← Chapters

ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများ နောက်ကွယ်မှ လျှို့ဝှက်ချက်

Vol. 13 Ch. 180

ဟန်တောင်တန်း၏ သွယ်ဆက်သံကြိုးတန်းများ နောက်ကွယ်မှ လျှို့ဝှက်ချက်

Vol. 13 Ch. 180

နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်ကာ မွန်းတည့်လုနီးချေပြီ။ ထိုအချိန်တွင် နေရောင်သည် အပူရှိန်နှင့်အတူ ဖြာကျ နေခဲ့သင့်သော်လည်း ကောင်းကင်မှ ထူထဲနက်မှောင်သည့် တိမ်စိုင် တိမ်ထုများဖြင့်သာ ဖုံးအုပ်ခြင်း ခံထားရ၏။ ၎င်းတို့အား ဖြတ်သန်း၍ မထွန်းလင်းနိုင်ပဲ ရှိသည်။

မိုးသည်လည်း ဆက်လက်၍ သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သည်။

ရွာသွန်းနေသည့် မိုးသည်လည်း  ဟန်တောင်တန်းမြို့တော်ရှိ လူအုပ်ကြီးထဲမှ တစ်ဦးတစ်ယောက်ကိုပင် ကြည့်ရှုခြင်းအား ရပ်တန့်ရန် မစွမ်းဆောင်နိုင်ပေ။ သူတို့အားလုံးသည် ကောက်ရိုးဝတ်ရုံများ၊ ဝါးခမောက်များ ဝတ်ဆင်၍  လေထုအလယ်ရှိ လှုပ်ယမ်းနေသည့် သံကြိုးပေါ်တွင် စုမင် လျှောက်လှမ်းနေသည်ကို စောင့်ကြည့်နေခဲ့ကြသည်။

ဟန်တောင်တန်း ခေါင်းလောင်းကို အကြိမ်၂၀အထက် တီးခတ်နိုင်ခဲ့ပြီး၊ ကျောက်တိုင်ငါးခုကို ဖျက်ဆီးကာ ခြောက်ခုမြောက်ထံသို့ လျှောက်လှမ်းနေသည့် သူအား စောင့်ကြည့်နေခဲ့သည့် လူအုပ်ကြီးကို လေထန်၍ မိုးသည်းနေခြင်း သည်ပင် မတားဆီးနိုင်ခဲ့ချေ။

“ဟန်တောင်တန်းရဲ့ ဆဋ္ဌမအပိုင်းမှာ သူနှေးလာပြီ။ အဲဒီအပိုင်းမှာ ထူးဆန်းတဲ့အရာ တစ်ခုခုရှိနေလို့ ဆိုတာ သေချာတယ်”

“ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို အောင်မြင်ခဲ့တဲ့လူတွေ အကုန်လုံးက သံကြိုးတွေရဲ့ လျှို့ဝှက်ချက်ကို သူတို့ဘာသာ ထိန်းသိမ်းထားခဲ့ကြတာ ဝမ်းနည်းစရာပဲ။ စိန်ခေါ်မှုကို ကျရှုံးသွားတဲ့ လူအများစုက ကျတော့ သေသွားတယ်။ ကံအရမ်းကောင်းလွန်းပြီး အောင်မြင်သွားတဲ့ လူတွေကျတော့လည်း ဆိတ်ဆိတ်နေဖို့ကိုပဲ ရွေးချယ်ခဲ့ကြပြန်ရော ... အဲဒါကပဲ လူတွေကို ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက ဘာကြောင့် ခက်ခဲနေရတာလဲ ဆိုတာကို သိချင်အောင် လုပ်နေတာ”

“ဟမ် ... သူရပ်သွားပြီ”

