အခန်း (၇၃၉-၇၄၀)
Vol. 62 Ch. 739-740
အခန်း (၇၃၉) ကောင်းကင်သားတော် ဆင်းသက်လာခြင်း၊ အရှင်မြတ် တာအိုဟောကြားခြင်း
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက အောက်ကမ္ဘာတွင် သူစုဆောင်းရရှိခဲ့သော သတင်းအချက်အလက်များကို ကုအန်အား စတင် ပြောပြတော့၏။ သူက ယန်ကျန်းနှင့် ပတ်သက်သည့် သတင်းများကို မရှာဖွေနိုင်ခဲ့သော်လည်း ကောင်းကင်သားတော် နေရာအတွက် အာဏာလုပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုတော့ ရှာဖွေတွေ့ရှိခဲ့သည်။
“ကောင်းကင်သားတော် တစ်ပါးက အမတနတ်ဘုရားတွေကို စုဆောင်းနေပြီး မဟာကမ္ဘာ သုံးထောင်ထဲမှာ တစ်ခုခုကို လိုက်ရှာနေပုံရတယ်လို့ ပြောကြတယ်... တခြားကောင်းကင်သားတော် နှစ်ပါးက မဟာကမ္ဘာထဲမှာ ကစားပွဲ တစ်ခု စတင်ဖို့ ပြင်ဆင်နေကြတယ်လို့ ငါ ကြားတယ်... ဒီကိစ္စကို အရှင်မြတ် က ခွင့်ပြုထားပြီးသားတဲ့...တကယ်လို့ ဒါသာ အမှန်ဆိုရင် မဟာကမ္ဘာ သုံးထောင်အတွက် မကြုံစဖူးတဲ့ ကပ်ဘေးကြီး တစ်ခု ဖြစ်လာလိမ့်မယ်...”
“အမတနတ်ဘုရားတွေက မဟာကမ္ဘာထဲမှာ တိုက်ခိုက်ကြတဲ့အခါ သေချာပေါက် ပျက်စီးခြင်းတွေကို ယူဆောင်လာလိမ့်မယ်... ချန်ထျန်း က မဟာကမ္ဘာကို ပြန်လည် ပြုပြင်ပေးနိုင်တယ် ဆိုရင်တောင်မှ ကျင့်ကြံသူ ကိုးဆယ် ရာခိုင်နှုန်းက သေဆုံးသွားရလိမ့်မယ်...”
ဤနေရာသို့ ရောက်သောအခါ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက မျက်မှောင်ကြုတ်လျက် ကုအန်ကို ကြည့်လိုက်၏။
ကုအန်က မေးလိုက်သည်။ “ဘာလို့လဲ...”
“ဘာလို့လဲဆိုတော့ အမတနတ်ဘုရားတွေက သူတို့အတွက် တိုက်ခိုက်ပေးဖို့ ကျင့်ကြံသူတွေကို စုဆောင်းကြလိမ့်မယ်လေ... ကောင်းကင်သားတော် အတွက် အာဏာလုပွဲ ဆိုတာ ဘယ်သူနိုင်နိုင် ရှုံးရှုံး ဂုဏ်သိက္ခာ ကိစ္စ သက်သက်ပဲ... ကောင်းကင်နန်းတော် က သိသွားရင်တောင် အပြစ်ပေးမှုက အရေးပါမှာ မဟုတ်ဘူး... ဒါပေမဲ့ ကောင်းကင်သားတော် လက်အောက်က အမတနတ်ဘုရားတွေက သူတို့ ခိုင်းစေတဲ့အတိုင်း လုပ်ဖို့ ကျင့်ကြံသူတွေကို စုဆောင်းကြလိမ့်မယ်... ကောင်းကင်နန်းတော် ရဲ့ အာဏာလုပွဲတွေထဲကို အဆင်အခြင်မဲ့ ဝင်ပါတဲ့ ကျင့်ကြံသူတွေကတော့ ချန်ထျန်း ရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်...”
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သက်ပြင်းချလိုက်ပြီး ကုအန်ကလည်း တိတ်ဆိတ်နေလိုက်၏။
ဤကိစ္စက အမှန်တကယ်ပင် ဖြေရှင်း၍ မရနိုင်ချေ။ မဟာကမ္ဘာ သုံးထောင်ရှိ ကျင့်ကြံခြင်းအင်အားစုများကို ဤအချက်အကြောင်း အသိပေးလိုက်လျှင်ပင် ကျင့်ကြံသူများက အမတအဖြစ် တက်လှမ်းနိုင်မည့် မျှော်လင့်ချက်အတွက် တိုက်ခိုက်ကြမည်သာ ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်ဆိုသည်မှာ အခြားသူများနှင့် ယှဉ်ပြိုင်ခြင်း၊ ကောင်းကင်၊ မြေကြီးတို့နှင့် ယှဉ်ပြိုင်ခြင်းပင် ဖြစ်၏။
ကုအန်က ထိုကဲ့သို့သော အနာဂတ်ကို မမြင်နိုင်သေးသော်လည်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ စကားများမှတစ်ဆင့် ထိုနှစ်များက မည်မျှ မှောင်မိုက်နေမည်ကို သူ ကြိုတင် မြင်ယောင်နိုင်ပြီ ဖြစ်သည်။
“ကောင်းကင်သားတော် အာဏာလုပွဲက မဟာကမ္ဘာ သုံးထောင်ကို လွှမ်းမိုးသွားဖို့ အချိန် ဘယ်လောက် ကြာမယ်လို့ မင်း ခန့်မှန်းလဲ...” ကုအန်က မေးလိုက်၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ပြန်ဖြေလိုက်သည်။ “ကောင်းကင်နန်းတော် မှာ အမတနှစ် အယူအဆ ရှိတယ်... ကောင်းကင်ဘုံက တစ်ရက်ဟာ လူသားကမ္ဘာ က တစ်နှစ်နဲ့ ညီတယ်... လူသားကမ္ဘာရဲ့ အချိန်နဲ့ တွက်မယ်ဆိုရင် မြန်ရင် နှစ်ဆယ်သန်း၊ နှေးရင် နှစ်သန်းရာချီ ကြာနိုင်တယ်...”
