက်ပြီး ပိုနက်ရှိုင်းတဲ့ အသိအမြင်တွေ ရလာသေးလား...” ကုအန်က စကားလမ်းကြောင်း လွှဲ၍ မေးလိုက်သည်။
အန်ရှင်း သည် မူလဘူတ တာအိုဧကရာဇ် ဖြစ်လာရန် အလွန် နီးစပ်နေပြီ ဖြစ်၏။ သူမက မဟာတာအို လမ်းစဉ် ၏ အပြင်ဘက်တွင် ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ဖြစ်လာမည် ဖြစ်ပြီး အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် မူလဘူတ သလင်းကျောက် များက မဟာကမ္ဘာ သုံးထောင် သို့ ပြန့်ကျဲသွားကာ မူလဘူတ ဧကရာဇ် လမ်းစဉ် က အဆင့်သစ် တစ်ခုသို့ ဝင်ရောက်သွားတော့မည် ဖြစ်သည်။
ရှောင်လန် ၏ ပါရမီက မဆိုးလှချေ။ ထို့ပြင် မူလဘူတ ပြန်လည်မွေးဖွားခြင်း သံသရာကျင့်စဉ် ၏ စုဆောင်းမှုများနှင့် ပေါင်းစပ်လိုက်သောအခါ ဝင်စားခြင်း လမ်းစဉ် အပေါ် သူမ၏ နားလည်နိုင်စွမ်းက အလွန် မြင့်မားနေ၏။
ရှောင်လန် က ခေါင်းညိတ်၍ ပြောလိုက်သည်။ “ရပါတယ်... ဒါပေမဲ့ မူလဘူတ တာအိုဧကရာဇ် အဖြစ် ရောက်ဖို့ သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း တွေကို ဆက်လုပ်ဖို့ လိုအပ်သေးတယ်လို့ ခံစားရတယ်...”
သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း ကို ပြန်လည် သတိရလိုက်သောအခါ သူမက အံ့အားသင့်သွားမိ၏။
မူလဘူတ တာအိုဧကရာဇ် ၏ ကျင့်ကြံရေး နည်းစနစ်က အမှန်တကယ်ပင် နက်နဲလွန်းလှသည်။ သူမ ကိုယ်တိုင် ဝင်စားခြင်း ကို မဖြတ်သန်းခဲ့ရသော်လည်း ဝင်စားခြင်း မှတ်ဉာဏ်များ ရှိနေပြီး ထိုမှတ်ဉာဏ်များက အတုအယောင်များ မဟုတ်ချေ။
အစစ်အမှန် မူလဘူတ တာအိုဧကရာဇ် က မည်မျှ အစွမ်းထက်မည်ကို ယခုအခါ သူမ အလွန် စပ်စုချင်နေမိသည်။
ကုအန်က မူလဘူတ တာအိုဧကရာဇ် ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူမကို ဤလမ်းစဉ်ပေါ်သို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်၏။ သို့သော်လည်း သူတို့၏ ခွန်အား ကွာဟချက်က အလွန် ကြီးမားလွန်းသဖြင့် ကုအန် မည်မျှ အစွမ်းထက်သည်ကိုတော့ သူမ မခန့်မှန်းနိုင်သေးချေ။
သူမက ကျင့်ကြံခြင်းတွင် ကြုံတွေ့နေရသော အခက်အခဲများကို ကုအန်နှင့် စတင် ဆွေးနွေးတော့၏။
ကုအန်က သူမနှင့်အတူ သုံးရက်ခန့် နေပေးပြီးနောက် ထွက်ခွာသွားသည်။
တာအိုခုံရုံး မှ ထွက်ခွာလာပြီးနောက် သူက အရင်ဆုံး ဆေးအပင်များ လိုက်လံ စုဆောင်းခဲ့၏။
လီရွှမ်မြှောင် ထွက်သွားပြီးနောက် တောင်စောင့်နတ်ဘုရားကျောင်း မှာ စွန့်ပစ်ခံလိုက်ရပြီဟု သတ်မှတ်နိုင်ပြီး ထိုဆေးပင်များကို သက်တမ်းတာအိုနယ်မြေ သို့ ကုအန် ပြောင်းရွှေ့ခဲ့ပြီး ဖြစ်၏။ ဤနေရာကို အထိမ်းအမှတ် အဖြစ် တောင်စောင့်နတ်ဘုရားကျောင်း တွင် အမွေအနှစ် တစ်ခုကို သူ ချန်ထားရစ်ခဲ့သည်။
နယ်မြေအပြင်ဘက်ရှိ ရင့်မှည့်နေသော ဆေးအပင်များကို ခူးဆွတ်ပြီးနောက် ကုအန်က သက်တမ်းတာအိုနယ်မြေ သို့ ပြန်လာခဲ့ပြီး သူ နေထိုင်ရာ တောင်ထိပ်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်၏။
အရာအားလုံးက အပြုသဘောဆောင်သော လမ်းကြောင်းသို့ ဦးတည်နေပြီး နောက်ထပ်တွင် သူ၏ ကိုယ်ပိုင် တိုးတက်မှုကို သူ မျှော်လင့်နေခဲ့သည်။
သူ၏ သက်တမ်း အနှစ် သန်းတစ်ရာသို့ ရောက်ရှိသောအခါ သူက အဆင့်ချိုးဖျက်ရန် ထပ်သွားမည် ဖြစ်၏။
တာအိုအထွတ်အထိပ် တာလော့အမတ အဆင့် အထက်တွင် ဘယ်လို အဆင့်မျိုး ရှိနေမလဲ...
