← Chapters

အကြီးအကဲ ... ကျေးဇူးပြုပြီး ထွက်ပေါ်လာပေးပါ

Vol. 14 Ch. 184

အကြီးအကဲ ... ကျေးဇူးပြုပြီး ထွက်ပေါ်လာပေးပါ

Vol. 14 Ch. 184

“သခင်၊ မင်း နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့”

ဟယ်ဖုန်း၏ အသံတွင် ခါးသီးမှု အရိပ်အမြွက်များ ပါဝင်နေခဲ့သည်။ သူ့ကိုယ်သူ မည်သို့ ပြောဆိုရမည်မှန်းပင် မသိတော့ချေ။ သူ့အပေါ်သို့ သေခြင်းတရား၏ အငွေ့အသက်များ ကျရောက်လာခဲ့ခြင်းကို ခံစားမိ၍ ထိတ်လန့်တုန်လှုပ်စွာ နိုးထလာခဲ့ချိန်တွင် စုမင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် ဝိညာဉ်ပျောက်ဆုံးနေသကဲ့သို့ ဖြစ်လျက် စုမင်ခန္ဓာကိုယ်က အောက်သို့ လျင်မြန်စွာ ပြုတ်ကျနေခဲ့သည်။ သိပ်မကြာခင်မှာပင် သူ တစ်စုံတစ်ရာနှင့် တိုက်မိလိမ့်မည် ဖြစ်ပြီး သူ့ခန္ဓာကိုယ်က အပုင်းအစအနများအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သည်။

စုမင်က သူ့ပတ်ဝန်းကျင်ကို သတိမပြုမိ၍ ကြောက်ရွံ့ရမည်ကို မသိသည်မှာ သဘာဝကျသော်လည်း ဟယ်ဖုန်းသည်တော့ သတိရှိနေခဲ့သူ ဖြစ်သည်။

စုမင်ခန္ဓာကိုယ် ပြုတ်ကျနေခြင်းနှင့် စုမင်နှင့်အတူ သူသေရတော့မည်အား ကြည့်နေရုံမှအပ သူလုပ်နိုင်သည့် အရာမရှိပေ။ ပြင်ပမှ စွမ်းအားသည် သူ၏ချီကိုလည်း ဖိနှိပ်ထားခဲ့ပြီး ထိုအရာသည် သူ၏အသက်စွမ်းအားကို ထိခိုက်ဘေး ဖြစ်စေနိုင်လေသည်။

သူ အမှန်တစ်ကယ် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ မိမိ၏ သေခြင်းတရားဆီသို့ ကိုယ်တိုင် လျှောက်သွားနေရပြီး ဘာမှမတတ်နိုင်ရခြင်းလို ညှဉ်းပန်း နှိပ်စက်မှုမျိုးသည် သူ့ကို ရူးသွပ်သွားအောင် ပြုလုပ်နေခဲ့၏။ သူစုမင်ကို ထိတ်လန့်တကြား အော်ခေါ်နေခဲ့ပြီး နစ်မြုပ်သွားရတော့မည့် အချိန်တွင် စိတ်ပျက်လက်ပျက်ဖြင့် သူ၏နောက်ဆုံး စကားလုံးများကို သကာရည် မလောင်းနိုင်ဘဲ စုမင်ကိုပင် ကျိန်ဆဲခဲ့သေးသည်။

သို့သော် စုမင် နိုးထလာခဲ့သည်ကို သူမြင်လိုက်ချိန်တွင် ဟယ်ဖုန်း နောက်တစ်ကြိမ် တုန်လှုပ်သွားမိ ပြန်သည်။ ထိုကြောက်လန့်မှုသည် သေဆုံးရတော့မည့် အရေးကြောင့် မဟုတ်ဘဲ သူ၏ ယခုပြောလိုက်သည့် စကားလုံးများကို စုမင်ကြားလိုက်နိုင်ချေ ရှိသောကြောင့်ပင် ဖြစ်သည်။ အကယ်၍ စုမင်ကြားခဲ့သည် ဆိုလျှင်တော့၊ သူတကယ်ကို ဒုက္ခ ရောက်တော့မည် ဖြစ်သည်။

“သ ... သခင် မင်း အခုနက ဘာကြားလိုက်သေးလဲ။ ငါက မင်းရဲ့လုံခြုံမှုကို စိတ်ပူသွားခဲ့မိလို့ပါ ...”

