အခန်း (၅၉၃-၅၉၄)
Vol. 43 Ch. 593-594
အခန်း ၅၉၃ အပျော်စီးရွက်သင်္ဘောအား စေလွှတ်ခြင်း၊ ကျိမိသားစု၏စစ်ကူ
ကျန်းယွင်ထျန်းသည် သတင်းပို့ရန် အပြင်ထွက်သွားခဲ့သော လက်အောက်ငယ်သားနှစ်ဦးကို ဟုန်ချီ၏ရှေ့သို့ တိုက်ရိုက်တွန်းပို့လိုက်သည်။
ဟုန်ချီ၏မျက်နှာအမူအရာမှာ ထပ်မံပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။
“သူဌေး သူတို့က ကျုပ်စီစဉ်ထားတာ လုံးဝမဟုတ်ပါဘူး။ ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေတာပါ။”
ရှောင်းယီ ခေါင်းခါလိုက်မိသည်။
“သူ့ကို ဖမ်းထားလိုက်။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ထိုလူကို ကြိုးတုတ်ပြီး သင်္ဘောခန်းထဲသို့ ခေါ်ဆောင်သွားကာ သော့ခတ်ထားလိုက်သည်။
“ကျွန်းပိုင်ရှင် ကျန်တဲ့လူတွေကရော...။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“အဓိကလူတွေကို ဖမ်းထားပြီး ကျန်တာတွေကိုတော့ ငါတို့ကျွန်းကို အရင်ပို့ထားလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“စကားမစပ် ဒီနှစ်ယောက်က သတင်းပြန်ပို့နိုင်ခဲ့လား။”
“သူတို့ ပြန်ပို့ခဲ့တယ်။”
ကျန်းယွင်ထျန်းက အကြောင်းပြန်လိုက်သည်။
“ကျုပ် သူတို့ သတင်းပြန်ပို့တာကို စောင့်ကြည့်နေခဲ့တာ။”
ရှောင်းယီ သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ချန်းပေါ်က ဒီအကြိမ် ရေလမ်းကြောင်းကို လက်လွှတ်တဲ့နေရာမှာ ရွှမ်းယွမ်ဝူဝေ့ကို မတားဆီးခဲ့ဘူး။ သူတို့မှာ အရမ်းစွမ်းအားကြီးသော လျှို့ဝှက်ကဒ်တစ်ခု ရှိနေပုံပဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါဆို ငါတို့ ရွှမ်းယွမ်ဝူဝေ့ကို တိုက်ခိုက်တာကို ရွှေ့ဆိုင်းသင့်လား။”
“မဟုတ်ဘူး။ ငါတို့ ဒါကို ရွှေ့ဆိုင်းလို့မရဘူး။ ငါတို့ အရှိန်မြှင့်ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ငါရဲ့အမိန့်ကို ထုတ်ပြန်လိုက်။ အပျော်စီးရွက်သင်္ဘောကို အခုချက်ချင်း နောက်ဆုံးရမြေပုံအတိုင်း လိုက်သွား။ တပိုင်ကိုပါ ခေါ်ဆောင်ပြီး ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းဆီကို ဦးတည်သွားရမယ်။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် ထိုအမိန့်ကို ချက်ချင်းပင် ပြန်လည်ထုတ်ပြန်လိုက်သည်။
ဟုန်ချီကို ချက်ချင်းမသတ်ရခြင်း၏ အကြောင်းရင်းမှာ ရွှမ်းယွမ်ဝူဝေ့ကို စိတ်ရှုပ်ထွေးစေရန်ဖြစ်သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဝူဝေ့ကို ဟုန်ချီဖမ်းဆီးခံရပြီးဖြစ်ကြောင်း သူ(ရွှမ်းယွမ်ဝူဝေ့)သိရှိပြီးဖြစ်သည်ကို သူ(ရှောင်းယီ)မသိသေးဟု အထင်မှားစေပြီး သူနှင့်အတူ ပူးပေါင်း၍သရုပ်ဆောင်ရန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ချီမသေသရွေ့ ရွှမ်းယွမ်ဝူဝေ့သည် ရှောင်းယီက ဟုန်ချီ၏သင်္ဘောနှင့်အတူ သူ၏ကျွန်းသို့ လိုက်ပါလာမည်ဟု တွေးထားနိုင်ချေများပေသည်။
ဘာပဲပြောပြော အကယ်၍ လျှို့ဝှက်တိုက်ခိုက်မှုသာ အောင်မြင်နိုင်မည်ဆိုပါက မည်သူက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချင်မည်နည်း။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဟုန်ချီကိုကိုယ်စားပြုသည့် အလင်းစက်ဝိုင်းကို ကြည့်ရှုရင်း ၎င်းသည် လမ်းကြောင်းအတိုင်း သူ့ဘက်သို့ ဦးတည်လာနေခြင်းဖြစ်သည်။