ပိုမြင့်သော အဆင့်၏ အမည်ကို စုံစမ်းရန် သူ၏ သက်တမ်း အချို့ကို အရင်ဆုံး ရင်းနှီးမြှုပ်နှံနိုင်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ချေ။ အမည်များက ဘာအဓိပ္ပာယ်မှ မရှိကြောင်း သူ သိထားပြီး ၎င်း၏ လျှို့ဝှက်ချက်ကို ဆက်လက် ထိန်းသိမ်းထားလိုသဖြင့် သူ့ကို ပို၍ မျှော်လင့်လာစေ၏။
နေက အနောက်ဘက်သို့ ဝင်သွားပြီး ကုအန်၏ ရှည်လျားသော အရိပ်ကို ထင်ဟပ်သွားစေသည်။
…
ခမ်းနားကြီးကျယ်သော ခန်းမကြီး တစ်ခုပေါ်တွင် လုံမိန် ဟုလည်း ခေါ်သော ကောင်းကင် ဖျက်ဆီးခြင်း နတ်နဂါး က အစွမ်းထက်သော ခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်လာ၏။ သူက ရွှေရောင် စစ်ချပ်ဝတ် ကို ဝတ်ဆင်ထားပြီး ရဲရင့်သော အသွင်အပြင် ရှိကာ သူ့ပတ်လည်တွင် နဂါးပုံရိပ်များ ဝဲပျံနေသကဲ့သို့ ရှိသည်။
ဤခန်းမကြီးက ကျယ်ပြန့်ပြီး ကြမ်းပြင်တွင် အမတ မြူခိုးများ ဖုံးလွှမ်းနေကာ ဧရာမ ကျောက်တိုင်ကြီးများ မားမားမတ်မတ် ရပ်တည်နေ၏။ ကျောက်တိုင် တစ်ခုစီတိုင်းတွင် ကွဲပြားသော ရေနဂါးများ ရစ်ခွေနေပြီး အားလုံးက အသက်ရှိ သတ္တဝါများ ဖြစ်ကြကာ အချို့က အိပ်ပျော်နေပြီး အချို့က လုံမိန် ကို ကြည့်နေကြသည်။
သူက ခြေလှမ်း တစ်ရာ ပါရှိပြီး ပေတစ်ရာ မြင့်မားသော အဖြူရောင် ကျောက်စိမ်း လှေကားထစ်များဆီသို့ တောက်လျှောက် လျှောက်သွားလိုက်၏။ ထိပ်တွင် ဧရာမ စိမ်းပြာရောင် ကြာပန်းခုံ တစ်ခု ရှိပြီး ၎င်းအပေါ်တွင် အမတတစ်ပါး ထိုင်နေသည်။
ဤ အမတ က ထိုင်နေသော်လည်း အမြင့် ပေတစ်ထောင်ကျော် ရှိပြီး မည်းမှောင်သော ဝတ်ရုံကြီးကို ဝတ်ဆင်ထားကာ ဆံပင်ဖြူနေသော်လည်း အလွန် နုပျိုသော မျက်နှာနှင့် နီမြန်းသော အသားအရေ ရှိ၏။ သူ၏ ခေါင်းပေါ်တွင် ကျောက်စိမ်း ဆံထိုး တစ်ခု ထိုးထားပြီး အမြီးပိုင်းက မီးတောက်နေသည်။
ဤအမတမှာ ကောင်းကင်နန်းတော် ၏ အဓိပတိအမတ တစ်ပါးဖြစ်ပြီး ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား ဟု ဘွဲ့အမည် ရထား၏။
“ကောင်းကင် ဖျက်ဆီးခြင်း နတ်နဂါး က မူလနတ်ဘုရား ကို အရိုအသေ ပေးပါတယ်...”
လုံမိန် က ဦးညွှတ်၍ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်ပြီး သူ၏ လေသံက ရိုသေလေးစားမှု ပါဝင်နေ၏။
ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား က မျက်လုံးများ ဖွင့်လိုက်ရာ ခန်းမကြီး တစ်ခုလုံး ပိုမို လင်းထိန်သွားသည်။ သူက လုံမိန် ကို ငုံ့ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းရဲ့ အတိတ်ကို ဒီအရှင် သိပြီးသားပါ... မင်းက ကောင်းကင်နန်းတော် အတွက် သိသာထင်ရှားတဲ့ စွမ်းဆောင်မှုတွေ လုပ်ပေးခဲ့တယ်... ဒီအရှင်က မင်းကို ကြယ်တာရာအရှင် အဖြစ် ရာထူးတိုးဖို့ ကူညီပေးမယ်... အဲဒီမတိုင်ခင် ဒီအရှင်ရဲ့ နန်းတော်မှာ ကျင့်ကြံပြီး ထိုက်ချင်း ရွှေအမတ အဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားရမယ်...”
“ကျေးဇူးတင်ပါတယ် မူလနတ်ဘုရား...”
