အခန်း (၅၉၁-၅၉၂)
Vol. 43 Ch. 591-592
အခန်း ၅၉၁ - လမ်းကြောင်းရှာဖွေရန် အစီအစဉ်ဆွဲခြင်း
“ဒီတိုက်သစ်ကြီးကို စူးစမ်းရှာဖွေဖို့ ရောက်လာတဲ့ အဖွဲ့တွေကို သတိထားဖို့ ပြောလိုက်ပါ။ ရွှမ်းယွမ်ဝူဝေ့က ဘယ်နှစ်ဖွဲ့ စေလွှတ်ခဲ့တယ်ဆိုတာ ငါတို့ မသိဘူး။”
“ဟုတ်ကဲ့...။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
“ချူဖုန်းမြို့ကနေ သတင်းအသစ်တွေ ပြန်ရောက်လာသေးလား။”
ရှောင်းယီက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ပြန်ရောက်လာတဲ့သတင်းတွေက အရင်ကသတင်းတွေနဲ့အတူတူပါပဲ။ ချူဖုန်းမြို့က သတ္တုရိုင်းအမျိုးမျိုးကို ဆက်လက်ရှာဖွေနေပါတယ်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေကြသလိုပဲ။ နေ့စဉ်ဘဝအတွက်လိုအပ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကလွဲရင် လူတိုင်းက သတ္တုတွင်းတူးဖော်ခြင်း၊ သတ္တုကြိုချက်ခြင်းတွေကို ပြုလုပ်နေကြတယ်။ ဒါပေမယ့် နောက်ထပ်လုပ်ငန်းစဉ်တွေ၊ ထုတ်လုပ်မှုတွေတော့ မရှိသေးပါဘူး။”
ရှုံးတိက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“သူတို့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပိုင်ဆိုင်သွားပြီ။ သူတို့ကိုယ်တိုင် ထုတ်လုပ်တာထက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ထုတ်လုပ်တာက ပိုအဆင်ပြေပြီး ပိုပြီးမြန်ဆန်တယ်။”
ရှုံးတိ ရုတ်တရက်နားလည်သွားခဲ့သည်။
“အဲ့ဒါကြောင့်ကိုး...။ အရင်တုန်းက သူတို့အမြောက်တွေ တည်ဆောက်ဖို့အသည်းအသန်ကြိုးစားနေခဲ့ပြီးတော့ အခုရပ်ပစ်လိုက်တာ။ အံဩစရာမရှိတော့ပါဘူး။”
ရှောင်းယီ ခေါင်းညိတ်ကာ စိတ်ထဲတွင် တွေးလိုက်မိသည်။
“ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေက သူတို့ကိုတိုက်ရိုက် အမြောက်ပုံစံကွက်ပေးလိုက်တာလား ဒါမှမဟုတ် ချူဖုန်းမြို့ရဲ့လက်ရှိအခြေအနေကို အခြေခံပြီးပြောင်းလဲပေးလိုက်တာလားဆိုတာ ငါမသိတော့ဘူး။”
တကယ်တမ်းတွင် ဤအရာကို သူကိုယ်တိုင်သာ တွေးနိုင်သည်။ ရှုံးတိကို ပြောပြလိုက်လျှင်ပင် ဒေသခံတစ်ယောက်အနေနှင့် ရှုံးတိသည် ဤအခြေအနေကို နားလည်နိုင်မည်မဟုတ်ပေ။
သူတို့စကားပြောနေစဉ်မှာပင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ကျန်ယွင်းထျန်းသည် လူတစ်စုနှင့်အတူ သင်္ဘောကုန်းပေါ်၌ ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီကိုတွေ့လိုက်ရသောအခါ ကျန်းယွင်ထျန်းက ချက်ချင်းမေးလိုက်သည်။
“ကျွန်းပိုင်ရှင် မင်းဘာလို့ ဒီကိုရောက်နေတာလဲ။”
“လူသတ်ပြီးဥစ္စာလုတဲ့ကိစ္စကြောင့်ပေါ့။”
ရှောင်းယီ ပြန်ဖြေလိုက်သည်။
ထိုအခါ ကျန်ယွင်ထျန်းသည် ဘေးတစ်ဖက်တွင်ရှိနေသော လင်းရှားကို တွေ့သွားခဲ့ပြီး မေးလိုက်သည်။
“ဘယ်လိုလဲ။ ဟုန်ချီပြောတာ အမှန်ပဲလား။”
“သေချာပေါက်မဟုတ်ဘူးပေါ့။ သူတို့က ရွှမ်းယွမ်ဝူဝေ့လွှတ်လိုက်တဲ့လူတွေပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အမှန်ပဲ။ ဒီကိစ္စဖြစ်လာတော့ ကျုပ်ပထမဆုံးတွေးမိတာက ဒီမြေးလေးရဲ့လုပ်ရပ်ပဲဖြစ်ရမယ်လို့ပဲ။ ကျုပ်အတွေးတွေက တကယ်မှန်နေတာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူက သေချင်နေတယ်ဆိုမှတော့ ငါကလည်း ကူညီပေးရတော့မှာပေါ့။”
ရှောင်းယီက အဝေးကိုငေးကြည့်ရင်း ပြောလိုက်သည်။
“ဒါပေမယ့် သူ့ရဲ့ကျွန်းက လမ်းကြောင်းနဲ့ အရမ်းဝေးနေတယ်လေ။ ကျုပ်တို့ အင်အားသုံးပြီး သွားမလို့လား။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။
“ခုဏက ဟုန်ချီက သူ့ရဲ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ငါ့ကို ရွှမ်းယွမ်ဝူဝေ့ဆီကနေ လမ်းကြောင်းရအောင်ကူညီပေးမယ်လို့ သဘောတူထားတယ်။”
“ဟမ်...”
