← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း ၁၆၅ - အဆိုးဆုံးကတော့ ပေါင်သခင်လေး မလုပ်တော့ရုံပေါ့

ထိုမျောက်ဝံနက်ကြီးများသည် လုပေါင်အတွက် နူးညံ့သော မြက်ခြောက်များကိုပင် ဂရုတစိုက် စုဆောင်းပေးထားသဖြင့် သူသည် နှစ်ခြိုက်စွာ အိပ်စက်ခွင့် ရခဲ့သည်။ သို့သော် လောလောဆယ်တွင် သစ်သားအိမ်ငယ်လေး တစ်လုံးသာ ရှိသေးသဖြင့် လုပေါင် တစ်ယောက်တည်းသာ သုံးဆောင်နိုင်သည်။

လုပေါင်သည် မနက်ဖြန်တွင် မျောက်ဝံများကို နောက်ထပ် သစ်သားအိမ်အချို့ ထပ်မံဆောက်ခိုင်းရန် စီစဉ်ထားသည်။ထိုအခါကျမှ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ကိုလည်း ထိုဂူထဲမှ ပြောင်းရွှေ့ခိုင်းမည်ဖြစ်သည်။ အမှန်တကယ်တော့ တစ်ကျွန်းလုံးတွင် ဤကမ်းခြေနားကသာ အလုံခြုံဆုံးဟု ဆိုနိုင်သည်။ထို့ပြင် ထိုဂူထဲက ပတ်ဝန်းကျင်မှာ စိုထိုင်းပြီး မှောင်မည်းလွန်းရာ ဤဗီလာကဲ့သို့ သစ်သားအိမ်နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ထိုသို့တွေးကာ ဗီလာတွင် ပထမဆုံးညကို အပန်းဖြေရန် ပြင်နေစဉ်မှာပင် စနစ် ၏ အကြောင်းကြားသံ နားထဲသို့ ရောက်လာတော့သည်။

“တင် တင်: ကျပန်း တာဝန် တစ်ခု စတင်လိုက်ပါပြီ။”

“လိုအပ်ချက်: ကျွန်းပေါ်တွင် အပန်းဖြေဗီလာ တစ်လုံး ဆောက်လုပ်ရန် သစ်သားသက်သက် မဖြစ်ရပါ အုတ်နှင့် ကျောက်တုံး တည်ဆောက်ပုံများ ပါဝင်ရမည်။”

“ဆုလာဘ်: ဗိသုကာပညာရှင် ပါရမီ။”

လုပေါင် တစ်ယောက် ဆွံ့အသွားရသည်။

“စနစ်... မင်း ငါ့ကို နှိပ်စက်နေတာလား ငါက ပျော်ရုံသက်သက်ပြောတာကို မင်းက တကယ်ကြီး ဗီလာဆောက်ခိုင်းနေတာလား။ငါ့ရဲ့ မျောက်ဝံညီအစ်ကိုတွေကို အထင်သေးနေတာလား။ ဒီသစ်သားအိမ်က ဗီလာမဟုတ်လို့ ဘာလဲ။”

သိသာသည်မှာ ဤ ဂျင်း စနစ်သည် ဘာမှပြန်မဖြေပေ။ဆိုလိုသည်မှာ ယခု သူနေနေသော သစ်သားအိမ်လေးကို စနစ်က ဗီလာဟု အသိအမှတ်မပြုခြင်းပင်။သို့မဟုတ်ပါက ဆုလာဘ်ရရှိသည့် အသံမှာ ထွက်ပေါ်လာပြီးသား ဖြစ်ပေလိမ့်မည်။ထို့ပြင် အုတ်နှင့် ကျောက်တုံးများ ပါရမည်ဆိုတော့

“ကဲ... လာစမ်းပါ စနစ်ရာ ငါနဲ့ လာဆွေးနွေးဦး။ဒီကျွန်းပျက်ကြီးပေါ်မှာ ဘာမှမရှိတာကို ငါက အုတ်နဲ့ ကျောက်ဗီလာကို ဘယ်ကနေ ဖန်တီးပေးရမှာလဲ။”

