အတူတူ ပွဲတော်တည်ကြခြင်း
Vol. 10 Ch. 92
သို့သော် ဤအခွင့်အရေးကောင်းကို သူ လက်လွတ်မခံချင်ပေ။
ထို့ကြောင့် နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောလိုက်လေသည်။
"သားတော် သခင်မလေးလင် ခြံဝင်းထဲမှာ သွားစားချင်တယ်…"
အရှင်မင်းကြီး ဤစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
သို့သော် ပြန်တွေးကြည့်တော့ လင်ဝမ်ယိ၏ ခြံဝင်းထဲရှိ စားဖိုဆောင်လေးက တကယ်ကို လက်ရာကောင်းပေသည်။
ကြည့်ရသည်မှာ ဒီကလေး နေ့လယ်က စားကောင်းလို့ အခု ထပ်စားချင်နေတာ ဖြစ်မည်။
အပြင်ဘက်မှ ကောင်းကင်ကို တစ်ချက် ကြည့်လိုက်ပြီး သုန်ယွီကျုံးအား အမိန့်ပေးလိုက်လေသည်။
"ချက်ချင်း ဟွေ့ဖန်းယာခြံဝင်းကို သွားပြီး သတင်းပို့လိုက်… ကိုယ်တော်နဲ့ ဒုတိယမင်းသား ညစာလာစားမယ်လို့… လင်ချန်ကျိုက်ကို ပြင်ဆင်ထားခိုင်းလိုက်…"
"ဟုတ်ကဲ့ပါ…"
သူက ဟွေ့ဖန်းယာခြံဝင်းမှာ ဟင်းတွေ လောက်မလောက် ဆိုတာကိုတော့ ဂရုမစိုက်ပေ၊ အမိန့်ပေးဖို့သာ သိလေသည်။
ဟွေ့ဖန်းယာခြံဝင်း သို့ ပြန်သွားရမည်ဟု ကြားသောအခါ ဒုတိယမင်းသားမှာ ဝမ်းသာလွန်း၍ ခုန်ပေါက်မတတ်ပင်။
သူ၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း အရှင်မင်းကြီး၏ မျက်လုံးထဲတွင် သနားကြင်နာမှုများ ဖြတ်ပြေးသွားလေသည်။
ထို့နောက် တော်ဝင်သမားတော်သို့ ၏ စကားကို ပြန်သတိရသွား၏။
'ဒုတိယမင်းသားက ဒီအဆိပ်ကို သောက်လာရတာ ကြာပြီမို့… အရှင်မင်းကြီး အနေနဲ့ သူ့ဘေးနားက စားသောက်စရာ ပစ္စည်းတွေ အားလုံးကို အသစ်ပြောင်းပေးဖို့ လိုပါတယ်…'
စားသောက်စရာ ပစ္စည်းတွေချည်းပဲ ပြောင်းပေးရုံနဲ့တော့ ရောဂါလက္ခဏာကိုပဲ ကုပြီး ဇာစ်မြစ်ကိုမကုသလို ဖြစ်နေလိမ့်မည်။
ပြုစုစောင့်ရှောက်နေသည့် အစေခံတွေကိုပါ တစ်ပါတည်း ပြောင်းပစ်မှသာ ပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ပေလိမ့်မည်။
ဤအကြောင်းကို တွေးမိသည်နှင့် အရှင်မင်းကြီး၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာတော့သည်။
ဒုတိယမင်းသား၏ မျက်နှာကို ကြည့်ရင်း သူ၏ စိတ်အခြေအနေလည်း အတော်လေး တည်ငြိမ်လာ၏။
ဟွေ့ဖန်းယာခြံဝင်း ထဲတွင်မူ လင်ဝမ်ယိက တာဝန်ကျေသော အပြုံးလေးကို ဆင်မြန်းကာ တံခါးဝတွင် ရပ်စောင့်နေလေသည်။
လွန်ခဲ့သည့် ရက်များက အရှင်မင်းကြီး အမြဲ လာနေသဖြင့် သူမ အနည်းငယ် ငြီးငွေ့နေပြီမို့ ယခုလောက်ဆို နားရပြီဟု ထင်ထားခဲ့သည်။
