ကျရှုံးခြင်း
Vol. 14 Ch. 182
“သူမအောင်မြင်ခဲ့ဘူး”
“မင်းသာ သတ္တမမြောက်အပိုင်းမှာ ကျရှုံးခဲ့မယ် ဆိုရင် အဲဒါက သေဆုံးတာနဲ့ အတူတူပဲ။ သူ့ကို အသက်ရှင်အောင် ထိန်းထားနိုင်မဲ့ ပညာရပ်မျိုး သူ့မှာ သေချာပေါက်ရှိမှာ မဟုတ်ဘူး”
“သတ္တမမြောက်အပိုင်း ... သတ္တမမြောက်အပိုင်း ... ဒါက အရမ်း အန္တရာယ်များတယ် ဆိုတာ ငါမယုံနိုင်သေးဘူး။ သူဘာလို့ အခုလိုမျိုး ဖြစ်သွားခဲ့လဲ ဆိုတာတောင် ငါနားမလည်နိုင်ဘူး။ သူ ဆဋ္ဌမမြောက်အပိုင်းမှာ လုပ်ဆောင်နိုင်ခဲ့တဲ့ပုံမျိုးနဲ့ ဆိုရင် ဒါကမဖြစ်သင့်ဘူးလေ”
ဆွေးနွေးသံများ ကျယ်လောင်လာခဲ့ပြီး လူတိုင်းနီးပါးပင် မတ်တတ် ထရပ်နေခဲ့ကြသည်။ နန်ထျန်းနှင့် အခြားသူများသည်လည်း မယုံကြည်နိုင်မှုတို့ဖြင့် သက်ပြင်း ချလိုက်မိကြသည်။
“သတ္တမမြောက်အပိုင်းက ခက်ခဲကောင်း ခက်ခဲနိုင်လိမ့်မယ်။ ဒါပေမဲ့ ... သူက ရှေးဟောင်း ခေါင်းလောင်းအတွက် ဆရာစစ်မာနဲ့တောင် တိုက်ခိုက်နိုင်တဲ့သူလေ။ ပြီးတော့ သူက ... ဒီအတိုင်းလေးပဲ ကျရှုံးသွားတယ်တဲ့လား”
“သတ္တမမြောက် အပိုင်းက လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတာကို ငါသိပေမဲ့ အသေးစိတ် ကျကျတော့ မသိဘူး။ တကယ်ပဲ ဒီလူက သတ္တမမြောက် အပိုင်းမှာ ဘာဖြစ် သွားခဲ့တာလဲ …”
ဆွေးနွေးမှုများသည် အဆုံးမရှိဘဲ နေရာတိုင်းလိုလို ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။ လူတိုင်း၏ မျက်လုံးအောက်တွင်ပင် စုမင်ခြေထောက်သည် ဟန်တောင်တန်း သံကြိုးပေါ်မှ လွတ်ထွက်သွားပြီး သူ့ခန္ဓာကိုယ်သည် ဘေးသို့စောင်းကျကာ အောက်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်း၍ အံ့အားသင့်စွာ အော်ဟစ် မြည်တမ်းသံများ ထွက်ပေါ်လာခဲ့သည်။ နန်ထျန်းနှင့် အခြားလူသုံးဦးသည် အနည်းငယ်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ ထိုအရာကို ကြည့်ရှုရန် လေထဲသို့ ပျံတက်လိုက်ကြသည်။
ဟန်တောင်တန်းမြို့တော် ဒုတိယအလွှာရှိ အိမ်အတွင်းတွင်တော့ မျက်နှာကာအောက်မှ ဟန်ဖေးကျစ် မျက်နှာသည် ဖျော့တော့ သွားခဲ့သည်။ သူမသည် မလှုပ်ရှားခဲ့ဘဲ အံ့အားသင့်နေသည့် အမူအရာဖြင့် အဝေးသို့ ငေးကြည့်နေခဲ့မိသည်။
‘သူက မော့စု ဟုတ်မဟုတ်ဆိုတာ အရေးမကြီးဘူး။ သူသာ သတ္တမမြောက် အပိုင်းမှာ ကျရှုံးသွားခဲ့မယ် ဆိုရင် ဘယ်သူကမှသူ့ကို ကယ်နိုင်မှာမဟုတ်ဘူး …’
ဟန်ဖေးကျစ် ခေါင်းကို ငုံ့လိုက်ရင်း မျက်လုံးတို့ကို မှိတ်ချလိုက်သည်။
