← Chapters

အမြင့်တက်လေ အကျနာလေ

Vol. 10 Ch. 98

အမြင့်တက်လေ အကျနာလေ

Vol. 10 Ch. 98

"ပြီးတော့ အစ်ကိုတော်လေ… သူက ကျွန်တော့်ထက် အသက်နည်းနည်း ကြီးပေမဲ့ စရိုက်က မိဖုရားခေါင်ကြီး နဲ့ တူတယ်… အရမ်းကို သဘောကောင်းတဲ့ သူတွေ…"

"ကျွန်တော် မှတ်မိသေးတယ် တစ်ခါတုန်းက တတိယညီတော် နဲ့ ပစ္စည်းလုရင်း အစ်ကိုတော့် လက်ကို မတော်တဆ ခြစ်မိသွားလို့ သွေးတွေ အများကြီး ထွက်လာတာ… ကျွန်တော် အရမ်း လန့်သွားခဲ့တာ ဒါပေမဲ့ အစ်ကိုတော်က ကျွန်တော် ယီဖေးမယ်မယ် ဆီက အဆူခံရမှာ စိုးလို့ သူပဲ ဖြေရှင်းလိုက်တာ… အဲဒါကြောင့် သူ ခမည်းတော်နဲ့ မိဖုရားခေါင်ကြီး ဆီက အကြာကြီး အဆူခံရပြီး နှစ်နာရီလောက်တောင် ဒူးထောက် အပြစ်ပေးခံရသေးတယ်…"

ထိုအကြောင်းများကို ပြောနေချိန်တွင် ဒုတိယမင်းသား၏ မျက်လုံးထဲ၌ လွမ်းဆွတ်မှုနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အရိပ်အယောင်များ ပါဝင်နေလေသည်။

လင်ဝမ်ယိက သူ၏ ပြောစကားများကို တိတ်ဆိတ်စွာ နားထောင်ပေးနေပြီး ကြားဖြတ် မပြောခဲ့ချေ။

သူတို့ နှစ်ယောက် အခန်းထဲတွင် အလေးအနက် စကားပြောနေကြပြီး တံခါးဝတွင် ရပ်နေသော တုမားမား မှာလည်း အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ပင်။

သူမမျက်လုံးထဲမှာ အရိပ်အယောင်များမှာ ခန့်မှန်းရခက်နေသည်။

ဘေးတွင် ရပ်နေသော ရှအန်း မှာလည်း အသံလေးပင် မထွက်ရဲချေ။

ဤတုမားမား ၏ အရှိန်အဝါက အနောက်ဘက်ခြံဝင်းမှသည် အရှေ့ဘက်အထိ လွှမ်းမိုးနေသည် မဟုတ်လား။

အရင်တုန်းက ချိုးမင် ကို အတော်လေး အစွမ်းထက်သည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခု တုမားမား ၏ ရှေ့တွင်တော့ ချိုးကုန်းကုန်း ကိုယ်တိုင်တောင် အများကြီး သတိထားနေရသည်ကိုး။ ဒါဆို သူမတို့လို အစေခံတွေကတော့ ပြောနေစရာပင် မလိုတော့ပေ။

အတန်ကြာ နားထောင်ပြီးနောက် တုမားမား လည်း နောက်ဆုတ် ထွက်သွားတော့သည်။

မထွက်သွားခင် ခြံဝင်းထဲရှိ ရှအန်း ကို ဆွဲကာ တိုးတိုးလေး မှာလိုက်လေသည်။

"နောက်ထပ် ဆယ်မိနစ်လောက် နေရင် ဒုတိယမင်းသားကို ဆေးတိုက်လိုက်တော့…"

"ဟုတ်ကဲ့… ဒီအစေခံ သိပါပြီ…"

တုမားမား က ခေါင်းညိတ်ပြပြီး အနောက်ဘက်ခြံဝင်းသို့ ပြန်သွားလေသည်။

သူမသည် လင်ဝမ်ယိ၏ ခြံဝင်းထဲက ကိစ္စများကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘဲ ဒုတိယမင်းသား နေထိုင်ရာ အနောက်ဘက်ခြံဝင်းကိုသာ တာဝန်ယူလေသည်။

