အခန်း (၃၁၃-၃၁၄)
Vol. 32 Ch. 313-314
အခန်း ၃၁၃ - ဤအရာက အလွမ်းဆွတ်ဆုံး ဖြစ်လေသည်
"သခင်လေး... ကျွန်မတို့ ဒါလေး ကစားကြည့်ရအောင်လား။"
ယန်ရုရွှယ်က လှည့်ကာ ရှောင်မိုကို ပြုံးပြလိုက်ပြီး သူမ၏ မျက်နှာထက်တွင် မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်လေးများ စွန်းထင်းနေခဲ့ပေသည်။
"ရတာပေါ့။" ရှောင်မိုက သိပ်ပြီး အရေးတယူ တွေးမနေခဲ့ချေ။ "ဒါဆို ဘယ်သူက ခန့်မှန်းရမလဲ။"
"အင်း..."
သခင်မလေးက သူမ၏ နှုတ်ခမ်းထက်သို့ လက်ညိုးလေးကို ညင်သာစွာ ဖိကပ်ထားလိုက်လေ၏။ ကျော့ရှင်းလှပလွန်းလှသော်လည်း ချစ်စရာကောင်းသော ကလေးဆန်ဆန် အမူအရာလေး တစ်စွန်းတစ်စ ရောယှက်နေခဲ့ပေသည်။
"သခင်လေး ခန့်မှန်းကြည့်ရင်ကော ဘယ်လိုလဲ။"
"ကောင်းပါပြီ။ မိန်းကလေးက ဒီလိုပြောလာမှတော့ မိန်းကလေး စိတ်မပျက်ရအောင် ကိုယ် အစွမ်းကုန် ကြိုးစားရတော့မှာပေါ့ဗျာ" ဟု ရှောင်မိုက ပြုံးလျက် ပြောလိုက်လေ၏။
"ဧည့်သည်တော်တို့က ကဗျာပဟေဠိ ကစားကြမလို့လားရှင်။" သူတို့၏ စကားဝိုင်းကို နားဆင်ပြီးနောက် လက်ဖက်ရည်ဆိုင် အစေခံမလေးက ရှေ့သို့တက်လာကာ သူတို့ကို အရိုအသေပေးလိုက်ပေသည်။
"ဟုတ်ပါတယ်။" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။
"သခင်လေး... ဒီဘက်ကို ကြွပါရှင်။ ဧည့်သည်တော်တို့ အသုံးပြုဖို့အတွက် ပစ္စည်းတချို့ ပြင်ဆင်ထားပါတယ်" ဟု အစေခံမလေးက ရှောင်မိုကို ပြောရင်း စားပွဲတစ်လုံးဆီသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
ထိုစားပွဲပေါ်တွင် ကြာပန်းများ၊ လက်ဖက်ခြောက်များ၊ စုတ်တံများ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်များ အပါအဝင် ပစ္စည်းအမျိုးမျိုး ရှိနေခဲ့လေ၏။
"သခင်မလေး... ကြွပြီး ကဗျာတစ်ပုဒ်လောက် ရွေးချယ်ပေးပါရှင်။" လက်ဖက်ရည်ဆိုင် အစေခံမလေးက ယန်ရုရွှယ်ကို ပြောလိုက်ပေသည်။
"ပဟေဠိကစားနေချိန်မှာ သခင်မလေးအနေနဲ့ ကဗျာထဲက စကားလုံးတစ်လုံးကိုမှ ထုတ်ပြောခွင့် မရှိသလို ကဗျာဆရာ ဒါမှမဟုတ် ကဗျာခေါင်းစဉ်ကိုလည်း ပြောပြခွင့် မရှိပါဘူးရှင်။"
"ကောင်းပါပြီ။"
ယန်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့လျှောက်သွားကာ အစေခံမလေး ကမ်းပေးလာသော အနီရောင် ခြင်းတောင်းလေးကို ကြည့်လိုက်လေ၏။
ခြင်းတောင်းလေးထဲတွင် ကဗျာများ ရေးသားထားသော သစ်သားပြား ဆယ်ချပ်ကျော်ခန့် ရှိနေခဲ့ပေသည်။
ယန်ရုရွှယ်က ခြင်းတောင်းထဲမှ သစ်သားပြားများကို တစ်ချပ်ချင်းစီ ထုတ်ယူကာ လှန်လှောကြည့်ရှုလိုက်လေ၏။
နောက်ဆုံးတွင် သူမ၏ အကြည့်က စာလုံးဆယ်လုံးသာ ပါဝင်သော သစ်သားပြားတစ်ချပ်ထက်တွင် ရပ်တန့်သွားခဲ့ပေသည်။ ယင်းကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် နူးညံ့သောအလင်းတန်းလေး တစ်ချက် လက်မှိတ်သွားခဲ့လေ၏။
"ဒီကဗျာကိုပဲ ရွေးလိုက်မယ်။" ယန်ရုရွှယ်က သစ်သားပြားလေးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်ဆိုင် အစေခံမလေးကို ပြောလိုက်ပေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး" အစေခံမလေးက လှမ်းယူလိုက်ပြီး ပြုံးလျက် ဆိုလေ၏။ "သခင်မလေးက ဒီသခင်လေးနဲ့အတူ ကဗျာပဟေဠိကို စတင် ကစားနိုင်ပါပြီရှင်။"
