← Chapters

လေ့ချန်

Vol. 14 Ch. 181

လေ့ချန်

Vol. 14 Ch. 181

ဤအချိန်မတိုင်မီအထိ စုမင် သံကြိုး၏ယခင် အပိုင်းခြောက်ပိုင်းအား လျှောက်လှမ်းခဲ့ခြင်းတွင် စုပ်ယူခံရသည့် အသက်စွမ်းအားကို ပြန်လည် ထောက်ပံ့နိုင်ရန် ချီကိုသာ လှည့်ပတ်ခဲ့သည်။ အခြားမည်သည့် နည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။

တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကိုသာ ကျောက်တိုင်များကို ဖြိုဖျက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အခြားအချိန်များတွင် စုမင် မိမိကိုယ်မိမိ ထိန်းထိန်းသိမ်းသိမ်း နေလေ့ရှိသည်။ ညအချိန်သို့ ရောက်ရန်လည်း မစောင့်ဆိုင်းခဲ့သလို၊ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကိုလည်း အသက်မသွင်း၊ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကိုပင် အသုံပြုခဲလေသည်။ ထိုအချိန်များတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ အားလုံး၏ စွမ်းအားကိုသာ အသုံးချလေ့ရှိသည်။

ဟန်တောင်တန်းဘိုးဘေး၏ သီးသန့် နယ်မြေထဲတွင် လအနည်းငယ်ခန့် ကျင့်ကြံပြီးနောက်တွင် သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်အထိ ရောက်ရှိခဲ့သူများ၌သာ ရှိသည့် ထူးခြားသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသာ အလိုမရှိလျှင် သွေးကြောများသည် သူ့အရေပြားပေါ်သို့ ပေါ်ထွက် လာလိမ့်မည် မဟုတ်ပေ။

ပထမအပိုင်း ငါးပိုင်းတွင် စုမင် သွေးကြော ၇၀၀ ခန့်၏ စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ သံကြိုး၏ ဆဋ္ဌမမြောက်အပိုင်းကို လျှောက်လှမ်း နေချိန်တွင်သာ သွေးကြော ၉၇၉ ကြောလုံး၏ စွမ်းအားအပြည့်ကို သူသုံးခဲ့ခြင်း ဖြစ်သည်။

သံကြိုး၏ သတ္တမမြောက် အပိုင်းကို ရင်ဆိုင်ချိန်တွင် သူ၏လျှို့ဝှက် နည်းစနစ် အချို့ကို သုံးရမည် ဖြစ်ကြောင်း သူသိခဲ့သည်။ ထိုသို့မဟုတ်ပဲ သွေးကြော ၉၇၉ ကြော၏ စွမ်းအား သက်သက်ဖြင့် ဆိုလျှင် သူ သတ္တမမြောက်အပိုင်းကို ကျော်ဖြတ်နိုင်ခဲ့လျှင်တောင် စုပ်ယူခံလိုက်ရသည့် အသက်စွမ်းအားများသည် သူ၏အနာဂတ် အစီအစဉ်များအပေါ် သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည်။

‘ငါ့ခန္ဓာကိုယ်က လရောင်အောက်မှာ ဆိုရင် ပိုပြီးတော့ မြန်မြန်ပြန်ကောင်း လာတတ်တယ် ... သွေးလှည့်ပတ်ခြင်းနဲ့ အတူတူပဲ ဆိုပေမဲ့ ဒါက ငါ့အတွက် အသက်စွမ်းအားကို ပိုထုတ်ပေးနိုင်တယ်’

စုမင် ကောင်းကင်ရှိ လကို မော့ကြည့်လိုက်သည်။ ၎င်း၏ အစိတ်အပိုင်း အများစုသည် တိမ်များ၏ ဖုံးအုပ်ခြင်းကို ခံထားရသည်။ လသည် လုံးဝန်း မနေသော်လည်း စုမင် မျက်လုံးထဲတွင်တော့ လသည် သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်နေခဲ့သည်။

