စိတ်ပူပင်ပြီး စီစဉ်ရခြင်းများ
Vol. 10 Ch. 93
"အရှင်မင်းကြီး ကျွန်တော်မျိုးမကို ပြောစရာရှိလို့လား..."
"မင်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ..."
လင်ဝမ်ယိ၏ အကင်းပါးပြီး ဉာဏ်ထက်မြက်သည့် ပုံစံလေးကို ကြည့်ရင်း အရှင်မင်းကြီးက ပြုံးလိုက်ပြီးနောက် မျက်နှာထား တင်းမာသွားကာ ပြောလိုက်လေသည်။
"ဒီနေ့ နေ့လယ်က ဒုတိယမင်းသားကို ပြုစုတဲ့ မားမား ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်... ဒုတိယမင်းသားလည်း အဲဒီဒဏ်ကို မခံနိုင်ဘဲ သတိလစ်သွားတာ... အဲဒီမှာ တော်ဝင်သမားတော်သို့ စစ်ဆေးကြည့်လိုက်တော့ သူ အဆိပ်မိနေတာ အနည်းဆုံး နှစ်နှစ်လောက် ရှိနေပြီတဲ့..."
"ရှင်..."
လင်ဝမ်ယိ အလွန်အမင်း အံ့အားသင့်သွားရသည်။
ခေါင်းထဲတွင် ပထမဆုံး တွေးမိလိုက်သည်က ဘယ်သူ့လက်ချက်လဲ ဆိုတာပင်။
လင်ကွေ့ဖေးလား...။
ယီဖေးလား...။
ဒါမှမဟုတ် တခြားလူလား...။
အသက် ခြောက်နှစ်တောင် မပြည့်သေးသည့် ကလေးငယ်တစ်ယောက်ကို သည်လောက် အချိန်အကြာကြီး အဆိပ်ခတ်ရက်သည်ဆိုမှတော့ ထိုလူ၏ စိတ်ထားက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်သလဲ ဆိုသည်ကို တွေးကြည့်ရုံနှင့်ဖြင့် သိနိုင်ပေသည်။
ဒီနန်းတော်ထဲရှိ လူများက အပြင်ပန်းမှာတော့ ချိုချိုသာသာနှင့် ယဉ်ကျေးသိမ်မွေ့စွာ နေပြနိုင်ကြသည်။
သို့သော် ကွယ်ရာမှာတော့ ပန်းလေးတွေကို ရက်ရက်စက်စက် ချွေချင်ချွေ... ဒါမှမဟုတ်ရင်လည်း ကိုယ်တိုင် ဒုက္ခမျိုးစုံ ခံစားနေရတာချည်းပင်။
နေ့လယ်က တွေ့ခဲ့ရသော ဒုတိယမင်းသား၏ ပုံစံကို ပြန်တွေးမိပြီး လင်ဝမ်ယိ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
"တော်ဝင်သမားတော်သို့ က ဘာအဆိပ်လို့များ ပြောသေးလဲ... ဖြေဆေးရော ရှိလားဟင်..."
အရှင်မင်းကြီးက ခေါင်းခါပြလိုက်သည်။
"လောလောဆယ်တော့ သေချာ မသိရသေးဘူး... ဒါပေမဲ့ ဒီအဆိပ်က တစ်ခါခတ်ရင် နည်းနည်းလေးပဲ ခတ်တာ... ဒုတိယမင်းသားရဲ့ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဝါးမြိုသွားပြီး အပြင်လူတွေ အမြင်မှာ သူက ရောဂါကြောင့် သေသွားတယ်လို့ ထင်အောင် လုပ်ထားတာပဲ..."
ထိုစကားကို ပြောလိုက်ချိန်တွင် အရှင်မင်းကြီး၏ ကျောပြင်ကြီးပင် အနည်းငယ် ကိုင်းညွတ်သွားသလို ထင်ရသည်။
လင်ဝမ်ယိ ကြည့်ရင်း စိတ်မကောင်း ဖြစ်သွားရသည်။
ထို့ကြောင့် အရှင်မင်းကြီး၏ အနားတိုးသွားပြီး နှစ်သိမ့်ပေးလိုက်လေသည်။
"အရှင်မင်းကြီး စိတ်အေးအေးထားပါ... တော်ဝင်သမားတော်သို့ က ဒုတိယမင်းသား အဆိပ်မိနေတာကို သိနိုင်တယ်ဆိုမှတော့... အချိန်တစ်ခုပေးလိုက်ရင် သေချာပေါက် ဖြေဆေးကို ရှာတွေ့မှာပါ..."