ယန်ရုရွှယ်က ချိုမြိန်စွာ ပြုံးလိုက်ပြီးနောက် လှည့်ကာ မလှမ်းမကမ်းတွင် ရပ်နေသော ရှောင်မိုကို ကြည့်လိုက်လေ၏။ "သခင်လေး... အဆင်သင့် ဖြစ်ပြီလား။"
"ရတာပေါ့။" ရှောင်မိုက သူ၏ ယပ်တောင်ကို ခတ်လိုက်ပေသည်။ "စကြတာပေါ့ဗျာ။"
တစ်ဖက်တွင် ရပ်နေသော ရှောင်ချွန်းက သူမ၏ သခင်မလေးနှင့် အရှင်မင်းကြီးကို ကြည့်ရင်း ရင်ထဲမှ လှိုက်လှဲစွာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေ၏။
ကြည့်လေကြည့်လေ အရှင်မင်းကြီးနှင့် သူမ၏ သခင်မလေးတို့မှာ ဖန်ဆင်းရှင် ရေးဆွဲပေးထားသော ရွှေစုံတွဲများအလား အလွန်တရာ လိုက်ဖက်ညီလှသည်ဟု ရှောင်ချွန်း ခံစားနေရလေတော့သည်။
သို့သော် ရုတ်တရက် ချင်ယန်မင်းသမီး၏ မျက်နှာက ရှောင်ချွန်း၏ စိတ်ထဲသို့ ဝင်ရောက်လာသောအခါ သူမ၏ နှုတ်ခမ်းလေးက ဆူထော်သွားပြီး ရင်ထဲတွင် ဒေါသစိတ်အနည်းငယ် ကိန်းအောင်းလာခဲ့ပေသည်။
ချင်ယန်မင်းသမီးသာ မရှိခဲ့လျှင် သူမ၏ သခင်မလေးနှင့် အရှင်မင်းကြီးတို့မှာ လက်ဆက်ပြီးသည်မှာ ကြာလှချေပြီ။ အခုလို ရှုပ်ထွေးမှုတွေက ဘာလို့များ ပေါ်လာရတာလဲ။
ဒါပေမဲ့လည်း အဆင်ပြေပါတယ်။
အခုဆိုရင် အရှင်မင်းကြီးနဲ့ သခင်မလေးတို့ကြားက ဆက်ဆံရေးက ဒီလောက်တောင် ကောင်းမွန်နေတာပဲ။ သခင်မလေး နန်းတော်ထဲ ဝင်သွားတဲ့အခါကျရင် အရှင်မင်းကြီး သေချာပေါက် အရမ်းကို အံ့သြဝမ်းသာဖြစ်သွားမှာပဲ။
အဲဒီအခါကျရင် သခင်မလေးက အရှင်မင်းကြီးအတွက် မင်းသားလေးတစ်ပါး မွေးဖွားပေးလိုက်မှာမို့ ချင်ယန်မင်းသမီးက သခင်မလေးကို ဘယ်လိုများ ယှဉ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။
ချင်ယန်မင်းသမီးက လိမ္မာရေးခြားရှိရှိနဲ့ အငယ်အဖြစ် နေလိုက်တာ အကောင်းဆုံးပဲ။
ချင်ယန်မင်းသမီးက သခင်မလေးထက် အရင် မင်းသားလေး မွေးဖွားနိုင်မလား ဆိုတဲ့ ကိစ္စလား။ ဘယ်လိုမှ မဖြစ်နိုင်တာ။ သူမရဲ့ သခင်မလေးက ချင်ယန်မင်းသမီးထက် သားသမီးမွေးဖွားနိုင်စွမ်း ပိုကောင်းတာမို့ သခင်မလေးကပဲ အရင် ဖြစ်ရမယ်။
ရှောင်ချွန်းနှင့် နှိုင်းယှဉ်လိုက်လျှင် အစောင့်များနှင့်အတူ ရပ်နေသော ဝေ့ရွှန်းက ထိုမျှလောက် အများကြီး တွေးမနေခဲ့ချေ။
သူက ဤမိန်းကလေးမှာ မည်သည့် အထက်တန်းလွှာ မိသားစုမှ သမီးပျိုဖြစ်ကြောင်း အရှင်မင်းကြီးအတွက် စုံစမ်းပေးသင့်သလားနှင့် သူမကို အရှင်မင်းကြီးအား အလုပ်အကျွေးပြုရန် နန်းတော်ထဲသို့ ခေါ်ဆောင်သင့်သလား ဆိုသည်ကိုသာ စဉ်းစားနေခဲ့ပေသည်။
သို့သော် မကြာမီမှာပင် ဝေ့ရွှန်းက ခေါင်းခါယမ်းလိုက်ပြီး ထိုအတွေးကို ဖယ်ရှားလိုက်လေ၏။
အရှင်မင်းကြီးက ဘာမှ မမိန့်ကြားထားမှတော့ သူက အရှင်မင်းကြီးအတွက် ဝင်ပြီး ပူပန်နေစရာ မလိုပေ။
ထို့အပြင် ယန်မျိုးနွယ်စု၏ သမီးတော်နှင့် ချင်ယန်မင်းသမီးတို့က မကြာမီ နန်းတော်ထဲသို့ ဝင်ရောက်လာတော့မည် ဖြစ်ရာ ယခုအချိန်က သင့်လျော်သော အချိန်မဟုတ်ချေ။ သူမကို အရှင်မင်းကြီးအား အလုပ်အကျွေးပြုရန် ယခုအချိန်တွင် နန်းတော်ထဲသို့ ခေါ်ဆောင်ခြင်းက သူမကို ဒုက္ခပေးရာ မကျနေဘူးလား။