တစ်ချိန်တည်း၌ပင် အရောင်စုံရေကန် မျိုးနွယ်စု တောင်ပေါ်ရှိ အဘွားအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမဘေးရှိ ယန်လွမ်သည်လည်း မှင်တက်သွားခဲ့သည်။ ဤအရာသည် ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
“ဒါ ... ဒါက …”
ယန်လွမ် ဆွံ့အနေခဲ့ပြီး လုံးဝပင် ကြောင်အမှင်တက် နေမိသည်။
“ဒါက သနားစရာပဲ ... ဟမ်း …”
အဘွားအို သက်ပြင်းချလိုက်ရင်း နောက်လှည့်လျက် ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။ စိန်ခေါ်မှုကို တစ်နေကုန် အာရုံစူးစိုက်၍ စောင့်ကြည့် နေခဲ့ခြင်းသည် သူမကို အလွန်အမင်း ပင်ပန်းစေခဲ့သည်။ သို့သော် သူမထွက်ခွာရန် ပြင်လိုက်စဉ်လိုက်မှာပင် ဟန်တောင်တန်း မြို့တော်ကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး အံ့အားသင့် သွားရသည်။
သူမမြင်လိုက်သော အရာသည် ဟန်တောင်တန်း ခေါင်းလောင်း တည်ရှိနေသော နေရာတွင်ဖြစ်သည်။ ခေါင်းလောင်းသည် မည်သည့်ပြောင်းလဲမှုမှ ကြုံတွေ့ခဲ့ရခြင်း မရှိဟန်ဖြင့် ထိုထောင့်တွင်ပင် တိတ်ဆိတ်စွာ တည်ရှိနေခဲ့သည်။
စုမင်ခြေထောက် လေထဲသို့ နင်းမိသွားပြီး သူ့ခန္ဓာကိုယ် သတ္တမမြောက် အပိုင်းမှ ပြုတ်ကျသွားသည်နှင့် အရောင်စုံရေကန်မျိုးနွယ်စု သာမက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု သည်လည်း ထိတ်လန့် တုန်လှုပ် သွားခဲ့ရသည်။
ပထမဆုံးအကြိမ် အနေဖြင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် မတ်တတ် ထရပ်လိုက်ပြီး သေချာကြည့်ရှုရန် တောင်စွန်းဆီသို့ ခြေလှမ်း အနည်းငယ် လှမ်းသွားလိုက်မိသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်မိပြီး မျက်လုံးများ အတွင်းတွင်တော့ ထိတ်လန့် တုန်လှုပ်မှုများသာ ရှိနေခဲ့သည်။
“သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် သူက သတ္တမမြောက် အပိုင်းကို မကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ ဒီလိုမျိုးတော့ ကျရှုံးမသွားသင့်ဘူး ... ဒါ ... ဒါက ... သူက စစ်မာရှင်းနဲ့ မယုံနိုင်လောက်အောင် တူညီတဲ့ လူတစ်ယောက်ပဲလေ။ ဒီလိုမျိုး သေဆုံးသွားတယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ”
ဖန်းရှန်မျက်နှာလည်း ဖြူဖျော့နေခဲ့သည်။ ဟန်တောင်တန်း၏ သွယ်ဆက်သံ ကြိုးတန်းများကို စိန်ခေါ်သူသည် မော့စုဖြစ်ကြောင်း သိရှိခဲ့ချိန်မှစ၍ သူတစ်ချိန်လုံး စိတ်လှုပ်ရှားနေခဲ့ရခြင်း ဖြစ်သည်။ ထိုစိတ်လှုပ်ရှားမှုသည် စုမင်အတွက် စိုးရိမ်ပူပန် နေခြင်းကြောင့် မဟုတ်ပဲ သူ့သား၏ ဒဏ်ရာများအတွက် ဖြစ်သည်။