ဤသည်က အမတများနှင့် သာမန်လူသားများ အကြား ကွာခြားချက်ပင် ဖြစ်၏။ အမတနတ်ဘုရားများ အတွက် နှစ်သန်းဆယ်ဆိုသည်မှာ လျင်မြန်စွာ ကုန်လွန်သွားသော်လည်း လူသားကမ္ဘာ အတွက်မူ နှစ်ဆယ်သန်းသည် သမိုင်းကြောင်းကို ပြောင်းလဲရန် လုံလောက်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ကုအန်အတွက် အချိန်သည်လည်း ထိုမျှ လျင်မြန်ခြင်း မရှိချေ။ နှစ်ဆယ်သန်း ဆိုသည်မှာ သူ၏ စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိရန် လုံလောက်၏။
သေချာသည်က ဤကပ်ဘေးကြီး ယခု ပေါက်ကွဲထွက်လာမည် ဆိုလျှင်တောင် သူ ကြောက်ရွံ့မည် မဟုတ်ပေ။
သူက တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်တွင် ရှိနေသည်။ ကောင်းကင်နန်းတော် အတွင်း၌ သူက အစွမ်းအထက်ဆုံး မဟုတ်လျှင်တောင် လွယ်ကူသော ပစ်မှတ် တစ်ခုတော့ ဖြစ်မည် မဟုတ်ချေ။
“ကောင်းကင်သားတော် နှစ်ပါးရဲ့ စွမ်းအားကကော ဘယ်လိုရှိလဲ... သူတို့ ကိုယ်တိုင် ဝင်ပါကြမှာလား...” ကုအန်က မေးလိုက်၏။
“အဲဒါက ငါ စုံစမ်းနိုင်တဲ့ အရာတွေမဟုတ်ဘူး... ဒါပေမဲ့ သူတို့က သေချာပေါက် လှုပ်ရှားကြမှာပဲ... ဒီလို အာဏာလုပွဲတွေက အရင်ကလည်း များကြီး ဖြစ်ခဲ့ဖူးတယ်... ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့အတွက် အစွမ်းထက်ဖို့ လိုအပ်တဲ့အပြင် သူတို့ ထိန်းချုပ်ထားတဲ့ အင်အားအပေါ်ကိုလည်း အားကိုးရတယ်... ဒါကြောင့် သူတို့က ကစားသမားတွေ အနေနဲ့ အရင် လှုပ်ရှားကြလိမ့်မယ်... တကယ်လို့အရာအားလုံး ဆုံးရှုံးရမယ့် အခြေအနေ ရောက်လာရင် သူတို့ ကိုယ်တိုင် သေချာပေါက် ဝင်ပါလိမ့်မယ်... ကောင်းကင်နန်းတော် လည်း အတူတူပဲ... ကောင်းကင်ဧကရာဇ် က အမြင့်ဆုံး ဖြစ်ပြီး တံခါးပိတ် ကျင့်ကြံနေတာ ဒါမှမဟုတ် ဝင်စားခြင်း သံသရာထဲမှာ အိပ်ပျော်နေတာများတယ်... ဒါပေမဲ့ ကောင်းကင်နန်းတော် က ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံလာရရင် ကောင်းကင်ဧကရာဇ် က သေချာပေါက် လှုပ်ရှားပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိတယ်...”
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက တောင့်တသော အမူအရာကို ပြသလိုက်ပြီးနောက် ကောင်းကင်ဧကရာဇ် နှင့် ပတ်သက်သော ဒဏ္ဍာရီ အချို့ကို ပြန်လည် ပြောပြတော့၏။
ကောင်းကင်နန်းတော် တွင် ကောင်းကင်ဧကရာဇ် ထွက်မလာလျှင်ပင် သူ၏ ဒဏ္ဍာရီများက အမတနတ်ဘုရား အားလုံးကို သူ၏ စွမ်းရည်များအပေါ် ယုံကြည်လာစေရန် လုံလောက်ပေသည်။
ကောင်းကင်နန်းတော် သည် ကောင်းကင်ဘုံများကို မရေမတွက်နိုင်သော နှစ်များစွာတိုင် ထိန်းချုပ်ထားခဲ့ပြီး သူတို့၏ လက်ရှိ အဆင့်အတန်းကို ရရှိထားရသည့် အကြောင်းရင်းမှာ ပြိုင်ဘက်များနှင့် ပုန်ကန်သူများ၏ လှိုင်းလုံးများကို အဆက်မပြတ် ဖိနှိပ်ထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဖရိုဖရဲ မိစ္ဆာဆိုးများ အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်လာစဉ်ကပင် ကောင်းကင်နန်းတော် ၏ ကောင်းကင်တာအို ကံကြမ္မာ ကို မတုန်လှုပ်စေနိုင်ခဲ့ချေ။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား ပြောပြသော ဒဏ္ဍာရီများက ချဲ့ကားလွန်းလှပြီး ကောင်းကင်ဧကရာဇ်ကို အရာခပ်သိမ်း စွမ်းဆောင်နိုင်သူ အဖြစ် ချီးမွမ်းထားသကဲ့သို့ ရှိနေ၏။
ကောင်းကင်နန်းတော် မရှိလျှင်တောင်မှ ကောင်းကင်ဧကရာဇ်သည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်နေမည်ဖြစ်ပြီး သက်ရှိ အားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိသကဲ့သို့ပင်။
ဤဒဏ္ဍာရီများက အတုအယောင် မဟုတ်ဟု ကုအန် တွေးလိုက်သည်။ ကောင်းကင်နန်းတော် နှင့် မဟာကမ္ဘာ သုံးထောင် အကြားရှိ ခွန်အား ကွာဟချက်ကို သူ နှိုင်းယှဉ်ကြည့်ရာ ကောင်းကင်ဧကရာဇ် ကို ထည့်မတွက်လျှင်ပင် ကောင်းကင်နန်းတော် သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပေသည်။
အမတနတ်ဘုရားများစွာ ရှိနေသည့်အတွက် ရည်မှန်းချက်ကြီးသူများ အမြဲတမ်း ရှိနေမည်သာ ဖြစ်၏။ ကောင်းကင်ဧကရာဇ် သည် ထိုနေရာကို ထာဝရ သိမ်းပိုက်ထားနိုင်ရန်အတွက် သူ၏ စွမ်းအားက လွှမ်းမိုးနိုင်လောက်အောင် သာလွန်နေရမည် ဖြစ်သည်။
ကောင်းကင်ဧကရာဇ် အကြောင်း ဆွေးနွေးပြီးနောက် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက မေးလိုက်၏။ “ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပေါ် ဘယ်လို မြင်လဲ... ဒီအတိုင်းပဲ ထားလိုက်မလား၊ ဒါမှမဟုတ် ဒီကပ်ဘေး ကနေ ရှောင်လွှဲနိုင်အောင် နည်းလမ်း ရှာကူညီပေးမှာလား... သူတို့က အမတနတ်ဘုရားတွေကို မထောက်ပံ့သရွေ့ ထိခိုက်ခံရရင်တောင်မှ သေပြီးတဲ့နောက် ချန်ထျန်း ရဲ့ အသက်သွင်းမှုကို ခံရနိုင်တယ်... တကယ်လို့ ငါတို့ ဘာမှ မလုပ်ရင် သတင်းပြန့်သွားတာနဲ့ သူတို့က ကောင်းကင်သားတော် တစ်ပါးပါးကို ကူညီဖို့ သေချာပေါက် ရွေးချယ်ကြလိမ့်မယ်...”