"ကျွန်မတို့ အဆင်သင့်ဖြစ်ပါပြီ၊ စလို့ရပါပြီ" ဟု ယန်ရုရွှယ်က လက်ဖက်ရည်ဆိုင် အစေခံမလေးကို ပြုံးလျက် ပြောလိုက်ပေသည်။
"ဟုတ်ကဲ့ပါ သခင်မလေး။" လက်ဖက်ရည်ဆိုင် အစေခံမလေးက ခေါင်းညိတ်လိုက်ပြီး သဲနာရီကို ပြောင်းပြန်လှန်လိုက်လေ၏။
"အင်း..." ယန်ရုရွှယ်က ခဏမျှ စဉ်းစားလိုက်ပြီး မည်သို့ ရှင်းပြရမည်ကို တွေးတောနေခဲ့ပေသည်။ "ဒီကဗျာက စာလုံးငါးလုံးစီပါတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပြီး ဒီစာကြောင်းနှစ်ကြောင်းက အဲဒီကဗျာရဲ့ နောက်ဆုံး စာကြောင်းနှစ်ကြောင်းပါ။"
ယန်ရုရွှယ်က သူမ၏ ဖြူဝင်းနုဖတ်သော လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်ရှိ ပဲနီစေ့များကို ညွှန်ပြလိုက်လေ၏။ "ဒီကဗျာရဲ့ ခေါင်းစဉ်က ဒါနဲ့ အဓိပ္ပာယ် ဆင်တူတယ်။"
"ပဲနီစေ့တွေနဲ့ အဓိပ္ပာယ် ဆင်တူတယ်ပေါ့။" ရှောင်မိုက ခဏမျှ စဉ်းစားလိုက်ပြီး ၎င်းက ပဲနီစေ့များကို အဓိကထားဖွဲ့ဆိုထားသော ကဗျာတစ်ပုဒ် ဖြစ်လိမ့်မည်ဟု တွေးလိုက်ပေသည်။ "ဒါက ပဲနီစေ့များအတွက် ချီးမွမ်းတေး များလား။ နှလုံးသားထဲမှာ ဝှက်ထားတဲ့ တစ်ခုတည်းသောအရာ၊ ဒီဘဝမှာ ဘယ်တော့မှ မြေမှုန့်ဖြစ်မသွားဘူး ဆိုတာလား။"
"မဟုတ်ဘူး သခင်လေး။" ယန်ရုရွှယ်က ခေါင်းခါလိုက်လေ၏။ "အဓိပ္ပာယ်က နည်းနည်းလေး လွဲနေသေးတယ်။"
"ဒါဆိုရင် ချန်ရုံ ရေးထားတဲ့ ပဲနီစေ့များအကြောင်း မေးမြန်းခြင်း ပဲ ဖြစ်ရမယ်... ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မဟပေမဲ့ ရင်ထဲမှာတော့ အတွေးပေါင်း ထောင်သောင်းမက ရှိနေတယ် ဆိုတာလား" ဟု ရှောင်မိုက ထပ်မံ ခန့်မှန်းလိုက်ပြန်ပေသည်။
"အဲဒါလည်း မဟုတ်သေးပါဘူး" ယန်ရုရွှယ်က ခေါင်းခါယမ်းနေဆဲ ဖြစ်လေ၏။
"အဲဒါလည်း မဟုတ်ဘူးလား။"
ယင်းက ရှောင်မိုကို မျက်မှောင်အနည်းငယ် ကြုတ်သွားစေခဲ့ပေသည်။
ဤကဗျာနှစ်ပုဒ်စလုံးမှာ ကျိုးနိုင်ငံမှ နာမည်ကျော် ကဗျာဆရာများ ရေးသားထားခြင်း ဖြစ်သော်လည်း နှစ်ပုဒ်စလုံး မှားယွင်းနေခဲ့လေ၏။
ထို့အပြင် ရှောင်မိုက ပဲနီစေ့များနှင့် ပတ်သက်သော ကဗျာများကို သိပ်ပြီး မသိထားချေ။ ဤလောကရှိ ကဗျာများစွာက အပြာရောင်ပင်လယ်ကြယ်မှ ကဗျာများနှင့် တူညီနေသော်လည်း ကဗျာဆရာများသာ ကွဲပြားနေခြင်း ဖြစ်ပေသည်။
သို့သော် ဤကမ္ဘာနှစ်ခုမှ ကဗျာများ ရောယှက်နေခြင်းကပင် ရှောင်မိုကို ပို၍ ဇဝေဇဝါ ဖြစ်စေခဲ့လေတော့၏။
ယင်းက ရှောင်မို၏ ခေါင်းထဲတွင် ပိုမို ရှုပ်ထွေးသွားစေခဲ့ပေသည်။
"ဒီကဗျာက ကျွန်မတို့ ကျိုးနိုင်ငံက ကဗျာဆရာ ရေးထားတာ မဟုတ်ဘူးနော်" ဟု ယန်ရုရွှယ်က သတိပေးလိုက်လေ၏။
"ချန်တိုင်းပြည်က ကဗျာမသေမျိုး ရေးထားတဲ့ ပဲနီစေ့တွေက သွေးရောင်အဖြစ် စုစည်းသွားပြီး နှင်းခဲတွေ ဖုံးလွှမ်းနေတဲ့ အကိုင်းအခက်တွေပေါ်မှာ အသီးတွေ ပြည့်နှက်နေတယ် ဆိုတဲ့ ကဗျာများလား။"
"အဲဒါလည်း မဟုတ်ဘူး။"
"ဒါဆိုရင်... ကြည်လင်နေတဲ့ ပင်လယ်ပြင်ထဲမှာ သန္တာကျောက်တန်းတွေ နစ်မြုပ်သွားပြီး အကိုင်းအခက်တွေပေါ်ကနေ ပဲနီစေ့တွေ ငိုကြွေးနေတယ် ဆိုတာလား" ဟု ရှောင်မိုက မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်ပေသည်။
သို့သော် ယန်ရုရွှယ်က ခေါင်းခါယမ်းနေဆဲ ဖြစ်လေ၏။
