ယင်ယန်ဓားအမွှာနှင့် နဂါးလေးကောင်
Vol. 32 Ch. 454
အခန်း (၄၅၄) ယင်ယန်ဓားအမွှာနှင့် နဂါးလေးကောင်
ခေါင်းမော့ကြည့်လိုက်တော့ အလင်းတန်း (၂)ခု ဖြတ်သန်းလာသည်ကို တွေ့ရလေသည်။ အလင်းတန်းတစ်ခုက အဖြူရောင် ၊ တစ်ခုက အနက်ရောင်ဖြစ်ပြီး ကောင်းကင်တစ်ခွင် တောက်ပလျှက် ရှိကြသည်။
ထိုအလင်းတန်းနှစ်ခုက ဘေးချင်းယှဉ်လျှက် ရှိမနေဘဲ အဆက်မပြတ်လှည့်ပတ်နေပြီး ကမ္ဘာဖြတ်လမ်းကြောင်းအတိုင်း တည့်တည့်မတ်မတ်ဖြတ်သန်းလျှက် မျောလွင့်ဝိညာဉ်ကမ္ဘာရှိရာသို့ ရောက်ရှိလာသည်။
ထိုအလင်းတန်းများနောက်မှ ကောင်းကင်တစ်ခုလုံးတုန်ခါသွားစေသည့် ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက နဂါးဟိန်းသံကြီးတစ်သံဖြစ်သဖြင့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
ထို နဂါးဟိန်းသံကြီးကြောင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထဲမှ သန့်စင်ထားသော နဂါးသွေးအနှစ်သာရများသည်ပင် အနည်းငယ် မြင့်တက်လာလေသည်။ ရန်ကျောက်ကဲနှင့်အတူ နဂါးသွေးများ စုပ်ယူကျင့်ကြံထားသည့် အားဟူသည်လည်း အလားတူခံစားချက်မျိုး ခံစားလိုက်ရ၏။
သူက မျက်တောင်တစ်ချက်ခတ်ရင်း...
“သခင်လေး... အဲဒါ နဂါးအစစ်လား”
ရန်ကျောက်ကဲက ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းကို စူးစိုက်ကြည့်နေရင်း...
“နဂါးအစစ်သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့သူတွေပဲ...”
အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းများနောက်တွင် များပြားလှစွာသော သွေးနီရောင်နဂါးများ လိုက်ပါလာသည်ကို တွေ့မြင်ရသည်။ ထိုနဂါးများသည်လည်း မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ဦးတည်ရောက်ရှိလာကြလေသည်။
ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများမှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာစွမ်းအားများကို ခံစားကြရပြီး ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေကြသည်။
ရွှီဖေးက...
“အဲဒါက နဂါးချီစွမ်းအားဆိုပေမယ့် သူတို့ကိုကြည့်ရတာ မိစ္ဆာသွေးကျင့်ကြံသူတွေ မဖြစ်နိုင်ဘူး ၊ ငါတို့လိုမျိုး ချီစွမ်းအားကျင့်ကြံသူတွေ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... သူတို့ရဲ့ကျင့်ကြံခြင်းက နဂါးအစစ်တစ်ကောင်ရဲ့ စွမ်းအားကနေ ဆင်းသက်လာတာ ၊ နဂါးသွေးကို အထောက်အပံ့အဖြစ်အသုံးပြုပြီး ချီစွမ်းအားစုပ်ယူကျင့်ကြံတာမျိုးပဲ ၊ ဒါပေမဲ့ အောင်မြင်မှုရရှိဖို့က အဲဒီချီစွမ်းအားကျင့်ကြံသူ ဘယ်လောက်အရည်အချင်းရှိလဲဆိုတဲ့အပေါ် မူတည်တယ်”
သူ စကားပြောနေစဉ်မှာပင် သွေးနီရောင်နဂါး (၅)ကောင်က ကမ္ဘာဖြတ်လမ်းကြောင်းကို ဖြတ်ကျော်လာပြီး အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများကို ဝိုင်းရံလိုက်ကြသည်။
သွေးနီရောင်နဂါးများကြားမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