စုမင် သံကြိုးပေါ်မှ ခြေချော်၍ ပြုတ်ကျသွားချိန်တွင် ဖန်းရှန် ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိ၏။ မော့စုသေဆုံးသွားပြီ ဖြစ်ကြောင်း သူသိလိုက်ပြီဖြစ်သည်။ အကယ်၍ လူတို့သည် သံကြိုး၏ သတ္တမမြောက်အပိုင်းမှ ပြုတ်ကျသွားခဲ့လျှင် မည်သူမှ အသက်မရှင်နိုင်ပေ။
ဖန်းချန်းလန် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်ရင်း မျက်လုံးများအတွင်း ဝေခွဲမရဟန်တို့က အတိုင်းသား ပေါ်နေခဲ့သည်။ သို့သော် ထိုဝေခွဲမရဟန် များသည် စိတ်ဓာတ်ခိုင်မာဟန် ပြောင်းလဲ သွားတော့သည်။
“သူ သေမှာမဟုတ်ဘူး”
စုမင် ရုတ်တရက် ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ပုချန့်မျိုးနွယ်တောင်ပေါ်မှ အသားတောင် တစ်လုံးသဖွယ် လူသည်လည်း မတ်တတ် ထရပ်လိုက်မိသည်။ တောင်ပေါ်တွင် ရှိနေသည့် အကြီးအကဲ အပါအဝင် ပုချန့်မျိုးနွယ်ဝင်များ အားလုံး မသိစိတ်အရ ရှေ့သို့ခြေလှမ်း အနည်းငယ် လှမ်းလိုက်မိကြသည်။ သူတို့သည် တောင်စွန်းသို့ လျှောက်လာကြပြီး အောက်ကို ငုံ့ကြည့်လိုက်မိကြသည်။
စုမင်ခန္ဓာသည် အောက်သို့ လျင်မြန်စွာ ပြုတ်ကျနေသည်ကို သူတို့ မြင်လိုက်ရသည်။ သို့သော် သူသည် မကြာခင်၌ပင် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အရိပ်အယောင်ပါ မကျန် ပျောက်ကွယ် သွားတော့သည်။
“ဟမ့်၊ ငါ အရင်က သေချာပေါက်ကို မပြောခဲ့ဘူးလား။ ဒီလူက သေချာပေါက်ကို သေသွားလိမ့်မယ် ဆိုတာကို”
“သံကြိုးရဲ့ သတ္တမမြောက် အပိုင်းက လွယ်ကူတဲ့အရာ မဟုတ်ဘူး။ သူက သူ့သေခြင်းတရားဆီကို ကိုယ့်ဘာသာ လျှောက်ဝင် သွားခဲ့တာကိုး”
“စိတ်မကောင်းစရာဘဲ။ သူက ခေါင်းလောင်းကို အကြိမ် ၂၀ တောင် မြည်အောင် တီးခတ်နိုင်ခဲ့ပေမဲ့လည်း သံကြိုးရဲ့ သတ္တမမြောက်အပိုင်းမှာ သေဆုံးခဲ့ရတာပဲ။ ပြီးတော့ ဘယ်သူကမှလည်း သူ့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး”
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် မျက်လုံးတို့ကို ကျဉ်းမြောင်းရင်း ကြည့်လိုက်ပြီး အေးစက်စက် အကြည့်တစ်ခုသည် မျက်လုံးများအတွင်း ပေါ်ပေါက် လာခဲ့သည်။ သူသည် ချောက်နက်ကြီးများထံသို့ ဆက်မကြည့်တော့ဘဲ ခေါင်းကိုမော့လျက် ထူးဆန်းစွာ ပြောလိုက်သည်။
“တစ်ယောက်ယောက်ကို အောက်ကို လွှတ်ပြီးတော့ သူ့ရဲ့ အလောင်းကို ပြန်သယ်လာခိုင်းလိုက်”
