← Chapters

ပဉ္စမအဆင့် ဂုဏ်ထူးဆောင် သခင်မ

Vol. 10 Ch. 97

ပဉ္စမအဆင့် ဂုဏ်ထူးဆောင် သခင်မ

Vol. 10 Ch. 97

သွမ့်မားမား တို့ တစ်စု ဒုတိယမင်းသား ဟွေ့ဖန်းယာခြံဝင်း သို့ ပြောင်းရွှေ့သွားကြောင်း ကြားလိုက်ရသောအခါ အားလုံး အလွန် အံ့အားသင့်သွားကြလေသည်။

တခြားအရာတွေကို ထားလိုက်ပါဦး... တတိယမင်းသားကတောင် တခြားက ခြံဝင်းမှာ နေနေတာလေ...။

ဒုတိယမင်းသားက ဘယ်လိုလုပ်ပြီး ချန်ကျိုက် တစ်ယောက်ရဲ့ ခြံဝင်းထဲကို ရောက်သွားရတာလဲ...။

ဒါမှမဟုတ် ချိုက်မားမား ရဲ့ ကိစ္စက ဒုတိယမင်းသားကိုပါ ထိခိုက်သွားပြီး အရှင်မင်းကြီးက မနှစ်မြို့လို့ အဝေးကို ပို့လိုက်တာများလား...။

အားလုံး‌၏ခေါင်းထဲတွင် မေးခွန်းပေါင်းစွာပြည့်နှက်နေတော့သည်။

သို့သော် ယခုအချိန်တွင် ကိုယ့်ဘာသာ တွေးနေရုံဖြင့် အဖြေထွက်လာမည် မဟုတ်သဖြင့် ဟွေ့ဖန်းယာခြံဝင်း ၏ အခြေအနေကို အရင် သွားကြည့်တာက အကောင်းဆုံးပင်။

ယခု သူတို့ သွားရမည့်လမ်းက သွားလမ်းသာရှိပြီး ပြန်လမ်းမရှိမှန်း သူမတို့ လုံးဝ မသိခဲ့ကြပေ။

အခြေအနေ တစ်ခုခု ထူးခြားလာလျှင် အပြင်ကို သတင်းပို့ပေးဖို့ တွေးထားခဲ့ကြသော်လည်း... တကယ်တမ်း သူတို့ကို စောင့်ကြိုနေသည်မှာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားရမည့် အဖြစ်ဆိုတာကိုတော့ လုံးဝ မသိခဲ့ကြချေ။

ဒုတိယမင်းသား နေ့လယ်ဘက် အိပ်ရာမှ နိုးလာချိန်တွင် အနည်းငယ် ငိုက်မျဉ်းနေဆဲပင်။

အပြင်ဘက် ခြံဝင်းထဲမှ အသံတိုးတိုးလေးများ ထွက်ပေါ်လာသည်ကို သူကြားလိုက်ရသည်။

လူတွေ အများကြီး ရပ်နေသလိုပင်။

ဒုတိယမင်းသားက ကုတင်ပေါ်မှ တိတ်တဆိတ် ဆင်းလာပြီး တံခါးအနောက်တွင် ပုန်းကာ တံခါးဟလေးမှတစ်ဆင့် ခိုးကြည့်နေလိုက်သည်။

အရှေ့ဆုံးတွင် ရပ်နေသော သွမ့်မားမား မှာ အရင်ကလို မောက်မာဝင့်ကြွား နေခြင်း မရှိတော့ဘဲ မျက်နှာပေါ်တွင် အလွန် ကြောက်ရွံ့နေသည့်ဟန် ပေါ်လွင်နေသည်။

ချိုက်မားမား နှင့် သွမ့်မားမား တို့ကို အမြဲတမ်း မှီခိုနေရသော ထိုနန်းတွင်းသူလေးများမှာမူ ပို၍ပင် ဆိုးရွားစွာ တုန်ရီနေကြလေသည်။