“ကမ္ဘာဖြတ်လမ်းကြောင်းကိုဖွင့်ပြီး တခြားကမ္ဘာကို ထွက်ပြေးနိုင်တာ မင်းတို့နှစ်ယောက် အတော်ကံကောင်းတာပဲ ၊ ဒါပေမဲ့ မင်းတို့ရဲ့ကံကောင်းခြင်းက ဒီနေရာမှာ အဆုံးသတ်သွားပြီ ၊ မင်းတို့ရဲ့ရုပ်အလောင်းတွေကတော့ တခြားကမ္ဘာမှာ မြှုပ်နှံသဂြိုလ်ရတော့မယ်”
ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲ မျက်ရည်ပင်ကျချင်သွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူပြောသောစကားများကို သူ နားလည်နေသောကြောင့်ပင်။
သူတို့ပြောသည့်ဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင်ကဘာသာစကားနှင့် အနည်းနှင့်အများ ကွဲပြားမှုရှိသည့်တိုင် အလွန်ဆင်တူလေသည်။
ထိုဘာသာစကားက မိခင်ဖြစ်သူ ရွှယ်ချူးချင်အသုံးပြုသည့်ဘာသာစကားနှင့် မတူညီသော်လည်း ဘာသာစကားဖွဲ့စည်းပုံချင်း ဆင်တူသည်။ ထိုဘာသာစကားနှစ်မျိုးလုံးက မဟာကပ်ဘေးကြီးမတိုင်ခင်က အသုံးပြုသော ရှေးဟောင်းဘာသာစကားကို ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ဆန်းသစ်ထားခြင်းသာပင်။
ရန်ကျောက်ကဲက မဟာကပ်ဘေးမတိုင်ခင် အသုံးပြုသောဘာသစကားကို ကျွမ်းကျင်စွာတတ်မြောက်သဖြင့် သူတို့ပြောဆိုသည့်စကားများကို နားလည်ရန် မခက်ခဲပေ။
မျောလွင့်ဝိညာဉ်ကမ္ဘာသို့ရောက်စက ဘာသာစကားအခက်အခဲများစွာ ကြုံတွေ့ရသဖြင့် စိတ်ညစ်ညူးခဲ့ရသည်နှင့်ဆာလျှင် ယခုတော့ အတော်လေး ပျော်ရွှင်မိသည်ပင်။
ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများမှာလည်း မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ရောက်လာစဉ်က ဘာသာစကားမတတ်ကျွမ်းသဖြင့် မျက်စိကန်း နားကန်းဖြစ်ခဲ့ရသော ခံစားချက်ကိုမုန်းတီးသဖြင့် ရန်ကျောက်ကဲထံမှ ဘာသာစကားများ စတင်သင်ယူခဲ့ကြသည်။
အစွန်ရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာနှင့် ယခု သူတို့ရှေ့မှလူများ အသုံးပြုနေသောဘာသာစကားများသည် မဟာကပ်ဘေးမတိုင်ခင်က ရှေးဟောင်းဘာသာစကားနှင့် တူညီသောရင်းမြစ်မှ ပေါက်ဖွားလာခြင်းဖြစ်သဖြင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများသည် ရန်ကျောက်ကဲထံမှ မျောလွင့်ဝိညာဉ်ကမ္ဘာမှ ဘာသာစကားကို သင်ယူခဲ့ပြီးနောက် မဟာကပ်ဘေးမတိုင်ခင်ကအသုံးပြုသော ရှေးဟောင်းဘာသာစကားကိုပါ ဆက်လက်လေ့လာခဲ့ကြ၏။
ထို့ကြောင့် ယခု ထိုသူပြောလိုက်သောစကားကို အပြည့်အဝနားမလည်သော်လည်း အရေးကြီးသည့်အကြောင်းအရာအချို့ကိုတော့ ရိပ်ဖမ်းသံဖမ်း နားလည်နိုင်လေသည်။
သွေးနီရောင်နဂါး (၅)ကောင်က ဝိုင်းဝန်းပိတ်ဆို့လိုက်ကြသည့်အခါ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်း (၂)ခု လေထဲတွင် ရပ်တန့်သွားသည်။ ထို့နောက် အလင်းတန်းများထဲမှ သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက်လုံး ဒဏ်ရာများရထားကြပြီး လူရွယ်က မိန်းမပျိုကို သူ့အနောက်သို့ပို့ကာ ကာကွယ်ပေးထားသည်။
သူက အမုန်းတရားဖြင့် ပြည့်နက်နေသောအသံဖြင့်...