ဟယ်ဖုန်း လျင်မြန်စွာ ရှင်းပြလိုက်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ စုမင်သူ့ကို အပြစ်ပေးမှာ စိုးရိမ်နေမိသည်။

စုမင် ဟယ်ဖုန်းကို လျစ်လျူရှု ထားလိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြုတ်ကျနေဆဲ ဖြစ်သည်။ အတွေးများ တစ်ခုပြီးတစ်ခု သူ့စိတ်အတွင်း ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ခပ်မှိန်မှိန် တောက်ပမှု တစ်ခုက သူ့မျက်လုံးများအတွင်း ထွက်ပေါ်လာခဲ့သည်။ ချက်ချင်း ဆိုသလိုပင် လ၏ အတောင်ပံများသည် သူ့ခန္ဓာကိုယ် အတွင်းမှ ဖြန့်ကြက် ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းတို့ ထွက်ပေါ်လာသည်နှင့် ပြင်းထန်သည့် ဖိအားတစ်ခုက စုမင်အပေါ်သို့ ရုတ်တရက် ကျရောက် လာခဲ့ပြီး လ၏ အတောင်ပံများကို သူ့ခန္ဓာကိုယ်အတွင်း ပြန်လည် ပိတ်လှောင်လိုက်ပြီး ထွက်မလာနိုင် ဖြစ်သွားစေသည်။

‘ငါ ချီကိုလည်း လှည့်ပတ်လို့ မရဘူး။ ပြီးတော့ လရဲ့ အတောင်ပံတွေကလည်း ငါ့ကိုယ်ထဲက ထွက်လာလို့မရဘူး ...  အခုအချိန်အတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်’

စုမင် သူ့စိတ်အတွင်းမှနေ၍ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသက်သွင်းလိုက်ပြီး အစိမ်းရောင် အလင်းတစ်ဖြာက သူ့မျက်ခုံးများ အလယ်၌ တောက်ပလာပြီး ကျောက်စိမ်း ဓားမြောင်ငယ်လေး ထွက်ပေါ်လာခဲ့သည်။

ကျောက်စိမ်း ဓားမြောင်ငယ်လေး ပေါ်ထွက် လာချိန်တွင်လည်း ဤနေရာ၏ ဖိအားကြောင့် အလွန်ကောင်းမွန်သော အခြေအတွေင် ရှိမနေခဲ့ချေ။ ၎င်းသည် ဖိအားကို တောင့်မခံနိုင်သည့်အလား ယိမ်းထိုး လှုပ်ခါနေခဲ့သည်။ သို့သော် စုမင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်၏ စွမ်းအား အားလုံကို ဓားပေါ်တွင် စုစည်း လိုက်သည့်အခါ ၎င်းသည် ရုတ်ခြည်း တည်ငြိမ်သွားခဲ့ပြီး လျှပ်တစ်ပြက်ပင် စုမင်ခြေထောက်အောက်သို့ ပျံသန်းရောက်ရှိလာပြီး စုမင်အားဓားပေါ်တွင် ခြေချလိုက်စေသည်။

ပြုတ်ကျနေသည့်အားကြောင့် ဓားပေါ်သို့ ခြေချလိုက်မိချိန်တွင် သူထိခိုက်မိသွား သကဲ့သို့ ခံစားလိုက်ရသည်။ ဓားငယ်လေးသည် ထိုဖိအားများမှ အချို့ကိုသာ ဖြိုဖျက်ပေးနိုင်ခဲ့ပြီး ကျန်သည့်အားများသည် သူ့ကိုယ်ပေါ်သို့သာ ကျရောက်ခဲ့သည်။ စုမင်မျက်နှာသည် ရုတ်တရက် ဆိုသလို ဖြူဖျော့ သွားရသည်။ သူ ပါးစပ်အပြည့် သွေးတို့ ထွေးထုတ်လိုက်ရပြီး ဓားငယ်လေးသည်လည်း ပေရာပေါင်းများစွာ ရုတ်တရက် ပြုတ်ကျ သွားခဲ့ပြီးနောက်မှ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။