လရောင်သည် ပုံသဏ္ဌာန်မဲ့စွာဖြင့် ကမ္ဘာမြေပေါ်သို့ ဖြာကျတောက် ပနေခဲ့သည်။ အချို့အလင်းတို့သည် မိုးရေစက်ငယ်လေးများ ပေါ်တွင် ရောင်ပြန်ဟပ်နေပြီး အခြားသူများ မမြင်နိုင်သည့် တောက်ပသော အရောင်များ ဖြစ်ပေါ်နေခဲ့သည်။ စုမင် ခန္ဓာကိုယ်ပေါ်သို့ လရောင်ဖြာကျ လာသည်နှင့် သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သံကြိုး၏ သတ္တမမြောက်အပိုင်းထံသို့ ဦးတည် လျှောက်သွားလိုက်သည်။

“သူ သတ္တမမြောက်အပိုင်းကို စလိုက်ပြီ”

“အဲဒီအပိုင်းက မယုံနိုင်လောက်အောင် အန္တရာယ် များလိမ့်မယ်။ အဲဒီနေရာမှာ မင်းသေဖို့က အရမ်း လွယ်ကူတယ်တဲ့။ လူတွေ အများကြီးက ဒီအပိုင်းမှာ ကျရှုံးခဲ့ကျတာလို့ ငါကြားဖူးတယ်”

“စိတ်မကောင်းစရာဘဲ ... ဒီလူက ဆဋ္ဌမမြောက် အပိုင်းမှာတည်းက စွမ်းအင်တွေ အများကြီးကို အသုံးပြုခဲ့ပြီးပြီ။ သတ္တမမြောက်အပိုင်းက သူ့အတွက် သေချာပေါက် ခက်ခဲလိမ့်မယ်”

ညအချိန်၊ လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။ ၎င်းသည် နေ့အလင်းရောင်လောက် မတောက်ပသော်လည်း  စုမင် သံကြိုး၏ သတ္တမမြောက် အပိုင်းထံသို့ လျှောက်လှမ်း နေသည်ကိုတော့ လူတို့ မြင်နိုင်သေးသည်။ လူအုပ်ကြီးသည် တစ်နံနက်ခင်းလုံး စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ညရောက် လာသော်လည်း အနားယူရန် ပြန်သွားခြင်း မရှိကြသေးပေ။ သူတို့အထဲမှ အချို့သည် မိုးလုံသည့် နေရာများကိုပင် ရွေးချယ်လိုက်ပြီး ထိုင်ချလျက် အချင်းချင်း စကားပြောရင်း စုမင်ကို ကြည့်နေခဲ့ကြသည်။

အရောင်စုံရေကန် မျိုးနွယ်စုတောင်ထိပ်ပေါ်တွင် အဘွားအိုသည် ပင်ပန်းနေခဲ့သော်လည်း သူမအား ကူတွဲပေးထားသည့် ယန်လွမ်နှင့်အတူ မတ်တတ်ရပ်လျက် ကြည့်နေဆဲပင် ဖြစ်သည်။

“သတ္တမမြောက် အပိုင်း ... ပျက်စီးခြင်း ကြမ္မာဆိုး အပိုင်း”

အဘွားအို တီးတိုးရေရွတ်လိုက်သည်။

ယန်လွမ် တိတ်ဆိတ် နေခဲ့သည်။ သူမ စကားမပြောပဲ ရိုးရှင်းစွာသာ ငေးကြည့်နေမိသည်။

ထိုအခိုက်တွင် ဟန်တောင်တန်း ဒုတိယအလွှာ၏ အိမ်တစ်လုံးထဲတွင် အချိန်အနည်းငယ် အကြာကပင် ဟန်ဖေးကျစ်တစ်ယောက် ရောက်ရှိ နေခဲ့ကြောင်းကိုတော့ စုမင်မသိခဲ့ပေ။ သူမသည် ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေခဲ့ခြင်းဖြစ်ပြီး စုမင်၏ နောက်ကျောကို ကြည့်လျက် တစ်စုံတစ်ခုအကြောင်း စဉ်းစားနေခဲ့သည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်ရှိ လူတိုင်းလည်း ကြည့်နေခဲ့ကြသည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင်သည် ခဏတာ တုံ့ဆိုင်းနေပြီးမှ သူ့ဘေးရှိ အကြီးအကဲထံသို့ ကြည့်လိုက်သည်။

