နိုးထခြင်း
Vol. 14 Ch. 183
အရောင်စုံ ရေကန်မျိုးနွယ်စု တောင်ပေါ်မှ အဘွားအို၏ အနက်ရောင် မျက်လုံးတို့က တလက်လက် တောက်ပနေ၏။ သူမသည် ဟန်တောင်တန်း ခေါင်းလောင်းကို ကြည့်နေရာမှ လူတိုင်း အံ့အားသင့် အော်ဟစ်ရင်း ကြည့်နေကြသည့် ကျောက်တိုင်များဆီ လှမ်းကြည့်လိုက်သည်။
အဘွာအိုဘေးမှ ယန်လွမ်လည်း မယုံကြည်နိုင် ဖြစ်နေသည့် အခြေအနေသို့ ကျရောက်နေခဲ့၏။ သူမစိတ်ထဲတွင်လည်း လူတိုင်းခေါင်းထဲတွင် တွေးတော နေကြသည့် တူညီသော အတွေးများသာ ဖြစ်ပေါ်လာခဲ့သည်။
‘အဲဒါ ဖြစ်နိုင်မလား ... သူက တကယ်ပဲ မသေဆုံးသေးတာလား။ အဲဒီလိုမှ မဟုတ်ရင် ဘာလို့ ကျောက်တိုင်တွေက နစ်မြုပ်မသွားသေးတာလဲ’
အဘွားအိုတစ်ယောက် တိတ်ဆိတ်စွာဖြင့် မျက်မှောင်ကြုတ်လျက် ကျောက်တိုင်များကို ငေးကြည့်နေမိသည်။ ဤအဖြစ်အပျက်သည် သူမကိုပင် ဝေခွဲမရဖြစ်စေသည်။
အနက်ရောင် တိမ်စိုင်များကြောင့် လရောင်သည် မြေပေါ်သို့ အပြည့်အဝ ဖြာကျနိုင်ခြင်း မရှိပေ။ လူတိုင်းအား မိမိလက်ကို မိမိကိုယ်တိုင်၏ မျက်စိရှေ့တွင် ဖြန့်ကြည့်လျှင်ပင် မမြင်ရနိုင်လောက်သည်အထိ မှောင်မည်း မနေခဲ့သော်လည်း အတော်အတန်တော့ မှောင်မည်းနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် လေထဲတွင် လှုပ်ယမ်းနေသည့် ဟန်တောင်တန်း၏ သံကြိုးများကို မြင်ရသည်ဆိုရုံမျှသာ ရှိသည်။ ကျောက်တိုင်များသည်တော့ နစ်မြုပ်သွားမည့် အရိပ်အယောင်မရှိဘဲ မြင့်မားစွာ တည်ရှိနေဆဲပင် ဖြစ်သည်။
ဟန်တောင်တန်းမြို့တော် အတွင်းမှ မူလက ထွက်သွားလိုခဲ့သည့် လူများအပါအဝင် စောင့်ကြည့်နေသူများ အားလုံးသည် သံကြိုးအား အာရုံအပြည့်ထားလျက် စူးစိုက် ကြည့်နေခဲ့ကြသည်။
မုန်တိုင်းမလာခင် ငြိမ်သက်နေမှုကဲ့သို့ ဖော်ပြ၍ မရနိုင်သော ခံစားချက်ကြီးက ဟန်တောင်တန်း တစ်ခုလုံး အပေါ်သို့ ကျရောက်လျက် ရှိသည်။ သူတို့အားလုံးသည် လှုပ်ယမ်းယိမ်းခါနေသည့် သံကြိုးအောက်ဘက်မှ နေ၍ လူတစ်ဦးများ သူတို့မြင်ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာနိုင်မည်လားဟု စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သူပြန်ပေါ်ထွက်လာမည်ကို လူပေါင်းများစွာ စောင့်ဆိုင်းနေကြောင်း စုမင်မသိပေ။ သံကြိုးပေါ်မှ သူခြေချော်ပြုတ်ကျ လာခဲ့သည်ကိုပင် စုမင်မသိခဲ့ပေ။ လူအုပ်ကြီး မြင်ခဲ့သည့် အရာနှင့် ဆန့်ကျင်ဘက်ပင်၊ သူ့စိတ်သည် မပြတ်မသားမရေမရာ အခြေအနေတွင် ရှိမနေခဲ့ချေ။ သူ့စိတ်သည် အလွန်ပင် ရှင်းလင်းပြတ်သား နေခဲ့၏။ သို့သော် သူမြင်နေရသည့် အရာသည်တော့ လူအုပ်ကြီး မြင်ခဲ့ရသည့်အရာနှင့် လုံးဝပင် ကွဲပြားခြားနေခဲ့သည်။