ဓားပေါ်တွင် ရပ်နေရင်းမှ စုမင် ပင့်သက်ရှိုက်မိသည်။ ထို့နောက် သူ့အပေါ်မှ မှောင်မည်းနေသည့် ကောင်းကင်ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။ လျှပ်စီးတန်းတို့က ကောင်းကင်တွင် တဝင်းဝင်း လက်နေသည်ကို သူမြင်ရသည်။ လောကတစ်ခုလုံး လင်းလက်သွားခဲ့သည့် ထိုအချိန်တစ်ခဏတွင် သူ့အပေါ်ဘက်၌ လှုပ်ယမ်းနေခဲ့သည့် သံကြိုးကို မထင်မရှား ခပ်ရေးရေး မြင်လိုက်ရသည်။

“ငါ သံကြိုးကို စိန်ခေါ်နေတာ မပြီးဆုံးသေးဘူး” စုမင် တီးတိုး ရေရွတ်လိုက်သည်။

ကျောက်စိမ်း ဓားမြောင်ငယ်လေးက သူ့ဆန္ဒအတိုင်း စုမင်ခန္ဓာကိုယ်ကို သယ်ဆောင်လျက် ချောက်နက်ကြီးများ အထက်သို့ ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။

သူ ပြန်လာပြီဖြစ်သည်။

ဟန်တောင်တန်းမြို့တော် အတွင်း အချိန်တို့ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သလို မရေမတွက်နိုင်သော မိုးခြိမ်းသံများသည်လည်း ကောင်းကင်တွင် ဂျိုးဂျိုးဂျိန်းဂျိန်း မြည်ဟည်း နေခဲ့သည်။ တစ်ခါတစ်ရံတွင်တော့ လျှပ်စီးတန်းတို့သည် လေထုကို ပိုင်းဖြတ် သွားသကဲ့သို့ ဝင်းလက်သွားတတ်ပြီး ဧရိယာတစ်ခုလုံး လင်းထိန် သွားစေတတ်သည်။

မည်သူမှ စိတ်မရှည် မဖြစ်မိပေ။ ကျောက်တိုင်များ နစ်မြုပ် မသွားရသော ထူးခြားသည့် မြင်ကွင်းအတွက် ရှင်းပြနိုင်မည့်အချက် တစ်ခုသာရှိသည်ကို သူတို့အားလုံး၏ နှလုံးသားထဲမှ ရှင်းရှင်းလင်းလင်း သိကြသည်။

ဟန်တောင်တန်း သွယ်ဆက် သံကြိုးတန်းများ၏ စိန်ခေါ်မှုသည် အဆုံးမသတ်သေး။ စိန်ခေါ်သူသည် မကျရှုံးသေးခြင်း။

“သူက ... တကယ်ပဲ မသေဆုံးတာလဲ”

“ဒါက အချိန်တွေ အရမ်းကြာနေပြီ။ သူသာ တကယ် မသေသေးဘူး ဆိုရင်၊ ဘာလို့များ သူပြန်ပေါ် မလာသေးတာလဲ”

“ပုချန့်မျိုးနွယ်စုက သူ့အလောင်းကိုရှာဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တယ်။ အဲဒီလူတွေ ဘယ်လောက် ဝေးဝေးရောက်နေပြီလဲ ငါသိချင်မိတယ် …”