သို့သော် ရုတ်တရက်ကြီး အမိန့်တော် ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ညစာ စားရုံဆိုလျှင်တော့ သိပ်ခက်ခဲသည့် ကိစ္စ မဟုတ်ချေ။
သို့သော် သနားစရာ ချွမ်ချီနှင့် ရှောင်လုကျစ်တို့မှာတော့ မီးဖိုချောင်လေးထဲတွင် အဆက်မပြတ် အလုပ်ရှုပ်နေကြရတော့သည်။
ပုံမှန်ဆိုလျှင် သူမ တစ်ယောက်တည်း စားမည်ဆိုပါက ဟင်းတစ်ခွက်၊ အရွက်ကြော် တစ်ပွဲနှင့် ဟင်းချို တစ်ခွက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
သို့သော် ယခု အရှင်မင်းကြီး လာမည်၊ ဒုတိယမင်းသားလည်း ပါမည်ဆိုတော့… အနည်းဆုံး ဟင်းခြောက်ခွက်တော့ ပြင်ဆင်ရပေမည်။
ကံကောင်းထောက်မစွာဖြင့် ချွမ်ချီက ပုံမှန်ဆိုလျှင်လည်း ကြိုတင် ပြင်ဆင်တတ်သူ ဖြစ်ရာ အလုပ်ရှုပ်သော်ငြား ပြာယာခတ်ခြင်းတော့ မရှိချေ။
ညအမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာလေပြီ။
မီးအိမ်များ ကိုင်ဆောင်ကာ ရှေ့မှ လမ်းပြလာသော လူအုပ်ကြီးကို မြင်လိုက်ရချိန်တွင် အရှင်မင်းကြီးနှင့် ဒုတိယမင်းသားတို့ ရောက်လာပြီမှန်း လင်ဝမ်ယိ သိလိုက်သည်။
"ကျွန်တော်မျိုးမ လင်ဝမ်ယိ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… ဒုတိယမင်းသားကိုလည်း ဂါရဝပြုပါတယ်…"
အရှင်မင်းကြီးက "အင်း" ဟုသာ တုံ့ပြန်ပြီး လက်ယမ်းပြလိုက်လေသည်။
လင်ဝမ်ယိ မတ်တပ်ရပ်လိုက်ချိန်တွင် ဒုတိယမင်းသားကလည်း သူမကို စည်းကမ်းတကျ ပြန်လည် ဂါရဝပြုလေသည်။
"သခင်မလေးလင် ကျန်းမာပါစေ…"
"ဒုတိယမင်းသား အားနာစရာတွေ လုပ်နေပြန်ပါပြီ…"
ဒီကလေး… နေ့လယ်က တွေ့တုန်းကတော့ ခေါင်းမာပြီး အရိုင်းဆန်တဲ့ ပုံစံမျိုးနဲ့… အခု နေ့တစ်ဝက်လောက်ပဲ ရှိသေးတယ် ယဉ်ကျေးသွားပါလား…။
အရှင်မင်းကြီးနှင့် ဒုတိယမင်းသား အိမ်ထဲသို့ ဝင်သွားချိန်တွင် သူမက ချိုးမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ချိုးမင်က ချက်ချင်း ရှေ့တိုးလာပြီး သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒုတိယမင်းသားကို ပြုစုတဲ့ ချိုက်မားမားက တာဝန်ပျက်ကွက်မှုနဲ့ ကိုယ့်သခင်ကို ပြန်သစ္စာဖောက်တဲ့ ပြစ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်…"
တာဝန်ပျက်ကွက်မှု…။
ကိုယ့်သခင်ကို ပြန်သစ္စာဖောက်တယ်…။
ဤပြစ်မှု နှစ်ခုက တကယ်ကို မသေးလှပေ။
