နောက်ကွယ်က ကြိုးကိုင်သူ
Vol. 10 Ch. 91
ဒါပေမဲ့ ဘာဖြစ်လို့လဲ…။
"ဒါပေမဲ့…ဒုတိယမင်းသားရဲ့ သွေးခုန်နှုန်းက ပုံမှန်မဟုတ်ဘူး…အဆိပ်မိထားသလိုပဲ…"
"အဆိပ်မိတယ် ဟုတ်လား…"
ထိုစကားကို ကြားသည်နှင့် အရှင်မင်းကြီး၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် ဒေါသအရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ လင်ဝမ်ယိ အဆိပ်မိပြီး ကိုယ်ဝန်ရဖို့ အလွန်ခက်ခဲသွားခဲ့ရသည်။
ယခု ဒုတိယမင်းသားပါ အဆိပ်မိပြန်ပြီ… သည်မောင်းမဆောင်ထဲမှာ နောက်ထပ် လူဘယ်နှစ်ယောက်လောက် သေရဦးမှာလဲ… နောက်ကွယ်က ကြိုးကိုင်သူက ဘယ်တော့မှ ရပ်တန့်မှာလဲ…။
သို့သော် သူက တိုင်းပြည်ကို အုပ်စိုးနေသည့် ဧကရာဇ် တစ်ပါး ဖြစ်သလို ဒုတိယမင်းသား၏ ဖခင်လည်း ဖြစ်လေသည်။
စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေ၍ အလကားပင်၊ ယခု အရေးအကြီးဆုံးမှာ အဆိပ်ဖြေဖို့သာ။
"ဘာအဆိပ်လဲ… ဘာဆက်ဖြစ်နိုင်လဲ…"
"ဒီအဆိပ်ကို အချိန်ဆွဲ၊ အစီအစဉ် သေချာချပြီး သံသယမဖြစ်အောင် ခတ်ထားတာပါ… တစ်ခါတိုက်ရင် ပမာဏ နည်းနည်းလေးပဲမို့ ပုံမှန် စမ်းသပ်ရင် သိဖို့ခက်ပါတယ်… ဒီနေ့ ဒုတိယမင်းသား ရုတ်တရက် သတိလစ်သွားတော့မှ ခန္ဓာကိုယ်ထဲ ပုန်းအောင်းနေတဲ့ အဆိပ်တွေ ကြွလာပြီး ဒီအစေခံ သိလိုက်ရတာပါ…"
တော်ဝင်သမားတော်သို့ က ပြောရင်းနှင့် ဒုတိယမင်းသား၏ လက်မောင်းကို အသေအချာ စစ်ဆေးနေလေသည်။
သူ၏ လက်မောင်းလေးမှာ သေးသွယ်အားနည်းနေပြီး ဖြူရော်နေ၏။
သို့သော် နေရောင်အောက်တွင် အသေအချာ ကြည့်လိုက်လျှင် အပြာရောင် သွေးကြောများကို ခပ်ရေးရေး မြင်နေရလေသည်။
"အရှင်မင်းကြီး ကြည့်ပါဦး…ဒီအဆိပ်က ဒုတိယမင်းသား နေ့တိုင်း စားသောက်နေတဲ့ အစားအစာတွေထဲကနေ ဝင်သွားတာပါ… အခြေအနေကို ကြည့်ရတာ အနည်းဆုံး နှစ်နှစ်လောက်တော့ ရှိနေပါပြီ…ဒါပေမဲ့ ဘာအဆိပ်လဲ ဆိုတာကိုတော့ ဒီအစေခံ အချိန်တိုအတွင်း အတိအကျ မပြောနိုင်သေးပါဘူး…"
"ကုလို့ ရနိုင်သေးလား…"
ဤသည်မှာ အရှင်မင်းကြီး အသိချင်ဆုံး မေးခွန်းပင်။