ဆွေးနွေးသံ ခပ်တိုးတိုးတို့က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ အချိန်အတော်ပင် ကြာနေခဲ့ပြီဖြစ်သည်။ ကျောက်တိုင်များ နစ်မြုပ် မသွားရသေးခြင်း၏ အကြောင်းအရင်းကို လူတိုင်းသိသည် ဆိုလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ မသေချာမှုများ ကတော့ ပိုမိုသန်မာလာသည်သာ ဖြစ်သည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည်လည်း လေးနက်သည့် အမူအရာဖြင့် ငြိမ်အေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်စွန်းတွင် ရပ်လျက် သူ၏အကြည့်တို့ကို ချောက်နက်ကြီး အပေါ်တွင်သာ စူးစိုက်ထားခဲ့၏။ သူ့နောက်တွင်တော့ ဖန်းရှန်နှင့် ဖန်းချန်းလန်တို့ နှစ်ဦးသည် အနည်းငယ်သာ ဝေးသည့်နေရာတွင် အလားတူရပ်နေခဲ့ကြသည်။

“အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး ... သူ တကယ်ပဲ မသေဆုံးတာလား”

မကြာခင်မှာပင် အချိန်တစ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ များသောအားဖြင့် လူတို့အတွက် အချိန်တစ်နာရီ ဆိုသည်မှာ လျင်မြန်စွာ ကုန်လွန် သွားတတ်သော်လည်း ယခု ဤလူများအတွက်တော့ တစ်နာရီသည် ဖြည်းညင်းစွာ ကုန်လွန်နေသည်ဟု ထင်ရပြီး အလွန်အမင်း ရှည်ကြာနေခဲ့သည်။

ပုချန့်တောင်ပေါ်မှ ပိန်ပိန်ပါးပါးနှင့် ခြောက်ကပ်နေသည့် အကြီးအကဲသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိပြီး သူ့မျက်နှာပေါ်မှ လေးနက်နေသည့် အမူအရာသည် တဖြည်းဖြည်း ပြန်လည် သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။

“အချိန် တစ်နာရီ ကျော်သွားပြီ။ ဖြစ်နိုင်တာက ဟန်တောင်တန်းရဲ့ သံကြိုးတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လွဲမှားသွားခဲ့တာပဲ။ ပြီးတော့ ဒီလူ ... မသေဆုံးသေးတာကြောင့် မဟုတ်ဘူး ... မင်း ဘယ်လိုထင်လဲ”

ပုချန့်မျိုးနွယ်စု အကြီးအကဲ၏ နောက်ဆုံးစကားသည် သူ့ဘေးတွင် ရပ်နေသည့် အသားတောင်လေး တစ်လုံးသဖွယ်လူအား ဦးတည်မေးလိုက်ခြင်း ဖြစ်သည်။

ထိုလူသည် ခဏတာ တုံ့ဆိုင်းနေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ချောက်နက်ကြီးများထံသို့ ပြန်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“အချိန်က အတော်လေး ကြာသွားပြီပဲ။ ဒီလူ သေဖို့ အခွင့်အလမ်း များပါတယ် ... အောက်ကို သွားကြည့်တဲ့ မျိုးနွယ်စုက လူတွေလည်း …”

သူစကားကို အဆုံးမသတ်လိုက်နိုင်ချေ။ ရုတ်တရက် ဆိုသလိုပင် သူ့ခန္ဓာကိုယ်သည် ရှေ့ဘက်သို့ ယိမ်းယိုင်သွားပြီး ချောက်နက်ကြီးများထံသို့ သေချာစူးစိုက် ကြည့်လိုက်သည်။ သူ ... တစ်စုံတစ်ရာကို မြင်သွားခဲ့ပြီ ဖြစ်သည်။

သူတစ်ဦးတည်းသာ မဟုတ်ပေ။ သူ့နံဘေးမှ ပုချန့်မျိုးနွယ်စု အကြီးအကဲ၏ အမူအရာသည်လည်း ပြောင်းလဲ သွားရသည်။ ချောက်နက်ကြီးများ အတွင်းသို့ ငေးကြည့်နေစဉ် အချိန်တွင် သူ့ခန္ဓာကိုယ် အတွင်း၌ လေပြင်းမုန်တိုင်းနှင့် ဧရာမလှိုင်းလုံးများသဖွယ် ဒေါသတို့သည် မည်သည့် အချိန်တွင်မဆို ပေါက်ကွဲထွက်ရန် အဆင်သင့် ဖြစ်နေသကဲ့သို့ပင်။ သူ မြင်ခဲ့သည်။