ဆွေးနွေးမှုများ ရပ်တန့်သွားပြီး မျက်လုံး ပေါင်းများစွာသည် မိုးရေလွှာအား ဖြတ်ကျော်လျက် စုမင်ထံ စုရုံးကျရောက် လာကြသည်။ နန်ထျန်း၊ ရွှမ်းလွမ်၊ ခဲ့ကျူးစစ်နှင့် လန်ယင်တို့သည်ပင် သူ့အား စူးရှစွာ စိုက်ကြည့်နေခဲ့ကြသည်။

စုမင် လှုပ်ရှားနေသည့် သံကြိုးပေါ်တွင် ရှေ့သို့ ဆက်မလှမ်းတော့ချေ။ ထိုအစား သူ့ခန္ဓာကိုယ်သည် သံကြိုးနှင့် ကော်ကပ် ထားသကဲ့သို့ ထိုင်ချလိုက်၏။ သံကြိုး လှုပ်ယမ်းသွားချိန်တွင် သူ့ခန္ဓာကိုယ်သည်လည်း ၎င်းနှင့်အတူ လိုက်ပါလှုပ်ယမ်း သွားခဲ့သည်။

သူ့အသက်ရှူသံသည် လျင်မြန်လာခဲ့သည်။ သူ့မျက်လုံးများတွင် တောက်ပသည့် အလင်းတဖြာ ရှိနေခဲ့သော်လည်း သူသည် ပုချန့်တောင်ဆီသို့ လှမ်းကြည့်နေခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူ့အောက်ရှိ သံကြိုးကိုသာ ငေးကြည့်နေခဲ့သည်။ သံကြိုးသည် မိုးရေဖြင့် စိုရွှဲနေသည် ဆိုသော်ငြား အချို့နေရာများတွင် သံချေး အရိပ်အယောင်များကို မြင်နေရသည်။ ထိုအရာများအရ ဤနေရာတွင် သံကြိုးသည် နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်းဟူသော ကောလာဟလများအား အတည်ပြုလျက် ရှိသည်။

‘ငါ့ရဲ့အချိန်တွေ ကုန်ဆုံးသွားတယ်လို့ ခံစားရစေတဲ့ ဖိအားက မြေပြင်ကလည်း မဟုတ်သလို ပုချန့်မျိုးနွယ် ဆီကလည်း မဟုတ်ဘူး။ ငါဖျက်ဆီးခဲ့တဲ့ ကျောက်တိုင်တွေဆီကတော့ ပိုတောင် မဖြစ်နိုင်သေးတယ် ... အဲဒါက ဒီသံကြိုးဆီက လာနေတာပဲ’

ထိုအချက်ကြောင့်ပင် အချိန် ကုန်လွန်လာသည်နှင့်အမျှ သူ၏ အသက်စွမ်းအားသည် သံကြိုး၏ ဖြည်းဖြည်းချင်း စုပ်ယူခြင်းအား စုမင် ခံစားနေရခြင်း ဖြစ်သည်။

သူ၏အသက်စွမ်းအားကို စုပ်ယူခံရမှုနှုန်းသည် မြန်ဆန်ခြင်း မရှိသေးသော်လည်း သံကြိုးတစ်လျှောက် သူဝေးဝေးသွားလေ၊ အသက်စွမ်းအား စုပ်ယူခံရမှုနှုန်းသည် ပိုမိုမြန်ဆန် လာလေလေပင်ဖြစ်သည်။

ဤအချိန်တွင်တော့ စုမင် ထိုအရာကို ခုခံနိုင်သေးသည်။ အဆုံးတွင်တော့ သူသည် သွေးကြော ၉၇၉ကြောရှိသူပင် ဖြစ်သည်။ သူ၏သွေးကြော အားလုံးကို လှည့်ပတ်ရုံဖြင့် ပင်လျှင် သူ့ခန္ဓာကိုယ်အား ချီပမာဏများစွာ ထောက်ပံ့ပေးနိုင်လိမ့်မည် ဖြစ်သည်။ ချီလှည့်ပတ်ခြင်းသည် သူ့အသက်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းသည် စုပ်ယူခံရသည့် ပမာဏာအား ပြန်လည် ဖာထေးပေးနိုင်မည် ဖြစ်သည်။