“သူ သတ္တမမြောက်အပိုင်းကို ဖြတ်လျှောက်နိုင်ပါ့မလား”

“မင်းက အဲဒီအကြောင်း ဖန်းချန်းလန်ကို မေးကြည့်သင့်တယ်”

အကြီးအကဲသည် တည်ငြိမ်သည့် အမူအရာဖြင့် ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။

ဖန်းချန်းလန် ခဏတာ တုံ့ဆိုင်း နေခဲ့ပြီးနောက် နူညံ့သိမ်မွေ့သော်လည်း တည်ငြိမ်နေသည့် အသံဖြင့် စကားပြောလာသည်။

“ဟုတ်တယ်”

စုမင် လှုပ်ရှားလိုက်သည့် အချိန်တွင် ပုချန့်တောင်ပေါ်မှ တိတ်ဆိတ်နေခဲ့သည့် လူအုပ်ကြီးသည်လည်း သူတို့အချင်းချင်း အသံတိုးတိုးဖြင့် စတင် ဆွေးနွေးခဲ့ကြသည်။

“ငါတို့တောင် ဘာမှထပ်ပြီး လုပ်စရာလိုမဲ့ပုံ မပေါ်ဘူး။ ဆဋ္ဌမမြောက် အပိုင်းက သူ့ရဲ့အမူအရာတွေအရ ဆုံးဖြတ်ရမယ် ဆိုရင် သူက သတ္တမမြောက်အပိုင်းကို အောင်မြင်နိုင်မှာ မဟုတ်ဘူး”

“သူ့နေရာမှာ ငါဆိုရင်တောင်၊ ဆဋ္ဌမမြောက် အပိုင်းကို ဖြတ်လျှောက်ရတာ အဲဒီလောက် ခက်ခဲမှာမဟုတ်ဘူး။ ကြည့်ရတာတော့ ငါတို့ ဒီလူကို အရမ်းအထင်ကြီးမိသွားပြီ ထင်တယ်”

“သူ မအောင်မြင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ငါတို့က ဒီမှာ စောင့်နေရပြီးတော့ အချိန်တွေ ဖြုန်းနေရဦးမယ်”

ဆွေးနွေးသံများသည် တိုးသော်လည်း စကားလုံးများသည်တော့ အေးစက် နေခဲ့သည်။ ပုချန့်မျိုးနွယ်စု လေ့ကျင့်သည့် မာန်ပညာရပ်ကဲ့သို့ပင် ထိုစကားလုံးများတွင် သေခြင်းတရား၏ အကျိုးဆက်များနှင့်သာ ပြည့်နှက်နေခဲ့သည်။

ပုချန့်မျိုးနွယ်စု အကြီးအကဲနှင့် အသားတောင်လေး တစ်လုံးသဖွယ် လူတို့သည်သာ အခြားလူများနှင့်အတူ စကားမပြောခဲ့ပေ။ ထိုလူနှစ်ဦး၏ အမူအရာများသည်ပင် ကွဲပြား ခြားနားနေခဲ့သည်။ ပုချန့်မျိုးနွယ်စု အကြီးအကဲသည် သူ၏ အတွေးတို့ကို မပေါ်လွင်စေဘဲ မျက်လုံးတို့ကို ကျဉ်းမြောင်းထားလျက် ထိုင်နေခဲ့ပြီး အသားတောင်လေး တစ်လုံးသဖွယ် လူသည်တော့ မျက်မှောင်ကြုတ်လျက် ရှိသည်။

“မင်းရဲ့ အတွေးတွေက ဘာတွေလဲ”

အရိုးစုတစ်စုသဖွယ် ပုချန့်မျိုးနွယ်စု အကြီးအကဲသည် သူ့ဘေးရှိလူကို တစ်ချက် ငဲ့ကြည့်လိုက်သည်။

