← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 32 Ch. 311-312

အခန်း ၃၁၁ - အစ်မစစ်လီ၊ ဒီမှော်ဝင်္ကပါက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား

နေမင်းကြီး ဝင်ရောက်သွားပြီးနောက် ညဉ့်ယံက ကောင်းကင်ယံကို လွှမ်းခြုံသွားလေတော့၏။

နန်းတော်မှ မထွက်ခွာမီ ရှောင်မိုက နိုင်ငံတော်ဆရာအိမ်တော်ဆီသို့ ဦးစွာ သွားရောက်ခဲ့ပေသည်။

ရထားလုံး ရပ်တန့်သွားသည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လိုက်ကာစွန်းတစ်ဖက်ကို ပင့်တင်သွားကာ ဖြည်းညှင်းစွာ ပြန်လည်ကျဆင်းသွားခဲ့လေ၏။

ရှောင်မို သတိဝင်လာချိန်တွင်တော့ ကျန်းရိုက ရထားလုံးအတွင်း၌ ဝင်ရောက်ထိုင်လင့်နေချေပြီ။

သူ၏အရှေ့တွင် ထိုင်နေသော အမျိုးသမီးကို ကြည့်ရင်း ရှောင်မိုမှာ မှင်တက်သွားခဲ့လေတော့သည်။

ကျန်းရိုက ဓားတစ်သောင်းဂိုဏ်း၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိတော့ပေ။ ယင်းအစား သူမက ရိုးရှင်းသော ဝတ်စုံဖြူတစ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ ဆံကေသာရှည်များကို စည်းနှောင်ထားကာ သွယ်လျသော ခါးလေးဆီသို့ ဖြာကျနေစေလေ၏။

ကျန်းရို၏ ဝတ်စားဆင်ယင်မှုက ရိုးရှင်းလှပြီး မျက်နှာဖုံးကို တပ်ဆင်ထားဆဲ ဖြစ်သော်လည်း သူမထံမှ အဖိုးတန် လက်ဖက်ရည်ကြမ်းလေးသဖွယ် သိမ်မွေ့ကျော့ရှင်းသော အငွေ့အသက်များ ယိုဖိတ်နေခဲ့ပေသည်။

"အရှင်မင်းကြီး ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ။ ကျွန်မ ဒီလိုဝတ်ထားတာ တစ်မျိုးကြီး ဖြစ်နေလို့လား။" ကျန်းရိုက မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။

ရှောင်မိုက ပြုံးလိုက်သည်။ "မဆန်းပါဘူး။ နတ်မိမယ်ကျန်းက ပုံမှန်ဆိုရင် အဲဒီဓားသမားဝတ်စုံကိုပဲ ဝတ်လေ့ရှိတော့ ကိုယ်တော်က အဲဒါနဲ့ပဲ မျက်လုံးက အကျင့်ပါနေတာလေ။ အခုလို ဝတ်စုံပြောင်းဝတ်လိုက်တော့ တော်တော်လေး ကြည့်ကောင်းသွားတယ်။"

ရှောင်မို၏ ချီးကျူးစကားများကို ကြားသောအခါ ကျန်းချင်ရီက ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး သူမ၏ လက်သေးသေးလေးက ဓားရှည်ကို အလိုအလျောက် ဆုပ်ကိုင်မိသွားခဲ့ပေသည်။ မျက်နှာဖုံးအောက်ရှိ သူမ၏ မျက်နှာလေးပေါ်တွင် သဲ့သဲ့မျှ နီရဲသွားခဲ့လေ၏။ "ကျွန်မဆီမှာ ဓားဝတ်စုံတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ ဒီလိုစကားတွေနဲ့ အချိန်ဖြုန်းနေမယ့်အစား အရှင်မင်းကြီး မြန်မြန် နန်းတော်အပြင်ထွက်ပြီး စောစောပြန်လာသင့်တယ်။"

"ဟဲဟဲ မိန်းကလေးပြောတာ မှန်ပါတယ်။" ရှောင်မိုက ပြုံးရုံသာ ပြုံးနေလိုက်ပြီး ဤနတ်မိမယ်ကျန်းက တစ်ခါတစ်ရံတွင် ချီးကျူးစကားများကို မခံနိုင်သော မိန်းကလေးငယ်တစ်ဦးနှင့် တူလှသည်ဟု ခံစားနေရလေ၏။

ရှောင်မိုက ရထားလုံးကို ပုတ်လိုက်ပြီး ဝေ့ရွှန်းအား ပြောလိုက်ပေသည်။ "နန်းတော်အဝင်ဝကို သွားမယ်။"

"နန်းတော်အဝင်ဝကို သွားမယ်ဟေ့။"

ဝေ့ရွှန်း၏ အက်ကွဲကွဲ အော်ဟစ်သံနှင့်အတူ ရထားလုံးက နန်းတော်အပြင်ဘက်သို့ ဦးတည်မောင်းနှင်သွားခဲ့လေတော့သည်။

နန်းတော်တံခါးများမှ ထွက်ခွာလာပြီးနောက် ရှောင်မိုနှင့် ကျန်းရိုတို့က ရထားလုံးပေါ်မှ ဆင်းလိုက်ကြပေသည်။ ဝေ့ရွှန်းနှင့် သက်တော်စောင့်အချို့က ရှောင်မို၏နောက်မှ လိုက်ပါလာခဲ့ကြလေ၏။

ပြီးခဲ့သည့်အကြိမ်က အရှင်မင်းကြီး အပန်းဖြေရန် နန်းတော်မှ ထွက်ခွာလာစဉ် ဝေ့ရွှန်းမှာ မသမာသူများ ရန်ပြုမည်ကို စိုးရိမ်ပူပန်ကာ သံပူပေါ်နင်းထားရသကဲ့သို့ ဖြစ်နေခဲ့ဖူးပေသည်။