“ယီရန်ပင်းက ဟုန်ချီကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး ငါတို့ကို ရောထွေးစေချင်နေပုံပဲ။”
ရွှမ်းယွမ်ဝူဝေ့သည် အရာအားလုံး သူ၏ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ ကြည့်နေခဲ့သည်။
“ဟမ့် ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဦးလေးကျိရဲ့ထောက်ပံ့မှုနဲ့သာဆိုရင် သူဘယ်အချိန်လာလာ သူ့ရဲ့အဆုံးသတ်ကိုပဲ တွေ့ရလိမ့်မယ်။”
ချန်ပေါ်က ပြုံးရယ်လျက် ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့က အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒါပေမယ့် ကျုပ်တို့လည်း ပြဇာတ်တစ်ခုလောက်တော့ ပြင်ဆင်ပြီး ကျုပ်တို့ရဲ့တန်ဖိုးကို ပြသရမယ်။”
“ကောင်းပြီ ကျုပ် တာ့ထောင်ကို သူထုတ်လုပ်ထားတဲ့ ရေမိုင်းအားလုံးကို ကျွန်းတစ်ဝိုက်မှာ ချခိုင်းထားလိုက်မယ်။ ဒါဆို သူတို့ ဒီကိုလာတဲ့အခါ လူတစ်ဝက်လောက် မသန်စွမ်းဖြစ်သွားလိမ့်မယ်။”
ချန်းပေါ်က ခေါင်းညိတ်လိုက်သည်။
တာ့ထောင်သည် ယခင်က ရေမိုင်းပုံစံကွက်ကို ရရှိခဲ့သူဖြစ်သည်။ ရှောင်းယီသည် သူ၏တောင်းဆိုချက်များကြောင့် သူနှင့်ပူးပေါင်းရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် သူသည် ရွှမ်းယွမ်ဝူဝေ့ဘက်သို့ လှည့်သွားခဲ့ခြင်းဖြစ်သည်။
ယီရန်ပင်းနှင့် တိုက်ခိုက်ရမည်ဟု ကြားလိုက်ရသောအခါ တာ့ထောင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
“အဲ့ဒီတုန်းက မင်းငါ့ကို ငြင်းဆန်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ ငါ့ရေမိုင်းရဲ့ စွမ်းအားကို မင်းတို့ကိုပြပေးမယ်။”
တာ့ထောင်က မကျေမချမ်းဖြင့် ပြောလိုက်သည်။
“ချန်းပေါ် ခင်ဗျား စိတ်မပူပါနဲ့။ သူတို့သာ ဝင်လာရဲရင် ကျုပ်ရဲ့ရေမိုင်းတွေက သူတို့ကို ဘယ်တော့မှ ပြန်မသွားနိုင်အောင် သေချာပေါက် လုပ်ပေးလိမ့်မယ်။”
“ကောင်းတယ်... ဒီတိုက်ပွဲပြီးသွားရင် မင်းရဲ့ရာထူးကို မြှင့်တင်သင့်တယ်။”
ချန်းပေါ်က တာ့ထောင်၏ပခုံးကို ပုတ်ပေးလိုက်သည်။
တာ့ထောင်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာပင် နီရဲလာခဲ့သည်။
“ချန်းပေါ် စိတ်မပူပါနဲ့။ ကျုပ် သေချာပေါက် ကြိုးစားမှာပါ။
ချန်းပေါ် ထွက်ခွာသွားပြီးနောက် တာ့ထောင်သည် ချက်ချင်းပင် ရေမိုင်းများအား နေရာချရန်အတွက် လူအမြောက်အမြားကို စီစဉ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရေမိုင်းများ ထပ်မံထုတ်လုပ်ရန်အတွက် ပစ္စည်းများ ပိုမိုတောင်းခံလိုက်သည်။
ရှောင်းယီ၏ကျွန်းပေါ်တွင် ကျန်းရွှဲ့သည် အပျော်စီးရွက်သင်္ဘောဖြင့် အဖွဲ့ငယ်တစ်ခုကို ဦးဆောင်ကာ ရှောင်းယီ မျှဝေပေးလိုက်သော ရေလမ်းကြောင်းအတိုင်း ရွှမ်းယွမ်ဝူဝေ့ဘက်သို့ ဦးတည်ကာ ထွက်ခွာလာနေပြီဖြစ်သည်။
ရေလမ်းကြောင်းအရ စုစုပေါင်းအကွာအဝေးသည် ကီလိုမီတာ ၂၀၀၀ ခန့်ရှိပေသည်။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ သတ်မှတ်ထားတဲ့နေရာကို ရောက်ရှိဖို့အတွက် ခန့်မှန်းခြေအားဖြင့် နှစ်နာရီခွဲလောက် ကြာမြင့်ပါမယ်။”
ကျန်းရွှဲ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ ရှောင်းယီထံသို့ အစီရင်ခံလိုက်သည်။
“အင်း အဲ့ဒီနေရာကိုရောက်ပြီးရင် ရပ်နေပြီး ကျုပ်ရဲ့မက်ဆေ့ကို စောင့်နေ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
