နေထိုင်စရာ နေရာကို ပြင်ဆင်ခြင်း
Vol. 10 Ch. 96
"ကဲပါ... လောလောဆယ် ဒီပစ္စည်းတွေကို အရင် ပို့ထားလိုက်ပါဦး... တကယ်လို့ တစ်ခုခု လိုအပ်သေးရင် နောက်မှ ထပ်ဖြည့်တာပေါ့..."
တုမားမား က အမိန့်ပေးလိုက်လေသည်။
ချင်ကုန်းကုန်း လည်း ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ တုမားမား ၏ ရှေ့တွင် သူ အနည်းငယ်မျှပင် မရိုင်းပျရဲချေ။
နန်းတော်ထဲရှိ အသက်အရွယ် အနည်းငယ် ကြီးသော မိန်းမစိုးများ၊ နန်းတွင်းသူများနှင့် မားမားများ အားလုံး တုမားမား ၏ အတိတ်က အကြောင်းများကို သိထားကြသည် မဟုတ်လား။
ဤမားမားကို အလွယ်တကူ သွားစလို့ မရမှန်း လူတိုင်း သိကြလေသည်။
နန်းဆောင်တံခါးဝမှ ထွက်လာချိန်တွင် ချိုးမင် နှင့် ရှောင်လုကျစ် တို့က ချင်ကုန်းကုန်း ကို အတူတူ လိုက်ပို့ပေးကြသည်။
"ချင်ကုန်းကုန်း... အရင်တစ်ခေါက်က အကူအညီတောင်းထားတဲ့ နန်းတွင်းသူကိစ္စ ဘယ်လိုနေပြီလဲ..."
"ချိုးကုန်းကုန်း မမေးရင်တောင် ကျွန်တော်မျိုးလည်း ဒီကိစ္စ ပြောမလို့ပဲ... အဆင်ပြေတဲ့ သူလေးယောက် ရွေးထားပြီးပြီ... နန်းတွင်းသူ နှစ်ယောက်ရယ် မိန်းမစိုး နှစ်ယောက်ရယ်... ကျုပ် လက်အောက်မှာပဲ သေချာ သင်ပေးထားတယ်... သခင်မလေး နန်းတော် ပြန်ရောက်တဲ့ အချိန်လောက်ဆိုရင် ပို့ပေးလို့ ရလောက်ပြီ..."
ရုတ်တရက်ကြီး အစေခံ လေးယောက်တောင် တိုးလာမည်ဆိုတော့ ကွေ့ရန် ရာထူးအတွက်တောင် အနည်းငယ် များနေသလို ဖြစ်နေသည်။
အနည်းဆုံး ဖင် ရာထူးလောက်မှသာ ဤမျှလောက် သုံးခွင့်ရှိလေသည်။
ချိုးမင် က အနည်းငယ် များလွန်းနေသည်ဟု ထင်လိုက်သော်လည်း ချင်ကုန်းကုန်း ၏ စကားက သူ၏ သံသယများကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။
"ဒုတိယမင်းသားဆီမှာ တုမားမား က ခစားနေပြီဆိုတော့... အရင်က ရှိနေတဲ့ အစေခံတွေလည်း ဆက်ထားလို့ ရမှာ မဟုတ်တော့ဘူးလေ... အဲဒီအချိန်ကျရင် လေးယောက် မပြောနဲ့ ခြောက်ယောက် ရှစ်ယောက်လောက်အထိ ရှန်ယိနန်းဆောင် ကို ရောက်လာနိုင်တယ်..."
စကားကို အဆုံးထိ မပြောသော်လည်း ဆိုလိုရင်းကတော့ ရှင်းနေလေပြီ။
ဤ ချင်အန်း က နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော မြေခွေးအိုကြီး ပီပီ တုမားမား ကို မြင်လိုက်သည်နှင့် နောက်ကွယ်က ကိစ္စတွေကို ခပ်များများ ခန့်မှန်းမိနေလောက်ပြီ။
ထို့ကြောင့် ချိုးမင် လည်း ဆက်ငြင်းမနေတော့ပေ။
"ဒါဆိုလည်း ချင်ကုန်းကုန်း ပြောတဲ့အတိုင်းပဲ ဖြစ်ပါစေဗျာ..."
