တုမားမား ရောက်လာခြင်း
Vol. 10 Ch. 94
ဒုတိယမင်းသား ဟွေ့ဖန်းယာခြံဝင်း တွင် နေမည်ဆိုသည့် သတင်းက လူတိုင်း၏ နားထဲ ရောက်သွားသောအခါ အားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ချိုးမင်ပင်... သူက ချက်ချင်း ခေါင်းမော့၍ သုန်ယွီကျုံး ကို လှမ်းကြည့်လိုက်သည်။
သုန်ယွီကျုံး က အသာအယာ ခေါင်းညိတ်ပြပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေသည်ကို မြင်မှသာ သူ၏ ရင်ထဲမှ အပူလုံးကြီး ကျသွားတော့၏။
ထို့နောက် အစေခံများကို ခေါ်ကာ အနောက်ဘက်ခြံဝင်းသို့ သွားရောက် ရှင်းလင်းရေး လုပ်ကြလေသည်။
ဤ ဟွေ့ဖန်းယာခြံဝင်း မှာ သိပ်မကြီးလှသော နှစ်ဆင့်ပါ ခြံဝင်းလေး တစ်ခု ဖြစ်ပြီး မူလကတည်းက အနောက်ဘက်ခြံဝင်းမှာ အလွတ်ဖြစ်နေသဖြင့် ရိုးရိုးရှင်းရှင်းသာ သန့်ရှင်းရေး လုပ်ထားပြီး ပရိဘောဂများပင် အစုံအလင် မရှိ။
ယခု ရုတ်တရက်ကြီး ဒုတိယမင်းသား နေမည်ဆိုတော့မှ အားလုံး ကမန်းကတန်း ပြင်ဆင်ရတော့သည်။
ကံကောင်းသည်မှာ သုန်ယွီကျုံး လက်အောက်ရှိ လူများ အားလုံးက တော်ကြသူများချည်းပင်။
ထို့ကြောင့် အခန်းကို သန့်ရှင်းရေး လုပ်ပြီး ကုတင်ပေါ်တွင် အကောင်းစား မွေ့ရာများကို ခင်းကျင်းပေးလိုက်ကြသည်။
ရှအန်း ကလည်း ရိုးရိုးရှင်းရှင်း အရောင်ရှိသော အိပ်ရာခန်းဆီး တစ်ခုနှင့် ပိုးစောင် တစ်ထည်ကို ယူလာပေးလေသည်။
ပစ္စည်းများ သိပ်မများသော်လည်း သန့်ရှင်းသပ်ရပ်နေလေ၏။
"ဒုတိယမင်းသား ဒီညတော့ ဒီမှာပဲ အရင် အိပ်လိုက်ပါဦး... မနက်ဖြန်ကျမှ ဒီအစေခံ လူတွေကို ခေါ်ပြီး အနောက်ဘက်ခြံဝင်းကို သေချာ ပြန်ပြင်ဆင်ပေးပါ့မယ်... မင်းသား သေချာပေါက် သက်တောင့်သက်သာ ရှိစေရပါမယ်..."
ဒုတိယမင်းသား ခေါင်းညိတ်ပြလိုက်သည်။ သူ ဤခြံဝင်းထဲက လူများနှင့် သိတာ နေ့တစ်ဝက်တောင် မရှိသေးပေ။
သို့သော် သူ ဘာကြောင့်မှန်းမသိ အလွန် စိတ်အေးချမ်းနေမိသည်။
စောင်နှင့် ခေါင်းအုံးမှ ရနေသော သီးသန့် အနံ့လေးကို ရှူရှိုက်ရင်း ဒုတိယမင်းသား ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နွေးထွေးမှုကို ခံစားလိုက်ရတော့သည်။
အရှင်မင်းကြီးက လင်ဝမ်ယိ၏ အခန်းထဲတွင် အိပ်ရာဝင်သဖြင့် ညစောင့်ရမည့်သူမှာ သုန်ယွီကျုံး ပင် ဖြစ်လေသည်။
ထို့ကြောင့် ချိုးမင်က ရှောင်လုကျစ် ကို ခေါ်ပြီး ဒုတိယမင်းသား၏ အခန်းထဲတွင် အစောင့်နေပေးလေသည်။
မင်းသား တစ်ခုခု ဖြစ်မည်ကို စိုးရိမ်၍ပင်။
မီးဖိုချောင်လေးထဲတွင် ရေနွေးအိုးကို အမြဲတမ်း တည်ထားသဖြင့် ညသန်းခေါင် ရေနွေး သောက်ချင်လာလျှင်တောင် ချက်ချင်း ယူလာပေးနိုင်ပေသည်။
"ချိုးကုန်းကုန်း..."