တုမားမား ပြန်သွားသည်ကို မြင်သောအခါ ရှအန်း လည်း ဟိုအစေခံတွေအတွက် ရင်တမမ ဖြစ်မိသည်။

ဒါပေမဲ့လည်း အဲဒီလူတွေက မကောင်းတဲ့ လူယုတ်မာတွေကိုး...။

လူဆိုးကို လူဆိုးချင်း နှိမ်ရမယ် ဆိုတဲ့ ရှေးစကား ရှိတယ်လေ။

တုမားမား ကတော့ မျက်နှာမလိုက်ဘဲ ဖြောင့်မတ် တဲ့ 'လူဆိုး' ပေါ့...။

လန်ဖေး၏ ခြံဝင်းထဲတွင်မူ သူမက ဟိုဘက်ဒီဘက် လမ်းလျှောက်နေလေသည်။

ဗိုက်က တောင်းလောက်ကြီး နေပြီဖြစ်သော်လည်း လမ်းလျှောက်နေပုံက ပေါ့ပါးသွက်လက်နေဆဲပင်။

သူမသည် နဂိုကတည်းက ကိုယ်ဝန်ကြောင့် အပူဒဏ်ကို ကြောက်ရသည့်အထဲ ယခုတော့ ချွေးတွေ တပြိုက်ပြိုက် ကျနေတော့သည်။

သို့တိုင်အောင် သူမက အနားမယူချင်ပေ။ ဘေးရှိ ကျွေ့ယွင် က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"မယ်မယ်… လမ်းလျှောက်နေတာ အတော်ကြာနေပြီ အရင် ထိုင်လိုက်ပါဦး… မဟုတ်ရင် ဗိုက်ထဲက မင်းသားလေးလည်း ခံနိုင်မှာ မဟုတ်ဘူးနော်…"

ထိုစကားကို ကြားမှသာ လန်ဖေး ခြေလှမ်း ရပ်သွားတော့သည်။

"ချိုက်မားမား တစ်ယောက် သေသွားလို့… နောက်ထပ် သွမ့်မားမား တစ်ယောက် ထပ်ပို့လိုက်ရင် ရပြီလို့ ဒီအရှင်မ ထင်ထားခဲ့တာ… အရှင်မင်းကြီးက တုမားမား ကို ဒုတိယမင်းသားဆီ လွှတ်လိုက်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး…"

"သူ့ကို ပြုစုတာ ထားပါတော့… ဟွေ့ဖန်းယာခြံဝင်း ကိုပါ ပို့လိုက်သေးတယ်… ဒါ ဒီအရှင်မ ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား…"

'ခွပ်' ခနဲ အသံနှင့်အတူ လန်ဖေး က ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ပွတ်ချပစ်လိုက်လေသည်။

လက်ဖက်ရည်များ စင်ထွက်သွားပြီး ကြွေပန်းကန်ကွဲစများ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားတော့သည်။

ဘေးတွင် ရပ်နေသော ကျွေ့ယွဲ့ က ချက်ချင်း ဝင်ရှင်းပေးလေသည်။

ကျွေ့ယွင် ကတော့ ဒေါသထွက်နေသော လန်ဖေး ကို နှစ်သိမ့်ပေးနေရ၏။

"မယ်မယ် စိတ်အေးအေးထားပါဦး… ဒီကိစ္စက အရှင်မင်းကြီး မယ်မယ့်အတွက် ကောင်းအောင် လုပ်ပေးတာ မဟုတ်ဘူးလား… တော်ဝင်နက္ခတ္တဗေဒင်ဌာန ကနေ သတင်းပို့လာတယ် ဒုတိယမင်းသားရဲ့ ဇာတာက မွေးလာတော့မယ့် မင်းသားလေးနဲ့ ကပ်ငြိနေတယ်လို့ ဆိုတယ်လေ… အဲဒါကြောင့် သူ့ကို အဝေးပို့လိုက်တာကလည်း ဒီကံဆိုးမှုကို ဖြေရှင်းဖို့ပါပဲ… ရောဂါသည် မင်းသား တစ်ပါးကို ဒီအစေခံတို့က ဘာလုပ်ရမှာလဲ… အခု အရေးအကြီးဆုံးက မယ်မယ့် ဗိုက်ထဲက တစ်ပါးပဲလေ…"