သူမြင်နေရသည်မှာ လေထဲတွင် ယိမ်းထိုးလှုပ်ယမ်း နေသည့် သံကြိုးဖြစ်နေဆဲ။ သူသိနေရသည့် အရာသည် သံကြိုး၏ သတ္တမမြောက်အပိုင်းတွင် ခြေတစ်လှမ်းသာ လှမ်ထားရဆဲ ဖြစ်သည်။ သူ့ရှေ့၌ပင် လေ့ချန်ပုံရိပ် ပျက်စီးသွားခဲ့ခြင်းကို သူမြင်ခဲ့ရသည်။ ထိုပျက်စီး သွားခဲ့သည့် ရယ်သံသည် သူ့နှလုံးသားကို ထိန်းချုပ်မရနိုင်စွာ တုန်ယင် နေစေခဲ့သည်။
ထိုအရာသည် သူ၏ထင်ယောင်ထင်မှား ဖြစ်မှုလော၊ လေ့ချန်၏ ထင်ယောင်ထင်မှား ဖြစ်မှုလော သူသေချာ မပြောနိုင်ပေ။ ၎င်းသည် အစစ်အမှန်လား၊ အတုအယောင်လား ဆိုသည်ကိုပင် သူမသိခဲ့ချေ။ အရာရာတိုင်းသည် သူ့စိတ်မှာ ဖြစ်ပေါ်လာခဲ့သည့် အရာဖြစ်နိုင်သည်ဟု သူသိနေခဲ့သည် ဆိုလျှင်ပင် လေ့ချန်၏ ယခုအသွင်အပြင်နှင့် သူပြောခဲ့သည့် စကားလုံးများက စုမင်တစ်ကိုယ်လုံး၌ မထိန်းချုပ် နိုင်လောက်အောင်ပင် စူးရှသည့် နာကျင်မှုများ ဖြစ်ပေါ်စေခဲ့သည်။
“သူက ငါ့ကို သူ့လက်တွေနဲ့ မြှုပ်နှံခဲ့တယ်တဲ့ …” စုမင် ရေရွတ်လိုက်မိသည်။
သူ အချိန်တော်တော် ကြာကြာပင် တိတ်ဆိတ်နေခဲ့၏။ ကောင်းကင်မှ မိုးခြိမ်းသံများကိုသော် လည်းကောင်း၊ လေတိုးသံများကိုသော် လည်းကောင်း သူမကြားသလို၊ တဝင်းဝင်း လက်နေသည့် လျှပ်စီးများကိုလည်း သူမမြင်ခဲ့ပေ။
စုမင် သံကြိုးကို ကြည့်လိုက်သည်။ ရုတ်တရက် ဆိုသလိုပင် သူ့မြင်ကွင်းထဲမှ သံကြိုးသည် အလျားလိုက် မဟုတ်တော့ဘဲ ဒေါင်လိုက် ဖြစ်နေခဲ့သည်။ လောကကြီး တစ်ခုလုံးသည်လည်း အလားတူပင်၊ ဇောက်ထိုးမိုးမျှော် ဖြစ်နေခဲ့သည်။
စုမင် တိတ်ဆိတ်စွာဖြင့် ခြေထောက်ကိုမလျက် ရှေ့သို့ ဆက်တိုးလိုက်သည်။ သို့သော် သူရှေ့သို့ ခြေဆယ်လှမ်းခန့်သာ ရောက်သေးသည်ဟု ခံစားရချိန်တွင် မြူခိုးတို့သည် ရုတ်တရက် ဆိုသလိုပင် သူ့အရှေ့၌ နောက်တစ်ကြိမ် စုဝေးသွားကြပြန်သည်။ စုမင် တုန်ယင်သွားမိ၏။
မြူခိုးတို့သည် လျင်မြန်စွာ စုဝေးသွားကြပြီး အဆုံးတွင် ယောက်ျားတစ်ဦး၏ ပုံရိပ်သဏ္ဌာန် ပေါ်လာခဲ့သည်။ ထိုလူတွင် ညာဘက် လက်မရှိပေ။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး သူအဘယ်ကြောင့် ထိုနေရာတွင် ပေါ်လာခဲ့ရခြင်းကို နားမလည်နိုင် ဖြစ်နေသကဲ့သို့ ဝေခွဲမရသည့်ဟန် အမူအရာတစ်ခုဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ သူ့တွင် ချောမောခန့်ညားသည့် မျက်နှာရှိပြီး ခဏအကြာတွင် သူ့မျက်လုံးများ အတွင်းမှ ဝေခွဲမရမှုတို့သည် စူးရှသည့် အကြည့်တစ်ခုနှင့် အစားထိုး ခံလိုက်ရတော့သည်။
