မွေးနေ့ပွဲ ကျင်းပခြင်း
Vol. 10 Ch. 99
"သူတို့ နှစ်ယောက်ကတော့ တကယ့်ကို လိုက်ဖက်တာပဲ… တစ်ယောက်က ကိုယ်ဝန်ရဖို့ ခက်တယ်… တစ်ယောက်က ကိုယ်ဝန်ဆောင်တွေကို အန္တရာယ် ပေးတတ်တယ်… ကောင်းတယ်… တကယ့်ကို ပြဇာတ်ကောင်း တစ်ပုဒ်ပဲ…"
လန်ဖေး တွေးရင်းတွေးရင်းဖြင့် ဤနေရာသို့ ရောက်သွားလေသည်။
သူမ ပြောနေသည့် လေသံတွင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှုများ ပါဝင်နေပြီး ဘေးတွင် ရပ်နေသော ကျွေ့ယွင် ကလည်း ထောက်ခံသည့် အမူအရာမျိုး ပြသနေလေသည်။
သူမတို့ဘက်တွင်တော့ ဤကိစ္စကို ကျော်လွှားသွားနိုင်သော်လည်း ယောင်ထိုင်စံအိမ် မှ လင်ကွေ့ဖေး ကတော့ အလွန်အမင်း ဒေါသပေါက်ကွဲနေလေသည်။
"ဟွန်း… ဒီအရှင်မ အဲဒီ လင်ဝမ်ယိ ဆိုတဲ့ ကောင်မယုတ်က အေးအေးဆေးဆေး နေမယ့်သူ မဟုတ်ဘူးဆိုတာ သိသားပဲ… အရှင်မင်းကြီးက ဒုတိယမင်းသားကို ဟွေ့ဖန်းယာခြံဝင်း မှာ ထားဖို့အထိ သူ ဘယ်လို မြှူဆွယ်လိုက်လဲ မသိဘူး… တကယ်ကို အစွမ်းထက်တာပဲ…"
"မယ်မယ် ဒေါသကို ထိန်းပါဦး…"
ကျန်းဟယ်ချင့် နှင့် ချင်ဟယ့် တို့ ဘေးတွင် ရပ်နေကြသော်လည်း ဘယ်သူမှ ဝင်မဖျောင်းဖျရဲကြပေ။
သူတို့သာ ဝင်ပြောလိုက်ရင် ကွေ့ဖေး ဒေါသပိုထွက်သွားပြီး သူတို့ပဲ အရိုက်ခံရမည်ကို စိုးရိမ်နေကြသည်။
လင်ကွေ့ဖေး က အချိန်အတော်ကြာ ဒေါသထွက်ပြီး ကြွေပန်းကန်များကို ကြမ်းပြင်အပြည့် ခွဲပစ်ပြီးမှသာ တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။
အရှေ့ဆောင် ကတော့ ဒီတစ်ခေါက် မျက်နှာပွင့်သွားတာပဲ...။
လင်ရှင်းကျစ် က တော်ဝင်ချပ်ဝတ်စစ်တပ် ထဲ ဝင်သွားတယ်... လင်ဝမ်ယိ က ချန်ကျိုက် ရာထူး တက်သွားတယ်... ဒုတိယမင်းသား ကလည်း ဟွေ့ဖန်းယာခြံဝင်း မှာ နေခွင့်ရသွားတယ်...။
တကယ်ကို 'ဂုဏ်ကျက်သရေ' ကြီးမားလှတဲ့ မိသားစုပဲ...။
"သွား… ဒီကိစ္စတွေကို အဘွား ဆီ လူလွှတ်ပြီး သတင်းပို့လိုက်… အဘွား ကို ပထမသခင်မ တို့ကို သေချာ ဖိနှိပ်ထားဖို့ ပြောလိုက်… အောက်ခြေက လူတွေက အရှေ့ဆောင် နဲ့ အနောက်ဆောင် ကို ဂုဏ်တူ အဆင့်တူလို့ ထင်သွားကြလိမ့်မယ်…"
လင်ကွေ့ဖေး ၏ အမြင်တွင် အရှေ့ဆောင် မှ ထိုမိသားစုက သူမတို့ အနောက်ဆောင် နှင့် ယှဉ်ဖို့ လုံးဝ မထိုက်တန်ပေ။