သူတို့နှစ်ဦးအပြင် ပုချန့်တောင်ပေါ်မှ လူများသည်လည်း တုန်ယင်သွားကြပြီး ချောက်နက်ကြီးများထဲ လှမ်းကြည့်လိုက်ကြ၏။ ထို့နောက်တွင်တော့ သူတို့မြင်လိုက်ရသည့် အရာကြောင့် သူတို့အမူအရာများ အကြီးအကျယ် ပြောင်းလဲ သွားကြတော့သည်။

သူတို့လည်း ထိုအရာကို မြင်ခဲ့သည်။

ကောင်းကင်တွင် လျှပ်စီးတန်း လင်းလက်သွားသည့် အခိုက်အတန့် တစ်လောကလုံး လင်းထိန်သွားခဲ့ချိန်တွင် အနက်ရောင် ဝတ်ရုံနှင့် လူတစ်ဦးသည် ဟန်တောင်တန်း၏ ချောက်နက်ကြီးများထဲမှ အပေါ်သို့ ဖြည်းဖြည်းချင်း မြင့်တက် လာနေသည်ကို မြင်နိုင်လေသည်။

ဟန်တောင်တန်းမှ အံ့အားတကြီး အော်ဟစ် ပြောဆိုသံတို့ ဆူညံစွာ ထွက်ပေါ် လာခဲ့တော့သည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲလည်း အသက်ပြင်းပြင်း ရှူလိုက်မိပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် ချောက်နက်ကြီးထံ စူးရှစွာ ငေးကြည့်နေမိသည်။ သူလည်း ထိုအရာကို မြင်ခဲ့ရသည်ပင်။

သူ့ဘေးတွင် ရပ်နေသည့် ဖန်းရှန်နှင့် ဖန်းချန်းလန်တို့၏ မျက်နှာများထက်တွင်တော့ မတူညီသည့် အမူအရာများ ရှိနေခဲ့ကြသည်။ ဖန်းရှန်တစ်ယောက် တုန်လှုပ်နေချိန်တွင် ဖန်းချန်းလန်သည်တော့ စိတ်သက်သာရာ ရသွားဟန် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိသည်။ သူတို့လည်း ထိုအရာကို မြင်ခဲ့သည်သာ။

အရောင်စုံရေကန် မျိုးနွယ်စုတောင်ပေါ်မှ အဘွားအိုသည် မသိစိတ်အရ ဆုပ်ထားမိသည့် ညာဘက်လက်သီးကို ဖြေလျော့လိုက်မိပြီး နောက်တစ်ကြိမ် လက်သီး ပြန်ဆုပ်လိုက်မိပြန်သည်။ ၎င်းကဲ့သို့ အကြိမ်များစွာ ထပ်ခါထပ်ခါ ဖြစ်နေခဲ့သော်လည်း သူမအမူအရာ သည်တော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ချောက်နက်ကြီးများ အတွင်းမှ တုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်လိုက်ချိန်တွင်ပင် သူမ၏ စိတ်လှုပ်ရှားမှုသည် များစွာပြောင်းလဲ သွားခဲ့ခြင်း မရှိပေ။

သူမဘေးတွင်တော့ ယန်လွမ်သည် ချောက်နက်ကြီးများ အတွင်းမှ ဖြစ်ပျက်နေသည့် အရာကို မြင်လိုက်ရချိန်တွင် အချိန်ခဏတာ သတိလက်လွတ် ငေးမောကြောင်အ သွားခဲ့မိသည်။ သူမ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် အဘွားအို၏ ညာဘက်လက်ကို ရုတ်တရက် မြင်လိုက်ရပြီး သူမနှလုံးခုန်နှုန်းက အနည်းငယ် လျင်မြန်သွားခဲ့ရသည်။