ချင်အန်း ပြုံးလိုက်သည်။ ရှန်ယိနန်းဆောင် မှ လူများနှင့် ရင်းနှီးအောင် နေခြင်းက လူတော်တော်များများ အားကျရသည့် ကိစ္စတစ်ခုပင်။
ထို့အပြင် သူ၏ တပည့်လေးလည်း ဤနေရာတွင် ရှိနေသည် မဟုတ်လား။
ထို့ကြောင့် သူက ရှောင်လုကျစ် ကို လှမ်းမှာလိုက်လေသည်။
"ချိုးကုန်းကုန်း ရော တုမားမား ပါ အလုပ်လုပ်တဲ့ နေရာမှာ အလွန် ကျွမ်းကျင်တဲ့ သူတွေချည်းပဲ... မင်းလည်း အကင်းပါးပါးနဲ့ သေချာ လိုက်သင်ထား... နောင်တစ်ချိန် လူလုံးသူလုံးလှမယ့် အချိန် ရောက်လာမှာပဲ ကြားလား..."
"ဆရာ စိတ်ချပါ... ချိုးကုန်းကုန်း က ကျွန်တော့်ကို သေချာ သင်ပေးနေတာပါ..."
ရှောင်လုကျစ် ၏ စကားကို ကြားသောအခါ ချိုးမင် ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာလေသည်။
အစေခံ လုပ်ရသည်မှာ အလွယ်ဆုံး ဖြစ်သလို အခက်ဆုံးလည်း ဖြစ်ပေသည်။
လက်ဖက်ရည်ကမ်း၊ ရေကမ်း၊ တံမြက်စည်းလှည်း၊ ခိုင်းတာလုပ် စသည်တို့ကို လူတိုင်း လုပ်တတ်ကြသည်။ သို့သော် လူလုံးသူလုံးလှချင်လျှင်တော့ သခင်က မိမိကို မှတ်မိနေအောင် လုပ်နိုင်ဖို့ လိုလေသည်။
အချိန်ကြာလာသည်နှင့်အမျှ သခင်၏ နှုတ်မှ ထုတ်မပြောခင် ဘာလုပ်ရမလဲ ဆိုတာကို ကြိုသိနေဖို့က အကောင်းဆုံးပင်။
သုန်ယွီကျုံး က တစ်ယောက်၊ တုမားမား က တစ်ယောက်၊ နန်းတွင်းရေးရာဌာန မှ မိန်းမစိုးချုပ် ချွမ်ဖူ နှင့် လက်ထောက်မိန်းမစိုးချုပ် ချင်အန်း တို့က ထိပ်တန်း အဆင့်တွေချည်းပင်။
ထို့ကြောင့် ရှောင်လုကျစ် လျှောက်ရမည့် လမ်းက ဝေးသေးပါသည်။
ဖြည်းဖြည်းချင်း သင်ယူသွားရုံသာ ရှိတော့သည်။
တစ်နာရီပင် မကြာလိုက်၊ ပစ္စည်းတွေ တော်တော်များများ ရောက်လာကြလေပြီ။
နန်းတွင်းရေးရာဌာန ၏ နွေရာသီအပန်းဖြေနန်းတော် ဂိုဒေါင်က အနောက်ဘက်ခြမ်းတွင် ရှိသဖြင့် ပစ္စည်းများ ပို့ရသည်မှာလည်း မြန်ဆန်လှပေသည်။
အားလုံးက ထိပ်တန်း အဝါရောင်သစ်တော်သားများဖြင့် ပြုလုပ်ထားပြီး သစ်သားအရည်အသွေးလည်း ကောင်းသလို လက်ရာကလည်း အလွန် သေသပ်လှပေသည်။
တုမားမား ကိုယ်တိုင်ပင် ခေါင်းညိတ် သဘောကျရသည့် ပစ္စည်းများ ဖြစ်ရာ ချင်အန်း ၏ စီစဉ်မှုက ဘယ်လောက်တောင် ကောင်းသလဲ ဆိုတာ သိနိုင်ပေသည်။
မူလက ဟာလာဟင်းလင်း ဖြစ်နေသော အခန်းလေးမှာ ချက်ချင်းပင် ပရိဘောဂများဖြင့် ပြည့်နှက်သွားတော့သည်။