ယနေ့တွင်မူ နတ်မိမယ်ကျန်းက အရှင်မင်းကြီးအား အစောင့်အရှောက်အဖြစ် လိုက်ပါလာသောကြောင့် ဝေ့ရွှန်း၏ ရင်ထဲတွင် များစွာ စိတ်အေးသက်သာ ရှိသွားခဲ့လေတော့၏။

မြို့တော်အတွင်း၌လည်း ရှောင်မို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေ၏။

အချိန်အားဖြင့် ရွှီးနာရီသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မြို့တော်၏ လမ်းမများထက်တွင် လူများ၊ ရထားလုံးများဖြင့် စည်ကားသိုက်မြိုက်နေဆဲဖြစ်ကာ နေ့ခင်းဘက်အချိန် မကုန်ဆုံးသေးသည့်အလား သက်ဝင်လှုပ်ရှားနေခဲ့ပေသည်။

အိမ်တိုင်းအိမ်တိုင်း၏ ခေါင်မိုးအောက်တွင် ပိုးကြိုးနီများဖြင့် ချည်နှောင်ထားသော မီးပုံးတန်းများက နွေးထွေးသော အဝါရောင်အလင်းတန်းများကို ဖြာကျစေလျက် လမ်းမတစ်ခုလုံးကို လင်းထိန်နေစေလေ၏။

အိမ်တိုင်းမှ အနီရောင် မီးပုံးလေးများက တစ်လုံးပြီးတစ်လုံး ယှဉ်တွဲလျက် လူ့လောကကို လင်းထိန်စေရန် ဆင်းသက်လာသော ကောင်းကင်ဂလက်ဆီ မြစ်ကြောကြီးတစ်စင်းနှင့်ပင် တူနေတော့၏။

"သခင်မလေး၊ လာကြည့်ပါဦး၊ ဒီလက်ဝတ်ရတနာလေးတွေက သိပ်ကို လှပတာပါဗျာ။"

"အရုပ်လေးတွေ၊ အရုပ်အသစ်လေးတွေ ရပြီဗျို့။"

"အခုလေးတင် ပေါင်းထားတဲ့ အသားပေါက်စီ ပူပူလေးတွေ ရမယ်ဗျို့။"

လမ်းမဘေးတစ်လျှောက်တွင် ဈေးဆိုင်ငယ်လေးများက စီတန်းနေပြီး ဈေးသည်များ၏ အော်ဟစ်ခေါ်ငင်သံများက အနိမ့်အမြင့် ရောယှက်လျက် မပြတ်တမ်း ထွက်ပေါ်နေခဲ့ပေသည်။

ရေနွေးငွေ့ အပူဟပ်များက သကြားနှင့် ဂျုံမှုန့်တို့၏ မွှေးပျံ့သော အနံ့အသက်များနှင့် ရောနှောကာ ညဉ့်လေညင်းထဲတွင် လွင့်မျောနေခဲ့လေ၏။

ယနေ့ညက ကဗျာမီးပုံးပွဲတော် ဖြစ်သောကြောင့် ပုံမှန်အားဖြင့် တင်းကျပ်သော အိမ်တွင်းစည်းမျဉ်းများ ရှိတတ်သည့် အထက်တန်းလွှာ မိသားစုများမှ မိန်းကလေးငယ်များစွာသည် ဤအချိန်တွင် အပြင်ထွက်ခွင့် ရရှိခဲ့ကြပေသည်။

သူတို့က အရောင်အသွေး စုံလင်သော ဂါဝန်များကို ဝတ်ဆင်ထားကြပြီး အချို့က သူတို့ မိခင်များ၏ လက်မောင်းကို ညင်သာစွာ ချိတ်ဆွဲလျက် တိုးတိုးတိတ်တိတ် စကားစမြည်ပြောကာ ရယ်မောရင်း လင်းထိန်နေသော လမ်းမတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြလေ၏။

အချို့ကမူ ဆံထိုးများ ရောင်းချသော ဆိုင်များအရှေ့တွင် နှစ်ယောက်သုံးယောက် စုဝေးနေကြကာ တစ်ယောက်က ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ကောက်ကိုင်၍ အလင်းရောင်နှင့် ထောင်ကြည့်လိုက်၊ သူမ၏ ညီမဖြစ်သူ ဆံပင်တွင် ထိုးကြည့်ပေးလိုက်နှင့် ရှိနေကြပြီး တစ်ခါတစ်ရံတွင် နွေဦးရာသီမှ ငှက်ကျားလေးများ အော်မြည်သကဲ့သို့ နူးညံ့သော ရယ်မောသံများက လွင့်ပျံလာတတ်ပေသည်။

ရှောင်မိုက ယပ်တောင်ကို ဖွင့်ကာ ယပ်ခတ်ရင်း အရှေ့သို့ လျှောက်လှမ်းသွားခဲ့လေ၏။

ရှောင်မိုနှင့် ကျန်းချင်ရီတို့၏ ရုပ်ရည်သွင်ပြင်က အလွန်တရာ ထူးခြားပေါ်လွင်လွန်းနေပြီး အထူးသဖြင့် သူတို့၏ သာမန်မဟုတ်သော အရှိန်အဝါများကြောင့် လမ်းမထက်ရှိ အမျိုးသား၊ အမျိုးသမီးများ၏ အာရုံစိုက်မှုကို အမြဲတမ်း ဆွဲဆောင်နေခဲ့ပေသည်။

