← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း ၁၆၉ - မိုးကြိုးလွှဲ လိုအပ်နေပြီ။

“ဖားလေးရာ... မင်း ဝမ်းသွားတာ ဒီလောက်များတာကို ကြည့်ရင် ကန်စွန်းဥတွေက မင်းရဲ့ ဝမ်းချုပ်တဲ့ရောဂါအတွက် တကယ် ထိရောက်တာပဲ။ နောက်ဆိုရင် ကန်စွန်းဥကိုပဲ မင်းရဲ့ အဓိကအစားအစာအဖြစ် သတ်မှတ်လိုက်တော့။”

လုပေါင် က မျက်နှာသေဖြင့် လိမ်ညာပြောဆိုလိုက်သည်။

ရွှေဖားကြီး က ဇဝေဇဝါဖြင့် ခေါင်းစောင်းကြည့်နေသော်လည်း နောက်ဆုံးတွင်တော့ လက်ခံသည့်အနေဖြင့် တစ်ချက် အော်လိုက်လေသည်။ Live ထဲက ပရိတ်သက် များမှာတော့ ဒါကို ကျင့်သားရနေပါပြီ။ ရတနာနတ်ဘုရားသာ မယုတ်မာရင် သူက ရတနာနတ်ဘုရား ဟုတ်ပါဦးမလား။

“တော်ပါတော့ ရတနာနတ်ဘုရားရာ ဒီလောက်ကြီး မယုတ်မာပါနဲ့တော့။”

“မင်း ဒီလိုပဲ ဆက်လုပ်နေရင် ငါ ရဲတိုင်တော့မယ် ဖားလေးက ချစ်ဖို့ကောင်းတာကို မင်းက ဘယ်လိုတောင် လိမ်ရက်တာလဲ...”

လုပေါင်ကတော့ ကျောက်တုံးဘုရင် ကို အမိန့်ပေးကာ ကြွက်တပ်ဖွဲ့ဝင်များကို ကန်စွန်းဥကြီးများ တူးခိုင်းထားပြီးဖြစ်သည်။ ၎င်းမှာ ရှေ့လျှောက် ရွှေဖားကြီး၏ အဓိကစားနပ်ရိက္ခာ ဖြစ်လာတော့မည်။

“ဒါကို ကန်စွန်းဥကနေ ရွှေဖြစ်အောင် ဖန်တီးတယ်လို့ ခေါ်မလား။”

သူ့ဘာသာ ရေရွတ်ရင်း လုပေါင်သည် ချိုင့်ဝှမ်းအတွင်းရှိ အလင်းနတ်သမီး လိပ်ပြာများ စွန့်ထုတ်သည့် နတ်သမီးမျက်ရည် များကို စတင်စုဆောင်းတော့သည်။ အလှကုန်ကုမ္ပဏီကြီးများ၏ ကမ်းလှမ်းမှုကို သူ ငြင်းပယ်ခဲ့သော်လည်း ဤအရည်များကို စွန့်လွှတ်မည်ဟု မဆိုလိုပေ။

“ဒီကျွန်းပေါ်က ထွက်သွားတဲ့အခါ အဲ့ဒီကုမ္ပဏီတွေကို အကြီးအကျယ် ဓားပြတိုက်ရတော့မယ်။”

နတ်သမီးမျက်ရည်များကို စုဆောင်းပြီးနောက် လုပေါင်သည် ဆေးဖက်ဝင်အပင်များကို ဆက်ရှာရန် နဂါးကြီးကို စီး၍ ထွက်ခွာခဲ့သည်။သို့သော် ရုတ်တရက်ပင် ကြည်လင်နေသော ကောင်းကင်ကြီးမှာ မှောင်မိုက်လာပြီး ပင်လယ်ဘက်မှ လေပြင်းများ စတင်တိုက်ခတ်လာသည်။လေထဲတွင် စိုထိုင်းဆများ မြင့်တက်လာပြီး ရေငွေ့နံ့များ ရလာသည်။

“မိုးကြီးတော့မယ်။”