“အဲဒီလူ ကျောက်တိုင်တွေကို ဖျက်ဆီးပစ်လိုက်တာနဲ့ ပတ်သက်လို့ အကြောင်းပြချက်သုံးခု ရှိတယ်။ ပထမက သတိပေးချက် တစ်ခုအနေနဲ့။ ဒုတိယက ခြိမ်းခြောက်ချင်လို့။ တတိယကတော့ သူကိုယ်တိုင် ဆုတ်ခွာချင်မှုကို ဖြတ်ပစ်ပြီး သံကြိုးကို ပြီးဆုံးအောင် စိန်ခေါ်ရမယ် ဆိုတဲ့ အနေအထား တစ်ခုမှာပဲ သူ့ကိုယ်သူ ထားချင်လို့”

“ဘယ်သူကမှ အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ လုပ်ခဲ့တယ် ... ဒီသေးငယ်တဲ့ အချက်လေးတွေကနေ ပြောရမယ် ဆိုရင်၊ ဒီလူ့မှာ ယုံကြည်စိတ်ချမှု အတော်အသင့် ရှိနေတယ်။ ဒါပေမဲ့ သူ့ယုံကြည်မှုက သိပ်ကြီးမားပုံမရဘူး။ မဟုတ်ရင် သူ့ကိုယ်ပိုင် ပြန်ဆုတ်လို့ရတဲ့လမ်းကို ဖြတ်ပစ်စရာမှ မလိုတာဘဲ”

“ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်ကတော့ သူ သတ္တမမြောက်အပိုင်းကို အောင်မြင်လိမ့်မယ်လို့ ထင်တယ်”

အသားတောင်လေး တစ်လုံးသဖွယ် လူသည် ဖြည်းညင်းစွာ ပြောလိုက်ရင်း စူးရှသည့် အကြည့်တစ်ခု သူ့မျက်လုံးများအတွင် ဖြစ်ပေါ် လာခဲ့သည်။

ညအချိန်မိုးသည် အနည်းငယ် အားပျော့ သွားသော်လည်း မိုးကြိုးပစ်သံ များသည်တော့ ရံဖန်ရံခါ မြည်ဟည်း နေဆဲပင် ဖြစ်သည်။

တစ်ခါတစ်ရံ ကောင်းကင်တွင် လျှပ်စီးတန်း များသည်လည်း ဝင်းလက် သွားတတ်ပြီး ထိုအခိုက်အတန့်တွင်တော့ ကုန်းမြေတစ်ခုလုံး ထွန်းလင်း တောက်ပသွားလေ့ ရှိသည်။

လျှပ်စီးတန်းတစ်ချက် ပြိုးပြက်သွားပြီး ကုန်းမြေတစ်ခုလုံး ထွန်းလင်း သွားသည့် အချိန်တိုအတွင်း၌ပင် လူအုပ်ကြီးသည် စုမင်တစ်ယောက် ဆဋ္ဌမမြောက် ကျောက်တိုင်ပေါ်မှ သံကြိုး၏ သတ္တမမြောက် အပိုင်းထံသို့ ပထမဆုံးခြေလှမ်း စတင် လှမ်းလိုက်ခြင်းကို မြင်လိုက်ရ၏။

ထိုပထမဆုံးခြေလှမ်း လှမ်းလိုက်သည့် အခိုက်အတန့်တွင်ပင် စုမင်ရှေ့သို့ ယိမ်းယိုင်သွားသည်။

အခြားသူများ မမြင်နိုင်သော်လည်း ဒုတိယခြေလှမ်း ကျရောက်သွားသည့် အချိန်တွင် သံကြိုး၏ သတ္တမမြောက် အပိုင်းပေါ်တွင် လူတစ်ဦး ရုတ်တရက် ပေါ်ပေါက် လာသည်ကို စုမင် တွေ့လိုက်ရသည်။

ထိုလူ၏မျက်နှာသည် ဖုံးကွယ်ခံထားရသလို ဝေဝါးနေခဲ့ပြီး ၎င်း၏ပုံစံသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ထိုအရာသည် စုမင်ရှေ့ ဟန်တောင်တန်းသံကြိုးပေါ်တွင် လွင့်မျောနေခဲ့ပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

“စု ... မင်  …”