သူ့နောက်မှ တစ်ယောက်သည် ချက်ချင်း နာခံလိုက်ပြီး ထိုကိစ္စအား စီစဉ်ရန် လှေကားထစ်များမှ လျင်မြန်စွာ ဆင်းသွားခဲ့သည်။
အသားတောင်လေး တစ်လုံးသဖွယ် လူသည်တော့ မယုံကြည်နိုင်သည့် အမူအရာမျိုး ဖြစ်ပေါ်နေခဲ့သည်။ ချောက်နက်ကြီးများ အတွင်းသို့ ကြည့်နေရာမှ သံကြိုး၏ သတ္တမမြောက် အပိုင်းအား ပြန်ကြည့်လိုက်ရင်း သူ့မျက်လုံးများ အတွင်း လေးစားမှု အရိပ်အယောင်များ ပေါ်လာခဲ့၏။
“ဟန်တောင်တန်းရဲ့ သွယ်ဆက်သံကြိုးတန်းတွေ …”
ဟန်တောင်တန်းမြို့တော်ရှိ လူအုပ်သည်တော့ ထိုမြင်ကွင်းအား ထိတ်လန့် တုန်လှုပ်နေခြင်းမှ မလွတ်မြောက် နိုင်သေးပေ။ ဆူညံစွာ ဆွေးနွေးနေမှုများနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ကြားမှပင် သူတို့၏ အကြည့်အများစုသည် လရောင်အောက်မှ သံကြိုး၏ သတ္တမမြောက်အ ပိုင်းထံသို့ ကျရောက်နေဆဲပင် ဖြစ်သည်။
“ဟန်တောင်တန်းရဲ့ သွယ်ဆက်သံ ကြိုးတန်းတွေက သတ္တမမြောက် အပိုင်းကစလို့ အရမ်းအန္တရာယ်များ လာခဲ့တာပဲ ... အား၊ ဒီလိုမျိုး ထူးချွန်သူတောင် ကျရှုံးသွားရတယ် ဆိုရင် ငါတို့လိုလူတွေက အဲဒါကို ဘယ်လို စိန်ခေါ်နိုင်ပါ့မလဲ”
“မင်းသာ နဝမမြောက် အပိုင်းအထိ လျှောက်လှမ်းနိုင်ခဲ့ပြီး အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီမယ် ဆိုရင်တောင် အဲဒါက အရည်အချင်း စစ်ဆေးတာ သက်သက်ပဲလေ ... ဒါပေမဲ့ မင်းကသာ မျိုးနွယ်စု ၃ စုထဲက လူတစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ မင်းက သံကြိုးရဲ့ အပိုင်း ကိုးပိုင်းလုံးကို ဖြတ်လျှောက်စရာ လိုမှာ မဟုတ်ဘူး။ အတိတ်မှာတုန်းက ဖန်းချန်းလန် လုပ်ခဲ့သလိုပေါ့”
အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့ပြီး ဟန်တောင်တန်း မြို့တော်မှ လူများသည်လည်း အမှန်တရားအား ဖြည်းဖြည်းချင်း လက်ခံလာခဲ့ပြီ ဖြစ်သည်။ သူတို့အထဲမှ အချို့သည် သူ့ကိုသနားနေခဲ့ပြီး၊ အချို့သည်တော့ သူ့ကို လှောင်ပြောင် နေခဲ့ကြသည်။ အချို့သည်တော့ ဖြစ်ပျက်ခဲ့သည့် အရာကို ကျေနပ်အားရ နေခဲ့ကြပြီး အချို့မှာတော့ စိတ်ပင်ပန်းစွာ သက်ပြင်းချမိ နေခဲ့ကြသည်။
သို့သော် မည်သို့ပင်ဖြစ်ပါစေ၊ အရာအားလုံး အဆုံးသတ် သွားခဲ့ပြီပင် ဖြစ်သည်။ ခေါင်းလောင်းကို အကြိမ် ၂၀ ကျော် တီးခတ်နိုင်ခဲ့ သူသည်လည်း အတိတ်မှ တစ်စုံတစ်ရာ အဖြစ်သာ ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။ အခြားလူတစ်ယောက်သည်လည်း ဟန်တောင်တန်း၏ သွယ်ဆက်သံ ကြိုးတန်းများကို နောက်တစ်ကြိမ် ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။ အခြားအပြစ်မရှိသည့် ဝိညာဉ်တစ်ခုသည် သူတို့ကြောင့် သေဆုံးသွားခဲ့ရပြန်ပြီ ဖြစ်သည်။