အာဏာလုနေသော ကောင်းကင်သားတော် နှစ်ပါး ကြားတွင် အနိုင်ရရှိသူ တစ်ဦးသာရှိလိမ့်ပေမည်။ သို့သော်လည်း အနိုင်ရရှိသူ၏ နောက်သို့ လိုက်လျှင်တောင်မှ အမတအဖြစ် တက်လှမ်းနိုင်မည့် လူအနည်းငယ်မှလွဲ၍ အခြားသူများမှာ ချန်ထျန်း ၏ အပြစ်ပေးခြင်းကို ရင်ဆိုင်ရမည်သာ ဖြစ်၏။
ကောင်းကင်သားတော် တစ်ပါးအနေဖြင့်ပင် သူတို့တွင် ကောင်းကင်တာအို အမတရာထူး အများအပြားကို ခွဲဝေပေးရန် အာဏာ မရှိချေ။
ကုအန်က ပြန်ဖြေလိုက်သည်။ “လောကကြီး တစ်ခုလုံးကို ငါ ကာကွယ်ပေးနိုင်ရင် ငါ ငြင်းမှာ မဟုတ်ဘူး... အတွင်းရေး ပဋိပက္ခထဲကို ဝင်မပါဘူးလို့ပဲ ပြောတာပါ... မင်းနဲ့ ငါက ဒီမဟာကမ္ဘာကြီးထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်... ကျေးဇူးတရားတွေ ရှိသလို ကံစပ်မှုတွေလည်း ရှိပါတယ်... သူတို့ကို ရှောင်လွှဲနိုင်အောင် ကူညီဖို့ပဲ နည်းလမ်း ရှာပါ... ဒါပေမဲ့ ငါတို့ တည်ရှိမှုကိုတော့ အသိမခံနဲ့...”
ဤကိစ္စအတွက် သူ ကိုယ်တိုင် လှုပ်ရှားရန် မလိုချေ။ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ယခုအခါ သူ့အတွက် အလုပ်လုပ်ပေးနေပြီ ဖြစ်သဖြင့် သဘာဝကျကျ ၎င်းကို လုပ်ဆောင်ရမည် ဖြစ်၏။
သေချာသည်က ကုအန်သည် သူ့ကို မတရား ပြုမူမည် မဟုတ်ပေ။
တရားဝင် ကိစ္စများ ပြီးဆုံးပြီးနောက် ကုအန်က ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားအတွက် တာအိုကို စတင် ဟောကြားပေးတော့၏။
ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာပြီးနောက်မှာပင် ကျင့်ကြံခြင်းက လိုအပ်ဆဲ ဖြစ်သော်လည်း မြင့်မားစွာ တက်လှမ်းလေလေ၊ ပို၍ ခက်ခဲလာလေလေ ဖြစ်၏။ ကုအန်က သူ၏ တာအိုအထွတ်အထိပ် တာလော့အမတ အောင်မြင်မှုများကို အသုံးပြု၍ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို လမ်းညွှန်ပေးခဲ့ရာ ၎င်းက ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားအတွက် ကြီးမားသော အခွင့်အရေး တစ်ခု ဖြစ်ပေသည်။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားသည် ကောင်းကင်နန်းတော် သို့ တစ်ခါမှ ခြေမချခဲ့ဖူးသဖြင့် အဓိပတိအမတများ သို့မဟုတ် ကောင်းကင်တာအို အရှင်မြတ် တို့ထံမှ သင်ကြားမှုများကို သဘာဝကျကျ လက်လှမ်းမမီနိုင်ခဲ့ချေ။
ကုအန်က တာအို ဟောကြားတိုင်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက စူးစိုက်စွာ နားထောင်လေ့ ရှိ၏။ ကုအန်အတွက် အလုပ်လုပ်ပေးခြင်းက သူ၏သား ထျန်ဟောက် ကို ကာကွယ်ရန် သက်သက် မဟုတ်ဘဲ သူကိုယ်တိုင်လည်း တိုးတက်လိုသောကြောင့် ဖြစ်သည်။
သူ၏ ပါရမီ မည်မျှပင် အစွမ်းထက်ပါစေ အဆုံးသတ်က ကြယ်တာရာအရှင် တစ်ပါးသာ ဖြစ်နိုင်သော်လည်း ယခုအခါ အခြေအနေက ကွာခြားသွားပြီ ဖြစ်၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ ရည်မှန်းချက်များကလည်း ကြီးထွားလာနေပြီး ကုအန်နှင့် ဝူရှီ အတွက် လမ်းကြောင်း တစ်ခုကို သူက တမင်တကာ ဖောက်ပေးနေခြင်း ဖြစ်သည်။
…
တိမ်ပင်လယ် အထက်တွင် အပြာရောင် အလင်းတန်း တစ်ခုက ဖြတ်သန်းသွား၏။ သေချာစွာ ကြည့်လိုက်သောအခါ ၎င်းမှာ အပြာရောင် ယပ်တောင်ဝိုင်း တစ်ခု ဖြစ်ပြီး ယပ်တောင်ပေါ်တွင် ပုံရိပ် ဒါဇင်ခန့် ရပ်နေကာ ယခင်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ လာရောက်ခဲ့ဖူးသော ထာဝရအသက် အရှင်မြတ် က ဦးဆောင်နေသည်။
