အခန်း (၅၈၃-၅၈၄)
Vol. 42 Ch. 583-584
အခန်း ၅၈၃ - အဆင့်မြှင့်တင်ခြင်း၊ တောရိုင်းရတနာသေတ္တာများကို ရှာဖွေရယူခြင်း။
ကျွန်း၏ဧရိယာသည် လုံလောက်အောင် ကျယ်ပြန့်ခြင်းမရှိပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုတည်းနှင့် လုံလောက်မည်ဖြစ်သည်။ တူညီသောလက္ခဏာရှိသည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို သင်္ဘောပေါ်တွင် တပ်ဆင်ထားပါက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်ပေသည်။
ဟုတ်ပါသည်။ အထက်ပါအချက်အားလုံးသည် ရှောင်းယီ၏ မှန်းဆချက်ပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး အမှန်တကယ်ဖြစ်၊မဖြစ်ကိုမူ ရှောင်းယီအနေဖြင့် အတည်ပြုနိုင်မည်မဟုတ်ပေ။
အတည်ပြုနိုင်သည့်တိုင် သင်္ဘောပေါ်သို့ ရွှေ့ပြောင်းပြီးဖြစ်သော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကျွန်းပေါ်သို့ ပြန်ရွှေ့၍မရနိုင်တော့ပေ။ ပြန်လည်ပြောင်းရွှေ့လိုပါက နောက်ထပ်တစ်နှစ် စောင့်ရမည်ဖြစ်သည်။
“ကျွန်းပိုင်ရှင် အဖွဲ့တစ်ဖွဲ့ကက အခုချက်ချင်း တည်နေရာကူးပြောင်းချင်နေပါတယ်။ အဆင်ပြေမလား။”
ရှုံးတိက မက်ဆေ့ပို့လာခဲ့သည်။
ရှောင်းယီက မျက်မှောင်ကြုတ်လိုက်ပြီး အကြောင်းပြန်လိုက်သည်။
“ကောင်းပြီ သူတို့ကို သတိထားဖို့ သတိပေးလိုက်ပါ။”
“ရပါပြီ”
ရှုံးတိက အကြောင်းပြန်လိုက်သည်။
ရှုံးတိသည် မူလက နယ်မြေသစ်အား စူးစမ်းရှာဖွေရန် ပြင်ဆင်နေသူများကို နောက်နေ့မနက်ပိုင်းတွင်မှ စတင်၍ တည်နေရာကူးပြောင်းပေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ သူတို့သည် စောင့်ဆိုင်းနိုင်ခြင်းမရှိတော့ပုံရသည်။
ရှုံးတိသည် ခေါင်းခါလိုက်ပြီး အနားယူရန် ပြင်ဆင်လိုက်သည်။
နောက်နေ့မနက်ခင်းတွင် ရှောင်းယီသည် မျက်လုံးနှစ်လုံးပွင့်လာသည်နှင့်တစ်ပြိုင်နက် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလက်ဆောင် - အဆောက်အဦးအမျိုးအစား အဆင့်မြှင့်တင်ရေးကတ်။”
“အဆောက်အဦး အမျိုးအစား အဆင့်မြှင့်တင်ရေးကတ် - အဆောက်အဦးတစ်ခုကို အဆင့်တစ်ဆင့်မြှင့်တင်နိုင်သည်။”
ရှောင်းယီသည် ဤကဲ့သို့ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။ သူပိုင်ဆိုင်သည့် အဆောက်အဦးများထဲမှ မည်သည့်အမျိုးအစား သို့မဟုတ် အဆင့်ရှိသည့် အဆောက်အဦးများကို မြှင့်တင်ရမည်ကို စဉ်းစားကြည့်လိုက်သည်။
အသေးစားအများပြည်သူသုံးအိမ်သာ၊ အသေးစား ကမ်းခြေအပန်းဖြေစခန်း၊ အသေးစား ပင်လယ်ဆားထုတ်စက်ရုံ၊ အသေးစယး နျူကလီးယားစွမ်းအင်စက်ရုံ...
