← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 32 Ch. 317-318

အခန်း ၃၁၇ - အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာရာရစေဖို့က မုကျိုး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ

"စမ်းကြည့်လိုက်လေ။"

ကျန်းချင်ရီ၏ အသံက အခန်းတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပေသည်။

သူမ၏ လက်ထဲရှိ ဓားရှည်က တစ်ဖက်လူ၏ ခေါင်းကို ဖြတ်ယူရန် အချိန်မရွေး တိုက်ခိုက်လာတော့မည့်အလား တုန်ခါမြည်ဟည်းနေခဲ့လေ၏။

သူတို့နှစ်ဦးက အကြည့်ချင်း ဆုံလိုက်ကြပြီး အခန်းတွင်း၌ လေးလံသော တိတ်ဆိတ်မှုတစ်ခု ကျရောက်သွားခဲ့ပေသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များက အခန်းတွင်း၌ ထူထဲသော ဝိညာဉ်ဖိအားတစ်ခုကို ဖန်တီးလိုက်ပြီး လေထုကပင် အစိုင်အခဲ ဖြစ်သွားသည့်အလား ခံစားနေရစေတော့သည်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ကျွန်မတို့ နှစ်ယောက် တိုက်ခိုက်နေလို့ ဘာအကျိုးရှိမှာလဲ။ နောက်ဆုံးကျရင် ဟို ပင်လယ်လေးစင်းရဲ့ အုပ်စိုးရှင် အတွက်ပဲ အကျိုးရှိသွားမှာပေါ့။"

ချင်စီယောင်က စကားပြောရင်း သက်ပြင်းချလိုက်လေ၏။

ဘိုင်ရုရွှယ် အမည်ရှိ ထိုအမျိုးသမီးကို တစ်ဖက်လူက ရည်ညွှန်းပြောဆိုလိုက်သည်ကို ကြားသောအခါ ထိန်းချုပ်မှု ကင်းမဲ့တော့မည့်အလား ဖြစ်နေသော ကျန်းချင်ရီ၏ မျက်ဝန်းများထဲတွင် အသိတရားအချို့ ပြန်လည်ပေါ်လာခဲ့ပေသည်။

"အရင်တစ်ခေါက် ဂိုဏ်းချုပ်ကျန်းကို တွေ့တုန်းက ကျွန်မက ပူးပေါင်းဖို့ အဆိုပြုခဲ့ပေမဲ့ ဂိုဏ်းချုပ်ကျန်းက သဘောမတူခဲ့ဘူး။"

"ဒီနေ့လည်း ကျွန်မရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ။ ဂိုဏ်းချုပ်ကျန်း အနေနဲ့ အရင်တစ်ခေါက်က ကျွန်မပြောခဲ့တဲ့ အခြေအနေတွေကို သေချာ စဉ်းစားသင့်တယ်။"

"အကယ်၍ ကျွန်မတို့ နှစ်ယောက်သာ မပူးပေါင်းဘူးဆိုရင် နှစ်ယောက်စလုံး အခြေအနေကောင်းမှာ မဟုတ်ဘူး။"

"ဒါမှမဟုတ် ဂိုဏ်းချုပ်ကျန်းက ပင်လယ်လေးစင်းရဲ့ အင်အားကို ယှဉ်နိုင်ဖို့ ဓားတစ်သောင်းဂိုဏ်း တစ်ခုတည်းနဲ့ လုံလောက်ပြီလို့ ထင်နေတာလား။"

"....." ကျန်းချင်ရီ၏ မျက်မှောင်များ ကြုတ်သွားပြီး သူမ၏ အမူအရာက အလွန် မကျေမနပ်ဖြစ်နေပုံ ပေါ်သော်လည်း သူမက ဘာမှ ပြန်လည် မချေပခဲ့ချေ။

"ကျွန်မ ဂိုဏ်းချုပ်ကျန်းကို နောက်ထပ် တစ်လ အချိန်ပေးပါ့မယ်။ ဂိုဏ်းချုပ်ကျန်းရဲ့ အကြောင်းပြန်ကြားမှုကို ကျွန်မ စောင့်နေပါ့မယ်။"