သို့သော် စုမင် သူ့ရှေ့ရှိ အလွန်ဝေးကွာသည့် နေရာအထိ ရှည်လျားသော သံကြိုးကို ကြည့်လိုက်မိသည်။

‘ငါက အခုမှ ဆဋ္ဌမမြောက် အပိုင်းမှာပဲ ရှိသေးတယ်။ သွားဖို့အများကြီး လိုနေသေးတယ် ... သံကြိုးမှာ အခုလိုတုန်လှုပ်ဖို့ ကောင်းတဲ့စွမ်းအား ဘယ်လောက်တောင် ရှိနေသေးတာလဲ ... ပြီးတော့ သူက ဘာလို့ အသက်စွမ်းအားကို စုပ်ယူနေရတာလဲ’

သူ့အရှေ့တွင် သံကြေးများစွာ ရှိနေသည့် သံကြိုး အစိတ်အပိုင်း တစ်နေရာအား မြင်လိုက်ရခြင်းကြောင့် စုမင် ယခုနေရာတွင်သာ ထိုင်နေရန် ရွေးချယ်လိုက်သည်။ ၎င်းနေရာသည် သံကြေးများစွာ ရှိနေပြီး မျက်လုံးအတွင်း အလွန်သိသာနေသည့် အပိုင်းတစ်ခု ဖြစ်သည်။  မိုးရွာသွန်းသောအခါ ထိုနေရာမှ သံကြိုးပေါ်ရှိ အချို့သော သံကြေးများသည် ကွာကျသွားကြသည်။

လေတိုက်ခတ်မှုကြောင့် သူ့နားအတွင်းသို့ မိုးရေများစွာ ဝင်လာခဲ့သည်။ မိုးခြိမ်းသံများသည်လည်း ကောင်းကင်တွင် မြည်ဟည်းလျက် အချိန်တိုင်းပင် လျှပ်စီးတို့ကလည်း တဝင်းဝင်း လက်နေကြသည်။ စုမင် အောက်ဘက်တွင်တော့ အဆုံးကိုပင် မမြင်နိုင်သည့် ချောက်နက်ကြီးများ ရှိနေသည်။ သူခေါင်းငုံ့လိုက်ချိန်တွင် မြင်တွေ့လိုက်ရသော အရာမှာ လေးမှလွှတ်လိုက်သည့် သန်းပေါင်းများစွာသော မြားများသဖွယ် ချောက်နက်ကြီးများ အတွင်းသို့ ကျဆင်းသွားကြသည့် မိုးရေစက်ကြီးများပင် ဖြစ်သည်။

စုမင် သူ၏ အသက်ရှူနှုန်းအား ပြန်လည် ထိန်းညှိလိုက်ပြီးနောက် ခဏအကြာတွင် ညာဘက်လက်အား မြှောက်လျက် သံကြိုးပေါ်မှ သံကြေးတက်နေသည့် အပိုင်းအား လက်တစ်ချောင်းဖြင့် ထိကြည့်လိုက်သည်။

သူ့လက်ချောင်းမျက်နှာပြင် အရေပြားသည် သံကြေးအား ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် စုမင် မျက်နှာသည် စတင်တည်ကြည်သွားသည်။ မကြာခင်မှာပင် သူ၏ ညာဘက်လက်ညှိုးသည် အနီရောင် ပုံစံလက္ခဏာများ ဆုံးရှုံးသွားကဲ့သို့ အဖြူရောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် သူ့သွေးအား စုပ်ယူခံလိုက်ရခြင်း လက္ခဏာမဟုတ်ပဲ သူ့ခန္ဓာကိုယ်အတွင်းရှိ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကောင်းစွာ အလုပ်လုပ်နိုင်ရန် ချီအား လှည့်ပတ်လိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် အသက်စွမ်းအားကို ဖြည်းညင်းစွာ စုပ်ယူခံလိုက်ရခြင်း လက္ခဏာရပ်ပင် ဖြစ်သည်။