လှေကားထစ်ပေါ်တွင် ရပ်နေသော တုမားမား မှာ အလွန် အရှိန်အဝါ ကြီးမားလှပေသည်။

စေ့စပ်တင်းကျပ်ကြသူများကို အရာရှိမီးပြင်းဖိုဟု လူတွေက တင်စားတတ်ကြလျှင် ဤတုမားမားဆိုသည့် မီးပြင်းဖိုကြီးကတော့ သာမန်မီးပြင်းဖိုမဟုတ်ဘဲ မီးတောက်မီးလျှံများအပြည့်နှင့် မီးပြင်းဖိုကြီးပင် ဖြစ်လိမ့်မည်။

ထိုလူများကို အကြောက်တရားဖြင့် တုန်လှုပ်သွားအောင် လောင်ကျွမ်းပစ်လိုက်လေသည်။

"စကားကြီးစကားကျယ် ပြောရရင်တော့... ငါက လက်ရှိ ဧကရာဇ် ကိုတောင် ပြုစုစောင့်ရှောက်ခဲ့ဖူးတဲ့ သူပဲ... အဲဒါကြောင့် အရှင်မင်းကြီးက အတိတ်က သံယောဇဉ်ကို ထောက်ထားပြီး ငါ့ကို ပဉ္စမအဆင့် ဂုဏ်ထူးဆောင် သခင်မ ဘွဲ့ ပေးထားတာ... ငါက ဟိုသေသွားတဲ့ သာမန်အစေခံမားမားတွေနဲ့ အဆင့်အတန်းတူမဟုတ်ဘူး…ကပ်ဖားရပ်ဖားလုပ်နေကြတာတွေ ရပ်တန်းကရပ်လိုက်တော့။"

"ဟုတ်ကဲ့ပါ"

တုမားမား ၏ မျက်နှာထားက နဂိုကတည်းက လေးနက်တည်ကြည်သူ ဖြစ်ပြီး ယခု ပြောလိုက်သော စကားများက ပို၍ပင် ကြောက်စရာ ကောင်းနေလေသည်။

နန်းတော်ထဲရှိ မားမား တစ်ယောက် ဂုဏ်ထူးဆောင် ဘွဲ့ ရရှိခြင်းမှာ တုမားမား က ပထမဆုံး ဖြစ်ပြီး အရင်ကလည်းမရှိ နောင်လည်းမရှိနိုင် သော ကိစ္စတစ်ခုပင်။

ထို့ကြောင့် သုန်ယွီကျုံး ပင် သူမ၏ ရှေ့တွင် အလွယ်တကူ သွားမစရဲချေ။

သွမ့်မားမား နှင့် ပင်းမေ တို့ကတော့ ပြောနေစရာတောင် မလိုတော့ပေ။

"တစ်ယောက်ချင်းစီတိုင်းက ထမင်းမစားထားကြဘူးလား ဒါမှမဟုတ် အပျင်းထူနေကြတာလား... စကားပြောတာ အသံက တိုးတိုးလေးနဲ့... နင်တို့ကို ယဲ့ယိုနန်းဆောင် ပို့ပြီး အလုပ်ကြမ်း နည်းနည်းလောက် လုပ်ခိုင်းလိုက်မှ အခုဘဝက ဘယ်လောက် နတ်စည်းစိမ် ကျနေလဲ ဆိုတာ သိမှာလား"

အားလုံး ကြောက်လန့်တုန်ရီသွားကြကာ အော်ဖြေလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ"

ဤအသံ ထွက်လာပြီးနောက် တုမားမား က ထပ်ပြောလိုက်ပြန်သည်။

"ဒုတိယမင်းသား နေ့လယ်ဘက် အိပ်နေတာ မသိဘူးလား... အဲဒီလောက် အသံကျယ်ကြီး အော်ရအောင် ဒုတိယမင်းသားကို လန့်သွားအောင် လုပ်ချင်လို့လား... တကယ်လို့ ဒုတိယမင်းသားသာ တစ်ခုခု ဖြစ်သွားရင်... နင်တို့အားလုံး အသက်နဲ့ လျော်နိုင်မလား ဆိုတာ စဉ်းစားထားကြ"

အားလုံးမှာ ငိုချင်လျက် လက်ရာမပေါ် ဖြစ်သွားကြရသည်။

ယခုတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတော့၏။

ဤ ဟွေ့ဖန်းယာခြံဝင်း က ဤမျှလောက် နေရခက်မှန်း ကြိုသိရင် အစကတည်းက လိုက်လာခဲ့ကြမည် မဟုတ်ပေ။