ငွေရောင် စစ်ချပ်ဝတ် ကို ဝတ်ဆင်ထားသော ယန်ကျန်း က လူအုပ်ကြားတွင် ရပ်နေပြီး သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို အဆက်မပြတ် ဝေ့ကြည့်ကာ လမ်းတစ်လျှောက်ရှိ ရှုခင်း အားလုံးကို အံ့ဩချီးကျူးနေ၏။
အဝေးရှိ တိမ်ပင်လယ်များက လှိုင်းထန်နေပြီး အံ့မခန်း လှပသော ပုံသဏ္ဌာန် အမျိုးမျိုးအဖြစ် ပြောင်းလဲသွား၏။ တစ်ခါတစ်ရံတွင် အစစ်အမှန် နဂါးများနှင့် ဖီးနစ်ငှက်များက တိမ်ပင်လယ်ထဲမှ ခုန်ထွက်လာပြီး တိမ်များနှင့် မြူခိုးများကို မြင့်တက်သွားစေသည်။
“ညီအစ်ကို ယန်... မင်းကတော်တော် ကံကောင်းတာပဲ... ပထမဆုံး ရောက်ရောက်ချင်းမှာပဲ တာအို ဟောကြားမှုအတွက် ဆရာ့နောက်ကို လိုက်ခွင့်ရတာလေ... ဆံဖြူ ဘိုးဘေး က ကောင်းကင်တာအို အရှင်မြတ် တစ်ပါးပဲ....တစ်နှစ်ပတ်လုံး ကောင်းကင်နန်းတော် အပြင်ဘက်မှာပဲ နေထိုင်တတ်ပြီး ပြန်လာခဲတယ်... သူက တာအို ဟောကြားဖို့ ဆန္ဒရှိတဲ့ လူနည်းစုထဲမှာလည်း ပါတယ်...” မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ဦးက ယန်ကျန်းကို ကြည့်၍ နူးညံ့သော အပြုံးဖြင့် ပြောလိုက်၏။
ပတ်ဝန်းကျင်ရှိ သူများ အားလုံးမှာ အမတနတ်ဘုရားများ ဖြစ်ကြပြီး အနိမ့်ဆုံး အမတ ရာထူးမှာ ကြယ်တာရာအရှင် ဖြစ်၏။ မူလနတ်ဘုရားများ နှင့် အမတအရှင်မြတ်များ ပင် ထိုနေရာတွင် ရှိနေကြပြီး သူတို့ တစ်ဦးစီတိုင်းက လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်နှင့် မှန်းဆ၍ မရနိုင်သော ဟန်ပန်များကို ပိုင်ဆိုင်ထားကြသည်။
ယန်ကျန်းက စပ်စုချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ “ကောင်းကင်တာအို အရှင်မြတ် လား... အရှင်မြတ် ဆိုတဲ့ ဘွဲ့အမည်ကို ရထားတဲ့သူက ကောင်းကင်နန်းတော် ရဲ့ အမတ ရာထူးမှာ အမြင့်ဆုံးလား...”
မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ က ပြုံးလိုက်၏။ “ဒါပေါ့... ကောင်းကင်တာအို အရှင်မြတ် တွေ အချင်းချင်း ကြားမှာတောင် အဆင့် ကွာခြားချက်တွေ ရှိသေးတယ်... သူတို့နဲ့ ဆုံတဲ့အခါ ငါတို့က အရိုအသေ ပေးရပြီး ရင်ထဲမှာတောင် မစော်ကားဝံ့ဘူး... မဟုတ်ရင် ကောင်းကင်တာအို က ငါတို့ကို အပြစ်ပေးလိမ့်မယ်... သူ့ကို မင်း တွေ့လိုက်ရတဲ့ အခါ မင်း ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး...”
“ကောင်းကင်တာအို အရှင်မြတ် တစ်ပါးကို တွေ့ခွင့် ရတာကက ကြီးမားတဲ့ ကောင်းချီး တစ်ခုပဲ... ချန်ထျန်း က ငါတို့ရဲ့ ကောင်းကင်တာအို ကံကြမ္မာ ကို အများကြီး တိုးမြှင့်ပေးလိမ့်မယ်...နည်းဆုံးတော့ ဒါက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံရမယ့် အချိန်တွေကို သက်သာစေတာပေါ့...”
“နောက်ပြီး ကောင်းကင်တာအို အရှင်မြတ် တစ်ပါးရဲ့ တာအိုဟောကြားမှုတွေက မင်း စိတ်ကူးကြည့်လို့ ရတာထက် ကျော်လွန်နေပြီး မင်းအတွက် များပြားတဲ့ အကျိုးအမြတ်တွေ သေချာပေါက် ရရှိစေလိမ့်မယ်...”
ဤစကားများက ယန်ကျန်းကို လာမည့် တာအို ဟောကြားမှု အပေါ် ပို၍ပင် မျှော်လင့်လာစေ၏။
ကုအန်အပေါ်လည်း သူ ပို၍ ကျေးဇူးတင်မိသွားသည်။
ဆရာ... ကျွန်တော်က ကောင်းကင်တာအို အရှင်မြတ် တစ်ပါးနဲ့ တွေ့ဆုံပြီး သူရဲ့ သင်ကြားမှုတွေကို နားထောင်ရတော့မယ်... ဆရာသာ သိရင် ကျွန်တော့်အတွက် ဝမ်းသာပေးမှာလား...