ထိုသို့စဉ်းစားလိုက်သည်နှင့် သူ ထပ်ပြီးမစဉ်းစားတော့ပေ။ အသေးစားနျူကလီးယားစွမ်းအင်စက်ရုံကို အဆင့်မြှင့်တင်ရန်မှာ အလွန်သိသာထင်ရှားသောရွေးချယ်မှုတစ်ခုဖြစ်သည်။
သူသည် အဆောက်အဦး အဆင့်မြှင့်တင်ရေး ကတ်ကို ထုတ်ယူလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စတင်လုပ်ဆောင်လိုက်သည်။
“အသေးစားနျူကလီးယားစွမ်းအင်စက်ရုံကို အဆင့်မြှင့်တင်ရန် အဆောက်အဦး အဆင့်မြှင့်တင်ရေး ကတ်တစ်ခုသုံးပါမည်။ အတည်ပြုပါသလား။”
“အတည်ပြုတယ်။”
“နေရာလွတ် မလုံလောက်ပါ။ အဆင့်မြှင့်တင်မှုမပြုလုပ်မီ စတုရန်းမီတာ ၂၀,၀၀၀ ခန့် နေရာလွတ်ချန်ထားရန် လိုအပ်ပါသည်။”
ရှောင်းယီ အနည်းငယ် ကူကယ်ကာမဲ့သွားခဲ့သည်။ သူ ထပ်မံမေ့သွားခဲ့ပြန်သည်။ ထို့ကြောင့် အန်းယွဲ့ကို ဖုန်းခေါ်လိုက်ရသည်။
“ဦးလေးအန်း နျူကလီးယားစွမ်းအင်စက်ရုံအနီးတဝိုက်ကို နေရာလွတ် စတုရန်းမီတာ ၁၀,၀၀၀ လောက် ထပ်ပြီးရှင်းလင်းပေးပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“ရပါပြီ”
အန်းယွဲ့က အကြောင်းပြန်လိုက်သည်။ ထပ်မံမေးမြန်းစရာမလိုဘဲ ရှောင်းယီတွင် နေရာချရှိရန်လိုအပ်သည့် အထူးအဆောက်အဦးများ ရရှိထားပြီဖြစ်ကြောင်း သူသိလိုက်လေသည်။
အန်းယွဲ့သည် ချက်ချင်းပင် လူများစွာစုဆောင်းကာ အသေးစား နျူကလီးယားစွမ်းအင်စက်ရုံအနီးတဝိုက်ကို စတင်ရှင်းလင်းလိုက်သည်။
မနက်စောစောတွင် လူတိုင်းသည် စွမ်းအားပြည့်ဝနေခဲ့ကြသည်။ အဓိကအားဖြင့် ဤကဲ့သို့ ယာယီအလုပ်မျိုးသည် လုပ်အားခကောင်းကောင်းရသောကြောင့်ပင်။
သူတို့သည် တစ်နာရီအတွင်း ရှင်းလင်းပြီးစီးသွားခဲ့သည်။
ရှောင်းယီသည် အဆောက်အဦးအမျိုးအစား အဆင့်မြှင့်တင်ရေးကတ်ကို ထပ်မံအသုံးပြု၍ အဆင့်မြှင့်တင်လိုက်သည်။
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။ ရရှိသည့် အဆောက်အဦး - 【အလတ်စား နျူကလီးယားစွမ်းအင်စက်ရုံ】 (SSSအဆင့်) ၁။”
ရှောင်းယီသည် အလတ်စား နျူကလီးယားစွမ်းအင်စက်ရုံ တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် မူလစက်ရုံထက် နှစ်ဆကြီးမားလာခဲ့ပြီး တစ်ချိန်တည်းမှာပင် စနစ်၏ဖော်ပြချက်များလည်း ထွက်ပေါ်လာခဲ့သည်။
“【အလတ်စား နျူကလီးယားစွမ်းအင်စက်ရုံ】 (SSS အဆင့်) - အလွန်သန့်ရှင်းပြီး ကျစ်လစ်သိပ်သည်း၍ ဘေးကင်းလုံခြုံသော နျူကလီးယားစွမ်းအင်စက်ရုံ၊ အလတ်စားမြို့ကြီး ၁၀ မြို့အတွက် လျှပ်စစ်ဓာတ်အားပေးနိုင်စွမ်းရှိသည်။”
စနစ်ဖော်ပြချက်သည် “တစ်” မှ “ဆယ်” ဟူသည့် စကားလုံးတစ်လုံးသာ ပြောင်းလဲသွားခဲ့သည်။
လျှပ်စစ်ဓာတ်အား ၁၀ ဆ တိုးလာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းကို မလိုအပ်သေးသော်လည်း အနာဂတ်တွင် လျှပ်စစ်ဓာတ်အားသည် ကျွန်းအတွက် အရေးပါဆုံးသောအရင်းအမြစ်များထဲမှ တစ်ခုဖြစ်လာမည်မှာ သေချာပေသည်။
ထို့အပြင် အခြားသေးငယ်သည့်အဆောက်အဦးများသည် အဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုရန် ထိုက်တန်ခြင်းမရှိပေ။
အန်းယွဲ့သည် အစက အဆောက်အဦးအသစ်တစ်ခုအား နေရာချရှိရန် လိုအပ်မည်ဟု ထင်မှတ်ကာ ၎င်း၏ထူးခြားချက်ကို ပထမဆုံးမြင်တွေ့ရန် ဤနေရာတွင် စောင့်မျှော်နေခဲ့သော်လည်း မူလက သေးငယ်သော နျူကလီးယားစက်ရုံအား ချဲ့ထွင်လိုက်ရုံသာဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ကျွန်းပိုင်ရှင် ဒါကို အဆင့်မြှင့်တင်လိုက်တာလား။”