ဒုတိယမင်းသား အရွယ်ရောက်သည်အထိ အသက်မရှင်နိုင်ဘူး ဆိုသည်ကို သူ ကြိုသိထားပြီး ဖြစ်သော်ငြား မွေးရာပါ အားနည်းသည်နှင့် အဆိပ်မိပြီး စောစောစီးစီး သေဆုံးရသည်က လုံးဝ မတူညီသည့် ကိစ္စနှစ်ခုပင်။
သူက ပထမသားတော်ကို ဆုံးရှုံးထားပြီးပြီမို့ ဒုတိယသားတော်ကိုတော့ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပေ။
"ဒီအစေခံ အစွမ်းကုန် ကြိုးစားပါ့မယ်… ဘာအဆိပ်လဲဆိုတာ အရင်ရှာတွေ့မှ အရှင်မင်းကြီးကို အတိအကျ လျှောက်တင်နိုင်ပါမယ်…"
ထိုစကားကို ကြားသောအခါ အရှင်မင်းကြီး ရင်ထဲ အေးစက်သွားရသည်။
သတိမလည်သေးသော ဒုတိယမင်းသားကို ကြည့်ရင်း ရင်ထဲတွင် အပြစ်မကင်းသလို ခံစားနေရ၏။
အဆိပ်မိနေတာ ဒီလောက် ကြာတာတောင် ဖခင်ဖြစ်သူ သူက ဘာမှ မသိခဲ့ပေ။
တကယ်ကို သားတော်လေးအပေါ် မျက်နှာပူစရာ ကောင်းလှပေသည်။
"ဘာပဲလိုလို ကိုယ်တော့်ကို ချက်ချင်းပြော…တော်ဝင်ဆေးကုသဆောင် တစ်ခုလုံး ဒုတိယမင်းသားကို အစွမ်းကုန် ကုသပေးရမယ်… ကြားလား…"
"ဟုတ်ကဲ့ပါ…အမိန့်တော်အတိုင်းပါ…"
အရှင်မင်းကြီး မပြောလျှင်တောင် တော်ဝင်သမားတော်သို့ ကိုယ်တိုင် နားလည်ထားလေသည်။
ယခုမှ မွေးဖွားလာမည့် ကလေးနှစ်ယောက်က မင်းသားပဲ ဖြစ်ဖြစ် မင်းသမီးပဲ ဖြစ်ဖြစ် အသာထား…။
မင်းသားတွေသာ ဆိုရင် ဒီနန်းတော်ထဲက မုန်တိုင်းနဲ့ လေပြင်းတွေကို ကျော်ဖြတ်နိုင်ပါ့မလား မသိပေ။
အရွယ်ရောက်လာဖို့ဆိုတာ အချိန်အများကြီး လိုသေးသည်လေ။
ထို့ကြောင့် ကယ်လို့ရမည့် တစ်ယောက်ကို ကယ်ထားရမည်သာ၊ မဟုတ်လျှင် ဒီတိုင်းပြည်ကြီး ပြောင်းလဲသွားနိုင်ပေသည်။
လက်ဝဲခန်းထဲတွင်တော့ တော်ဝင်သမားတော်ချန် က လန်ဖေးကို သွေးစမ်းပေးနေသည်။
သူမက ဗိုက်ကို ကိုင်ပြီး ညည်းညူနေသော်ငြား တကယ်တော့ ကြီးကြီးမားမား ပြဿနာ မရှိပေ။
သို့သော် တော်ဝင်သမားတော်ကလည်း ရုတ်တရက်ကြီး ဖွင့်မပြောရဲချေ။
"မယ်မယ်က လမ်းမှာ အပူရှပ်သွားပြီး… အလန့်တကြားဖြစ်သွားလို့ သန္ဓေသား နည်းနည်း လှုပ်သွားတာပါ… ပုံမှန်ဆို သေချာ အားဖြည့်ထားလို့ ကြီးကြီးမားမားတော့ မဖြစ်ပါဘူး…"
လန်ဖေးက တော်ဝင်သမားတော်ချန် ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"သမားတော်… ဒီအရှင်မရဲ့ သားတော်လေး တကယ်ပဲ ဘေးကင်းလုံခြုံရဲ့လား…"