“မင်းတို့ သွေးနီနဂါးဂိုဏ်းရော ငါတို့ ချန်လီတောင်ရောက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းကို ဆန့်ကျင်နေကြတဲ့ လမ်းမှန်ဂိုဏ်း (၇)ဂိုဏ်းထဲမှာ ပါဝင်တာပဲလေ ၊ ဒီနေ့ မင်းတို့လုပ်ရပ်က ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကို ရန်ငြိုးဖွဲ့ချင်နေတာလား ၊ အဲဒီလိုဆိုရင်တော့ ငါတို့ လမ်းမှန်ဂိုဏ်းတွေကြားမှာ ပြဿနာတွေဖြစ်လာလိမ့်မယ်”
သွေးနီရောင်နဂါးများကြားထဲမှအသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ဒါဖြင့် မင်းတို့ကို ကျေးဇူးတင်မယ် ၊ ငါတို့ရဲ့ ‘သမုဒ္ဒရာကမ္ဘာ’ မှာမဟုတ်ဘဲ ဒီ တခြားကမ္ဘာမှာ မင်းတို့ကိုသတ်လိုက်ရင် ဒီအကြောင်းကို ချန်လီတောင်က မသိတိုင်တော့ဘူးပေါ့”
ထို့နောက် သွေးနီရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာပြီး အဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆက်လျှက် လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ကူရာကယ်ရာမဲ့နေသည့် လူရွယ်စုံတွဲကို စူးစိုက်ကြည့်နေသည်။
အခြားလမ်းကြောင်းများတွင် သွေးနီရောင်နဂါး (၄)ကောင်က ပိတ်ဆို့ထားပြီး သွေးနီရောင်အလင်းတန်း များပြားစွာထုတ်လွှတ်လျှက်ရှိသည်။
ခဏအကြာတွင် သွေးနီရောင်အလင်းတန်းများကြားမှ ကျင့်ကြံသူ (၄)ယောက် ထွက်ပေါ်လာသည်။ သူတို့ထံမှ ပြင်းထန်လှသောစွမ်းအားများ ထွက်ပေါ်နေသည်ကို ရန်ကျောက်ကဲတို့အားလုံး အာရုံခံနိုင်ကြသည်။
လူ (၄)ယောက် ၊ တစ်ယောက်စီတိုင်းက ထွက်ပေါက်တိုင်းတွင် ပိတ်ဆို့ထားလေရာ လူရွယ်စုံတွဲမှာ သူတို့ကြားတွင် ပိတ်မိနေတော့၏။
အဘိုးအိုက ကောင်းကင်ထက်တွင်ပွင့်နေသော ကမ္ဘာဖြတ်လမ်းကြောင်းကိုလှမ်းကြည့်ရင်း...
“ဥမင်လမ်းကြောင်းက မတည်မငြိမ်ဖြစ်နေတယ် ၊ မကြာခင် ပြန်ပိတ်တော့မယ်ထင်တယ်”
သူက လူရွယ်စုံတွဲကိုလှမ်းကြည့်ရင်း...