အန်းယွဲ့က မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။
“အဆင့်မြှင့်တင်လိုက်တာပါ။ အသေးစားကနေ အလတ်စားကို ပြောင်းလိုက်တာ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ၁၀ ဆ တိုးသွားတယ်။”
အန်းယွဲ့သည် သူ၏ခေါင်းကိုသာ အသာညိတ်လိုက်ပြီး အလွန်အံ့အားသင့်သွားခဲ့ခြင်းမျိုးတော့ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်ထက် နှစ်ဆဖြစ်စေ၊ လက်ရှိထက် ၁၀ ဆဖြစ်စေ၊ ကျွန်းတစ်ခုလုံးအတွက် လိုအပ်သည်ထက် ပိုနေသောကြောင့်ဖြစ်ပြီး အန်းယွဲ့အတွက် ဘာမှခြားနားခြင်းမရှိသောကြောင့်ပင်။
သို့သော် ရှောင်းယီအတွက်မူ ကွဲပြားသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၁၀ ဆတိုးလာခြင်းဖြင့် စူပါဘက်ထရီကို ပိုမိုလျင်မြန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။
စူးပါဘက်ထရီကိုအားသွင်းရန် ယခင်က ၃၃၆ ရက် လိုအပ်သော်လည်း ယခုအခါ ရက် ၃၃.၆ ရက်သာ လိုအပ်တော့မည်ဖြစ်သည်။
စူပါဘက်ထရီသည် ကျွန်းပေါ်တွင် မလိုအပ်တော့သော်လည်း အခြားကျွန်းများပေါ်တွင် အရေးပေါ်အရံအဖြစ် အသုံးပြုနိုင်သည်။
ထို့အပြင် စူပါဘက်ထရီကို အပျော်စီးရွက်သင်္ဘဪပေါ်တွင် တိုက်ရိုက်ထားရှိနိုင်ပြီး အပျော်စီးရွက်သင်္ဘောအား ကန့်သတ်ချက်မရှိ ခရီးဆက်သွားနိုင်စေမည်ဖြစ်သည်။
ရှောင်းယီ ဗီလာသို့ ပြန်လည်ရောက်ရှိလာသောအခါ ကျန်းယွင်ထျန်းသည် ပထမထပ်တွင် နံနက်စာစားနေပြီဖြစ်သည်။
“တစ်ညလုံး အလုပ်လုပ်ခဲ့တာလား။”
ရှောင်းယီက ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ကျန်းယုရဲ့ လုံခြုံရေးအတွက် စီစဉ်ပြီးသွားပြီ။ ကျန်တာတွေကို ဦးလေးအန်း ကိုင်တွယ်ဖြေရှင်းပေးဖို့ပဲ လိုတော့တယ်။”
“အင်း ပင်ပန်းသွားပြီး။ ဒီနေ့တော့ အနားယူလိုက်ပါ။”
ရှောင်းယီက နွားနို့တစ်ငုံသောက်ကာ ပြန်ပြောလိုက်သည်။
“ဟားဟား...။ မင်း ငါ့ကိုမပြောရင်တောင် ငါလည်း အပန်းဖြေစခန်းကို သွားပြီး အနားယူဖို့ လုပ်ထားပြီးသားပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုအတောအတွင်း မနေ့ညက လေမျိုးနွယ်စုအနီးသို့ တည်နေရာကူးပြောင်းခဲ့သော မဟာမိတ်အဖွဲ့သည် ခက်ခဲသောအခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။
“အဖွဲ့ခေါင်းဆောင် ကျုပ်အထင်တော့ ဒါကို ကျုပ်တို့နဲ့အတူ သယ်ဆောင်သွားသင့်တယ်။ ကျုပ်တို့ ဒီတိုက်ကြီးသစ်ထဲကို အတော်လေးဝေးဝေးရောက်နေပြီ။ အမြင့်ဆုံးအဆင့်ရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေက B အဆင့်ပဲ တွေ့ခဲ့ရတာ။ လူတိုင်းတွေပြောသလောက်လည်း အန္တရာယ်မရှိပါဘူး။”
“ကျုပ်ကတော့ ဒါကို ပြန်လဲလှယ်ပေးလိုက်တာ ပိုကောင်းတယ်လို့ထင်တယ်။ သတိထားတာက ဘယ်တော့မှ မမှားဘူး။ တစ်ယောက်ယောက်ကသာ ခိုးယူသွားရင် ကျုပ်တို့ ဒီလောက်ဝေးဝေးကြီးရောက်လာခဲ့တာ အလဟဿဖြစ်သွားလိမ့်မယ်။”
“မဟုတ်ဘူး...။ ဒီလို ပြန်ပြီးလဲလှယ်လိုက်ရင် ယီရန်ပင်းကို ဒီနေရာက ရတနာတွေပြည့်နေတယ်လို့ ပြောပြတာနဲ့ အတူတူပဲ။ သူက ဒါကို တပ်မက်သွားရင် ဘယ်လိုလုပ်မလဲ။”