သူမ၏ လေသံက မေးခွန်းထုတ်နေသော်ငြား တော်ဝင်သမားတော်ချန် မှာလည်း လူမိုက် မဟုတ်ပေ။
စောစောက သွေးသံရဲရဲ မြင်ကွင်းကြီးက မျက်စိရှေ့မှာ ရှိနေသေးရာ အရူးတစ်ယောက်တောင် ယခုအချိန် ဘယ်လို စကားပြောရမလဲ ဆိုတာ သိပေလိမ့်မည်။
ထို့ကြောင့် တော်ဝင်သမားတော်ချန် က ချက်ချင်း စကားပြောင်းလိုက်လေသည်။
"ဒါပေမဲ့… မယ်မယ့် ကိုယ်ဝန်က ရင့်နေပြီမို့… ပုံမှန်ဆိုရင်တော့ အထူး သတိထားဖို့ လိုပါတယ်… နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် မယ်မယ်ရော သန္ဓေသားပါ အန္တရာယ် ရှိနိုင်ပါတယ်… ဒီအစေခံ ကိုယ်ဝန်ဆောင် အားဆေး နှစ်ခွက်လောက် အရင် ရေးပေးခဲ့ပါ့မယ်… နောက်ဆိုရင် အရမ်းမလန့်ဖို့နဲ့ ဒေါသမထွက်ဖို့ သတိထားပါ…"
ဤစကားကို ကြားမှသာ လန်ဖေးဘေးရှိ ကျွေ့ယွင်က တော်ဝင်သမားတော်ချန် ကို အပြုံးလေးဖြင့် ကြည့်လိုက်လေသည်။
"ဒါဆိုလည်း သမားတော်ချန် ကိုပဲ အားကိုးရတော့မှာပေါ့…"
"ရပါတယ်… ရပါတယ်…"
ကျွေ့ယွဲ့က တော်ဝင်သမားတော်ချန် ကို ဆေးစာရေးရန် အခြားနေရာသို့ ခေါ်သွားလေရာ လက်ဝဲခန်းထဲတွင် လန်ဖေးနှင့် ကျွေ့ယွင်သာ ကျန်ရစ်တော့၏။
လန်ဖေးက ချက်ချင်း မျက်နှာထား ပြောင်းသွားပြီး အံကြိတ်ကာ ပြောလိုက်လေသည်။
"ဟွန်း… ချိုက်ပေါင်ဖင်း ဆိုတဲ့ အသုံးမကျတဲ့ ခွေးမ… သေရင်လည်း အေးအေးဆေးဆေး မသေဘူး… အရှင်မင်းကြီး ဒီအရှင်မကို သံသယဝင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ စကားတွေ ပြောသွားသေးတယ်…"
ကျွေ့ယွင်က လန်ဖေး၏ ကျောကို ပွတ်ပေးရင်း နှစ်သိမ့်လိုက်လေသည်။
"မယ်မယ် စိတ်ချပါ… ချိုက်မားမား သေသွားမှတော့ သက်သေမရှိတော့ဘူးလေ… အရှင်မင်းကြီး သံသယ ဝင်နေရင်တောင်… အခုအချိန်မှာ ဘာမှ လုပ်မှာ မဟုတ်ပါဘူး…"
"ဒါပေမဲ့ အရှင်မင်းကြီးက ဒီအရှင်မကို သံသယဝင်သွားရင်… နောက်ဆို အဆင်မပြေဖြစ်လိမ့်မယ်… ဒီကလေး မမွေးခင်ကတည်းက အရှင်မင်းကြီး မျက်နှာသာမပေးရင်… ဒီအရှင်မ အပြစ်တွေ ဖြစ်ကုန်မှာပေါ့…"
လန်ဖေးမှာ ကိုယ်ဝန်ရှိနေသဖြင့် အတွေးတွေ အလွန်း များနေတတ်လေသည်။
ကျွေ့ယွင်က ချက်ချင်း ပြန်ဖျောင်းဖျလိုက်၏။