အချိန်တို့ ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့သည်။ စုမင် သံကြိုးပေါ်တွင် အချိန် အတော်ကြာအောင် ထိုင်နေခဲ့ခြင်းဖြစ်သည်။ သူ့ညာဘက် လက်သည်လည်း သံကြိုးပေါ်တွင်သာ ရှိနေဆဲဖြစ်ပြီး သူ၏ အသက်စွမ်းအားကို စုပ်ယူခွင့်ပြုထားခဲ့သည်။

တစ်ခုခု မှားယွင်းနေကြောင်း ဟန်တောင်တန်းမြို့တော်ရှိ လူများ တဖြည်းဖြည်း သတိထား မိလာကြသည်။ သို့သော် အကြောင်းအရင်းကိုမူ သူတို့စဉ်းစား မရကြပေ။ သူတို့ မှန်းဆ သုံးသပ်ရုံသာ တတ်နိုင်ကြသည်။

“သူ ပင်ပန်းသွားတာလား ... အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်တောင်ကုန်သွားပြီ။ သူက ထမယ့်ပုံမပေါ်သေးဘူး ...”

“ကြည့်ရတာ သံကြိုးရဲ့ ဆဋ္ဌမမြောက် အပိုင်းက သူ့ရဲ့ အကန့်အသတ်ထင်တယ်။ စိတ်မကောင်းစရာပဲ ... တကယ့်ကို စိတ်မကောင်းစရာပဲ ...”

“သူက သံကြိုးရဲ့ ဆဋ္ဌမမြောက်အပိုင်း အထိ ကောင်းကောင်း ကြိုးစားခဲ့ပြီးပြီပဲလေ။ အဆုံးမှာတော့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက ခေါင်းလောင်းလိုမှ မဟုတ်တာ။ သံကြိုးတွေကို စိန်ခေါ်မယ်ဆိုရင် မင်းအသက်ကို စွန့်စားရတာပဲလေ။ သူက ရှေ့ဆက်သွားရမလား ဆိုတာ မသေချာ ဖြစ်နေတယ်လို့ ငါတော့ထင်တယ် ...”

“ဒါပေမဲ့ သူက လက်လျှော့လို့ရော ရဦးမှာလား။ သူ့နောက်မှာရှိတဲ့ ကျောက်တိုင်တွေ အကုန်လုံးကို သူဖျက်ဆီးခဲ့ပြီးပြီ။ သူ နောက်ကိုပြန်လျှောက်ဖို့ ရွေးချယ်ရင်တောင် ခက်ခဲနေဦးမှာပဲ ...”

မိုးသက်မုန်တိုင်း အတွင်း၌ ဆွေးနွေးသံများ ပျံ့နှံ့လာခဲ့သည်။ စုမင်၏ အပြုအမူများသည် များစွာသော လူများ၏ မျက်လုံးများနှင့် အာရုံများကို ဆွဲဆောင်သွားခဲ့သည်။

“ပထမဆုံး ကျောက်တိုင်ကို သူဖျက်ဆီးဖို့ ရွေးချယ်လိုက်တဲ့ အချိန်ကစလို့ သူအရှုံးမပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ် ...” နန်ထျန်း သံကြိုးပေါ်တွင် ထိုင်နေသည့် စုမင်ကို ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။

အချိန်ခဏ ကြာသွားပြီးချိန်တွင်တော့ တောက်ပသည့် အကြည့်တစ်ချက်သည် စုမင် မျက်လုံးများတွင် ပေါ်ပေါက်လာခဲ့ပြီး ညာဘက်လက်အား ဖြည်းညင်းစွာ မတင်လိုက်သည်။ သံကြိုး၏ ထိုအပိုင်းထံသို့ ငေးကြည့်လိုက်ရင်း သူ့မျက်လုံးများကို ဖြည်းညင်းစွာ မှေးကျဉ်းလိုက်သည်။