သို့သော် သူတို့နှစ်ဦးစလုံးက ယင်းကို လျစ်လျူရှုထားခဲ့ကြလေ၏။

"ထန်ဟူလု၊ ထန်ဟူလု၊ အခုလေးတင် လုပ်ထားတဲ့ ထန်ဟူလုလေးတွေ၊ ချိုချိုရွရွလေးတွေ ရမယ်ဗျို့။"

ရှောင်မိုက ထန်ဟူလုရောင်းသည့် အဘိုးအိုအနီးမှ ဖြတ်သန်းသွားစဉ် ကျန်းချင်ရီက သူမ၏ ခြေလှမ်းများကို နှေးကွေးလိုက်ပြီး လှည့်ကြည့်သွားခဲ့ပေသည်။

ကျန်းချင်ရီ၏ အကြည့်ကို သတိပြုမိသွားသောအခါ ဤနတ်မိမယ်ကျန်းက စားချင်နေသော်လည်း ရှက်ရွံ့နေသည်ဟု ရှောင်မို တွေးလိုက်မိကာ အဘိုးအိုအား တိုက်ရိုက်ပင် ပြောလိုက်လေ၏။ "အဘိုး၊ တစ်ချောင်းလောက် ပေးပါ။"

"ဟုတ်ကဲ့ပါဗျာ။" ထန်ဟူလုရောင်းသည့် အဘိုးအိုက တစ်ချောင်းကို ဖြုတ်ယူလိုက်ပြီး ရှောင်မိုထံသို့ ကမ်းပေးလိုက်ပေသည်။

ဝေ့ရွှန်းမှာ လန့်ဖျပ်သွားပြီး အရှင်မင်းကြီးကိုယ်စား ဝင်ယူပေးရန် ဟန်ပြင်လိုက်လေ၏။

သို့သော် ရှောင်မိုက ထန်ဟူလုကို ယူလိုက်ပြီးဖြစ်ကာ သူ၏ လက်ပွေ့အိတ်ထဲမှ ငွေစလေးတစ်စကို ပစ်ပေးလိုက်ပေသည်။ "အမ်းစရာ မလိုတော့ဘူး။"

"ကျေးဇူးတင်ပါတယ် သခင်လေး။ ကျေးဇူးတင်ပါတယ် သခင်လေး။" အဘိုးအိုက လျင်မြန်စွာ လက်ခံလိုက်ပြီး အထပ်ထပ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလေတော့၏။

ရှောင်မိုက ထန်ဟူလုကို ကျန်းချင်ရီထံသို့ ကမ်းပေးလိုက်သည်။ "တစ်ချောင်းလောက် စားမလား။"

ကျန်းချင်ရီက ရှောင်မို၏ လက်ထဲရှိ ထန်ဟူလုကို တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ တွေဝေသွားကာ နောက်ဆုံးတွင် ယူလိုက်ပေသည်။ သူမက မျက်နှာဖုံးစွန်းကို အနည်းငယ် ပင့်တင်လိုက်ပြီး တစ်ကိုက်ချင်းစီ စတင် စားသောက်လေတော့၏။

သူမ ထန်ဟူလု စားနေသည်ကို ကြည့်ရင်း ရှောင်မိုမှာ ရင်ထဲတွင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရပေသည်။

ဤနတ်မိမယ်ကျန်းက ဓားသိုင်းကျင့်ကြံမနေသည့် အချိန်များတွင် သာမန်အမျိုးသမီးတစ်ဦးနှင့် ဘာမှမကွာခြားလှဟု သူ အမြဲတမ်း ခံစားမိလေ၏။

"နတ်မိမယ်ကျန်းက ထန်ဟူလုကို တော်တော်ကြိုက်ပုံရတယ်။ နတ်မိမယ်ကျန်းအတွက် နောက်ထပ် နှစ်ချောင်းသုံးချောင်းလောက် ဝယ်ပေးရမလား။" ရှောင်မိုက ပြုံးလျက် မေးလိုက်ပေသည်။

"မလိုပါဘူး။" ကျန်းချင်ရီက ခေါင်းခါလိုက်လေ၏။ "ကျွန်မက အများဆုံး တစ်ချောင်းပဲ စားတာပါ။"

"ဘာဖြစ်လို့လဲ။" ရှောင်မိုက မေးလိုက်သည်။

ကျန်းချင်ရီက ရှောင်မိုကို ကြည့်ကာ ပြောလိုက်ပေသည်။ "ကျွန်မ ငယ်ငယ်တုန်းကဆိုရင် ဆရာက ကျွန်မကို တစ်နေ့မှ တစ်ချောင်းပဲ စားခွင့်ပေးတယ်။ အဲဒါနဲ့ပဲ အကျင့်ပါသွားတာ။"

"အော်... ဒီလိုကိုး။" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး သိပ်ပြီး အရေးတယူ တွေးမနေတော့ချေ။

သူတို့နှစ်ဦး အရှေ့သို့ ဆက်လက် လျှောက်လှမ်းလာစဉ် ရုတ်တရက် ကျန်းချင်ရီက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မြို့တော်၏ အနောက်ဘက်ခြမ်းဆီသို့ လှမ်းကြည့်လိုက်ကာ သူမ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့လေ၏။

"နတ်မိမယ်ကျန်း၊ ဘာဖြစ်လို့လဲ။" ရှောင်မိုက ကျန်းချင်ရီကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။

"သူငယ်ချင်းနှစ်ယောက် ရောက်လာလို့၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်။"

"ဟင်..."