လုပေါင် တကယ် ဒေါသထွက်သွားသည်။ အုတ်နဲ့ ကျောက်ကတော့ မရှားပါ။အနားက တောင်တွေမှာ အပြည့်ရှိသည်။အုတ်ပုံစံဖြစ်အောင်လည်း မျောက်ဝံတွေကို လုပ်ခိုင်းလို့ ရသည်။သို့သော် အုတ်နဲ့ ကျောက်ကို ဘိလပ်မြေမပါဘဲ ဘယ်လို ဆက်ရမည်နည်း။ဘိလပ်မြေကို ဘယ်က သွားရှာရမလဲ။

“ထားလိုက်တော့... လုပ်မနေတော့ဘူး။ဒါက ကျပန်းတာဝန် ပဲဥစ္စာ။ အဆိုးဆုံးကတော့ ပေါင်သခင်လေး မလုပ်တော့ရုံပေါ့။ ဒီဗိသုကာ ပါရမီကို ငါ စိတ်မဝင်စားဘူး။ငါ့ကိုယ်ငါလည်း အပင်ပန်းလည်းမခံနိုင်ဘူး။”

ထိုသို့ မကျေမချမ်း ရေရွတ်ရင်း လုပေါင် တစ်ယောက် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ မနက်။

လုပေါင်သည် ထုံးစံအတိုင်း ပင်လယ်ထဲ ဆင်းကာ ကမာကောင်များ ဂဏန်းများနှင့် ပင်လယ်စာများကို ဖမ်းယူခဲ့သည်။ ထို့နောက် မျောက်ဝံများကို တောထဲလွှတ်ကာ မျိုးဗီဇပြောင်း တောဝက်ကြီး တစ်ကောင်ကို ဖမ်းခိုင်းလိုက်သည်။သူသည် တောဝက်သားများကို ပါးပါးလှီး၍ အပူပေးထားသော ကျောက်ပြားပေါ်တွင် ကင်လိုက်ရာ ဆီများ တစီစီ ထွက်လာပြီး အနံ့မှာပင် လူကို ဗိုက်ဆာစေသည်။

လုပေါင် စားတော့မည့်အချိန်တွင်မှ သတိရကာ Live ကို အမြန်ဖွင့်လိုက်သည်။မနေ့က အလှကုန်ကုမ္ပဏီတွေကြောင့် Live စောစော ပိတ်လိုက်ရသည် မဟုတ်ပါလား။Live စတင်သည်နှင့် လူဝင်ကြည့်နှုန်းမှာ ချက်ချင်း မြင့်တက်လာသည်။

“မင်္ဂလာမနက်ခင်းပါ ရတနာနတ်ဘုရား။”

“နောက်ဆုံးတော့ Live ပြန်စပြီ ပေါင်ပေါင်ရာ... မင်းရဲ့ Live မပါဘဲ ငါ ဒီတစ်ညလုံး ဘယ်လို ဖြတ်သန်းခဲ့ရလဲ သိလား။”

လုပေါင်က အသာအယာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ညီအစ်ကိုတို့။”

ထိုစဉ်မှာပင် လုပေါင်သည် သူ့ဘေးတွင် စောင့်နေသော ချပ်ဝတ်နဂါးကြီးကို တွေ့သွားသည် ဒီကောင်ကြီး သူ့နောက်လိုက်လာကတည်းက ဘာမှ မစားရသေးသည်ကို သတိရသွားသည်။သူက နဂါးသွေးတောင် လိမ်သောက်ထားသေးရာ အစာမကျွေးလျှင် အလွန် ယုတ်မာရာ ရောက်ပေလိမ့်မည်။ သူက ရက်ရက်ရောရောပင် တောဝက်သားကင်ကြီးကို ညွှန်ပြကာ

“နဂါးလေး... ဘာရပ်ကြည့်နေတာလဲ မြန်မြန်စား။ ဗိုက်ဝအောင်စား... ဒါပေမဲ့ အများကြီးတော့ မစားနဲ့...”