‘ဒါက ငါတွေးထားသလို ပါပဲလား။ သံကြိုးက သူ့ကိုသူ ပြင်ဆင်ဖို့အတွက် အသက်စွမ်းအားကို စုပ်ယူနေခဲ့တာပဲ’

စုမင်မျက်လုံးများ ရှေ့တွင်ပင် သိသာထင်ရှားစွာ သံကြေး တက်နေခဲ့သည့် အပိုင်းသည် စတင်၍ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ သံကြိုး၏ ထိုအပိုင်းသည် သာမန်အရောင်ပြန် ဖြစ်သွားခဲ့လေသည်။

‘ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကိုက ဟန်တောင်တန်းဘိုးဘေး ဖန်တီးထားခဲ့တာ ... သူက အခြားကမ္ဘာလောက တစ်ခုကနေ မာန်စွမ်းအားရှင်တွေရဲ့ ကုန်းမြေကို ရောက်လာခဲ့တာ။ သူ ဘာလို့ ဟန်တောင်တန်း မျိုးနွယ်စုကို ထောက်ပံ့ပေးခဲ့လဲ ဆိုတာ ငါနားလည်နိုင်တယ်။ ဒီလိုလုပ်မှပဲ သူ့မှာ နေထိုင်ဖို့ နေရာတစ်နေရာ ရှိမှာမို့လို့ပဲ’

‘ဒါပေမဲ့ သူက ဘာလို့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို ဖန်တီးခဲ့ရတာလဲ။ သူ့ရဲ့ တကယ့်အစစ်အမှန် ရည်ရွယ်ချက်က ဘာလဲ။ သူက သံကြိုးကို ကိုယ်တိုင် ဖန်တီးခဲ့တာလား ဒါမှမဟုတ် မာန်စွမ်းအားရှင်တွေရဲ့ ကုန်းမြေ တစ်နေရာရာကနေ ရှာတွေ့ခဲ့တာလား။ ဒါမှမဟုတ် ဖြစ်ကောင်း ဖြစ်နိုင်တာက  ... ဟိုနေရာကနေ သူယူလာခဲ့တဲ့ တစ်စုံတစ်ရာလား ...’

စုမင် ဟန်ခုန်းနှင့် တွေ့ဆုံခဲ့ပြီး ဟန်ခုန်း၏ သေဆုံးမှုသည် သူနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟုပင် ပြော၍ရသည်။ ဟန်ခုန်းသည် သူ့လက်ထဲ၌ သေဆုံးခဲ့သည် ဆိုလျှင်ပင် ချဲ့ကားခြင်း မဟုတ်ပေ။

စုမင် စိန်ခေါ်မှုကို ရပ်တန့်နေခြင်းအား ဟန်တောင်တန်းမြို့တော်မှ လူများနှင့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်များသည်သာ စူးစမ်းနေကြခြင်း မဟုတ်ပဲ မျိုးနွယ်စု ၃စုသည်လည်း  အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။

အရောင်စုံရေကန် မျိုးနွယ်စု တောင်ပေါ်မှ အဘွားအိုသည် စုမင်ရှိရာ အဝေးသို့ကြည့်လျက် မျက်မှောင်ကြုတ် နေခဲ့သည်။

“ဒီလူက ဟန်တောင်တန်း ခေါင်းလောင်းအတွက် စစ်မာရှင်းကိုတောင် ဆန့်ကျင် တိုက်ခိုက်နိုင်တဲ့သူ။ သူက ဆဋ္ဌမမြောက် အပိုင်းနဲ့တင် လက်လျှော့ သွားလိမ့်မယ်လို့ ကျွန်မ မယုံဘူး” သူမဘေးရှိ ယန်လွမ်မှ ညင်သာစွာ ပြောလိုက်သည်။