သူ၏ ဆရာ့ ကိုယ်စား တက်ရောက်နေရသည်ဟု ခံစားရသဖြင့် ယန်ကျန်း အနည်းငယ် နောင်တရနေမိ၏။ ထိုကဲ့သို့သော ကြီးမားသည့် အခွင့်အရေးမျိုးက သူ၏ ဆရာနှင့်သာ ထိုက်တန်ပေသည်။
အခန်း (၇၄၀) မဟာတာအို ဝင်စားခြင်း၊ အစစ်အမှန် မိမိကိုယ်ကိုယ် ပြန်လည် နိုးထခြင်း
ယန်ကျန်း က သူ့အကြောင်း စဉ်းစားနေသည်ကို ကုအန် မသိခဲ့ချေ။ သူက အေးအေးဆေးဆေး ဘဝကို ဆက်လက် ဖြတ်သန်းနေပြီး ရင့်မှည့်နေသော ဆေးအပင်များကို ပုံမှန် ခူးဆွတ်သည့်အပြင် လူသားကမ္ဘာ တွင် ခရီးသွားရန်ပင် စတင်ခဲ့၏။
ဤမငြိမ်မသက်သော ခေတ်ကာလတွင် လူသားကမ္ဘာ ၏ ထူးခြားချက်များ ပိုမို ပေါ်ထွက်လာသည်။ ထိုအရာများကို စောင့်ကြည့် လေ့လာခြင်းက သူ၏ အသိအမြင် ကို အထောက်အကူ ပြုပေသည်။
မဟာတာအိုကို နားလည်သဘောပေါက်ရန် မဟာတာအို လမ်းစဉ် တွင် လျှောက်လှမ်းနေစရာ မလိုကြောင်း သူ အမြဲတမ်း ခံစားရ၏။ အကြောင်းမှာ တာအိုသည် နေရာတိုင်းတွင် ရှိနေပြီး သေးငယ်သော အရာများမှတစ်ဆင့် ကြီးမား ကျယ်ပြန့်သော အရာများကို လေ့လာနိုင်သောကြောင့် ဖြစ်သည်။
စစ်ပွဲက လောကတစ်ခွင်ကို လွှမ်းခြုံထားစဉ် သက်ရှိ ဝိညာဉ်များက နေ့စဉ်နှင့်အမျှ သေဆုံးနေကြ၏။ တာအိုခုံရုံး မှာ ဝိုင်းရံ တိုက်ခိုက်ခံနေရပြီး တိုက်ခိုက်နေသော ဂိုဏ်းများက များပြားလှသဖြင့် လောကကြီး၏ သတင်း စီးဆင်းမှုကို ထိန်းချုပ်ရန် လွယ်ကူစေသည်။
စစ်ပွဲက အကျပ်အတည်း ဖြစ်လာသောအခါ လူတို့၏ ရင်ထဲရှိ တာအိုခုံရုံး ၏ ပုံရိပ်က စတင် ပြောင်းလဲလာတော့သည်။
နောက်ပိုင်းတွင် တာအိုခုံရုံး သည် လူသားကမ္ဘာ တွင် အဆိုးယုတ်ဆုံးသော အင်အားစု၊ ကပ်ဘေး အားလုံး၏ အရင်းအမြစ် အဖြစ် ပုံဖော်ခံခဲ့ရသည်။
သာမန် လူသားများ သည် လွန်ခဲ့သော နှစ်ပေါင်း သောင်းနှင့်ချီ၊ သိန်းနှင့်ချီက ရွှေခေတ်များ အကြောင်းကို ဘာမှ မသိကြချေ။ လက်ရှိတွင် ဂိုဏ်းအမျိုးမျိုးက တာအိုခုံရုံး ကို တိုက်ခိုက်နေကြောင်းကိုသာ သူတို့ သိကြပြီး ကောလာဟလများ ထပ်တိုးလာသောအခါ သူတို့က တာအိုခုံရုံး ကို နက်နက်ရှိုင်းရှိုင်း ရွံမုန်းလာကြ၏။
ကောင်းကင်သားတော် အတွက် အာဏာလုပွဲ အကြောင်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား က ကုအန်ကို ပြောပြပြီးနောက် နောက်ထပ် နှစ်ပေါင်း ၂၂၀၀၀၀ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
တာအိုခုံရုံး က နောက်ဆုံးတွင် ဖျက်သိမ်းရမည့် နေ့သို့ ရောက်ရှိလာခဲ့သည်။
တာအိုခုံရုံး ၏ ကာကွယ်ရေး လမ်းကြောင်းများက အရပ်မျက်နှာ အသီးသီးတွင် ကျိုးပေါက်သွားကြောင်း ဒဏ္ဍာရီလာများက ဆိုကြသည်။ တာအိုခုံရုံး ၏ တပည့်များ အသက်အန္တရာယ်ကို ကာကွယ်ရန် ခုံရုံးအရှင်သခင် က ၎င်းကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး တစ်ချိန်က ကြီးစိုးခဲ့သော အဖွဲ့အစည်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ ကမ္ဘာကြီးကို ရူးသွပ်သော ပရမ်းပတာ အခြေအနေ တစ်ခုထဲသို့ တွန်းပို့လိုက်တော့၏။
တာအိုခုံရုံး ၏ အခြေခံ အုတ်မြစ်များက နက်ရှိုင်းလွန်းပြီး တပည့်များက အုပ်စုအလိုက် ခုံရုံးမှ ထွက်ပြေးခဲ့ကြရာ ဤလုပ်ငန်းစဉ် အတွင်း အတွင်းရေး တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ အခြား ဂိုဏ်းများမှ ကျင့်ကြံသူများက သတင်းကို ကြားသောအခါ အခွင့်အရေးများကို လုယူရန် တာအိုခုံရုံး ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာကြ၏။
မည်းမှောင်သော တိမ်များက လိမ့်တက်နေပြီး လေထုထဲတွင် မီးခိုးများ ပြည့်နှက်နေသည်။ ကုအန်နှင့် ရှောင်လန် တို့က တောင်ကမ်းပါး တစ်ခုပေါ်တွင် ရပ်နေကြပြီး အဝေးရှိ တောင်တန်းများကြားတွင် မီးလောင်ကျွမ်းနေသော မြို့ကြီး တစ်မြို့ကို ကြည့်နေကြကာ မရေမတွက်နိုင်သော ကျင့်ကြံသူများက အဝင်အထွက် ပျံသန်းနေကြပြီး အဝေးတွင် တိုက်ပွဲများပင် ဖြစ်ပွားနေ၏။
မီးတောက်များ၏ အလင်းရောင်က ရှောင်လန် ၏ မျက်နှာပေါ်သို့ ထင်ဟပ်နေပြီး သူမ၏ အမူအရာက အလွန် တည်ငြိမ်နေသည်။ သူမ၏ ခရမ်းရောင် ဂါဝန်ရှည်က လေထဲတွင် လွင့်ဝဲနေပြီး ဖုန်မှုန့်များ ကင်းစင်နေ၏။
ကုအန်က သူမကို လှည့်ကြည့်၍ မေးလိုက်သည်။ “နောင်တရစရာ တစ်ခုခု ရှိလား...”