ထိုသို့ပြောပြီးနောက် ချင်စီယောင်က သူမ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမနှင့် ဆက်လက် အငြင်းမပွားတော့ချေ။

သူတို့နှစ်ဦး တိုက်ခိုက်ခြင်းက မည်သည့်ရလဒ်မှ ထွက်ပေါ်လာမည် မဟုတ်သည့်အတွက် ဘာကြောင့် အပင်ပန်းခံ တိုက်ခိုက်နေရမည်နည်း။

ချင်စီယောင်က သူမ အခုလေးတင် ဖြေချထားသော အဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်ပြီး သူမ၏ ခါးစည်းကြိုးကို တပ်ဆင်လိုက်ကာ သူမ၏ ကိုယ်ပိုင် ခင်ပွန်းသည်ကို အဝတ်အစား ဝတ်ဆင်ပေးသည့်အလား ရှောင်မိုကိုလည်း ညင်သာစွာ ဝတ်ဆင်ပေးလိုက်လေ၏။

ထို့နောက်တွင် ချင်စီယောင်က ရှောင်မို၏ နဖူးကို ဖွဖွလေး ခေါက်လိုက်ပေသည်။ ရှောင်မို၏ မျက်ခုံးများက လှုပ်ခတ်သွားပြီး သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။

ရှောင်မို နိုးလာပြီး သူ၏ဘေးတွင် ထိုင်နေသော မင်းသမီးချင်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသော နတ်မိမယ်ကျန်းတို့ကို မြင်သောအခါ ဘာတွေဖြစ်ပျက်ခဲ့မှန်းမသိဘဲ သူ၏ အမူအရာက ခဏမျှ ကြောင်အသွားခဲ့ပေသည်။ "နိုင်ငံတော်ဆရာသခင်က ဘာလို့ ဒီမှာ ရောက်နေတာလဲ။"

"အရှင်မင်းကြီးရဲ့ ချီစွမ်းအင်တွေက စောစောက နည်းနည်း ကမောက်ကမ ဖြစ်သွားပြီး အိပ်ပျော်သွားတာပါ။ မုကျိုး အရမ်းကို လန့်သွားခဲ့တာ။ နိုင်ငံတော်ဆရာအိမ်တော်က ဒီနဲ့ သိပ်မဝေးဘူးဆိုတာရယ်၊ နိုင်ငံတော်ဆရာ နတ်မိမယ်ကျန်းက ကျင့်ကြံခြင်းမှာ အရမ်းကျွမ်းကျင်တယ်ဆိုတာရယ် ကြားဖူးတာနဲ့ နိုင်ငံတော်ဆရာကို အကူအညီတောင်းဖို့ ဖိတ်ခေါ်လိုက်တာပါ။ နိုင်ငံတော်ဆရာက အခုလေးတင် အရှင်မင်းကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဖြေလျော့ပေးထားပါတယ်။ အရှင်မင်းကြီး အခု နည်းနည်း သက်သာသွားပြီလား။"

ချင်စီယောင်က ကျန်းချင်ရီကိုယ်စား ဝင်ရောက် ဖြေကြားပေးလိုက်ပြီး သူမ၏ စိုးရိမ်ပူပန်နေသော မျက်ဝန်းများက ရိုးသားမှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

မုကျိုးက ထိုသို့ပြောသော်လည်း ရှောင်မိုက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်ကာ နတ်မိမယ်ကျန်းကို ကြည့်၍ အမှန်တရားကို မေးမြန်းလိုက်လေ၏။

ကျန်းချင်ရီက သူမ၏ ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်ပေသည်။ "သူပြောတဲ့အတိုင်းပါပဲ။ ဒီရက်ပိုင်းလေးမှာ သေချာ အနားယူလိုက်ပါ၊ ဓားသိုင်း မကျင့်တာ အကောင်းဆုံးပါပဲ။ တစ်ခါတလေကျရင် ကမောက်ကမဖြစ်နေတဲ့ ဝိညာဉ်စွမ်းအင်တွေက သွေးကြောတွေနဲ့ ဝိညာဉ်ကြောတွေမှာ မသက်မသာ ဖြစ်ရုံတင်မကဘဲ အိပ်ချင်စိတ်နဲ့ မောပန်းနွမ်းနယ်တာတွေကိုပါ ဖြစ်စေတတ်ပါတယ်။ အရှင်မင်းကြီးက ဒုတိယအမျိုးအစားထဲမှာ ပါဝင်နေတာပါ။"