မည်သို့ ရှင်းပြရမည်ကို တွေးတောရင်း သူမ၏ မျက်တောင်လေးများက ညင်သာစွာ ပုတ်ခတ်နေခဲ့ပေသည်။
နောက်ဆုံးတွင် ယန်ရုရွှယ်က စားပွဲပေါ်ရှိ ပဲနီစေ့များကို ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်တစ်ချက် လက်သွားခဲ့လေ၏။ "သခင်လေး... စားပွဲပေါ်က ပဲနီစေ့တချို့ကို ကောက်ကိုင်လိုက်ပါဦး။"
ရှောင်မိုက စားပွဲပေါ်ရှိ ပဲနီစေ့များကို တစ်ချက်ကြည့်လိုက်ပြီး သူမပြောသည့်အတိုင်း လိုက်လုပ်လိုက်ပေသည်။
"သခင်လေး... နောက်ထပ် နည်းနည်း ထပ်ကောက်ကိုင်လိုက်ဦး" ဟု ယန်ရုရွှယ်က ဆက်ပြောလိုက်လေ၏။
ရှောင်မိုက နောက်ထပ် အနည်းငယ် ထပ်မံကောက်ကိုင်လိုက်ပေသည်။
"ဒီကဗျာစာကြောင်းထဲမှာ သခင်လေး အခုလေးတင် လုပ်လိုက်တဲ့ လှုပ်ရှားမှု ပါဝင်တယ်..." ယန်ရုရွှယ်က ပြုံးလျက် ဆိုလေ၏။
ရှောင်မိုက သူ၏လက်ထဲရှိ ပဲနီစေ့များကို ကြည့်ကာ သေချာစွာ တွေးတောလိုက်ပေသည်။
အဖြေမှန်ကို စဉ်းစားမိတော့မည်ဟု သူ ခံစားလိုက်ရပြီး နောက်ထပ် ခြေတစ်လှမ်းသာ လိုတော့လေ၏။
"သခင်လေးနဲ့ သခင်မလေး... တောင်းပန်ပါတယ်ရှင်၊ အချိန်စေ့သွားပါပြီ။"
သို့သော် ထိုအချိန်မှာပင် သဲနာရီငယ်လေးမှ သဲများ ကုန်ခမ်းသွားခဲ့ပြီး လက်ဖက်ရည်ဆိုင် အစေခံမလေးက သတိပေးလိုက်လေတော့သည်။
ရှောင်မိုက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပေသည်။ "မိန်းကလေး... တောင်းပန်ပါတယ်။ ကိုယ် နည်းနည်းလေး လိုသွားတယ်လို့ ခံစားရတယ်။ ကိုယ့်ရဲ့ အသိပညာ ဗဟုသုတ နည်းပါးလွန်းလို့ပါ။"
"ကိစ္စမရှိပါဘူး။" ယန်ရုရွှယ်က ရှေ့သို့တက်လာပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ကွေးတက်သွားခဲ့လေ၏။ "တကယ်တော့ ဒါက သခင်လေးရဲ့ အမှား မဟုတ်ပါဘူး။ ဒီကဗျာက တကယ်ကို ခန့်မှန်းရခက်ပါတယ်။ ပြီးတော့ သခင်လေးကို ဘယ်လို ဖော်ပြရမလဲဆိုတာ မသိခဲ့တဲ့ ကျွန်မရဲ့ အမှားလည်း ပါပါတယ်။"
ရှောင်မိုက ပြုံးလိုက်ပြီး သူမနှင့် ယဉ်ကျေးစွာ ဆင်ခြေပေးစကားများ ထပ်မံ မပြောဆိုတော့ဘဲ သိချင်စိတ်ဖြင့်သာ မေးလိုက်ပေသည်။ "မိန်းကလေး... ဒီကဗျာက ဘာကဗျာများလဲဗျ။"
"ဒီကဗျာက..."
ယန်ရုရွှယ်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားခဲ့လေ၏။ သူမက အင်္ကျီလက်ကို ပင့်တင်လိုက်ရာ သူမ၏ ဖြူဝင်းနုဖတ်သော လက်ကောက်ဝတ်လေး ပေါ်လာပြီး ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းလေးများဖြင့် ခြင်းတောင်းထဲမှ ပဲနီစေ့များကို ကောက်ယူလိုက်ပေသည်။
"သခင်လေး... လက်ကို ဆန့်ထုတ်လိုက်ပါ။" ယန်ရုရွှယ်က ညင်သာစွာ ပြောလိုက်လေ၏။
ဇဝေဇဝါ ဖြစ်နေသော်လည်း ရှောင်မိုက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပေးလိုက်ပေသည်။
တစ်စေ့...
နှစ်စေ့...
သုံးစေ့...
ယန်ရုရွှယ်က ရှောင်မို၏ လက်ဖဝါးထဲသို့ ပဲနီစေ့များကို တစ်စေ့ချင်းစီ ထည့်ပေးလိုက်လေ၏။
"ဒီကဗျာစာကြောင်းနှစ်ကြောင်းက... ဘာလဲဆိုတော့..."
ယန်ရုရွှယ်က ခေါင်းမော့လာပြီး သူမ၏အရှေ့ရှိ အမျိုးသားကို နက်ရှိုင်းစွာ ငေးကြည့်လိုက်လေတော့သည်။
"သင့်အား ပိုမိုဆွတ်ခူးစေချင်ပါသည်... ဤအရာက အလွမ်းဆွတ်ဆုံး ဖြစ်လေသည်..."