လုံမိန် က ပြန်ဖြေလိုက်ပြီး သူ၏ လေသံက အရမ်း အံ့အားသင့်နေခြင်း သို့မဟုတ် အရမ်း စိတ်လှုပ်ရှားနေခြင်း မရှိချေ။
“ရွှမ်မြှောင်...”
ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား က ပြောလိုက်ပြီး စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုံမိန် နှင့် ပေတစ်ရာ အကွာလောက်တွင် ခန်းမထဲ၌ လေဟာပြင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
လုံမိန် က လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများကို မှေးလိုက်သည်။
တစ်ဖက်လူ၏ ကောင်းကင်တာအို ကံကြမ္မာ ကို သူ ခံစားမိလိုက်၏။ သူ့၏ အမတ ရာထူး အဆင့်က သူထက် မြင့်မားနေသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်က မူလဘူတအနှောင်ဖွဲ့ကင်းအမတ အဆင့်တွင်သာ ရှိနေ၏။
ဒီလို ကျင့်ကြံခြင်း အဆင့်နဲ့များ ကြယ်တာရာအရှင် ဖြစ်လာနိုင်လို့လား...
လုံမိန် က တစ်ဖက်လူကို အထင်မသေးခဲ့ချေ။ ထိုကဲ့သို့သော အောင်မြင်မှုများက အဆက်အသွယ်များမှတစ်ဆင့် မဖြစ်နိုင်ကြောင်း သူ သိထားပြီး တစ်ဖက်လူက အဆင့်မြင့် အမတ လမ်းစဉ်တစ်ခုမှတစ်ဆင့် တက်လှမ်းလာခြင်း ဖြစ်နိုင်ပေသည်။
ထွက်ပေါ်လာသူမှာ အခြားသူ မဟုတ်ဘဲ ကောင်းကင်တာအို အမတကျောက်တုံး ၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သော လီရွှမ်မြှောင် ပင် ဖြစ်သည်။
လီရွှမ်မြှောင် က ရွှေချည်ထိုး အဖြူရောင် ဝတ်ရုံနှင့် ဒေါင်းမြီးပုံ ငွေသရဖူကို ဆောင်းထားပြီး ပန်းချီကား တစ်ချပ်ထဲမှ အမတ တစ်ပါးကဲ့သို့ လောကီ အနှောင်အဖွဲ့များမှ ကင်းလွတ်နေသည့် ဟန်ပန် ရှိ၏။
သူက လုံမိန် ကဲ့သို့ လွှမ်းမိုးနိုင်စွမ်း မရှိသော်လည်း သူ၏ ကိုယ်ပိုင် အမတနတ်ဘုရား အရည်အသွေးများက ထင်ရှားနေလေသည်။
လီရွှမ်မြှောင် က ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား ကို အရိုအသေ ပေးကာ ပြောလိုက်၏။ “ဆရာ...”
“သူက ဖုန်မှုန့် မဟာကမ္ဘာ ကနေ လာတဲ့ ဒီအရှင်ရဲ့ တပည့်သစ်ပဲ... ကောင်းကင်တာအို အမတကျောက်တုံး ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး ချန်ထျန်း ရဲ့ ဆုချီးမြှင့်မှုကို ခံရကာ ကြယ်တာရာအရှင် တွေထဲမှာ နေရာတစ်နေရာ ရခဲ့တယ်... သူ့ရဲ့ ကျင့်ကြံခြင်းက နိမ့်လွန်းနေတယ်... အဆင့် မတိုးတက်လာခင်အထိ ဘယ်အမတ ရာထူးကိုမှ သူ့ကို ယူခွင့်ပြုမှာ မဟုတ်ဘူး... လုံမိန်... အခုကစပြီး သူ့ကို လမ်းညွှန်ပေးဖို့ မင်းမှာ တာဝန်ရှိတယ်... ဒါက ဒီအရှင် မင်းကို ပေးတဲ့ ပထမဆုံး တာဝန်ပဲ... တကယ်လို့အောက်ကမ္ဘာ ကို ဆင်းချင်ရင် မင်းဘာသာမင်း ဆင်းလို့ ရတယ်... ဒါပေမဲ့ တစ်ကြိမ်ကို အမတ နှစ်တစ်ရာထက် မကျော်လွန်စေရဘူး...”
ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား ၏ အသံက ပဲ့တင်ထပ်သွား၏။ ထိုစကားကို ကြားသောအခါ လုံမိန် က ငြင်းဆန်ခြင်း သို့မဟုတ် နောက်ထပ် မေးခွန်းများ မမေးဘဲ အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
မကြာမီမှာပင် ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား က သူ၏ မျက်လုံးများကို မှိတ်လိုက်၏။
လီရွှမ်မြှောင် က လုံမိန် ထံသို့ လက်မြှောက်ပြကာ ခန်းမထဲမှ အတူတကွ ထွက်ခွာရန် အချက်ပြလိုက်ရာ လုံမိန် က ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက် အတူတကွ လှည့်၍ ထွက်သွားကြသည်။
ရွှေရောင် ခန်းမကြီးထဲမှ ထွက်လာပြီးနောက် သူတို့က တိမ်တိုက်တစ်ခုပေါ်သို့ ရောက်ရှိသွားပြီး မရေမတွက်နိုင်သော နန်းတော်များမှ ရွှေရောင် အလင်းတန်း သောင်းနှင့်ချီ၍ ထုတ်လွှတ်နေကာ ဧရာမ သက်တံကြီး တစ်ခု ကောင်းကင်ယံတွင် တွဲလောင်းကျနေသည်ကို ကြည့်လိုက်ကြ၏။
“ဆရာက မင်း ရောက်လာမယ် ဆိုတာကို ငါ့ကို အရင်ကတည်းက ပြောထားပြီးသားပါ...မင်းအတွက် နန်းတော်တစ်ခုကို ကြိုပြင်ဆင်ပေးထားဖို့ ခိုင်းထားတယ်... ငါ့နောက်က လိုက်ခဲ့ပါ...” လီရွှမ်မြှောင် က လုံမိန် ကို ကြည့်၍ ပြောလိုက်သည်။
အမတအဖြစ် တက်လှမ်းလာကတည်းက သူက အမတနတ်ဘုရား များစွာနှင့် ဆုံတွေ့ခဲ့ပြီး အမတနတ်ဘုရားများ အကြား အဆင့်အတန်း ကွာဟချက်ကို လက်ခံထားပြီး ဖြစ်၏။
ကြယ်တာရာအရှင် တစ်ပါးအနေဖြင့် သူက ကောင်းကင်နတ်ဘုရား များကို အမိန့်ပေးနိုင်ပြီး လုံမိန် ၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် မြင့်မားနေလျှင်တောင် သူက ယဉ်ကျေးနေရန် မလိုအပ်သကဲ့သို့ ဦးညွှတ်ရန်လည်း မလိုအပ်ချေ။
“ကျေးဇူးတင်ပါတယ် ကြယ်တာရာအရှင်...”
လုံမိန် က လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် မရှိချေ။
လီရွှမ်မြှောင် က စတင် လမ်းပြသွားပြီး သူ လမ်းလျှောက်နေစဉ် လှည့်၍ မေးလိုက်၏။
“လုံမိန်... မင်းက ကမ္ဘာတွေကို ဖျက်ဆီးတယ်လို့ ကြားတယ်... ကောင်းကင်နတ်ဘုရားတွေရဲ့ တာဝန်တွေ အကြောင်း ငါ့ကို ပြောပြလို့ ရမလား... ငါက ဒီကို အသစ်ရောက်လာတာ ဆိုတော့ ကောင်းကင်နန်းတော် အကြောင်း ပိုပြီး နားလည်ချင်လို့ပါ”
အခန်း (၇၃၈) ကောင်းကင်အောက်က ကမ္ဘာ