"အော်... ဒီလိုကိုး။" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "နတ်မိမယ်ကျန်းနဲ့ မုကျိုးတို့ကို အလုပ်ရှုပ်သွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဟီးဟီး..." ချင်စီယောင်က သူမ၏ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပေသည်။ "အရှင်မင်းကြီးက မုကျိုးကို ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ။"

"နောက်ထပ် တစ်လကြာရင် မုကျိုးက နန်းတော်ထဲ ဝင်ရတော့မှာလေ။ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာရာရစေဖို့က မုကျိုး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ။"

ကျန်းချင်ရီက ချင်စီယောင်၏ ချိုသာလွန်းသော အပြုအမူများကို ကြည့်ရင်း ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ကာ မအီမသာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေတော့သည်။

ရှောင်မိုက ထိုအကြောင်းအရာကို ဆက်လက် မပြောတော့ဘဲ ပြုံးလျက် ပြောလိုက်ပေသည်။ "မွန်းတည့်နေပြီပဲ။ မုကျိုးနဲ့ နတ်မိမယ်ကျန်းတို့ အတူတူ နေ့လယ်စာ စားကြမလား။"

ချင်စီယောင်၏ မျက်ဝန်းများထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။ "မုကျိုးက အရှင်မင်းကြီးနဲ့အတူ နေ့လယ်စာ စားချင်ပေမဲ့ မွန်းတည့်ချိန်ကျရင် နန်းတွင်း ဓလေ့ထုံးတမ်း အရာရှိက မုကျိုးကို ကျိုးနိုင်ငံရဲ့ စားသောက်မှု ဓလေ့ထုံးစံတွေကို လာသင်ပေးမှာမို့လို့ပါ။ ငြင်းပယ်ရတဲ့အတွက် တောင်းပန်ပါတယ်။"

"ကိစ္စမရှိပါဘူး၊ နောက်တစ်ခါမှလည်း ရတာပဲလေ။ ဒါဆို ကိုယ် မုကျိုးကို နန်းတော်အပြင်ဘက်အထိ လိုက်ပို့ပေးမယ်။" ရှောင်မိုကလည်း ယဉ်ကျေးမှုအရသာ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။" ချင်စီယောင်က မတ်တတ်ရပ်လိုက်ပြီး ပျော်ရွှင်စွာ အရိုအသေပေးလိုက်လေ၏။

"သွားရအောင်။"

ရှောင်မိုက နန်းတွင်းအစေခံမများကို ရထားလုံး ပြင်ဆင်စေပြီး ချင်စီယောင်ကို နန်းတော်တံခါးဝဆီသို့ ခေါ်ဆောင်သွားခဲ့ပေသည်။

သူ နိုးလာပြီးနောက် နတ်မိမယ်ကျန်း ထွက်ခွာသွားလိမ့်မည်ဟု ရှောင်မို ထင်မှတ်ထားခဲ့လေ၏။

သို့သော် သူ အံ့သြသွားရသည်မှာ နတ်မိမယ်ကျန်းက တောက်လျှောက် လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းချင်ရီက ချင်စီယောင်၏ မျက်နှာချင်းဆိုင်တွင် စကားတစ်ခွန်းမျှ မဟဘဲ ထိုင်နေခဲ့ပြီး ချင်စီယောင်ကမူ ကျိုးနိုင်ငံ၏ မြို့တော်တွင် သူမ ကြုံတွေ့ခဲ့ရသော ပျော်ရွှင်ဖွယ်ရာ ကိစ္စရပ်များအကြောင်းကို ရှောင်မိုနှင့် စကားစမြည် ပြောဆိုနေခဲ့လေ၏။

"နှုတ်ဆက်ပါတယ် အရှင်မင်းကြီး။ နောက်တစ်ခါ အရှင်မင်းကြီးနဲ့ ကစားဖို့ မုကျိုး ထပ်လာခဲ့ပါဦးမယ်။" ချင်စီယောင်က သူမ၏ လက်သေးသေးလေးကို ဝှေ့ယမ်းကာ ရှောင်မိုကို နှုတ်ဆက်လိုက်ပေသည်။