ရှောင်မို တစ်ခွန်းတစ်ပါဒမျှပင် မဟလိုက်ရခင်မှာပင် ကျန်းချင်းရီက ခုန်ပျံထွက်ခွာသွားပြီး ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်မြို့တော်၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဝမ်ရှင်းက သူမ၏ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမအရှေ့ရှိ မှော်ဝင်္ကပါကို ကြည့်နေခဲ့ပေသည်။

ဤမှော်ဝင်္ကပါက ကောင်းကင်နှင့်မြေကြီး၏ ရတနာများစွာကို အသုံးပြုထားပြီး ယင်း၏ နက်နဲဆန်းကြယ်မှုက မှော်ဝင်္ကပါများစွာကို မြင်တွေ့ဖူးကာ သုတေသနအချို့ ပြုလုပ်ထားဖူးသော ဝမ်ရှင်းပင်လျှင် သူမအနေဖြင့် ယင်းကို ကောင်းစွာ နားမလည်နိုင်ဟု ခံစားနေရစေလေ၏။

"ဒီမှော်ဝင်္ကပါက ပြီးလုနီးပါး ဖြစ်နေပြီ။"

စစ်လီက သူမ၏ လက်များကို ခါချလိုက်ပြီး ဝမ်ရှင်းအား ပြောလိုက်ပေသည်။

"ညီမလေး ဝမ်ရှင်း၊ ဟို မင်စွန်းတစ်ဝက်ကို အထဲ ထည့်လိုက်ပါ။"

ဝမ်ရှင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ မင်စွန်းတစ်ဝက်ကို ထုတ်ယူကာ မှော်ဝင်္ကပါ၏ အလယ်ဗဟိုတွင် ချထားလိုက်လေ၏။

"အစ်မစစ်လီ၊ ဒီမှော်ဝင်္ကပါက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။"

ဝမ်ရှင်းက မေးလိုက်ပေသည်။

စစ်လီက ဝမ်ရှင်းကို ရှာတွေ့သွားသောအခါ ရှောင်မို၏ တည်နေရာကို အတူတကွ ရှာဖွေရန် ဝမ်ရှင်းနှင့် ပူးပေါင်းမည်ဟု အဆိုပြုခဲ့ပြီးနောက် ဤကဲ့သို့သော မှော်ဝင်္ကပါကို ရေးဆွဲခဲ့ခြင်း ဖြစ်လေ၏။

"စမ်းကြည့်ကြတာပေါ့၊ အလုပ်မဖြစ်ရင်လည်း တခြားနည်းလမ်း စဉ်းစားလို့ ရတာပဲလေ။" စစ်လီက ပေါ့ပေါ့ပါးပါးဟန် ရှိနေသော်လည်း တကယ့်လက်တွေ့တွင်မူ သူမမှာ မသိမသာ အာရုံကြောများ တင်းမာနေခဲ့ပေသည်။

အကယ်၍ ဤမှော်ဝင်္ကပါကသာ အလုပ်မဖြစ်ခဲ့လျှင် သူမက သခင်လေး၏ သဲလွန်စများကို မြို့တော်အတွင်း ဆက်လက်ရှာဖွေရန် လေနားဆင်စံအိမ်ကို ခိုင်းစေရတော့မည် ဖြစ်လေ၏။

ကျိုးနိုင်ငံ၏ အုပ်စိုးရှင် အမည်မှာလည်း ရှောင်မိုဖြစ်ကြောင်း ကြားသိရခြင်းနှင့် ပတ်သက်၍မူ..

စစ်လီ၏ အမြင်တွင် ဤကဲ့သို့သော ကိစ္စရပ်က လုံးဝ ဆက်စပ်မှုမရှိဟု ထင်မြင်နေခဲ့ပေသည်။

အမည်နာမတစ်ခုဆိုသည်က သင်္ကေတတစ်ခုမျှသာ ဖြစ်လေ၏။ ဤလောကတွင် ရှောင်မိုဟူသော အမည်ရှိသူများ များစွာ ရှိနေပေသည်။

အကယ်၍ ရှောင်မိုဟူသော အမည်ရှိသူတိုင်းကြားတွင် လိုက်လံရှာဖွေရုံဖြင့် သခင်လေးကို ရှာတွေ့နိုင်မည်ဆိုလျှင် သခင်လေးကို အနန္တတာအိုဂိုဏ်းဆီသို့ ပြန်ခေါ်သွားနိုင်ခဲ့သည်မှာ ကြာလှချေပြီ။

"ကဲ၊ အစ်မ မှော်ဝင်္ကပါကို အသက်သွင်းတော့မယ်။ အစ်မကို ကာကွယ်ပေးထား။"

စစ်လီက စကားပြောဆိုပြီးနောက် မှော်ဝင်္ကပါ၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်လေ၏။

သို့သော် စစ်လီက မှော်ဝင်္ကပါကို အသက်သွင်းရန် ဟန်ပြင်လိုက်ချိန်မှာပင် သူမနှင့် ဝမ်ရှင်းတို့ နှစ်ဦးစလုံးက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လမ်းကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်ကြပေသည်။

ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးက စစ်လီတို့ ရှိရာဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေခဲ့လေတော့သည်။

အခန်း ၃၁၂ - သခင်လေး၊ ကျွန်မတို့ ဒီကစားနည်းကို ကစားကြည့်ရအောင်လား

ကျန်းချင်ရီ ထွက်ခွာသွားပြီးနောက် ရှောင်မိုမှာ ထိုနေရာ၌ပင် ခဏမျှ မှင်တက်ရပ်နေမိလေ၏ ။