လီရွှမ်မြှောင် ၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ လုံမိန် က မငြင်းဆန်ဘဲ ကောင်းကင်နတ်ဘုရားများ အကြောင်း စတင် ပြောပြတော့၏။
ကောင်းကင်နတ်ဘုရားများက ကောင်းကင်နန်းတော် ၏ အမတ ရာထူးများတွင် အနိမ့်ဆုံး အဆင့် ဖြစ်သော်လည်း အမျိုးအစားပေါင်း သောင်းနှင့်ချီ၍ ရှိသည်။ အများဆုံးမှာ ကမ္ဘာများကို စောင့်ကြပ်နေသော ကောင်းကင်နတ်ဘုရားများ ဖြစ်ပြီး မဟာကမ္ဘာ သုံးထောင် နှင့် စကြဝဠာ ဟင်းလင်းပြင် များစွာ ပါဝင်၏။
စောင့်ကြပ်ခြင်း ရှိသကဲ့သို့ ဖျက်ဆီးခြင်း လည်း ရှိပေသည်။ လုံမိန် သည် ဖျက်ဆီးခြင်း အုပ်စုတွင် ပါဝင်ပြီး အပြစ်ပေးခြင်း အာဏာကို ကိုင်စွဲထားသူ ဖြစ်သည်။
ကောင်းကင်နတ်ဘုရားများ အထက်တွင် ကြယ်တာရာအရှင် များ ရှိပြီး ၎င်းတို့ အထက်တွင် မူလနတ်ဘုရား နှင့် အမတအရှင်မြတ် တို့ ရှိကြ၏။ လုံမိန် ပါဝင်သော အုပ်စု၏ အထွတ်အထိပ်မှာ မူလနတ်ဘုရား ရာထူး ရှိသည့် ဖျက်ဆီးခြင်း နတ်ဘုရား ပင် ဖြစ်သည်။
ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား ၏ လက်အောက်သို့ ဝင်ရောက်ပြီးနောက် လုံမိန် က ဖျက်ဆီးခြင်း နတ်ဘုရား ၏ အုပ်စုမှ အခြေခံအားဖြင့် ထွက်ခွာလာခဲ့ပြီး အခြား လမ်းကြောင်းတစ်ခုပေါ်သို့ လျှောက်လှမ်းနေပြီ ဖြစ်၏။
ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား သည် သာမန် မဟုတ်ကြောင်း လီရွှမ်မြှောင် က သိထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ထိုကဲ့သို့ မြင့်မားသော ရာထူးတစ်ခုကို ရရှိထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
လုံမိန် ၏ အဆိုအရ ကောင်းကင်နတ်ဘုရား ကိုးဆယ် ရာခိုင်နှုန်းက သူတို့၏ တစ်သက်တာတွင် အဓိပတိအမတ ကို ဘယ်တော့မှ မြင်တွေ့ရမည် မဟုတ်ပေ။
လုံမိန် သည်လည်း လီရွှမ်မြှောင် အကြောင်းကို အလွန် စပ်စုချင်နေပြီး ကောင်းကင်နန်းတော် ၏ အမတ ရာထူးများ အကြောင်းကို ရှင်းပြပြီးနောက် လီရွှမ်မြှောင် ၏ အမတအဖြစ် တက်လှမ်းခဲ့သော အတွေ့အကြုံကို မေးမြန်းလိုက်၏။
လီရွှမ်မြှောင် က သူ့အပေါ် သဘောကျသွားပြီး ဘာမှ ဖုံးကွယ်မထားခဲ့ချေ။
လီရွှမ်မြှောင် သည် လွတ်ငြိမ်းရာအမတအဆင့် ဖြင့် ကောင်းကင်တာအို အမတကျောက်တုံး ၏ စမ်းသပ်မှုကို အောင်မြင်ခဲ့ကြောင်း ကြားရသောအခါ လုံမိန် မှာ အတော်လေး အထင်ကြီးသွားခဲ့သည်။
ဒီလူရဲ့ ပါရမီနဲ့ဆို အနာဂတ်မှာ အဓိပတိအမတ ရာထူးကို သေချာပေါက် ရရှိနိုင်လိမ့်မယ်...