ယခုတော့ နောင်တရလည်း အလကားပင် ဖြစ်သွားလေပြီ။

သတိထား နေရုံမှတစ်ပါး အခြား မရှိတော့ချေ။

အခန်းထဲမှ ဒုတိယမင်းသားမှာ ပါးစပ်ကို အုပ်ထားရင်း မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးနေမိလေသည်။

သွမ့်မားမား တို့ အရှက်ကွဲနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

တကယ်ကို ရင်ထဲက အလုံးကြီး ကျသွားတော့တာပဲ...။

ထို့နောက် စကားပြောနေဆဲ ဖြစ်သော တုမားမား ကို လှမ်းကြည့်လိုက်မိသည်။

စိတ်ထဲတွင် သူမအပေါ် အနည်းငယ် ပိုပြီး ရင်းနှီးချစ်ခင်လာသလို ခံစားလိုက်ရသည်။

နေ့ရက်များက သာမန်အတိုင်း ဖြတ်သန်းသွားလေ၏။

ဒုတိယမင်းသားကို ပြုစုရန် လာသော သူများကို တုမားမား က အနားပင် အကပ်မခံချေ။

အားလုံးကို အလုပ်ကြမ်းများ လုပ်ရန် မောင်းထုတ်ပစ်လိုက်သည်။

အဝတ်လျှော်တာ၊ ခြံဝင်း သန့်ရှင်းရေး လုပ်တာ စသည်ဖြင့်... လေးငါးယောက်လောက်ကို အခန်းတစ်ခန်းတည်းမှာ စုသိပ်ထားလိုက်သည်။

တခြားသူများကတော့ အဆင်ပြေသော်လည်း အမြဲတမ်း ဗိုလ်ကျစိုးမိုး လာခဲ့သော သွမ့်မားမား ကတော့ ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

သို့သော် သူမလည်း အခြေအနေအရ ခေါင်းငုံ့ထားရုံမှတစ်ပါး အခြား မရှိပေ။

သူမက ဘယ်လောက်ပဲ ကန့်လန့်ဖြတ်သွားချင်တဲ့ ဂဏန်းတစ်ကောင် ဖြစ်နေပါစေ၊ တုမားမား နဲ့ တွေ့ရင်တော့ အပေါင်းခံရပြီး သူများဝမ်းဗိုက်ထဲ ရောက်သွားရုံသာ ရှိတော့သည်။

ထို့ကြောင့် အခွင့်အရေးရှာပြီး အပြင်ဘက်ကို သတင်းပို့ဖို့ ကြိုးစားနေရတော့သည်။

မဟုတ်လျှင် ဒီလို အရှင်လတ်လတ်ငရဲခံနေရသလို နေ့ရက်တွေကို ဘယ်လို ဆက်ဖြတ်သန်းရမည်နည်း။

တုမားမား ၏ စည်းကမ်းများက အလွန် တင်းကျပ်သော်လည်း အောက်ခြေ အစေခံများအပေါ်တွင်သာ အသုံးပြုခြင်း ဖြစ်သည်။

ဒုတိယမင်းသားကတော့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရှိလေသည်။

နေ့တစ်နေ့တွင် အချိန်အများစုကို အရှေ့ဘက်ခြံဝင်းမှာ လင်ဝမ်ယိ တို့နှင့်အတူ စကားပြောရင်း ဖြတ်သန်းလေ့ရှိသည်။

သွမ့်မားမား တို့ ရောက်လာစဉ်က ထို သစ်သားနွားနှင့် လျှောတိုက်မြင်း အပိုင်းအစများကိုပါ တစ်ခါတည်း ယူလာခဲ့ကြသည်။

ထိုအခါမှသာ ဒုတိယမင်းသားက ဤ သစ်သားနွားနှင့် လျှောတိုက်မြင်း မှာ လင်ဝမ်ယိ ပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် အခန်းထဲတွင် တစ်နေကုန် ထိုင်ဆက်နေရာ နောက်ဆုံးတွင်တော့ အကြမ်းဖျင်း ပုံစံလေး ထွက်လာလေပြီ။