သို့သော် ထိုစူးရှသည့် အကြည့်သည် စုမင်ကို မြင်လိုက်ရချိန်တွင် မှင်တက်ကြောင်အ သွားသည့် အမူအရာအဖြစ် ပြောင်းလဲ သွားခဲ့ပြီးနောက် လျင်မြန်စွာ မျက်မှောင်ကြုတ် လိုက်ပြန်ရင်း သူ့မျက်နှာသည် နက်မှောင်အုံ့မှိုင်း လာခဲ့သည်။
“ပေလင်း …” စုမင် တီးတိုး ရေရွတ်လိုက်ရင်း သူ့ရှေ့မှ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် ယောက်ျားကို ထုံထိုင်းစွာ ငေးကြည့်နေမိသည်။ ဖော်ပြ၍မရနိုင်သော ခံစားချက် တစ်ခုက သူ့နှလုံးသား အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။
“မင်းက ဘယ်သူလဲ ... ဘာလို့ ငါ့သိစိတ်ကို ဒီနေရာကို ခေါ်လာရတာလဲ ... မင်း ... မင်းရဲ့ အငွေ့အသက်၊ အရှိန်အဝါ ... ငါတို့အရင်က ဆုံခဲ့ဖူးလား”
ပေလင်း အချိန်အတန်ကြာ တွန့်ဆုတ်နေမိသည်။ ဤလူကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ပေလင်း ထိုလူကို မယုံနိုင်ဖွယ် ရင်းနှီးကျွမ်းဝင် နေခဲ့မိသည်။ ထိုခံစားချက်သည် လွန်ခဲ့သည့် ဝေးကွာသော အချိန်ကာလမှစ၍ တည်ရှိနေခဲ့သည့် အရာကဲ့သို့၊ သူ့အရိုးများအတွင်း နက်နက်ရှိုင်းရှိုင်း ထွင်းထုထားခဲ့သည့် တစ်စုံတစ်ရာလို ခံစားနေရခြင်း ဖြစ်သည်။
စုမင် အချိန်တစ်ခုကြာ တိတ်ဆိတ် နေခဲ့သည်။ အချိန်အတော်ကြာ ပြီးနောက်မှ သူညင်သာစွာ ပြောလိုက်သည်။
“ငါက ... စုမင်ပါ …”
စုမင်နာမည်ကို သူကြားလိုက်သည့် အခိုက်အတန့်တွင် ပေလင်း တုန်လှုပ် သွားခဲ့သည်။ ထို့နောက် ယခုအဖြစ်အပျက်အား စိတ်ကူး၍ပင် မရနိုင်သကဲ့သို့ မယုံကြည်နိုင် ဖြစ်နေသည့် အမူအရာဖြင့် စုမင်ကို စိုက်ကြည့်လိုက်သည်။ ဤစကားလုံး ၂ လုံးသည် သူ့ဘဝအတွက်တော့ ဖျောက်ဖျက်ပစ်နိုင်ရန် ခက်ခဲသည့် အရာပင်ဖြစ်သည်။
ပေလင်း တိတ်ဆိတ်နေခဲ့သလို စုမင်လည်း စကားမပြောခဲ့ပေ။ ဤအရာသည် အစစ်အမှန်လား၊ အတုအယောင်လားပင် သူမပြောနိုင်ချေ။ သူ့တွင် စိတ်ရှုပ်ထွေးမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
အချိန်မည်မျှ ကြာသွားမှန်း မသိသည့်အချိန်တွင် ပေလင်း ရုတ်တရက် ဆိုသလိုပင် အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် စုမင်အား လေးနက်စွာ စိုက်ကြည့်လိုက်ရင်း သူ့မျက်လုံးများက အေးစက် လာခဲ့သည်။