သူတို့ နှစ်ယောက် က ပို၍ပို၍ ပျော်ရွှင်စွာ စကားပြောလာကြပြီး သူတို့၏ ဆက်ဆံရေးကလည်း ပိုမို နီးကပ်လာတော့သည်။
…
လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ နှင့် တာအိုခုံရုံး ကြားရှိ ပဋိပက္ခများက တိုးပွားလာခဲ့၏။ ဂိုဏ်းကြီး တစ်ရာစီက ဒေသတွင်း အရှင်သခင်များ ဖြစ်ကြ၏။ သူတို့က တာအိုခုံရုံး ကို ဖိနှိပ်ရန် ပူးပေါင်းခဲ့ကြသဖြင့် လောက၏ အမြင်တွင် ၎င်း၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေပြီး အားနည်းသော ဂိုဏ်းများပင်လျှင် တာအိုခုံရုံး အပေါ် မလေးမစား ပြုမူလာကြသည်။
နောက်ဆုံးတွင် လူသားကမ္ဘာ၌ မကြုံစဖူးသော စစ်ပွဲကြီး တစ်ပွဲ ပေါက်ကွဲထွက်လာတော့သည်။
ဆယ်နှစ် အတွင်းမှာပင် လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ က တာအိုခုံရုံး အပေါ် တိုက်ခိုက်မှု စတင်ခဲ့ပြီး နောက်ပိုင်း နှစ်များတွင် ပိုမိုများပြားသော ဂိုဏ်းများက ဆက်လက် ပူးပေါင်းလာခဲ့ကြသည်။
ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကဲ့သို့ တာအိုခုံရုံး သည် ပြိုလဲလုမတတ် ဖြစ်နေပြီး လူတိုင်းက ၎င်း၏ အသားကို ဖဲ့လိုချင်နေကြသည်။
ချမ့်ခွန်းဂိုဏ်း လည်း ပါဝင်ပင်။ နောက်ဆုံးတွင် သူတို့က ယွမ်လော့ ကို ခွင့်လွှတ်ပေးခဲ့ပြီး နှစ်ပေါင်း တစ်သောင်းကြာ အကျဉ်းချထားရုံသာ ပြုလုပ်ကာ တာအိုခုံရုံး ကို ဆန့်ကျင်သည့် စစ်ပွဲထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ချမ့်ခွန်းဂိုဏ်း နှင့် တာအိုခုံရုံး ကြားရှိ ရန်ငြိုးက နက်ရှိုင်းပြီး ယွမ်လော့ နှင့် ကျောက်ရူရှန်တို့က အဓိက လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်၏။ နှစ်ဖက်စလုံးက ဆက်တိုက် ပွတ်တိုက်မှုများ ရှိနေခဲ့ပြီး နှစ်သိန်းပေါင်းများစွာ ကြာအောင် အမုန်းတရားများကို စုဆောင်းထားခဲ့ကာ ပေါက်ကွဲထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ တာအိုခုံရုံး သည် နှစ်သန်းပေါင်းများစွာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးခဲ့သော ဧရာမ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်၏။ ၎င်း၏ အနက်ရှိုင်းဆုံး အင်အားများကို လောကကြီးက မှန်းဆ၍ မရနိုင်ဘဲ ကမ္ဘာတစ်ဝန်းမှ တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့က ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနိုင်သေးသည်။
နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက် လူသားကမ္ဘာရှိ စစ်ပွဲက မပြီးဆုံးသေးဘဲ ကောင်းကင်နှင့် မြေကြီး ကြားတွင် ထူးချွန်သော ပါရမီရှင် အသစ်များ ဆက်တိုက် ထွက်ပေါ်လာကာ မိမိကိုယ်ကိုယ် သက်သေပြရန် ရှေးဟောင်း စစ်မြေပြင်များသို့ သွားရောက်ရသည်။
သက်တမ်းတာအိုနယ်မြေ အတွင်း၌ ကုအန်က တတိယမျိုးဆက် တပည့်များ အပါအဝင် တပည့်များကို ဟောပြောပို့ချနေ၏။ မကြာသေးမီ နှစ်များအတွင်း အဖွဲ့ဝင်သစ် သုံးယောက် ထပ်တိုးလာခဲ့သည်။ ကျန်းရှီ ၏ ဒုတိယ တပည့် မိုရွှန်သဲ၊ ထျန်းဟုန် ဧကရာဇ် ၏ တပည့် လီချင်း နှင့် ထျန်းပိုင် ၏ တပည့် ချန်ကျဲ တို့ ဖြစ်ကြသည်။
ဤသုံးယောက်ထဲတွင် တစ်ယောက်သာ ချမ့်ခွန်းဂိုဏ်း မှ လာခြင်းဖြစ်ပြီး ကျန်နှစ်ယောက်မှာ ဝိညာဉ်ကိုးပါး တိုက်ကြီး မှ သာမန် လူများ ဖြစ်ကြ၏။
ကုအန်က မူလဘူတ တာအိုဧကရာဇ် အပေါ် သူ၏ အသိအမြင်များကို မျှဝေနေပြီး တတိယမျိုးဆက် တပည့်များပင်လျှင် နားထောင်၍ များစွာ အကျိုးရှိနိုင်ပေသည်။
သူက ဝူရှီ ကို မူလဘူတ ဧကရာဇ် လမ်းစဉ် ပေါ်တွင် အစွမ်းထက်သော အင်အားစု တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထား၏။
တစ်နေ့တွင် မူလဘူတ တာအိုဧကရာဇ် က တာအိုဧကရာဇ် ကို သေချာပေါက် ကျော်လွန်သွားမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဂိုဏ်းများစွာ ပူးပေါင်းလာကြမည် ဖြစ်သော်လည်း မူလဘူတ တာအိုဧကရာဇ် နှင့် ဝူရှီ ကြားရှိ ဆက်သွယ်မှုကို မည်သူမျှ တွေးမိကြမည် မဟုတ်ချေ။
သူ၏ ဟောပြောပို့ချမှု ပြီးဆုံးပြီးနောက် ကုအန်က တပည့်များကို တစ်ယောက်ပြီးတစ်ယောက် မေးခွန်းများ မေးရန် ဖိတ်ခေါ်လိုက်ရာ အတက်ကြွဆုံး သူများမှာ တတိယမျိုးဆက် တပည့်များ ဖြစ်ပြီး အသိပညာကို စိတ်အားထက်သန်စွာ ရှာဖွေနေကြ၏။
ဤတစ်ကြိမ်တွင် ကုအန်က သူတို့အပေါ် အလွန် စိတ်ရှည်သည်းခံခဲ့သည်။ ပုံမှန်အားဖြင့် သူ၏ မြေးတပည့်များကို သူ စိတ်မဝင်စားသော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာပါက သူက မျှတပေသည်။ တပည့်တစ်ယောက်စီ၏ မေးခွန်းတိုင်းကို သူက ဂရုတစိုက် ဖြေကြားပေးပြီး သူတို့၏ ကျင့်ကြံခြင်းအတွက် သင့်လျော်သော လမ်းကြောင်းကို ပံ့ပိုးပေးခဲ့၏။
“ဘိုးဘေး... မူလဘူတ တာအိုဧကရာဇ် က ရန်သူတွေကို သတ်ဖြတ်တဲ့ လမ်းစဉ် မဟုတ်ဘဲ သဘာဝတရားဆီကနေ အသိအမြင်ကို ရှာဖွေတာလေ... လူသားကမ္ဘာက ဒီကပ်ဘေး အပေါ် ဘိုးဘေးရဲ့ အမြင်က ဘယ်လို ရှိလဲ...”