"မယ်မယ်… မိုက်မဲတဲ့ စကားတွေ မပြောပါနဲ့… မယ်မယ် နန်းတွင်းဝင်လာကတည်းက ဒီကလေးရဖို့ ဘယ်လောက်တောင် စောင့်ခဲ့ရလဲ… အရှင်မင်းကြီးက ဘယ်လိုလုပ် သဘောမကျဘဲ နေမှာလဲ… ရောဂါသည်လေး ဒုတိယမင်းသား တစ်ယောက်အတွက်နဲ့ အရှင်မင်းကြီးက လန်မိသားစုကို အပြစ်ပြုမှာ မဟုတ်ပါဘူး…"
လန်မိသားစုအကြောင်း ကြားလိုက်မှသာ လန်ဖေး၏ စိတ်အခြေအနေ အတော်လေး တည်ငြိမ်သွားတော့သည်။
သူမ ချိုက်မားမား ကိစ္စကြောင့် အနည်းငယ် ထိခိုက်သွားလျှင်တောင် ဖခင်နှင့် ဆွေမျိုးများက ရှေ့ညီလာခံနှင့် ပြည်သူတွေကြားမှာ ဩဇာအာဏာ ရှိနေသရွေ့ အားလုံး အဆင်ပြေမှာ အသေအချာပင်။
ဤအကြောင်းကို တွေးမိမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
"နင်ပြောတာ မှန်တယ်… ဒီအရှင်မ ကိုယ့်ဖာသာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လို့ မရဘူး… အခု အရေးကြီးဆုံးက သားတော်လေး မွေးဖွားလာဖို့ပဲ… ကျန်တာတွေ နောက်မှ ရှင်းမယ်…"
"မယ်မယ် ပြောတာ မှန်ပါတယ်…"
"ဒုတိယမင်းသားကိုတော့ သွမ့်မားမား ကို သေချာ ပြုစုခိုင်းလိုက်… သူက ချိုက်မားမားကို သဘောမကျဘူးဆိုမှတော့… သူ့အတွက် ပိုပြီး သဘောကောင်းမယ့်သူကို ပြောင်းပေးရမှာပေါ့…"
ဤစကားကို ပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးထဲ၌ ရက်စက်မှုများ ဖြတ်ပြေးသွားလေသည်။
သူမ ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့သော ကလေး ဖြစ်ပါလျက် ဘာကြောင့် ဒုတိယမင်းသား အကြောင်း ပြောတိုင်း လန်ဖေး၏ မျက်နှာပေါ်တွင် မကျေနပ်မှုများနှင့် မုန်းတီးမှုများ အမြဲ ပေါ်လာရသနည်း။
အခြားသူများ မသိသော်ငြား ကျွေ့ယွင်ကတော့ ဤအကြောင်းရင်းကို အသိဆုံးပင်။
သူတို့ နှစ်ယောက် လက်ဝဲခန်းထဲတွင် အစီအစဉ်များ ဆွဲနေချိန်၌… သူတို့ ပြောနေသည့် ဒုတိယမင်းသားမှာမူ ဖြည်းညင်းစွာ သတိရလာလေပြီ။
ခေါင်းမော့ကြည့်လိုက်တော့ အခန်းတစ်ခုလုံး ရွှေဝါရောင် အပြင်အဆင်များ ဖြစ်နေသဖြင့် ဤနေရာမှာ ဧကရာဇ်၏ အိပ်ဆောင်မှန်း ချက်ချင်း သိလိုက်သည်။
"မင်း နိုးပြီလား…"
ဘေးနားမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဒုတိယမင်းသား သေချာ ကြည့်လိုက်ရာ အရှင်မင်းကြီး ဖြစ်နေလေသည်။