လုပေါင် စကားမဆုံးခင်မှာပင် နဂါးကြီးက ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး နှစ်မီတာနီးပါးရှိသော တောဝက်တစ်ကိုယ်လုံးကို တစ်လုတ်တည်းနှင့် မျိုချပစ်လိုက်သည်။ ထို့နောက် လုပေါင်ကို အပြစ်ကင်းစင်သော မျက်နှာဖြင့် ကြည့်နေပြန်သည်။

အများကြီး မစားနဲ့ ဆိုသော စကားကို လုပေါင် မျိုချလိုက်ရသည်။မပြောခဲ့သလိုပဲ သဘောထားလိုက်တော့မည်။သို့သော် တောဝက်တစ်ကောင်လုံးမှာ နဂါးကြီးအတွက် မြည်းရုံသာ ရှိသေးပုံရပြီး လုပေါင်၏ ပင်လယ်စာအိုးကို မျက်စိကျနေပြန်သည်။

“နဂါးလေး... ငါက ကပ်စေးနှဲလို့တော့ မဟုတ်ပါဘူး။ မင်းမှာ သွေးတိုးရောဂါ ရှိတယ်။ အများကြီး စားလို့မဖြစ်ဘူး။ သွေးထဲမှာ အဆီတွေ များလာရင် နတ်ဘုရားတောင် မင်းကို မကယ်နိုင်လောက်ဘူး။”

လုပေါင်၏ ဂျင်း ထည့်စကားကြောင့် ပရိတ်သက် များမှာ ရယ်မောကုန်ကြသည်။

“ရတနာနတ်ဘုရား... မင်းကတော့ တကယ်ပဲပင်လယ်စာလေး တစ်လုပ်အတွက်နဲ့ ဒီလောက်တောင် လိမ်ရလား။”

နဂါးကြီးကတော့ အပြစ်ကင်းစွာပင် လုပေါင်စကားကို ယုံသွားပြီး အနားမှာပဲ အစောင့် ဆက်ရပ်နေပေးသည်။လုပေါင်မှာတော့ တောဝက်သားတစ်ဖဲ့တောင် မကျန်တော့သဖြင့် ငိုချင်စိတ် ပေါက်သွားရသည်။

‘အစောတည်းကအသားအချို့ လှီးထားရမှာ။’

အခုတော့ပင်လယ်စာပဲ မြည်းရတော့မည်။

ထိုစဉ်မှာပင် တောထဲမှ ခုနစ်ရောင်ခြည် ကြက်ဖတစ်ကောင် ပျံထွက်လာသည်။

“ရေနွေးအိုးတည် အမွေးနုတ်ကြစမ်း။”

လုပေါင် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ကြက်ကို သန့်စင်ပြီးနောက် လုပေါင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ အခုလို အခြေအနေမျိုးမှာသူတောင်းစားကြက်လုပ်စားဖို့ အကောင်းဆုံးပဲသူသည် ပင်လယ်ရေနှင့် မြေကြီးကို ရောစပ်ကာ ရွှံ့နှစ်များ ပြုလုပ်လိုက်သည်။ကြက်ကိုယ်ပေါ်သို့ ရွှံ့များ စတင် လိမ်းကျံမည်အပြုတွင်

“ဒီရွှံ့တွေကို နံရံဆောက်တဲ့နေရာမှာ သုံးလို့ရတာပဲ။”

ကျေးလက်ဒေသတွင် ရွှံ့ဖြင့် အင်္ဂတေကိုင်ထားသော အိမ်များစွာ ရှိသည်။လုပေါင် လက်လျှော့ထားသော ဗီလာ တာဝန် မှာ မျှော်လင့်ချက် ပြန်ရှိလာပြီဖြစ်၏။

“ဒါ ဖြစ်နိုင်တယ်။”

သူသည် မျောက်ဝံများကို ချက်ချင်း အမိန့်ပေးလိုက်သည်။တစ်ဖွဲ့က ရေခပ် တစ်ဖွဲ့က မြေတူးပြီး ရွှံ့များကို ရောစပ်ခိုင်းလိုက်သည်။၎င်းတို့ကို အုတ်နှင့် ကျောက်တုံးများကြားတွင် ထည့်သွင်းကာ အုတ်နံရံတစ်ခု တည်ဆောက်နိုင်မလား သူ စမ်းသပ်တော့မည်။

