← Chapters

ရောဂါတူ လူနာများ

Vol. 10 Ch. 95

ရောဂါတူ လူနာများ

Vol. 10 Ch. 95

"ဒီအစေခံ ချင်အန်း လင်ချန်ကျိုက် ကို ဂါရဝပြုပါတယ်... ဒုတိယမင်းသားကို ဂါရဝပြုပါတယ်..."

"ချင်ကုန်းကုန်း အားနာစရာတွေ လုပ်နေပြန်ပြီ... ဘယ်လိုလုပ် ရောက်လာတာလဲ..."

ချင်အန်းက ပြုံးလျက် လင်ဝမ်ယိကို ကြည့်လိုက်ပြီး သူမ၏ ဘေးတွင် ထိုင်နေသော ဒုတိယမင်းသားကို မြင်သောအခါ မျက်လုံးထဲတွင် ပို၍ပင် နက်နဲသော အဓိပ္ပါယ်များ ပေါ်လာလေ၏။

"အရှင်မင်းကြီးက အနောက်ဘက်ခြံဝင်းကို ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လဲဆိုတာ ဒီအစေခံကို လာကြည့်ခိုင်းလို့ပါ... ဒုတိယမင်းသားက ဟွေ့ဖန်းယာခြံဝင်း မှာ နေမယ်ဆိုမှတော့... သေချာပေါက် ပေါ့ပေါ့တန်တန် လုပ်လို့မရဘူးလေ..."

လင်ဝမ်ယိ ခေါင်းညိတ်လိုက်သည်။

"အဲဒါတော့ ဟုတ်တယ်... မနေ့ညက အရှင်မင်းကြီးနဲ့ ဒုတိယမင်းသားက အလောတကြီး ရောက်လာကြတာဆိုတော့... အနောက်ဘက်ခြံဝင်းကို သေချာ မရှင်းလင်းရသေးဘူးလေ... ဒီနေ့ သေချာ ပြင်ဆင်ပေးလိုက်ရင် ဒုတိယမင်းသားနဲ့ တုမားမား တို့လည်း နေရထိုင်ရ ပိုပြီး သက်တောင့်သက်သာ ရှိသွားမှာပါ..."

တုမားမား ဟုတ်လား...။

ချင်အန်း မျက်မှောင်ကြုတ်သွားရသည်။ ဒုတိယမင်းသားကို ပြုစုနေတာ ချိုက်မားမား မဟုတ်ဘူးလား...။

ဒါက လူစားလဲလိုက်တာလား...။

တိုက်တိုက်ဆိုင်ဆိုင်ပင် တုမားမား က အနောက်ဘက်ခြံဝင်းမှ ပြန်ထွက်လာပြီး အခန်းထဲ ဝင်ဝင်ချင်း ချင်ကုန်းကုန်း နှင့် ထိပ်တိုက်တိုးတော့သည်။

ချင်ကုန်းကုန်း က သူမကို မြင်သောအခါ မျက်လုံးထဲတွင် အံ့အားသင့်မှုများ အတိုင်းသား ပေါ်လာလေသည်။

"ခင်ဗျား ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."

"လျှောက်မပြောနဲ့... သခင်မလေးနဲ့ ဒုတိယမင်းသား ရှေ့မှာ ငါလို အစေခံတစ်ယောက်က အဲဒီလို အခေါ်အဝေါ်မျိုး အသုံးခံလို့ ဘယ်ဖြစ်မလဲ..."

"အို... ဒီအစေခံ စကားမှားသွားပါတယ်... သခင်မလေးနဲ့ ဒုတိယမင်းသား ခွင့်လွှတ်ပေးပါ..."