သူမ ဤမျှ ပြတ်သားစွာ ထွက်ခွာသွားလိမ့်မည်ဟု ရှောင်မို လုံးဝ ထင်မှတ်မထားခဲ့ချေ ။

သို့သော် သူမ ထွက်သွားပြီဖြစ်ရာ သူမနောက်သို့ လိုက်သွားရန် ရှောင်မို တွေးမနေတော့ပေ ။

သူမကို မီအောင် လိုက်နိုင်မည်လား ဆိုသည်ကိုပင် ပြောစရာ မလိုတော့ချေ။

သူမက သူမ၏ သူငယ်ချင်းကို သွားရှာခြင်းဖြစ်ရာ သူက ဘာကိစ္စနှင့် အတင်းအကျပ် လိုက်ပါသွားရမည်နည်း။

ရှောင်မိုက ယပ်တောင်ကို ယပ်ခတ်ရင်း မြို့တော်အတွင်း ဆက်လက် လမ်းလျှောက်လာခဲ့လေ၏ ။

သူက လမ်းဘေးဝဲယာရှိ ဆိုင်တန်းများကို ကြည့်ရှုရင်း ဈေးသည်များ၏ အော်ဟစ်ခေါ်ငင်သံများကို နားဆင်ခဲ့ပေသည်။ အရောင်အသွေးစုံလင်သော ဂါဝန်ရှည်များကို ဝတ်ဆင်ထားကာ ငှက်ကျားလေးများသဖွယ် တီတီတာတာ စကားပြောနေကြသည့် မိန်းမပျိုလေးများကိုလည်း သူ ငေးမောကြည့်ရှုနေခဲ့လေ၏။

အနီရောင် မီးပုံးလေးများက မိန်းမပျိုလေးများ၏ မျက်နှာထက်သို့ အလင်းဖြာကျနေပြီး ပါးနီပါးပါးလေး တစ်လွှာ လိမ်းကျံပေးထားသည့်အလား ပုံမှန်ထက်ပင် ပို၍ လှပတင့်တယ်နေစေတော့၏။

"သခင်လေး... မြန်မြန်လာပြီး ကစားလှည့်ပါဦးရှင်..."

"သခင်ကြီး... အတွင်းကို ကြွပြီး ထိုင်ပါဦး။"

"အို... အိမ်တော်ထိန်းဝမ်ရယ်၊ ဘာလို့ အခုမှ ရောက်လာရတာလဲ။ ကျွန်မဖြင့် လွမ်းနေလိုက်ရတာ။ အိမ်တော်ထိန်းကြီး... အတွင်းကို ကြွပါဦးရှင်။"

ရှောင်မိုက မြို့တော်၏ အကြီးဆုံး ပြည့်တန်ဆာအိမ်ရှေ့မှ ဖြတ်လျှောက်သွားစဉ် လက်ရန်းဘေးတွင် ရပ်ကာ ဧည့်သည်ခေါ်နေကြသော ခပ်ဟဟ ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးများ၏ အသံများကို ကြားလိုက်ရလေ၏ ။

သူတို့၏ ဆီးနှင်းကဲ့သို့ ဖြူဝင်းသော အသားအရည်များက ဟင်းလင်းပွင့်နေကာ အချို့မှာ ရင်ခွင်ဖုံးကိုသာ ဝတ်ဆင်ထားကြပြီး သူတို့၏ ရင်သားများက ထိုရင်ခွင်ဖုံးကို အပေါ်သို့ တွန်းတင်ထားသဖြင့် ထိုးသွင်းထားသော ပီယိုနီပန်းပွင့်များမှာ အသက်ဝင်နေသည့်အလား ထင်မှတ်ရပေသည် ။

ကျိုးတိုင်းပြည် မြို့တော်၏ အကျော်ကြားဆုံး ပြည့်တန်ဆာအိမ်ဟူသော နာမည်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည် ။

ဧည့်သည်ခေါ်နေကြသော ဤမိန်းကလေးများ၏ အလှတရားက အခြားသော ပြည့်တန်ဆာအိမ်များ၏ အတွင်းဆောင်များ၌ အလုပ်လုပ်ကြသော မိန်းကလေးအများစုထက်ပင် သာလွန်နေသေးတော့၏။

"သခင်လေး... ရပ်ကြည့်မနေနဲ့လေ၊ လာပြီး ကစားပါဦးရှင်..."

"သခင်လေး၊ မြန်မြန်လာပါရှင်။ ကျွန်မက သခင်လေးကို သေချာပေါက် ကောင်းကောင်း ပြုစုပေးမှာပါ..."

"သခင်လေးက သိပ်ချောတာပဲ။ ကျွန်မကတောင် ပြန်ပြီး ပိုက်ဆံပေးချင်စိတ် ပေါက်လာပြီ။"

အမျိုးသမီးအချို့က ပြည့်တန်ဆာအိမ်အပြင်ဘက်တွင် ရပ်ကြည့်နေသော ရှောင်မိုကို မြင်သောအခါ အထဲဝင်၍ ပျော်ပါးချင်သည်ဟု ထင်မှတ်သွားကြပြီး သူတို့၏ တင်ပါးများကို လှုပ်ရမ်းလျက် သူ၏အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာကြလေ၏ ။

ဤသခင်လေး၏ ဝတ်စားဆင်ယင်မှုက ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်ကိုပင် ထားလိုက်ပါဦး။

ဤသခင်လေး၏ ချောမောလှပသော ရုပ်ရည်သွင်ပြင် တစ်ခုတည်းကပင် သူတို့ကို ရင်ခုန်လှိုင်းထစေရန် လုံလောက်နေခဲ့ချေပြီ။