အမှန်တကယ်တော့ မနေ့ညက သစ်သားအိမ်မှာ ကောင်းသော်လည်း မျောက်ဝံများ၏ လက်ရာမှာ အပေါက်အပြဲ များလွန်းသဖြင့် လေတဖြူးဖြူး ဝင်နေသည်။လုပေါင် ကျန်းမာရေးကောင်းလို့သာ တော်တော့သည်။မဟုတ်ပါက လေဖြန်းသွားနိုင်ပေသည်။

အခန်း ၁၆၆ - ဒါက မင်းနဲ့ အများကြီး သက်ဆိုင်တယ်။

လုပေါင် သည် မျောက်ဝံနက်ကြီးများကို အမြန်ခေါ်ယူကာ သူ၏ ဗဟုသုတဖြင့် ဤရွှံ့ဝါများကို အသုံးပြု၍ ကျောက်တုံးများကို မည်သို့ ကပ်ရမည်နည်းဟု သင်ကြားပေးလိုက်သည်။ကံကောင်းထောက်မစွာဖြင့် ဤအလုပ်မှာ နည်းပညာ သိပ်မလိုပေ။ရွှံ့များကို သုတ်လိမ်းပြီး ကျောက်တုံးတင်ရုံသာ ဖြစ်သည်။

မကြာမီမှာပင် မျောက်ဝံကြီးများသည် စိတ်အားထက်သန်စွာဖြင့် စတင် အလုပ်လုပ်ကြတော့သည်။ လုပေါင်၏ ညွှန်ကြားချက်အတိုင်း ရွှံ့ဝါများကို သုတ်လိုက် ကျောက်တုံးတစ်တုံး တင်လိုက်နှင့် သူတို့၏ လှုပ်ရှားမှုများမှာ ပိုမို ကျွမ်းကျင်လာရာ Live ထဲမှ ပရိတ်သက် များမှာပင် မှင်သက်သွားရသည်။

“တောက်... ရတနာနတ်ဘုရားကတော့ တကယ်ပဲ။မျောက်ဝံ ဆောက်လုပ်ရေးအဖွဲ့တောင် ဖွဲ့လိုက်ပြီလား။”

“မျောက်ဝံတွေကို ရွှံ့နယ်ခိုင်းပြီး နံရံဆောက်ခိုင်းတာ... မင်းတစ်ယောက်ပဲ တွေးမိမှာပဲ။”

“ဒီလက်ရာက... ကျေးလက်မှာ နံရံဆောက်လာတာ အနှစ် ၂၀ ရှိပြီဖြစ်တဲ့ ငါ့ဦးလေးကြီးတောင် ပညာရှင်လက်ရာပဲလို့ ချီးကျူးနေတယ်။”

လုပေါင်သည် မျောက်ဝံများ အလုပ်လုပ်နေသည်ကို ကြည့်ပြီး သူလုပ်ထားသော သူတောင်းစားကြက်မှာလည်း ကျက်လုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ထံ မနက်စာ သွားပို့ရန် ပြင်ဆင်တော့သည်။အဓိကမှာတော့ သခင်လေး ချီလင်က စားဖို့ စောင့်နေသောကြောင့် ဖြစ်သည်။

လုပေါင် မနက်စာ သွားပို့ပြီး ပြန်လာသောအခါ မျောက်ဝံကြီးများသည် ကျောက်နံရံတစ်ခုကို အတော်အတန် တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။အမှန်အတိုင်း ပြောရလျှင် ထိုပုံစံမမှန်သော ကျောက်တုံးကြီးများဖြင့် ဆောက်ထားသော နံရံမှာ သဘာဝဆန်သော အလှတစ်ခု ရှိနေသည်။သို့သော် လုပေါင် ပျော်နေရချိန်မှာ သိပ်မကြာလိုက်ပေ။