အဘွာအိုသည် ခဏတာ တိတ်ဆိတ်နေပြီးမှ လေးနက်စွာ ပြန်ပြောသည်။ “သူက သံကြိုးကို သေချာလေ့လာပြီး စဉ်းစားနေတာပဲ။ ငါတို့ အတိတ်မှာ လုပ်ခဲ့သလိုပေါ့”

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု တောင်ပေါ်တွင် ထိုင်နေသည့် အကြီးအကဲနှင့် အခြားသူများသည်တော့ စုမင်၏ အပြုအမူနှင့် ပတ်သက်၍ ပဟေဠိ ဖြစ်နေခဲ့သည်။ သူတို့ ထိုအကြောင်း စဉ်းစားနေသည့် အချိန်မှာပင် ဖန်းချန်းလန်သည် ဘေးဘက်ရှိ လှေကားထစ်များမှ ပေါ်လာပြီး တောင်ထိပ်ဆီသို့ လျှောက်လာခဲ့သည်။ သူမသည် သူတို့အား အာရုံမထားဘဲ တောင်စွန်းတွင်သာ ရပ်ရန် ရွေးချယ်လိုက်ပြီး အဝေးရှိ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းဆီသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

ပုချန့်တောင်သည်တော့ သုသာန် တစပြင်သဖွယ် တိတ်ဆိတ်လျက်။ သူတို့၏ အကြည့်များသည်တော့ အဝေးရှိသံကြိုးပေါ်တွင် ထိုင်နေသည့် စုမင်အပေါ်တွင်သာ စူးစိုက်ထားကြသည်။ သူတို့ အကြည့်များတွင်တော့ မသေချာ မရေရာမှုများ ပါဝင်နေခဲ့သည်။

‘သူ ဘာလုပ်နေတာလဲ’ ဆိုသောမေးခွန်းသည် လူတိုင်း၏ စိတ်ကူးထဲတွင် ရှိနေသည့်အရာပင် ဖြစ်သည်။

‘ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက တကယ်ပဲ ဘာတွေများလဲ ...’

စုမင် ခေါင်းကိုငုံ့လျက် အောက်ဘက်ရှိ ချောက်နက်ကြီးများကို ကြည့်လိုက်သည်။ ထိုနေရာရှိ အရာအားလုံးသည် မှောင်မည်းနေခဲ့သည်မှာ ထိုအထဲသို့ ပြုတ်ကျလာမည့် လူများကိုမျိုချရန် စောင့်ဆိုင်းနေခဲ့သည့် သားရဲတစ်ကောင်၏ ပါးစပ်ပေါက်ကြီး သဖွယ်ပင်ဖြစ်သည်။ သံကြိုးနှင့် ပတ်သက်၍ သူ သံသယရှိ နေမိသည်။

အချိန် အတော်ကြာပြီးချိန်တွင် သူဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထို့နောက် ညာခြေဖြင့် ရှေ့သို့ ခြေတစ်လှမ်း စတင်လှမ်းလိုက်ရင်းဖြင့် သူ့အရှေ့တွင် တည်ရှိနေသည့် ဆဋ္ဌမမြောက် ကျောက်တိုင်ထံသို့ ဦးတည် လျှောက်သွားလိုက်သည်။

စုမင်ထရပ်လိုက်ပြီး ရွေ့လျားလိုက်သည့် အချိန်တွင်ပင် ဟန်တောင်တန်း မြို့တော်သည် ပွက်လောရိုက် ဆူညံသွားပြန်သည်။ သူ့အား စောင့်ကြည့်နေခဲ့သူ အားလုံးသည် စုမင် နောက်ဆုံးပြန်လည် ရွေ့လျားသည်ကို မြင်လိုက်သည်နှင့် အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

“သူ ထလိုက်ပြီ”