သူက ငွေဖြုန်းမည်ဆိုသည်ကို မေ့ထားလိုက်ပါ၊ သူတို့ကသာ သူ့အတွက် ငွေပြန်ပေးချင်နေကြလေ၏။

အနီးသို့ ချဉ်းကပ်လာသော အမျိုးသမီးများကို ကြည့်ရင်း ဝေ့ရွှန်းမှာ အရှင်မင်းကြီးအတွက် ထိုအမျိုးသမီးများကို တားဆီးပေးရမည်လား ဆိုသည်ကို ခဏမျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး ရှောင်မိုက ဝေ့ရွှန်းကို အချက်ပြလိုက်သည့် အချိန်ရောက်မှသာ သူက အစောင့်များနှင့်အတူ ရှေ့သို့တက်ကာ ထိုပြည့်တန်ဆာမိန်းကလေးများကို ဖယ်ရှားရှင်းလင်းလိုက်လေတော့သည် ။

"သခင်လေးက အထဲဝင်ပြီး မပျော်ပါးတော့ဘူးလား။"

ရှောင်မိုက အရှေ့သို့ ဆက်လက် လျှောက်လှမ်းရန် ဟန်ပြင်လိုက်ချိန်မှာပင် အမျိုးသမီးတစ်ဦး၏ အသံက လွင့်ပျံလာခဲ့ပေသည် ။

ရှောင်မိုက လှည့်ကြည့်လိုက်သောအခါ ယခင်က နှစ်ကြိမ်တိတိ ဆုံတွေ့ဖူးခဲ့သော မိန်းကလေးက မလှမ်းမကမ်းတွင် ရပ်ကာ သူ့ကို ပြုံးရွှင်စွာ ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေ၏ ။

ယနေ့တွင် ဤမိန်းကလေးက ပန်းနုရောင် ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားပေသည်။ သူမ၏ နက်မှောင်သော ဆံကေသာအချို့ကို အထက်သို့ စုထုံးထားပြီး ကျန်ဆံနွယ်များက ပခုံးထက်သို့ လျှောကျနေကာ ခြေလှမ်းတိုင်း လှုပ်ယမ်းနေတတ်သော ပုယောင်းဆံထိုးလေးကို ဆံထုံးတွင် ထိုးစိုက်ထားလေ၏။

အမျိုးသမီး၏ ခြေလှမ်းတိုင်းတွင် ထိုပုယောင်းဆံထိုးလေးက ညင်သာစွာ ယိမ်းနွဲ့နေခဲ့ပေသည်။

မီးပုံး၏ အနီရောင်အလင်းက အမျိုးသမီး၏ မျက်နှာထက်သို့ နူးညံ့စွာ ရောင်ပြန်ဟပ်နေပြီး သူမ၏ ဖြူဝင်းနုဖတ်သော မျက်နှာအသွင်အပြင်ကို ပို၍ တောက်ပဆွဲဆောင်မှု ရှိနေစေတော့၏။

လမ်းမထက်ရှိ အမျိုးသမီးများစွာက လှပစွာ ဝတ်စားဆင်ယင်ထားကြသော်လည်း သူတို့အားလုံးက ဤအမျိုးသမီးနှင့် နှိုင်းယှဉ်လိုက်လျှင် မှေးမှိန်သွားကြသည့်အလား ထင်မှတ်ရပေသည်။

ထိုအမျိုးသမီး၏ ဘေးတွင် ရှောင်ချွန်းအမည်ရှိ အစေခံမလေးက သူ့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်ကို ရှောင်မို သတိပြုမိလိုက်လေ၏ ။

ဤခံစားချက်က သူမ၏သခင်လေးမှာ သွေးဆောင်ဖြားယောင်းမှုများအောက်တွင် ကျရှုံးသွားပြီး ဇနီးသည်ကွယ်ရာ၌ ပြည့်တန်ဆာအိမ်ထဲသို့ ခိုးဝင်သွားမည်ကို စိုးရိမ်နေသည့်အလား ပုံပေါက်နေခဲ့ပေသည်။

"မိန်းကလေးနဲ့ ဆုံရတာ ဝမ်းသာပါတယ်။" ရှောင်မိုက အရိုအသေပေးလျက် နှုတ်ဆက်လိုက်လေ၏ ။

ဘာကြောင့်မှန်း ရှောင်မို မသိခဲ့ချေ ။

သူတို့က နှစ်ကြိမ်သာ ဆုံတွေ့ဖူးသော်လည်း သူမနှင့် စကားပြောဆိုဆက်ဆံရသည်မှာ ရှင်းပြမတတ်အောင် သက်သောင့်သက်သာ ရှိလှသည်ဟု သူ အမြဲတမ်း ခံစားရပေသည်။

တစ်ဖက်နှင့်တစ်ဖက် မည်သူမည်ဝါဖြစ်ကြောင်း မမေးမြန်းဘဲ အကျိုးစီးပွား ရှုပ်ထွေးမှုများ ကင်းစင်သော သူငယ်ချင်းများသက်သက်အဖြစ် ဆက်ဆံရသောကြောင့် သူ့အနေဖြင့် ဤမျှ ပေါ့ပါးလွတ်လပ်နေခြင်း ဖြစ်နိုင်သည်ဟု ရှောင်မို ခန့်မှန်းမိလေ၏ ။

"ဒီမိန်းကလေးက သခင်လေးကို အရိုအသေပေးပါတယ်ရှင်။"

ယန်ရုရွှယ်က ရှေ့သို့တက်ကာ ဒူးညွှတ်အရိုအသေပေးလိုက်လေ၏ ။ သူမ ဒူးညွှတ်လိုက်ချိန်တွင် ဂါဝန်ရှည်လေးက သူမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ကပ်သွားကာ သူမကို ပို၍ ကျော့ရှင်းနူးညံ့နေစေတော့သည်။