လင်ဝမ်ယိ အနည်းငယ် အံ့အားသင့်သွားသည်။ ဤဒုတိယမင်းသားမှာ ကြည့်ရတာသာ ခန္ဓာကိုယ် အားနည်းပေမယ့် ဉာဏ်ကတော့ တကယ် ကောင်းလှပေသည်။

သူမ ဤအရွယ်တုန်းက ဖခင် လုပ်ပေးသော ထိုအရုပ်များကို လုံးဝ နားမလည်ခဲ့ချေ။

ဒုတိယမင်းသား၏ အာရုံစိုက်နေသော မျက်နှာလေးကို ကြည့်ရင်း လင်ဝမ်ယိမှာ အိမ်က မောင်လေးနှင့် အတော်လေး တူသည်ဟု ထင်လိုက်မိသည်။

"မင်းက ဒီ သစ်သားနွားနဲ့ လျှောတိုက်မြင်း ကို ဒီလောက်တောင် သဘောကျနေမှတော့... မင်း မွေးနေ့ကျရင် တစ်ခြင်းလုံး အပြည့် လက်ဆောင်ပေးမယ်လေ..."

တစ်ခြင်းလုံး အပြည့် ဟုတ်လား...။

ဒုတိယမင်းသား၏ အာရုံက မွေးနေ့လက်ဆောင် ဆိုသည့် စကားလုံးထက် 'တစ်ခြင်းလုံး အပြည့်' ဆိုသည့် စကားလုံးပေါ်သို့ ရောက်သွားလေသည်။

"သခင်မလေးလင် တကယ် ပြောတာလား..."

"တကယ်ပေါ့... ငါ နန်းတွင်း မဝင်ခင်က အဖေက အများကြီး ပေးလိုက်တာလေ... မင်း သဘောကျတယ်ဆိုရင် ပေးလိုက်မှာပေါ့..."

"အရမ်းကောင်းတာပဲ... ကျွန်တော် သဘောကျတယ်... အရမ်း သဘောကျတယ်... ဒါက ကျွန်တော် ရဖူးသမျှထဲမှာ အကောင်းဆုံး... ဪ မဟုတ်ဘူး... ဒုတိယ အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲ..."

ဤ ဒုတိယ အကောင်းဆုံး မွေးနေ့လက်ဆောင် ဆိုသည့် စကားက လင်ဝမ်ယိကို အနည်းငယ် သိချင်စိတ် ဖြစ်သွားစေသည်။

ထို့ကြောင့် မေးလိုက်လေသည်။

"ဒါဆို ပထမ အကောင်းဆုံးက ဘာလဲ..."

"အရင်တုန်းက မိဖုရားခေါင်ကြီးရွှီ နဲ့ အစ်ကိုတော် တို့ သက်ရှိထင်ရှား ရှိစဉ်တုန်းက... ကျွန်တော့် မွေးနေ့ကို အတူတူ ဖြတ်သန်းပေးခဲ့ကြတာလေ..."

အတူတူ ဖြတ်သန်းပေးရုံလေးကပင် ဒုတိယမင်းသား၏ ရင်ထဲတွင် ဤမျှလောက် နက်ရှိုင်းသော အမှတ်ရစရာ တစ်ခု ဖြစ်နေခဲ့လေသည်။

လင်ဝမ်ယိ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။

ကြည့်ရသည်မှာ မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်တာ တကယ်ကို စောလွန်းသွားခဲ့သည်။

အကယ်၍သာ သူမ သက်ရှိထင်ရှား ရှိနေသေးလျှင်... လင်ကွေ့ဖေး တို့လည်း ဤမျှလောက် ဗြောင်ကျကျ ယှဉ်ပြိုင်ရဲကြမည် မဟုတ်ချေ။

လင်ဝမ်ယိ စကားမပြောသည်ကို မြင်သောအခါ ဒုတိယမင်းသား အနည်းငယ် စိုးရိမ်သွားသည်။

လန်ဖေး၏ နန်းဆောင်တွင် ရှိစဉ်က မိဖုရားခေါင်ကြီးရွှီ နှင့် အစ်ကိုတော် အကြောင်းကို အမှတ်တမဲ့ ပြောမိတိုင်း သူတို့က သိပ်မကြိုက်ကြသည်ကို ပြန်သတိရသွားသည်။

ထို့ကြောင့် လင်ဝမ်ယိလည်း သူ ဤအကြောင်း ပြောသည်ကို မကြိုက်ဘူးဟု ထင်လိုက်မိသည်။

ထို့ကြောင့် ချက်ချင်းပင် အပြုံးလုပ်ပြကာ ပြောလိုက်လေသည်။

"သခင်မလေးလင် စိတ်မဆိုးပါနဲ့... ကျွန်တော် လျှောက်ပြောမိတာပါ..."