“ငါတို့ အချိန်အတော်ကြာ လုံလောက်အောင် စောင့်ခဲ့ရတယ်။ နောက်ဆုံးတော့ သူနောက်တစ်ကြိမ် ပြန်လှုပ်ရှားလာပြီပဲ။ ဒါပေမဲ့ ငါသိချင်တာက သူဘာလို့များ စောစောက ရပ်တန့်နေခဲ့တာလဲ ဆိုတာပဲ”

စုမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့သို့ လျှောက်လှမ်းလိုက်သည်။ သူ့ခြေလှမ်းများသည်တော့ ပိုမိုနှေးကွေး နေခဲ့သည်။ သူခြေတစ်လှမ်းလှမ်း၍ ခြေထောက်နှင့် သံကြိုးထိသည့် အချိန်တိုင်းတွင် အသက်စွမ်းအားများကို စုပ်ယူခြင်း ခံနေရပြီး ၎င်းသည် သူ့ကို မသက်မသာ ခံစားရစေပြီး စတင်အားနည်းလာစေသည်။

သူ့စိတ်ထဲတွင်တော့ သူ၏ဘဝသက်တမ်း ကုန်ဆုံးသွားပြီး ဟန်တောင်တန်း၏ သံကြိုးကို ဆက်လက် မလျှောက်လှမ်းနိုင်တော့ သကဲ့သို့ ခံစားနေရသည်။ ခြေတစ်လှမ်းစီတိုင်းတွင် သူ့ဘဝ၏ အစိတ်အပိုင်း တစ်ခုစာ ကုန်ဆုံးသွားသလို ခံစားနေရ၏။ ထိုခံစားမှုမျိုးသည် အခြားသူများ နားလည်ရန် ခက်ခဲပေလိမ့်မည်။ လူတို့သည် ဘဝသက်တမ်း ကုန်ဆုံးသွားချိန်မှသာ ဆုံးရှုံးသွားသော အချိန်အတွက် ညည်းတွားတတ်ကြခြင်း ဖြစ်သည်။

သို့သော် ဟန်တောင်တန်း၏ သံကြိုးတန်းသည်တော့ လူတစ်ဦး၏ ဘဝအဆုံးသတ် အထိ အချိန်ကို လျှော့ချလိုက်ပြီး ဝမ်းနည်းပူဆွေးမှုကို ခံစားရစေသည်။

ထိုအခိုက်တွင် စုမင်မျက်နှာသည် ဖျော့တော့နေခဲ့ပြီ ဖြစ်သည်။ သူ၏ အသက်စွမ်းအားကို လှုံ့ဆော်နိုင်ရန် ချီကို လှည့်ပတ်နေခဲ့သော်လည်း သူဝေးဝေးသို့ ရောက်လာသမျှ အသက်စွမ်းအား စုပ်ယူခံရနှုန်း သည်လည်း ပိုမိုသန်မာလာခဲ့သည်။ သူဆက်လက်၍ ထိန်းညှိ ထားနိုင်တော့မည် မဟုတ်ပေ။ သံကြိုးသည် သူ့ကိုသူ ခိုင်ခံ့စေရန် စုမင်၏ အသက်စွမ်းအားများကို စုပ်ယူရင်း စိတ်လှုပ်ရှားစွာ ဟစ်အော်နေသကဲ့သို့ပင် စုမင် ခံစားလိုက်ရသည်။