"ဒီအစေခံ ရှိပါတယ်..."
"ရှောင်လုကျစ်..."
"ဒီအစေခံလည်း ရှိပါတယ် ဒုတိယမင်းသား..."
"ဘာမှမဖြစ်ပါဘူး... ဒီတိုင်း ခေါ်ကြည့်တာပါ... မြန်မြန် အိပ်ကြတော့..."
ပြောပြီးသည်နှင့် တစ်ဖက်သို့ လှည့်ကာ နံရံဘက်ကို မျက်နှာမူပြီး စောင်ခြုံအိပ်သွားတော့သည်။
ရှောင်လုကျစ် မှာ နားမလည်နိုင် ဖြစ်သွားသော်လည်း ချိုးမင်၏ မျက်လုံးထဲတွင်တော့ နက်နဲသော အဓိပ္ပါယ်များ ပေါ်လာလေ၏။
တစ်ညလုံး ကောင်းမွန်စွာ အိပ်ပျော်သွားပြီး ဤသည်မှာ နွေရာသီအပန်းဖြေနန်းတော်သို့ ရောက်ပြီးကတည်းက ဒုတိယမင်းသား အကောင်းဆုံး အိပ်ပျော်ခဲ့သည့် ညတစ်ညပင်။
ဤအနောက်ဘက်ခြံဝင်းမှာ မက်မွန်ခြံနှင့် အလွန် နီးသဖြင့် မက်မွန်သီး မှည့်များ၏ ချိုမြိန်သော ရနံ့များက တစ်ခါတစ်ရံ လွင့်ပျံ့လာတတ်သည်။
ဒုတိယမင်းသား၏ အိပ်မက်များလိုပင် စိတ်ကြည်လင်လန်းဆန်း စရာ ကောင်းလှပေသည်။
ကောင်းကောင်း အိပ်ပျော်ထားသဖြင့် စိတ်အခြေအနေလည်း လန်းဆန်းနေလေသည်။
သူ မနက်စောစော ထပြီး အရှေ့ဘက်ခြံဝင်းတွင် အရှင်မင်းကြီး၊ လင်ဝမ်ယိ တို့နှင့်အတူ မနက်စာ သုံးဆောင်ရန် သွားနေချိန်တွင် မျက်နှာထားလေးမှာ အများကြီး ပိုကြည့်ကောင်းနေသည်ကို တွေ့ရသည်။
ထို့ကြောင့် အရှင်မင်းကြီးလည်း သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။
ထို့ကြောင့် ဆန်ပြုတ် သောက်ရင်း မေးလိုက်လေသည်။
"မင်းရဲ့ အခန်းထဲက ပစ္စည်းတွေထဲမှာ ဒီကို ယူလာချင်တာ ရှိသေးလား... ရှိရင် သုန်ယွီကျုံး ကို သွားယူခိုင်းလိုက်လေ..."
ဒုတိယမင်းသား မျက်လုံးများ အနည်းငယ် မှိုင်းသွားပြီး အတန်ကြာ စဉ်းစားနေလိုက်သည်။
ထို့နောက် ခေါင်းခါပြပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ခမည်းတော်ကို လျှောက်တင်ပါတယ်... သားတော် ယူလာစရာ ဘာမှ မရှိပါဘူး..."