“ဟူး ... သွားကြရအောင်”
“အဲဒါက ပြီးသွားပြီ။ ပြန်ပြီးတော့ ငါတို့ရဲ့ သွေးကြောတွေ တိုးလာအောင် ပြန်လေ့ကျင့်ကြတာပေါ့။ ဟန်တောင်တန်းရဲ့ သွယ်ဆက်သံကြိုးတန်းတွေက ငါတို့ စိန်ခေါ်နိုင်တဲ့ အရာမဟုတ်ဘူးလေ …”
“စိတ်မကောင်းစရာဘဲ။ ငါတို့က အဲဒီလူရဲ့ နာမည်ကိုတောင် မသိလိုက်ရသလို သူ့မျက်နှာကိုလည်း မမြင်ဖူးလိုက်ဘူး။ ပုချန့်မျိုးနွယ်က သူ့အလောင်းကို ရှာတွေ့ပါစေလို့ပဲ မျှော်လင့်ရတော့မှာပေါ့”
လူတိုင်း၏ ဆွေးနွေးရာ ခေါင်းစဉ်သည် ဤတစ်နေ့လုံး ဖြစ်ပျက်ခဲ့သည့် အရာများမှ ဖြည်းဖြည်းချင်း ပြောင်းလဲလာကြပြီး သက်ပြင်းရှည်ကြီးများနှင့်သာ သူတို့အိမ်များဆီသို့ ပြန်သွားလိုက်ကြသည်။
ကောင်းကင်တွင်တော့ ခဲ့ကျူးစစ်နှင့် အခြားသုံးဦးတို့ တိတ်ဆိတ် နေခဲ့ကြသည်။ နှလုံးသားထဲတွင် အေးစက်စွာ ရယ်မောနေခဲ့သည့် ရွှမ်းလွမ်မှလွဲ၍ အခြားသုံးဦးလုံးသည် ဟန်တောင်တန်း၏ သွယ်ဆက်သံ ကြိုးတန်းများကို ကြည့်နေရင်း သူတို့နှလုံးသားထဲရှိ စိတ်ခံစားမှုများမှာ ရှုပ်ထွေးနေခဲ့သည်။ အေးခဲကောင်းကင်ကလန်မှ တပည့်လာရောက် ရွေးချယ်မည့်နေ့ကို အမှတ်ရလိုက်ရင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။
သူတို့ကဲ့သို့ သန်မာသော မာန်စွမ်းအားရှင်များသည် ဆန္ဒရှိပါက မိမိတို့ မျိုးနွယ်စုများသို့ ပြန်သွားပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်သည်။ ၎င်းသည် သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ သို့သော် သူတို့သည် ရာပ်နယ်လွန်အဆင့် ရောက်ရှိနေရုံမျှဖြင့် မကျေနပ်နိုင်ပေ။
“ငါ အရင်ဆုံး သွားနှင့်တော့မယ် …”
နန်ထျန်း သက်ပြင်းချလိုက်ရင်း လက်သီးနှင့် လက်ဝါးထပ်လျက် အခြားလူသုံးဦးကို နှုတ်ဆက်လိုက်ပြီး အလင်းတန်း တစ်ခုအသွင်ဖြင့် ဒုတိယအလွှာသို့ ပြန်ဝင် သွားခဲ့သည်။ ခဲ့ကျူးစစ်နှင့် လန်ယင်တို့သည်လည်း အလားတူပင် ပြန်လည် နှုတ်ဆက်လိုက်ကြပြီး ထွက်ခွာသွားတော့သည်။
နှုတ်ခမ်းတွင် အပြုံးရေးရေးဖြင့် ရွှမ်းလွမ်သည်သာ လေထဲတွင် တစ်ဦးတည်း ရပ်ကျန်ရစ်ခဲ့သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ခဲ့တယ်။ မော့စု၊ မင်းရဲ့ သေခြင်းတရားကို မင်းကိုယ်တိုင် ယူဆောင်လာခဲ့တာပဲ”