“ဘယ်အချိန်တည်းကများ ကြီးမြတ်တဲ့ မြောင်မန့်မျိုးနွယ်စုကြီးက စိတ်ထင်ယောင်ထင်မှား မာန်အတတ်တွေနဲ့ ကစားတတ် သွားရတာလဲ။ ပြီးတော့ ခင်ဗျားတို့က ကျုပ်အနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ ပုံရိပ်ယောင်တွေကိုတောင် ဖန်တီးဖို့ မကြိုးစားခဲ့ဘဲနဲ့၊ သေသွားတဲ့ စုမင်ရဲ့ ပုံရိပ်ယောင်ကို ပြုလုပ်ဖို့ ရွေးချယ်ခဲ့ကြတယ်တဲ့လား ... ခင်ဗျားက မြောင်မန့်ဘိုးဘေး ဖြစ်နေရင်တောင် ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ စုမင်ရဲ့ပုံရိပ်ယောင်ကိုတော့ ခင်ဗျား မဖန်တီးခဲ့သင့်ဘူး။ စုမင်က ငါ့မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင် တစ်ယောက်ပဲ။ သူက နက်မှောင်တောင်ရဲ့ သူရဲကောင်းတစ်ယောက် ... ခင်ဗျားမှာ ... သူ့ပုံရိပ်အဖြစ် ပြောင်းလဲခွင့်မရှိဘူး”
ပေလင်း နောက်ဆုံး စကားလုံးတို့ကို အော်ဟစ်ပစ်လိုက်သည်။ အနာဟောင်းတစ်ခု ပြန်ပေါ်လာသကဲ့သို့ သူ့မျက်နှာတွင် ဒေါသနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နေခဲ့သည်။ ထို့နောက် ပေလင်း ဘယ်ဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ရာ ချက်ချင်းဆိုသလို သူ့နောက်ဘက်၌ ဧရာမလေး ပုံသဏ္ဌာန်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုလေးကြီးသည် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်ဟန် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ထိုအရာကြီး ပေါ်လာသည်နှင့် ၎င်းအား မမြင်ရသည့် လူတစ်ယောက်မှ လေးကိုင်းကို ဆွဲလိုက်ဟန် ဖြစ်ပေါ်လာခဲ့သည်။ ပေလင်းခန္ဓာကိုယ် အတွင်းမှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့ပြီး သူ့ပတ်ဝန်းကျင်၌ စုဝေးသွားကာ အနက်ရောင် မြားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ လေးကို လွှတ်လိုက်သည်နှင့် မြားတံသည် ဆူညံစွာဖြင့် စုမင်ထံတည်းတည်း တိုးဝင် လာခဲ့သည်။
“ပေလင်း ... အစ်ကိုကြီး …” စုမင် ရေရွတ် လိုက်မိသည်။
သူ့စိတ်သည် အလွန်ကြည်လင် ရှင်းလင်းနေခဲ့သည်။ ဤအရာအားလုံးသည် အတုအယောင်ဟု သူသိနေခဲ့သည် ... သို့သော် ၎င်းတို့သည် အတုအယောင် ဖြစ်ကြောင်း သူသိနေခဲ့သည် ဆိုလျှင်ပင် ပေလင်း ပြီးသည့်နောက်တွင် အကြီးအကဲများ ပေါ်ထွက်လာမည်လား၊ သို့မဟုတ် သူမနှင့် ပတ်သက်၍ သူကတိမတည် ပေးနိုင်ခဲ့သည့် ကောင်မလေးများ ပေါ်ထွက်လာမည်လားဟု သူသိချင်နေမိဆဲ ဖြစ်သည်။