ကျန်ယွင်ထျန်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ပြောလိုက်သည်။
“ထောင်ချောက်ဖြစ်နေမှာကို သတိထားရမယ်။”
“ဟုတ်တယ်...။ အဲ့ဒါကြောင့် ငါသေချာစဉ်းစားရဦးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် သူခေါ်လာသည့်အဖွဲ့ကို ကုန်းမြေပေါ်တွင် သူတို့ကိုယ်တိုင် စူးစမ်းရှာဖွေခွင့်ပေးလိုက်ပြီးနောက် နောက်ပြန်လှည့်ကာ ဆက်ပြောလိုက်သည်။
“အကောင်းဆုံးနည်းလမ်းကတော့ သူနဲ့ စာချုပ်ချုပ်လိုက်တာပဲ။”
“စာချုပ်လား...မဟုတ်ဘူး။ သူ့က စာချုပ်ကဒ်သုံးရလောက်တဲ့အထိ မထိုက်တန်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
တစ်ပြည်တည်းသားအချင်းချင်း သတ်ပစ်ခဲ့သည့်လူတစ်ယောက်ကို ရှောင်းယီသည် လက်အောက်ခံအဖြစ် ဘယ်တော့မှ လက်ခံမည်မဟုတ်ပေ။
“စာချုပ်မချုပ်ဘူးဆိုရင် အလှည့်အပြောင်းတွေ အရမ်းများသွားလိမ့်မယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါ့မှာ အစီအစဉ်ရှိပါတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် သူ၏အစီအစဉ်အား ကျန်းယွင်ထျန်းကို တီးတိုးပြောပြလိုက်ပြီးနောက် ကျန်းယွင်ထျန်း၏မျက်ခုံးများ အနည်းငယ်မြင့်တက်သွားခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသားသည် စိုးရိမ်ရနိုင်သည့် အခြေအနေများကို ဖြေရှင်းနိုင်ရန် အစီအစဉ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်လိုက်ကြသည်။
“ဒီတိုင်းပဲ အရင်လုပ်ကြည့်ကြရအောင်။ အစီအစဉ်တွေက အပြောင်းအလဲတွေကို မလိုက်နိုင်ဘူး။ အဲဒီအချိန်ကျမှ ကြိုးစင်ကြည့်ပြီး ကကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ မေးလိုက်သည်။
“အခု စတော့မလား။”
“အင်း...မင်းရဲ့တပ်ဖွဲ့ကို အမြန်ဆုံးစီစဉ်ထားသင့်တယ်။ ပြီးရင် ဘယ်အချိန်မဆို တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်အောင်လုပ်ထားပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက တုန့်ပြန်လိုက်သည်။
ထို့နောက် ရှောင်းယီသည် ဘေးတစ်ဖက်တွင်ရှိနေသော လင်းရှားကိုကြည့်ပြီး ပြောလိုက်သည်။
“မင်း အရင်ပြန်သွားလိုက်ပါ။ ဒီတစ်ကြိမ်ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“ဒါက မခက်ခဲပါဘူး။ ရှင် ကျွန်မတို့ကို လက်ကမ်းကူညီဖို့ အချိန်အမြန်ဆွဲထုတ်နိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်။”
လင်းရှားက ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ လောလောဆယ် အင်အားကြီးတဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်။ အဲ့ဒီအင်အားကြီးရန်သူကို ဖြေရှင်းပြီးတာနဲ့ စဉ်းစားပေးပါ့မယ်။”
ရှောင်းယီသည် အနည်းငယ်တွေးတောပြီး ပြန်ဖြေလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အချိန်ဆွဲရန် အကြောင်းပြချက်ပေးနေခြင်း မဟုတ်ပေ။ လင်းရှားသည် ရှောင်းယီအား နှစ်ကြိမ်ကူညီပေးခဲ့သည်။ ဆုလာဘ်တစ်ခုအဖြစ် ရှောင်းယီသည် သူ၏လုပ်နိုင်စွမ်းအတွင်းတွင်ရှိနေသ၍ ရေသူမျိုးနွယ်စုကို လက်ကမ်းကူညီပေးမည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။”
လင်းရှား၏မျက်လုံးများ စတင်တောက်ပလာခဲ့သည်။
လင်းရှား ပျောက်ကွယ်သွားပြီးနောက် ရှောင်းယီသည် သင်္ဘောခန်းမထဲသို့ ပြန်ဝင်ပြီး ဟုန်ချီဆီသို့ လျှောက်သွားခဲ့သည်။
“ငါ ပြောတဲ့အတိုင်းလုပ် မဟုတ်ရင် သေရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“စိတ်မပူပါနဲ့ သူဌေး၊ ကျုပ် သေချာပေါက်သူဌေးပြောတဲ့အတိုင်း လုပ်ပါ့မယ်။”
ဟုန်ချီးက ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
ရှောင်းယီ၏စကားက သူ့ကို ရွှမ်းယွမ်ဝူဝေ့အား ရှာဖွေရန် အသုံးပြုတော့မည်ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။ သူ့ဆီတွင် တန်ဖိုးတစ်ခု ရှိနေသမျှကာလပတ်လုံး အသက်ရှင်နိုင်ပေလိမ့်မည်။
ထိုစဉ် ရှောင်းယီသည် ဝါးမြားတစ်ချောင်းကို ဆွဲထုတ်ပြီး ဟုန်ချီ၏အနောက်ဘက်ပုခုံးအပေါ်နားသို့ စိုက်ထိုးလိုက်လေသည်။
ဇွက်...