"မင်း အချိန်မရွေး လာလို့ရပါတယ်။" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး သူမကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်လေ၏။

ချင်စီယောင်၏ ရထားလုံး အဝေးသို့ ထွက်ခွာသွားပြီးနောက် ရှောင်မိုက နန်းတော်ဆီသို့ ပြန်ရန် လှည့်လိုက်ချိန်တွင် နတ်မိမယ်ကျန်းက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။

"နတ်မိမယ်ကျန်း... တစ်ခုခု ဖြစ်လို့လား။" ရှောင်မိုက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။

ကျန်းချင်ရီက ရှောင်မို၏ လည်ပင်းပေါ်ရှိ အနီရောင်အမှတ်အသားကို ကြည့်လိုက်ရာ သူမ၏ လက်သေးသေးလေးများက အလိုအလျောက် ဆုပ်ကိုင်မိသွားခဲ့ပေသည်။

"ဘာမှမဖြစ်ပါဘူး။" ကျန်းချင်ရီက လှည့်ကာ ထွက်ခွာသွားပြီး ရှောင်မို၏ အမြင်အာရုံထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

"ဘာဖြစ်သွားတာလဲ။ သူ ဒေါသထွက်သွားတာလား။"

ဘာဖြစ်သွားမှန်း ရှောင်မို မသိသော်လည်း သူက သိပ်ပြီး ဂရုမစိုက်နေတော့ချေ။

ဤနတ်မိမယ်ကျန်းက ပုံမှန်အားဖြင့် စိတ်အပြောင်းအလဲ မြန်လွန်းသူဖြစ်ရာ ရက်အနည်းငယ်ကြာလျှင် ပြန်ကောင်းသွားလိမ့်မည် ဖြစ်ပေသည်။

ရှောင်မို သူ၏ အိပ်ဆောင်ဆီသို့ ပြန်ရောက်လာပြီးနောက် ဘဝတစ်ရာကျမ်းထဲသို့ ထပ်မံ ဝင်ရောက်ရန် ရည်ရွယ်လိုက်လေ၏။

သူ၏ မင်္ဂလာပွဲကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသော်လည်း ရှောင်မို၏ အမြင်တွင် နောက်ထပ် တစ်လကြာပြီးနောက် ချင်ယန်မင်းသမီးနှင့် ယန်မျိုးနွယ်စု၏ သမီးတော်တို့ နန်းတော်ထဲသို့ ဝင်ရောက်လာမည့် ကိစ္စက မည်သည့် မတော်တဆမှုနှင့်မျှ ထပ်မံကြုံတွေ့ရနိုင်တော့မည် မဟုတ်ဟု ထင်မြင်နေခဲ့ပေသည်။

ထိုသို့မဟုတ်ပါက မယ်တော်ကြီး တကယ်ပင် ဒေါသထွက်လာရုံသာမက ချင်တိုင်းပြည်အတွက်လည်း ခိုင်လုံသော အကြောင်းပြချက် ပေးနိုင်တော့မည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် သူက မည်သို့မျှ မရည်ရွယ်ဘဲ နောက်ထပ် တစ်လ အချိန်ပိုရလာခဲ့လေ၏။ နောက်ထပ် ဇာတ်ကွက်တစ်ခုကို ရှင်းလင်းနိုင်ခြင်း ရှိမရှိ ဆိုသည်ကို သူ ကြည့်ရှုချင်နေခဲ့ပေသည်။

သို့သော် ဤတစ်ကြိမ်တွင် ရှောင်မိုက ဝမ်ရှင်း၏ ဘဝတွင် အသုံးပြုခဲ့သကဲ့သို့ အလျင်စလို နည်းလမ်းများကို အသုံးပြုရန် အစီအစဉ် မရှိတော့ဘဲ ဖြည်းဖြည်းချင်း အချိန်ယူ၍ လုပ်ဆောင်သွားရန် ရည်ရွယ်ထားလေ၏။