နံရံဆောက်ထားသည်မှာ ကောင်းမွန်သဖြင့် လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို စီး၍ အနားသို့ သွားကြည့်ရန် ပြင်လိုက်သည်။ထိုစဉ် နဂါးကြီး၏ လှုပ်ရှားမှုက ပြင်းထန်သွားပုံရပြီး ခြေလှမ်းလိုက်ရာ မြေကြီးမှာ အနည်းငယ် တုန်ခါသွားသည်။ထိုတုန်ခါမှုကြောင့်ပင် မျောက်ဝံများ ဆောက်ထားသော နံရံမှာ လုပေါင်၏ မျက်စိရှေ့မှာတင် ဝုန်းခနဲ ပြိုကျသွားတော့သည်။

လုပေါင် တစ်ယောက် ဆွံ့အသွားရသည်။

“ဟားဟားဟား... ကောင်းတယ် မျောက်ဝံလေးတို့ရေ။ ရတနာနတ်ဘုရား မရှိတုန်း ဖြိုချကြတာလား။”

“ဆောက်ထားတာ အရမ်းကောင်းတယ်။နောက်ခါ မဆောက်နဲ့တော့နော်။”

လုပေါင်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ သူသည် ပြိုကျရသည့် အကြောင်းရင်းကို ချက်ချင်း ရှာဖွေတွေ့ရှိသွားသည်။ရွှံ့ဝါများ၏ ကပ်စေးမှု အားနည်းလွန်းသဖြင့် ကျောက်တုံးများ၏ အလေးချိန်ကို မခံနိုင်ခြင်းပင် ဖြစ်သည်။

“ထားလိုက်တော့... အလကားပဲ ဘာ တာဝန် လဲ မသိဘူး ပေါင်သခင်လေးရဲ့ အချိန်တွေကို လာဖြုန်းနေတာပဲ။”

သူ့မှာ ရှိသမျှ မျှော်လင့်ချက်လေးမှာ ပျက်စီးသွားရပြီ ဖြစ်သည်။

ထိုစဉ် လုပေါင်သည် ဘေးက ကျောကုန်းချပ်ဝတ်နဂါးကြီး၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။နဂါးကြီးမှာ အမှားလုပ်မိသော ကလေးတစ်ဦးကဲ့သို့ ခေါင်းငုံ့ကာ တတွတ်တွတ် မြည်တမ်းနေသည်။

“တောင်း... ပန်... ပါ...”

စနစ်၏ ဘာသာပြန်ချက်အရ ဤကောင်ကြီးသည် ခုနက နံရံပြိုကျသွားခြင်းမှာ သူ၏ တုန်ခါမှုကြောင့်ဟု ထင်ပြီး အားနာနေခြင်း ဖြစ်သည်။

နဂါးကြီး၏ အပြစ်ကင်းစင်မှုကို မြင်သောအခါ လုပေါင်မှာ ရှေ့တွင် သူ၏သွေးကို လိမ်သောက်ခဲ့မိသည်ကိုပင် အားနာသွားရသည်။

“ရပါတယ် ရပါတယ်။ နံရံပြိုတာ မင်းကြောင့်မှ မဟုတ်တာ။ ဒါက မင်းနဲ့ ဘာမှ မသက်ဆိုင်...”

လုပေါင် နှစ်သိမ့်စကား ပြောနေတုန်းမှာပင် နဂါးကြီးက ဖြတ်ပြောလိုက်သည်။

“ငါ့မှာ... နည်းလမ်းရှိတယ်... လျော်ကြေးပေးဖို့။”

လျော်ကြေးပေးမည်ဟု ကြားလိုက်ရုံနှင့် လုပေါင်၏ သဘောထားမှာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားတော့သည်။ခုနက အားနာစိတ်များမှာ ပျောက်ကွယ်သွားပြီး လိမ်လည်လှည့်ဖြားသူကြီးအဖြစ် ပြန်လည် နိုးထလာသည်။