"စကားကတော့ ဒီလို ပြောလို့ ရပေမဲ့… တခြား ဘယ်သူ့ဆီ ပို့ပို့လေ… ဘာလို့ လင်ချန်ကျိုက် ဆီကိုမှ ပို့ရတာလဲ… သူလို ရာထူးနိမ့်တဲ့ ကိုယ်လုပ်တော် တစ်ယောက်က ဒုတိယမင်းသားကို ပြုစုပျိုးထောင်ခွင့် ရဖို့ ဘာအရည်အချင်း ရှိလို့လဲ…"

မင်းသားတစ်ပါးကို ပြုစုပျိုးထောင်ဖို့ အနည်းဆုံးတော့ ဖင် ရာထူး ရှိမှ ရမည်လေ။

ဒါဆို အရှင်မင်းကြီးက လင်ဝမ်ယိ ကို ဖင် ရာထူး ပေးဖို့ ရည်ရွယ်ထားတာများလား...။

သူမ နန်းတော်ထဲ ဝင်လာတာ လပိုင်းပဲ ရှိသေးတာကို အဆင့်တွေကျော်ပေးချင်နေတာလား...။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဟိုပိုင်ဖင် မျက်နှာသာရတုန်းက ဘယ်လောက်တောင် မောက်မာဝင့်ကြွား ခဲ့သလဲ။

အကယ်၍ လင်ဝမ်ယိ သာ အဲဒီလို ပုံစံမျိုးဆိုရင်တော့ သူမ စိတ်ပူစရာ မလိုတော့ပေ။

ဘာလို့လဲဆိုတော့ မောင်းမဆောင်ထဲမှာ အရမ်း ထင်ပေါ်လွန်းသူတွေက နိဂုံးမလှတတ်ကြဘူးလေ။

ပိုင်ဖင် အကျယ်ချုပ်ကနေ လွတ်လာပြီးနောက် အရှင်မင်းကြီး သူမအပေါ် ဘယ်လောက် အေးစက်သွားလဲဆိုတာ ကြည့်ရုံနဲ့တင် သူမ ပြန်လည် မျက်နှာသာရဖို့ လမ်းကြောင်း ပိတ်သွားပြီဆိုတာ သိနိုင်လေသည်။

သို့သော် ဤလင်ဝမ်ယိ ကတော့ ခဏခဏ ဖျားလိုက် နာလိုက်နှင့်ပင်။

အချိန်အများစုမှာ အခန်းထဲမှာပဲ အနားယူနေတတ်သဖြင့် ပြဿနာရှာဖို့ နေနေသာသာ မျက်နှာချင်းဆိုင်ဖို့တောင် အခွင့်အရေး မရခဲ့ချေ။

သူမက ဝါဂွမ်းထုပ်ကြီးလိုပဲ...။

ဘယ်နေရာကနေ စကိုင်ရမှန်းကို မသိနိုင်အောင် ဖြစ်နေလေသည်။

"မယ်မယ်… ဒီအစေခံ အမြင်ကို ပြောရရင်တော့… ဒါက အရှင်မင်းကြီးက မယ်မယ့်ကို သနားလို့ပါ…"

ကျွေ့ယွင် ၏ စကားက လန်ဖေး ကို အနည်းငယ် နားမလည်နိုင် ဖြစ်သွားစေသည်။

ကျွေ့ယွင် က ပြုံးရင်း ချက်ချင်း ရှင်းပြလိုက်လေသည်။

"ဒုတိယမင်းသားက ရောဂါသည် ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းသား အစစ်ပါ… တကယ်လို့ သူ့ကို လင်ကွေ့ဖေး ဆီ ပို့လိုက်မယ်ဆိုရင်… နန်းတော်ထဲက အခြေအနေတွေ အကုန် ပြောင်းလဲသွားနိုင်တယ်လေ…"

ယီဖေး တွင် တတိယမင်းသား ရှိပြီး လန်ဖေး နှင့် ယင်းကွေ့ဖင် တို့မှာလည်း ကိုယ်ဝန် ရှိနေကြသည်။