ရွှမ်းလွမ် အေးစက်စွာ ရယ်မောလိုက်သည်။ သူလှုပ်ရှား လိုက်သော်လည်း သူ၏ ကိုယ်ပိုင်နေရာသို့ ပြန်မသွားခဲ့ဘဲ ထိုအစား ပုချန့်တောင်ဆီသို့ ဦးတည် ပျံသန်းလိုက်သည်။ အကယ်၍ သူ့အလောင်းအား ပြန်လည် ယူဆောင် လာနိုင်ခဲ့လျှင် မော့စု၏ မျက်နှာကို သူမြင်ဖူးချင်သည်။ သူ့နှလုံးသားထဲတွင် မရေမရာ ခန့်မှန်းချက် တစ်ခုရှိနေခဲ့ပြီး မှန်ကန်ကြောင်း သူကိုယ်တိုင် အတည်ပြုချင်မိသည်။
ဟန်တောင်တန်းမြို့တော် ဒုတိယအလွှာရှိ အိမ်ထဲတွင် ဟန်ဖေးကျစ် မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း အဖြူရောင် တိမ်စိုင်များသည် သူမခြေထောက်အောက်တွင် ပေါ်လာခဲ့ပြီး သူမအား အရောင်စုံရေကန် မျိုးနွယ်စုတောင်ဆီသို့ ပြန်လည်ခေါ်ဆောင် သွားလိုက်သည်။
သူသည် သေဆုံးသွားခဲ့ပြီဖြစ်၍ ထိုသူ၏သေဆုံးပုံနှင့် မည်သူမည်ဝါ ဖြစ်ကြောင်း သူမအလေးအနက် မထားတော့ပေ။ သူမအတွက်တော့ ဤလူသည် မော့စုဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးပါတော့မည် မဟုတ်ချေ။
‘သူသာ မော့စုဆိုရင်တော့ ငါက တခြားတွဲဖက်ကိုပဲ ရှာရတော့မှာပေါ့ ... ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ’
ဟန်ဖေးကျစ် သက်ပြင်းချလိုက်ရင်း တိမ်စိုင်ဖြူများနှင့် အဝေးသို့ ပျံသန်း သွားလိုက်သည်။
ထိုအချိန်တွင် ငြိမ်းအေးရာ အရှေ့အရပ်တောင်သည် တိတ်ဆိတ်နေခဲ့ပြီး ပုချန့်တောင်သည်တော့ မော့စု၏ ကံဆိုးမှုအတွက် အောင်ပွဲခံ ပျော်ရွှင်လျက် အချို့ဆိုလျှင် သူ၏အလောင်းကိုပင် သွားရောက်ရှာဖွေရန် လုပ်ဆောင် နေခဲ့ကြသည်။ သို့သော် ရုတ်တရက် ဟန်တောင်တန်း မြို့တော်၏ ပြိုကွဲစပြုနေသည့် လူအုပ်အတွင်းမှ အဘိုးအိုတစ်ဦးဘေးတွင် ရပ်နေသည့် တုံးအအကောင်လေး တစ်ယောက်သည် ပုချန့်တောင်နှင့် ဟန်တောင်တန်းတို့ကို ဆက်သွယ်ထားသည့် သံကြိုးအောက်ခြေရှိ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက် ကျောက်တိုင်များအား မသေချာမရေရာ အံ့အားသင့်စွာဖြင့် ငေးကြည့်နေခဲ့၏။ ထို့နောက် သူသည် အဘိုးအို၏ နားအတွင်းသို့ တစ်စုံတစ်ရာ တီးတိုးကပ်ပြောလိုက်သည်။
အဘိုးအိုသည် ခဏတာ မှင်တက်သွားမိပြီး သံကြိုးကို လျင်မြန်စွာ မော့ကြည့်လိုက်မိသည်။
“အားလုံး …”
ဆက်ကြည့်မိလေ၊ အဘိုးအို၏ မျက်လုံးများသည် ပိုမိုတောက်ပ လာလေလေ ဖြစ်သည်။ သို့သော် သူသည် အနည်းငယ် သံသယ ဝင်နေဆဲဖြစ်သည်။ ခဏတာတွန့်ဆုတ် နေပြီးနောက်တွင် သူ့ပတ်ဝန်းကျင်ရှိ လူများအား အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