“မင်း ဘာတွေပြောနေတာလဲ။ မင်း ယီရန်ပင်းသူဌေးကို မပြောရင်တောင် သူမသိဘူးလို့ မင်းထင်နေတာလား။”
“ငြင်းခုံနေတာတွေ ရပ်လိုက်တော့။ ငါ့ကို စဉ်းစားပါရစေဦး။ လူတိုင်း နေရာယူပြီး နိုးနိုးကြားကြားနဲ့ အနားယူကြ။”
“ဟုတ်ကဲ့...။”
ထိုအဖွဲ့သည် တိုက်ကြီးကို စူးစမ်းရှာဖွေနေရင်း သစ်တောထဲတွင် B အဆင့်သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ပြီး ရတနာသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖွင့်ကြည့်လိုက်သောအခါ ထိုထဲတွင် အုတ်မြစ်ကျောက် ၄၀ ပါရှိပြီး စာလိပ်တစ်စောင်လည်း ပါဝင်နေခဲ့သည်။ ၎င်းသည် ပုံစံကွက်အမျိုးအစားတစ်ခု ဖြစ်ပုံရသည်။
အုတ်မြစ်ကျောက် ၂၅ ခုလောက်သာ ကုန်ကျသည့် တည်နေရာကူးပြောင်းခသည် ဤရတနာသေတ္တာနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့သလိုပင်။
သူတို့သည် အုတ်မြစ်ကျောက် ၄၀ နှင့် စာလိပ်များကို သူတို့နှင့်အတူ သယ်ဆောင်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုပြီး တိုက်ရိုက် တည်နေရာကူးပြောင်းရန် ရွေးချယ်နိုင်ပေသည်။
သို့သော် ဤကဲ့သို့ပြန်သွားလျှင် တည်နေရာကူးပြောင်းခကုန်ကျခဲ့ရခြင်းက အလဟဿဖြစ်သွားသလို ခံစားရမည်ဖြစ်သည်။
သူတို့သည် ဤပစ္စည်းများကို သယ်ဆောင်သွားရင်း မထင်မှတ်ထားတဲ့အခြေအနေများဖြင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေခဲ့ကြသည်။ ဥပမာ တစ်ယောက်ယောက်က ခိုးယူသွားခြင်းမျိုးဖြစ်သည်။
ယီရန်ပင်းပိုင်ဆိုင်သည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ပြန်လည်လဲလှယ်ပေးမည်ဆိုပါက ယီရန်ပင်း၏ အစွမ်းထက်အဖွဲ့၏ လောဘတကြီးဝင်လာခြင်း သို့မှမဟုတ် စူးစမ်းရှာဖွေသူ အများကြီးကို ဆွဲဆောင်မိခြင်းမျိုး ဖြစ်သွားခဲ့လျှင် သူတို့ရဲ့ရလဒ်တွေကို ထိခိုက်သွားနိုင်ပေသည်။
မိနစ် ၂၀ လုံးလုံး စဉ်းစားပြီးနောက် အဖွဲ့ခေါင်းဆောင်က ထရပ်ကာ ပြောလိုက်သည်။
“ပြန်ပြီးလဲလှယ်ကြရအောင်။”
“ဒီလိုဆိုရင် ယီရန်ပင်းက ငါတို့ရဲ့ ရလဒ်တွေကို မထိဘူးဆိုတောင်မှ ပြိုင်ဘက်တွေ အများကြီးကို ဆွဲဆောင်မိသွားမှာပဲ။”
“ဒီတိုက်ကြီးက အရမ်းကျယ်ပြန့်လွန်းတယ်။ အဖွဲ့တစ်ဖွဲ့တည်းနဲ့ မလုံလောက်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ငါတို့က ယီရန်ပင်းအတွက် ကောင်းတာတစ်ခုလုပ်ပေးခဲ့တာလို့ သတ်မှတ်နိုင်တယ်။ အကြီးအကဲတွေနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်တာက အရှုံးမရှိပါဘူး။ ဒါ့အပြင် ဒီမှာ လိုချင်တာရဖို့ဆိုတာက ကိုယ့်စွမ်းရည်နဲ့ ကိုယ်ရှာမှပဲရမယ်။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူးလား။”
အဖွဲ့ခေါင်းဆောင်က ပြန်ပြောလိုက်သည်။
“ကျုပ် သေချာပေါက် ယုံကြည်တယ်။ အဖွဲ့ခေါင်းဆောင် ပြောသလိုပဲ လုပ်ကြရအောင်။”
“ပြန်သွားကြမယ်။ အနားယူပြီးရင် အလုပ်ဆက်လုပ်ကြမယ်။”
အဖွဲ့ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ သူတို့သည် တစ်ညလုံး စူးစမ်းရှာဖွေနေခဲ့ကြခြင်းဖြစ်လေသည်။
“ဟုတ်ကဲ့”