စဉ်းစားကြည့်လျှင် ဒုတိယမင်းသားက လန်ဖေး၏ အချစ်တော်အသည်းနှလုံး ဖြစ်၍ သူ့ကို ပြုစုစောင့်ရှောက်မည့် မားမားများကိုလည်း အကောင်းဆုံး ရွေးချယ်ထားသင့်သည် မဟုတ်လား။
ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ အမှားမျိုး ဖြစ်သွားရသနည်း။
သို့ပေမယ့် ပြန်တွေးကြည့်တော့ ဒုတိယမင်းသား ခိုးထွက်လာတာ ဤမျှ ကြာသည်အထိ လာရှာမည့်သူ တစ်ယောက်မျှ မပေါ်လာခဲ့ပေ။
ကြည့်ရသည်မှာ လန်ဖေး စီစဉ်ပေးထားသော လူများကလည်း စိတ်တိုင်းမကျသည့်ပုံပင်။
သူမက တွေးရင်းနှင့် အိမ်ထဲသို့ ဝင်သွားလေသည်။
သူမက အရှင်မင်းကြီးကို လက်ဆေးပေးပြီး ရှအန်းက ဒုတိယမင်းသားကို တာဝန်ယူလုပ်ဆောင်လေသည်။
သားအဖ နှစ်ယောက်လုံး လက်ဆေးပြီးမှသာ ဟင်းချိုကို အရင် လာချပေးလေသည်။
"ဒီနေ့ ဟင်းရည်က ငါးကြင်းနဲ့ တို့ဟူး ချက်ထားတာပါ…အရှင်မင်းကြီးတို့ မရောက်ခင်လေးမှ ချထားတာမို့… အခု သုံးဆောင်ရင် အကောင်းဆုံးပါပဲ…"
ဟင်းရည်က နို့နှစ်ရောင် အဆင်းရှိပြီး ငါးသားကလည်း နူးညံ့ကာ တို့ဟူးများက ဟင်းရည်ထဲတွင် အရည်ပျော်လုမတတ် ဖြစ်နေလေသည်။
အပေါ်တွင် ကြက်သွန်မြိတ်လေးများ ဖြူးထားရာ မြင်ရုံနှင့်ပင် သွားရည်ကျချင်စရာပင်။
အရှင်မင်းကြီးနှင့် ဒုတိယမင်းသားက ယူ၍ မြည်းကြည့်လိုက်ကြသည်။
အရသာကတော့ တကယ်ကို ပြောစရာ မလိုအောင် ကောင်းမွန်လှပေပါတယ်။
ဟင်းရည်အပူကလည်း ကွက်တိဖြစ်နေသဖြင့် ပါးစပ် မပူသလို အေးသွားလို့ ညှီနံ့ထွက်နေတာမျိုးလည်း မရှိပေ။
ဒုတိယမင်းသားက ပန်းကန်လုံးအသေးလေး တစ်ပန်းကန် သောက်ပြီးသွားသော်လည်း မဝသေးပေ။
သို့သော် သူ ပိုစားမိလျှင် အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့ သဘောမကျဖြစ်မည်ကို စိုးရိမ်သဖြင့် နှုတ်ခမ်းကိုသာ သပ်နေပြီး ထပ်မတောင်းရဲချေ။
လင်ဝမ်ယိမှာ ကိုယ်တိုင် ကလေး မမွေးဖူးသော်လည်း သူမသည် သူမ၏မောင်လေးထက် အသက် အတော်လေး ကြီးလေသည်။
ငယ်စဉ်ကတည်းက သူ့ကို ပြုစုစောင့်ရှောက်လာခဲ့သူ ဖြစ်ရာ ဤအရွယ် ကလေးငယ်များ၏ စိတ်နေစိတ်ထားကို အနည်းနှင့်အများ ဆိုသလို ခန့်မှန်းနိုင်သည်။
ထို့ကြောင့် သူမက ပြုံးလျက် ဖျောင်းဖျလိုက်လေသည်။
"ဒုတိယမင်းသား… ဒီငါးဟင်းရည်က အားလည်းဖြစ်သလို အစာလည်းကြေလွယ်တယ်… ညဘက် နှစ်ပန်းကန်လောက် သောက်လည်း ဘာမှမဖြစ်ပါဘူး… နည်းနည်း ထပ်သုံးဆောင်မလား…"