ထို့နောက် ဒယ်အိုးကပ် ဖက်ထုပ်ကြော် တစ်ခုကို ယူ၍ ပါးစပ်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း ဝါးစားနေလေ၏။
လင်ဝမ်ယိနှင့် အရှင်မင်းကြီး အချင်းချင်း တစ်ချက် ကြည့်လိုက်မိပြီး စိတ်ပူသွားကြသည်။
ဒီအရွယ်လေးနဲ့ သူ့ဘေးမှာ သံယောဇဉ်တွယ်စရာ တစ်ခုလေးမှ မရှိသလို သုံးနေကျ ပစ္စည်းလေးတောင် မရှိဘူးတဲ့လား...။
တကယ်ကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှပေသည်။
အရှင်မင်းကြီး၏ ရင်ထဲတွင်တော့ ချိုက်မားမား ကို ပို၍ပင် မုန်းတီးသွားမိသည်။
ဒါက လန်ဖေး အမြဲပြောနေတဲ့ ဒုတိယမင်းသားကို နေ့တိုင်း ပြုစုပျိုးထောင်လာခဲ့တဲ့ ကျေးဇူးရှင်ဆိုတာလား...။
တကယ် ရယ်စရာ ကောင်းတာပဲ...။
အကယ်၍သာ လန်ဖေး ယခု ဤနေရာတွင် ရှိနေမည်ဆိုပါက သူ သေချာပေါက် မေးခွန်းထုတ်မိမှာ အသေအချာပင်။
သားအဖ နှစ်ယောက်လုံး တစ်ယောက်က ဒေါသထွက်နေပြီး တစ်ယောက်က ဝမ်းနည်းနေသည်ကို မြင်သောအခါ လင်ဝမ်ယိလည်း ပဲနို့ တစ်ပန်းကန်ကို ကမန်းကတန်း ခပ်ပေးလိုက်ရသည်။
"အရှင်မင်းကြီး မြည်းကြည့်ပါဦး... ဒီပဲနို့က ရှောင်လုကျစ် မနက်ကမှ ကြိတ်ထားတာ... ဆူအောင် ပြုတ်ထားတာ အတော်ကြာပြီ..."
ပြောရင်းနှင့် သကြား ဇွန်းသေးသေး တစ်ဝက်ခန့် ထည့်ပေးလိုက်သည်။
အရှင်မင်းကြီးက အချို သိပ်မကြိုက်မှန်း လင်ဝမ်ယိ ဒီရက်ပိုင်းအတွင်း သတိထားမိခဲ့ခြင်းပင်။
ထို့နောက် နောက်ထပ် ပန်းကန်လုံး အသေးတစ်လုံးကို ယူ၍ ဒုတိယမင်းသားအတွက်လည်း သကြား ခပ်ပေးလိုက်သည်။
သို့သော် ဒုတိယမင်းသားအတွက်တော့ နှစ်ဇွန်း အပြည့် ထည့်ပေးလိုက်လေ၏။
ကလေးတွေ ဆိုတာ အချို ကြိုက်တတ်ကြတာချည်းပဲ မဟုတ်လား။
ဤအချက်ကိုတော့ လင်ဝမ်ယိ ကိုယ်တိုင်လည်း ကောင်းကောင်း နားလည်ထားသည်။
ဘိုးဘိုးတို့ အိမ်တွင် ရှိစဉ်က အစ်ကိုဝမ်းကွဲ၊ ညီမဝမ်းကွဲတို့နှင့် အတူ သကြားလုံး လုစားခဲ့ရသည်များကို ပြန်တွေးမိပြီး အလိုလို ပြုံးလိုက်မိလေသည်။
ဤအပြုံးလေးက အရှင်မင်းကြီးနှင့် ဒုတိယမင်းသား နှစ်ယောက်စလုံးကို အနည်းငယ် ငေးမောသွားစေတော့သည်။
"အဟမ်း... အဟမ်း..." သုန်ယွီကျုံး က အထဲမဝင်ခင် တမင်တကာ ချောင်းဟန့်လိုက်သည်။
ဤနွေးထွေးသော မိသားစု ပတ်ဝန်းကျင်လေးကို ဖြတ်တောက်လိုက်ရလေပြီ။
"ဒီအစေခံ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... ဒုတိယမင်းသားကို ဂါရဝပြုပါတယ်... လင်ချန်ကျိုက် ကို ဂါရဝပြုပါတယ်..."
"ဘာကိစ္စလဲ..."
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... တုမားမား ရောက်လာပါပြီ..."