"မိန်းကလေးလည်း ကဗျာမီးပုံးပွဲတော်ကို လာဆင်နွှဲတာလား။" ရှောင်မိုက ပြုံးလျက် မေးလိုက်ပေသည် ။

"ဟုတ်ပါတယ်။" ယန်ရုရွှယ်က ခေါင်းညိတ်လိုက်လေ၏ ။ "ပုံမှန်ဆိုရင် ကဗျာမီးပုံးပွဲတော်မှာ ကျွန်မက အဖေ၊ အမေတို့နဲ့အတူတူ အပြင်ထွက်လေ့ရှိပေမဲ့ ဒီညတော့ သူတို့က ဧည့်သည်တွေဆီ သွားရောက်လည်ပတ်နေတာမို့ ရှောင်ချွန်းနဲ့ ကျွန်မ နှစ်ယောက်တည်း အပြင်ထွက်လာခဲ့တာပါ။"

"အော်... ဒါကိုး။" ရှောင်မိုက ခေါင်းညိတ်လိုက်ပေသည် ။

ထိုစဉ် အနီးတွင် ရပ်နေသော ရှောင်ချွန်းက ဘယ်ညာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ ရှောင်မိုအား တက်ကြွစွာ ခေါ်ဆိုလိုက်လေ၏ ။ "သခင်လေး အားနေတယ်ဆိုရင် ကျွန်မတို့နဲ့အတူတူ လမ်းလျှောက်မလား။ လူများများနဲ့ဆိုတော့ ပိုပြီး စည်ကားတာပေါ့။"

"အင်း..." ချက်ချင်း သဘောတူလိုက်ရန် အနေရခက်နေသောကြောင့် ရှောင်မိုက ယန်ရုရွှယ်ကို လှမ်းကြည့်လိုက်ပေသည် ။

ယန်ရုရွှယ်က ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်လေ၏ ။ "သခင်လေး စိတ်မကွက်ဘူး ဆိုရင်ပေါ့။"

"မိန်းကလေးလို လူတစ်ယောက်က အဖော်ပြုပေးတာကို ကိုယ်က ဘာလို့ စိတ်ကွက်ရမှာလဲဗျာ။" ရှောင်မိုက ရယ်မောလိုက်ပေသည် ။ "မိန်းကလေး... ရှေ့က ဦးဆောင်ပေးပါ။"

ယန်ရုရွှယ်က ခေါင်းညိတ်လိုက်လေ၏ ။ "သခင်လေး... ကြွပါ။"

ရှောင်မိုနှင့် ယန်ရုရွှယ်တို့က ကိုယ်တပိုင်းစာအကွာအဝေးကို ထိန်းသိမ်းလျက် ယှဉ်တွဲ လျှောက်လှမ်းသွားကြလေ၏ ။

ဝေ့ရွှန်းနှင့် အခြားသူများကမူ အရှင်မင်းကြီးနှင့် မိန်းကလေးအတွက် လွတ်လပ်စွာ နေနိုင်ရန် နေရာပေးသည့်အနေဖြင့် အနောက်မှ ခပ်လှမ်းလှမ်းတွင် ပါးနပ်စွာ လိုက်ပါလာခဲ့ကြပေသည် ။

သူတို့ လျှောက်လှမ်းလာစဉ် ရှောင်မိုနှင့် ယန်ရုရွှယ်တို့က မြို့တော်အတွင်း ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ် ကိစ္စရပ်များအကြောင်းကို စကားစမြည် ပြောဆိုခဲ့ကြပြီး စောင်း၊ စစ်တုရင်၊ လက်ရေးအလှနှင့် ပန်းချီပညာရပ်များ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြလေ၏ ။

မိန်းကလေး၏ စကားပြောဆိုမှုများမှတစ်ဆင့် သူမက တင်းကျပ်သော အိမ်တွင်းစည်းမျဉ်းများရှိသည့် အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသော သမီးပျိုတစ်ဦးဖြစ်ကြောင်း ရှောင်မို သိရှိထားပြီး ဖြစ်သော်လည်း သူမ၌ စောင်း၊ စစ်တုရင်၊ လက်ရေးအလှနှင့် ပန်းချီပညာတို့တွင် ဤမျှ နက်ရှိုင်းသော ကျွမ်းကျင်မှုများ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ ။

မသိမသာဖြင့်ပင် သူတို့နှစ်ဦးက လမ်းမထက်တွင် အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် လျှောက်လှမ်းမိသွားကြလေ၏။

သူတို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားစဉ် ဆိုင်မှ အစေခံမိန်းကလေးတစ်ဦးက ထွက်လာပြီး သူတို့နှစ်ဦးကို ဒူးညွှတ်အရိုအသေပေးကာ ဖိတ်ခေါ်လိုက်ပေသည်။ "ဧည့်သည်တော်တို့ရှင်... ကျွန်မတို့ရဲ့ ကျိန်းလက်ဖက်ရည်ဆိုင်မှာ ဒီနေ့ ကဗျာပဟေဠိ ကစားပွဲလေး ကျင်းပနေပါတယ်။ အဖြေမှန်ရင် ဆုတွေလည်း ရမှာပါ။ ဧည့်သည်တော်တို့ ပါဝင်ကစားချင်ပါသလားရှင်။"

စကားဆုံးပြီးနောက် လက်ဖက်ရည်ဆိုင် အစေခံမလေးက လျင်မြန်စွာ ဖြည့်စွက်ပြောလိုက်လေ၏။ "အားလုံးက အခမဲ့ပါရှင်။"