ဦးတည်လာနေခဲ့သည့် မြားသည် စုမင်ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းသည် လေ့ချန်၏ လက်သီးကဲ့သို့ပင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
“ဘာ ... မင်း ... မင်း အခုနက ဘာပြောလိုက်တာလဲ”
ပေလင်းမျက်နှာမှ နာကျင်မှုက ပိုမိုပြင်းထန် လာခဲ့သည်။ သူ စုမင်ကို ကြည့်လိုက်ရင်း အချိန်အတော် ကြာသောအခါ မျက်လုံးတို့ကို မှိတ်ချလိုက်သည်။
“ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ စုမင်ကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရအောင် လုပ်ပေးခဲ့လို့ ... ခင်ဗျားဘာလို့ ဒီပုံရိပ်ယောင်ကို လုပ်ဖို့ ရွေးချယ်ခဲ့လဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”
ခဏအကြာတွင် ပေလင်းမျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။ သူ့မျက်နှာတွင်တော့ အေးဆေးတည်ငြိမ် သွားသည့်ဟန် ပြန်လည် ဖြစ်ပေါ်နေခဲ့ပြီး သူ၏ညီငယ်လေး တစ်ယောက်ကို ကြည့်သကဲ့သို့ စုမင်ကို ညင်သာစွာ ကြည့်လိုက်သည်။
“စုမင်၊ ဂရုစိုက်ပါ …”
ပေလင်း နောက်သို့ လှည့်လိုက်သည်။ သူ့မျက်လုံးများတွင် မျက်ရည်များ ရှိနေခဲ့သည်။ ထို့နောက် ဤကမ္ဘာ လောကမှ ပျောက်ကွယ်သွားတော့မည့် အသွင်ဖြင့် အဝေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
“အစ်ကိုကြီးပေလင်း၊ ချန်းရှင်း အဆင်ပြေရဲ့လား …”
ထိုအခိုက်အတန့်တွင်၊ ဤအရာများ အားလုံးသည် အတုအယောင်များ ဖြစ်ကြောင်း စုမင် မိမိကိုယ်ကို သတိပေးရန် မေ့လျော့သွားခဲ့သည်။ အဝေးသို့ လျှောက်လှမ်းနေသည့် ပေလင်းကို ကြည့်လိုက်ရင်း အလိုအလျောက် မေးလိုက်မိ၏။
ပေလင်း တုန်ယင်သွားပြီး ရပ်တန့် လိုက်မိသည်။ သူပြန်လှည့်ပြီး စုမင်ကို ငေးကြည့်လိုက်ရင်း အသက်ရှူသံတို့ လျင်မြန် လာခဲ့သည်။ မသေချာ၊ မရေရာမှုများက သူ့မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။
စုမင်ပေလင်းကို ကြည့်လိုက်ရင်း သူ့ညာဘက်လက်ကို ရင်ဘတ်ကြားထဲသို့ နှိုက်လိုက်၏။ လက်ပြန်ထုတ် လိုက်ချိန်တွင် သူ့လက်ထဲ၌ အနက်ရောင် အပျက်အစီး အပိုင်းစတစ်ခု ပါလာခဲ့သည်။ ထိုအနက်ရောင် အပိုင်းအစသည် နက်မှောင်တောင်မျိုးနွယ်စု၏ မာန်နတ်ဘုရားရုပ်တု ပျက်စီးသွားခဲ့ချိန်က သူယူထားခဲ့သည့် အရာလေး ဖြစ်သည်။
