← Chapters

ထိုက်ယိသို့ ပြန်ခြင်း

Vol. 71 Ch. 740

ထိုက်ယိသို့ ပြန်ခြင်း

Vol. 71 Ch. 740

ထန်ထျန်း၏ ပြောစကား အရ နေနတ်ဘုရားက ထန်ထျန်း လိုအပ်သည့်အရာကို နားလည်သွားသည်။

သို့သော် သူ အနည်းငယ် နားမလည်နိုင် ဖြစ်နေရသည်။

“ကုန်သွယ်ရေး အသင်း ဖွင့်မလို့လား စီးပွားရေး လုပ်မလို့လား”

“ဒီကမ္ဘာကြီးက အန္တရာယ်ထဲ ရောက်နေပြီး ပျက်စီးတော့မယ့် အချိန်မှာလား”

နေနတ်ဘုရားမှာ အလွန်အံ့သြသွားရသည်။

မှန်ပါသည်။ ထန်ထျန်း တောင်းဆိုလိုက်သည့် အချက်မှာ နေနတ်ဘုရား၏ ဩဇာအာဏာကို အသုံးချပြီး ထျန်းရှထုန် ကုန်သွယ်ရေးအသင်း နှင့် ပုံရိပ်ယောင် ကမ္ဘာ တို့ကို အနန္တကမ္ဘာ တစ်ခွင်လုံးတွင် ပျံ့နှံ့သွားစေရန် ဖြစ်သည်။

ယခုကဲ့သို့ အချိန်မျိုးတွင် နေနတ်ဘုရားက သက်ရှိအနန္တတို့၏ ခေါင်းဆောင်နှင့် တူနေသဖြင့် သူ့ကို အကူအညီတောင်းလိုက်ပါက သိပ်မကြာခင်မှာတင် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းမှာ နေရာအနှံ့ ပွင့်လန်း သွားပေလိမ့်မည်။

ထန်ထျန်းက ဝူရှန့်ကျိကျွင်း အဆင့်သို့ တက်လှမ်းပြီးနောက် စနစ်၏ သုံးစွဲမှုအမှတ် များမှာ အသုံးမဝင်သလောက် ဖြစ်သွားသဖြင့် သူက ကုန်သွယ်ရေးအသင်းကို လျစ်လျူရှုထားခဲ့သည်။

သို့သော် တကယ်လို့သာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်မည်ဆိုလျှင် အရေအတွက် များပြားလာမှုက အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေလိမ့်မည်။

မရေမတွက်နိုင်သော သုံးစွဲမှုအမှတ်များကို ရရှိလာပါက သူ၏ ခွန်အားမှာလည်း တိုးတက်လာပေလိမ့်မည်။ ဝူရှန့်ကျိကျွင်း အဆင့်ကို ကျော်လွန်သွားဖို့ မသေချာသော်လည်း ပို၍ သန်မာလာမည်မှာ အမှန်ပင်။ အနည်းဆုံးတော့ နောက်တစ်ကြိမ် ကျွင်းချန်ချင်းကို ရင်ဆိုင်ရလျှင် ယခင်ကကဲ့သို့ ခုခံနိုင်စွမ်းမရှိဘဲ ဖြစ်မနေတော့ပေ။

“ဟုတ်တယ်၊ ဒီကိစ္စပဲ”

“အခက်အခဲ ရှိလို့လား”

ထန်ထျန်းက မေးသည်။

နေနတ်ဘုရားက ခေါင်းခါကာ “အခက်အခဲတော့ မရှိပါဘူး၊ စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ”

“ဒါပေမဲ့ မင်း တကယ်လို့ အရင်းအမြစ် တွေ လိုချင်တာဆိုရင် ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး၊ ငါ ရှာပေးလို့ ရတာပဲ”

ထန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။ “ဒါကို ငါ့ရဲ့ ဝါသနာ တစ်ခုလို့ပဲ သဘောထားလိုက်ပါ"