အတွင်းပိုင်းသူလျှိုရှိနိုင်သည်ကို စိုးရိမ်သောကြောင့် ရှောင်းယီသည် မည်သည့်အသက်ရှင်ကျန်ရစ်သူနှင့်မှ ဆက်သွယ်ခြင်းမရှိခဲ့ပေ။
အချိန်သည် မြန်မြန်ဆန်ဆန်ပင် မွန်းလွဲပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည် ဟုန်ချီ၏သင်္ဘောပေါ်တွင် နေ့လယ်စာကို ရိုးရိုးရှင်းရှင်း စားသောက်ခဲ့သည်။ ပြီးနောက် ကျန်းရွှဲ့ဆီမှ စာတစ်စောင် ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့ ရောက်ပါပြီ။ ဒါပေမယ့် သူတို့က ဒီရေလမ်းကြောင်းကို စောင့်ကြည့်ဖို့ လူတွေစီစဉ်ထားတယ်။ ကျွန်မတို့ကို ရှာတွေ့သွားပါပြီ။”
ကျန်းရွှဲ့က ပြောလိုက်သည်။
“ကောင်းပြီ...အဆင်ပြေပါတယ်။ ရှာတွေ့ရုံပဲလေ ကိစ္စမရှိပါဘူး။ အစ်ကိုကျန်း ဟုန်ချီမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောတွေအကုန်လုံးကို ပြန်ပို့လိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ပြန်ပို့ပြီးရင် သံချပ်ကာစစ်သင်္ဘောတွေကို စစ်ဆေးလိုက်ပါဦး။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ရှောင်းယီသည် မြို့ပြန်ကျောက်ကိုအသုံးပြု၍ ချက်ချင်းပင် အပျော်စီးရွက်ပေါ်သို့ တည်နေရာကူးပြောင်းသွားလိုက်သည်။
ပြီးနောက် ကျန်းယွင်ထျန်းသည် ဦးတည်ချက်ကျောက်ကို အသုံးပြု၍ ဟုန်ချီဘက်မှ သင်္ဘောများနှင့် လူများအားလုံးကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
“ဥက္ကဌကို အစီရင်ခံပါတယ်။ သူ...သူတို့ ဒီကိုရောက်နေကြပြီ။”
လူတစ်ယောက်သည် ကြောက်လန့်တကြားဖြင့် ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။
“မင်း ဘာလိုဖြစ်လို့ ဒီလောက်ထိကြောက်လန့်နေရတာလဲ။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။”
ရွှမ်းယွမ်ဝူဝေ့က ဆူပူကြိမ်းမောင်းလိုက်သည်။
“ဘယ်သူရောက်လာတာလဲ။”
“ယီ...ယီရန်ပင်းရဲ့တပ်ဖွဲ့ပါ။”
ထိုလူက သတိထားကာ ပြန်ဖြေလိုက်သည်။
“ဘာ...။”
ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် ထိုင်ရာမှထရပ်လိုက်မိပြီး သူ၏မျက်နှာပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏မြေပုံကို ထပ်ကြည့်လိုက်သောအခါ ဟုန်ချီအားကိုယ်စားပြုသည့် အလင်းစက်ဝိုင်းမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“သေစမ်း...ဒီယီရန်ပင်းက ဟုန်ချီရဲ့သင်္ဘောကို ငါတို့ကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး အချိန်ဆွဲဖို့ အသုံးပြုခဲ့တာပဲ။ သူက ဟုန်ချီရဲ့သင်္ဘောနဲ့ လျှို့ဝှက်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားခဲ့တာမဟုတ်ဘူး။”
ရွှမ်းယွမ်ဝူဝေ့သည် ယီရန်ပင်း၏အစီအစဉ်ကို ချက်ချင်းပင် နားလည်သွားပြီး ထရပ်ကာ ခြေလှမ်းအနည်းငယ် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လိုက်ပြီးနောက် အလျင်အမြန် ညွှန်ကြားလိုက်သည်။
“မင်း ဒီသတင်းကို ချန်းပေါ်ကို အခုချက်ချင်း သွားပြောပြစမ်း။ သူ့ကို တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်...မြန်မြန်။”
“ဟုတ်ကဲ့”
ထိုလူသည် ပြန်ဖြေလိုက်ရသော်လည်း သူ့စိတ်ထဲတွင်မူ စောဒကမတတ်ဘဲ မနေနိုင်ခဲ့ပေ။
“မင်းက ငါ့ကိုကျတော့ ကြောက်လန့်နေတယ်လို့ ပြောပြီးတော့ မင်းလည်း ကြောက်လန့်နေတာပဲမဟုတ်ဘူးလား။”
သူသည် ညည်းညူရုံသာတတ်နိုင်ပြီး သူ၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။