အရှေ့ရှိ မြို့ကြီးမှာ တာအိုခုံရုံး ၏ မြို့များထဲမှ တစ်မြို့ ဖြစ်ပြီး တစ်ချိန်က လောကတစ်ဝက်ကျော်တွင် နာမည်ကြီးခဲ့သော အမတ ကျင့်ကြံရေး ကုန်သွယ်မှုအတွက် စည်ကားသည့် အချက်အချာ နေရာတစ်ခု ဖြစ်ခဲ့ကာ ယခုအခါ ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားသဖြင့် သက်ပြင်းချစရာ ကောင်းလှပေသည်။
တာအိုခုံရုံး နှင့်အတူ သူမ သေဆုံးရန် ရည်ရွယ်မထားသော်လည်း ထိုနေရာတွင် နှစ်တစ်သန်းကြာ နေထိုင်ခဲ့သဖြင့် သူမတွင် သံယောဇဉ်များ ရှိနေခဲ့၏။
“ခုံရုံးအရှင်သခင် က အသက်ရှင်နေပါသေးတယ်... အပြင်ဘက် ကောင်းကင်ဘုံ ကို သွားရုံပဲ... အမွေအနှစ်တွေကလည်း ရှိနေတုန်းပဲ၊ တပည့်တွေကိုလည်း လက်ဆင့်ကမ်း ပေးခဲ့ပြီးပြီလေ... အခု တာအိုခုံရုံး ဆိုတဲ့ နာမည်လေးပဲ ပျောက်သွားတာဆိုတော့ ဘာကို နောင်တရစရာ ရှိမှာလဲ...” ရှောင်လန် က အဝေးသို့ ငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
အကယ်၍ ကုအန်သာ သူမ၏ အတွင်းစိတ်က အတွေးများကို မကြားနိုင်ပါက သူမ တကယ် ဂရုမစိုက်ဘူးဟု ယုံကြည်သွားနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ တာအိုခုံရုံး က အတိတ်တစ်ခုဖြစ်လာတော့မည် ဖြစ်ရာ အသက်ရှင်နေသူများက ရှေ့ဆက်ရမည်သာ ဖြစ်၏။
“အစ်ကို ကု... လူသားကမ္ဘာ ရဲ့ ကြီးမားတဲ့ အခြေအနေမှာ ကြမ်းတမ်းတဲ့ ရေစီးကြောင်းကို ပထမဆုံးအကြိမ် ကျွန်မ ခံစားမိတယ်... အစွမ်းထက်တဲ့ ခုံရုံးအရှင်သခင် နဲ့ တာအိုခုံရုံး တောင် လူအများရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဆန္ဒကို မခံနိုင်ခဲ့ဘူး... တာအို ကျင့်စဉ် လို့ ခေါ်တဲ့ အရာရဲ့ အစစ်အမှန် တည်ရှိမှု အဓိပ္ပာယ်က ဘာများလဲ...” ရှောင်လန် က သူမ၏ မျက်လုံးများတွင် နက်နဲသော အဓိပ္ပာယ်များဖြင့် တိုးတိုးလေး မေးလိုက်သည်။
ဤနှစ်များ တစ်လျှောက် တာအိုခုံရုံး အပေါ် ကျရောက်လာသော ဖိအားများကို သူမ ခံစားခဲ့ရ၏။ အရပ်မျက်နှာ အသီးသီးမှ ရန်သူများ အဆုံးမရှိ ရောက်ရှိလာပြီး ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးက တာအိုခုံရုံး ကို ပြစ်တင် ရှုတ်ချနေကြကာ တာအိုခုံရုံး အတွင်းရှိ တပည့်များစွာ ပင်လျှင် ၎င်းတွင် ဘာများ မှားယွင်းနေသလဲ ဆိုသည်ကို ပြန်လည် သုံးသပ်နေကြသည်။
သို့သော်လည်း အမှန်တရားမှာ လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ က တာအိုခုံရုံး ကို မှောက်ခုံလှန်ချင်နေကြခြင်း ဖြစ်ပြီး တာအိုခုံရုံး တွင် သူတို့ကို ဖိနှိပ်ထားရန် အကြွင်းမဲ့ စွမ်းအား မရှိခဲ့ခြင်းကြောင့်ပင်။
စွမ်းအား သက်သက်သာ ဖြစ်လျှင် ကိစ္စမရှိသော်လည်း တာအိုခုံရုံး ၏ ကျဆုံးမှုက အလွန် အရှက်ရစရာ ကောင်းလှသည်။ ဆိုးယုတ်သော ပုံစံဖြင့် ပြိုလဲသွားသဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် လောကကြီးက တာအိုခုံရုံး ကို မိစ္ဆာ ဂိုဏ်းဟု ထင်မြင်သွားကြမည်လား။
“တာအို ကျင့်စဉ် တစ်ခုက မူလက တာအိုကို ဖြန့်ဝေဖို့၊ အသိပညာတွေ သင်ကြားပေးဖို့၊ တာအိုအကြောင်း အပြန်အလှန် ဆွေးနွေးဖို့နဲ့ မဟာတာအိုရဲ့ စူးစမ်းလေ့လာမှုတွေကို အတူတကွ မြှင့်တင်ပေးဖို့ ရည်ရွယ်တာလေ... မင်း စိုးရိမ်နေတာတွေက ဖြစ်လာမှာ မဟုတ်ပါဘူး... တာအိုခုံရုံး ရဲ့ လက်ရှိ ဂုဏ်သတင်းက ဆိုးရွားနေပေမဲ့ ရှည်လျားတဲ့ နှစ်တွေ တစ်လျှောက်မှာ သက်ရှိ များစွာကို ကူညီပေးခဲ့ပြီး အဲဒီလုပ်ရပ်တွေကို စစ်မှန်တဲ့ ကျေးဇူးတင်စိတ် ရှိသူတွေက မှတ်မိနေမှာဖြစ်သလို နောက်ဆုံးမှာ သမိုင်းမှတ်တမ်းတွေထဲမှာလည်း ရေးထိုးခံရမှာပါ...”