တရားဝင် ဇနီးကြီး၏ သားသမီးတွေ ဖြစ်သော်လည်း သာမန် အရပ်သူ တစ်ယောက်က မင်းသမီး တစ်ပါးဖြစ်သည့် အဘွား နှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။
အမတ်ချုပ်အိမ်တော် ဤမျှလောက် ဂုဏ်ကျက်သရေ ရှိလာခြင်းမှာ အဘွား နှင့် ကျန်းမင်းသားအိမ်တော် တို့က နောက်ကွယ်မှ ကူညီပေးနေ၍သာ မဟုတ်ပါလား။
အရှေ့ဆောင် က အများကြီး အခွင့်အရေး ယူပြီးပြီကို... အခု သူမတို့ဆီကနေ ဘာအကျိုးအမြတ်တွေ ထပ်လိုချင်နေသေးတာလဲ...။
ကျန်းဟယ်ချင့် နှင့် ချင်ဟယ့် တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားကြလေသည်။
ချင်ဟယ့် က သစ်သီးပန်းကန် အသစ်တစ်လုံး ယူလာပြီးမှ စကားစလိုက်လေသည်။
"မယ်မယ် စိတ်အေးအေးထားပါ… ဒီကိစ္စကို မယ်မယ်က ပွဲကြည့်ပရိသတ် အနေနဲ့ပဲ နေသင့်တယ်လို့ ဒီအစေခံ ထင်ပါတယ်…"
"ဘာလို့ အဲဒီလို ပြောရတာလဲ…"
"မယ်မယ် စဉ်းစားကြည့်လေ… လန်ဖေး ဆီကနေ အကြောင်းပြချက် မရှိဘဲ မင်းသား တစ်ပါးကို လုယူသွားတာကို… သူက လင်ချန်ကျိုက် ကို ခွင့်လွှတ်ပေးပါ့မလား… ဒါ့အပြင် သူက ကိုယ်ဝန်ရှိနေသေးတယ်လေ… တကယ်လို့ လင်ချန်ကျိုက် နဲ့ ပြဿနာ တစ်ခုခုများ ဖြစ်သွားရင်…"
စကားကို အဆုံးထိ မပြောသော်လည်း ဆိုလိုရင်းကို လင်ကွေ့ဖေး နားလည်သွားလေပြီ။
သူမ၏ မျက်လုံးထဲတွင် ကျေနပ်အားရမှုများနှင့် မုန်းတီးမှုများ ရောယှက်နေပြီး အပြုံးကလည်း ပို၍ ထင်ရှားလာတော့သည်။
"ဒါလည်း ဟုတ်တာပဲ…"
ထို့နောက် ချင်ဟယ့် ကို အမိန့်ပေးလိုက်လေသည်။
"ငါတို့ရဲ့ အဖိုးတန် ဒုတိယမင်းသားလေး မွေးနေ့ ရောက်တော့မယ် မဟုတ်လား… အရင်နှစ်တွေတုန်းက သူ အရမ်း ဖျားနေလို့ မွေးနေ့ကို ရိုးရိုးရှင်းရှင်းပဲ လုပ်ခဲ့ရတာ… ဒီနှစ်တော့ ဒီအရှင်မ ကြည့်ရတာ သေချာလေး ကျင်းပပြီး ယတြာချေပေးမှ ဖြစ်မယ်… ဘာပဲဖြစ်ဖြစ် သူ့ဘေးက ရင်းနှီးတဲ့ မားမား တစ်ယောက် သေသွားတာကိုး ဟုတ်တယ်မလား…"
"မယ်မယ် ပြောတာ မှန်ပါတယ်… သေချာ ကျင်းပမယ်ဆိုမှတော့ နန်းတော်တစ်ခုလုံးက လူတွေကို ဖိတ်ရမှာပေါ့… အရှင်မင်းကြီးတောင် ချီချင်းဆောင် ကို ပြောင်းသွားပြီပဲ… ကြာကန်ဘေးမှာ ရေပေါ်မဏ္ဍပ် တစ်ခု ရှိတာ ဒီအစေခံ မှတ်မိတယ်… သိပ်မကြီးပေမဲ့ လူဆယ်ယောက်လောက် ထိုင်ဖို့တော့ လုံလောက်ပါတယ်…"