သူ၏ အသေးအမွှားလေးကအစ ဂရုစိုက်နေသည့်ကြည့်ပြီး လင်ဝမ်ယိ ပို၍ပင် သနားသွားမိသည်။

"ကိစ္စမရှိပါဘူး… ကျွန်တော်မျိုးမက နန်းတော်ထဲ နောက်ကျမှ ဝင်လာတာဆိုတော့... မိဖုရားခေါင်ကြီးရွှီ နဲ့ ပထမမင်းသားကို မမြင်ဖူးဘူးလေ... မင်း ငါ့ကို သူတို့အကြောင်း ပြောပြပါလား..."

ဒုတိယမင်းသား၏ မျက်လုံးဝိုင်းဝိုင်းလေးများက ချက်ချင်း ပြူးကျယ်သွားပြီး လင်ဝမ်ယိကို ကြည့်လိုက်သည်။

ဤစကားက တကယ် ပြောတာလား ဒါမှမဟုတ် ဟန်ဆောင်ပြောတာလား ဆိုတာကို ခွဲခြားချင်သည့်အလားပင်။

ဤမောင်းမဆောင်ထဲတွင် စကားချိုချို ပြောတတ်သူတွေ အများကြီး ရှိသော်လည်း... မိဖုရားခေါင်ကြီးရွှီ နှင့် ပထမမင်းသားကို တကယ် စိတ်ထဲကနေ ရိုသေလေးစားသူကတော့ အလွန် နည်းပါးလှပေသည်။

ကလေးတွေ ဆိုသည်မှာ အလွန် အကဲဆတ်တတ်ကြသည်။

ဒုတိယမင်းသားက လင်ဝမ်ယိ၏ ရိုးသားမှုကို ခံစားမိပြီးနောက် ခေတ္တစဉ်းစားပြီးမှ ပြန်ပြောလိုက်လေသည်။

"တကယ်တော့ ကျွန်တော် မှတ်မိတာတွေလည်း သိပ်မများတော့ပါဘူး... အဲဒီတုန်းက ကျွန်တော်က အရမ်း ငယ်သေးတာကိုး..."

"အခုလည်း သိပ်မကြီးသေးပါဘူး..."

လင်ဝမ်ယိက စနောက်လိုက်လေသည်။

ဤစကားက အနည်းငယ် ဝမ်းနည်းစရာ ကောင်းနေသော လေထုကို အတော်လေး လျော့ပါးသွားစေသည်။

ဒုတိယမင်းသားက နှုတ်ခမ်းစူကာ ချက်ချင်း ပြန်ပြောလိုက်လေသည်။

"သခင်မလေးလင် တကယ် နားထောင်ချင်တာရော ဟုတ်ရဲ့လား..."

"နားထောင်ချင်ပါတယ်... တကယ် နားထောင်ချင်ပါတယ်... ကျွန်တော်မျိုးမ ကတိပေးတယ် နောက်ထပ် စကားဖြတ်မပြောတော့ဘူးနော်..."

သူမက တောင်းပန်လိုက်မှသာ ဒုတိယမင်းသားက ဆက်ပြောလေသည်။

"မိဖုရားခေါင်ကြီး က ဒီလောကမှာ အကြင်နာဆုံးနဲ့ သဘောအကောင်းဆုံး လူတစ်ယောက်ပါ... ကျွန်တော် မွေးကတည်းက အမေအရင်းကို မမြင်ဖူးခဲ့တော့... မိဖုရားခေါင်ကြီးကိုပဲ အမေအရင်းလို သဘောထားခဲ့တာ..."

All Chapters