"မားမား ကို မြန်မြန် ဝင်လာခိုင်းလိုက်..."
အရှင်မင်းကြီး၏ လေသံတွင် ရှားရှားပါးပါး ပျော်ရွှင်မှုနှင့် ရိုသေမှုတို့ ပါဝင်နေလေသည်။
လင်ဝမ်ယိ မဆိုထားနှင့်၊ ဒုတိယမင်းသားပင် အလွန် သိချင်စိတ် ပြင်းပြသွားရသည်။
သုံးယောက်စလုံး တံခါးဝသို့ ကြည့်လိုက်ရာ အပြာရင့်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော မားမားအိုကြီး တစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။
မျက်နှာထားမှာ အနည်းငယ် လေးနက်တည်ကြည်သော်လည်း မျက်ခုံးနှင့် မျက်လုံးများအကြားတွင် တည်ငြိမ်အေးချမ်းသည့် အရိပ်အယောင်များ အပြည့်အဝ ရှိနေလေသည်။
ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော တည်ငြိမ်မှုနှင့် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုတို့က မည်သူ့ကိုမျှ အထင်သေးခွင့် မပေးနိုင်အောင် ဖြစ်နေလေသည်။
သူမ၏ ရှေ့တွင် သုန်ယွီကျုံး ပင် အလွန် ရိုသေကျိုးနွံနေရလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အဆင့်အတန်းက ဘယ်လောက် အရေးပါသလဲ ဆိုသည်ကို သိနိုင်ပေသည်။
ဤသူကို လင်ဝမ်ယိ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သို့သော် သူမကိုယ်ပေါ်မှ ထွက်ပေါ်နေသော နံ့သာသစ် အနံ့သင်းသင်းလေးကိုတော့ လင်ဝမ်ယိ ဒုတိယအကြိမ် ရဖူးခြင်း ဖြစ်သည်။
အရင်တုန်းက အရှင်မင်းကြီးဆီမှ ရခဲ့ဖူးတဲ့ အနံ့က... ဒီမားမား ဆီကနေ ရတာကိုး...။
သည်လိုဆိုမှတော့ မဆန်းတော့ပါဘူး...။
ကြည့်ရသည်မှာ သူမက အမြဲတမ်း ဘုရားတရား လုပ်နေသူ ဖြစ်မည်။ မဟုတ်လျှင် ဤအနံ့မျိုး စွဲနေမည် မဟုတ်ချေ။
"ဒီအစေခံ တုမင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."
ထို့နောက် ဒုတိယမင်းသားနှင့် လင်ဝမ်ယိတို့ကိုလည်း ရိုရိုသေသေဖြင့် ဂါရဝပြုလိုက်လေသည်။
"ဒီအစေခံ ဒုတိယမင်းသားကို ဂါရဝပြုပါတယ်... လင်သခင်မလေး ကို ဂါရဝပြုပါတယ်..."
သူမ၏ အမူအရာက နန်းတော်ထဲတွင် အကြာကြီး နေလာခဲ့သော အခြား မားမားများထက် အများကြီး ပို၍ ရိုးသားဖြောင့်မတ်နေလေသည်။
"မားမား မြန်မြန် ထပါ... ကိုယ်တော် ပြောထားတယ်လေ... နောက်ဆို ဂါရဝပြုစရာ မလိုပါဘူးလို့..."
"ဒီအစေခံ အဲဒီလို မနေရဲပါဘူး... စည်းကမ်းဆိုတာ စည်းကမ်းပါပဲ... ဒီအစေခံဘက်က နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ပါဘူး..."
ဤစကားတစ်ခွန်းတည်းနှင့်ပင် အခန်းထဲရှိ လူတိုင်းက သူမ၏ စရိုက်နှင့် သဘောထားကို သိလိုက်ကြသည်။
"ဒုတိယမင်းသားက အခု အသက်လည်း ငယ်သေးတယ်... သူ့ဘေးမှာ နားလည်တတ်ကျွမ်းတဲ့ မားမား တစ်ယောက်လည်း မရှိတော့ဘူးဆိုတော့... ကိုယ်တော်က မားမားကို ဒုက္ခပေးပြီး သူ့ကို သေချာ ပြုစုပျိုးထောင်ပေးဖို့ အကူအညီ တောင်းရတာပါ..."