အခန်း - သူက မှိန်ပျပျအလင်းရောင်အောက်တွင် ငေးမောတွေဝေနေခဲ့လေသည်
အမျိုးသမီး ရွတ်ဆိုလိုက်သော ကဗျာကို နားဆင်ရင်း သူမ၏ မျက်ဝန်းများကို ကြည့်ကာ ရှောင်မိုမှာ အနည်းငယ် မှင်တက်သွားခဲ့ပေသည်။
အမျိုးသမီး၏ ကြည်လင်နေသော မျက်ဝန်းများက ရှောင်မို၏ ရင်ကို လှုပ်ခတ်သွားစေခဲ့၏။ ရှင်းပြမတတ်သော အပြစ်မကင်းသည့် ခံစားချက်နှင့် တောင်းပန်ချင်စိတ်တစ်ခုက ရှောင်မို၏ ရင်ထဲတွင် တိတ်ဆိတ်စွာ ကြီးထွားလာခဲ့ပြီး မည်သို့ ဖော်ပြရမှန်းမသိသော စိတ်ခံစားမှုတစ်ခုနှင့်အတူ ရှောင်မိုမှာ စကားတစ်ခွန်းမျှပင် မဟနိုင်အောင် ဖြစ်သွားခဲ့လေတော့သည်။
"ဘာဖြစ်သွားတာလဲ သခင်လေး။ ဒီကဗျာကို အရင်က မကြားဖူးလို့လား။" ယန်ရုရွှယ်က သူမ၏ ချယ်ရီသီးကဲ့သို့ နီစွေးနေသော နှုတ်ခမ်းလေးကို အင်္ကျီလက်ဖြင့် ကွယ်ကာ နူးညံ့စွာ ပြုံးလိုက်ပေသည်။
"ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီစာကြောင်း ဖြစ်နေလိမ့်မယ်လို့ ကိုယ် မထင်ထားမိလို့ပါ။"
ရှောင်မိုက သတိပြန်ဝင်လာပြီး ပြုံးလျက် ခေါင်းခါယမ်းလိုက်လေ၏။
ဤကဗျာက သူ၏ ယခင်ဘဝ ကောင်းကင်ဘုံမင်းဆက်တွင် ရှိခဲ့ရုံသာမက ဤလောက၌လည်း တည်ရှိနေခဲ့ပေသည်။
သို့သော် ရှန်စီ ဟု အမည်ရသော ဤကဗျာကို လူသားမျိုးနွယ်စု မင်းဆက်များထဲမှ တစ်ခုဖြစ်သည့် ယွင်တိုင်းပြည်၏ နန်းရင်းဝန်က ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိများထင်ရှားလှပေသည်။
"ဒါဆိုရင် ဒီကဗျာက တကယ်ကို ခန့်မှန်းရခက်တာပဲ" ဟု ယန်ရုရွှယ်က ပြောလိုက်လေ၏။
ရှောင်မိုက ပြုံးရုံသာ ပြုံးနေလိုက်ပြီး တစ်ဖက်လူက သူ၏ မျက်နှာကို ကာကွယ်ပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိထားလေ၏။
"နောက်ထပ် နှစ်ကြိမ်လောက် ထပ်စမ်းကြည့်ရအောင်၊ မဟုတ်ရင် လူတွေက ကိုယ်တို့ကို ရယ်ကြလိမ့်မယ်" ဟု ရှောင်မိုက အကြံပြုလိုက်ပေသည်။
"ကောင်းပါပြီ။" ယန်ရုရွှယ်က သဘောတူလိုက်လေ၏။ "ဒီတစ်ခေါက် ကျွန်မ ခန့်မှန်းကြည့်မယ်လေ။"
"ရတာပေါ့ဗျာ။"
ထို့နောက်တွင် ရှောင်မိုနှင့် ယန်ရုရွှယ်တို့က ကဗျာအချို့ကို အလှည့်ကျ ခန့်မှန်းခဲ့ကြလေ၏။ ရှောင်မိုနှင့် ယန်ရုရွှယ် နှစ်ဦးစလုံးက မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပြီး ဆုလက်ဆောင်အဖြစ် မုန့်သေတ္တာ နှစ်လုံးကို ရရှိခဲ့ကြပေသည်။
မကြာမီမှာပင် ကျိန်းလက်ဖက်ရည်ဆိုင်မှ နာမည်ကျော် ဖျော်ဖြေသူ မိန်းကလေးစီစီ ရောက်ရှိလာခဲ့လေတော့သည်။
ရှောင်မိုနှင့် ယန်ရုရွှယ်တို့က ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လက်ဖက်ရည်သောက်၊ မုန့်စားရင်း စီစီ၏ စောင်းတီးခတ်သံကို နားဆင်နေခဲ့ကြပေသည်။
ဂီတသံကို နားဆင်ရင်း အောက်ဘက်ရှိ စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးကို ကြည့်ကာ ရှောင်မို၏ အတွေးများက လွင့်မျောမသွားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေ၏။
နန်းတွင်း၌ အချိန်ကြာမြင့်စွာ အောင်းနေရသဖြင့် ခံစားရသော မွန်းကျပ်မှုများက ရုတ်တရက် အတော်လေး လွင့်ပါးသွားသည့်အလား ရှိလေတော့သည်။
"စကားမစပ်၊ နန်းတော်ထဲက အရှင်မင်းကြီးသာ ဒီည မီးပုံးပွဲတော်ကို အတူတူဆင်နွှဲဖို့ တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမယ်လို့ ထင်သလဲ။ ချင်ယန်မင်းသမီးလား၊ ဒါမှမဟုတ် ငါတို့ကျိုးနိုင်ငံက ပါရမီရှင် မိန်းကလေးလား။"