အဖွဲ့ခေါင်းဆောင်သည် အဖွဲ့ကိုဦးဆောင်ပြီး သင်္ဘောကြီးအနီးသို့ မြန်မြန်ပြန်လာခဲ့သည်။ ရှုံးတိနှင့် ညှိနှိုင်းပြီးနောက် သူတို့၏ရှာဖွေတွေ့ရှိမှုများကို ပြန်လည်လဲလှယ်ပေးရန် ရှုံးတိအား အကူအညီတောင်းခဲ့ကြသည်။
“【အုတ်မြစ်ကျောက်】၄၀၊ 【အားကောင်းသောဒူးလေးပုံစံကွက်】 (Bအဆင့်) ၁ - အခမဲ့လဲလှယ်မှု။”
ထိုလဲလှယ်မှုမှတစ်ဆင့် အဖွဲ့သည် နောက်ဆုံးတွင် ထိုစာလိပ်က မည်သည့်အရာဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။
“B အဆင့် ပုံစံကွက်တစ်ခုပဲ။”
အဖွဲ့ခေါင်းဆောင်သည် အံ့အားသင့်သွားခဲ့ပြီး သတိတကြီးဖြင့် ရှုံးတိနှင့် အနီးရှိ မှော်ဆရာရှန်းကို အလျှင်အမြန် ကြည့်လိုက်လေသည်။
အခန်း ၅၈၄ - ရတနာအကြောင်း သတင်းအချက်အလက်၊ ဂျေဘီ တည်နေရာဝယ်ယူလိုခြင်း
မှော်ဆရာရှန်းနှင့် ရှုံးတိသည် လုံးဝတုံ့ပြန်ဖြင်းမရှိခဲ့ပေ။ သူတို့သည် ဤ B အဆင့် ပုံစံကွက်ကို အထင်သေနေသည့်ဟန်ပင် ရှိနေခဲ့သည်။
သူတို့၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
ရှုံးတိဘက်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ရှောင်းယီ၏ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြစ်သည်။ အခြားသူများသည် ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် မည်သည့်လဲလှယ်မှုမျိုးပြုလုပ်သည်ဖြစ်စေ ရှောင်းယီက စောင့်ကြည့်စစ်ဆေးနိုင်ပေသည်။
ထိုစောင့်ကြည့်စစ်ဆေးရေးတာဝန်ကို ဆုဝမ်ကိုလည်း ခွဲဝေပေးအပ်ထားခဲ့သည်။
ထိုလဲလှယ်မှုကို မြင်တွေ့လိုက်ရပြီးနောက် ဆုဝမ်သည် ချက်ချင်းပင် ရှောင်းယီထံသို့ အစီရင်ခံလိုက်သည်။
ရှောင်းယီသည် အနည်းငယ်ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်းပင် ရှုံးတိကို ဆက်သွယ်လိုက်သည်။
“ရှုံးတိ သူတို့ကို မထွက်သွားသေးဖို့ ပြောပြီး ဗီဒီယိုဖွင့်လိုက်ပါ။”
“ဟုတ်ကဲ့”
ရှောင်းယီက တုံ့ပြန်လိုက်ပြီး အဖွဲ့ခေါင်းဆောင်အား “ခဏစောင့်ဦး” ဟု ပြောလိုက်သည်။
သူ၏ဘေးနားတွင်ရှိနေသော စစ်သားသည် ထွက်ခွာရန်ကြိုးစားနေသည့် အဖွဲ့ခေါင်းဆောင်ကို ချက်ချင်းပင် လက်နှင့်ဟန့်တားလိုက်လေသည်။
အဖွဲ့ခေါင်းဆောင်သည် ရှုံးတိက သူ့ကို တားမြစ်လာသည်အား မြင်လိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး သူ၏လက်နက်ကို ဆုပ်ကိုင်လိုက်လေသည်။
“ခင်ဗျားတို့ စိုးရိမ်စရာမလိုပါဘူး။ ကျုပ်တို့ရဲ့ ကျွန်းပိုင်ရှင်က ခင်ဗျားကို မေးခွန်းနည်းနည်းလောက် မေးချင်ရုံပါပဲဲ။”
ရှုံးတိက ပြောလိုက်သည်။
“ယီရန်ပင်းအကြီးအကဲလား...။”
အဖွဲ့ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲတွင်မူ “ဒီတော့ ကုန်းမြေတိုက်သစ်ကနေ ရရှိခဲ့တဲ့ ရလဒ်တွေက သူ့ရဲ့အာရုံကို ဆွဲဆောင်မိသွားပြီလား။” ဟု တွေးလိုက်မိသည်။
အဖွဲ့ခေါင်းဆောင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ပြန်လာပြီး ဖန်သားပြင်ပေါ်ရှိ လူငယ်လေးရှောင်းယီကို ကြည့်ကာ အလွန်အံ့အားသင့်သွားခဲ့သည်။
“မင်္ဂလာပါ...။ ကျုပ်က ယီရန်ပင်းပါ။ ခင်ဗျား ဒီတစ်ကြိမ်ပြန်ပို့လိုက်တဲ့ ပစ္စည်းတွေက ကုန်မြေတိုက်သစ်ကြီးကနေ ရတာလားလို့ မေးချင်ပါတယ် “
ရှောင်းယီက မေးလိုက်သည်။
အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ အကြီးအကဲ။ ဒါတွေက တကယ်ပဲ ကျုပ်တို့ ဖွင့်လှစ်ခဲ့တဲ့ ရတနာသေတ္တာထဲက ရရှိခဲ့တာပါ။”