ကုအန်က အချက်အလက်များကို ပြောပြလျက် ပြန်ဖြေလိုက်၏။
တာအိုခုံရုံး အပေါ် ကျေးဇူးတင်နေသော သို့မဟုတ် မျှော်လင့်ချက်ထားနေသော သက်ရှိများကို ထည့်မပြောလျှင်တောင်မှ လူသားကမ္ဘာရှိ ဂိုဏ်းပေါင်းတစ်ရာ က နောက်ဆုံးတွင် တာအိုခုံရုံး ၏ ခြေရာကို နင်းရမည်သာ ဖြစ်သည်။
ထို့နောက် သူတို့ကို ဖြုတ်ချလိုသော နောင်လာနောက်သားများက သူတို့ကို အသရေဖျက်ရန် တာအိုခုံရုံး ကို သဘာဝကျကျ ပြန်လည် ဂုဏ်တင်ကြပေလိမ့်မည်။
အမှားနဲ့ အမှန်၊ အဖြူနဲ့ အမည်းကို နောင်လာနောက်သားတွေက အကဲဖြတ်ကြလိမ့်မယ်... ပြီးတော့ ဒီခွဲခြားမှုတွေက အချိန်ကြာလာတာနဲ့အမျှ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မယ်...
ဒီခေတ်မှာ ပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်ခုံရုံး နဲ့ အမတ မင်းဆက် တွေကို ဘယ်နှစ်ယောက်များ မှတ်မိကြသေးလို့လဲ...
မဟာတာအိုရဲ့ လောကီ အနှောင်အဖွဲ့တွေထဲမှာ ဘယ်အရာကမှ တကယ် အရေးမပါဘူး...
သမိုင်း ဆိုတာ လူသားကမ္ဘာ ရဲ့ ပိုင်ဆိုင်မှု သက်သက်ပဲ... မဟာတာအိုရဲ့ ရှေ့မှာ သမိုင်းအကြောင်း ပြောနေတာက အတော်လေး ရယ်စရာ ကောင်းတယ်...
ထို မဟာစွမ်းအားရှင် ကျင့်ကြံသူများက သာမန် လူသားများကို အဘယ်ကြောင့် ဂရုမစိုက်သလို ကြည့်ကြသနည်း ဆိုသည်ကို ကုအန် နောက်ဆုံးတွင် နားလည်သွား၏။ လုံလောက်အောင် အသက်ရှင်နေထိုင်ပြီးနောက် အရာခပ်သိမ်းက ဝင်စားခြင်း သံသရာ တစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ ရှိပြီး အကောင်းနှင့် အဆိုး နှစ်ခုစလုံးက ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားမည် ဖြစ်ကာ လုပ်ဆောင်နိုင်သည့် အရာများက နောက်ဆုံးတွင် အချည်းနှီး ဖြစ်သွားကြောင်း လူသားတယောက်အနေနှင့်သဘောပေါက်လာခဲ့သည်။
သေချာသည်က ကုအန်က အနည်းငယ်သာ ဝမ်းနည်းပူဆွေးမိခြင်း ဖြစ်၏။ သူက အမတ တစ်ပါး မဟုတ်ဘဲ လူသား တစ်ယောက်ဟု အမြဲတမ်း ခံစားရပြီး လူများအတွက် အရေးအကြီးဆုံးအရာမှာ စိတ်ခံစားချက်ပင် ဖြစ်သည်။ သူက သူ၏ ခံစားချက်များကို တမင်တကာ ဖျောက်ဖျက်ပစ်မည် မဟုတ်ချေ။ သူ တန်ဖိုးထားသော အရာတိုင်းကို သူ ကာကွယ်မည် ဖြစ်ပြီး စိတ်၏ငြိမ်းချမ်းမှုကိုသာ ရှာဖွေမည် ဖြစ်သည့။
ရှောင်လန် သည်လည်း ကုအန်၏ စကားများကို တွေးတောနေသော်လည်း အတိတ်က အဖြစ်အပျက် အမျိုးမျိုးကို ပြန်လည် သတိရလိုက်သောအခါ ကြီးမားပြီး အတုအယောင်ဆန်သော အိပ်မက်တစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ သူမ ခံစားလိုက်ရသည်။ ဘေးရှိ ကုအန်ကို သူမ လှမ်းကြည့်လိုက်သောအခါ ခိုင်မာမှု တစ်ခုကို သူမ ခံစားလိုက်ရ၏။
သူတို့ လျှောက်လှမ်းခဲ့သော လမ်းက အိပ်မက်တစ်ခု မဟုတ်ပေ။
“အနာဂတ်အတွက် မင်းရဲ့ အစီအစဉ်တွေက ဘာလဲ... ငါ့ရဲ့နယ်မြေမှာ ကျင့်ကြံမလား...” ကုအန်က ရှောင်လန် ကို ကြည့်၍ မေးလိုက်သည်။
တာအိုခုံရုံး ဖျက်သိမ်းသွားခြင်းက ရှောင်လန် အပေါ် သက်ရောက်မှု ရှိခဲ့သည်မှာ သေချာပြီး ဤနှစ်များ တစ်လျှောက် အတိတ်က မှတ်ဉာဏ်များက သူမ၏ စိတ်ထဲတွင် ဆက်တိုက် လင်းလက်နေခဲ့၏။
ယခင် ယဲ့လန် က ပြန်လည် နိုးထလာတော့မည် ဖြစ်သည်။
ရှောင်လန် က တက်ကြွပြီး အပြစ်ကင်းစင်သော်လည်း ယဲ့လန် က ပို၍ အကြောင်းပြချက် ရှိပြီး သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်များ ရှိ၏။