“ဒါတွေ အကုန်လုံးက အတုအယောင်တွေ ဆိုရင်တောင် ... ဒီအရာတွေထဲက တစ်ခုကမှ အစစ်အမှန် မဟုတ်ခဲ့ရင်တောင် ... အဲဒီလို ... အဲဒီလို ဆိုရင်တောင် ... အရေးမကြီးဘူး” စုမင် ခေါင်းမော့လိုက်ပြီး သူ့လက်အတွင်းမှ အပိုင်းအစလေးကို ပေလင်း မြင်နိုင်ရန် ပြလိုက်သည်။
ထိုအပိုင်းအစအား မြင်လိုက်ချိန်တွင် ပေလင်းခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ ယိမ်းယိုင်သွားခဲ့သည်။ တုန်လှုပ်မှုတစ်ခုက သူ့မျက်နှာတွင် ဖြစ်ပေါ်လာပြီး စုမင်ကို ကြောင်အစွာ ငေးကြည့်လိုက်သည်။
“မင်းက ... တကယ်ပဲ စုမင်လား …”
“ကျွန်တော်ပါပဲ” စုမင် ခါးသီးစွာ ပြန်ပြောလိုက်မိသည်။
ပေလင်း ရုတ်တရက် ကျယ်လောင်စွာ စတင် ရယ်မောလိုက်သည်။ ထိုရယ်မောသံတွင်တော့ စုမင် နားမလည်နိုင်သည့် နာကျင်မှု၊ ဝမ်းနည်းမှုတို့ ပါဝင်နေခဲ့သည်။
“မင်းက တစ်ကယ်ပဲ စုမင်ဆိုရင်၊ ဘာလို့ မင်းပြန်မလာခဲ့ရတာလဲ။ ငါတို့ မင်းကို ဘယ်လောက်ကြာအောင် စောင့်နေခဲ့လဲ ဆိုတာ မင်းသိလား ... တကယ်ပဲ ငါတို့မင်းကို ဘယ်လောက်ကြာကြာ စောင့်နေခဲ့တာလဲ ဆိုတာကို မင်းသိလားလို့ ... စုမင်၊ စုမင် ... မင်းက သူမဟုတ်ဘူး”
ပေလင်း မျက်နှာတွင် ဝမ်းနည်းမှုများသာ ရှိနေခဲ့သည်။ နောက်သို့ ပြန်လှည့်လိုက်ပြီး စိတ်အခြေအနေပုံမှန် မဟုတ်သကဲ့သို့ ရယ်မောရင်း အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း သွားခဲ့သည်။ ထို့နောက်တွင်တော့ စုမင်မြင်ကွင်း၊ ဟန်တောင်တန်း၏ သံကြိုးပေါ်မှ ပျောက်ကွယ် သွားခဲ့တော့သည်။
ပေလင်းပုံရိပ် ပျောက်ကွယ် သွားချိန်အထိ စုမင် ထိုနေရာတွင်သာ ရပ်နေခဲ့မိရင်း မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာခဲ့သည်။ သူမငိုခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
‘ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ၊ မင်းတို့က ဘယ်လိုသံကြိုးမျိုး တွေများလဲ။ ဘာလို့ ဒီလိုမြင်ကွင်းမျိုး ပေါ်လာခဲ့ရတာလဲ။ မင်းက ငါ့ကို တစ်စုံတစ်ရာ ပြောပြဖို့ ကြိုးစားနေတာလား …’
စုမင် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။ အချိန်ခဏကြာသော အခါတွင်မှ မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ရင်း တိတ်ဆိတ်စွာရှေ့သို့ နောက်တစ်ကြိမ် စလျှောက်လိုက်ပြန်သည်။