“ရတနာသေတ္တာလား။ ဒီအကြောင်းကို ပိုပြီးပြောပြပေးနိုင်မလား။”
ရှောင်းယီက မေးလိုက်သည်။
“ဒီအချက်အလက်အတွက် B အဆင့် အစားအစာကို လဲလှယ်ပေးပါ့မယ်။ ၅ ကီလိုဂရမ်ဆို လုံလောက်မလား။”
“လုံလောက်ပါတယ်၊ လုံလောက်ပါတယ်။”
အဖွဲ့ခေါင်းဆောင်သည် မူလက ယီရန်ပင်းဆီမှ မျကိနှာသာရလိုခဲ့ခြင်းဖြစ်ပြီး ယခု အဆင့်မြင့်အစားအစာ များ ရရှိမည်ဖြစ်ရာ သဘာဝအတိုင်း အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်။
နောက်တစ်ခုမှာ အဖွဲ့ခေါင်းဆောင်သည် ရတနာသေတ္တာကို မည်သို့တွေ့ရှိခဲ့ပုံနှင့် ၎င်းအနီးရှိ အစောင့်အရှောက်သားရဲအား မည်သို့သတ်ဖြတ်ခဲ့ပုံတို့ကို ရှင်းပြခဲ့သည်။
“အင်း ကျုပ်နားလည်ပါပြီ။ ရှုံးတိ သူ့ကို အဆင့် B ငါးအသား ၅ ကီလိုဂရမ် ယူပေးလိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
ရှုံးတိက တုံ့ပြန်လိုက်သည်။
ဗီဒီယိုခေါ်ဆိုမှုပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် အနည်းငယ် တွေးတောလိုက်ပြီး သူ၏ဖုန်းကိုကောက်ယူကာ ကျန်းယွင်ထျန်းထံသို့ မက်ဆေ့ပို့လိုက်သည်။
“ကုန်းမြေတိုက်သစ်ကြီးပေါ်မှာ တောရိုင်းရတနာသေတ္တာတွေ ရှိနေတယ်။ အဖွဲ့နည်းနည်းလောက် စီစဉ်ပြီး စူးစမ်းရှာဖွေရင်းနဲ့ လေ့ကျင်းပေးလိုက်ပါ။”
အပန်းဖြေစခန်းရှိ ဘားတွင် ခံစားအနားယူနေသော ကျန်းယွင်ထျန်းသည် ထိုမက်ဆေ့ကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်းပင် မတ်တပ်ထရပ်မိလိုက်သည်။
“ဒါက ကောင်းတဲ့အရာပဲ။”
ကျန်းယွင်ထျန်းသည် အလွန်အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် ဘားမှထွက်ခွာကာ စစ်စခန်းသို့ ဦးတည်ပြေးလွှားသွားတော့သည်။
ယခင်က သူတို့၏အာရုံစူးစိုက်မှုသည် ချူဖုန်းမြို့ပေါ်တွင်သာ ရှိနေခဲ့သည်။ သို့သော်လည်း ဤတိုက်ကြီးသည် မည်မျှ ကြီူမားကျယ်ပြန့်လှသနည်း။ ချူဖုန်းမြို့သည် သေးငယ်သည့် မြို့ငယ်တစ်မြို့သာ ဖြစ်နိုင်ကောင်းဖြစ်နိုင်ပေသည်။
အခြားအဖွဲ့သုံးဖွဲ့သည်လည်း ကောင်းမွန်သည့်ရိတ်သိမ်းမှုများကို ရရှိခဲ့ကြပြီး ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြန်၍လဲလှယ်ပေးခဲ့ကြသည်။
မဟာမိတ်အဖွဲ့လေးခုသည် ပစ္စည်းကောင်းများစွာ ရရှိခဲ့သော်လည်း နှုတ်ပိတ်အမိန့်မချမှတ်နိုင်မီမှာပင် အချက်အလက်များ ပေါက်ကြားသွားခဲ့လေသည်။
“သေးစမ်း အဲ့ဒီတိုက်သစ်ကြီး ရွှေတွေပြည့်နေတာပဲ။”
“ဘာလဲ မင်းရဲ့မဟာမိတ်က အဲ့ဒီတိုက်သစ်ကြီးကိုသွားပြီး တစ်ခုခုရှာတွေ့ခဲ့တာလား။ ငါတို့ကို မြန်မြန်ပြောပြဦး။”
“ဟုတ်တယ်...ဟုတ်တယ်။ တကယ်ပဲ ရွှေတွေရှိနေတာလား။ ဒါပေမယ့် ဒီခေတ်မှာ ရွှေက ခိုင်မာတဲ့ငွေကြေးတစ်ခု မဟုတ်တော့ဘူးလေ။”
“မင်းရဲ့စာပေအပေါ်နားလည်မှုက အံ့သြစရာပဲ။ ‘ရွှေတွေပြည့်နေတယ်’ ဆိုတာက နာမဝိသေသနတစ်ခုပဲ။ မင်းက စကားလုံးအတိုင်းဖတ်လိုက်တယ်ပေါ့။”
“မင်းတို့ ဘာတွေ့ခဲ့တာလဲ။ အခုပြောပြလိုက်စမ်းပါဟ။ ငါတို့ကို စိတ်တွေရှုပ်အောင်လုပ်နေတာပဲ။”
“ဟုတ်တယ်...တစ်ဝက်တစ်ပြတ်ပဲပြောတတ်တဲ့လူမျိုးကို ငါအမုန်းဆုံးပဲ။”