အားလုံးက သစ်သားဖြင့် ပြုလုပ်ထားပြီး အချို့နေရာများတွင် အေးစက်စက် နိုင်သော်လည်း အချို့နေရာများတွင်မူ နွေဦးလို နွေးထွေးနေလေသည်။
၎င်းမှာ အပြင်အဆင်များကြောင့်သာ ဖြစ်လေသည်။
ဤတစ်ခေါက် နွေရာသီအပန်းဖြေနန်းတော် သို့ လာရာတွင် ချွမ်ချီ နှင့် ရှောင်လုကျစ် တို့ပါ ရောက်နေသဖြင့် အိမ်သုံးပစ္စည်းများကို အများကြီး ယူလာနိုင်ခဲ့သည်။
ထို့ကြောင့် အနောက်ဘက်ခြံဝင်း တစ်ခုလုံးကို ပြင်ဆင်ရန် ပစ္စည်းများ ပိုတောင်ပိုသေးသည်။
လင်ဝမ်ယိ က ရိုးရိုးရှင်းရှင်း အရောင်များကို နှစ်သက်သဖြင့် သူမ၏ အိပ်ရာခန်းဆီး၊ ပိုးစောင် နှင့် ကတ္တီပါ ကူရှင် အစရှိသည်တို့ကို ဒုတိယမင်းသား၏ အနောက်ဘက်ခြံဝင်းတွင် ထားလိုက်သော်လည်း လုံးဝ အမြင်မရိုင်းချေ။
ယင်းအစား ထိုပစ္စည်းများပေါ်မှ သင်းပျံ့နေသော နံ့သာသစ် အနံ့လေးကြောင့် ဒုတိယမင်းသား နေထိုင်ရသည်မှာ အလွန် အဆင်ပြေလေသည်။
ဤအနံ့လေးက လင်ဝမ်ယိ ကိုယ်ပေါ်မှ အနံ့လေးနှင့် တစ်ထပ်တည်း ဖြစ်ရာ ဒုတိယမင်းသားမှာ လင်ဝမ်ယိ ပြောခဲ့သော စကားများက အလွန် အဓိပ္ပါယ် ရှိသည်ဟု ရုတ်တရက် တွေးလိုက်မိသည်။
အရင်တုန်းက သူ၏ အခန်းထဲတွင် အေးစက်စက် ဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် ခါးသက်သက် ဖြစ်လေသည်။
ပြင်းထန်သော ဆေးနံ့များသာ လွှမ်းမိုးနေပြီး အချိန်ကြာလာသည်နှင့်အမျှ လူပါ စိတ်ဓာတ်ကျလာစေသည်။
ယခုလို လန်းဆန်းသည့် အနံ့လေးကမှ ပိုကောင်းသေးသည်။
ထိုအနံ့လေးကို ရှူရှိုက်ရင်း စိတ်ထဲတွင်ပင် တက်ကြွလန်းဆန်း လာသလို ခံစားရလေသည်။
"အနောက်ဘက်က မက်မွန်ခြံထဲက မက်မွန်သီးတွေ အကုန် မှည့်နေပြီ... ဒုတိယမင်းသား နှစ်ရက်လောက် နားပြီးရင်... ကျွန်တော်မျိုးမတို့ အတူတူ သွားခူးကြမလား..."
ချွမ်ချီ က ကြမ်းပြင်ပေါ်တွင် ကော်ဇော ခင်းနေရင်း ပျော်ရွှင်စွာ ပြောလိုက်လေသည်။
ဒုတိယမင်းသားမှာ ကလေးသာ ဖြစ်ရာ စိတ်ထဲတွင် ဘယ်လောက်ပဲ ရင့်ကျက်နေပါစေ ကလေးသဘာဝ ဆော့ကစားချင်စိတ်ကတော့ ရှိနေသေးလေသည်။
"ကောင်းတာပေါ့... သွားမယ်လေ... အဲဒီကျရင် သစ်ပင်တက်တတ်တဲ့ သူ တစ်ယောက် နှစ်ယောက်လောက် ခေါ်သွားပြီး အများကြီး ခူးခိုင်းရမယ်..."