ဤကဲ့သို့ ကျွန်းပေါ်တွင် ရာသီဥတု ရုတ်တရက် ပြောင်းလဲခြင်းမှာ သာမန်ပင်ဖြစ်သဖြင့် လုပေါင် သိပ်မအံ့ဩတော့ပေ။သူသည် ဆေးရှာသည့် အစီအစဉ်ကို ခေတ္တရပ်နားကာ ရွှေဖားကြီးကို သတိပေးလိုက်သည်။

“ဖားလေး... မြန်မြန် ပုန်းစရာနေရာရှာတော့။ မိုးမိလို့ အအေးမိပြီး ဝမ်းလျှောနေဦးမယ်။အဲ့ဒါဆိုရင် ငါ့ရဲ့ ရွှေဥတွေက ပုံစံမကျဘဲ ဖြစ်ကုန်လိမ့်မယ် အဟမ်း... ငါဆိုလိုတာက မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါလို့။”

လုပေါင်သည် နဂါးကြီးကို စီး၍ သူ၏ ဗီလာဆောက်ရာ နေရာသို့ အမြန်ပြန်လာခဲ့သည်။ မိုးသည်းထန်စွာ ရွာတော့မည်ဖြစ်ရာ ဆောက်လက်စ ဗီလာကြီး ပျက်စီးသွားမည်ကို သူ စိုးရိမ်နေသည်။ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့ နေထိုင်သည့် ဂူအတွက်မူ စိုးရိမ်စရာ မရှိပေ။

ကျွန်းပေါ်တွင် ရေငွေ့များမှာ လျင်မြန်စွာ ငွေ့ရည်ဖွဲ့ကာ မိုးပေါက်ကြီးများအဖြစ် ဝုန်းခနဲ ရွာချလိုက်တော့သည်။ မိုးပေါက်မှာ ပဲစေ့ခန့်ရှိပြီး ခေါင်းပေါ်သို့ ရေပုံးနှင့် လောင်းချနေသကဲ့သို့ ပြင်းထန်လှသည်။လုပေါင်သည် နဂါးကြီး၏ ဗိုက်အောက်တွင် ဝင်ပုန်းကာ မိုးခိုလိုက်သည်။

ဗီလာဆောက်ရာနေရာသို့ ရောက်သောအခါ မျောက်ဝံကြီးများမှာ အတော်အတန် ဆောက်လုပ်ပြီးစီးနေသည်ကို တွေ့ရသည်။ နဂါးကြီး၏ ကပ်စေးနှဲရည်ဖြင့် ကျောက်တုံးကြီးများကို ခိုင်ခိုင်မာမာ ကပ်ထားနိုင်သဖြင့် အမိုးပိုင်းပင်လျှင် ပြဿနာမရှိတော့ပေ။

“တောက်... ဒီမိုးက တကယ်ကို သည်းတာပဲ။”

မကြာမီမှာပင် ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ မိုးကြိုးတစ်ချက် လုပေါင်၏ နားအနီးတွင် ပေါက်ကွဲသွားတော့သည်။ကမ်းပါးယံပေါ်တွင် ဆောက်ထားသော ဗီလာမှာ အမြင့်ဆုံးအဆောက်အအုံ ဖြစ်နေသဖြင့် မိုးကြိုးပစ်ခြင်းကို ခံလိုက်ရသည်။လူကြီးတစ်ယောက်၏ ပေါင်ခန့်ရှိသော မိုးကြိုးတန်းကြီး ဗီလာကို ထိမှန်သွားသောအခါ ဖုန်များ ထသွားတော့သည်။

နဂါးကြီး၏ မြေဓာတ်စွမ်းအားကြောင့်သာ ဗီလာကြီး မပြိုကျခြင်းဖြစ်သည်။သို့သော် ကျောက်တုံးများပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်ကို လုပေါင် မြင်လိုက်ရသည်။

“မဖြစ်သေးဘူး ငါ့ရဲ့ ဗီလာကြီး။”