“အား....”
ဟုန်ချီ ကျယ်လောင်စွာ အော်ဟစ်လိုက်ရ၏။
ရှောင်းယီသည် သူ၏အော်သံကို လျစ်လျူရှုပြီး ပြောလိုက်သည်။
“ခဏနေလို့ မင်းရဲ့မဟာမိတ်အဖွဲ့ဆီပြန်ရောက်တဲ့အခါ မဟာမိတ်အဖွဲ့ထဲကလူတိုင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးကို သင်္ဘောပေါ်ကိုလွှဲပြောင်းဖို့၊ အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းဖို့နဲ့ အရာအားလုံးကို ရွှမ်းယွမ်ဝူးဝေ့ဆီလဲလှယ်ဖို့ ချက်ချင်းအမိန့်ပေးလိုက်။”
“အား...”
ဟုန်ချီသည် သူ၏ပခုံးပေါ်မှ နာကျင်မှုကို ကြိတ်မှိတ်သည်းခံလျက်ဖြင့် စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။
“ဘာကြောင့်လဲ...။”
“မင်းပြောရမှာက ငါတို့အစောင့်တွေ မင်းကိုစောင့်ကြည့်နေတုန်း မင်း ရေထဲခုန်ချလိုက်တယ်။ နောက်ကျောကို မြားထိသွားပေမယ့် အချိန်မီ မြို့ပြန်ကျောက်ကို အသုံးပြုပြီးထွက်ပြေးနိုင်ခဲ့တယ်။ ငါတို့ကျွန်းက ကျွမ်းကျင်သူတွေက မင်းရဲ့ကျွန်းကိုရောက်လာမှာကို မင်းစိုးရိမ်မိတယ်။ အဲ့ဒါကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချက်ချင်းလွှဲပြောင်းပြီး ရွှမ်းယွမ်ဝူးဝေ့ကို အားကိုးရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ဟုန်ချီသည် အလွန်ပူးပေါင်းဆောင်ရွက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်းယီက ဆက်ပြောသည်။
“နောက်တစ်ခု၊ သူတို့ကိုသင်္ဘောကြီးနဲ့ မင်းရဲ့မဟာမိတ်အဖွဲ့ကလူတွေကို ပြောင်းရွှေ့ဖို့ ဦးတည်ချက်ကျောက်တောင်းလိုက်။ သူတို့ပေးလာခဲ့ရင် ငါတို့အလုပ်ပြီးပြီ။ မပေးဘူးဆိုရင် လမ်းကြောင်းတောင်းလိုက်။”
“နားလည်ပါပြီ။”
ဟုန်ချီက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် အသေးစိတ်အစီအစဥ်အချို့ကို ထပ်မံညွှန်ကြားပြီးနောက် ဘေးနားရှိ ကျန်းယွင်ထျန်းကို ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယွင်ထျန်းသည် အခြားလေးယောက်ဆီက ရှာတွေ့ခဲ့သော ဟုန်ချီမဟာမိတ်အဖွဲ့၏ မြို့ပြန်ကျောက်ကို ချက်ချင်းပင် အသုံးပြုလိုက်သည်။
စက္ကန့်နှစ်ဆယ်အကြာတွင် ကျန်းယွင်ထျန်းသည် သင်္ဘောခန်းမထဲမှ ပျောက်ကွယ်သွားပြီး ဟုန်ချီမဟာမိတ်အဖွဲ့၏ကျွန်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုကြီး၊ မင်း... မင်းဘယ်သူလဲ။ မလှုပ်နဲ့...။”
တင်းမာသည့်အော်ဟောက်သံတစ်ခု သူ၏နားထဲသို့ ဝင်ရောက်လာပြီးနောက် ကျန်းယွင်ထျန်းက ချက်ချင်းလှုပ်ရှားလိုက်သည်။
ဤတည်နေရာကူးပြောင်းမှုအမှတ်တွင် အမှန်တကယ်ပင် အစောင့် ၁၀ ယောက်ရှိနေသော်လည်း သူတို့၏အဆင့်များမှာ မြင့်မားလှခြင်းမရှိချေ။ ဆယ်စက္ကန့်အတွင်းမှာပင် အစောင့် ၁၀ ယောက်လုံးက မြေပြင်ပေါ်တွင် မှောက်သွားခဲ့ကြလေသည်။
နောက်အခိုက်၌ နောက်ထပ် ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ ရှောင်းယီနှင့် ဟုန်ချီပင်။
ဤအချိန်တွင် ဟုန်ချီသည် တစ်ကိုယ်လုံး ရေများစိုရွှဲနေပြီး ဝါးမြားကြောင့်ရခဲ့သည် သူ၏ပုခုံးရှိဒဏ်ရာသည်လည်း သွေးများစိမ့်ထွက်နေခဲ့သည်။
“သွား ငါခိုင်းတဲ့အတိုင်းလုပ်...”