မိုရွှန်သဲ က ရုတ်တရက် မေးလိုက်ပြီး သူ၏ အကြည့်များက ကုအန်ထံတွင် စူးစိုက်နေ၏။
သူက အသက် နှစ်ဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး အသားအရေ သိပ်မဖြူလှချေ။ နှစ်ပေါင်းများစွာ မျက်မှောင်ကြုတ်ထားခဲ့ရသဖြင့် သူ၏ မျက်ခုံးများတွင် ခါးသီးမှု အမှတ်အသားများ ရှိနေသည်။
သူက ချမ့်ခွန်းဂိုဏ်း မှ လာခြင်းဖြစ်ပြီး မိဘများမှာ တာအိုခုံရုံး နှင့် ဖြစ်ပွားသော စစ်ပွဲတွင် သေဆုံးသွားခဲ့ကာ ကလဲ့စားချေလိုစိတ်ကို ရေရှည် မွေးမြူထားခဲ့သူ ဖြစ်၏။
သူ၏ မေးခွန်းကို ကြားသောအခါ ကျန်းရှီ က သက်ပြင်းချလိုက်သော်လည်း သူ့ကို မတားဆီးခဲ့ချေ။ ကုအန်က မိုရွှန်သဲ ကို အလင်းပွင့်သွားအောင် လုပ်ပေးနိုင်မည်ဟုသာ သူ မျှော်လင့်နေခဲ့သည်။
ကုအန်က မိုရွှန်သဲ ကို ကြည့်၍ ပြောလိုက်၏။ “ရှေးခေတ်ကတည်းက သဘာဝ ဘေးအန္တရာယ်တွေနဲ့ လူတွေ ဖန်တီးတဲ့ ဘေးအန္တရာယ်တွေ ရှိခဲ့ပြီး တစ်ခုစီမှာ သူ့ကိုယ်ပိုင် အကြောင်းအကျိုးတွေ ရှိကြတယ်... ငါက ပဋိပက္ခတွေကို မကြိုက်ပေမဲ့ အဲဒါကို ရွံမုန်းတာမျိုးတော့ မဟုတ်ဘူး... မင်း မြင်တွေ့နေရတဲ့ အရာအားလုံးက တာအို စည်းမျဉ်းတွေရဲ့ ရလဒ်တွေပဲ... လူသားကမ္ဘာက ကပ်ဘေးက ရည်မှန်းချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပြီး သတ္တဝါ အများစုက သူတို့ ဆန္ဒမပါဘဲ ရေစီးကြောင်းအတိုင်း မျောပါသွားကြရတယ်... မင်းက ကလဲ့စားချေချင်တယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ မင်း အောင်မြင်မယ့် အချိန် မရောက်ခင်မှာ မင်းရဲ့ ရန်သူတွေက မင်းမိဘတွေလိုပဲ စစ်ပွဲမှာ သေသွားနိုင်တယ်လေ... မင်းမှာ အမုန်းတရားတွေ ရှိနိုင်ပေမဲ့ ဘယ်သူ့ကို မုန်းသင့်တယ် ဆိုတာနဲ့ ပြီးရင် ဘာလုပ်မလဲ ဆိုတာကို မင်း စဉ်းစားသင့်တယ်... ဒါတွေက မင်း တွေးတောရမယ့် အရာတွေပဲ...”
မိုရွှန်သဲ က စကားပြောရန် ချီတုံချတုံ ဖြစ်သွား၏။
ကုအန်က ဆက်ပြောလိုက်သည်။ “မူလဘူတ တာအိုဧကရာဇ် က ကောင်းကင်ဘုံ အားလုံးရဲ့ ဝင်စားခြင်း ကနေတစ်ဆင့် ပုံရိပ်ထင်ဟပ် လိမ့်မယ်... လူတိုင်း အဲဒီအဆင့်ကို ရောက်သွားတဲ့ အခါ မင်း ခံစားနေရတဲ့ နာကျင်မှုတွေကို သူတို့ ဖြတ်သန်းရလိမ့်မယ်... မင်း အဲဒီအဆင့်ကို ရောက်သွားတဲ့ အခါ ကလဲ့စားချေဖို့ ကိစ္စကို လာမေးချင်ရင် မေးလို့ ရတယ်...”
လွတ်ငြိမ်းရာအမတအဆင့် သို့ မရောက်မချင်း ဝိညာဉ်ကိုးပါး တိုက်ကြီး မှ ထွက်ခွာခွင့် မရှိချေ။ ဤသည်က တတိယမျိုးဆက် တပည့်များအတွက် ကုအန် ချမှတ်ထားသော စည်းမျဉ်း တစ်ခု ဖြစ်ပြီး မည်သူမျှ ၎င်းကို ကျော်လွန်၍ မရနိုင်ပေ။
တပည့်တိုင်းကို ဝူရှီ သို့ မဝင်ရောက်မီ ဤအချက်ကို အသိပေးထားခဲ့သော်လည်း ထိုအချိန်က သူတို့ အားလုံးက နယ်ပယ်၏ ကျယ်ပြောလှမှုတွင် နစ်မြောနေကြပြီး လွတ်ငြိမ်းရာအမတအဆင့် သို့ ရောက်ရှိရန် နှစ်များစွာ ကြာမြင့်မည် ဆိုတာကို သဘောမပေါက်ခဲ့ကြချေ။
ထိုစကားကို ကြားသောအခါ မိုရွှန်သဲ က ချက်ချင်းပင် ကုအန်ကို ကျေးဇူးတင်စကား ဆိုလိုက်၏။
သူ၏ ရင်ထဲတွင် အမုန်းတရားများ ရှိနေသော်လည်း ၎င်းက မည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ဦးတည်နေခြင်း မဟုတ်ချေ။ လောကကြီး၏ ပဋိပက္ခများကို သူ ရွံမုန်းပြီး ကုအန်၏ နောက်သို့ လိုက်၍ ကျင့်ကြံခြင်းက သူ ရှာဖွေနေသော အဖြေများဆီသို့ ဦးတည်သွားစေလိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။
“ဘိုးဘေး... ကျွန်မ အလှည့် ရောက်ပြီ... တကယ်လို့ မူလဘူတ တာအိုဧကရာဇ် က ကောင်းကင်ဘုံ တွေထဲ ပုံရိပ်ထင်ဟပ် မယ်ဆိုရင် ကျွန်မရဲ့ အသိစိတ်ကို ထည့်သွင်းလို့ ရမလား... ဥပမာ... ကျွန်မရဲ့ စာအုပ်တွေကို ဖြန့်ဝေဖို့ပေါ့...”