သုမ၏စွမ်းအားသည် အကြီးအကဲထက် ပိုမိုသန်မာသည်ဟု လူတိုင်းက ပြောဆိုကြသည်။ ထိုအရာသည် မှန်ကန်သော်လည်း ယန်လွမ် တစ်ဦးတည်းသာလျှင် အကြီးအကဲ၏ စွမ်းအားကို သေချာသိပေသည်။ ထို့အပြင် အကြီးအကဲတွင် အလေ့အကျင့်တစ်ခု ရှိသည်ကိုလည်း သူမသိသည်။ အကြီးအကဲသည် တစ်စုံတစ်ရာနှင့် ပတ်သက်၍ မသေချာမရေရာ ဖြစ်နေခဲ့လျှင် ယခုလိုပင် သူမလက်သီးကို ဆုပ်လိုက် ဖြည်လိုက်နှင့် အကြိမ်များစွာ ပြုလုပ်ပေလိမ့်မည်။

“အကြီးအကဲ၊ ဘာကို တွန့်ဆုတ်နေတာလဲ”

ယန်လွမ် ဘာတွေဖြစ်နေမှန်း နားမလည်မိပေ။ ယခုအချိန်တွင် ဤကိစ္စသည် အရောင်စုံ ရေကန်မျိုးနွယ်စုနှင့် သက်ဆိုင်ခြင်း မရှိပေ။ ထို့ကြောင့် အကြီးအကဲက မည်သည့်အရာနှင့် ပတ်သက်၍ စိုးရိမ်နေရသနည်း။

မျိုးနွယ်စု ၃ စုတောင်များအပြင် ဟန်တောင်တန်းမြို့တော် အတွင်းမှ သံကြိုးကို ကြည့်နေခဲ့ကြသည့် လူအုပ်ကြီး တစ်ခုလုံးသည်လည်း ချောက်နက်ကြီးများ အတွင်းမှု ဖြစ်ပျက်နေသည့် အရာကို မြင်ခဲ့ကြရသည်။ ထိုအရာကို မြင်လိုက်သည်နှင့် လူအုပ်ကြီးသည်လည်း အံ့သြတုန်လှုပ်စွာ အော်ဟစ် ပြောဆိုလိုက်ကြသည်။ ထိုမြင့်တက် ထွက်ပေါ်လာသည့် အသံလှိုင်းလုံးကြီးများသည် ကောင်းကင်မှ မိုးခြိမ်းသံများကိုပင် ဖုံးအုပ် သွားတော့မည်ကဲ့သို့ ဖြစ်သည်။

“သူက တကယ်ပဲ မသေခဲ့ဘူး”

“အဲဒါ သူပဲ။ သူပြန်ထွက်လာပြီ”

“သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်တောင်များလဲ။ သူ ... သူက တကယ်ပဲ ချောက်နက်ကြီးတွေထဲက ပြန်ထွက်လာ နိုင်ခဲ့တယ်ပေါ့”

“ပြုတ်ကျသွားပြီးတဲ့ နောက်မှာ ဘယ်သူကမှ အခုလို အချိန်အကြာကြီး အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။ ဒီလူ ... သူက တကယ်ကို မသေခဲ့ဘူး ပြီးတော့ သူက ချောက်နက်ကြီး တွေထဲကတောင် ပြန်ထွက်လာနိုင်သေးတယ်”

နန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်မိပြီး ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးများအတွင်း လေးစားမှုတို့ ထွက်ပေါ်လာခဲ့သည်။

လန်ယင်နှင့် ခဲ့ကျူးစစ်တို့ အမူအရာ များသည်လည်း ပြောင်းလဲ သွားခဲ့ရသည်။ နန်ထျန်းကဲ့သို့ပင် သူတို့လည်း ထိုလူကို လေးစားလိုက်မိကြသည်။ စွမ်းအားကြီးသော မာန်စွမ်းအားရှင်များသည် လေးစားခံသင့်၏။ ချောက်နက်ကြီးများထဲမှ ပြန်လည် ထွက်ပေါ်လာနိုင်ခဲ့သည့် ဤပုဂ္ဂိုလ်သည်လည်း အလားတူပင်ဖြစ်သည်။

ဟန်ဖေးကျစ်တစ်ယောက် လေထဲရှိ မိုးတိမ်ဖြူပေါ်တွင် ရပ်နေခဲ့သည်။ သူမမျက်နှာမှ မျက်နှာကာသည် သူမနှုတ်ခမ်းများတွင် ဖြစ်ပေါ်လာခဲ့သည့် အပြုံးကို ဖုံးကွယ် ပေးထားခဲ့သည်။ သူမမျက်လုံး တို့သည်လည်း ယခင်နှင့်ယှဉ်လျှင် ပိုမို၍ ရွှန်းရွှန်းစားစား တောက်ပလာခဲ့သည်။

ရွှမ်းလွှမ်၏ မျက်နှာတစ်ခုတည်းသာ အလွန်အမင်း မည်းမှောင် သွားခဲ့ပြီး သူ့အမူအရာသည်လည်း ရေခဲသဖွယ် ပြောင်းလဲသွားခဲ့သည်။ ရွှမ်းလွမ် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်မိပြီး သူ့မျက်လုံးများအတွင်းမှ မနာလိုမှုနှင့် သတ်ဖြတ်လိုသည့် အသိတို့ကို ဖုံးကွယ်ရန် ခေါင်းကိုငုံ့ထားလိုက်သည်။

စုမင် သူ့ဝတ်ရုံများအောက် ဖုံးကွယ်ထားသည့် ကျောက်စိမ်း ဓားမြောင်ငယ်ပေါ်တွင် ရပ်လျက် ချောက်နက်ကြီး အတွင်းမှ ဖြည်းညင်းစွာ ပြန်တက် လာခဲ့သည်။ လူတိုင်း၏ မျက်လုံးများ ရှေ့တွင်ပင် လေထဲ၌ သူပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် သူသည် လူတိုင်း အာရုံစူးစိုက်နေမှု၏ အလယ်ဗဟိုဖြစ်သည်ဟု ပြောလျှင်ပင် မှားမည်မဟုတ်ချေ။ သူ၏ အပြုအမူတိုင်းသည် လူတိုင်း၏ စိတ်နှလုံးများကို လှုပ်ရှားစေသည်။ လူအချို့၏ ယခင်က သူ့ကို ကြည့်ခဲ့သည့် အထင်အမြင်သေးမှုများသည်ပင် လေကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သေမင်းတံခါးဝမှ ပြန်လည် ထွက်ပေါ်လာသည် ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။ ချောက်နက်ကြီးများထဲသို့ ပြုတ်ကျသွားရာမှ ပြန်လည် ထွက်လာနိုင်ခြင်းသည် ဟန်တောင်တန်းတွင် သူ့အား ကျော်ကြားစေမည်ပင် ဖြစ်သည်။ ရာစုနှစ်များစွာ ကုန်လွန်ပြီး နောက်တွင်ပင် သူ့အား လူများ သတိရနေလိမ့်ဦးမည် ဖြစ်သည်။ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများကို အခြားသူတစ်ဦးမှ စိန်ခေါ်သည့် အချိန်တိုင်းတွင် ဤနေ့တွင် စောင့်ကြည့်ခဲ့သူများက ယခုအဖြစ်အပျက်ကို ပြန်လည် ပြောဆို နေကြလိမ့်မည်ပင်။

ဤအချိန်တွင်တော့ စုမင်၏ စိန်ခေါ်မှုသည် ဟန်တောင်တန်း တစ်ခုလုံးကို အံ့အားသင့် သွားစေလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်ပျက်ခဲ့သော အရာသည် ယခင်က ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိသဖြင့် ဤလူများကို အံ့သြတုန်လှုပ် စေလိုသည့် သူ၏ရည်မှန်းချက် သည်လည်း အောင်မြင်သွားပြီဟု ပြော၍ရပေသည်။