အကယ်၍ တစ်လအတွင်း ပြီးစီးအောင် မလုပ်ဆောင်နိုင်ပါက အချိန်ကို အနည်းငယ် ထပ်မံတိုးချဲ့ရုံသာ ရှိပေသည်။

ရှောင်မို၏ အသိစိတ်များ ဝေဝါးသွားသည်နှင့်တစ်ပြိုင်နက် သူက ဘဝတစ်ရာကျမ်းထဲသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

ရှောင်မို၏ အရှေ့တွင် ယခင်က ပန်းချီကားနှစ်ချပ် ပြန်လည်ပေါ်လာခဲ့ပေသည်။

ထိုပန်းချီကားနှစ်ချပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တကယ့်လက်တွေ့နှင့် ပတ်သက်သော ရှောင်မို၏ မှတ်ဉာဏ်အချို့က ဘဝတစ်ရာကျမ်း၏ ဝေဝါးမှုအောက်တွင် ရောက်ရှိသွားခဲ့လေ၏။

အကြိမ်တိုင်းတွင် ဤအတိုင်းသာ ဖြစ်နေခဲ့ပေသည်။ ဘဝတစ်ရာကျမ်းက သူ၏ မှတ်ဉာဏ် မည်သည့်အစိတ်အပိုင်းကို ဝေဝါးအောင် ပြုလုပ်ခဲ့သနည်း ဆိုသည်ကို ရှောင်မိုက အကြိမ်များစွာ ကြိုးစား၍ ပြန်လည်မှတ်မိရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်တော့ မည်သည့်ရလဒ်မှ မရရှိခဲ့ချေ။

ကောင်းကင်တာအို၏ စည်းမျဉ်းက သူ့ကို တားဆီးနေသည့်အလား ရှိလေတော့သည်။

"ပြန်မမှတ်မိနိုင်ရင်လည်း ထားလိုက်ပါတော့။"

ရှောင်မိုက ခေါင်းခါယမ်းလိုက်ပြီး အကျိုးမဲ့သော အလုပ်များကို ဆက်လက် မလုပ်ဆောင်တော့ချေ။ ပန်းချီကားနှစ်ချပ်ကြားတွင် အချိန်ကြာမြင့်စွာ တွေဝေပြီးနောက် ရှောင်မိုက ညာဘက်ရှိ ပန်းချီကားကို ရွေးချယ်လိုက်လေ၏-

ပန်းချီကားထဲရှိ အမျိုးသမီးက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဝင်းနေသော လက်လေးများဖြင့် ဗုံတီးနေစဉ် သူမ၏ အင်္ကျီလက်များက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော လက်မောင်းများဆီသို့ လျှောကျနေခဲ့ပေသည်။

[ပိုင်ရှင်အနေဖြင့် ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက်ဘဝဖြစ်သော ချင်စီယောင်၏ ဘဝထဲသို့ ဝင်ရောက်လိုပါသလား။]

ဘဝတစ်ရာကျမ်း၏ အသံက ရှောင်မို၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့လေ၏။

"ဝင်မယ်။" ရှောင်မိုက မတုံ့ဆိုင်းခဲ့ချေ။

ရှောင်မို ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘယ်ဘက်ရှိ ပန်းချီကားလိပ်က အလိုအလျောက် လိပ်တက်သွားပြီး သူ၏ အရှေ့မှ ပျောက်ကွယ်သွားခဲ့လေတော့သည်။

[ရွေးချယ်မှု ပြီးစီးပါပြီ။ ပိုင်ရှင်... ကျေးဇူးပြု၍ ဇာတ်ကောင်အမည်တစ်ခုကို ဖန်တီးပေးပါ။]

"ရှောင်မို။"

[ဇာတ်ကောင်အမည် ဖန်တီးခြင်း ပြီးစီးပါပြီ။ ပိုင်ရှင်က ဘဝတစ်ရာကျမ်းထဲသို့ ဝင်ရောက်တော့မည် ဖြစ်ပါသည်။]

[အချိန်ရေတွက်နေပါသည်...]

[သုံး...]

[နှစ်...]

[တစ်...]