“ဦလေးကျိ ယီရန်ပင်းက တိုက်ခိုက်နေပြီ။”
ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ဦးလေးကျိကို ချက်ချင်းပင် ရှာဖွေပြီး ပြောလိုက်သည်။
“ဟမ်...။ ဘယ်လိုအခြေအနေလဲ ငါ့ကို ဖြည်းဖြည်းချင်းပြောပြစမ်း။”
ဦးလေးကျိဟုခေါ်သူက ပြောလိုက်သည်။
“ဒီလိုပါ...။”
ရွှမ်းယွမ်ဝူဝေ့သည် အစမှအဆုံးအထိ အကြောင်းအရာအားလုံးကို ပြောပြလိုက်သည်။
ဦးလေးကျိက အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“ဒီလိုကိုး...။ ဒါက အတူတူ ဖြေရှင်းလိုက်ရုံပါပဲ။ ဒါပေမယ့် ဒီယီရန်ပင်းရဲ့အနောက်မှာ ရှေးဟောင်းသိုင်းပညာမိသားစုတွေ ရပ်တည်နေမလားဆိုတာတော့ ငါမသိဘူး။”
“ဦးလေးကျိ သူ့နောက်မှာ ရှေးဟောင်းသိုင်းပညာမိသားစုတွေရဲ့ ထောက်ခံမှုရှိတယ်ဆိုရင်တောင်မှ သူက ကျိမိသားစုရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။”
ရွှမ်းယွမ်ဝူဝေ့က ချက်ချင်းပြောလိုက်သည်။
“ကောင်းပြီ...။ ငါ ကျိကျီယင်းကို အဲ့ဒီကိုလာဖို့ပြောလိုက်မယ်။ ပြီးရင် သူက မင်းကို ရန်သူရဲ့အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားတွေကို ဖြေရှင်းတဲ့နေရာမှာ စီစဉ်ပေးလိမ့်မယ်။ ကျန်တဲ့သူတွေအတွက်ကတော့ မင်းရဲ့အပြုအမူအပေါ်ပဲ မူတည်တယ်။”
ဦးလေးကျိက ပြောလိုက်သည်။
“အရမ်းကောင်းတယ်...ကျေးဇူးတင်ပါတယ် ဦးလေးကျိ။”
ရွှမ်းယွမ်ဝူဝေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျိကျီယင်းသည် ကျိမိသားစု၏လူငယ်မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦးသာမက ဤကမ္ဘာတွင် နှစ်လနီးပါးအတွင်း သူ၏ရုပ်ခန္ဓာအဆင့်များသည် ခုန်ပေါက်တိုးတက်လာခဲ့ပြီး ကျိမိသားစုအတွက် နံပါတ်တစ်ပါရမီရှင်ပင် ဖြစ်လာဖြစ်နိုင်ချေရှိနေသူဖြစ်သည်။
ထိုလူသာ သူ့ကို ကူညီရန် ရောက်ရှိလာခဲ့ပါက ယီရန်ပင်း၏အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။
ပင်ကိုယ်သိုင်းပညာအခြေခံရှိသူများသည် ၎င်းတို့၏ရုပ်ခန္ဓာများ တိုးတက်လာပါက တူညီသောအဆင့်အတွင်း ကြီးမားသောအားသာချက်များ ရှိကြသည်။
အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် အဖြူရောင်ရှပ်အင်္ကျီနှင့် အဖြူရောင်ဘောင်းဘီကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့်အမျိုးသားတစ်ဦးသည် ရွှမ်းယွမ်ဝူဝေ့၏ဘေးတွင် ထွက်ပေါ်လာခဲ့သည်။
“အကူအညီပေးဖို့ရောက်လာပေးတဲ့အတွက် သခင်လေးကျိကို ကျေးဇူးတင်ပါတယ်။”
ရွှမ်းယွမ်ဝူဝေ့သည် ထိုအမျိုးသား၏ရှေ့တွင် အာဏာမပြရဲချေ။
ကျိကျီယင်းသည် အနည်းငယ်ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ကမ်းခြေကိုသွားကြရအောင်။”
“ဟုတ်ကဲ့ပါ သခင်လေးကျိ ကျုပ်နောက်ကို လိုက်ခဲ့ပေးပါ။”
ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် ထိုလူငယ်ကို ဦးဆောင်ကာ အပြင်ဘက်သို့ လျှောက်ထွက်သွားခဲ့သည်။
ကျိကျီယင်းကို ကမ်းခြေသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် ရွှမ်းယွမ်ဝူဝေ့က ပြုံးရယ်ကာ ပြောလိုက်သည်။
“ခဏနေရင် ပြပွဲတစ်ခု ကြည့်ကြရအောင်။ ယီရန်ပင်းက ကျုပ်တို့ရဲ့ ရေမိုင်းတပ်ဆင်ထားမှုကို ဘယ်လိုချိုးဖျက်မလဲဆိုတာ ကြည့်ကြတာပေါ့။”
ကျိကျီယင်းသည် အနည်းငယ်အံ့အားသင့်သွားခဲ့ပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“မင်းတို့ကျွန်းက ထုတ်လုပ်တဲ့ ရေမိုင်းတွေက တကယ်ကောင်းတယ်။”