“အားလုံးက စပွိုင်လာတွေကို မုန်းတယ်မဟုတ်လား။ ဒါဆို ကိုယ့်ဟာကိုယ် သွားပြီး ဘာတွေ့လဲဆိုတာ ကြည့်လိုက်လေ။”
“မဟုတ်ဘူး...မဟုတ်ဘူး။ စပွိုင်လာတစ်ချို့ပေးတာက ပိုကောင်းပါတယ်။”
“မင်းတို့က ရလဒ်မမြင်မချင်း အလုပ်မလုပ်ချင်တဲ့ ငနဲအစုပဲ။ မနေ့က အကြီးအကဲက မင်းတို့ကို ထိုတည်နေရာကူးပြောင်းဖို့ ခွင့်ပြုပေးခဲ့တယ်။ မင်းတို့အားလုံးက စျေးကြီးတယ်လို့ စောဒကတက်ပြီးတော့ မသွားချင်ခဲ့ကြဘူး။ အခု အောင်မြင်မှုရှိတယ်ဆိုတာ ကြားတော့ ထပ်ပြီးစိတ်ဝင်စားလာကြပြန်ပြီ။”
“ဟုတ်တယ်...။ ဒီတစ်ယောက်က တော်တော်ပါးစပ်မြန်တာပဲ။ ကျုပ်တို့မဟာမိတ်က ကုန်းမြေတိုက်သစ်ကြီးအကြောင်း အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမပြုဖို့ ချက်ချင်း နှုတ်ပိတ်အမိန့်ထုတ်ပြန်ခဲ့သင့်တာ။”
“ညီအစ်ကို ဒီလိုတော့မလုပ်ပါနဲ့။ အားလုံး အတူတူ ချမ်းသာကြရအောင်လေ။”
“မင်းက ချမ်းတော့ချမ်းသာချင်တယ်။ အန္တရာယ်နဲ့ကျ ရင်မဆိုင်ချင်ဘူး။ ဒီလိုလူတွေအတွက် နေရာမရှိဘူးကွ။”
ဂရုသည် စာတိုများဖြင့် ဆူညံနေသော်လည်း နောက်ဆုံးတွင် ဘယ်သူကမှ ထိုတိုက်ကြီးသစ်တွင် သူတို့ရှာတွေ့ခဲ့သည့်ပစ္စည်းများအကြောင်း ထုတ်ဖော်မပြောပြခဲ့ကြပေ။
သို့သော်လည်း အချို့သူများသည် ထူးခြားသောအရာတစ်ခုခုကို အာရုံခံမိခဲ့ကြပြီး ချက်ချင်းပင် အဖွဲ့တစ်ဖွဲ့စီစဉ်ကာ တည်နေရာကူးပြောင်းသွားခဲ့ကြသည်။
အဖွဲ့အရေအတွက် တိုးလာခဲ့သော်လည်း ကြီးမားကျယ်ပြန့်လှသည့် မြေနေရာနှင့် နှိုင်းယှဉ်ပါက ဤအဖွဲ့များသည် တိုက်ကြီးအတွင်းသို့ ဝင်ပြီးနောက် လုံးဝထူးခြားသွားခြင်းမရှိခဲ့ပေ။
အဖွဲ့များစွာသည် ရလဒ်ကောင်းများ ရရှိလာသည်နှင့်အမျှ ယီထျန်းဂရုအတွင်းရှိ တိုက်ကြီးသစ်အကြောင်း သတင်းများသည်လည်း ပိုမိုများပြားလာခဲ့သည်။
ဤကဲ့သို့သော အရေးပါသည့်သတင်းသည် သဘာဝအတိုင်း ယီထျန်းဂရုအတွင်းတွင် ပုန်းအောင်းနေသော သူလျှိုများမှတစ်ဆင့် အခြားအင်အားစုများထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုသတင်းကို လက်ခံရရှိပြီးနောက် တိလင်းထျန်းရှားသည် ချက်ချင်းပင် သူ၏လက်အောက်ခံအဖွဲ့များစွာကို ထိုဦးတည်ရာသို့ တည်နေရာကူးပြောင်းရန် စေလွှတ်လိုက်လေသည်။
“အခြားအဖွဲ့တွေနဲ့ တိုက်ခိုက်ဖို့မကြိုးစားနဲ့။ ပိုပြီး စူးစမ်းရှာဖွေကြ။”
ဤသည်မှာ လင်းအင်ပါယာအဖွဲ့၏ အဖွဲ့တင်များအတွက် လိုအပ်ချက်ဖြစ်သည်။
စစ်သည်များကို အရင်ဆုံး စေလွှတ်ခြင်းအပြင် တလင်းထျန်းရှားသည် ထိုတိုက်သစ်ဆီသို့ ဦးတည်သွားရန် ရေတပ်တစ်ခုကိုလည်း စေလွှတ်ခဲ့သည်။
ထိုတိုက်သစ်ကြီးဆီသို့ အောင်မြင်စွာရောက်ရှိနိုင်ခဲ့ပါက သူတို့သည် ယီရန်ပင်း၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်သွားမည်ဖြစ်သည်။
လင်းအင်ပါယာ၏ တည်နေရာသည် ထိုတိုက်သစ်ကြီးနှင့် ဝေးကွာခြင်းမရှိပေ။ အနီးဆုံးအကွာအဝေးသည် ကီလိုမီတာ ၄,၀၀၀ ခန့်သာရှိသည်။
တိုက်သစ်ကြီးသည် အလွန်ကြီးမားကျယ်ပြန့်လှသောကြောင့် ရေတိုအတွင်း စူးစမ်းရှာဖွေ၍မရနိုင်ပေ။ ကနဦးအဆင့်တွင် သင်္ဘောဖြင့်ခရီးနှင်ရာ၌ အချိန်အနည်းငယ်ကြာမြင့်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ဆောင်ရမည့်အရာများစွာ ရှိလာမည်ဖြစ်သည်။