အားနည်းသော အသံတစ်သံသည် စုမင်နားထဲသို့ ရောက်ရှိလာသောအခါ မည်သည့်အရာ၏ လွှမ်းမိုးမှုကိုမျှ မခံရသည့် သူ့နှလုံးသားသည် ထိုအသံအား ကြားသည့်အခိုက် ရုတ်ခြည်း တုန်လှုပ်သွားသည်။

“လေ့ချန်”

ထိုအသံပိုင်ရှင်ကို စုမင်ချက်ချင်း မှတ်မိလိုက်သည်။

ထိုနာမည်အား သူခေါ်လိုက်သည့် အခိုက်အတန့်တွင် တစ္ဆေသဖွယ် ပုံရိပ်သည် ဆက်လက်၍ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ ရုတ်ခြည်း ကြည်လင်ပြတ်သား သွား၏။ မကြာခင်မှာပင် ရင်းနှီးနေသည့် မျက်လုံးတစ်စုံ ရှိသော်လည်း စိမ်းသက်နေသည့် အသွင်အပြင်နှင့် လူတစ်ဦးသည် စုမင်ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုလူ၏ မျက်နှာတွင်တော့ နာကျင်နေသည့် အမူအရာမျိုး ရှိနေခဲ့ပြီး သူသည် ဝေခွဲမရ ဖြစ်နေဟန်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်တော့ မရေမတွက်နိုင်သည့် ဒဏ်ရာအနာများ ရှိနေခဲ့ပြီး ထိုဒဏ်ရာများအတွင်း အနက်ရောင် ပိုးကောင်များ တွားသွား နေကြသည်ကို စုမင်တွေ့လိုက်ရသည်။ ထိုလူသည် မယုံနိုင်ဖွယ် အိုမင်းနေခဲ့ပြီး ညာဘက်မျက်လုံးသည် ကန်းနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ၎င်းမျက်လုံးသည် စူးရှသည့်အလင်းကို ထုတ်လွှတ်နေသော်လည်း သူ၏ဘယ်ဘက် မျက်လုံးသည်တော့ စုမင်ကို မယုံကြည်နိုင်မှုများဖြင့် ကြောင်အစွာ ငေးကြည့်နေခဲ့သည်။

“စုမင် ... ဒါက တကယ်မင်းလား။ ဒါက ... ဒါက …”

ထိုသူသည် တုန်ယင်နေခဲ့ပြီး သူ့မျက်နှာရှိ နာကျင်နေသည့် အမူအရာသည် ပိုမိုဆိုးရွား လာခဲ့သည်။ ထိုအချိန်တွင် သူခံစားနေရသည့် နာကျင်မှုသည် မခံမရပ်နိုင် ဖြစ်လာသကဲ့သို့ပင် ဖြစ်သည်။ သူ၏မျက်ခုံး အလယ်တွင် စက်ဝိုင်းပုံ အမှတ်တစ်ခုကို စုမင်တွေ့လိုက်ရသည်။

ထိုအမှတ်အသားသည် လုံးဝနက်မှောင် နေခဲ့၏။ အမှတ်အသားသည် သူ၏ဦးခေါင်းခွံ တစ်ခုလုံးကိုပင် ထိုးဖောက်ထား သကဲ့သို့ ၎င်းအတွင်းမှ အနက်ရောင် အခိုးအငွေ့များပင် ထွက်လာနေလျက် ရှိသည်။

“ဒါက မဖြစ်နိုင်ဘူး ... အဲဒါ မင်းမဟုတ်ဘူး။ မင်းက သူမဟုတ်ဘူး။ မင်းက ဘယ်သူလဲ”

သူသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး စုမင်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့ ခြေလှမ်းအကျယ်ကြီး လှမ်းလျက် စုမင်ထံသို့ ဦးတည်လိုက်သည်။

သန်မာသည့် တည်ရှိမှု အရှိန်အဝါ တစ်ခုသည် လေ့ချန်ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါ ထွက်ပေါ်လာသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး အေးခဲသွားသကဲ့သို့ စုမင် ခံစားလိုက်ရသည်။ ထိုစွမ်းအား ကြီးမားသည့် ဖိအားသည် သေခြင်း အရှိန်အဝါတို့ဖြင့် ရောထွေးနေပြီး စုမင်အား ဧရာမလက်ကြီး တစ်ခုသဖွယ် ဖိနှိပ်ထားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို တုန်ယင်နေစေသည်။