အခန်း ၅၉၄ : အပျော်စီးရွက်သင်္ဘော၊ ဂီတစမ်းရေ၊ SS အဆင့်
ကျိမိသားစုသည် ရွှမ်းယွမ်ဝူဝေ့နှင့် လွန်ခဲ့သည့်နှစ်ရက်အကြာက ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ကျိမိသားစုထံမှ မျက်နှာသာကိုရရှိနိုင်ရန်အတွက် ရွှမ်းယွမ်ဝူဝေ့သည် သဘာဝအတိုင်း ကောင်းမွန်သည့်အရာများစွာကို ပေးအပ်ခဲ့သည်။
ရေမိုင်းများသည်လည်း သဘာဝအတိုင်း မရှိမဖြစ်လိုအပ်သည်။
ကျိမိသားစုသည် ထိုရေမိုင်းများကို ရရှိခဲ့ပြီးနောက် မနေ့က ဒေသခံများကို ခုခံကာကွယ်ခဲ့သည့်တိုက်ပွဲတွင် ဒုက္ခများစွာ သက်သာစေခဲ့သည်။
“သခင်လေးကျိက ကြင်နာလွန်းနေပါပြီ။ ဒါတွေက သေးငယ်တဲ့လှည့်ကွက်လေးတွေပါပဲ။ လူတစ်ယောက်ရဲ့ကိုယ်ပိုင်ရုပ်ခန္ဓာလောက် စွမ်းအားမရှိပါဘူး။”
ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။
ကျိကျီယင်းက ခေါင်းညိတ်လိုက်သည်။
“ဒါက အဓိပ္ပါယ်ရှိတယ်။ အပြင်ပစ္စည်းတွေရဲ့ စွမ်းအားကို မှီခိုတာက နောက်ဆုံးတော့ ယုံမှားမှုတွေကို ဖြစ်စေနိုင်တယ်။”
ရွှမ်းယွမ်ဝူဝေ့၏လက်ထဲက ရေလမ်းကြောင်းသည် သူ၏ကျွန်းမှ ၁၀ ကီလိုမီတာခန့်သာ ကွာဝေးသည်။
ဆိုလိုသည်မှာ ကျွန်းတစ်ကျွန်း၏ လုံခြုံရေးဇုန်အတွင်းတွင် ရှိနေခြင်းပင်။
ဤအတိုင်းအတာအတွင်း ရှေးဦးသတ္တဝါကြီးများ ပေါ်လာမည်မဟုတ်ပေ။
ဆိုလိုသည်မှာ အပျော်စီးရွက်သင်္ဘောသည် ရေလမ်းကြောင်းပေါ်တွင်မရှိလျှင်ပင် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ကျွန်းမှ ကီလိုမီတာ ၁၀ အတွင်း ရှိနေသရွေ့ ရှေးဦးသတ္တဝါကြီးများ၏တိုက်ခိုက်မှုများကို စိုးရိမ်နေရန်မလိုအပ်ပေ။
ယခင်စမ်းသပ်မှုများအရ လုံခြုံရေးဇုန်အတွင်းတွင် ဦးတည်ချက်ကျောက်ကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် ဦးတည်ချက်ကျောက်ကို အသုံးပြုသည့်အခါတိုင်း ကမ်းခြေမှ အကွာအဝေးတစ်ခုသို့ ထွက်ခွာရမည်ဖြစ်သည်။
အပျော်စီးရွက်သင်္ဘောသည် ရွှမ်းယွမ်ဝူဝေ့မဟာမိတ်အဖွဲ့၏ ကျွန်းခွဲနှစ်ခုကြား ကွာဟချက်ကို ဖြတ်သန်းကာ ပင်မကျွန်းဆီသို့ ချဉ်းကပ်လာခဲ့သည်။
ရှောင်းယီသည် ကာကွယ်ရေးအနေအထားများကို သတိတကြီးထားရှိထားသော ကျွန်းခွဲနှစ်ခုကို လျစ်လျူရှုကာ တိုက်ရိုက်ပင် ရွှမ်းယွမ်ဝူဝေ့ထံသို့ ဦးတည်လိုက်သည်။
ရွှမ်းယွမ်ဝူဝေ့ကို ဖြေရှင်းနိုင်ပါက ကျန်ကျွန်းခွဲများသည်လည်း လက်နက်ချရပေလိမ့်မည်။
“သူတို့ ်ဒီကို ရောက်လာပြီ။”
ကျိကျီယင်းက အဝေးကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်ပြာရောင် အပျော်စီးရွက်သင်္ဘောတစ်စင်းသည် သူတို့ဆီသို့ ဦးတည်လာနေခဲ့သည်။ ထိုသင်္ဘောကိုကြည့်ရှုနေရင်းဖြင့် ကျိကျီယင်း၏မျက်လုံးများမှာ ပြင်းထန်သွားခဲ့သည်။
“ဒီအပျော်စီးရွက်သင်္ဘောကို ငါသိမ်းပိုက်ရမယ်။”
ကျိကျီယင်းက သူ၏စိတ်ထဲတွင် ကြွေးကြော်လိုက်သည်။
ဤအဆင့်မြင့်မားလှသော အပျော်စီးရွက်သင်္ဘောသာလျှင် သူ၏အဆင့်အတန်းနှင့် ထိုက်တန်ပေသည်။
ကျိကျီယင်း၏မျက်လုံးများကို မြင်လိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့ သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။
“ဒီအပျော်စီးရွက်သင်္ဘောတော့ သွားပြီ။”
ရှောင်းယီသည် အပျော်စီးရွက်သင်္ဘော၏ကုန်းပတ်ပေါ်တွင် ရပ်နေပြီး ကမ်းခြေရှိ ခံစစ်များကို ကြည့်ကာ မထီမဲ့မြင်ပြုမိလိုက်သည်။