" ဒီကိစ္စကိုတော့ ခင်ဗျားကိုပဲ အကူအညီ တောင်းပါရစေ”

ကုန်သွယ်ရေးအသင်း၏ စစ်မှန်သော အသုံးဝင်ပုံကို သူ နေနတ်ဘုရားကို ပြောပြလိမ့်မည် မဟုတ်ပေ။

ယခုအခါ သူတို့က လှေတစ်စင်းတည်း စီးနေကြသူများ ဖြစ်သော်လည်း စနစ် ဆိုသည့်အရာမှာ ပေါ့ပေါ့ဆဆ ပြောပြ၍ ရသည့်အရာ မဟုတ်ပေ။

“ကောင်းပြီလေ”

နေနတ်ဘုရားက ထန်ထျန်း ဘာကြောင့် လုပ်သလဲဆိုတာ နားမလည်သေးသော်လည်း သဘောတူလိုက်သည်။

ထို့ပြင် ထန်ထျန်း တောင်းဆိုသည့်အရာမှာ သူ့အတွက် ဘာမှမဟုတ်သဖြင့် ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ပေးမည်ဟု အာမခံလိုက်သည်။

အနည်းဆုံးတော့ ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်မှာ ထျန်းရှထုန် ဆိုင်ခွဲတွေ ဖွင့်နိုင်ဖို့က ပြဿနာ မရှိနိုင်ပေ။

ထန်ထျန်းကလည်း ပြုံးပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး ခဏမျှ ထပ်မံ စကားပြောပြီးနောက် ပတ်ဝန်းကျင်မှ အကာအကွယ်ကို ဖယ်ရှားကာ အပြင်သို့ ပြန်ထွက်လာခဲ့ကြသည်။

လုံကျိုကျိုးတို့တစ်စုမှာ ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး နေနတ်ဘုရားနှင့် ထန်ထျန်းတို့၏ မျက်နှာကို ကြည့်ကာ အားတက်ဖွယ် အဖြေတစ်ခုခုကို မျှော်လင့်နေကြသည်။

သို့သော် စိတ်မကောင်းစရာမှာ နေနတ်ဘုရားက ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ခြင်းပင်။

“မဟုတ်ဘူး”

သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဟုန်းမန်ကျိကျွင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ဓာတ်ကျနေသည့် အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားပြန်သည်။

အခြားသူများလည်း စိတ်ပျက်သွားပုံရသော်လည်း ဘာမှ ထပ်မပြောတော့ပေ။

သူတို့က ဒီရလဒ်ကို လက်ခံလိုက်ကြသည်။

သို့မဟုတ်လျှင်လည်း အစကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

နှစ်ပေါင်း ဆယ်သန်း ချီကာ အစွမ်းထက်သူများစွာ ရှာမတွေ့ခဲ့သည့်အရာမှာ ထန်ထျန်း၏ လက်ထဲတွင် အလွယ်တကူ ရှိနေလိမ့်မည်ဆိုသည်မှာ သဘာဝမကျသည့် ရလဒ်ဖြစ်နေပေမည်။

မရှိခြင်းကသာ ပုံမှန်ပင်။

“အားလုံး ပြန်ပြီး ငါ့ဆီက သတင်းကို စောင့်ကြပါ”

နေနတ်ဘုရားက အလေးအနက် ပြောသည်။ “မှတ်ထား၊ ငါတို့က မျှော်လင့်ချက်မဲ့ရမယ့် အခြေအနေကို မရောက်သေးဘူး”

“ကျွင်းချန်ချင်းကတော့ ဒီဘဝမှာ ငါတို့လက်ထဲမှာပဲ သေရမှာ သေချာတယ်”

လူတိုင်း ခေါင်းညိမ့်လိုက်ကြပြီးနောက် တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကာ လကမ္ဘာမှ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။