လင်ဝမ်ယိ အသာပြုံးလိုက်သည်။ ကြည့်ရသည်မှာ ဤတုမားမား က တကယ်ကို စည်းကမ်း ကြီးသူပင်။

သေးငယ်သော အမှားလေးတစ်ခုကိုပင် သူမက အမိအရ ဖမ်းထားနိုင်လေသည်။

ကောင်းသည့်ဘက်မှ တွေးကြည့်မည်ဆိုလျှင် ဒုတိယမင်းသား၏ အနာဂတ် စည်းကမ်းပိုင်းကတော့ ပြဿနာ မရှိနိုင်တော့ပေ။

အောက်တန်းစားအစေခံက သခင်ကိုအနိုင်ကျင့်သည့် အခြေအနေမျိုးလည်း ထပ်ဖြစ်လာတော့မည် မဟုတ်ချေ။

သို့သော် ဒုက္ခရောက်ရမည်မှာ ဒုတိယမင်းသား နောင်တစ်ချိန် အပျင်းထူချင်လျှင်ပင် မဖြစ်နိုင်တော့ခြင်းပေ။

ဤမျှ လေးနက်တည်ကြည်သော မားမား တစ်ယောက် အနီးကပ် ရှိနေမည်ဆိုပါက ခါးမတ်မတ်ထားပြီး ထိုင်ရမည့် နေ့ရက်တွေကတော့ နည်းမည် မဟုတ်ချေ။

စိတ်ထဲတွင် ဤသို့ တွေးနေသော်လည်း မျက်နှာပေါ်တွင်မူ တုမားမား အပေါ် အလွန် ရိုသေလေးစားမှု ရှိနေလေသည်။

"မားမား သွားကြည့်ပြီးပြီဆိုတော့ ဘယ်လိုလဲ... ဘာတွေများ ထပ်ဖြည့်ဖို့ လိုသေးလဲ..."

"သခင်မလေးကို လျှောက်တင်ပါတယ်... အနောက်ဘက်ခြံဝင်းက သိပ်မကျယ်ပါဘူး... ဒုတိယမင်းသားက ဒီမှာ နေမှာလည်း လအနည်းငယ်လောက်ပဲ ဆိုတော့... အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်တာ အကောင်းဆုံးပါ... နေ့စဉ် သုံးဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ဖြည့်လိုက်ရင် ရပြီလို့ ဒီအစေခံ ထင်ပါတယ်..."

ထို့နောက် တုမားမား က ဒုတိယမင်းသားဘက်သို့ လှည့်ကာ ပိုမို နူးညံ့သော လေသံဖြင့် ပြောလိုက်လေသည်။

"ဒုတိယမင်းသားကရော ဘယ်လို သဘောရလဲ မသိဘူး... တကယ်လို့ တခြား ထပ်ဖြည့်ချင်တာ ရှိရင် ဒီအစေခံကို အားမနာဘဲ ပြောပါ..."

ဒုတိယမင်းသားက မျက်နှာထား တင်းတင်းဖြင့်သာ နေနေသည်။ ဤတုမားမား နှင့် သူ သိတာ နာရီဝက်ပင် မရှိသေးပေ။

သူက ဘယ်လို လူမျိုးမှန်း ဘယ်သူ သိမှာလဲ။

အရင်တုန်းက လန်ဖေး လွှတ်လိုက်တဲ့ ချိုက်မားမား တုန်းကလည်း... အဲဒီလိုပဲ မိုးမွှန်အောင် မြှောက်ပင့်ပြောခဲ့ကြတာပဲ မဟုတ်လား။

ထို့ကြောင့် သူသည် အလွယ်တကူ စကားထပ်မပြောတော့ချေ။

"မားမား သဘောအတိုင်း လုပ်ပါ..." ဟု ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်လေသည်။

ပြောတာက မပြောတာနဲ့ အတူတူပင် ဖြစ်သဖြင့် တုမားမား က ဒုတိယမင်းသားကို အဓိပ္ပါယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်သည်။

ထို့နောက် ခေါင်းညိတ်ပြလိုက်လေသည်။

လင်ဝမ်ယိအား ပြောလိုက်၏။

"ဒါဆိုရင်တော့ ဒီအစေခံ ချင်ကုန်းကုန်း ကို ခေါ်သွားပြီး အရင် သွားကြည့်လိုက်ပါဦးမယ်... စာရင်းလုပ်ပြီး ပစ္စည်းတွေ စောစော နေရာချထားလိုက်ရင်... ဒုတိယမင်းသားလည်း အဲဒီမှာ နေ့လယ်ဘက် အိပ်လို့ရတာပေါ့..."