"ကောင်းပြီ… ဒါဆိုရင်တော့ နန်းတွင်းရေးရာဌာန ကို သေချာ ပြင်ဆင်ထားဖို့ အကြောင်းကြားလိုက်တော့…"
လင်ကွေ့ဖေး က ချင်ဟယ့် ကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်ခုံးပင့်လိုက်သော ပုံစံတွင် အကောက်အကြံများ အပြည့်အဝ ပါဝင်နေလေသည်။
အပြင်ဘက်တွင် မုန်တိုင်းများ ထန်နေသော်လည်း ဟွေ့ဖန်းယာခြံဝင်း ထဲတွင်တော့ အေးချမ်းနေလေသည်။
လင်ဝမ်ယိ က ခြံဝင်းထဲရှိ ခြင်းတောင်း လေးငါးလုံး အပြည့်ရှိနေသည့် လတ်လတ်ဆတ်ဆတ် ခူးလာသော မက်မွန်သီးများကို ကြည့်ပြီး ငိုချင်ရက်လက်တို့ဖြစ်နေတော့သည်။
"တခြားသူတွေကတော့ နင်တို့ မက်မွန်သီး သွားခူးတယ်လို့ ထင်ကြမှာပဲ… မသိတဲ့သူတွေကတော့ နင်တို့ မက်မွန်ခြံကို သွားဓားပြတိုက်လာတယ်လို့ ထင်သွားကြလိမ့်မယ်…"
ချွမ်ချီ ၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်ရှိနေသော်လည်း ရှောင်လုကျစ် မှာမူ ချွေးတလုံးလုံး ဖြစ်နေလေသည်။
ဒီမက်မွန်သီးတွေကို သူက တစ်ခေါက်ပြီးတစ်ခေါက် သယ်လာရတာ မဟုတ်လား။
လမ်းက သိပ်မဝေးသော်လည်း ဒီလောက် ပူပြင်းတဲ့ ရာသီဥတုကြီးမှာ သူ့ကို အမောတကော ဖြစ်သွားစေသည်။
ဒုတိယမင်းသား၏ မျက်နှာပေါ်တွင်လည်း ရှားရှားပါးပါး သွေးရောင်လေး လွှမ်းနေလေသည်။
စိတ်ပျော်ရွှင်နေမှုနှင့် ဟိုဟိုဒီဒီ ပြေးလွှားရမှုကြောင့် သူ၏ ပါးပြင်လေး နှစ်ဖက်က နီရဲနေလေသည်။
"ဒီမက်မွန်သီးက ဘယ်လောက်ချိုလဲဆိုတာ သခင်မလေးလင် သိမှာ မဟုတ်ဘူး… ချွမ်ချီ က ကျွန်တော့်ကို တစ်ဝက်လောက် ကျွေးတာ… အခုထိ ပါးစပ်ထဲမှာ ရေငတ်ပြေပြီး ခံတွင်းရှင်း နေတုန်းပဲ…"
ပြောရင်းနှင့် သူမကို တစ်လုံး ကမ်းပေးလိုက်လေသည်။
လတ်လတ်ဆတ်ဆတ် ခူးလာသည်မို့ မက်မွန်သီးပေါ်တွင် အမွေးနုလေးများ ရှိနေသေးပြီး ကိုင်လိုက်လျှင် အနည်းငယ် စူးသလို ခံစားရသည်။
ရှအန်း က ရေတစ်ဇလုံ ယူလာပြီး ချွမ်ချီ နှင့် ရှောင်လုကျစ် တို့က ရေဆေးကြလေသည်။
ဤမက်မွန်သီးက အလွန် လတ်ဆတ်သဖြင့် ဒီအတိုင်း စားလျှင် အကောင်းဆုံးပင်။
ထို့ကြောင့် အပေါ်ယံ အမွေးနုလေးများကို ရေဖြင့် ဆေးကြောပြီးနောက် ချွမ်ချီ က လင်ဝမ်ယိ ကို တစ်လုံး ပေးလိုက်လေသည်။