ဒုတိယမင်းသား၏ မျက်လုံးထဲတွင် အရောင်များ လက်လာတော့သည်။
လင်ဝမ်ယိ၏ အပြုအမူကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်များ မရည်ရွယ်ဘဲ မြင့်တက်သွားကာ မေးလိုက်လေသည်။
"ရလို့လား…"
"ရတာပေါ့… ဒါပေမဲ့ ချွမ်ချီက အရသာရှိတဲ့ ဟင်းတွေ အများကြီး လုပ်ထားသေးတာမို့… ဟင်းရည်ချည်းပဲ သောက်ပြီး ဗိုက်ဝသွားရင် တခြားဟင်းတွေ သုံးဆောင်နိုင်မှာ မဟုတ်ဘူး… ပန်းကန်တစ်ဝက်လောက် ထပ်ထည့်ပေးရမလား…"
ဒုတိယမင်းသားက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
စကားပြန်ပြောချင်သော်လည်း မျိုသိပ်ထားလိုက်ရသည်။
မဟုတ်လျှင် နောက်ထပ် ဟင်းရည် နှစ်ပန်းကန်လောက် သောက်ပြီးရင်တောင် ထမင်းကို ဆက်စားနိုင်သေးတယ်လို့ သူ ပြောမိလိမ့်မည်။
ရှအန်းက ချက်ချင်းပင် ပန်းကန်လုံးတစ်ဝက်ခန့် ထပ်ထည့်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ဒုတိယမင်းသားသည် အလောတကြီး မသောက်တော့ဘဲ ဖြည်းဖြည်းချင်း အရသာခံနေတော့သည်။
ငါးသားနှင့် တို့ဟူး၏ နူးညံ့မှုက ပါးစပ်ထဲရှိ ခါးသက်သက် အရသာများကို လုံးဝ ပျောက်ကွယ်သွားစေသည်။
သူ၏ ဤပျော်ရွှင်နေသော ပုံစံလေးကို အရှင်မင်းကြီး မြင်သောအခါ သူ၏ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။
ဟင်းရည် မသောက်ရသေးခင်မှာပင် ရှောင်လုကျစ်နှင့် အစေခံများက ဟင်းပွဲများကို ယူဆောင်လာကြလေပြီ။
ခရုသားကြော် တစ်ပွဲ၊ နှင်းပွင့်ဟင်းချို တစ်ပွဲ၊ ရာသီပေါ် ဟင်းသီးဟင်းရွက် သုံးမျိုးကြော် တစ်ပွဲ၊ ထို့ပြင် ကြက်သားကင် တစ်ပွဲလည်း ပါဝင်သည်။
ခရမ်းသီးနှင့် ကျောက်ဖရုံသီးကို အသုံးပြု၍ အသုပ် တစ်ပွဲလည်း လုပ်ထားသေးသည်။
ဟင်းပွဲများက မများသလို အလွန်လည်း ရိုးရှင်းသော်ငြား အနံ့ကတော့ အလွန် မွှေးကြိုင်နေပေ၏။
လင်ဝမ်ယိက အရှင်မင်းကြီးကို ပြုစုပေးပြီး ရှအန်းက ဒုတိယမင်းသားကို ဟင်းခပ်ပေးလေသည်။
သားအဖ နှစ်ယောက်လုံး အားပါးတရ စားသောက်နေကြသော်လည်း လင်ဝမ်ယိကမူ တူကိုပင် သိပ်မကိုင်ဖြစ်ပေ။
သူမက ဗိုက်မဆာလို့ မဟုတ်ဘဲ… အမိန့်တော် ရောက်လာချိန်တွင် သူမက ခေါက်ဆွဲပြုတ် တစ်ပန်းကန် စားထားနှင့်ပြီး ဖြစ်သောကြောင့်ပင်။
ယခု သူမ၏ ဗိုက်လေးမှာ ပြည့်တင်းနေလေပြီ။
ဒုတိယမင်းသားမှာ ဤမျှ များပြားသော အစားအစာများကို မစားရသည်မှာ ကြာလှပြီဖြစ်သည်။