"မားမား ပြောတာ မှန်ပါတယ်... သွားကြလေ..."

"ဟုတ်ကဲ့... ဒီအစေခံ ခွင့်ပြုပါဦး..."

"ဒီအစေခံလည်း ခွင့်ပြုပါဦး..."

လူအားလုံး ထွက်သွားပြီးနောက်မှသာ ခါးကို မတ်မတ်ထားကာ ထိုင်နေသော ဒုတိယမင်းသားလည်း အနည်းငယ် လျှော့ချလိုက်လေသည်။

သူ၏ မျက်လုံးများထဲတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း တကယ်တမ်းတွင်မူ တွေဝေမှုများ အပြည့်အဝ ရှိနေလေသည်။

"ဘာဖြစ်လို့လဲ..."

လင်ဝမ်ယိက လက်လှမ်း၍ သူ၏ ပခုံးကို ဖွဖွလေး ပုတ်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ဒုတိယမင်းသားက ပြောဖို့ပြင်ပြီးမှ ပြန်မျိုချလိုက်ကာ ခေါင်းခါပြပြီး ဘာစကားမှ ဆက်မပြောတော့ပေ။

လင်ဝမ်ယိက ရှအန်း ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမ၏ သခင်မလေးက ဒုတိယမင်းသားနှင့် နှစ်ယောက်တည်း စကားပြောချင်ကြောင်း ရှအန်း ချက်ချင်း နားလည်လိုက်သည်။

ထို့ကြောင့် နောက်ဆုတ် ထွက်သွားပြီး မထွက်သွားခင် အခန်းတံခါးကိုပါ တစ်ပါတည်း ပိတ်ပေးခဲ့လေသည်။

ဒုတိယမင်းသားက လှုပ်ရှားသံများကို ကြားသောအခါ ခေါင်းမော့ကြည့်လိုက်သည်။

လင်ဝမ်ယိ၏ သူ့ကို ကြည့်နေသော အမူအရာတွင် ဂရုစိုက်မှုများ အပြည့်အဝ ပါဝင်နေသည်ကို မြင်လိုက်ရသည်။

သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ကျွန်တော် ဒီ တုမားမား ကို နည်းနည်း ကြောက်တယ်..."

လင်ဝမ်ယိ ဤစကားကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

ထို့နောက် လျှို့ဝှက်ချက် တစ်ခုကို ပြောပြတော့မည့်အလား သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ငါလည်း ကြောက်တယ်..."

ဒုတိယမင်းသား မျက်လုံးကြီး ပြူးသွားပြီး မယုံနိုင်အောင် ဖြစ်သွားရသည်။

"အိမ်မှာတုန်းက လွတ်လွတ်လပ်လပ် နေလာခဲ့တာလေ... အမေကလည်း သိပ်ပြီး ချုပ်ချယ်လေ့မရှိဘူး... ဒါပေမဲ့ ဒီ တုမားမား ကို ကြည့်ရတာ စည်းကမ်း တအားကြီးမယ့်ပုံပဲ... အဲဒါကြောင့် ငါလည်း တအားကြောက်နေတာ..."

လင်ဝမ်ယိ ဤစကားကို ပြောလိုက်ချိန်တွင် ဒုတိယမင်းသားကို ကလေးတစ်ယောက်လိုပင် သဘောမထားတော့ချေ။

သူငယ်ချင်း တစ်ယောက်နှင့် ရင်တွင်း လျှို့ဝှက်ချက်များကို ဝေမျှနေသကဲ့သို့ပင်။

ချက်ချင်းပင် ဒုတိယမင်းသားနှင့် သူမကြား အကွာအဝေးက အတော်လေး နီးစပ်သွားတော့သည်။

"စည်းကမ်းကိစ္စကိုတော့ ကျွန်တော် မကြောက်ပါဘူး... ငယ်ငယ်ကတည်းက နေ့တိုင်း သင်နေရတာပဲဟာ... ကျွန်တော် ကြောက်တာက တုမားမား က ဆေးတွေအတင်းတိုက် ဆန်ပြုတ်တွေအတင်းခွံ့မှာကိုပဲ... တကယ် ခံရခက်လွန်းလို့..."