ထိုသတင်းကိုလက်ခံရရှိပြီးနောက် ရွှမ်းယွမ်ဝူဝေ့သည်လည်း စစ်သည်များစွာကို စီစဉ်ခဲ့သည်။
သို့သော် သူ၏လက်အောက်ခံများအပေါ် သူ၏တောင်းဆိုချက်များမှာမူ လုံးဝကွဲပြားခြားနားသည်။
“အခွင့်အရေးရရင် အခြားအဖွဲ့တွေကို ဝါးမျိုပစ်လိုက်။”
ရွှမ်းယွမ်ဝူဝေ့သည် ရေတပ်ကိုတော့ မစီစဉ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရှားနိုင်ငံ၏အရှေ့ပိုင်းတွင် တည်ရှိပြီး အလွန်ဝေးကွာလှသောကြောင့်ဖြစ်သည်။
ချန်းပေါ်သည် မူက ရေတပ်တစ်ခုစေလွှတ်ရန် အကြံပြုလိုခဲ့သော်လည်း နောက်ဆုံးတွင် မပြောဖြစ်ခဲ့ပေ။
အဓိကအကြောင်းရင်းမှာ အလွန်ဝေးကွာနေခြင်းကြောင့်ဖြစ်ပြီး သင်္ဘောဖြင့်ခရီးသွားမည်ဆိုလျှင် ကိုးပတ်ကျော်ကြာမည်ဖြစ်သည်။ ထိုအချိန်တွင် မဟာမိတ်အဖွဲ့၏အခြေအနေမှာ ပြောပြရန် ခက်ခဲသွားပေလိမ့်မည်။
ထိုအတောအတွင်း ပင်လယ်ရပ်ခြားမှ မဟာဗျူဟာမှူး ဂျေဘီသည်လည်း သတင်းအချက်အလက်တစ်ခုကို ရရှိခဲ့သည်။
“တိုက်သစ်ကြီးတစ်ခုလား၊ စိတ်ဝင်စားစရာပဲ။”
ဂျေဘီသည် အနည်းငယ်သာ အံ့အားသင့်သွားခဲ့သည်။ သူ့အမြင်တွင် ၎င်းသည် မြေပုံသစ်တစ်ခုသာဖြစ်ပြီး အထူးအဆန်းမဟုတ်ပေ။
သို့သော် မြေပုံသစ်တစ်ခု ထွက်ပေါ်လာခြင်းသည် အခွင့်အလမ်းသစ်များကို ဆိုလိုသည်ဖြစ်ရာ နယ်မြေသစ်များကို စူးစမ်းရှာဖွေရန်အတွက် အခွင့်အရေးကို ကြိုးစားရယူရမည်ဖြစ်သည်။
သို့သော် သူတို့ရှိရာနေရာသည် ထိုတိုက်ကြီးသစ်ထက် ပိုမိုဝေးကွာနေပြီး လက်ရှိသင်္ဘောအမြန်နှုန်းဖြင့် သွားလာရန်မှာ တစ်လ သို့မဟုတ် နှစ်လခန့် ကြာမြင့်နိုင်ပေသည်။
ထိုကဲ့သို့ ရှည်ကြာလွန်းသည့်အချိန်ပြီးနောက် လီလီပန်းများပင် အေးစက်သွားလောက်ပြီဖြစ်သည်။
ထို့ကြောင့် ဂျေဘီသည် ချက်ချင်းပင် ရှောင်းယီနှင့် ညှိနှိုင်းဆွေးနွေးမှုတစ်ခုကို စတင်လိုက်လေသည်။
“မင်္ဂလာပါ ယီရန်ပင်း၊ ကျုပ်က ဂျေဘီပါ။ ကျုပ် ခင်ဗျားဆီကနေ တိုက်သစ်ကြီးကို ဝင်ရောက်ခွင့်လက်မှတ်ကို ဝယ်ယူဖို့ ရောက်လာတာပါ။”
ဂျေဘီက တိုက်ရိုက်ပင် အဓိကအချက်ကို ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး။ လက်ရှိအချိန်မှာ အများပြည်သူကို ရောင်းချခြင်းမပြုသေးပါဘူး။”
ရှောင်းယီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
သူသည် ပထမဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည့်အတွက် ရှားနိုင်ငံသည် မြေယာပြုပြင်ခြင်း၏အကျိုးကျေးဇူးများကို ပထမဆုံးရိတ်သိမ်းသင့်ပေသည်။
“ကျုပ် စျေးကြီးကြီးပေးပါ့မယ်။ အုတ်မြစ်ကျောက် ၁၀၀,၀၀၀ နဲ့ ဝယ်ချင်ပါတယ်။”
ဂျေဘီသည် ရှောင်းယီ၏ အများပြည်သူအား မရောင်းချဟူသော စကားများကို အယုံအကြည်မရှိပေ။ သူပေးသည့်ဈေးက မှန်ကန်မှုမရှိခြင်းဟုသာ ထင်မြင်နေခဲ့သည်။
“စိတ်မကောင်းပါဘူး။ ကျုပ် တကယ်ကို အများပြည်သူကို မရောင်းချသေးတာပါ။”
ရှောင်းယီက အခိုင်အမာပြောဆိုလိုက်သည်။
“အုတ်မြစ်ကျောက် ၂ သိန်း...။”
ဂျေဘီသည် ထိုမြေပုံသစ်ကို စူးစမ်းရှာဖွေရန် အမှန်တကယ်ကို အပြင်းအထန် ကြိုးစားအားထုတ်နေခဲ့သည်။
အုတ်မြစ်ကျောက် နှစ်သိန်းသည် အတော်အတန်များပြားသော ပမာဏဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရှောင်းယီသည်လည်း အနည်းငယ် သွေးဆောင်ခံလိုက်ရလေသည်။