ပါးစပ်ကသာ သည်လို ပြောနေပေမယ့် လင်ဝမ်ယိ စိတ်ထဲတွင်လည်း သေချာမသိပေ။
ဒုတိယမင်းသား၏ ခန္ဓာကိုယ်က နဂိုကတည်းက အားနည်းနေပြီး အဆိပ်မိနေတာလည်း ကြာပြီဆိုတော့... ဖြေဆေးရှာတွေ့လျှင်တောင် ဒီလို ကုသမှုဒဏ်တွေကို သူ့ခန္ဓာကိုယ်လေးက ခံနိုင်ရည်ရှိပါ့မလား။
ရုတ်တရက် အိမ်က ဒုတိယဦးလေး ကို သွားသတိရမိလိုက်သည်။
သူက အဆိပ်ကိစ္စတွေနဲ့ ဖြေဆေးဖော်တဲ့ နေရာမှာ အတော်လေး ကျွမ်းကျင်သူ ဖြစ်သည်။ သို့သော် နှမြောစရာကောင်းတာက သာမန် အရပ်နေ သမားတော် တစ်ယောက်က အဖိုးတန်လှသည့် မင်းသားတစ်ပါးကို ဘယ်လိုလုပ် လာကုပေးခွင့် ရပါမည်နည်း။
ထို့ကြောင့် ထိုအတွေးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရသည်။
အရှင်မင်းကြီးက သူမ၏ စကားကို ကြားသောအခါ အများကြီး ဆက်မပြောတော့ပေ။
ထိုကြောင့် စကားလမ်းကြောင်း လွှဲလိုက်လေ၏။
"ကိုယ်တော့်မှာ နို့ထိန်း တစ်ယောက်ရှိတယ် နာမည်က တုမားမား တဲ့... ငယ်ငယ်တုန်းက ကိုယ်တော့်ကို အရမ်း ဂရုတစိုက် ပြုစုပေးခဲ့တာ... အဲဒါကြောင့် ဒုတိယမင်းသားကို ပြုစုဖို့ တုမားမား ကို လွှတ်လိုက်မလို့... သူ့ဘေးနားက အစေခံတွေကိုတော့ တစ်ယောက်မကျန် ယဲ့ယိုနန်းဆောင် ကို ပို့ပစ်လိုက်တော့မယ်..."
သည်လို စီစဉ်သည်ကို လင်ဝမ်ယိ ကြားလိုက်ရတော့ အနည်းငယ် နေရာမကျဘူးဟု ထင်လိုက်မိသည်။
"အရှင်မင်းကြီး... ဒုတိယမင်းသား ဘေးက လူတွေကို အကုန်လုံး တစ်ခါတည်း အပြစ်ပေးလိုက်ရင်... အပြင်လူတွေ သံသယ ဝင်သွားကြလိမ့်မယ်... အရှင်မင်းကြီးက ဒုတိယမင်းသားကို အပြင်ထုတ်ပြီးမှ ကျွန်တော်မျိုးမကို ဒီစကားတွေ ပြောတာဆိုတော့... ဒုတိယမင်းသားကိုယ်တိုင်လည်း ဒီကိစ္စကို မသိသေးဘူး မဟုတ်လား... တကယ်လို့ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ အကြီးအကျယ် လူတွေ ပြောင်းပစ်လိုက်ရင်... ဒုတိယမင်းသား သေချာပေါက် ရိပ်မိသွားလိမ့်မယ်..."
"အဲဒီလိုမလုပ်လို့ သူ့ရောဂါ ပိုဆိုးသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်..."