ဤစကားကို ကြားသောအခါ လင်ဝမ်ယိ မနေ့ညက အရှင်မင်းကြီး ပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွားသည်။

သနားစရာ ကလေးလေး သူကိုယ့်သူ အဆိပ်မိနေမှန်းကိုတောင် မသိသေးဘူးပဲ...။

အကယ်၍ သူ ဘာအဆိပ်မိနေသလဲ ဆိုတာကို သေချာသိသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုးဆိုရင်... ဆေးမသောက်ဘဲ နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

ထို့ကြောင့် သူမက လက်နှစ်ဖက်ကို ဖြန့်ပြကာ ဒုတိယမင်းသားအား ပြောလိုက်လေသည်။

"တိုက်ဆိုင်လိုက်တာ... ငါလည်း ငယ်ငယ်ကတည်းက ဆေးသောက်ပြီး ကြီးလာရတာ... အထူးသဖြင့် နန်းတွင်းထဲ ရောက်လာပြီးကတည်းက ဆေးမပြတ်ဖူးသေးဘူး..."

"တကယ်လား..."

"မယုံရင် ချွမ်ချီ နဲ့ ရှအန်း တို့ကို သွားမေးကြည့်... မီးဖိုချောင်လေးထဲမှာ နေ့တိုင်း ငါ့အတွက် ဆေးပြုတ်နေရတာလေ..."

ပြောပြီးသည်နှင့် လင်ဝမ်ယိက သူမ၏ လက်မောင်းကို နှာခေါင်းနား တေ့ကာ နမ်းကြည့်လိုက်သည်။

အနည်းငယ် ရွံရှာသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ငါ့တစ်ကိုယ်လုံး ဆေးနံ့တွေ စွဲပြီး နံနေပြီလို့တောင် ခံစားရတယ်... နမ်းကြည့်ပါဦး..."

ဒုတိယမင်းသားက တကယ်ပင် အနားကပ်၍ နမ်းကြည့်လိုက်သည်။

"မနံပါဘူး... သခင်မလေးလင် ကိုယ်ပေါ်မှာ အမွှေးနံ့ပဲ ရှိတာ... ဘယ်မှာ နံလို့လဲ..."

လင်ဝမ်ယိ အသာအယာ ပြုံးလိုက်ပြီး ဒုတိယမင်းသားအား ပြောလိုက်လေသည်။

"အဲဒါက ငါ့အဝတ်အစားတွေကို နေ့တိုင်း အမွှေးနံ့သာ မှိုင်းခံထားလို့လေ... အဲဒါကြောင့် မင်း မရတာပေါ့..."

ဒုတိယမင်းသားက ပါးစပ်လေးဟကာ ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။

"ဒီလိုလုပ်ပါလား... မင်းသာ ဆေးကို သေချာ သောက်မယ်ဆိုရင်... ငါ ရှောင်လုကျစ် ကို ခိုင်းပြီး မင်းရဲ့ အဝတ်အစားတွေကိုပါ အမွှေးနံ့သာ မှိုင်းခံပေးမယ်... အဝတ်အစားတွေက အနံ့လေး မွှေးနေရင် မင်းလည်း အလိုလို နေလို့ထိုင်လို့ ကောင်းသွားမှာပေါ့... ဘယ်လိုလဲ..."

ဒုတိယမင်းသား၏ မျက်လုံးထဲတွင် တွေဝေမှုများ အပြည့်ဖြစ်နေသည်။ ဤကဲ့သို့သော နည်းလမ်းမျိုးကို သူ အရင်က တစ်ခါမျှ မတွေးဖူးခဲ့ချေ။

"အဆင်ပြေပါ့မလား..."