"မိန်းကလေး အထဲဝင်ပြီး ကစားကြည့်ချင်လား။" ရှောင်မိုက သူ၏ဘေးရှိ အမျိုးသမီးကို မေးလိုက်ပေသည် ။

ယန်ရုရွှယ်က ခေါင်းညိတ်လိုက်လေ၏ ။ "သခင်လေး သဘောအတိုင်းပါပဲ။"

"ဒါဆိုရင် အထဲဝင်ပြီး ကစားကြတာပေါ့" ဟု ရှောင်မိုက ဆုံးဖြတ်လိုက်လေသည် ။

"ဟုတ်ကဲ့ပါ... သခင်လေးနဲ့ သခင်မလေး၊ အတွင်းကို ကြွပါရှင်။ စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခု ရှိရင် အေးအေးဆေးဆေး ဝင်ကစားလို့ ရပါတယ်။ နောက်ကျရင် သခင်မလေးစီစီကိုယ်တိုင် တီးခတ်ဖျော်ဖြေမှုတွေ ရှိပါသေးတယ်ရှင်။" လက်ဖက်ရည်ဆိုင် အစေခံမလေးက ယန်ရုရွှယ်နှင့် ရှောင်မိုတို့ကို ဆိုင်အတွင်းသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့ပေသည် ။

ဤကျိန်းလက်ဖက်ရည်ဆိုင်က အလွန် ကြီးမားလှပြီး ယင်း၏ ကျော်ကြားမှုကို ရှောင်မို သဲ့သဲ့မျှ ကြားဖူးထားလေ၏ ။

ကျိန်းလက်ဖက်ရည်ဆိုင်က မြို့တော်၏ အကြီးဆုံး လက်ဖက်ရည်ဆိုင်ကြီး သုံးဆိုင်အနက် တစ်ဆိုင်အဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏ နောက်ခံအင်အားမှာ နန်းတွင်းမှ ဝန်ကြီးတစ်ပါး ဖြစ်ပေသည်။

ကျိန်းလက်ဖက်ရည်ဆိုင်အတွင်း၌ နေရာအနှံ့တွင် အနီရောင်ဖဲကြိုးများနှင့် မီးပုံးများကို ချိတ်ဆွဲထားပြီး ဖြစ်လေ၏။

မီးပုံးများ၏အောက်တွင်မူ ကဗျာပဟေဠိများ ရေးသားထားသော စက္ကူချပ်လေးများကို ချိတ်ဆွဲထားပေသည်။

အကယ်၍ ပဟေဠိအဖြေကို မှန်ကန်စွာ ဖြေဆိုနိုင်ပါက ထိုစက္ကူချပ်ကို ဖြုတ်ယူ၍ လက်ဖက်ရည်ဆိုင်ထံမှ ဆုလက်ဆောင်နှင့် လဲလှယ်နိုင်ပေသည်။

ယင်းအပြင် ကဗျာစာကြောင်းများကို ဖြည့်စွက်ရသော ကစားနည်းများနှင့် ကဗျာလင်္ကာများကို စပ်ဆိုရသော ကစားနည်းများလည်း ရှိနေသေးတော့၏။

ပညာရှင်များနှင့် သခင်မလေးများစွာက ပါဝင်ဆင်နွှဲနေကြသောကြောင့် မပြတ်တမ်း ရယ်မောသံများ ထွက်ပေါ်နေပြီး စာပေပညာရှင်တို့၏ ကျော့ရှင်းသော အငွေ့အသက်များကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။

ပထမထပ်တွင် အတန်ကြာ လှည့်လည်ကြည့်ရှုပြီးနောက် သူတို့တစ်စုက ဒုတိယထပ်သို့ တက်လာခဲ့ကြလေ၏။

ပထမထပ်နှင့် နှိုင်းယှဉ်လိုက်လျှင် ဒုတိယထပ်က များစွာ ပို၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေသည်။

သို့သော် ကစားနည်းများကို ကစားနေကြသော အမျိုးသမီးများနှင့် ပညာရှင် အတော်များများ ရှိနေဆဲ ဖြစ်လေ၏။

ဒုတိယထပ်တွင် ကစားနည်း တစ်မျိုးတည်းသာ ရှိပေသည်။

ရှောင်မိုက စည်းကမ်းချက်များကို ဖတ်ရှုလိုက်လေ၏ ။ အကြမ်းဖျင်းအားဖြင့် လူတစ်ဦးက ကဗျာတစ်ပုဒ်ကို ရွေးချယ်ရမည်ဖြစ်ပြီး အခြားလူတစ်ဦးက ထိုကဗျာကို ခန့်မှန်းရမည် ဖြစ်ပေသည်။ အကယ်၍ ခန့်မှန်းသူက အောင်မြင်သွားပါက သူတို့အနေဖြင့် သတ်မှတ်ထားသော ဆုလက်ဆောင်တစ်ခုကို ရရှိမည် ဖြစ်လေ၏။ ကစားချိန်မှာ လက်ဖက်ရည်တစ်ခွက်စာထက် အနည်းငယ် ပိုကြာသော အချိန်ကာလခန့် ဖြစ်ပေသည်။

စည်းကမ်းချက်များကို ဖတ်ရှုပြီးနောက် ယန်ရုရွှယ်က လှည့်ကာ ရှောင်မိုကို ပြုံးပြလိုက်လေ၏ ။ "သခင်လေး... ကျွန်မတို့ ဒီကစားနည်းကို ကစားကြည့်ရအောင်လား။"

All Chapters