"ဟီးဟီး... သစ်ပင်တက်တဲ့ နေရာမှာတော့ နန်းတော်ထဲက လူတွေ ဒီအစေခံကို မီမှာ မဟုတ်ဘူး... ဒီအစေခံက ငယ်ငယ်ကတည်းက အရှေ့ဆောင် မှာ သစ်ပင်တက် ဆော့လာတာ... သွက်သွက်လက်လက် ရှိတယ်..."
ချွမ်ချီ ၏ စကားကို ကြားသောအခါ ဒုတိယမင်းသား၏ သူမအပေါ် သဘောကျမှုက အနည်းငယ် ပိုတိုးလာတော့သည်။
ထမင်းဟင်း ချက်တာ ကောင်းရုံတင် မကဘူး... သစ်ပင်ပါ တက်တတ်သေးတာပဲ...။
တကယ်ကို နန်းတော်ထဲက တောင့်တောင့်ကြီး ဖြစ်နေတဲ့ နန်းတွင်းသူတွေနဲ့ လုံးဝ မတူပါလား။
ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး မျက်လုံးလေးများ အရောင်လက်ကာ ချွမ်ချီ ကို ကြည့်ရင်း ပြောလိုက်လေသည်။
"ကောင်းပြီလေ... ဒါဆို ငါက အောက်ကနေ မင်းအတွက် မက်မွန်သီးတွေ ကောက်ပေးမယ်..."
"ဟုတ်ကဲ့... ပြန်ရောက်ရင် ဒီအစေခံ ဒုတိယမင်းသားကို မက်မွန်သီးယို လုပ်နည်း သင်ပေးမယ်..."
"ကောင်းပြီ..."
ချွမ်ချီ ၏ တက်ကြွလန်းဆန်း နေသည့် ပုံစံလေးကြောင့် ဒုတိယမင်းသားမှာလည်း ဖျားနာနေသည်ကို မေ့ပြီး အနည်းငယ် စိတ်ရွှင်လန်းလာတော့သည်။
ထို့ကြောင့် မက်မွန်သီး သွားခူးရမည့် နေ့ကိုသာ အချိန်တိုင်း မျှော်လင့်နေမိတော့၏။
သူ့ဘေးတွင် တုမားမား ဆိုသည့် လူတစ်ယောက် ရှိနေသည်ကိုပင် လုံးဝ မေ့သွားလေသည်။
အခန်းတစ်ခုလုံးကို သေချာ ဂရုတစိုက်နှင့် နွေးထွေးအောင် ပြင်ဆင်ထားသည်ကို ကြည့်ပြီး တုမားမား က ချွမ်ချီ နှင့် ရှအန်း တို့ကို အဓိပ္ပါယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်လေသည်။
ထို့နောက် ချီးကျူးသည့် လေသံဖြင့် ပြောလိုက်လေ၏။
"သခင်မလေးက လက်အောက်ငယ်သားတွေကို အုပ်ချုပ်တတ်တာပဲ... မိန်းကလေး နှစ်ယောက်စလုံးက အသေးစိတ်ကအစ သေချာစေ့စပ်ပြီး အလုပ်လုပ်တာလည်း သေသပ်တယ်... ဒီအခန်း ပြင်ဆင်ထားတာ တကယ်ကို မဆိုးဘူး..."
သူမတို့ နှစ်ယောက်က တုမားမား မှာ အလွန် လေးနက်တည်ကြည်ပြီး ပေါင်းသင်းရ ခက်မည်ဟု ထင်ထားခဲ့ကြသည်။
ယခုလို ပါးစပ်ဟလိုက်သည်နှင့် ချီးကျူးစကား ပြောလာမည်ဟု လုံးဝ မထင်ထားခဲ့သဖြင့် နှစ်ယောက်စလုံး အနည်းငယ် ရှက်သွားကြလေသည်။
"တုမားမား ချီးကျူးတာ ကျေးဇူးတင်ပါတယ်..."