လင်ဝမ်ယိက သူ အလွန်အကျွံ စားမိပြီး အစာမကြေ ဖြစ်မည်ကို စိုးရိမ်သဖြင့်… ချွမ်ချီကို အချိုရည် တစ်ခွက် ထပ်လုပ်ခိုင်းထားပြီး ထမင်းစားပြီး နာရီဝက်ခန့် အကြာတွင် သောက်စေရန် စီစဉ်ထားလိုက်သည်။
၎င်းက အစာကြေစေရန် ကူညီပေးနိုင်မည် မဟုတ်လား။
ဖောင်းကားနေသော ဗိုက်လေးကို ပွတ်သပ်ရင်း ဒုတိယမင်းသား အလွန် ကျေနပ်နေမိတော့သည်။
သူ၏ စိတ်ထဲတွင်တော့ ဤဟွေ့ဖန်းယာခြံဝင်း ထဲတွင်သာ အမြဲတမ်း နေသွားချင်တော့သည်။
ဇယ့်ဖင်ကျွန်း သို့မဟုတ် လန်ဖေး၏ အနီးသို့ ပြန်ရမည်ဟု တွေးမိတိုင်း သူ တစ်စက်ကလေးမျှပင် မသွားချင်တော့ချေ။
တစ်နေရာက အေးစက်ပြီး ဘယ်သူမှ ဂရုမစိုက်သလို… အခြားတစ်နေရာကလည်း လှည့်ကွက်တွေနဲ့ ဟန်ဆောင်ပန်ဆောင် အချစ်တွေ ပြည့်နှက်နေသည်။
ဘယ်နေရာကိုပဲ ရွေးရွေး သူ သဘောမကျပေ။
စားပွဲ သိမ်းပြီးနောက် အရှင်မင်းကြီးက အစေခံများကို ဒုတိယမင်းသားအား အပြင်သို့ ခေါ်သွားပြီး ဆော့ကစားခိုင်းလိုက်သည်။
ဤလို မှောင်မည်းနေသော အချိန်တွင် ဘာမှ ဆော့စရာ မရှိမှန်း သိသာလှသည်။
၎င်းမှာ လင်ဝမ်ယိနှင့် သီးသန့် စကားပြောရန် အကြောင်းပြချက် ရှာခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် ရှအန်းက ခဏ စဉ်းစားပြီးနောက် စာကြည့်ဆောင်ဘက်သို့ သွားကာ သေတ္တာထဲမှ ထူးဆန်းသော ပစ္စည်းအချို့ကို ထုတ်ယူလာခဲ့လေသည်။
သူမက ပြုံးလျက် ဒုတိယမင်းသားအား ပြောလိုက်လေသည်။
"ဒုတိယမင်းသား… ဒီအစေခံနဲ့ ဟိုဘက်မှာ သွားကစားကြမလားဟင်…"
ဒုတိယမင်းသားက တစ်ချက် ကြည့်လိုက်သည်နှင့် ဤပစ္စည်းများက လွန်ခဲ့သော ရက်အနည်းငယ်က ခမည်းတော် ပေးခဲ့သော သစ်သားနွားနှင့် လျှောတိုက်မြင်းကို ပြုလုပ်သူ၏ လက်ရာမှန်း ချက်ချင်း သိလိုက်သည်။
သူက ဝမ်းသာအားရဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"အင်း…"
သူတို့ ထွက်သွားပြီးနောက် သုန်ယွီကျုံးက အခန်းတံခါးကို ပိတ်ပေးလိုက်လေသည်။
ထို့နောက် ယပ်တောင်ကို ပိုက်ကာ နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ပြီး စင်္ကြံအောက်တွင် ရပ်ကာ အပြင်ဘက်မှ လရောင်ကို ငေးကြည့်နေလိုက်သည်။
လရောင်က ကမ္ဘာမြေပြင် တစ်ခုလုံးကို ဖြန်းပက်ထားပြီး နေရာအနှံ့ ငွေရောင် အလင်းတန်းများ လွှမ်းခြုံနေချိန်ပင်။
လင်ဝမ်ယိက အရှင်မင်းကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် စကားစလိုက်လေသည်။