ရှောင်းယီက ဟုန်ချီကို တွန်းထုတ်လိုက်သည်။
ဟုန်ချီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အလွန်လျင်မြန်စွာ ပြေးသွားလိုက်သည်။ သူ့ရှေ့ရှိ ဤဆရာကြီးနှင့် အလျင်အမြန် ပူးပေါင်းဆောင်ရွက်ပြီး သူ၏ဒဏ်ရာကိုမြန်မြန်ကုသမှဖြစ်ပေမည်။ မဟုတ်လျှင် ပိုးဝင်ကာရောင်ရမ်းပြီး ဤနေရာတွင်ပင် သေသွားရလိမ့်မည်။
ကျန်းယွင်ထျန်းသည် သူ၏နောက်မှ အနီးကပ်လိုက်သွားပြီး ရှောင်းယီသည်မူ သူ့လက်ထဲရှိ ဆွဲသီးတစ်ခုကိုကြည့်ရင်း လိုက်ပါလာသည်။
ဤဆွဲသီးကို ဟုန်ချီဆီက ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
“ကြည်လင်ပြတ်သားသောဆွဲသီး (A အဆင့်) - ဝတ်ဆင်သူ၏စိတ်ကို ကြည်လင်စေနိုင်သည်။ စိတ်ဝိဉာည်တိုက်ခိုက်မှုများအား ခံနိုင်ရည်ကို တိုးမြင့်စေပြီး A အဆင့်အောက် စိတ်ဝိဉာည်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်။”
“ရှန်းရဲ့စိတ်ဝိဉာည်တိုက်ခိုက်မှုက သူ့အပေါ် အကျိုးသက်ရောက်မှုမရှိတာ အံ့သြစရာမရှိတော့ဘူး။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီလိုပစ္စည်းမျိုးတောင် ရှိနေတာပဲ။ ဒါပေမယ့် နာမည်ကတော့ သိပ်မကောင်းဘူး။ ကြည်လင်ပြတ်သားသောဆွဲသီး...ဒါက သေခြင်းတရားကို ရှာဖွေနေတာမဟုတ်ဘူးလား။ တော်တော်ကံဆိုးတာပဲ။”
ဟုန်ချီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးရောက်သွားခဲ့ပြီး ချက်ချင်းပင် မဟာမိတ်အဖွဲ့ချန်နယ်တွင် အမိန့်ပေးလိုက်သည်။
“ကျွန်းပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးကို သင်္ဘောပေါ်ကို ရွှေ့ပြောင်းကြ။ အုတ်မြစ်ကျောက်တွေကိုပြန်သိမ်းပြီး ရွှမ်းယွမ်ဝူဝေ့ဆီ လဲလှယ်လိုက်တော့။”
“အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလိုတွေလုပ်နေတာလဲ။”
“ငါတို့ရဲ့လုပ်ရပ်တွေကို ယီရန်ပင်းတို့အဖွဲ့က ရှာတွေ့သွားပြီ။ မကြာခင်မှာ သူတို့ရဲ့ကျွမ်းကျင်သူတွေ ငါတို့ဆီရောက်လာတော့မယ်။ အသေးစိတ်ရှင်းပြနေဖို့အချိန်မရှိတော့ဘူး။ မြန်မြန်လုပ်ကြတော့။”
ဟုန်ချီသည် ဗီဒီယိုခေါ်ဆိုမှုဖြင့် အခြားသူများကိုတိုက်ရိုက် အမိန့်ကိုပေးလိုက်သည်။
အခန်း ၀၅၉၂ - သူလျှိုအပေါ်က သူလျှို၊ ဘယ်သူကဘယ်သူ့ကိုလှည့်စားနေသလဲ။
ဟုန်ချီသည် ရေများစိုရွှဲနေပြီး ပခုံးရှိမြားဒဏ်ရာမှ သွေးများထွက်နေသည်ကို မြင်လိုက်ရသောအခါ အခြားကျွန်းများရှိလူများသည်လည်း ချက်ချင်းပင် ယုံကြည်သွားခဲ့ကြသည်။
ထို့အပြင် သူတို့သည် အုတ်မြစ်ကျောက်ကို ရွှမ်းယွမ်ဝူဝေ့ဆီသို့ လဲလိုက်သည်ဖြစ်သောကြောင့် ဟုန်ချီက သူတို့ကိုလိမ်ပြောနေသည်ဆိုလျှင်ပင် ဟုန်ချီအတွက်အကျိုးရှိမည်မဟုတ်ပေ။