“အော်ပြောလိုက်...။”
“ရွှမ်းယွမ်ဝူဝေ့ မင်းရဲ့လူတွေနဲ့အတူ အခုချက်ချင်းလက်နက်ချလိုက်ပါ။ ဒါဆို ယီရန်ပင်းရဲ့ကျွန်းပိုင်ရှင်က မင်းကိုအသက်ချမ်းသာပေးလိမ့်မယ်။”
အသံကျယ်သော ဒေသခံတစ်ဦးက ရှေ့သို့တက်ကာ အော်ဟစ်လိုက်သည်။
ဤကဲ့သို့ အော်ဟစ်ခြင်းသည် အခြေခံအားဖြင့် အသုံးမဝင်သည်ကို သိထားသော်လည်း သူသည် ဆက်လက်အော်ဟစ်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းသည် အသုံးဝင်ခဲ့ပါက တိုက်ပွဲအတွက် ဆုံးရှုံးမှုများကို မသက်သာစေနိုင်မည်မဟုတ်ပါလား။
ထိုအခါ ရွှမ်းယွမ်ဝူဝေ့က ခြေတစ်လှမ်းရှေ့တက်ကာ အော်ဟစ်လိုက်သည်။
“ယီရန်ပင်း ဒီမှာရှိလား။ သူက အရမ်းနုံအလွန်းနေတာပဲ။ သူက တကယ်ပဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား။”
“ဒီနေ့တော့ မင်းက ငါ့အတွက် ရောက်လာတဲ့ပုံပဲ။”
ရှောင်းယီသည် ရှေ့သို့ခြေတစ်လှမ်းတက်ပြီး ကြမ်းတမ်းစွာပြောလိုက်သည်။
ရုပ်ခန္ဓာတိုးတက်ခြင်းသည် ဘက်စုံတိုးတက်ခြင်းဖြစ်သောကြောင့် ရှောင်းယီ၏အသံသည် နက်ရှိုင်းလှပြီး ထိုးဖောက်နိုင်စွမ်းကြီးမားကာ သူ၏စကားလုံးများသည် ကမ်းခြေသို့ တိကျစွာရောက်ရှိသွားခဲ့သည်။
ထိုအသံကို ကြားလိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့
ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
“မင်းကိုယ်တိုင်လာမှတော့ ဒီနေ့က မင်းသေရမယ့်နေ့ပဲ။”
အခြားတစ်ဖက်တွင် ကျိကျီယင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်သည်။
“သူက ကျွမ်းကျင်သူတစ်ယောက်ပဲ။”
“ဘယ်သူလဲ...။”
ကျိကျီယင်း၏စကားကို ကြားလိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့သည် အံ့အားသင့်သွားခဲ့ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါဆို သခင်လေးကျိ မင်း ကိုင်တွယ်နိုင်ရဲ့လား။ ကျုပ်တို့ လူနည်းနည်းလောက် ထပ်ခေါ်သင့်လား။”
“ဟမ့်...”
ကျိကျီယင်းသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ၏တိုက်ခိုက်ရေးစိတ်ဓာတ်များမှာ မြင့်တက်လာခဲ့သည်။
“ငါက လူငယ်မျိုးဆက်ထဲမှာ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး။ သူက ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်ဆိုရင်တောင် သူ ဒီနေ့ သေကိုသေရမယ်။”
ကျိကျီယင်းသည် အလွန်ယုံကြည်မှုရှိနေဆဲဖြစ်သည်။ သူသည် လူငယ်မျိုးဆက်တွင် မည်သူ့ကိုမျှ အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။
ကျိကျီယင်း အလွန်ယုံကြည်မှုရှိနေသည်ကို မြင်လိုက်ရသောအခါ ရွှမ်းယွမ်ဝူဝေ့ စိတ်သက်သာရာရသွားခဲ့သည်။
သူသည် ယခုအချိန်တွင် ကျိမိသားစု၏ နံပါတ်တစ်ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ဦးလေးကျိ ပြောခဲ့သည်ကိုလည်း ပြန်တွေးမိလိုက်သည်။ ထို့ကြောင့် ပြဿနာမရှိပေ။
ထိုသို့တွေးမိသောအခါ ရွှမ်းယွမ်ဝူဝေ့က ချက်ချင်းလှောင်ရယ်လိုက်သည်။
“ဟုတ်တယ်...။ ငါက မင်းအတွက် လာခဲ့တာပဲ။ မင်းမှာ အရည်အချင်းရှိရင် ငါ့ကိုလာသတ်လိုက်လေ။”
“စိတ်မပူပါနဲ့...။ ငါတို့ စာရင်းအသစ်ရော၊ အဟောင်းရော တစ်ခါတည်း ဖြေရှင်းမှာပါ။”
ရှောင်းယီက ပြန်ပြောလိုက်ပြီး ကျန်းရွှဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“သံချပ်ကာစစ်သင်္ဘောကို လဲလှယ်လိုက်ပါ။”