ရှန်ကွမ်ရှန်းအာ က လက်မြှောက်၍ မေးလိုက်၏။ မေးပြီးနောက် သူမက ကုအန်ကို မျှော်လင့်တကြီး ကြည့်နေသည်။
အခြား တပည့်များက ၎င်းကို သိပ်စဉ်းစားမနေကြချေ။ ရှန်ကွမ်ရှန်းအာ က စာရေးရသည်ကို ဝါသနာပါကြောင်း သူတို့ သိကြသော်လည်း သူမ၏ ရေးသားမှု နယ်ပယ် မည်မျှ ကျယ်ပြန့်သည်ကိုတော့ မသိကြပေ။
ကုအန်က အမူအရာ မပြောင်းလဲဘဲ ပြန်ဖြေလိုက်၏။ “ဒါက အကြံကောင်း တစ်ခုပဲ... တကယ်လို့ မင်း လုပ်နိုင်ရင် မင်းရဲ့ ကိုယ်ပိုင် လမ်းစဉ် တစ်ခုကို ဖောက်နိုင်လိမ့်မယ်... မင်းရဲ့ အသိစိတ်ကို ထည့်သွင်းဖို့အတွက် အကြောင်းအကျိုး၊ နမ်ဝိဉာဥ်နဲ့ ဝင်စားခြင်း ရဲ့ မဟာတာအိုကို မင်း ဘက်စုံ လေ့လာဖို့ လိုတယ်... မဟာတာအို တစ်ခုတည်းကို နားလည်သဘောပေါက်ရုံနဲ့ မလုံလောက်ဘူး...”
အချိန်များ ဆက်လက် ကုန်လွန်သွား၏။
နောက်နေ့ နံနက်ခင်းသို့ ရောက်မှသာ မေးခွန်းနှင့် အဖြေ ကဏ္ဍ ပြီးဆုံးသွားတော့သည်။ ကုအန်က မတ်တတ်ထရပ်လိုက်ပြီး လမ်းလျှောက် ထွက်ရန် ပြင်လိုက်၏။
ဘုန်း...
အဝေးမှ ကြီးမားသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး မြေကြီးကို တုန်လှုပ်သွားစေသည်။ ဟောပြောပို့ချမှုမှ သူတို့၏ အသိအမြင်များကို ဆွေးနွေးနေကြသော တပည့်များ အားလုံး မတ်တတ်ထရပ်လိုက်ကြပြီး အသံထွက်ပေါ်လာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြ၏။
ကုအန်က ဂရုမစိုက်ဘဲ တစ်ယောက်တည်း ထွက်သွားတော့သည်။
တတိယမျိုးဆက် တပည့်များက ဆူညံသံ ဘယ်ကလာသလဲ ဆိုသည်ကို မေးမြန်းရန် သူတို့၏ သက်ဆိုင်ရာ ဆရာများ အနားသို့ စုရုံးရောက်ရှိလာကြ၏။
“စစ်ပွဲက ဝိညာဉ်ကိုးပါး တိုက်ကြီး ဆီ ရောက်လာတော့မယ် ထင်တယ်...”
အန်ရှင်း က မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤစကားများက တတိယမျိုးဆက် တပည့်များ၏ မျက်နှာ အမူအရာများကို ပြောင်းလဲသွားစေ၏။ ချမ့်ခွန်းဂိုဏ်း က တိုက်ခိုက်ခံရတော့မည်လား။
ခြံဝင်းထဲမှ ထွက်လာပြီးနောက် ကုအန်က ခြေတစ်လှမ်းတည်းဖြင့် ကမ္ဘာ့ဂိတ်တံခါး ရှေ့သို့ ရောက်ရှိသွား၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ထိုနေရာတွင် စောင့်ဆိုင်းနေပြီး ဖြစ်သည်။ ကုအန် ထွက်ပေါ်လာသည်ကို မြင်သောအခါ သူက ချက်ချင်း မတ်တတ်ထရပ်၍ အရိုအသေ ပေးလိုက်၏။
ကုအန်က သူ၏ ဘေးတွင် ထိုင်ချလိုက်ပြီး မေးလိုက်သည်။ “ကောင်းကင် အောက်က ကမ္ဘာ ကို သွားပြီးတဲ့နောက် မင်း ဘာတွေ တွေ့ခဲ့လဲ...”
ကောင်းကင်နတ်ဘုရားများက ကောင်းကင်တက်လှမ်းခြင်း လှေကားထစ်များ ပေါ်သို့ ခြေချခွင့် မရှိသော်လည်း ကောင်းကင်နန်းတော် ၏ အောက်တွင် ကမ္ဘာ တစ်ခု ရှိ၏။ ၎င်းက အမတနတ်ဘုရားများ၏ အောက်ကမ္ဘာ အတွက် အကူးအပြောင်း နေရာတစ်ခု အဖြစ် ဆောင်ရွက်ပေးပြီး အမတများစွာက သတင်းအချက်အလက်များ ဖလှယ်ခြင်း သို့မဟုတ် အရောင်းအဝယ်များ ပြုလုပ်ကြသည့် နေရာ ဖြစ်လေသည်။