“လေ့ချန် …” စုမင် တီးတိုး ရေရွတ်လိုက်သည်။

သု့နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေခဲ့သည်။ သံကြိုး၏ သတ္တမမြောက် အပိုင်းတွင် ယခုလိုမျိုး တစ်စုံတစ်ရာ ဖြစ်ပေါ် လာလိမ့်မည်ဟု စုမင် လုံးဝ မမျှော်လင့်ထားခဲ့မိပေ။

“ဒါက အတုအယောင်ပဲ။ ငါက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်နေတာ။ ဒါက ငါ့နှလုံးသားကနေ ဖြစ်ပေါ်လာခဲ့တဲ့ ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ  …”

စုမင်စိတ်သည် မပြတ်မသား ဖြစ်နေခြင်းမျိုး မရှိပေ။ ထိုအရာနှင့် ဆန့်ကျင်ဘက်၊ လုံးဝကို ကြည်လင်နေခဲ့သည်။ သို့သော် ဤရှင်းလင်း ပြတ်သားနေမှုသည်ပင် သူ့နှလုံးသားကို တုန်လှုပ် နေစေခဲ့သည်။

“မင်း ... မင်းက ဘယ်သူလဲ”

လေ့ချန် ရက်စက် ကြုမ်းကြုတ်စွာ အော်ဟစ် မြည်တမ်းလိုက်သည်။

သူသည် စုမင်အနားသို့ နီးကပ် လာနေဆဲ ဖြစ်သည်။ လေ့ချန်သည် သူနှင့် ပေ ၁၀၀ မျှပင် မဝေးတော့သည့် အချိန်တွင် ကြောက်စရာ ကောင်းသည့် အရှိန်အဝါသည် စုမင် ခန္ဓာကိုယ်ထံသို့ တိုးဝင် ရိုက်ခတ် လာခဲ့သည်။ ရူးသွပ်မှုတို့ လောင်စာ ထည့်ထားသော သတ်ဖြတ်လိုသည့် အသိသည် လေ့ချန်၏ ညာဘက်မျက်လုံးတွင် ဖြစ်ပေါ်လာ၏။

“လေ့ချန်၊ ငါက စုမင်ပါ …”

စုမင်၏ အတွေးတို့သည် ရှင်းလင်း နေခဲ့သော်လည်း ထိုသို့ ပိုရှင်းလင်း ပြတ်သားလေလေ သူပို၍ ထိတ်လန့် တုန်လှုပ်မိလေလေပင် ဖြစ်သည်။ သူသည် လေ့ချန်ကို ကြောက်လန့်နေခြင်း မဟုတ်သလို၊ ကောင်းကင်နှင့် မြေကြီးကို ကြောက်ရွံ့နေခြင်းလည်း မဟုတ်ချေ။ ၎င်းသည် သူမဖော်ပြနိုင်သည့် ကြောက်ရွံ့မှုတစ်ခုဖြစ်သည်။

“ငါက စုမင် ... ငါက စုမင်ပါ …” သူ တီးတိုး ရေရွတ်လိုက်သည်။

သူ့ထံသို့ ကြောက်စရာကောင်းစွာ နီးကပ်လာနေသည့် လေ့ချန်ကို ကြည့်လိုက်သည်။ ညဘက်လက်ကို လက်သီးဆုပ်လိုက်ပြီး စုမင်ထံသို့ လက်သီးဖြင့် ထိုးချလိုက်သော်လည်း သူ့လက်သီးသည် စုမင်မျက်နှာနှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားခဲ့သည်။

စုမင် ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် သူ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

“ငါတို့ တစ်ချိန်ချိန်ကျ ပြောင်းလဲ သွားမှာလားလို့ မင်းမေးခဲ့ဖူးတယ်”

လေ့ချန် တုန်လှုပ်သွားသည်။ သူ၏ သွေးမျက်လုံးများသည် မယုံကြည်မှု အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ စုမင်ကို ထုံထိုင်းစွာ ငေးကြည့်နေရင်း ကြောက်လန့် တုန်လှုပ်မှုများပင် ရှိနေခဲ့သည်။