“ခဏလေး ကျွန်းပိုင်ရှင် ရေထဲမှာ ပြဿနာရှိနေတယ်။”
ကျန်းရွှဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ရှောင်းယီသည် စောစောက အာရုံမစိုက်ခဲ့မိပေ။ သို့သော်လည်း ကျန်းရွဲ့မှ သတိပေးလိုက်ပြီးနောက် ရှေ့တွင်ရှိနေရေများသည် အသက်သွင်းထားပြီးသား ရေမိုင်းများဖြင့် ဖုံးလွှမ်းနေသည်ကို သတိထားမိသွားခဲ့သည်။
ဤကဲ့သို့သော ရေမိုင်းသည် သံချပ်ကာစစ်သင်္ဘောကို ဖျက်ဆီးနိုင်မည်မဟုတ်သော်လည်း အကယ်၍ ၎င်းသည် ပျက်စီးမှုအနည်းငယ်ကို ဖြစ်စေခဲ့ပါက သံချပ်ကာသင်္ဘောအတွက် သတ္တုအများအပြား ကုန်ကျမည်ဟု ခန့်မှန်းရသည်။
ယနေ့အချိန်အထိ ရှောင်းယီသည် သံချပ်ကာစစ်သင်္ဘောသုံးစီးကိုသာ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ဆက်လက်စုဆောင်းရဦးမည်ဖြစ်သည်။
ရှောင်းယီသည်လည်း ရေမိုင်းများကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကျန်းရွှဲ့က ပြောလိုက်သည်။
“ကျွန်မတို့ ဘာလို့ လေးနဲ့မြှားတွေသုံးပြီး အားလုံးကို မဖောက်ခွဲလိုက်ရမှာလဲ...။”
“မဟုတ်ဘူး...။ ဒါက မြှားတွေကို ဖြုန်းတီးလိုက်တာပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“လူတိုင်းပဲ ခါးပတ်တွေကို တင်းတင်းကျပ်ကျပ် ချည်ထားကြ။ ငါ ဂီတစမ်းရေတွေကြည့်ဖို့ မင်းတို့ကို ခေါ်သွားပေးမယ်။”
ကျန်းရွှဲ့နှင့် အခြားသူများသည် ကြောင်အသွားခဲ့ကြပြီး ချက်ချင်းပင် သူတို့၏ထိုင်ခုံများသို့သွားကာ ခါးပတ်များကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ကြသည်။
ရှောင်းယီသည် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လိုက်ပြီး အပျော်စီးရွက်သင်္ဘောကို ရေမိုင်းများဆီသို့ မောင်းနှင်လိုက်သည်။
“သူဌေး သူက ကျုပ်တို့ချထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတော့မယ်။”
ခေါင်းကြီး(တာ့ထောင်)က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါက အပျော်စီးရွက်သင်္ဘောကို ထိခိုက်မိသွားရင် သိပ်မကောင်းဘူး။”
ကျိကျီယင်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“သခင်လေးကျိ စိတ်မပူပါနဲ့။ ကျုပ်တို့ အဲ့ဒါကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ပြင်ဆင်လို့ရပါတယ်။ ပြီးရင် မူလအတိုင်း အပြည့်အဝ ပြန်ဖြစ်သွားလိမ့်မယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။
ကျိကျီယင်းက ခေါင်းညိတ်ပြလိုက်သည်။
ဘုန်း
အပျော်စီးရွက်သင်္ဘောသည် ပထမဆုံးရေမိုင်းကို အသက်သွင်းပေးလိုက်၏။ ထို့နောက် ၎င်းသည်ဗျောက်အိုးဖောက်လိုက်သကဲ့သို့ဖြစ်သွားကာ သင်္ဘောကိုယ်ထည်အောက်မှ အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ၏ထိန်းချုပ်မှုအောက်တွင် သူတို့သည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသော စည်းချက်တစ်ခုကို ခံစားလိုက်ကြရသည်။
သင်္ဘော၏ဘေးဘက်သည် ရေဖိအားကြောင့် ပြင်းထန်သည့် အကျိုးသက်ရောက်မှုများကို ခံစားခဲ့ရသည်။ ရေမိုင်းများသည်လည်း ဖောက်ခွဲခံလိုက်ရကာ ရေများသည် ရေပန်းတစ်ခုကဲ့သို့ နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။
ရေမိုင်းများ ပေါက်ကွဲသွားပြီးနောက် အပျော်စီးရွက်သင်္ဘောတစ်ခုလုံး အနည်းငယ်သာ တုန်ခါသွားပြီး မည်သည့်ပျက်စီးမှုမှ မရှိခဲ့ပေ။
ခါးပတ်ပတ်ထားသူများသည် တုန်ခါမှုအနည်းငယ်ကိုသာ ခံစားလိုက်ရပြီး ဤမျှသာဖြစ်သည်။