နန်းတော်ထဲရှိ ရာထူးကြီး ကိုယ်လုပ်တော်တိုင်းမှာ အားကိုးစရာ ကိုယ်စီ ရှိနေကြသည် မဟုတ်လား။

အကယ်၍ အောက်ဘက်ကို ဆင်းကြည့်မည်ဆိုလျှင် ဖင် ရာထူးမှာ ပိုင်ဖင် ရှိပြီး ကွေ့ရန် ရာထူးမှာ ယဲ့ကွေ့ရန် ရှိကာ ကျန်တဲ့သူတွေကတော့ ချန်ကျိုက် နဲ့ တာရင် တွေချည်းပင်။

ပိုင်ဖင် ကိုသာ ဒုတိယမင်းသားကို ပြုစုခိုင်းလိုက်လျှင် လဝက်ပင် မပြည့်ခင် ဒုတိယမင်းသား အသက်ပျောက် သွားပေလိမ့်မည်။

ယဲ့ကွေ့ရန် ကတော့ အတော်လေး သင့်တော်သည့် ရွေးချယ်မှု ဖြစ်သော်လည်း... ယွမ်ဟယ်ခေတ် ဆယ့်နှစ်နှစ်တွင် သေဆုံးနေသော ကလေးကို မွေးဖွားပြီးကတည်းက နန်းတော်ထဲတွင် သူမအတွက် နေရာ မရှိတော့ချေ။

သူမက အရှင်မင်းကြီး အရက်မူးပြီး အမှတ်တမဲ့ အိပ်စက်ခဲ့သူ ဖြစ်ရာ အချစ်ခံရသည်ဟုလည်း မဆိုသာပေ။

ယခုလို နန်းတော်ထဲတွင် လူမသိသူမသိ နေခွင့်ရတာကပင် အရှင်မင်းကြီးက သူမအပေါ် သနားညှာတာမှု ပြထားခြင်းပင်။

ထို့ကြောင့် သူမမှာ ဒုတိယမင်းသားကို ပြုစုခွင့် ဘယ်လိုလုပ် ရနိုင်မည်နည်း။

ထို့ကြောင့် ဒုတိယမင်းသား ဟွေ့ဖန်းယာခြံဝင်း သို့ ရောက်သွားခြင်းက သိပ်တော့ အံ့ဩစရာ မဟုတ်တော့ပေ။

ကျွေ့ယွင် ၏ ဤ ခွဲခြမ်းစိတ်ဖြာမှုနှင့် နှစ်သိမ့်မှုများက လန်ဖေး ၏ စိတ်ကို အတော်လေး ပေါ့ပါးသွားစေသည်။

"ဟူး… ဒီအရှင်မ က အဲဒီ လင်ချန်ကျိုက် ကို အလွယ်တကူ ကိုင်တွယ်လို့ ရမယ့်သူ မဟုတ်ဘူးလို့ ထင်နေတာ… သူများ အဆင့်ကျော်ပြီး တက်သွားမှာကို စိုးရိမ်လို့ပါ…"

"မယ်မယ် စိတ်ချပါ… သူမ အဆိပ်မိခဲ့တဲ့ ကိစ္စကို မယ်မယ် မေ့သွားပြီလား…"

အဆိပ်မိတာ ဟုတ်လား...။

"အေးဟုတ်သားပဲ… ဒီအရှင်မ က အဲဒီကိစ္စကိုတောင် မေ့နေတာ… ကလေးရဖို့ ခက်ခဲတဲ့ ကိုယ်လုပ်တော် တစ်ယောက်က ဘယ်လောက်အထိများ အမြင့်ကို ရောက်နိုင်မှာလဲ…"

"အဲဒါကြောင့်ပေါ့… ဒုတိယမင်းသားကို သူ့နာမည်အောက် ထည့်ပေးလိုက်ရင်တောင် ဘာထူးမှာလဲ… သူ တကယ်ပဲ ဖင် ရာထူးကို ရသွားရင်တောင် ဘာဖြစ်မှာလဲ… မယ်မယ် ထင်လား အဲဒီမင်းသားလေးက အရွယ်ရောက်တဲ့အထိ အသက်ရှင်နိုင်မယ်လို့… ဒီအစေခံ ကြည့်ရတာ အသက်ဆယ်နှစ် ပြည့်အောင် နေနိုင်ဖို့တောင် နတ်တွေဘုရားတွေ စောင့်မမှပဲ ရမယ်ထင်တယ်…"