အရှင်မင်းကြီး မျက်လုံးမှိတ်လိုက်သည်။ လင်ဝမ်ယိ၏ စကားက အဓိပ္ပါယ် ရှိလှပေသည်။
သို့သော် ယခု ခေါင်းဆောင်ဖြစ်သည့် ချိုက်မားမား သေသွားပြီဆိုတော့... ကျန်တဲ့သူတွေကို ဆက်စစ်ဆေးရမှာလည်း ခေါင်းကိုက်စရာ ကိစ္စတစ်ခုပင်။
"ဒါဆို မင်းက ဘယ်လိုလုပ်သင့်တယ် ထင်လဲ..."
"ချိုက်မားမား မရှိတော့ဘူးဆိုတော့... တုမားမား ကို ဒုတိယမင်းသား ဘေးမှာ သွားခစားခိုင်းတာက သင့်တော်ပါတယ်... ကျန်တဲ့ အစေခံတွေကိုတော့ တုမားမား ရောက်သွားမှ အပြစ်တစ်ခုခုရှာပြီး ဖြည်းဖြည်းချင်း နှင်ထုတ်ပစ်လိုက်တာ ပိုကောင်းပါလိမ့်မယ်..."
နည်းလမ်းကတော့ ကောင်းသော်လည်း... တုမားမား၏ နာမည်ကိုတော့ အနည်းငယ် ထိခိုက်သွားနိုင်ပေသည်။
လင်ဝမ်ယိ ထိုစကားကို ဆက်မပြောရသေးခင်မှာပင် အရှင်မင်းကြီးက ဖြတ်ပြောလိုက်လေသည်။
"ကိုယ်တော်ပဲ တုမားမား ကို သေချာ ပြောလိုက်ပါ့မယ်... သူက အမြဲတမ်း ပြတ်ပြတ်သားသား လုပ်တတ်တဲ့သူမို့... သူလုပ်ရင် ကိုယ်တော် စိတ်ချတယ်..."
လင်ဝမ်ယိ ခေါင်းညိတ်လိုက်သည်။ သည်လိုဆိုလျှင်တော့ ဒုတိယမင်းသားဘက်မှာ အနည်းငယ် ပိုပြီး အေးချမ်းသွားနိုင်ပေသည်။
သို့သော် မောင်းမဆောင်ထဲမှာ နေရတာဆိုတော့... နောက်ကွယ်က လုပ်ကြံတဲ့ တရားခံကို မရှာတွေ့သရွေ့တော့ ဒုတိယမင်းသား၏ အသက်အန္တရာယ်က စိတ်ပူရဦးမည်သာ။
ထို့ကြောင့် လင်ဝမ်ယိ စိတ်ထဲတွင် မှတ်ထားလိုက်သည်။
အခွင့်အရေးရလျှင် လင်ကွေ့ဖေးဆီကနေ စကားစလေ့လာကြည့်ရမည်။
ထိုသို့ တွေးနေစဉ်မှာပင် အရှင်မင်းကြီးက ဆက်ပြောလိုက်လေသည်။
"ဒီကလေး အရင်တုန်းက ဆန်ပြုတ်တွေချည်း သောက်ရလွန်းလို့ မုန်းသွားပြီထင်တယ်... ဒီနေ့ တော်ဝင်စားဖိုဆောင် ကနေ စားစရာတွေ ပို့ခိုင်းလိုက်တာတောင် မစားဘူး... မင်းဆီရောက်မှပဲ အားပါးတရ စားတော့တယ်..."
"ချွမ်ချီ ရဲ့ လက်ရာက တကယ်ကို အပြစ်ပြောစရာ မရှိတာပါ... ကျွန်တော်မျိုးမ ကိုယ်တိုင်လည်း နေ့တိုင်း သူချက်တာတွေ စားနေရတာတောင် မအီဘူးလေ..."
သူမက ပျော်ရွှင်စွာ ပြုံးလိုက်ရာ အရှင်မင်းကြီး၏ တင်းမာနေသော စိတ်အာရုံများလည်း အတော်လေး ပြေလျော့သွားတော့သည်။
"ကိုယ်တော် မနက်ဖြန်ကျရင် တုမားမား ကို လွှတ်လိုက်မယ်... ဒါပေမဲ့ ဒီညအတွက်တော့ နည်းနည်း ဒုက္ခရောက်နေတယ်..."