ဤကမ္ဘာကြီး၏ အနာဂတ် ကံကြမ္မာမှာ သူတို့ လူနည်းစုအပေါ်တွင် မူတည်နေပြီ ဖြစ်သည်။

ထန်ထျန်းသည်လည်း လုံကျိုကျိုး၊ ရှို့ကျွင်းတို့နှင့်အတူ နေနတ်ဘုရားကို နှုတ်ဆက်ကာ ထိုက်ယိ မြင့်မြတ်နယ်မြေ ဘက်သို့ အရှိန်အဟုန်ဖြင့် ပြန်လာခဲ့ကြသည်။

လမ်းတွင် လုံကျိုကျိုးက မကျေမနပ်ဖြစ်ကာ ထန်ထျန်းကို မေးလိုက်သည်။ “အဲဒါ တကယ်ပဲ အဲဒီ ကြယ်မြေပုံ မဟုတ်ဘူးလား”

ထန်ထျန်းက ခေါင်းခါပြသည်။ “မဟုတ်ဘူး”

“ဒါက ငါ တိမ်တိုက်ထျန်းဖူနန်းတော် တုန်းက မတော်တဆ ရခဲ့တဲ့ သာမန် ကြယ်မြေပုံ တစ်ခုပါပဲ”

“ဒါပေမဲ့ အဲဒီမှာ ရှေးဟောင်းနေရာ ဒါမှမဟုတ် ရတနာတွေ ရှိနိုင်တယ်၊ မင်း စိတ်ဝင်စားရင် ငါ မင်းကို ပေးလိုက်မယ်လေ”

လုံကျိုကျိုးက လက်ယမ်းပြကာ သက်ပြင်းချလိုက်သည်။ “ကမ္ဘာကြီးတောင် ပျက်တော့မယ်၊ အဲဒီ ရတနာတွေက ဘာလုပ်ဖို့လဲ”

“အမှန်အတိုင်း ပြောရရင် ဟုန်းမန်ကျိကျွင်း တင်မကဘူး၊ ငါလည်း အတော်လေး မျှော်လင့်ချက်မဲ့နေမိတယ်"

" ကျွင်းချန်ချင်းက သူ့ရဲ့ ဝိညာဉ်တွေကို ပြန်သိမ်းလိုက်ပြီဆိုတော့ သူ့ရဲ့ ခွန်အားက အထွတ်အထိပ် အခြေအနေရဲ့ တစ်ရာခိုင်နှုန်းလောက်အထိ ရောက်နေလောက်ပြီ။ နေနတ်ဘုရားတောင် သူ့ကို ယှဉ်ဖို့ ခက်ခဲလိမ့်မယ်”

“အခု လနတ်သမီးလည်း မရှိတော့ဘူး၊ ငါတို့လောက်နဲ့တင် သူ့ကို တားဆီးဖို့ တကယ်ကို ခက်ခဲလိမ့်မယ်”

ထန်ထျန်း တိတ်ဆိတ်သွားသည်။ လုံကျိုကျိုးတောင် ဤသို့ တွေးနေလျှင် ဝူချန်ကျိကျွင်းနှင့် ချန်တာအိုကျိကျွင်းတို့လည်း သိပ်ထူးမည် မဟုတ်ပေ။

အားလုံးက ကျွင်းချန်ချင်းကို အနိုင်ယူ ရန် ယုံကြည်မှု မရှိတော့ပေ။

“နေနတ်ဘုရားကို ယုံကြည်လိုက်ပါ"

" ဒီနှစ်ပေါင်း သန်းချီတဲ့ အချိန်မှာ သူ အိပ်ပျော်နေခဲ့တာ မဟုတ်ဘူး၊ တစ်ခုခုတော့ ပြင်ဆင်ထားမှာပါ”

နေနတ်ဘုရား ပြောခဲ့သည့် စကားကိုပင် ထန်ထျန်းက ထပ်ပြောလိုက်သည်။

လုံကျိုကျိုးက သက်ပြင်းထပ်ချကာ “မျှော်လင့်ရတာပဲလေ”

သူတို့ သုံးဦးက ဆက်လက် ခရီးနှင်လာကြသည်။ လကမ္ဘာမှ ကောင်းကင်ထိပ်ဆုံး ကမ္ဘာ သို့ ရောက်ရန် ယခင် နိယာမ အကာအကွယ် ကို ဖြတ်ကျော်ရဦးမည် ဖြစ်ရာ အချိန် အနည်းငယ်တော့ လိုအပ်သည်။

ဤအားလပ်ချိန်တွင် ထန်ထျန်းသည် ယခင်က စုဆောင်းထားသည့် သုံးစွဲမှုမမှတ်များကို အကုန်ထုတ်ကာ မူလ စွမ်းအား ၃ မျိုးဖြင့် လဲလှယ်လိုက်ပြီး ကမ္ဘာအသစ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ရန်သူက အလွန် သန်မာ နေသဖြင့် သူသည်လည်း တတ်နိုင်သမျှ ပို၍ သန်မာ လာရန် လိုအပ်သည်။

ဂျင်ဂိုပင်က ထိုမူလစွမ်းအား များကို စုပ်ယူပြီးနောက် ရလဒ်မှာ သူ ထင်ထားသည်ထက် ပို၍ ကောင်းမွန်နေသည်ကို ထန်ထျန်း တွေ့လိုက်ရသည်။ သမုဒ္ဒရာထဲ ကျောက်ခဲပစ်ချသလို ဘာမှမထူးခြားပေ။

စဉ်းစားကြည့်လျှင် ကမ္ဘာအသစ်၏ တည်ဆောက်ပုံမှာ ပို၍ ပြည့်စုံလာသောကြောင့် မူလစွမ်းအား ကို အသုံးချနိုင်စွမ်း ပိုကောင်းလာခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ဤမျှလောက်နှင့်တင် ကျွင်းချန်ချင်းကို ရင်ဆိုင်ရန်မှာ သဲထဲ ရေသွန်သလိုပင် ရှိနေသေးသည်။

နေနတ်ဘုရား၏ ဦးဆောင်မှုအောက်တွင် ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင် ကမ္ဘာတို့ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး သုံးစွဲမှုအမှတ် အမြောက်အမြား ရလာမှသာ ရလဒ်ကို ပြန်ကြည့်ရပေမည်။

ခဏအကြာတွင် သူတို့က ကောင်းကင်ထိပ်ဆုံး ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်လာကြသည်။

သူတို့ သုံးဦးစလုံးမှာ ကမ္ဘာကြီးကို ကျော်လွန်နေသူများ ဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုနေသော ကြီးမားလှသည့် တွင်းနက်ကြီး ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။

ကောင်းကင်ထိပ်ဆုံး ကမ္ဘာ၏ အသက်စွမ်းအားများမှာ တွင်းနက် ကြီးအတွင်းသို့ အဆက်မပြတ် စီးဝင်နေကြသည်။

“ထပ်ပြီး ကြီးလာပြန်ပြီ”

“ကျွင်းချန်ချင်း ပြန်လာတာနဲ့အတူ ဒီလျှို့ဝှက်တဲ့ သတ်ဖြတ်ခြင်း လက်နက်ကြီးလည်း နိုးထလာပြီ”

“ငါတို့အတွက် အချိန်သိပ်မကျန်တော့ဘူး”

လုံကျိုကျိုးက ပြောသည်။

ထိုစဉ် ရှို့ကျွင်းက စကားစလာသည်။ “လင်းယွင်တောင်တန်းကို သွားတုန်းက ဒါက ဒီလောက် မကြီးသေးဘူး”

“မဟာကောင်းကင် အရှင်... ကျွင်းချန်ချင်းက ကျန်ရှိနေတဲ့ ဝိညာဉ်တွေကို ပြန်သိမ်းပြီးမှ ဒါက နိုးထလာတာ ဖြစ်ရမယ်”

လုံကျိုကျိုးက ခေါင်းညိမ့်သည်။ ထိုသို့ပင် ဖြစ်ရမည်။

ဒါက နောက်ထပ် သတင်းဆိုးတစ်ခုပင်။

ကျွင်းချန်ချင်း ကိုယ်တိုင်ကပင် ရင်ဆိုင်ဖို့ မဖြစ်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်ရာ ယခု သူ၏ သတ်ဖြတ်ခြင်း လက်နက်ကြီးကပါ နိုးထလာပြန်ပြီ။

ဒီကြောက်စရာကောင်းတဲ့ လူသားကို ဖြေရှင်းဖို့ ဘယ်လို နည်းလမ်းမျိုး သုံးရမလဲဆိုတာ မှန်းဆကြည့်ဖို့တောင် ခက်ခဲလှသည်။

“ရှို့ကျွင်း၊ မင်း ယောင်ရန် မြင့်မြတ်နယ်မြေ ကို အရင်ပြန်နှင့်လိုက်ဦး၊ အဲဒီဘက်က အခြေအနေကလည်း သိပ်မကောင်းဘူး”

“အကူအညီ လိုအပ်တာရှိရင် ငါ့ကို အချိန်မရွေး ပြောပါ”

လုံကျိုကျိုးက ပြော၏ ။

ယောင်ရန် မြင့်မြတ် နယ်မြေ၏ လက်အောက်တွင်လည်း ကျွင်းချန်ချင်း၏ ဝိညာဉ်များကို ချိပ်ပိတ်ထားသော အောက်ကမ္ဘာများ ရှိနေသည်။ ထိုအထဲမှ တစ်ခုမှာ အခြေအနေ အလွန်ဆိုးရွားနေပြီး ပျက်စီးလုနီးပါး ဖြစ်နေသည်။

ထိုက်ယိမြင့်မြတ် နယ်မြေ ဘက်မှာတော့ အကျ အရှုံး အချို့ ရှိသော်လည်း ထိုလောက်အထိတော့ မပြင်းထန်လှပေ။

တိမ်တိုက်ထျန်းဖူ ကမ္ဘာမှာတော့ ယခု ကပ်ဘေးမှ လွတ်မြောက်ခဲ့သည်။

ဒါကို ကံကောင်းသည်ဟု ပြောရမလား၊ ကံဆိုးသည်ဟု ပြောရမလား မသိပေ။

“ကောင်းပါပြီ”

ရှို့ကျွင်းက ညင်သာစွာ ပြန်ဖြေပြီးနောက် ယောင်ရန်မြင့်မြတ် နယ်မြေ ဘက်သို့ ထွက်ခွာသွားသည်။

သူမ ထွက်သွားသည်ကို ကြည့်ရင်း ထန်ထျန်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ “တကယ့်ကို အချစ်ကြီး တဲ့ ကောင်မလေးပဲနော်"

" မင်း သူမကို လက်လွတ်မခံ နဲ့”

လုံကျိုကျိုးက လှည့်ကြည့်ကာ “ကောင်မလေး ဟုတ်လား”

“ညီလေး၊ သူမက မင်းထက် အသက် သုံးသိန်းကျော် ပိုကြီးတယ်”

“ပြီးတော့ အခုလို အခြေအနေမျိုးမှာ ဒီလို ကိစ္စတွေ ပြောဖို့ စိတ်မပါဘူး"

" အရင် ပြန်ကြရအောင်”

ပြောပြီးသည်နှင့် သူက လှည့်ကာ ထိုက်ယိမြင့်မြတ် နယ်မြေ ဘက်သို့ ပျံသန်းသွားတော့သည်။

ထန်ထျန်းကလည်း ခေါင်းကို အနည်းငယ် ခါယမ်းကာ နောက်မှ လိုက်သွားခဲ့တော့သည်။

All Chapters