“ဒါက မဖြစ်နိုင်ဘူး ... ငါ မင်းကို ငါ့လက်တွေနဲ့ မြှုပ်နှံပေးခဲ့တာလေ ... ဒါက ပုံရိပ်ယောင်တစ်ခုပဲ မဟုတ်လား ... ဒါက ငါ့ကျင့်ကြံမှုရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေထဲက နောက်ထပ်အခြား ထင်ယောင်ထင်မှား တစ်ခုပဲနေမှာ …”

လေ့ချန်အက်ကွဲစွာ ရယ်မောလိုက်ရင်း သူ့ညာဘက်လက်သီးကို သူ့ရင်ဘတ်ထံသို့သာ ပြန်ထိုးချလိုက်သည်။ မြည်ဟီးသံ တစ်ခုသည် လေထုအတွင်း ပျံ့နှံ့ သွားပြီး လေ့ချန်ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း မှိန်ဖျော့လာပြီး စုမင်မျက်စိရှေ့မှ ပျောက်ကွယ် သွားတော့သည်။

စုမင် အသက်ရှူသံ လျင်မြန်လာသည်။ ဟန်တောင်တန်းသံကြိုး၏ အပိုင်းခြောက်ပိုင်းအား ဖြတ်သန်းခဲ့စဉ်တွင် ယခုလို အပြောင်းအလဲမျိုး သူမတွေ့ကြုံခဲ့ရပေ။ ပုချန့်မျိုးနွယ်၏ ပညာသားပါသည့် စကားများ အောက်၌ပင် သူ ယခုလိုမျိုး မဖြစ်ပျက်ခဲ့ပေ။ သို့သော် ယခုတော့ သူသည် မိမိအသက်ရှူနှုန်းကိုပင် ခက်ခဲစွာ ထိန်းချုပ်နေရသည်။ သူ ပြင်းထန်စွာ မောပန်းနေခဲ့သည်။

‘ဒါက ထင်ယောင်ထင်မှားဖြစ်မှု တစ်ခုပဲလား ... ဒါမှမဟုတ် အစစ်အမှန်ပဲလား’

‘ဒါက ငါ့ရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုလား ... ဒါမှမဟုတ် လေ့ချန်ရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုလား …’

‘ဒါက ငါ့ရဲ့ အမှန်တကယ် ဖြစ်တဲ့အရာလား ... ဒါမှမဟုတ် လေ့ချန်ရဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာလား ... လေ့ချန်ရဲ့ ပုံပန်းသွင်ပြင်က အများကြီး ပြောင်းလဲ သွားတယ်။ ပြီးတော့ သူကပိုပြီး စွမ်းအား ကောင်းလာတယ် ... ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှု တစ်ခုပဲလား …’

သူ၏ အိပ်မက်ဆိုးမှ မနိုးထနိုင်သကဲ့သို့ စုမင် တုန်လှုပ်ချောက်ချား နေခဲ့သည်။

ထိုအချိန်တွင် ဟန်တောင်တန်းမြို့တော် တစ်ခုလုံး တုန်လှုပ် ချောက်ချားစွာ ပွက်လောရိုက် နေခဲ့သည်။ ထိုရုတ်ရုတ်သဲသဲ ဖြစ်ခြင်းသည် ထိုင်နေခဲ့သူများကိုပင် နောက်တစ်ကြိမ် ပြန်လည် မတ်တတ် ထရပ်လိုက်မိစေသည်။ အရောင်စုံရေကန် မျိုးနွယ်စု၊ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုနှင့် ပုချန့်မျိုးနွယ်စုတို့သည်ပင် အံ့အားသင့် နေခဲ့ကြသည်။