"အရှင်မင်းကြီး စိတ်ချပါ... ဒီအစေခံ ဒုတိယမင်းသားကို အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးပါ့မယ်..."
အရှင်မင်းကြီးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူက တုမားမား ၏ အရည်အချင်းကို လုံးဝ သံသယ မဝင်ပေ။
အကြောင်းမှာ သူ ကိုယ်တိုင်လည်း ငယ်စဉ်က တုမားမား ပြုစုပျိုးထောင်ပေးခဲ့၍ ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ခမည်းတော် ရုတ်တရက် ကွယ်လွန်မသွားခဲ့လျှင်... သူလည်း...
အတိတ်က ကိစ္စများက လေနှင့်အတူ လွင့်ပါသွားခဲ့လေပြီ။ ယနေ့ ဟွေ့ဖန်းယာခြံဝင်း တွင် ပြန်လည် ဆုံတွေ့ခွင့် ရသည်ကပင် ကောင်းလှပါပြီ။
လင်ဝမ်ယိက တုမားမား ကို ကြည့်လိုက်ရာ သူမက ရှအန်း ၏ လက်ထဲမှ တူကို ယူ၍ ဒုတိယမင်းသားအတွက် ဟင်းခပ်ပေးနေသည်ကို တွေ့လိုက်ရသည်။
မျက်နှာပေါ်ရှိ လေးနက်တည်ကြည်မှုများက အများကြီး လျော့ကျသွားပြီး မျက်ခုံးနှင့် မျက်လုံးများအကြားတွင် နူးညံ့မှုများ အပြည့်အဝ ရှိနေလေသည်။
ဒုတိယမင်းသားမှာ ဤတုမားမား ကို အရင်က တစ်ခါမျှ မမြင်ဖူးချေ။
မားမား ဆိုသည့် အမည်ခံထားသူများအပေါ် သတိထားတတ်သည့် အကျင့်ကြောင့် သူ၏ ပါးစပ်က ဘာမှ မပြောသော်လည်း တုမားမား ဝင်လာကတည်းက လုံးဝ စိတ်မချရသေးပေ။
ဤသည်ကို လင်ဝမ်ယိ မြင်သောအခါ နောက်မှ အခွင့်အရေးရှာပြီး ဒုတိယမင်းသားကို စကားသေချာ ပြန်ပြောရမည်ဟု တွေးလိုက်မိသည်။
မဟုတ်လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ဒဏ်ရာ ဤမျှလောက် ကြီးမားနေခြင်းက ကောင်းသည့်ကိစ္စ မဟုတ်ပေ။
သို့သော် ထိုတုမားမား က ခေါင်းမော့လိုက်ချိန်တွင် လင်ဝမ်ယိနှင့် အကြည့်ချင်း ဆုံသွားလေသည်။
သူမ၏ မျက်လုံးထဲတွင် အရင်က ရင်းနှီးဖူးသူ တစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ အမူအရာမျိုး ပေါ်လာလေသည်။
လင်ဝမ်ယိ အလွန် ထူးဆန်းသွားသော်လည်း တုမားမား က ချက်ချင်းပင် ခပ်ဖွဖွ ပြုံးပြလိုက်လေသည်။
ထို့နောက် ခေါင်းပြန်ငုံ့ကာ ဒုတိယမင်းသားအတွက် ဟင်းဆက်ခပ်ပေးနေလေ၏။
ဤစားပွဲတော်မှာ ရိုးရိုးရှင်းရှင်းပင် ပြီးဆုံးသွားပြီး အရှင်မင်းကြီးက တိုင်းပြည်အရေး ဆောင်ရွက်ရန် ချီချင်းဆောင် သို့ ပြန်ရမည် ဖြစ်၍ သုန်ယွီကျုံး ကို ခေါ်ကာ အရင် ထွက်သွားတော့သည်။
သို့သော် မကြာမီမှာပင် နန်းတွင်းရေးရာဌာန ၏ လက်ထောက်မိန်းမစိုးချုပ် ချင်ကုန်းကုန်း က လူများခေါ်ကာ ရောက်လာလေတော့သည်။