ကောင်းကင်တွင် မိုးကြိုးများမှာ ထပ်မံ ပစ်ခတ်ရန် ပြင်ဆင်နေကြပြန်သည်။ဆောက်လက်စ ဗီလာကြီး ပြိုကျသွားမည်ကို လုပေါင် အဖြစ်မခံနိုင်ပေ။ထိုစဉ် Live ထဲမှ ပရိတ်သက် တစ်ဦး၏ Comment က လုပေါင်ကို သတိရသွားစေသည်။

“ရတနာနတ်ဘုရား... အခုအချိန်မှာ မိုးကြိုးလွှဲ သာ ရှိရင် သိပ်ကောင်းမှာပဲ။”

“ဟုတ်သားပဲ မိုးကြိုးလွှဲ။”

သို့သော်ဤတောထဲတောင်ထဲတွင် လျှပ်ကူးပစ္စည်းဖြစ်သော သတ္တုနှင့် ပြုလုပ်ထားသည့် မိုးကြိုးလွှဲကို သူ ဘယ်မှာ သွားရှာရပါမည်နည်း။

“ထားလိုက်ပါတော့ ရတနာနတ်ဘုရားရာဘေးကင်းဖို့က အဓိကပဲ။ အခု မိုးကြိုးက အရမ်းကြောက်ဖို့ကောင်းတယ်။”

“ပေါင်ပေါင်ရာ... ဗီလာက ပျက်ရင် ပြန်ဆောက်လို့ရတယ် မင်းသာ တစ်ခုခုဖြစ်သွားရင် ငါတို့ ဘယ်သူ့ Live ကို ကြည့်ရမလဲ။”

“မိုးကြိုးလွှဲမရှိရင် အလကားပဲ။ ရတနာနတ်ဘုရား... လက်လျှော့လိုက်ပါတော့။”

အခန်း ၁၇၀ - Hermes တောင် မြေးအဆင့်ပဲ ရှိတော့တယ်။

Live ထဲမှ ပရိတ်သက် များက ရတနာနတ်ဘုရားတစ်ယောက် သူတို့စကားကို နားထောင်တော့မည်ဟု ထင်နေစဉ်မှာပင် လုပေါင်၏ မျက်နှာတွင် ထုံးစံအတိုင်း ကောက်ကျစ်သော အပြုံးကြီး ပေါ်လာပြန်သည်။

“နေဦး... ရတနာနတ်ဘုရား ပြုံးပုံက တစ်မျိုးကြီး ဖြစ်လာပြီ။ကိစ္စတွေ ရှုပ်တော့မယ်။”

“ပေါင်ပေါင်ရာ... မင်း အဲ့လိုပြုံးရင် ငါတို့ တကယ်ကြောက်တယ်။”

“ငါ့ရင်ထဲမှာ ခံစားနေရတယ် ရတနာနတ်ဘုရား တစ်ခုခုကို ဂျင်း ထည့်တော့မယ်။”

ဟုတ်ပေသည်။မိုးကြိုးလွှဲဆိုသော စကားလုံးကို ကြားလိုက်ရုံနှင့် လုပေါင်၏ ဦးနှောက်ထဲတွင် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတစ်ခု ပေါ်လာခဲ့သည်။လုပေါင်သည် မျောက်ဝံများ စုဆောင်းထားသော သစ်လုံးများထဲမှ သင့်တော်သော တစ်လုံးကို ယူကာ ဗီလာအမိုးပေါ်တွင် ကျောက်တုံးများဖြင့် ဖိ၍ စိုက်ထူလိုက်သည်။

ထို့နောက် သူသည် သူ၏ မိစ္ဆာလက်နှင့် တွင်းနက်ထဲတွင် အေးအေးဆေးဆေး ကူးခတ်နေသော ပင်လယ်နက် လျှပ်စစ်ငါးရှဉ့် ဆီသို့ ဆန့်တန်းလိုက်တော့သည်။

“လျှပ်စစ်လေးရေ... လိမ္မာတယ်နော်။ ဘာမှမဟုတ်ပါဘူး မင်းကို အားသွင်းပေးမလို့ပါ။”