“ငါတို့ သမုဒ္ဒရာကမ္ဘာကို မပြန်ခင် ဒီ အမည်မသိကမ္ဘာမှာ မင်းတို့ကို သတ်ပစ်ခဲ့မယ် ၊ ဒါဆို မင်းတို့နှစ်ယောက် သမုဒ္ဒရာကမ္ဘာကနေ သဲလွန်စမရှိ ပျောက်ကွယ်သွားလိမ့်မယ် ၊ ဒီလောက်ကောင်းတဲ့အရာ ဘယ်မှာရှိမလဲ”
ရန်သူများဝိုင်းရံခံထားရသော လူရွယ်စုံတွဲ၏မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။
သို့သော် သူတို့က မျှော်လင့်ချက်ကို စွန့်လွှတ်ဟန် မရှိပေ။ သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများ ထွက်ပေါ်လာသည်။
ထို့နောက် သူတို့စုံတွဲက ရှည်လျားသည့်ကြုံးဝါးသံတစ်သံ အတူတကွ အော်ဟစ်လိုက်ကြပြီး ဓားအလင်းတန်းနှစ်ခု ရောယှက်ထွက်ပေါ်လာသည်။
လူရွယ်ထံမှ အဖြူရောင်ဓားအလင်းတန်းထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးဖောက်သွားစဉ် မိန်းမပျို၏ အနက်ရောင်ဓားအလင်းတန်းကလည်း အဖြူရောင်အလင်းတန်းနှင့် ရောနှောက်လိုက်ပါသွားသည်။
လူရွယ်စုံတွဲသည် အဖြူရောင်နှင့်အနက်ရောင် ဓားရှည်နှစ်လက်ကို ဆုပ်ကိုင်လျှက် ရန်သူများဝိုင်းရံထားခြင်းကို ထိုးဖောက်ထွက်ရန် ကြိုးစားကြသည်။
တိုက်ပွဲကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပလာ၏။
“အိုး... ယင်စွမ်းအားနဲ့ ယန်စွမ်းအား ပူးပေါင်းချိတ်ဆက်တဲ့ သိုင်းပညာမျိုးပဲ ၊ ယင်နဲ့ယန် အတူယှဉ်တွဲထားတဲ့ အစစ်အမှန်သိုင်းအခြေခံကို ပြသတာပဲ ၊ ဒီစုံတွဲရဲ့ ဓားအမြွှာပေါင်းစပ်စွမ်းအားက သူတို့နှစ်ယောက်ရဲ့ ပကတိစွမ်းအားထက်တောင် ပိုပြီးပြင်းထန်နေသေးတယ်”
အဖြူရောင်နှင့်အနက်ရောင်ဓားအလင်းတန်းများက ကောင်းကင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဤသည်ကိုမြင်တော့ အနက်ရောင်ဝတ်အဘိုးအိုက တည်ငြိမ်သည့်အမူအရာဖြင့် သူ့လူများကို လက်တစ်ဖက်ဝှေ့ယမ်း အချက်ပြလိုက်၏။
ထိုအခါ ကျင့်ကြံသူ (၄)ယောက်က တစ်ပြိုင်နက်တည်းကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး လေနှင့်တိမ်များကိုထိုးခွင်းကာ စတင်တိုက်ခိုက်လိုက်ကြသည်။
သူတို့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များ ခုန်လှုပ်နေပြီး သွေးနီရောင်အလင်းတန်းများက သူတို့ဦးခေါင်းထက်တွင် ပုံရိပ်ယောင်ပမာ မြင့်တက်ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်များက သစ်ရွက်များပမာ ယိမ်းခါနေပြီး သူတို့အားလုံးက အမတဝိညာဉ် သိုင်းဆရာသခင်များ ဖြစ်ကြ၏။