ကမ်းခြေပေါ်တွင် ပြပွဲကြည့်ရန် ပြင်ဆင်နေသော ရွှမ်းယွမ်ဝူဝေ့တို့သုံးဦးသည် ပြန့်ကျဲနေသောရေများကို ကြည့်ရှုရင်း အားလုံး၏မျက်နှာပေါ်တွင် အပြုံးများဖြစ်ပေါ်နေခဲ့သည်။
“ဒီတစ်ကြိမ်တော့ ဒီယီရန်ပင်း တကယ်သေပြီပဲ။ အဲ့ဒီသင်္ဘောက သံနဲ့လုပ်ထားတယ်ဆိုရင်တောင် ဒီလောက်ကြီးမားပေါက်ကွဲမှုကြောင့် ပျက်စီးသွားမှာသေချာတယ်။”
ခေါင်းကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့ကလည်း ပြုံးရယ်လျက် ပြောလိုက်သည်။
“ကျုပ် ယီရန်ပင်းကို တကယ်ပဲ ပိုတွက်မိသွားတယ်။ သူက ရေပြင်အခြေအနေကိုတောင် မစစ်ဆေးဘဲ ရေမိုင်းထဲကို ဝင်ရောက်ခဲ့တယ်။ ကျုပ် အရမ်းစိတ်ပျက်မိသွားပြီ။”
ကျိကျီယင်းသည် သူ၏ခေါင်းကိုညိတ်၍ မထောက်ခံရသေးမီ ချက်ချင်းပင် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“မဟုတ်ဘူး အပျော်စီးရွက်သင်္ဘောက အဆင်ပြေနေသေးတယ်။”
ရေများ ပြန်ကျသွားပြီးနောက် အပျော်စီးရွက်သင်္ဘောသည် အခိုင်အမာရှိနေဆဲဖြစ်ပြီး အပျော်စီးရွက်သင်္ဘောပေါ်တွင် ပေါက်ကွဲခဲ့သည့်အမှတ်အသားများကိုပင် ရှာဖွေမတွေ့နိုင်ခဲ့ပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
ရွှမ်းယွမ်ဝူဝေ့သည် နောက်ထပ်ခြေတစ်လှမ်းရှေ့တိုးလိုက်မိပြီး သူ၏မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သည့်အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဒီအပျော်စီးရွက်သင်္ဘောက ဘာနဲ့လုပ်ထားတာလဲ။ ဘာလို့ ရေမိုင်းတွေက သု့ကို လုံးဝဖောက်ခွဲလို့ မရတာလဲ။”
ခေါင်းကြီး၏အပြုံးသည် သူ၏မျက်နှာပေါ်တွင် အေးခဲသွားပြီး တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
ထိုအချိန်တွင် ကျိကျီယင်း၏အကြည့်များမှာ ပို၍ပင်လောဘကြီးလာခဲ့သည်။
“ဒါက ရွက်သင်္ဘောကောင်းတစ်စင်းပဲ။ ငါ ရအောင်သိမ်းပိုက်ရမယ်။”
ရွှမ်းယွမ်ဝူဝေ့က ချက်ချင်း အမိန့်ပေးလိုက်သည်။
“အပျော်စီးရွက်သင်္ဘောကို ချိန်ပြီး ပစ်ခတ်ကြ...။”
“ဟုတ်ကဲ့”
ကျိကျီယင်းသည်လည်း သူတို့ကို မတားဆီးခဲ့ပေ။ သူသည်လည်း ဤအပျော်စီးရွက်သင်္ဘော၏ ခံစစ်ဘယ်လောက်မြင့်မားကြောင်းကို ကြည့်ချင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် မြှားများ၊ အမြောက်ဆန်များ၊ ကျောက်တုံးများနှင့် အဆိပ်ငွေ့ဗုံးများပင် ကမ်းခြေမှ အပျော်စီးရွက်သင်္ဘောဆီသို့ ပျံသန်းလာကြသည်။
အမြောက်ဆန်များ ပျံသန်းလာသည်ကို ကြည့်ရှုရင်း ရှောင်းယီသည် အပျော်စီးရွက်သင်္ဘောကို ဖြည်းညင်းစွာ ဘေးသို့လှည့်လိုက်သည်။
ပျံသန်းလာသော အမြောက်ဆန်အားလုံး လွဲချော်သွားပြီး တစ်ခုမျှ အပျော်စီးရွက်သင်္ဘောကို မထိမှန်ခဲ့ပေ။
ထိုမြင်ကွင်းကို ကြည့်ရှုရင်းဖြင့် ကျန်းရွှဲ့နှင့် အခြားသူများသည် ပျော်ရွှင်စွာရယ်မောမိလိုက်ကြသည်။ သို့သော်လည်း ယာဉ်မောင်းထိုင်ခုံတွင်ရှိနေသော ရှောင်းယီ၏အမူအရာမှာမူ လေးနက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဘာမှားနေလို့လဲ။”
ကျန်းရွှဲ့က မနေနိုင်ဘဲ မေးလိုက်မိသည်။
“ရွှမ်းယွမ်ဝူဝေ့ဘေးက လူက SS အဆင့်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘာ... SS အဆင့် စွမ်းအားရှင်လား။”
ကျန်းရွဲ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ရှင် အမြင်မှားနေတာတော့ မဟုတ်ဘူးမလား။”