“ထားလိုက်ပါတော့... ကျွန်မ ရှောင် မိသားစု ဆီ ပြန်သွားပြီး သူတို့ကို ကာကွယ်ပေးချင်တယ်... အနာဂတ်မှာ ဝိညာဉ်ကိုးပါး တိုက်ကြီး ဆီ ကျွန်မ လာလည်မယ်... အစ်ကို ကု လည်း အချိန်မရွေး ကျွန်မဆီ လာလည်လို့ ရပါတယ်... ကျွန်မလည်း ကြီးပြင်းသင့်ပြီလေ... အစ်ကိုကုဆီမှာ အမြဲတမ်း ကပ်တွယ်နေလို့ မရဘူး...” ရှောင်လန် က ကုအန်ကို ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ကုအန်က ပြုံးလိုက်ပြီး သူမ၏ အမူအရာကို ကြည့်ကာ သူ၏ ဂျူနီယာညီမငယ် က အမှန်တကယ် ပြန်လည် နိုးထလာတော့မည်ကို သိလိုက်၏။
သူ၏ ဂျူနီယာညီမငယ် နှင့် ပတ်သက်လာပါက အပြင်ထွက်သွားသော အခြား တပည့်များကဲ့သို့ သူ ဆက်ဆံမည် မဟုတ်ဘဲ သူမထံသို့ တက်ကြွစွာ သွားရောက် လည်ပတ်မည် ဖြစ်သည်။
“ဒါဆို သွားကြရအောင်... ရှောင် မိသားစု ဆီ ငါ လိုက်ပို့ပေးမယ်... ဘာပဲဖြစ်ဖြစ် ရှောင် မိသားစု နဲ့ ငါ့မှာ ပတ်သက်မှု အနည်းငယ်တော့ရှိနေသေးတယ်လေ...” ကုအန်က ရယ်မောလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။
ရှောင်လန် က ပြုံး၍ သူ၏ လက်ကို ကိုင်လိုက်ပြီး သူတို့ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကြသည်။
ရက်အနည်းငယ် အကြာတွင် ကုအန်က ဝူရှီ အတွင်း သို့ တစ်ယောက်တည်း ပြန်ရောက်လာ၏။ ယမန်နေ့တွင် လုရှန် ပြန်ရောက်လာသဖြင့် ဝူရှီ အတွင်း ၌ အနည်းငယ် စည်ကားနေသည်။
တပည့်များက ကုအန်၏ ခြံဝင်းထဲတွင် စုရုံးကာ လုရှန် ၏ အတွေ့အကြုံများနှင့် လောကကြီး၏ အခြေအနေများကို ပြောပြနေသည်ကို နားထောင်နေကြ၏။
တတိယမျိုးဆက် တပည့်များက လုရှန် ကို တစ်ခါမှ မမြင်ဖူးကြသဖြင့် ဂိုဏ်းမှ ဤစီနီယာ အပေါ် အလွန် စပ်စုချင်နေကြသည်။
ဝူရှီ အတွင်း တွင် တတိယမျိုးဆက် တပည့်များ ရှိနေကြောင်း သိလိုက်ရပြီးနောက် လုရှန် က ပေါ့ပေါ့တန်တန် မနေတော့ဘဲ ဘိုးဘေး တစ်ဦး၏ ဟန်ပန်ကို ဖမ်းထားတော့၏။
“ဂျူနီယာမောလေး လု... မင်းအမြင်အရ နောက်ထပ် လောကအရှင်သခင် ဖြစ်လာမယ့် ဂိုဏ်းက ဘယ်ဂိုဏ်း ဖြစ်မလဲ...” အန်ရှင်း ၏ ဒုတိယ တပည့် ကျန်းလန် က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
အခြား တပည့်များကလည်း လုရှန် ကို စူးစိုက်ကြည့်နေကြ၏။ လုရှန် က နှစ်ပေါင်းများစွာ အပြင်ရောက်နေခဲ့သဖြင့် အခြေအနေကို သေချာပေါက် သိမြင်နိုင်ပေလိမ့်မည်။
လုရှန် က စဉ်းစားလိုက်ပြီး အဖြေပေးရန် ပြင်လိုက်စဉ် ခြံဝင်း တံခါးဝတွင် ကုအန်၏ ပုံရိပ်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
သူ၏ မျက်လုံးများ လင်းလက်သွားပြီး ကုအန်ထံသို့ ချက်ချင်း ပြေးသွားကာ ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
“ဆရာ... ဆရာ့ကို ပြောစရာ အရေးကြီးတဲ့ ကိစ္စ ရှိတယ်... ကျွန်တော်တို့ သီးသန့် စကားပြောလို့ ရမလား...” လုရှန် က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ကုအန်၏ ရှေ့တွင်တော့ သူ ဟန်ဆောင် မနေတော့ချေ။
ထိုစကားကို ကြားသောအခါ ကုအန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အဆောင်ဆီသို့ လျှောက်သွားရာ အခြား တပည့်များ အားလုံး မတ်တတ်ထရပ်ပြီး သူ့ကို ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။