"ငါကတော့ ချင်ယန်မင်းသမီးပဲ ဖြစ်မယ်လို့ ထင်တယ်။ ချင်တိုင်းပြည်ရဲ့ အုပ်စိုးရှင် မျက်နှာကိုတော့ ထောက်ထားရမှာပဲလေ။"
"ငါကတော့ ယန်မျိုးနွယ်စုရဲ့ သမီးတော်လို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် မယ်တော်ကြီးယန်နဲ့ ယန်ရှန်းအောက်တို့က နန်းတွင်းကို ချုပ်ကိုင်ထားဆဲပဲ မဟုတ်လား။"
"မင်းတို့အားလုံး အမြင်ကျဉ်းလွန်းပါတယ်။"
အခြားအမျိုးသားတစ်ဦးက ပြုံးလျက် ဝင်ပြောလိုက်လေ၏။
"ဘာလို့ နှစ်ယောက်စလုံး မဖြစ်နိုင်ရမှာလဲ။ မကြာသေးခင်က မြို့တော်ထဲက လူတွေက အရှင်မင်းကြီးက ဘယ်သူ့အိပ်ဆောင်ကို အရင်ဝင်မလဲဆိုတာ ခန့်မှန်းနေကြတာ။ ငါ့ကိုသာ မေးမယ်ဆိုရင် အရှင်မင်းကြီးဆီမှာ နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် ဖြေရှင်းနည်း ရှိတယ်။ ယန်မျိုးနွယ်စုရဲ့ သမီးတော်နဲ့ ချင်ယန်မင်းသမီးကို အတူတူ ခေါ်လိုက်တာပဲ။ အဲဒါက အမျှတဆုံးပဲ မဟုတ်ဘူးလား။"
"အဟွတ်၊ အဟွတ်၊ အဟွတ်။"
ရှောင်မိုက လက်ဖက်ရည်ခွက်ကို မကာ သောက်ရန် ဟန်ပြင်လိုက်ချိန်မှာပင် ဘေးစားပွဲမှ ဆွေးနွေးသံများကို ကြားလိုက်ရပြီး သီးမသွားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေ၏။
"သခင်လေး... အဆင်ပြေရဲ့လား။" ယန်ရုရွှယ်က စိုးရိမ်တကြီးဖြင့် လက်ကိုင်ပဝါတစ်ထည်ကို အလျင်အမြန် ကမ်းပေးလိုက်ပေသည်။
"အဆင်ပြေပါတယ်။" ရှောင်မိုက အလိုအလျောက် လှမ်းယူလိုက်ပြီး သူ၏ ပါးစပ်ကို သုတ်လိုက်ကာ ခဏအကြာမှ ထိုအရာက သူမ၏ လက်ကိုင်ပဝါဖြစ်ကြောင်း သတိပြုမိသွားခဲ့လေ၏။ "မိန်းကလေးအတွက် နောက်မှ အသစ်တစ်ထည် ပြန်ဝယ်ပေးပါ့မယ်။"
"လက်ကိုင်ပဝါတစ်ထည်က ဘယ်လောက်တန်လို့လဲ။ သခင်လေးက အရမ်း အားနာလွန်းနေပြီ။" ယန်ရုရွှယ်က ပြုံးလိုက်ပေသည်။
"သူတို့က နန်းတွင်းရေးကိုတောင် ရဲရဲတင်းတင်း ဆွေးနွေးရဲကြတယ်။ သခင်လေး၊ ဒီအစေခံအိုကြီး သွားပြီး သူတို့ကို ပညာပေးလိုက်ပါရစေ။" ဝေ့ရွှန်းက ရှောင်မိုကို ပြောလိုက်လေ၏။
"ထားလိုက်ပါ၊ ကိစ္စသေးသေးလေးပဲ။ နန်းတော်ထဲက ဧကရာဇ်ကလည်း ဂရုစိုက်လိမ့်မယ် မထင်ပါဘူး။ အငွေ့အသက်တွေကို မဖျက်ဆီးပါနဲ့။" ရှောင်မိုက လက်ဝှေ့ယမ်းလိုက်ပေသည်။
"ဟုတ်ကဲ့ပါ။" ဝေ့ရွှန်းက လက်လျှော့လိုက်ရုံသာ တတ်နိုင်တော့ချေ။
အနီးတွင် ရပ်နေသော ရှောင်ချွန်းမှာလည်း ရှောင်မို၏ တုံ့ပြန်မှုကြောင့် မှင်တက်သွားခဲ့လေ၏။ သူမက အရှင်မင်းကြီး ဤမျှ သဘောထားကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲ သူ ဒေါသထွက်လိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့ပေသည်။
သို့သော် ရှောင်ချွန်းမှာလည်း အရှင်မင်းကြီးက မည်သူ့ကို အရင် ရွေးချယ်၍ အလုပ်အကျွေး ပြုခိုင်းမည်ကို မေးမြန်းချင်နေခဲ့လေ၏။
သို့သော် ရှောင်ချွန်း စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် သူမ၏ သခင်မလေးက သူမ၏ ပေါင်ကို တိတ်တဆိတ် ပုတ်လိုက်သောကြောင့် ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။
နာရီဝက်ခန့် အကြာတွင် စောင်းတီးခတ်မှု ပြီးဆုံးသွားပြီး မိန်းကလေးစီစီက မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်လေ၏။