သို့ရာတွင် သူ၏စကားသံကို မည်သူမှ မကြားပေ။ ကောင်းကင်တွင် မိုးခြိမ်းသံများ ဆူညံလျက် လျှပ်စီးများ တဝင်းဝင်း လက်နေခဲ့ပြီး မိုးသည်ပိုမို သည်းထန် လာခဲ့သည်။
နေ့အချိန်တွင် မိုးသည်းထန် နေခဲ့သော်လည်း လူများသည် စိန်ခေါ်မှုကို ကြည့်ရှုရန် အပြင်တွင် ရပ်နေခဲ့ကြ၏။ သို့သော် ယခုမိုးအနည်းငယ်သာ သည်းထန် လာသေးသော်လည်း လူတို့သည် သူတို့အိမ်များသို့ လှည့်ပြန်နေကြပြီ ဖြစ်သည်။
“အားလုံး ... သံ ... သံကြိုးကို ထောက်ကန်ထားတဲ့ ကျောက်တိုင်တွေက အဲဒီနေရာမှာ ရှိနေတုန်းပဲ”
အဘိုးအို အော်ဟစ်ပစ်လိုက်သည်။ သူ့အသံသည် အဝေးသို့ မရောက်သွားခဲ့ပေ။ ထိုအသံအား ကြားလိုက်သူ အများစုသည် ပထမသူ့ကို လျစ်လျူရှု လိုက်မိကြသည်။ သို့သော် ခဏအကြာတွင် သူတို့သည် ထိတ်လန့်တုပ်လှုပ် သွားမိပြီး ခေါင်းပြန်လှည့် ကြည့်လိုက်မိကြ၏။
ပုချန့်တောင်ဆီသို့ ဆက်သွယ်ထားသည့် သံကြိုးအောက်တွင် ကျောက်တိုင်များ ... ရှိနေဆဲပင် ဖြစ်သည်။
“အာ …”
“ကျောက်တိုင်တွေက အဲဒီမှာ ရှိနေတုန်းပဲ။ တစ်ယောက်ယောက်ကသာ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်ရာမှာ ကျရှုံးသွားခဲ့ရင် ကျောက်တိုင်တွေက ချက်ချင်း ပြန်နစ်မြုပ်သွားမှာ မဟုတ်ဘူးလား။ ဒါက မျိုးနွယ်စုသုံးစု ထိန်းချုပ်နိုင်တဲ့ အရာမျိုးလည်း မဟုတ်ဘူးလေ။ ဒါက ဟန်တောင်တန်းသွယ်ဆက် သံကြိုးတန်းတွေရဲ့ ထူးခြားဆန်းကြယ်မှု တစ်ခုလေ”
“ဘယ်လိုများ ... သူတို့က ဘယ်လိုများ အဲဒီမှာ ရှိနေရသေးတာလဲ ... ဖြစ်နိုင် ... အဲဒါများ ဖြစ်နိုင်မလား …”
အဘိုးအိုနှင့် ကောင်လေးတို့သည်သာ ထိုအရာကို သတိပြုမိလိုက်ခြင်း မဟုတ်ပေ။ ဟန်တောင်တန်းမြို့တော် ဧရိယာအတွင်းရှိ အခြားသူများသည်လည်း ထိုမြင်ကွင်းကို ဖြည်းဖြည်းချင်း သတိပြုမိလာခဲ့ကြသည်။ မကြာခင်မှာပင် ဆွေးနွေးသံများ ရုတ်ရုတ်သဲသဲ ပြန်လည် ထွက်ပေါ်လာတော့သည်။ ခဏအကြာတွင် ထိုအသံများအား ကြားလိုက်သူများသည် ရပ်လျက် ပြန်လှည့်ကြည့် လိုက်ကြသည်။
“သူတို့ မှန်နေတာပဲ။ ကျောက်တိုင်တွေက ပြန်မနစ်မြုပ် သွားသေးဘူး”
“အဲဒါ ဖြစ်နိုင်လို့လား …”
အံ့အားသင့် ထိတ်လန့်စွာ အော်ဟစ်သံများ လေထုအတွင်း ပျံ့နှံ့သွားတော့သည်။ မူလက သူတို့အိမ်များသို့ ပြန်သွားလိုခဲ့ သူများသည် ထိုအသံများကို ကြားလိုက်ရသည့်အခါ အံ့အားသင့် သွားကြပြီး ရုတ်တရက် နောက်ပြန်လှည့်လာကြသည်။ သူတို့ပတ်လည်မှ အော်ဟစ်ပြောဆိုသံများနှင့် သူတို့ရှေ့တွင် ဖြောင့်တန်းစွာ ရပ်တည်နေခဲ့သည့် ဟန်တောင်တန်း ကျောက်တိုင်များကို မြင်လိုက်ရသည့်အခါ သူတို့မျက်နှာများတွင် မယုံကြည်နိုင်ဟန်တို့ အထင်းသား ပေါ်ပေါက်လာခဲ့သည်။