“ဒါက မင်းနဲ့ အများကြီး သက်ဆိုင်တာပေါ့ဟေ့... မင်းက နဂါးကြီး ဖြစ်နေပြီ ဘာလို့ နည်းနည်းမှ မရင့်ကျက်တာလဲ။ကြည့်စမ်း... ငါ့နံရံကြီး ပြိုသွားပြီ မင်း ဘာလုပ်ပေးမလဲ။မင်း လျော်ကြေးမပေးရင် ငါ ဒီမှာတင် လှဲအိပ်ပြီး သပိတ်မှောက်လိုက်မှာနော်။”

လုပေါင်က မြေကြီးပေါ်တွင် လှဲအိပ်ရန် ပြင်နေသည်ကို မြင်သောအခါ ပရိတ်သက်များမှာ အံ့ဩကုန်ကြသည်။

“ရတနာနတ်ဘုရား ငါတို့ နဂါးလေးက အဲ့လောက် လိမ္မာတာကို မင်းက တမင် ညှစ်စားနေတာလား။”

“နဂါးလေးရေ... မင်း သခင်ကို စွန့်ပြီး ထွက်ပြေးလိုက်ပါတော့။မင်းကို တစ်နေ့ကုန် နှိပ်စက်နေတာ။”

နဂါးကြီးမှာ ပို၍ အနေရခက်လာပြီး သူ၏ လည်ချောင်းထဲမှ မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ထို့နောက် သူသည် စေးပျစ်သော အရည်ကြီးတစ်ခုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။၎င်းမှာ မလိမ်းရသေးသော ရွှံ့ဝါပုံကြီးပေါ်သို့ ကျသွားတော့သည်။

“ဟားဟား... နဂါးလေးက တံတွေးနဲ့ ထွေးတာလား။”

“ဒီနဂါးလေးက တကယ်ချစ်ဖို့ကောင်းတာပဲ။ စိတ်ဆိုးရင် တံတွေးထွေးတတ်တယ်ပေါ့။”

Live ထဲက လူတွေက လှောင်နေကြသော်လည်း လုပေါင်ကတော့ ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်သည်။နဂါးကြီး ထွေးထုတ်လိုက်သော တံတွေးထဲတွင် သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည် မဟုတ်ပါလား။၎င်းမှာ သန့်စင်သော မြေဓာတ် ဝိညာဉ်စွမ်းအင် ဖြစ်သည်။

နဂါးကြီး၏ တံတွေးနှင့် ရွှံ့ဝါများ ရောစပ်သွားသောအခါ နေရောင်အောက်တွင် ရွှံ့များမှာ လျင်မြန်စွာ မာကျောလာသည်။လုပေါင်က ခဲသွားသော မြေခဲတစ်ခုကို ကောက်ကြည့်လိုက်ရာ ၎င်းမှာ အလွန် မာကျောနေသည်ကို တွေ့လိုက်ရသည်။မျောက်ဝံများ၏ အရိုးပုဆိန်နှင့် ထုရိုက်ကြည့်သော်လည်း မကွဲအက်ပေ။

“ဘုရားရေ... ဒါက ဘိလပ်မြေထက်တောင် ပိုခိုင်ခံ့နေတာပဲ။”

လုပေါင် စိတ်လှုပ်ရှားသွားပြီး နဂါးကြီးကို ချော့မော့ပြောလိုက်သည်။

“နဂါးလေးရာ... မင်းက မြေဓာတ်မှော်ပညာကို တတ်တဲ့ မြင့်မြတ်တဲ့ နဂါးကြီးပဲ။ မြန်မြန်... နောက်ထပ် အများကြီး ထပ်ထွေးပေးစမ်းပါဦး။”

Live ထဲက Comment များမှာလည်း ချက်ချင်း ဆူညံသွားတော့သည်။

“ရတနာနတ်ဘုရား... မင်းကတော့ တကယ်ကို ဖောက်ပြန်နေပြီ။နဂါးတံတွေးကိုတောင် တောင်းတနေပြီလား။”

“တစ်လောကလုံးမှာ အထူးဆန်းဆုံး Live room ဖြစ်သွားပြီ။”

All Chapters