လျှပ်စစ်ငါးရှဉ့်ခမျာ အပြင်သို့ ဆွဲထုတ်ခံလိုက်ရချိန်တွင် လုပေါင်၏ တစ္ဆေသံကဲ့သို့ အသံကြောင့် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လုပေါင်သည် ၎င်းကို သစ်လုံးထိပ်တွင် တင်လိုက်ပြီး ရုန်းမထွက်နိုင်အောင် အမြီးကိုပါ ချည်နှောင်လိုက်တော့သည်။

အသက်ရှိ မိုးကြိုးလွှဲ တစ်ခု အောင်မြင်စွာ ပေါ်ထွက်လာပြီ ဖြစ်သည်။

ထို့နောက် လုပေါင်သည် နဂါးကြီးကို စီး၍ ဘေးသို့ အမြန်ရှောင်လိုက်သည်။ဒီလောက်ပြင်းတဲ့ မိုးကြိုးကို သခင်လေးပေါင်တောင် မခံနိုင်ဘူးလေ။သူသည် ပို၍ စိတ်ချရအောင် နဂါးကြီး၏ ဗိုက်အောက်တွင်ပါ ဝင်ပုန်းနေလိုက်သည်။သို့သော် ဤလျှပ်စစ်ငါးရှဉ့်ကတော့ မတူပေ။ ၎င်းတွင် ကိုယ်ပိုင် ဗို့အားမြင့် လျှပ်စစ်ဓာတ် ရှိနေသည် မဟုတ်ပါလား။

“ရတနာနတ်ဘုရား... လူစိတ်လေး ရှိပါဦးလျှပ်စစ်လေးက မင်းကို ဘာလုပ်လို့လဲ။မင်းက သူ့ကို သတ်မလို့လား။”

“ရတနာနတ်ဘုရားရဲ့ ယုတ်မာမှု ဒီနေ့အတွက် +3”

“နဂါးကြီးကတော့ တွေးနေမှာပဲ ‘မင်း လျှပ်စစ်ငါးရှဉ့်ကို နှိပ်စက်တာ ထားပါတော့ ငါ့ဗိုက်အောက် လာပုန်းနေတာက ဘာအဓိပ္ပာယ်လဲ’ တဲ့။”

လုပေါင်က Live ထဲမှ Comment များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ညီအစ်ကိုတို့ရာ... ဒါက နှိပ်စက်တာ မဟုတ်ပါဘူး။ ဒါက စွမ်းဆောင်နိုင်သူက အလုပ်ပိုလုပ်ရတယ် ဆိုတဲ့ သဘောပါ။ လျှပ်စစ်ငါးရှဉ့်တွေက ဗို့အားသောင်းချီ ထုတ်နိုင်တာတောင် ဘာမှမဖြစ်ဘူးလေ။ ဒီမိုးကြိုးလောက်တော့ ခံနိုင်မှာပေါ့။ စမ်းကြည့်ကြတာပေါ့။”

ထိုစဉ်မှာပင် ကောင်းကင်ယံထက်မှ နောက်ထပ် မိုးကြိုးတစ်ချက် ဝုန်းခနဲ ပစ်ချလိုက်တော့သည်။ လုပေါင် မျှော်လင့်ထားသည့်အတိုင်း ထိုမိုးကြိုးမှာ သစ်လုံးတွင် ချည်ထားသော လျှပ်စစ်ငါးရှဉ့်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။၎င်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ သာမန်မိုးကြိုးလွှဲထက်ပင် လျှပ်စစ်ကို ပို၍ ဆွဲဆောင်နိုင်ပုံရသည်။

ဧရာမ လျှပ်စစ်စွမ်းအင်များ ငါးရှဉ့်ကိုယ်ထဲသို့ စီးဝင်သွားသောအခါ ရုန်းကန်နေသော ငါးရှဉ့်မှာ ရုတ်တရက် တောင့်တင်းသွားသဖြင့် လုပေါင်၏ ဦးရေပြားပင် ကျိန်းစပ်သွားရသည်။

“သေသွားပြီလား မသိဘူး။”