‘သူက တကယ်ပဲ မသေသေးတာများလား’
နန်ထျန်းလေထဲတွင် ရပ်တန့်လိုက်ရင်း လှည့်ကြည့်လိုက်မိပြီး ထိတ်လန့် တုန်လှုပ်ဟန်တို့ သူ့မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။
သူတစ်ဦးတည်းပင် မဟုတ်ချေ။ လန်ယင်နှင့် ခဲ့ကျူးစစ် တို့သည်လည်း လေထဲတွင်ပင် ရပ်တန့်လိုက်ကြပြီး ကျောက်တိုင်များထံသို့ ကြည့်လိုက်မိကြ၏။
ရွှမ်းလွမ်သည်လည်း အလားတူပင်ဖြစ်သည်။ သူ အေးစက်စွာ ရယ်မောလျက် ပုချန့်မျိုးနွယ်စု ဆီသို့ သွားရန် ပြင်နေစဉ်မှာပင် ဟန်တောင်တန်းမြို့တော် အတွင်းမှ အံ့အားသင့်စွာ ပြောဆိုသံများကို ကြားလိုက်ရခြင်း ဖြစ်သည်။ တုန်လှုပ် ချောက်ချားမှုတစ်ခု သူ့ခန္ဓာကိုယ်အတွင်း ဖြတ်သန်း သွားခဲ့ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး”
ထိုအခိုက်အတန့်တွင် ဟန်တောင်တန်း မြို့တော်သည်သာ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ခြင်း မဟုတ်ပေ။ အကြီးအကဲ၊ အသားတောင်လေး တစ်လုံးသဖွယ် လူနှင့် သူတို့နောက်ရှိ ပုချန့်တောင်ပေါ်မှ လူများအားလုံး၏ အမူအရာတို့သည် အပြင်းအထန် ပြောင်းလဲ သွားခဲ့ကြသည်။
သူတို့သည်လည်း ထိုအရာကို သတိပြုမိခဲ့ခြင်းပင်။
ဟန်ဖေးကျစ် ခြေထောက်အောက်ရှိ တိမ်စိုင်ဖြူများသည် ခေတ္တရပ်တန့်သွား၏။ ထိုတိမ်စိုင်ဖြူများပေါ်တွင် ရပ်လျက်မှပင် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများ အောက်မှ ချောက်နက်ကြီးများထံသို့ စူးစိုက် ကြည့်လိုက်မိသည်။
“သူက ... အသက်ရှင် နေသေးတာလား”
“သူက အသက်ရှင် နေသေးတာလား ... ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေကို စိန်ခေါ်မှုက အဆုံးမသတ် သေးတာလား”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်တွင် အကြီးအကဲ သည်လည်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ အလွန်အမင်း မယုံကြည်နိုင်ဟန် ဖြစ်နေသည့် အမူအရာသည် သူ၏အရွယ်ရနေပြီ ဖြစ်သည့် မျက်နှာပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။
ဖန်းချန်းလန်သည်လည်း သိပ်မဝေးသည့် နေရာတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမ၏ ဖြူဖျော့နေခဲ့သည့် မျက်နှာ၌ သွေးရောင် အနည်းငယ် ပြန်လွှမ်းလာခဲ့ပြီ ဖြစ်သည်။
***