သို့သော် ယီရန်ပင်းတို့အဖွဲ့သာ သူတို့ကို ဤနေရာတွင် ရှာတွေ့သွားပါက သူတို့အားလုံး အန္တရာယ်ရှိလာမည်ဖြစ်သည်။ အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင် အနာဂတ်နေ့ရက်များမှာ လွယ်ကူတော့မည်မဟုတ်ပေ။ အဆုံးတွင် သူတို့က ရွှမ်းယွမ်မိသားစု၏တပ်ဖွဲ့ဝင်များ ဖြစ်နေဆဲပင်။
ဤသို့တွေးကြည့်ပါက ရွှမ်းယွမ်ဝူဝေ့ကို အကျိုးကျေးဇူးပြုလိုက်တာက ပို၍ကောင်းပေသည်။ ဖြစ်နိုင်လျှင် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းတွင် အလုပ်ကောင်းတစ်ခု ရှာဖွေနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရပ်နေပြီ စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ယောက်နှင့် စကားပြောနေခဲ့သည်။
“ဟုတ်ကဲ့ ကျုပ် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဦးလေးကျိ။ ဦးလေးကျိကို နှုတ်ဆက်ပါတယ်။”
ရွှမ်းယွမ်ဝူဝေ့၏ စကားဆုံးဆုံးချင်း သူဆီသို့ သီးသန့်စာတစ်စောင် ရောက်ရှိလာခဲ့သည်။
“【အုတ်မြစ်ကျောက်】 ၁၂၀၄၊ 【အကြီးစားရွက်သင်္ဘော】 ၁... အခမဲ့လဲလှယ်မှု။”
သီးသန့်ချန်နယ်ကို ဖွင့်ကြည့်လိုက်သောအခါ ရွှမ်းယွမ်ဝူဝေ့သည် ပစ္စည်းတစ်ပုံတခေါင်းကြီးအား သူ့ဆီသို့ အခမဲ့လဲလိုက်သည်ကို မြင်လိုက်ရလေသည်။
“ဘာတွေဖြစ်နေတာလဲ...။”
ရွှမ်းယွမ်ဝူဝေ့သည် ဇဝေဇဝါဖြစ်သွားသော်လည်း လုံးဝမတွန့်ဆုတ်ဘဲ လဲလှယ်မှုကို သဘောတူလိုက်သည်။
“ဥက္ကဋ္ဌ ခင်ဗျား ဒီမှာရှိနေလား။ ကျုပ်ဟုန်ချီပါ။”
ထိုသီးသန့်စာတိုကို ကြည့်လိုက်ရာ ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ်ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ မင်းထွက်ပြေးလွတ်မြောက်လာတာလား။”
နောက်တစ်ခိုက်တွင် ဟုန်ချီက ဗီဒီယိုခေါ်ဆိုမှုတောင်းဆိုချက်တစ်ခု ပေးပို့လိုက်လေသည်။
ရွှမ်းယွမ်ဝူဝေ့သည် ချန်းပေါ်ကိုခေါ်လိုက်ပြီး ထိုဗီဒီယိုခေါ်ဆိုမှုကို ပြန်ဖြေလိုက်သည်။
“အဟွတ် အဟွတ် ဥက္ကဋ္ဌ ကျုပ် အခုလေးတင် ကုန်းမြေတိုင်သစ်ကြီးကနေ ထွက်ပြေးလာတာပါ။ ပြီးတော့ အခု ပစ္စည်းအားလုံးကို ခင်ဗျားဆီလွှဲပြောင်းပေးထားပြီးပြီ။ ကျေးဇူးပြုပြီး ကျုပ်ကိုလက်ခံပေးပါ။”
ဟုန်ချီက အလောတကြီး ပြောလိုက်သည်။
ဤအရာမှာ သရုပ်ဆောင်နေခြင်းမဟုတ်ပေ။ သူ၏ပခုံးပေါ်ရှိဒဏ်ရာမှ သွေးများစီးကျနေခြင်းမှာလည်း ရပ်တန့်ခြင်းမရှိသေးပေ။
“မင်း ဘယ်လိုလွတ်လာတာလဲ။”
ရွှမ်းယွမ်ဝူးဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဟုန်ချီသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ကျုပ်အိမ်သာသွားချင်ဟန်ဆောင်ခဲ့တယ်။ စစ်သားတွေ ကျုပ်ကိုခေါ်ထုတ်လာတာနဲ့ သင်္ဘောပေါ်ကနေ ရေထဲကို တိုက်ရိုက်ခုန်ချလိုက်တယ်။ ပြီးတော့ မြားနဲ့အပစ်ခံခဲ့ရတယ်။ ကံကောင်းချင်တော့ မြို့ပြန်ကျောက်ကို အချိန်မီအသက်သွင်းနိုင်ခဲ့တယ်။ မဟုတ်ရင် ထွက်ပြေးလို့ရမှာမဟုတ်ဘူး။”