သူတို့၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ဝိညာဉ်စွမ်းအားများနှင့် ပြည့်နက်နေပြီး ပုံရိပ်ယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲကာ များပြားလှစွာသော သွေးနီရောင်နဂါးများ သူတို့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အနက်ရောင်နှင့်အဖြူရောင်ဓားအလင်းတန်းများဆီသို့ ဝင်ရောက်သွားကြသည်။
ဓားနှစ်လက်၏ ယင်ယန်ပေါင်းစပ်စွမ်းအားက အံ့မခန်းပင်။
ဓားအလင်းတန်းများက မိုးကုပ်စက်ဝိုင်းကိုဖြတ်ကျော်သွားပြီး သွေးနီရောင်နဂါး (၄)ကောင်သည်ပင် လူရွယ်စုံတွဲကို အချိန်အတန်ကြာအောင် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ကြပေ။
အနက်ရောင်ဝတ်အဘိုးကြီးက ထိုသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
ချန်လီတောင်မှ ဓားအမွှာပေါင်းစပ်ခြင်းက ‘သမုဒ္ဒရာကမ္ဘာ’ တစ်ခွင်တွင် အလွန်ကျော်ကြားသော်လည်း သူ့အရှေ့မှ လူရွယ်စုံတွဲက အမတဝိညာဉ်သိုင်းဆရာသခင် အလယ်ဆင့်တွင်သာရှိသေးသည်။ သို့ပေသိ သူတို့နှစ်ယောက်စွမ်းအားပေါင်းစပ်လိုက်သည့်အခါ အမတဝိညာဉ်နှောင်းပိုင်းအဆင့်ရှိသော အနက်ရောင်ဝတ်အဘိုးအိုကိုပင် အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်မည် ဖြစ်၏။
အနက်ရောင်ဝတ်အဘိုးကြီးကိုယ်တိုင် ကျင့်ကြံသူ (၄)ယောက်နှင့် စွမ်းအားပေါင်းစပ်ပြီး ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ထိုစုံတွဲ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော် ယခု သူတို့က အခြားသောကမ္ဘာတစ်ခုသို့ ရောက်ရှိနေလေရာ အရမ်းအတင့်မရဲဝံ့ဘဲ ပတ်ဝန်းကျင်ကိုလည်း သတိထားနေရသည်။
အထူးသဖြင့် အဘိုးကြီးက ရန်ကျောက်ကဲတို့အုပ်စုရှိနေသည်ကို သတိပြုမိသွားပြီဖြစ်ရာ သူတို့အုပ်စုတွင် မည်သို့သောရည်ရွယ်ချက်ရှိမည်လဲ မသိနိုင်သဖြင့် အရမ်းကာရော မလှုပ်ရှားဝံ့တော့ပေ။
“ဒီနှစ်ယောက် ဒဏ်ရာရနေပြီဆိုတော့ အချိန်နည်းနည်းကြာသွားရင် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
အဘိုးအိုကတွေးရင်း ရန်ကျောက်ကဲတို့အုပ်စုကိုလှမ်းကြည့်လိုက်သည်။
“ဒီနေရာကလူတွေက ဘာလဲဆိုတာ သေချာမသိရသေးဘူး ၊ သူတို့ ကျင့်ကြံခြင်းအဆင့်က ကန့်သတ်ထားတယ်လို့ ထင်ရပေမယ့် သူတို့လျှောက်လှမ်းတဲ့ ကျင့်စဉ်လမ်းက ဘာမှန်းမသိရသေးဘူး”
အနက်ရောင်ဝတ်အဘိုးကြီး သူတို့ကိုအကဲခတ်နေကြောင်း ရိပ်မိသည့်အခါ ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်၏။ သို့သော် သူ့မျက်ဝန်းများကတော့ အဘိုးကြီးကို လုံးဝအရေးမစိုက်ဘဲ တိုက်ပွဲကိုသာ စူးစိုက်ကြည့်နေလေသည်။
ထိုစဉ် အားဟူက...
“သခင်လေး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ”