ပျော်ရွှင်ခြင်းနှင့် ကြည်နူးခြင်း
Vol. 71 Ch. 745
ထိုက်ယိမြင့်မြတ်နယ်မြေ၏ အဝင်၊ တက်လှမ်းခြင်း မျှော်စင်
ဤနေရာရှိ မြင့်မြတ်နယ်မြေသို့ သွားရာလမ်းကြောင်းမှာ လုံးဝ ပိတ်ထားပြီဖြစ်ပြီး အထွက်ရော အဝင်ပါ ခွင့်မပြုတော့ပေ။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင်ကလည်း ဖြစ်ဖူးသဖြင့် လူများမှာ သိပ်ပြီး အထူးအဆန်း မဖြစ်ကြသလို မြင့်မြတ်နယ်မြေအတွင်း မည်သို့သော ကိစ္စကြီး ဖြစ်ပွားနေသည်ကိုလည်း မသိကြပေ။
မည်သို့ပင်ဖြစ်စေ အနှေးနှင့်အမြန် ပြန်ဖွင့်ပေးလိမ့်မည်ဟုသာ ထင်နေကြသည်။
သို့သော် သူတို့မသိသည်မှာ ယခုတစ်ကြိမ်က ထာဝရ ပိတ်သွားနိုင်သည်ဟူသော အချက်ပင်။
ရုတ်တရက်ဆိုသလို လူရိပ်တစ်ခုမှာ အဝင်၏ အပြင်ဘက်တွင် ပေါ်လာသော်လည်း မည်သူကမျှ သတိမပြုမိကြပေ။
ထိုသူမှာ ထန်ထျန်း ပင် ဖြစ်သည်။
တိမ်တိုက်တောင်မှ ထွက်လာပြီးနောက် မည်သည့်နေရာသို့ သွားရမည်မှန်း မသိသဖြင့် ထိုက်ယိမြင့်မြတ်နယ်မြေမှ ထွက်ခွာလာပြီး နယ်မြေအတွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
မည်သူ့ကိုမျှ အနှောင့်အယှက်မပေးဘဲ သူက တက်လှမ်းခြင်း မျှော်စင် မှ ထွက်ကာ လမ်းမများပေါ်သို့ လျှောက်လာခဲ့သည်။
မြို့တော်အတွင်း၌ လူသူ ထူထပ်ဆဲဖြစ်ပြီး အလွန်စည်ကားနေသည်။
ကျွင်းချန်ချင်း၏ တိုက်ခိုက်မှုမှာ အလွန်တိကျလှပြီး သူ၏ ဝိညာဉ်များကို ချိပ်ပိတ်ထားသော အောက်ကမ္ဘာများနှင့် မြင့်မြတ်နယ်မြေအတွင်းရှိ ကပ်ဘေးကုန်းမြေ များကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အခြားသော နေရာများမှာမူ မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။
ထို့ကြောင့် လူအများစုမှာ ဘာဖြစ်နေမှန်း မသိကြဘဲ ပုံမှန်ဘဝအတိုင်း ဖြတ်သန်းနေကြခြင်း ဖြစ်သည်။
လမ်းမပေါ်ရှိ စည်ကားသော အငွေ့အသက်များကြောင့် ထန်ထျန်းမှာ ခဏမျှ ဝေဝါးသွားပြီး လက်ရှိအခြေအနေမှာ အစစ်အမှန်မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။
ဤကမ္ဘာ၏ ထိပ်တန်း အင်အားစု ကြီးမှာ ကြောက်စရာကောင်းသော ဘေးဒုက္ခနှင့် ကြုံနေရပြီး သက်ရှိအားလုံး၏ အထက်ဆုံးတွင် ရှိနေသူအချို့မှာလည်း အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေကြပြီဖြစ်သည်။ သို့သော် အောက်ခြေရှိ သာမန်လူများမှာမူ ဘာမှမဖြစ်သကဲ့သို့ မသိမသာ နေထိုင်နေကြဆဲပင်။
အထက်ပိုင်းက ပြိုလဲနေသော်လည်း အောက်ခြေပိုင်းက ဘာမှမဖြစ်နေခြင်းမှာ အမှန်တကယ်တော့ ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်သည်။
သို့သော် အထက်ပိုင်းက ကျွင်းချန်ချင်းကို မဖြေရှင်းနိုင်လျှင် အောက်ခြေပိုင်း၏ အေးချမ်းမှုသည်လည်း ခေတ္တခဏသာ ဖြစ်လိမ့်မည်ဟု ထန်ထျန်း သိပါသည်။
သို့သော်လည်း ဤသို့ဖြစ်နေသည်မှာ ကောင်းပါသည်။ အကယ်၍ ကမ္ဘာကြီး ပျက်စီးဖို့ သေချာနေပြီဆိုလျှင် ဘာမှမသိဘဲ နေခြင်းကမှ ဘဝ၏ နောက်ဆုံးအချိန်လေးကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်လိမ့်မည် မဟုတ်ပါလား။
လမ်းမများပေါ်တွင် လျှောက်လာရင်း ထန်ထျန်းက ခဏခဏ ရပ်ကြည့်မိသည်။ တစ်ချိန်က သူမျက်စိထဲ မဝင်ခဲ့သော အသေးအဖွဲလေးများမှာ ယခုတော့ စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။
လမ်းဘေး လေလံပွဲတစ်ခုတွင်ပင် ပါဝင်ဆင်နွှဲပြီး နာမည်ကြီး အလှလေး တစ်ဦး ဝတ်ဆင်ခဲ့ဖူးသော ကျောက်စိမ်းဆွဲပြားတစ်ခုကို အဆမတန် ဈေးပေးကာ ဝယ်ယူခဲ့သေးသည်။
ဒါက ချင်းယွဲ့ဂိုဏ်းမှာတုန်းက ငွေဖြုန်းဖို့အတွက် နတ်သမီးလင်းလျို့ ရဲ့ အတွင်းခံ ကို လုဝယ်ခဲ့တာကို သတိရစေသည်။
အဲ့ဒီတုန်းကတော့ ရှက်စရာကောင်းမှာ စိုးလို့ ခိုးပြီး လွှင့်ပစ်ခဲ့ပေမဲ့ ခုပြန်စဉ်းစားကြည့်တော့ နှမြောစရာပဲဟု သူတွေးမိသည်။
အဲ့ဒီလို အရာတွေက ကျင့်ကြံခြင်း အရင်းအမြစ် တွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသည် မဟုတ်ပါလား။
လမ်းမအတိုင်း ဆက်လျှောက်လာရင်း လမ်းဆုံတစ်ခုသို့ ရောက်သောအခါ အခြားလမ်းဘက်မှ လူအုပ်ကြီး အလုအယက် ပြေးလာကြသည်ကို တွေ့လိုက်ရသည်။ လူတိုင်းက အလွန်လောနေကြပြီး တစ်ဖက်သို့ ပြိုင်တူ ပြေးနေကြခြင်း ဖြစ်သည်။
ထန်ထျန်းက အံ့သြသွားပြီး လမ်းဘေးက ဆိုင်ရှင်တစ်ဦးကို မေးလိုက်သည်။ "သူတို့က ဘာသွားလုပ်ကြတာလဲ"
ဆိုင်ရှင်က ထန်ထျန်းကို မော့ကြည့်ပြီး "အခုပဲ ရောက်တာလား မောင်ရင်"
"ဘာရှိဦးမှာလဲ၊ ထျန်းရှထုန် ကုန်သွယ်ရေးအသင်း ကနေ ပုံရိပ်ယောင်ကမ္ဘာ ဝင်ရောက်ခွင့် အစီအရင် ပြား တွေကို အလကား ဝေနေလို့နေမှာပေါ့"
"အဲ့ဒါက အခု မြို့ထဲမှာ အလိုချင်ဆုံး ပစ္စည်းပဲလေ။ နောက်ကျရင် မရတော့ဘူး"
ထန်ထျန်း ခဏမျှ ကြောင်သွားသည်။
ထျန်းရှထုန် လား
မြို့တော်ထဲမှာ ထျန်းရှထုန်ရဲ့ အခြေစိုက်စခန်း ရှိနေတယ်ဆိုတာ သူ အခုမှ သတိရလိုက်သည်။
သူ မြင့်မြတ်နယ်မြေထဲ စဝင်တုန်းက ချန်ဝူဟွေ့ကို ကုန်သွယ်ရေးအသင်း ချဲ့ထွင်ဖို့ အကူအညီတောင်းခဲ့ဖူးသည်။ အဲ့ဒီတုန်းက မြို့ထဲက စားသောက်ဆိုင် စီမံသူ က တော်တော်လေး အရည်အချင်းရှိတယ်၊ ဒီဘက်မှာ အသင်းဖွင့်ရင် သူမကိုပဲ တာဝန်ပေးလိုက်ပါဦးဟု စကားစပ်မိခဲ့သေးသည်။
သူမ နာမည်က ဘာတဲ့လဲ...
အော်... မှတ်မိပြီ၊ မန်ရှီး ပဲ။
အဲ့ဒီအချိန်ကနေ အခုဆိုရင် ခြောက်လလောက် ကြာသွားပြီဖြစ်ရာ တော်တော်လေး တိုးတက်နေပုံရသည်။
ထန်ထျန်းလည်း အဲ့ဒီဘက်ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အခု ဘာမှလုပ်စရာ မရှိသည် မဟုတ်ပါလား။
တိုးဝှေ့နေသော လူအုပ်နောက်သို့ လိုက်လာရင်း ထန်ထျန်းက မကြာမီမှာပင် ထျန်းရှထုန် အခြေစိုက်စခန်းရှေ့သို့ ရောက်လာခဲ့သည်။
ဤနေရာက မြို့၏ အစည်ကားဆုံး လမ်းမပေါ်တွင် ရှိပြီး ထျန်းရှထုန် အဆောက်အဦးကြီးမှာလည်း အမြင့်ဆုံးနှင့် အထင်ရှားဆုံး ဖြစ်နေသည်။
ချန်ဝူဟွေ့ စီစဉ်ပေးထားတာ သေချာပါသည်။
အင်အားကြီးပြီး ရာထူးမြင့်ရင် အလုပ်လုပ်ရတာ တကယ်လွယ်ကူပါလားဟု ထန်ထျန်း တွေးမိသည်။ သူက စကားတစ်ခွန်းပဲ ပြောခဲ့တာကို ထျန်းရှထုန်က နှစ်ပေါင်း ထောင်ချီ အမြစ်တွယ်နေတဲ့ ကုန်သွယ်ရေးအသင်းဟောင်းတွေကို ကျော်ဖြတ်ပြီး ဒီလိုနေရာကောင်းမှာ ဖွင့်နိုင်ခဲ့သည်။
ဒါက တကယ့်ကို...
ယခုအချိန်တွင် ကုန်သွယ်ရေး အသင်း၏ အဝင်ဝ၌ လူများ အလွန်အမင်း တိုးဝှေ့နေကြသည်။
ထျန်းရှထုန် ယူနီဖောင်း ဝတ်ထားသော အလုပ်သမားများမှာလည်း တန်းစီရန် အော်ဟစ်နေကြသော်လည်း လူထု၏ စိတ်အားထက်သန်မှုကို မတားဆီးနိုင်ကြပေ။
သူတို့ ဝေပေးနေသည်မှာ ပုံရိပ်ယောင်ကမ္ဘာသို့ ဝင်ရောက်နိုင်သော မိုဘိုင်း အစီအရင် ပြားများ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ထန်ထျန်း သိပ်မအံ့သြမိပေ။
ပုံရိပ်ယောင်ကမ္ဘာကို နှစ်အတော်ကြာ ဂရုတစိုက် ပြုပြင်မွမ်းမံထားသဖြင့် အလွန်ပြည့်စုံနေပြီဖြစ်ရာ ဖျော်ဖြေရေးကင်းမဲ့နေသော ကျင့်ကြံခြင်းလောကအတွက်မူ ဒါက နယ်ပယ်သစ်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
ရှေ့က လူအုပ်ကြီးထဲ တိုးမဝင်ချင်သဖြင့် ထန်ထျန်းက သူ၏ နတ်ဘုရားအာရုံ ဖြင့် စစ်ဆေးလိုက်ရာ ဆဋ္ဌမထပ်တွင် အလုပ်များနေသော မန်ရှီး ကို တွေ့လိုက်ရသည်။
ထန်ထျန်း၏ ပုံရိပ်မှာ လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်တွင် သူက မန်ရှီး၏ အခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။
"မန်ရှီး... "
"မတွေ့တာ ကြာပြီနော်"
ထန်ထျန်းက ပြောလိုက်သည်။
ရုတ်တရက် ထွက်လာသော အသံကြောင့် မန်ရှီးမှာ လန့်သွားသော်လည်း ထန်ထျန်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားသည်။
"အရှင်ထန်ထျန်း"
မန်ရှီးက ကပျာကယာ ထိုင်နေရာမှ ထလိုက်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"အရှင်... အရှင် ရောက်လာတာပဲ"
"ဟို... ခဏထိုင်ပါ၊ ကျွန်မ လက်ဖက်ရည် သွားပြင်ပေးပါ့မယ်"
ပြောပြီးနောက် သူမက အလျင်စလို ထွက်သွားရန် ပြင်သော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံကို တိုက်မိကာ လဲကျသွားပြီး စာအုပ်များလည်း ပြန့်ကျဲသွားသည်။
"အဲ..."
မန်ရှီး၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
ထန်ထျန်းက ပြုံးပြီး လက်ယမ်းပြလိုက်သည်။ "ဘာမှ ပြင်မနေပါနဲ့တော့"
"ငါက ဒီနားက ဖြတ်လာရင်း ဝင်ကြည့်တာပါ"
" လာ... ထိုင်ပါဦး"
ထန်ထျန်းက ပြတင်းပေါက်နားက ခုံမှာ ထိုင်လိုက်သည်။
မန်ရှီးလည်း သူမ၏ ထိုင်ခုံကို အမြန်ပြန်မတ်ပြီး ထန်ထျန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
သို့သော် သူမသည် ယခင်ကထက် ပို၍ ရိုသေနေပုံရသည်။
မြင့်မြတ်နယ်မြေ၏ တာအိုအရှင်ကိုယ်တိုင် လာရောက်ပြီး မြို့၏ အစည်ကားဆုံး လမ်းမပေါ်တွင် ထျန်းရှထုန်ကို ဖွင့်ပေးခဲ့ကတည်းက ထန်ထျန်း၏ အဆင့်အတန်းမှာ သူမ ထင်ထားသည်ထက် များစွာ မြင့်မားကြောင်း မန်ရှီး သိသွားခဲ့သည်။
ထိုအချိန်မှစ၍ သူတို့၏ ဆက်ဆံရေးမှာ စသိခါစကကဲ့သို့ မဖြစ်နိုင်တော့ပေ။
ထန်ထျန်းကလည်း ဤသို့သော အပြောင်းအလဲမျိုးကို ကျင့်သားရနေပြီဖြစ်ရာ အတင်းအကျပ် မလုပ်လိုပေ။
"ငါ ခုနက ကြည့်ခဲ့တယ်၊ ကုန်သွယ်ရေးအသင်းက တော်တော်လေး အခြေအနေကောင်းတာပဲ"
ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။
မန်ရှက ရှက်ပြုံးလေး ပြုံးကာ "ကျွန်မက ဘာမှ သိပ်မလုပ်ရပါဘူး"
"ခေါင်းဆောင် မြောင်ယွမ် က အကြီးအကဲ အချို့ကို လွှတ်ပြီး အကုန် စီစဉ်ပေးတာပါ"
"ပုံရိပ်ယောင်ကမ္ဘာထဲမှာလည်း ခေါင်းဆောင် ဝမ်ကန်း က အကုန် ကြီးကြပ်ပေးနေတာ၊ ကျွန်မက သူတို့ ခိုင်းတာကိုပဲ လုပ်ရတာပါ"
ထန်ထျန်းက ရယ်မောလျက် "ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး၊ ငါတို့ ထျန်းရှထုန်မှာ အဲ့ဒီလိုမျိုး ဟန်ဆောင်နေစရာ မလိုပါဘူး"
"လူတိုင်းရဲ့ ကြိုးစားမှုကို ငါ မေ့မှာ မဟုတ်ဘူး"
မန်ရှီးက ခေါင်းညိမ့်ပြီး အလေးအနက် ပြော၏။ "အရှင်ထန်ထျန်းနဲ့ သိခွင့်ရတာက မန်ရှီးရဲ့ ဘဝမှာ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ"
"အခုလို ဘဝမျိုးက ကျွန်မ အရင်က အိမ်မက်ထဲတောင် ထည့်မမက်ရဲခဲ့တဲ့ အရာပါ"
ထန်ထျန်း ပြုံးလိုက်သည်။
ဒါကလည်း သူဖြစ်စေချင်တဲ့ အရာပင်။
သူနဲ့ ပတ်သက်သမျှ လူတိုင်းကို ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်စေချင်သည်။
ပျော်ရွှင်ခြင်းနှင့် ကြည်နူးခြင်းတို့ ပြည့်နှက်နေစေချင်သည်။