“တစ်ဖက်လူမှာ မှော်ဆရာတစ်ယောက်မှ မရှိဘူးလား။”
ရွှမ်းယွမ်ဝူဝေ့က မေးလိုက်သည်။
“ကျုပ်မှာ ဒါရှိတယ်။ မဟုတ်ရင် မှော်ဆရာက အရင်ကတည်းက ကျုပ်ကိုသတ်ပစ်ပြီးလောက်ပြီ။ 【ကြည်လင်ပြတ်သားသောဆွဲသီး】 (A အဆင့်) ၁။”
ဟုန်ချီက ပြန်ဖြေလိုက်သည်။
“ဥက္ကဋ္ဌ...ကျုပ်ပြောတာ အမှန်တွေပါ၊ မဟုတ်ရင် ကျုပ် ဘာလို့ပစ္စည်းအားလုံးကို ခင်ဗျားဆီလွှဲပြောင်းနေရမှာလဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ကျွန်းတွေပေါ်က ပစ္စည်းအားလုံးကို ခင်ဗျားဆီလဲလှယ်ခဲ့တာပါ။”
ဟုန်ချီ ပေးပို့လိုက်သောပစ္စည်းကို မြင်လိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဒီလိုပစ္စည်းကောင်းမျိုး ရှိသေးတယ်ပေါ့။ ကောင်းပြီ ဒါဆို မင်းလာခဲ့လိုက်ပါ။”
“ဒီမှာဒေသခံတွေနဲ့ မဟာမိတ်အဖွဲ့ဝင်တွေ အများကြီးရှိသေးတယ်။ မြို့ပြန်ကျောက်က သေချာပေါက်မလုံလောက်ဘူး။ ခင်ဗျားရဲ့ကျွန်းအတွက် ဦးတည်ချက်ကျောက်တစ်ခု ပေးလို့ရမလား။”
ဟုန်ချီက ပြောလိုက်သည်။
“မဟုတ်ရင် လူအများကြီးကိုစွန့်ပစ်လိုက်ရတာ နှမြောစရာကောင်းတယ်။”
“မရဘူး၊ ဦးတည်ချက်ကျောက်ကတော့ လုံးဝမဖြစ်နိုင်ဘူး။”
ရွှမ်းယွမ်ဝူဝေ့ စကားမပြောနိုင်မီမှာပင် အနားတွင်ရှိနေသော ချန်းပေါ်က ပြောလိုက်သည်။
ဟုန်ချီ၏မျက်နှာမှာ ခါးသီးသွားပြီး ပြောလိုက်သည်။
“ဒါဆို ဘယ်လိုလုပ်ရမလဲ။ ကျုပ်တို့ ဘယ်လိုလာကြရမှာလဲ။ အားလုံးကို စွန့်ပစ်လိုက်ရတော့မှာလား။”
ရွှမ်းယွမ်ဝူဝေ့က ချန်းပေါ်ကိုကြည့်လိုက်သောအခါ ချန်းပေါ်က ရှင်းပြလိုက်သည်။
“ဦးတည်ချက်ကျောက်က အရမ်းအန္တရာယ်များတယ်။ တစ်ခုခုဖြစ်ရင် ကျုပ်တို့မှာ တုံ့ပြန်ဖို့အချိန်မရှိဘူး။”
ဦးတည်ချက်ကျောက်သည် လူများကို ကျွန်းဝန်းကျင် ၁၀ ကီလိုမီတာသို့ ပို့ပေးမည်ဖြစ်သည်။ ဤတည်နေရာမှာ အလွန်နီးကပ်လွန်းပေသည်။ ဟုန်ချီသည် အမှန်တကယ် အခြားအင်အားစုမှ လူများ အထူးသဖြင့် ယီရန်ပင်းတို့အဖွဲ့ကို ခေါ်ဆောင်လာခဲ့ပါက သူတို့တွင် အမှန်တကယ် တုံ့ပြန်ရန် အချိန်ရှိမည်မဟုတ်ပေ။
ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်ပြကာ မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်ပဲ ဒီတိုင်းစွန့်ပစ်လိုက်ရတော့မှာလား။”
“မလုပ်ပါနဲ့...ဥက္ကဋ္ဌ ကျုပ်တို့ရဲ့ပစ္စည်းတွေအားလုံးကိုခင်ဗျားဆီ လဲလှယ်ထားပြီးပြီ။ ဒါတောင်မှ ကျုပ်ကိုမယုံကြည်နိုင်သေးဘူးလား။”
ဟုန်ချီက ငိုချမိလုနီးပါး ဖြစ်နေခဲ့သည်။
“ယီရန်ပင်းတို့အဖွဲ့က မြို့ပြန်ကျောက်ကနေတဆင့် ကျုပ်ကို ဒီမှာ မကြာခင်ရှာတွေ့သွားလိမ့်မယ်။ ကျေးဇူးပြုပြီး ကူညီပေးပါ။ မဟုတ်ရင်တောင်မှ ကျုပ်တို့ သင်္ဘောပေါ်အမြန်တက်မှရမယ်။”
ထိုသို့ပြောရင်းဖြင့် ဟုန်ချီသည် ဗီဒီယိုခေါ်ဆိုမှုကို အရင်အဆုံးသတ်လိုက်ပြီး ရှောင်းယီကို ကြည့်လိုက်သည်။
“သူဌေး ကျုပ် အခုဒဏ်ရာကုသလို့ရပြီလား။”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဟုန်ချီသည် ချက်ချင်းပင် လူနှစ်ယောက်ခေါ်ယူပြီး ဝါးမြားကိုဆွဲထုတ်ကာ စွန်းယောင်ဆီကဝယ်ယူထားသော ခွေးအရေပြားပလာစတာကိုကပ်ပြီး အဝတ်စကြိုးဖြင့် စည်းလိုက်သည်။
လူနှစ်ယောက်သည် အလွန်နှေးကွေးနေပြီး အားအရမ်းသုံးနေရသလိုဖြစ်နေခဲ့သည်။ ဟုန်ချီသည် နာကျင်စွာအော်ဟစ်လိုက်ပြီး နှစ်ယောက်လုံးကို ကန်ထုတ်လိုက်လေသည်။
“သေစမ်း ခွေးသူတောင်းစား မင်းတို့က ငါ့ကို နာပြီးသေအောင်လုပ်ချင်နေတာလား ထွက်သွားစမ်း။”
ဟုန်ချီက ထိုလူနှစ်ယောက်ကို ကြိမ်းမောင်းလိုက်သည်။
ရှောင်းယီသည် အနည်းငယ်မေးဆတ်ပြလိုက်ပြီးနောက် ကျန်းယွင်ထျန်း ထထွက်သွားခဲ့သည်။
“ဟမ် ဒီဆရာကြီးက ဘယ်ကိုသွားလိုက်တာလဲ။”
ဟုန်ချီ၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
“ဘာမှမဖြစ်ပါဘူး သူအိမ်သာသွားတာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ် ရွှေ့လိုက်တော့။”
“သူဌေး ခင်ဗျား တကယ်ပဲ ဒီလိုလုပ်တော့မှာလား။”
ဟုန်ချီသည် သူ၏ကျွန်းကို စွန့်လွှတ်ရန်အတွက် အနည်းငယ်ဝန်လေးနေခဲ့သည်။
“မြန်မြန်လုပ် ဆယ်စက္ကန့်အတွင်း လွှဲပြောင်းလိုက်တော့။”
ရှောင်းယီက ပြောလိုက်သည်။
ဟုန်ချီသည် အနည်းငယ်ကူကယ်ရာမဲ့သွားခဲ့ပြီး ရှောင်းယီပြောသည့်အတိုင်းသာ လုပ်လိုက်ရလေသည်။
ပြီးနောက် ရွှမ်းယွမ်ဝူဝေ့က ချန်ပေါ်ကိုပြောလိုက်သည်။
“ဦးလေးချန်း သူ့ရဲ့အမူအရာကြည့်ရရင် အမှန်အတိုင်းပြောနေတဲ့ပုံပါပဲ။ ကျုပ်တို့ သူ့ကို ဦးတည်ချက်ကျောက်ပေးလိုက်လို့ ရပါတယ်။ သူ့မှာမှော်ဆရာရဲ့စိတ်ဝိဉာည်တိုက်ခိုက်မှုကို ခုခံနိုင်တဲ့ပစ္စည်းလည်းရှိတယ်။”
“ဒါပေမယ့် ယီရန်ပင်းတို့အဖွဲ့က သူ့ကိုဒီလိုလုပ်ဖို့ ဖိအားပေးခိုင်းနေတာဆိုရင်ရောကော။ ကျုပ်တို့ သတိထားရမယ်။”
ချန်းပေါ်က ပြန်ဖြေလိုက်သည်။
“ယီရန်ပင်းတို့အဖွဲ့က သူ့ကို ဒီလိုလုပ်ခိုင်းနေတာဆိုရင်တောင်မှ ကျုပ်တို့ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ရုံပေါ့။”
ရွှမ်းယွမ်ဝူဝေ့က လှောင်ရယ်လိုက်သည်။
“ဟင်...။”
ချန်းပေါ် အနည်းငယ်ပဟေဠိဖြစ်သွားခဲ့သည်။
“ဦလေးကျိက ကျုပ်ကိုဆက်သွယ်လာခဲ့တယ်။ ယီရန်ပင်းတို့အဖွဲ့ကို ကိုင်တွယ်ဖို့ဆိုရင် သူက ကူညီထောက်ပံ့ပေးနိုင်တယ်။”
ရွှမ်းယွမ်ဝူဝေ့က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“တကယ်လား...။”
ချန်းပေါ်၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဦးလေးကျိက ကူညီဖို့သဘောတူတယ်ဆိုရင်တောင်မှ ကျုပ်တို့ သူတို့ကို ကျုပ်တို့ဆီ အလွယ်တကူ ရောက်လာစေလို့မရဘူး။ မဟုတ်ရင် သူတို့ သံသယဝင်သွားလိမ့်မယ်။ ကျုပ်တို့ သူတို့ကို လမ်းကြောင်းတစ်ခုပေးလိုက်မယ်။ ယီရန်ပင်းတို့အဖွဲ့ကနောက်ကွယ်ကနေ ကစားနေတယ်ဆိုရင်တောင်မှ လမ်းကြောင်းကနေတဆင့် ဖြည်းဖြည်းချင်းပဲလာခိုင်းရမယ်။ ကျုပ်တို့အနီးအနားက လမ်းကြောင်းတွေကိုလည်း စောင့်ကြည့်ထားရမယ်။”
“ကောင်းပြီ”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။
ဟုန်ချီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ်သို့ လွှဲပြောင်းပြီးနောက် လူတိုင်း သင်္ဘောပေါ်သို့တက်သွားပြီး ရှိပြီးသားလမ်းကြောင်းအတိုင်း ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဆီသို့ ရွက်လွှင့်သွားခဲ့ကြသည်။
ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့က နောက်ထပ်ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လာခဲ့သည်။
“ဥက္ကဋ္ဌ ဦးတည်ချက်ကျောက်ကို ငှားပေးတော့မှာလား။”
ဟုန်ချီက ဝမ်းသာအားရ မေးလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့က ခေါင်းခါပြလိုက်သည်။
“ဦးတည်ချက်ကျောက်ကို မင်းကို ငှားမပေးနိုင်ဘူး။ ဒါပေမယ့် ငါလမ်းကြောင်းတစ်ခုကိုတော့ မျှဝေပေးနိုင်တယ်။ မင်း အဲ့ဒီလမ်းကြောင်းအတိုင်း လာလို့ရတယ်။”
“ဟုတ်...ဟုတ်ကဲ့ပါ။ လမ်းကြောင်းတစ်ခုရှိတယ်ဆိုရင် အဆင်ပြေပါတယ်။”
ဟုန်ချီက အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ဘေးနား၌တိတ်တဆိတ်ရပ်နေသည့်ချန်းပေါ်က ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် ရွှမ်းယွမ်ဝူဝေ့က ဟုန်ချီဆီသို့ လမ်းကြောင်းတစ်ခုကို မျှဝေလိုက်သည်။
ထိုလမ်းကြောင်းကိုမြင်လိုက်ရသောအခါ ရှောင်းယီသည် ထိုအရာမှာ လမ်းကြောင်းအသစ်တစ်ခုဖြစ်ကြောင်း သိသွားခဲ့သည်။ အရင်ကရရှိခဲ့သည့် လမ်းကြောင်းအချို့နဲ့ အတူတူထည့်ကြည့်လိုက်ပြီးနောက် ထိုလမ်းကြောင်းသည် ရှားနိုင်ငံပိုင်နက်အတွင်းသို့ အတိအကျဖြန့်ကျက်ထားခြင်းဖြစ်သည်။
“သူဌေး ဒီလမ်းကြောင်းရအောင် ကျုပ်ကူညီပေးပြီးပြီ။ အခု ကျုပ်ကိုလွှတ်ပေးလို့ရပြီလား။”
ဟုန်ချီက သတိထားကာ ပြောလိုက်သည်။
ထိုအခါ ရှောင်းယီက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
“ငါမင်းကိုလွှတ်ပေးမယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူးလို့ ငါထင်တယ်။”
ဟုန်ချီ၏မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
“သူဌေး ကျုပ် ဒီလမ်းကြောင်းရအောင် ကူညီပေးခဲ့တယ်လေ။ ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ။”
“မင်းက တကယ်ပဲ စိတ်ရင်းမှန်နဲ့ ကူညီပေးခဲ့တာဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘာလို့ မင်းရဲ့ညီငယ်နှစ်ယောက်ကို ငါ့အကြောင်းသတင်းပို့ဖို့ စီစဉ်ထားခဲ့တာလဲ။”
ရှောင်းယီက သာမန်ကာလျှံကာ ပြောလိုက်သည်။