လင်ဝမ်ယိက အရှင်မင်းကြီးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ဘာကို ဒုက္ခရောက်တာလဲ...။
သူမက တကယ် နားမလည်မှန်း သိလိုက်မှသာ အရှင်မင်းကြီးက အပွင့်လင်းဆုံး ပြောလိုက်တော့သည်။
"သူ့ကို ပြုစုနေတဲ့ ချိုက်မားမား က သူ့မျက်စိရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာဆိုတော့... ကိုယ်တော်က သူ ဇယ့်ဖင်ကျွန်း ကို ပြန်သွားရင် ကြောက်နေမှာ စိုးလို့... သူ့ရောဂါအတွက်လည်း မကောင်းဘူးလေ..."
လင်ဝမ်ယိ မျက်လုံးပြူးသွားပြီး အရှင်မင်းကြီးကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ထို့နောက်မှ အနည်းငယ် အံ့အားသင့်သည့် လေသံဖြင့် မေးလိုက်လေသည်။
"အရှင်မင်းကြီး ဆိုလိုတာက... ဒုတိယမင်းသားကို ကျွန်တော်မျိုးမရဲ့ ခြံဝင်းထဲမှာ နေခိုင်းမလို့လား..."
"အမြဲတမ်းတော့ မဟုတ်ပါဘူး... လောလောဆယ် နှစ်လ သုံးလလောက်ပေါ့... ကိုယ်တော် ကြည့်ရသလောက် ဒီ ဟွေ့ဖန်းယာခြံဝင်း မှာလည်း အခန်းတွေ အများကြီး အလွတ်ရှိနေတာပဲဟာ... သူ့ကို အခန်းနည်းနည်းလောက် ပေးနေခိုင်းလိုက်ပေါ့..."
လင်ဝမ်ယိ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ဒီကိစ္စက တကယ် ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားနေမိသည်။
သူမလို သာမန် ချန်ကျိုက် တစ်ယောက်ရဲ့ ခြံဝင်းထဲမှာ မင်းသားတစ်ပါးကို တကယ်ပဲ ပေးနေလို့ ရပါ့မလား...။
သူမ၏ သံသယကို ထုတ်မပြောရသေးခင်မှာပင် အရှင်မင်းကြီးက ဆက်ပြောလိုက်ပြန်သည်။
"စိတ်ချပါ... သူ ဒီမှာနေတာကို ကိုယ်တော်လည်း စိတ်မချပါဘူး... ကိုယ်တော် ကိုယ်တိုင် လာစောင့်ပေးမှာပါ..."
လင်ဝမ်ယိမှာ ချက်ချင်းပင် စကားပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။ ဒီအရှင်မင်းကြီးကတော့ တကယ်ကို အခြေအနေပေးတုန်း အခွင့်အရေးယူ တတ်တာပဲ...။
ဒီလို အခြေအနေပေးတုန်း ရေစုန်မျှောတဲ့နေရာမှာတော့ ဒီတစ်လောကလုံးကို အုပ်စိုးနေတဲ့သူထက် သာမယ့်သူ ရှိမှာ မဟုတ်ဘူး...။
မနည်းကြီး ဆုတောင်းပြီးမှ လွှတ်လိုက်ရတဲ့ ဘုရားကြီးက... အခုကျတော့ တစ်ဆူတည်း ပြန်လာတာ မဟုတ်ဘဲ တစ်သိုက်ကြီး ပြန်ရောက်လာတော့မည်။
လင်ဝမ်ယိ တစ်ယောက် ငိုချင်လျက် လက်တို့ ဖြစ်သွားရတော့သည်။
သို့သော် သူမ ဘာပြောနိုင်မည်နည်း။
ဒီသတင်းများ အပြင်ကို မပေါက်ကြားပါစေနဲ့လို့သာ ဆုတောင်းနေရတော့မည်။
မဟုတ်လျှင် လန်ဖေး သူမကို အစိမ်းလိုက် ဘယ်လို ဝါးစားမလဲဆိုတာ မျက်လုံးမှိတ်ပြီး တွေးကြည့်လို့တောင် ရလေသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ချက်ချင်း ကျောချမ်းမိ၏။
သူမ၏ ထိုပုံစံကို မြင်သောအခါ အရှင်မင်းကြီးက မျက်ခုံးပင့်ကြည့်လိုက်ပြီး အနည်းငယ် မကျေနပ်သည့် လေသံဖြင့် မေးလိုက်လေသည်။
"မင်းက သဘောမကျဘူးလား..."