ဟုတ်တာပေါ့… အဲဒီအချိန်ကျရင် အမြင့်တက်လေ အကျနာလေ ဖြစ်မယ့် လင်ဝမ်ယိ မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလေ။

သူမရဲ့ နိဂုံးကလည်း ယဲ့ကွေ့ရန် ထက် ပိုကောင်းလာမှာ မဟုတ်ဘူး...။

ဤအကြောင်းကို တွေးမိသည်နှင့် လန်ဖေး ၏ စိတ်ထဲရှိ အကျိတ်အခဲများ အတော်လေး ပြေလျော့သွားတော့သည်။

ဗိုက်ကို ပွတ်သပ်ရင်း ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေလေသည်။

"သားတော် စိတ်ချပါ… မိခင်က သားတော်ကို ဘယ်သူမှ လာမတိုက်ခိုက်နိုင်အောင် ကာကွယ်ပေးထားမှာပါ…"

လန်ဖေး ပြောနေသည့် အတိုက်အခိုက်ဆိုသည်ကို သူမကိုယ်ဝန်စရှိကတည်းက သတိထားမိခဲ့သည်။

နှစ်ပေါင်းများစွာ ကိုယ်ဝန်မရခဲ့ဘဲ အိမ်ကနေ အမျိုးသမီးသမားတော်ကို နန်းတွင်းသို့ လွှတ်လိုက်မှသာ သူမ ကိုယ်ဝန်ရလာခဲ့သည် မဟုတ်လား။

မူလကတော့ အလွန် ဝမ်းသာစရာ ကိစ္စဖြစ်သော်လည်း ဘေးလူတွေ၏ သွေးထိုးစကားများ‌ကြောင့် အထိမခံဖြစ်လာတော့သည်။

ထို ချိုက်မားမား က အဓိက တရားခံပင်။

"မယ်မယ်… ဒုတိယမင်းသားက မယ်မယ့်ရဲ့ ခြံဝင်းထဲမှာ လေဆန်နေလို့များ မယ်မယ် အခုထိ ကိုယ်ဝန်မရတာများလားလို့… ဒီတစ်ခေါက် သူ မိဖုရားခေါင်ကြီးရွှီ ကို သွားကန်တော့တဲ့ ရက်ပိုင်းလေးအတွင်းမှာတင် မယ်မယ် ကိုယ်ဝန်ရှိမှန်း သိလိုက်ရတာလေ… ဒါက အရမ်း တိုက်ဆိုင်လွန်းမနေဘူးလား…"

အခြေအမြစ်မရှိ လျှောက်ပြောသည့် စကားဖြစ်သော်လည်း လန်ဖေး ၏ စိတ်ထဲတွင်တော့ အစွဲအလမ်း ဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် မူလက ဒုတိယမင်းသားအပေါ် ထားရှိခဲ့သော သုံးပုံတစ်ပုံခန့်သော သံယောဇဉ်များမှာလည်း ယခုအခါ လုံးဝ မကျန်တော့ချေ။

သူမက သူ့ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့တာတောင် အန္တရာယ်ကောင် ဖြစ်နေတာပဲ...။

ထို့ကြောင့် လန်ဖေး လည်း ဒုတိယမင်းသားနှင့် မတွေ့တော့ဘဲ အမြဲတမ်း အဝေးကနေ ရှောင်နေတော့သည်။

ဤတစ်ခေါက် နွေရာသီအပန်းဖြေနန်းတော် သို့ လာရာတွင်လည်း အရှင်မင်းကြီး၏ အမိန့်သာ မဟုတ်လျှင် သူမက ဤဝန်ထုပ်ဝန်ပိုးကို ခေါ်လာချင်မည် မဟုတ်ချေ။

သူမ လုံးဝ မထင်ထားသည်က သူ့ကို လင်ဝမ်ယိ ဆီ ပို့လိုက်ခြင်းပင်။

All Chapters