လုပေါင် အနည်းငယ် အားနာသွားသည်။ သို့သော် မကြာမီမှာပင် ထိုငါးရှဉ့်မှာ တဖြည်းဖြည်း ပြန်လည် နိုးထလာသည်။ ၎င်း၏ မျက်လုံးငယ်လေးများတွင် နာကျင်မှုများ ရှိနေသော်လည်း ၎င်း၏ ခွန်အားမှာ ပိုမို အားကောင်းလာသည်ကို လုပေါင် ခံစားလိုက်ရသည်။၎င်း၏ ကိုယ်ပေါ်တွင် လျှပ်စစ်ဓာတ်များမှာ မီးသီးကြီးတစ်လုံးကဲ့သို့ ဝင်းခနဲ လက်ခနဲ ဖြစ်နေတော့သည်။

“ကြည့်ရတာ... နောက်ဆိုရင် အားသွင်းရုံတင်မကဘဲ အိမ်မှာ မီးသီးအဖြစ် ချိတ်ထားရင်တောင် အဆင်ပြေမှာပဲ။”

ငါးရှဉ့် ဘာမှမဖြစ်သည်ကို မြင်ရသောအခါ လုပေါင်၏ အားနာစိတ်များ ပျောက်ကွယ်သွားပြီး နောက်ပြောင်ချင်စိတ်များ ပြန်ဝင်လာပြန်သည်။

မိုးကြိုးများ တစ်ခုပြီးတစ်ခု ပစ်ချသမျှကို လျှပ်စစ်ငါးရှဉ့်က အကုန်စုပ်ယူလိုက်ရာ ဗီလာကြီးမှာ ဘာမှမဖြစ်တော့ပေ။ လုပေါင်မှာတော့ အလွန် ဂုဏ်ယူနေတော့သည်။

“သာမန်မိုးကြိုးလွှဲက လျှပ်စစ်ကို မြေကြီးထဲ ပို့ပေးတယ် ငါ့ရဲ့ အသက်ရှိမိုးကြိုးလွှဲကတော့ လျှပ်စစ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး စုပ်ယူပစ်တာ။”

မိုးသက်မုန်တိုင်းမှာ တစ်နေ့ခင်းလုံးနီးပါး ကြာမြင့်ခဲ့ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။နေရောင်ခြည် ပြန်လည် ထွက်ပေါ်လာသောအခါမှ လုပေါင်သည် ဗီလာအမိုးပေါ် တက်ကာ လျှပ်စစ်ငါးရှဉ့်ကို ပြန်ဖြုတ်လိုက်သည်။ ဤငါးရှဉ့်မှာ အားနည်းသွားခြင်း မရှိဘဲ ပို၍ပင် တက်ကြွနေသည်ကို တွေ့ရသည်။

လုပေါင်က ၎င်းကို ကိုင်လိုက်သည်နှင့် ကိုယ်ထဲသို့ စီးဝင်လာသော လျှပ်စစ်ဓာတ်မှာ အရင်ကထက် ပိုမို ပြင်းထန်လှသည်။၎င်း၏ ခန္ဓာကိုယ်မှာ လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်မှုကြောင့် ပို၍ပင် သန်မာလာသလို ခံစားရသည်။

သူသည် လွတ်မြောက်သွားသော လျှပ်စစ်ငါးရှဉ့်ကို သူ၏ ခါးတွင် ပတ်လိုက်ပြီး အကျိတ်အခဲဖြစ်အောင် ချည်နှောင်လိုက်ပြန်သည်။

“ဒီ လျှပ်စစ်အလင်း ခါးပတ် က တကယ်ကောင်းတာပဲ လျှပ်စစ်လေးရာ... မင်းကို သခင်လေးပေါင် အထင်သေးခဲ့မိတယ်။”

“ကမ္ဘာကျော် Hermes ခါးပတ်တွေတောင် ငါ့ရဲ့ လျှပ်စစ်ခါးပတ်ရှေ့မှာဆိုရင် မြေးအဆင့်ပဲ ရှိတော့တယ်။”

လုပေါင်သည် ခါးတွင်ပတ်ထားသော လျှပ်စစ်ငါးရှဉ့်ကို ကြည့်ကာ အလွန်ကျေနပ်အားရစွာဖြင့် ရယ်မောနေတော့သည်။

All Chapters