"သခင်မလေး… မြည်းကြည့်ပါဦး… ဒါက သေချာပေါက် အရမ်း ချိုမှာ…"
လင်ဝမ်ယိ က ပြုံးလျက် လှမ်းယူလိုက်ရာ ထိုမက်မွန်သီးမှာ အနီရောင် သမ်းနေပြီး ကြည့်ရုံနှင့် မှည့်နေမှန်း သိသာလေသည်။
တစ်ကိုက် ကိုက်လိုက်သည်နှင့် မက်မွန်သီး၏ ချိုမြိန်သော ရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ဘေးတွင် ရပ်နေသော ဒုတိယမင်းသားက သူမကို မျက်လုံးလေးများ အရောင်လက်ကာ ကြည့်နေပြီး သူမ ပထမဆုံး တစ်ကိုက် ကိုက်လိုက်သည်နှင့် ချက်ချင်း မေးလိုက်လေသည်။
"သခင်မလေးလင်… ဘယ်လိုလဲ… ချိုလား…"
"ချိုတယ်…"
နှစ်ယောက်သား အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်ကို အပြင်ဘက်မှ ဝင်လာသော အရှင်မင်းကြီးက အတိုင်းသား မြင်လိုက်ရလေသည်။
"အရှင်မင်းကြီး ကြွလာပါပြီ"
သုန်ယွီကျုံး ၏ အသံကြောင့် လူတိုင်း၏ အာရုံက ခြင်းထဲရှိ မက်မွန်သီးများထံမှ အရှင်မင်းကြီးထံသို့ ရောက်သွားကြလေသည်။
ဘာကိစ္စများ ရှိလို့လဲမသိ၊ အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် နွေးထွေးသည့် အရိပ်အယောင်များ ရှိနေပြီး လင်ဝမ်ယိ နှင့် ဒုတိယမင်းသား ကို ကြည့်လိုက်သည်။
ကြမ်းပြင်တွင် အပြည့်ရှိနေသော မက်မွန်သီးများကို ကြည့်ပြီး မေးလိုက်လေသည်။
"မင်းတို့တွေ တော်တော် နေတတ်စားတတ်တာပဲ…"
ဒုတိယမင်းသားက ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး သူ၏ သေးငယ်သော မျက်နှာလေးပေါ်တွင် အရင်ကလို လေးနက်တည်ကြည်သည့် ပုံစံမျိုးကို ပြန်ဖမ်းထားလိုက်သည်။
ခမည်းတော်၏ ရှေ့တွင် သူက အမြဲတမ်း တည်ငြိမ်သည့် ပုံစံမျိုးသာ ရှိနေခဲ့သည် မဟုတ်လား။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ…"
"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်… ခမည်းတော် ကျန်းမာပါစေ…"
"ဒီအစေခံ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ…"
ခြံဝင်း တစ်ခုလုံးရှိ လူများ အားလုံး ဒူးထောက် ဂါရဝပြုကြရာ အရှင်မင်းကြီးကပင် သူမတို့၏ အေးချမ်းမှုကို ဝင်ဖျက်လိုက်သလို ခံစားသွားရသည်။
"အားလုံး ထကြပါတော့…"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး…"