ညအချိန်၌ပင် သံကြိုး၏ သတ္တမမြောက် အပိုင်းတွင် စုမင်ရှေ့သို့ လျှောက်လှမ်း နေသည်ကို သူတို့ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သို့သော် စုမင်၏ လှုပ်ရှားမှု များသည်တော့ ယခင်နှင့် လုံးဝ ကွဲပြားခြားနား နေခဲ့၏။ သူသည် ချောချောမွေ့မွေ့ လမ်းကြောင်း တစ်ခုပေါ်တွင် လျှောက်လှမ်းနေခြင်း မဟုတ်ဘဲ ဟန်တောင်တန်း၏ သွယ်ဆက်သံ ကြိုးတန်းများပေါ်တွင် လျှောက်လှမ်းနေခဲ့ခြင်း ဖြစ်ကြောင်း သတိမေ့နေသကဲ့သို့ပင် ဖြစ်သည်။

ထိုအချိန်တွင် ဤလူများ၏ မျက်လုံးထဲ၌ စုမင်သည် သူ့ဝိညာဉ်နှင့် စိတ်ကို ဆုံးရှုံးလိုက်ရဟန် ပေါ်နေခဲ့သည်။ သူ ရွေ့လျားနေခဲ့သည်မှာ လမ်းလျှောက်နေသည့် အလောင်းကောင် တစ်ကောင်သဖွယ်သာ ဖြစ်သည်။ သူ့ခြေထောက်ကျခြင်း လွဲသွားလုနီးပါး ဖြစ်ခဲ့သည့် နေရာပင်ရှိခဲ့သည်။

ဤအရာသည် စိတ်ကြည်လင် ရှင်းလင်းနေသည့် လူတစ်ဦးလုပ်မည့် အရာမျိုး မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။

“ဒီလိုမျိုး နောက်တစ်ကြိမ်လား။ သတ္တမမြောက် အပိုင်းကို လျှောက်လှမ်းတဲ့ စိန်ခေါ်သူတွေ အကုန်လုံးက အခုလိုမျိုး ဖြစ်သွားလိမ့်မယ် ဆိုတာ ငါအရင်တုန်းက တစ်စုံတစ်ယောက်ဆီကနေ ကြားခဲ့ဖူးတယ်”

“တကယ်ပဲ သတ္တမမြောက်အပိုင်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေခဲ့တာလဲ”

“ပြီးသွားပြီ။ သူ အခုလေးတင် ခြေချတာလွတ်တော့မလို ဖြစ်သွားပေမဲ့ ခြေချော်မသွားခဲ့ဘူး ဆိုတာက လေကနည်းနည်းပဲ တိုက်ပြီး သံကြိုးက အပြင်းအထန် လှုပ်ယမ်း မနေခဲ့လို့ဘဲ ... အခုတော့ ... လေတိုက်ခတ်လာပြီ”

ဒီရေလှိုင်းသဖွယ် ဆွေးနွေးသံများသည် ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်လာသည့် လေကြောင့် ရပ်တန့်သွားခဲ့သည်။ လေသည် ပြင်းထန်စွာ တိုက်ခတ်လာသည်နှင့် သံကြိုး၏ သတ္တမမြောက် အပိုင်းသည်လည်း စတင်၍ ပြင်းထန်စွာယိမ်းထိုး လှုပ်ယမ်းလာခဲ့ပြီး ယိမ်းထိုးနေသည့် အရှိန်သည်လည်း လျင်မြန်လာခဲ့သည်။

ထိုအခိုက်တွင်ပင် လျှပ်စီးတန်း တစ်ခုသည် လေထုအတွင်း ပြိုးပြက်သွားပြီး ရပ်တန့်နေခဲ့သည့် ဆွေးနွေးသံများသည် ယခင်ထက် ပိုမိုကျယ်လောင်စွာဖြင့် ပြန်လည် ဖြစ်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုလျှပ်စီးတန်းသည် လောကတစ်ခုလုံးအား တောက်ပသွားအောင် ပြုလုပ်လိုက်ချိန်တွင် သူတို့ ရှင်းလင်းစွာ မြင်လိုက်ကြရသည်မှာ သံကြိုးပေါ်တွင် စုမင်သည် သူ၏ညာခြေထောက်ကို တောင့်တင်းစွာ မလိုက်ပြီးနောက် ပြန်ချလိုက်ချိန်တွင် ... ချော်ထွက်သွားခဲ့ပြီ ဖြစ်သည်။

***

All Chapters