လူတိုင်းက လက်ခုပ်တီးအားပေးကြပြီး ရှောင်မိုက ဝေ့ရွှန်းကို ဆုငွေအဖြစ် ငွေစတချို့ ပေးစေလိုက်ပေသည်။
ရှောင်မိုနှင့် ယန်ရုရွှယ်တို့ ကျိန်းလက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာချိန်တွင် ဟိုင်နာရီကို ကျော်လွန်နေပြီ ဖြစ်လေ၏။
သို့သော် စည်ကားနေသော လမ်းမများက မိုးလင်းသည်အထိ ဆက်လက် ရှိနေမည့်အလား တိတ်ဆိတ်သွားမည့် အရိပ်အယောင် လုံးဝ မပြသေးချေ။
"သခင်မလေး၊ ကျွန်မတို့ ပြန်သင့်ပြီ။"
ရှောင်ချွန်းက လရောင်ကို ကြည့်ကာ သူမ၏ သခင်မလေးကို တိုးတိုးလေး ပြောလိုက်ပေသည်။
ရှောင်ချွန်းက သူမ၏ သခင်မလေးနှင့် အရှင်မင်းကြီးတို့၏ အတူရှိနေချိန်ကို မနှောင့်ယှက်ချင်သော်လည်း ယန်အိမ်တော်တွင် ညမထွက်ရ စည်းကမ်းချက် ရှိပြီး သခင်မလေး ပြန်မလာပါက သခင်မကြီး ဒေါသထွက်လိမ့်မည် ဖြစ်လေ၏။
"အင်း၊ သိပါတယ်။" ယန်ရုရွှယ်က ခေါင်းညိတ်လိုက်ပြီး သူမအရှေ့ရှိ အမျိုးသားကို ကြည့်လိုက်ပေသည်။ "သခင်လေး၊ အချိန်လင့်နေပြီ။ ဒီမိန်းကလေး ခွင့်ပန်ပါရစေ။ သခင်လေး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
"မိန်းကလေးကလည်း ဘာတွေ ပြောနေတာလဲ။ အချိန်က တကယ်ပဲ လင့်နေပါပြီ။ မိန်းကလေးလည်း စောစော အနားယူတာ အကောင်းဆုံးပါပဲ။ ကိုယ်တို့လည်း ပြန်ရတော့မယ်။" ရှောင်မိုက အရိုအသေပေးလိုက်လေ၏။ "ဒီနေ့ မိန်းကလေး အဖော်ပြုပေးတာက ဒီမီးပုံးပွဲတော်ကို အရောင်အသွေးတွေ အများကြီး ပိုစုံလင်သွားစေပါတယ်။"
"သခင်လေး အဖော်ပြုပေးတဲ့အတွက် ဒီမိန်းကလေးလည်း ဒီည အရမ်း ပျော်ရွှင်ရပါတယ်။" ယန်ရုရွှယ်က ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ "ဒါဆိုရင် ဒီမိန်းကလေးကို ခွင့်ပြုပါဦး။"
ရှောင်မိုက ခေါင်းညိတ်လိုက်ပေသည်။ "မိန်းကလေး၊ ဂရုစိုက် ပြန်ပါ။"
ယန်ရုရွှယ်နှင့် ရှောင်ချွန်းတို့ အရိုအသေပေးပြီးနောက် လှည့်ကာ ထွက်ခွာသွားကြလေ၏။
ရှောင်မိုက မြို့တော်၏ အနောက်ဘက်ခြမ်းဆီသို့ တစ်ချက်ကြည့်လိုက်ပြီး နတ်မိမယ်ကျန်း ဘာကြောင့် ပြန်မလာသေးသနည်းဟု တွေးတောနေမိပေသည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ နိုင်ငံတော်ဆရာကို သွားရှာသင့်သလား။" ဝေ့ရွှန်းက ရှောင်မို၏ဘေးမှနေ၍ မေးလိုက်လေ၏။
"မလိုပါဘူး။ နိုင်ငံတော်ဆရာ သူမရဲ့ အလုပ်တွေ ပြီးသွားရင် သူမဘာသာ အလိုလို ပြန်လာလိမ့်မယ်။" ရှောင်မိုက သူ၏ ယပ်တောင်ကို ပိတ်လိုက်ပေသည်။ "သွားရအောင်၊ ကိုယ်တော်တို့လည်း ပြန်မယ်။"
"မှန်လှပါ အရှင်မင်းကြီး။"
ဝေ့ရွှန်းက ဘာမှ ထပ်မပြောတော့ဘဲ ရှောင်မို၏ နောက်မှ လိုက်ကာ နန်းတော်ဆီသို့ လျှောက်လှမ်းသွားခဲ့လေတော့သည်။
"အော်၊ ဒါနဲ့ ဝေ့ရွှန်း၊ မြို့တော်မှာ ထန်ဟူလု အကောင်းဆုံးလုပ်တဲ့သူက ဘယ်သူလဲဆိုတာ သွားစုံစမ်းချေ" ဟု ရှောင်မိုက ဝေ့ရွှန်းကို ညွှန်ကြားလိုက်လေ၏။
"အရှင်မင်းကြီးရဲ့ ဆိုလိုရင်းက..." ဝေ့ရွှန်းက ရှောင်မို၏ ရည်ရွယ်ချက်ကို ဝေဝါးဝါး ခန့်မှန်းမိသွားခဲ့ပေသည်။
"ဒီနေ့ကစပြီး နန်းတွင်းအစေခံမတွေကို နေ့တိုင်း နိုင်ငံတော်ဆရာအိမ်တော်ဆီကို ထန်ဟူလု တစ်ချောင်းစီ သွားပို့ခိုင်းလိုက်။" ရှောင်မိုက ပြောလိုက်လေ၏။
"မှန်လှပါ" ဝေ့ရွှန်းက လျင်မြန်စွာ ပြန်ဖြေလိုက်ပေသည်။
"လက်ဝတ်ရတနာတွေ ရောင်းမယ်၊ နောက်ဆုံး လက်ဝတ်ရတနာ ကြိုးလေးတွေ ကျန်ပါတော့တယ်ရှင်..."