ပြတင်းပေါက် အပြင်ဘက်တွင် မှောင်ရီပျိုးနေပြီ ဖြစ်ပြီး သူ၏ ခေါင်းမှာလည်း အလွန် ကိုက်ခဲနေလေသည်။
"အရှင်မင်းကြီး… သားတော် ဘာဖြစ်သွားတာလဲ…"
အရှင်မင်းကြီးက ကလေး အလန့်လွန်သွားမည်စိုး၍ အဆိပ်မိသည့် ကိစ္စကို ဖုံးကွယ်ထားလိုက်သည်။
သူက တည်ငြိမ်စွာပင် ပြောလိုက်လေ၏。
"မင်း လန့်သွားလို့ သတိလစ်သွားတာပါ… ဘာမှမဖြစ်ဘူး… နောက်ဆို သေချာ ဂရုစိုက်ပြီး အနားယူရင် ရပါပြီ…"
သေချာ ဂရုစိုက် အနားယူဖို့ ဟုတ်လား… ဤစကားကို သူ စကားနားလည်ကတည်းက ကြားလာခဲ့တာပင်။
အခုချိန်ထိ ကြားနေရတုန်းပဲ… ဒါပေမဲ့ ဒီလောက်နှစ်တွေ အများကြီး ဒုတိယမင်းသား အနားယူလာခဲ့တာ ဘာများ ထူးခြားလာလို့လဲ။
ဘာမှ မထူးခြားလာပါဘူး…။
ဒုတိယမင်းသားက တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "အင်း…"
ထို့နောက် ဘာစကားမှ ဆက်မပြောတော့ချေ။
"ဗိုက်ဆာနေပြီလား… တစ်ခုခု သုံးဆောင်မလား… တော်ဝင်စားဖိုဆောင်က ဝက်သားစဉ်းကောနဲ့ ယမုံဥ ဆန်ပြုတ် ပို့ထားတယ်… နည်းနည်း သုံးဆောင်မလား…"
ဒုတိယမင်းသား ခေါင်းခါပြလိုက်သည်။
ဤနှစ်များအတွင်း သူ ဆန်ပြုတ် သောက်ရလွန်းလို့ အန်ချင်နေပြီ။
အရင်တုန်းကဆိုလျှင်တော့ နှာခေါင်းပိတ်ပြီး မျိုချလိုက်လို့ ရသေးသည်။
သို့သော် ချွမ်ချီ၏ လက်ရာကို မြည်းစမ်းပြီးသွားချိန်မှာတော့ ဒီလိုမျိုး ဖြစ်သလို ချက်ထားသည့် ဆန်ပြုတ်တွေကို သူ ဘယ်လိုလုပ် ဆက်သောက်နိုင်တော့မည်နည်း။
"ဒါဆို ဘာသုံးဆောင်ချင်လဲ…"
ဒုတိယမင်းသားက အရှင်မင်းကြီးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ဤမျှ ယုယကြင်နာသော လေသံမျိုးက သူ့ကို မျှော်လင့်မထားတဲ့ မျက်နှာသာပေးမှုကြောင့် လန့်သွားသလိုပင် ဖြစ်စေသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ခမည်းတော်က အမြဲတမ်း တင်းမာခက်ထန်နေတတ်ပြီး လန်ဖေးမယ်မယ် အပေါ်တွင်တောင် ပျော်ရွှင်နေသည့် ပုံစံမျိုး သိပ်မပြတတ်ချေ။
ယနေ့ ဘာဖြစ်လို့လဲ…။
ရုတ်တရက်ကြီး သူ့အပေါ် သည်လောက်တောင်… ဖော်ရွေနေရတာလဲ…။
ကောင်းတဲ့ကိစ္စ တစ်ခုပါပဲ...။