ဆေးသောက်ရတာ ခါးတာက ပါးစပ်ထဲမှာလေ... အဝတ်အစားတွေနဲ့ ဘာဆိုင်လို့လဲ။

သို့သော် လင်ဝမ်ယိက ထိုသို့ မတွေးချေ။

"ပြေတာပေါ့... ငါတို့လို လူနာတွေ အကြောက်ဆုံးက လူနာနံ့ ထွက်နေမှာကိုပဲ... သွားလေရာ ဆေးနံ့ကြီး ထွက်နေရင်... လူတွေ မပြောနဲ့ ပန်းတွေငှက်တွေတောင် ငါတို့ကို အဖက်လုပ်ချင်မှာ မဟုတ်ဘူး... အဲဒါကြောင့် အဝတ်အစားတွေကို မွှေးနေအောင် မှိုင်းခံထားလိုက်ရင် ကိုယ်တိုင်လည်း အနံ့ခံလို့ ကောင်းသလို ဘေးလူတွေလည်း သဘောကျမှာပဲ... အချိန်ကြာလာရင် ဘယ်သူမှ ငါတို့ကို လူနာလို့ သတ်မှတ်တော့မှာ မဟုတ်ဘူးလေ... မဟုတ်ဘူးလား..."

ဒုတိယမင်းသား နားထောင်ကြည့်လိုက်တော့ တကယ်လည်း အဓိပ္ပါယ် ရှိသည်ဟု ထင်လိုက်မိသည်။

ချက်ချင်းပင် ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။

"ဒါကြောင့်လည်း ခမည်းတော်က ဒီကို လာရတာ သဘောကျတာနေမှာ... ကျွန်တော်လည်း သဘောကျတယ်..."

ဤစကားတစ်ခွန်းက လင်ဝမ်ယိကို ချက်ချင်း စကားပြန်မပြောနိုင်အောင် ဖြစ်သွားစေသည်။

ရှက်သွေးဖြာမှုများက မျက်နှာပေါ်သို့ တဖြည်းဖြည်း တက်လာပြီး မျက်နှာလေး နီရဲသွားတော့၏။

"ဒီအရွယ်လေးနဲ့များ သဘောကျတယ် မကျတယ်ဆိုတာကို ပါးစပ်ဖျားမှာ တင်ထားရတယ်လို့... တုမားမား စည်းကမ်းလာသင်ပေးမှ ဆူခံနေရဦးမယ်..."

ဤစကားအဆုံးတွင်တော့ နှစ်ယောက်သား အသံထွက်အောင်ပင် ရယ်မောလိုက်ကြတော့သည်။

မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်ပြီးကတည်းက ဒုတိယမင်းသား ဤမျှလောက် ပျော်ပျော်ရွှင်ရွှင် ရယ်မောဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

အပြင်ဘက်ရှိ ရှအန်း မှာ သဲ့သဲ့လေး ထွက်ပေါ်လာသော ရယ်မောသံများကို ကြားနေရလေသည်။

သူမ၏ နှုတ်ခမ်းထောင့်များလည်း အလိုလို မြင့်တက်လာတော့၏။

သူမတို့၏ သခင်မလေးက ဤသို့ လူတွေကို ပျော်ရွှင်စေနိုင်သော စွမ်းရည်မျိုး ရှိနေသည်ကိုး။

အကောက်အကြံတွေနဲ့ ပြည့်နှက်နေသည့် ဤမောင်းမဆောင်ထဲတွင် ဤမြင်ကွင်းလေးက ဘယ်လောက်တောင် ရှားပါးလိုက်သလဲ။

အနောက်ဘက်ခြံဝင်းထဲတွင်တော့ တုမားမား နှင့် ချင်ကုန်းကုန်း တို့က စာရင်းကို သေချာစွာ ပြုစုနေကြသည်။

ရိုးရိုးရှင်းရှင်း လုပ်မည်ဟု ဆိုသော်လည်း ရှိသင့်ရှိထိုက်တာတွေကတော့ ရှိရမည်သာ။

အထူးသဖြင့် နေမည့်သူက မင်းသားတစ်ပါး ဖြစ်နေသည် မဟုတ်လား။ ဤသည်မှာ တစ်လောကလုံးတွင် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးပြီးလျှင် အမြင့်မြတ်ဆုံးသော အဆင့်အတန်း ဖြစ်ရာ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် လုပ်လို့ ရမည်နည်း။

All Chapters