ပေ၁၀၀အကွာအဝေးသာ ဆိုသော်လည်း နောက်ဆုံးခြေလှမ်းများ အားလှမ်းရန် စုမင် အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ခန့် အချိန်ယူ၍ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့ရသည်။ ဆဋ္ဌမမြောက် ကျောက်တိုင်ပေါ်သို့ ရောက်သည်နှင့် သူ သက်ပြင်းရှည်ကြီး ချလိုက်ရင်း သူ့ရှေ့တွင် တည်ရှိနေသည့် သံကြိုး၏ သတ္တမမြောက်၊ အဋ္ဌမမြောက်၊ နဝမမြောက် အပိုင်းများနှင့် သံကြိုးဖြင့် ဆက်သွယ်နေသည့် ပုချန့်တောင်တို့ကို ငေးကြည့်လိုက်မိသည်။ ထိုအကွာအဝေးသည် တိုဟန်ပေါက်သော်လည်း စုမင်ကိုတော့ အလွန်ဝေးကွာသည် ဟူသော ခံစားမှုမျိုး ပေးစွမ်းနေခဲ့သည်။ သံကြိုး၏ နောက်ဆုံးအပိုင်း သုံးခုမှ ခက်ခဲမှုသည် ယခင်အပိုင်းများထက် ပိုမိုသာလွန်လိမ့်မည်ကို စုမင် စိတ်ကူးကြည့်ခဲ့ပြီး ဖြစ်သည်။

“ဒီသံကြိုးက ငါနဲ့ တစ်စုံတစ်ရာ ရင်းနှီးနေတယ် ...” စုမင် တီးတိုး ရေရွတ်လိုက်ရင်း မျက်လုံးတို့ကို ပိတ်လိုက်သည်။

သူ့နှလုံးသား အောက်ခြေတွင် ဖိနှိပ်ထားခဲ့သည့် ခံစားချက်များသည် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး သူ့စိတ်ထဲမှ သံသယများ၊ ထင်မြင်ချက်များ မြင့်မားလာပြီး ထိုအရာအားလုံးကို ဟန်ခုန်းနှင့် ဆက်စပ်လိုက်မိသည်။

စုမင် ဆဋ္ဌမကျောက်တိုင် ပေါ်သို့ ခြေချလိုက်ချိန်တွင်ပင် ဟန်တောင်တန်းမြို့တော်ရှိ လူအုပ်ကြီးအတွင်း ကြီးမားသော ဆွေးနွေးမှုကြီး ဖြစ်ပေါ်သွားတော့သည်။

“ဆဋ္ဌမမြောက် ကျောက်တိုင်။ အဲဒါက သံကြိုး သတ္တမြောက်အပိုင်းရဲ့ အစဆိုလည်း ဟုတ်တယ်”

“သူ သံကြိုးရဲ့ သတ္တမမြောက်အပိုင်းကို အဆုံးထိဖြတ်သန်း နိုင်ပါ့မလား ...”

“ငါတော့မထင်ဘူး။ သူ သံကြိုးရဲ့ ဆဋ္ဌမမြောက်အပိုင်းကို လျှောက်လှမ်းနေတုန်းကတောင် ရုန်းကန်နေခဲ့ရတာ။ သူ့အတွက် သတ္တမမြောက် အပိုင်းကို ပြီးနိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ် ...”

“ငါ သိထားတာတော့ အရင်တုန်းက ဟန်တောင်တန်းရဲ့ သံကြိုးတန်းတွေကို စိန်ခေါ်ခဲ့တဲ့ လူတွေက သတ္တမမြောက် အပိုင်းမှာ ကျရှုံးသွားကြတာပဲ ... အဲဒီအပိုင်းက ကျန်တာတွေနဲ့ ကွာခြားနေလို့ ဖြစ်ရမယ်”

ဆွေးနွေးသံများ စတင်လာခဲ့ချိန် အထိ စုမင် မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည်။ အချိန် အတော်ကြာ ပြီးချိန်တွင်တော့ ကောင်းကင်သည် အနက်ရောင်သို့ လုံးဝပြောင်းလဲ သွားခဲ့ပြီး လသည် တိမ်များကြားမှ ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် စုမင်မျက်လုံးတို့ကို ဖွင့်လိုက်သည်။

“ည ရောက်လာပြီ ...” စုမင် တီးတိုး ရေရွတ်လိုက်သည်။

***

All Chapters