စုမင် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး သံကြိုး၏ သတ္တမမြောက် အပိုင်းနှင့် သူ့ခန္ဓာကိုယ် တန်းတူ ဖြစ်သွားခဲ့သည့် အချိန်တွင် ပိုမိုကျယ်လောင်သည့် အံ့အားတကြီး ပြောဆိုသံများသည် ဟန်တောင်တန်းမြို့တော် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ မြို့တော်အတွင်းမှ ထိုရုတ်ရုတ်သဲသဲ ဆူညံများကို စုမင်တောင် ကြားလိုက် ရလေသည်။

“သူက ဆက်စိန်ခေါ်ချင် နေတုန်းလား”

“တစ်ကယ်ပဲ သူက ဘယ်လိုပုံမျိုး ဖြစ်နေမလဲ။ သူ့နာမည်က ဘယ်သူများလဲ”

“သူက အေးခဲကောင်းကင်ကလန်ရဲ့ တပည့်အဖြစ် သေချာပေါက် အရွေးခံရလိမ့်မယ်။ သူ ဆက်စိန် မခေါ်ရင်တောင် အေးခဲကောင်းကင် ကလန်က သူ့ကိုခေါ်ဖို့ အခွင့်အလမ်း တော်တော်များနေပြီ”

ဆွေးနွေးသံများ ဆူညံနေချိန်တွင် စုမင် သံကြိုး၏ သတ္တမမြောက် အပိုင်းဘေးတွင် ရပ်နေခဲ့သည်။ သံကြိုးနှင့် သွယ်ဆက်လျက်ရှိသည့် တိတ်ဆိတ်နေသော ပုချန့်တောင်ကို သူမကြည့်ခဲ့ပေ။ ထိုအစား ခြေထောက်ကိုမလျက် သံကြိုးပေါ်သို့ နင်းချလိုက်သည်။

သူ သံကြိုးပေါ်သို့ ဒုတိယအကြိမ် ခြေချလိုက်မိသည်နှင့် ဟန်တောင်တန်းမြို့တော် အတွင်းမှ ဆွေးနွေးသံများသည် အထွတ်အထိပ်သို့ ရောက်သွားသကဲ့သို့ပင်။ မျိုးနွယ်စု ၃ စုမှ လူများသည်လည်း မိမိတို့တောင်များမှ နေ၍ စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့ကြသည်။

စုမင်သံကြိုးပေါ်သို့ ခြေချလိုက်မိသည့် တစ်ချိန်တည်းမှာပင် သူ့ခြေထောက်အောက်မှ ကျောက်စိမ်း ဓားမြောင်ငယ် သည်လည်း သဲလွန်စမကျန်ဘဲ ပျောက်ကွယ် သွားခဲ့သည်။ စုမင် သံကြိုး၏ သတ္တမမြောက် အပိုင်းတွင် ရပ်လိုက်ချိန်၌ တောင်ပေါ်မှ လေပြည်ညင်းက ကြိုဆိုဟန် တိုက်ခတ် သွားခဲ့သည်။ သူ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

“ဆက်လျှောက် ကြတာပေါ့ ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတို့ရေ …”

သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

စုမင် ညာခြေကိုမလျက် သံကြိုးပေါ်တွင် ရှေ့ဆက် လျှောက်လိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် သူ့နောက်ဘက်မှ ဆဋ္ဌမမြောက် ကျောက်တိုင်သည် ပျက်စီးသွားပြီး မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ ချောက်နက်ကြီးများ အတွင်း ပြုတ်ကျ သွားခဲ့ကြသည်။

အခုအချိန်ထိ တိုင်အောင်ပင်လျှင် ပုချန့်မျိုးနွယ်စုမှ သူ့အား တောင်းဆို မေးမြန်းခဲ့သည့် အရာကို  စုမင် မမေ့လျော့သေးပါချေ။

‘အကြီးအကဲ၊ ကျေးဇူးပြုပြီး ထွက်လာခဲ့ပေးပါ …’

စုမင် ရှေ့သို့ ဆက်လျှောက်ခဲ့သည်။ သူ့ခြေလှမ်းများသည် လျင်မြန်မနေခဲ့ပေ။ သူ ဤအပိုင်းကို လျင်မြန်စွာ ဖြတ်ကျော် မသွားချင်ပေ။

***

All Chapters