သံကြိုးအား ဖြတ်လျှောက်ခြင်းသည် အရေးမကြီးတော့ပေ။ ထိုအရာသည် အစစ်အမှန်လား၊ အတုအယောင်လား ဆိုသည်ကိုလည်း စုမင် မစဉ်းစားချင်တော့ပေ။ သံကြိုးသည် အန္တရာယ်များသည် ဆိုသည်ကိုပင် စုမင် ဂရုမစိုက်မိတော့။ သူမြင်တွေ့ရမည့် လူများကိုသာ မြင်လိုစိတ် သက်သက်ဖြင့် ရှေ့သို့ ဆက်လျှောက်မိသည်။
သူရှေ့သို့ ဆက်လျှောက် လာခဲ့သည်။ သံကြိုး သတ္တမမြောက်အပိုင်း၏ တစ်ဝက်ခန့်အား ဖြတ်သန်းခဲ့ပြီးချိန်တွင် ဝူလ၊ အစောင့်အရှောက် ခေါင်းဆောင်နှင့် ရှန့်ဟန်တို့ကို သူမြင်ခဲ့ရသည် ... နောက်ဆုံးတွင် ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ဦး၏ နောက်ကျောပုံရိပ်က သူ့ရှေ့မှာ ပေါ်လာခဲ့သည်။
“အကြီးအကဲ …”
စုမင် စိတ်နှလုံးတို့ နာကျင်သွားရသည်။ နောက်သို့ လှည့်လာသည့် အဘိုးအိုကို သူမြင်ရတော့မည့် အချိန်မှာပင် သူ့အမြင်အာရုံ တစ်ခုလုံး ဝေဝါးသွားခဲ့ပြီး သူ့ခေါင်းထဲ၌ ဓားတစ်ချောင်း၏ အော်မြည်သံ စူးရှရှကို သူကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုတို့ ပြည့်နေခဲ့သည့် အသံသည် သူ့စိတ်အတွင်း ထပ်ခါထပ်ခါ ပဲ့တင်ထပ်လာသည်။ ထိုအသံသည် သေလုနီးပါး ဖြစ်နေပြီဟု ခံစားရချိန်တွင် ထိတ်လန့်တုန်လှုပ်စွာ လန့်နိုးလာခဲ့သည့် ဟယ်ဖုန်း၏ အသံပင်ဖြစ်သည်။
“သခင်၊ သခင် ... ထတော့”
“သခင်၊ မင်း ... မင်း ... မင်း အခုမနိုးထဘူး ဆိုရင် ငါတို့သေရတော့မယ်။ သေစမ်း ... ငါ မင်းကို ကျိန်ဆဲမိတော့မယ် ... မင်း ဘာလို့ အခုထိ မနိုးထနိုင်သေးတာလဲ”
“မင်း သေချင်တယ် ဆိုရင်တောင်၊ အနည်းဆုံးတော့ ငါ့ကိုအရင် လွှတ်ပေးသင့်တယ်။ ငါ ... ငါ …” ဟယ်ဖုန်း ရူးသွပ်စွာဖြင့် သူ့ခေါင်းထဲ၌ ထိတ်လန့်တကြား အော်ဟစ်နေခဲ့သည်။
စုမင်၏ ချီတို့သည်လည်း လှည့်ပတ်နေခြင်း မရှိခဲ့ပေ။ သူ့ချီများအား ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေခဲ့သော်လည်း သွေးကြောလမ်းကြောင်း အတွင်း ပုန်းအောင်း နေခဲ့သည့် ကျောက်စိမ်း ဓားမြောင်ငယ်လေးသည် သူတစ်ဦးတည်းသာ ကြားနိုင်မည့် စူးရှသံများ ထုတ်လွှတ်နေခဲ့သည်။ ထိုစူးရှသံများသည် ပိုမို အားကောင်းလာခဲ့ပြီး စုမင်စိတ်ကို လှုံ့ဆော်ပေး၍ အန္တရာယ်ကြီးစွာ ကျဆင်းနေခဲ့ခြင်းမှ နိုးထစေလိုက်သည်။