ထို့နောက် လင်ဝမ်ယိ က အရှင်မင်းကြီးကို ပင်မနန်းဆောင် အတွင်းသို့ ခေါ်သွားပြီး ဒုတိယမင်းသားကတော့ ချိုးမင် နှင့်အတူ အနောက်ဘက်ခြံဝင်း သို့ အဝတ်အစား သွားလဲလေသည်။
အရှင်မင်းကြီးက လက်ဆေးပြီး နဖူးမှ ချွေးများကို သုတ်လိုက်ပြီးမှ စကားစလိုက်လေသည်။
"တုမားမား ရော… ဘာလို့ မတွေ့ရတာလဲ…"
"တုမားမား က အနောက်ဘက်ခြံဝင်း မှာပါ… အရှင်မင်းကြီးလည်း သိတဲ့အတိုင်း ဒုတိယမင်းသား ဘေးက လူတွေကို သေချာ သင်ပေးဖို့ လိုတယ်လေ… အဲဒါကြောင့် ဒီရက်ပိုင်း သူမက အနောက်ဘက်ခြံဝင်း မှာပဲ စည်းကမ်းတွေ သင်ပေးနေတာပါ…"
"ဟွန်း… ပြဿနာတွေ နည်းသွားအောင်လို့သာ မဟုတ်ရင်… ကိုယ်တော်က သူတို့ အားလုံးကို အလုပ်ကြမ်းလုပ်တဲ့ နေရာ ပို့ပစ်လိုက်ပြီ…"
ထိုလူများကို ပြောလိုက်ချိန်တွင် အရှင်မင်းကြီးက အလွန် အထင်သေးနေလေသည်။
သို့သော် လင်ဝမ်ယိ ကတော့ တုမားမား ဤသို့ ဖြေရှင်းခြင်းက ပို၍ သင့်တော်သည်ဟု ထင်လေသည်။
သူမ၏ လက်စွမ်းနှင့်ဆိုလျှင် ထိုလူများ ပြဿနာရှာလာအောင် ဆွပေးဖို့ နည်းလမ်းပေါင်းများစွာ ရှိလေသည်။
အဲဒီအချိန်ကျမှ တစ်ခါတည်း ရှင်းပစ်လိုက်လျှင် တကယ့်ကို အမြစ်ပြတ်သွားပြီး ဘာခြေရာလက်ရာမှ ကျန်တော့မည် မဟုတ်ပေ။
"အရှင်မင်းကြီးက ဒီကိစ္စကို တုမားမား ဆီ လွှဲပေးထားပြီးပြီ ဆိုမှတော့… စိတ်ချလက်ချသာ နေလိုက်ပါ…"
လင်ဝမ်ယိ ထိုစကား ပြောပြီးနောက် အရှင်မင်းကြီးအား ဆက်မေးလိုက်လေသည်။
"ဒီအချိန် အရှင်မင်းကြီးက တိုင်းပြည်အရေး ဆောင်ရွက်နေရမယ့် အချိန် မဟုတ်ဘူးလား… ဘယ်လိုလုပ် အားနေတာလဲ…"
"လင်ကွေ့ဖေး က ဒုတိယမင်းသားအတွက် မွေးနေ့ပွဲ ကျင်းပပေးချင်တယ်လို့ လူလွှတ်ပြီး လျှောက်တင်လာတယ်… ကိုယ်တော်က အရင်က သိပ်မလုပ်ပေးဖြစ်တော့… မင်းတို့ သဘောထားကို လာမေးကြည့်တာ…"
ဒုတိယမင်းသား၏ မွေးနေ့အကြောင်းကို သူမ သိထားလေသည်။
သို့သော် ဤစကားက လင်ကွေ့ဖေး ဆီက ထွက်လာသည်ဆိုတော့ လင်ဝမ်ယိ စိတ်ထဲတွင် တစ်ခုခု ထူးခြားနေသည်ဟု ခံစားရသည်။
ခေတ္တစဉ်းစားပြီးနောက် သူမက ချက်ချင်း ပြန်မပြောခဲ့ပေ။
"ဒီကိစ္စက ဒုတိယမင်းသားရဲ့ မွေးနေ့ဆိုတော့… သူ ဘယ်လို သဘောရလဲ ဆိုတာက အရေးအကြီးဆုံးပါပဲ… အဲဒါကြောင့် အရှင်မင်းကြီး သူ့ကို အရင် မေးကြည့်တာ အကောင်းဆုံးပါပဲ…"