လင်ဝမ်ယိမှာ အမတ်ချုပ်အိမ်တော်တွင် ရှိစဉ်ကတည်းက မင်းသမီးရုံခန့် နှင့် အနောက်ဆောင်မှ လူများ၏ နှိမ့်ချမှုကို ခံခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် အကဲခတ်တဲ့ နေရာမှာတော့ သူမက ထိပ်တန်းပင်။
ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး ပြောလိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်မျိုးမက ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိဖြစ်နေတာပါ... ဒုတိယမင်းသားကို ဘယ်နေရာမှာ ထားပေးရင် အကောင်းဆုံး ဖြစ်မလဲလို့ စဉ်းစားနေတာပါ..."
ဤစကားကို ကြားရပြီး လင်ဝမ်ယိ၏ မျက်နှာပေါ်မှ ဟန်ဆောင်မှု ကင်းမဲ့နေသော ပျော်ရွှင်နေသည့် ပုံစံလေးကို မြင်မှသာ အရှင်မင်းကြီး သဘောကျသွားတော့သည်။
ဒါမှပေါ့... ဒီမောင်းမဆောင်ထဲက လူတိုင်းက ကိုယ်တော် လာအိပ်မှာကိုပဲ မျှော်လင့်နေကြတာလေ...။
လင်ဝမ်ယိလည်း အဲဒီလိုပဲ ဖြစ်ရမှာပေါ့...။
ထိုသို့ တွေးနေရင်းမှ ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။
သူ့ရှေ့က မိန်းကလေး နန်းတွင်းထဲ ဝင်လာကတည်းက တွက်ကြည့်လျှင်... သူ အခြား ဘယ်ကိုယ်လုပ်တော်ဆီကိုမှ သွားမအိပ်ဖြစ်တော့သည်မှာ အသေအချာပင်။
အဖော်ပြုဖို့ ခေါ်တာတောင် ခပ်ရှားရှား ဖြစ်သွားခဲ့ပြီ။
ထို့ကြောင့် သူက မခို့တရို့ ပြုံးလိုက်ရာ ဤအပြုံးက လင်ဝမ်ယိကို အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။
မိန်းမတွေရဲ့ စိတ်က ပင်လယ်အောက်က အပ် လို့ လူတွေက ပြောကြတယ်။
လင်ဝမ်ယိ အမြင်မှာတော့ ဒီဧကရာဇ်ရဲ့ စိတ်ကမှ တကယ့်ကို ပင်လယ်အောက်က အပ်ပဲ...။
စောစောလေးတင် ဒေါသထွက်နေပြီး အခုကျတော့လည်း ကိုယ့်ဘာသာ သဘောကျပြီး ပြုံးနေပြန်ပြီ။
ထို့ပြင် အနည်းငယ် 'ရဲတင်း' သည့် အပြုအမူတွေတောင် လုပ်လာသေးသည်။
အကယ်၍သာ သူမက အဆိပ်ဖြေဆေး သောက်နေရတုန်းမို့လို့ ဆိုသည့် အကြောင်းပြချက်နှင့် မရှောင်လွှဲခဲ့လျှင်... ဒီညလည်း အိပ်ရတော့မည် မဟုတ်ချေ။
တခြားကိစ္စတွေကို ထားလိုက်ပါဦး... ဒုတိယမင်းသားအတွက် နေရာပင် မချပေးရသေးဘူးလေ။
တကယ်လို့ မကြားသင့် မကြားထိုက်တာတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ။
အဲဒီလိုသာဆို သူမ ဘယ်လို မျက်နှာပြရဲတော့မည်နည်း။
ထို့ကြောင့် ကြယ်သီး ဆယ့်ရှစ်လုံးတောင် ပါတဲ့ အင်္ကျီကို ရွေးဝတ်ထားလိုက်သည်။ ဒီလောက်ဆို အရှင်မင်းကြီး စိတ်ပါဦးမလား ကြည့်ရသေးတာပေါ့...။