ရှောင်မိုက ဈေးသည်ဆိုင်ငယ်လေးတစ်ခုရှေ့မှ ဖြတ်သွားစဉ် အဘွားအိုတစ်ဦးက တက်ကြွစွာ အော်ဟစ်ရောင်းချနေခဲ့လေ၏။
"သခင်လေး၊ တစ်ကြိုးလောက် ဝယ်မလား။ သခင်လေးရဲ့ ဇနီးသည် ဒါမှမဟုတ် မယ်တော်အတွက် အရမ်းကောင်းမှာပါ" ဟု အဘွားအိုက ရှောင်မိုကို မေးလိုက်ပေသည်။
ရှောင်မိုက မဖြေဘဲ စားပွဲပေါ်တွင် ပြသထားသော ဆွဲကြိုးများကိုသာ ကြည့်နေခဲ့လေ၏။
"သခင်လေး၊ တစ်ခုခု ဖြစ်လို့လား။" ဝေ့ရွှန်းက ရှေ့သို့တက်ကာ တိုးတိုးလေး မေးလိုက်ပေသည်။
"ဘာမှမဖြစ်ပါဘူး။" ရှောင်မိုက ခေါင်းခါလိုက်ပြီး လက်ဆန့်ထုတ်ကာ ဆွဲကြိုးတစ်ကုံးကို ကောက်ကိုင်လိုက်လေ၏။
ဤဆွဲကြိုးတွင် အန်စာတုံးလေးတစ်ခု တွဲလောင်းချိတ်ဆွဲထားပြီး ထိုအန်စာတုံးလေးထဲတွင် ပဲနီစေ့တစ်စေ့ ရှိနေခဲ့ပေသည်။
ရှောင်မိုက သူ၏ အင်္ကျီလက်ထဲမှ အမျိုးသမီး၏ လက်ကိုင်ပဝါကို ဆွဲထုတ်လိုက်လေ၏။ ထိုပဝါပေါ်ရှိ ပုံစံက ဤဒီဇိုင်းနှင့် အတူတူပင် ဖြစ်နေခဲ့ပေသည်။
"နူးညံ့သိမ်မွေ့တဲ့ အန်စာတုံးလေးထဲမှာ ပဲနီစေ့လေး တစ်စေ့ ရှိတယ်။ နက်ရှိုင်းတဲ့ အလွမ်းတွေကိုရော သူ သိပါ့မလား။"
လက်ကိုင်ပဝါကို ကြည့်ရင်း ဆိုင်ရှင်အဘွားအိုက ပြုံးလျက် ပြောလိုက်လေ၏။
"ဒီလက်ကိုင်ပဝါက သခင်လေးရဲ့ ချစ်ရသူက ပေးထားတာ မဟုတ်လား။ သိပ်ကို နက်ရှိုင်းတဲ့ အဓိပ္ပာယ်ပဲ။"
အနီရောင် မီးပုံးများအောက်တွင် ယန်ရုရွှယ်နှင့် ရှောင်ချွန်းတို့က ယန်အိမ်တော်ဆီသို့ လျှောက်လှမ်းသွားခဲ့ကြပေသည်။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းတိုင်း ယန်ရုရွှယ်က နောက်သို့ လှည့်လှည့်ကြည့်နေခဲ့လေ၏။
"သခင်မလေး၊ အရင်တစ်ခေါက်တုန်းကလိုပဲ ထပ်ဖြစ်နေပြန်ပြီ။ ခြေလှမ်းတစ်ရာတောင် မပြည့်သေးဘူး နောက်ကို လေးငါးခါလောက် လှည့်ကြည့်နေပြီ" ဟု ရှောင်ချွန်းက နှုတ်ခမ်းဆူကာ ပြောလိုက်ပေသည်။ "နောက်လှည့်ကြည့်နေလည်း အလကားပဲ၊ အရှင်မင်းကြီးက အဝေးကြီး ရောက်သွားလောက်ပြီ၊ မြင်ရမှာ မဟုတ်တော့ဘူး။"
"ဘယ်သူက မမြင်ရဘူးလို့ ပြောလဲ။" ယန်ရုရွှယ်က မျက်လုံးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်ပြီး ရှောင်ချွန်း၏ နဖူးကို ညင်သာစွာ ခေါက်လိုက်လေ၏။ "ကျွန်မကတော့ သူ့ကို သိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။"
"ဒါဆိုရင် သခင်မလေး၊ အရှင်မင်းကြီး ဘာလုပ်နေတယ်လို့ ပြောမလဲ။" ရှောင်ချွန်းက မယုံကြည်ဟန်ဖြင့် ကြည့်လိုက်လေ၏။ အရှင်မင်းကြီးက လူအုပ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
"သူက..."
ယန်ရုရွှယ်က သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်အရှေ့တွင် ယှက်ထားလိုက်ပြီး နောက်သို့ ထပ်မံ လှည့်ကြည့်လိုက်လေတော့သည်။
"သူက အဲ့ဒီ့နေရာ မှိန်ပျပျအလင်းရောင်အောက်မှာ ငေးမောတွေဝေနေတယ်။"