စုမင်နိုးထသွားသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အာရုံသည် သူ့နှလုံးသားအတွင်း ဖြစ်ပေါ်လာခဲ့ပြီး သူ့ရှေ့မှ တစ်လောကလုံးသည် အပိုင်းအစစ ပြိုကွဲသွားတော့သည်။ ၎င်းတို့ ပျောက်ကွယ်သွားသည်နှင့် ပေါ်လာသည့်အရာသည် စုမင်ရှေ့မှအဆုံးမဲ့ အမှောင်ထုကြီးနှင့် လျင်မြန်စွာ ပြုတ်ကျနေခဲ့သည့် သူ့ခန္ဓာကိုယ်ပင်ဖြစ်သည်။
သူ အမှန်တကယ် နိုးထလာခဲ့လေပြီ။
နိုးထလာသည့် အချိန်မှာပင် စုမင် ရုတ်တရက် နားလည်သွားခဲ့သည်။ သူမြင်ခဲ့ရသည်များမှာ အစစ်အမှန်လား၊ အတုအယောင်လား ဆိုတာ အရေးမပါပေ။ ထိုအရာများ အားလုံးသည် သံကြိုး၏ သတ္တမမြောက် အပိုင်းကို သူလျှောက်လှမ်းခဲ့ချိန်တွင် ဖြစ်ပေါ်နေခဲ့သည့် စိတ်ထင်ယောင်ထင်မှား ဖြစ်မှုများမှ မြင်ကွင်းများဖြစ်ပြီး ပြုတ်ကျနေစဉ်တွင်လည်း သူ့ခေါင်းထဲတွင် ထိုမြင်ကွင်းမှာ ကျန်ရစ်နေခဲ့ခြင်းသာ ဖြစ်သည်။
‘ငါ မအောင်မြင်ခဲ့တာလား ... ။ ဒါပေမဲ့ ငါ အကြီးအကဲကို မမြင်ခဲ့ရဘူး’
စုမင် လျင်မြန်စွာ ပြုတ်ကျနေခဲ့သည်။ ချောက်ကြီးသည် အလွန်ပင် နက်ရှိုင်းသည်။ သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည့် လေများနှင့် သူ့ခန္ဓာကိုယ်သည် အောက်ခြေနှင့် လျင်မြန်စွာ နီးကပ် လာနေကြောင်း သူခံစားမိသည်။
ဟယ်ဖုန်း၏ အထိတ်တလန့် အော်ဟစ်နေသံများနှင့် ကျောက်စိမ်း ဓားမြောင်ငယ်ထံမှ စူးရှစွာ အော်မြည်နေသံများသည် သူ့ခေါင်းအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင် ထပ်မြည်ဟီး နေခဲ့သည်။
‘သံကြိုးတွေကို စိန်ခေါ်တဲ့ သူတွေက သူတိုကျရှုံးသွားခဲ့ရင် အသက်ရှင်နိုင်ခဲတယ် ဆိုတာ မအံ့သြမိတော့ဘူး ... ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေက တကယ့်ကို ထူးဆန်းကြတာပဲ။ သူတို့က မင်းရဲ့ချီကို ဖိနှိပ်ပြီးတော့ မလှည့်ပတ်နိုင် ဖြစ်စေတယ်။ ပြီးတော့လူတွေကို သိစိတ်သတိ ဆုံးရှုံးအောင်လည်း လုပ်နိုင်သေးတယ်။ တစ်ခုတည်းသော ရလဒ်ကတော့ သေခြင်းတရားပဲပေါ့။ အခြားသူတွေ အနေနဲ့ စိန်ခေါ်သူတွေကို ကယ်တင်နိုင်ဖို့ ဆိုတာကလည်း အရမ်းခက်တယ်။ အတိတ်မှာတုန်းက ဟယ်ဖုန်း အသက်ရှင်နိုင်ခဲ့တယ် ဆိုတာ ဟန်ဖေးကျစ်ရဲ့ ပြင်ဆင်ထားမှုတွေနဲ့ ဟယ်ဖုန်းရဲ့ ကံကောင်းမှုကြောင့်ပဲ’
သူ့ခန္ဓာကိုယ် ပြုတ်ကျနေစဉ်မှာပင် စုမင် တည်ငြိမ်လာခဲ့သည်။ မြေပြင်သည် မည်မျှ ဝေးကွာသေးမှန်း သူမသိသော်လည်း ပိုမိုပြင်းထန်လာသည့် သေခြင်းတရား၏ အာရုံကြောင့် သူ့ထံသို့ သေခြင်းတရားက လျင်မြန်စွာ နီးကပ်လာနေကြောင်း သိရှိရန် လုံလောက်သည်။
***