တုမားမား က သူမတို့ နှစ်ယောက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။
ထို့နောက် ဒုတိယမင်းသားဘက်သို့ လှည့်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ခဏနေရင် အရင်က ဒုတိယမင်းသားကို ပြုစုခဲ့တဲ့ သွမ့်မားမား နဲ့ ပင်းမေ တို့ ရောက်လာတော့မယ်... သူတို့ အခန်းကိုတော့ သေချာ ရှင်းပေးစရာ မလိုပါဘူး... ရောက်လာမှ ကိုယ့်ဘာသာ ရှင်းကြလိမ့်မယ်... မိန်းကလေး နှစ်ယောက်လည်း သခင်မလေးဆီ မြန်မြန် ပြန်သွားပြီး ပြုစုကြပါတော့... သခင်မလေး ဘေးမှာ လူမရှိရင် မကောင်းဘူးလေ..."
တုမားမား ကိုယ်တိုင်ပင် သူမ၏ အိပ်ခန်းကို ကိုယ်တိုင် ရှင်းလင်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုသူများ ရောက်လာလျှင်လည်း အခွင့်အရေး ယူရဲမည် မဟုတ်ချေ။
ဒုတိယမင်းသားမှာ အရင်က လူများနှင့် ပြန်တွေ့ရမည် ဆိုသည့် စကားကို ကြားလိုက်သည်နှင့် စိတ်အခြေအနေ ချက်ချင်း ကျဆင်းသွားတော့သည်။
အသံထွက်အောင် မငိုသော်လည်း ပျော်ရွှင်နေသည့် အရိပ်အယောင်လေး တစ်စက်မျှ မရှိတော့ချေ။
ဤအခြေအနေကို မြင်သောအခါ တုမားမား လည်း စိတ်ထဲတွင် သဘောပေါက်သွားလေသည်။
အရှင်မင်းကြီး သူမကို သီးသန့် ခေါ်ပြောခဲ့သည့် စကားများကို ပြန်တွေးမိပြီး သူမ ဘာလုပ်ရမည်ကို ကောင်းကောင်း သိလေသည်။
သို့သော် ယခုအချိန် ကလေးတစ်ယောက်ကို တည့်ပြောဖို့ကတော့ မသင့်တော်သေးပေ။
ထို့ကြောင့် နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ဒုတိယမင်းသားက အရှင်မင်းကြီးရဲ့ သားတော်ပါ... ဒီတစ်လောကလုံးမှာ မင်းသားလောက် အဆင့်အတန်း မြင့်တဲ့သူ သိပ်မရှိပါဘူး... လက်အောက်က အစေခံတွေက နားမလည်ရင်... နန်းတွင်း စည်းမျဉ်းတွေအတိုင်း အပြစ်ပေးလိုက်ရုံပါပဲ..."
ဒုတိယမင်းသား ထိုစကားကို ကြားသောအခါ အလင်းရောင် ကင်းမဲ့နေသော မျက်လုံးများထဲတွင် ရုတ်တရက် လှိုင်းဂယက်လေးတစ်ခု ထလာတော့သည်။
တကယ်ပဲ အဲဒီလိုလား...။
သူ မွေးဖွားလာကတည်းက နန်းတွင်းသူ နန်းတွင်းသား အများအပြားက သူ မွေးရာပါ အားနည်းပြီး နောင်တစ်ချိန် ထီးနန်းဆက်ခံနိုင်မည် မဟုတ်ကြောင်း အမြဲ ပြောခဲ့ကြသည်။
သွယ်ဝိုက်သော နည်းလမ်းများဖြင့် သူ့ကို အထင်သေးကြပြီး အမြဲတမ်း သည်းခံနေဖို့သာ သတိပေးခဲ့ကြသည်။
တုမားမား လိုမျိုး သူ၏ အဆင့်အတန်းက မြင့်မြတ်လှကြောင်း တည့်တိုး ပြောလာသူမှာ ဤတစ်ကြိမ် ပထမဆုံးပင်။
သူက အသက်ငယ်သော်လည်း အလွန် အကင်းပါးလှပေသည်။
တုမားမား ၏ ယုံကြည်မှု အပြည့်ရှိသော မျက်လုံးများကို ကြည့်ရင်း သူ၏ စိုးရိမ်ပူပန်မှုများလည်း တဖြည်းဖြည်း လျော့ကျသွားတော့၏။