အချိန်ရေတွက်မှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှောင်မိုက အိပ်ပျော်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းထဲသို့ နစ်မြုပ်သွားခဲ့လေတော့သည်။

ရှောင်မို နိုးလာချိန်တွင် သူ မြင်တွေ့ရသမျှအရာအားလုံးက ဝေဝါးနေခဲ့ပေသည်။

"ဝူး... ဝူး... ဝူး..."

ရှောင်မိုက အသံတစ်သံ ထွက်ပေါ်လာစေရန် ကြိုးစားလိုက်သော်လည်း သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသည့် တစ်ခုတည်းသော အရာမှာ ကလေးငယ်တစ်ဦး၏ ငိုသံသာ ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ဒီငိုသံက... ငါ့ငိုသံနဲ့ တူနေပါလား။

အခန်း ၃၁၈ - မေမေ ဒီမှာ ရှိတယ်... အမြဲတမ်း ရှိနေမှာပါ

"ဝူး... ဝူး... ဝူး..."

သူ၏ ကိုယ်ပိုင် ငိုသံများကို ကြားသောအခါ ရှောင်မိုက ရပ်တန့်သွားပြီး သူက တကယ်ကို မွေးကင်းစ ကလေးငယ်လေး တစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်း နားလည်လိုက်ပေသည်။

ယင်းက ရှောင်မိုကို ခဏမျှ ဇဝေဇဝါဖြစ်ကာ လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

ယခင်က သူဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများတွင် အနည်းဆုံးတော့ သူက ကလေးငယ်လေး တစ်ယောက်အဖြစ် စတင်ခဲ့ရပြီး မိသားစုများစွာ၏ ကြင်နာမှုအောက်တွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူက ကလေးပေါက်စဘဝကနေ တိုက်ရိုက် စတင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

"ဂုဏ်ယူပါတယ် ပဉ္စမသခင်မလေး... သခင်လေး တစ်ယောက်ပါရှင်။"

အဘွားအိုတစ်ဦး၏ အသံက ရှောင်မို၏ နားထဲသို့ ဝင်ရောက်လာခဲ့ပေသည်။

ဒါက ငါ့အမေရဲ့ သားဖွားဆရာမ ဖြစ်ရမယ်ဟု ရှောင်မို တွေးလိုက်လေ၏။

မကြာမီမှာပင် ရှောင်မိုက သူ့ကိုယ်သူ နွေးထွေးသော ရေဇလုံတစ်ခုထဲသို့ ထည့်ခံလိုက်ရပြီး ထိုလူ၏ သေချာစွာ ဆေးကြောသန့်စင်ပေးမှုကို ခံစားလိုက်ရပေသည်။

သန့်စင်ပြီးနောက် ရှောင်မိုကို သားဖွားဆရာမက အနှီးများဖြင့် ထုပ်ပိုးကာ ခုတင်ပေါ်တွင် တင်ပေးလိုက်လေ၏။

ဝေဝါးနေသော အမြင်အာရုံများမှတစ်ဆင့် ရှောင်မိုက အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရပေသည်။

သူမ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း သွေးသားဆက်နွယ်မှုမှ ဖြစ်ပေါ်လာသော ရင်းနှီးကျွမ်းဝင်မှုနှင့် ယုံကြည်မှုတို့က ဤသူမှာ သူ့ကို မွေးဖွားပေးခဲ့သော မိခင်ဖြစ်ကြောင်း ရှောင်မိုကို သိရှိသွားစေခဲ့လေ၏။

"မေမေ့ကို သေချာ ကြည့်ခွင့်ပေးပါဦး..." အမျိုးသမီးက အားနည်းစွာ ပြောလိုက်ပေသည်။

သူမက ကွဲကြေသွားမည်ကို စိုးရိမ်နေသည့် ကြွေရုပ်လေး တစ်ရုပ်ကို ကိုင်တွယ်ရသကဲ့သို့ သူမ၏ နူးညံ့သွယ်လျသော လက်တစ်စုံဖြင့် သူ၏ ပါးပြင်ကို သတိတကြီး ပွတ်သပ်ပေးနေသည်ကို ရှောင်မို ခံစားလိုက်ရလေ၏။

"သားလေး... မေမေက သားလေးရဲ့ မေမေပါ..."

အမျိုးသမီး၏ ဝင်သက်ထွက်သက်များက ရှောင်မို၏ နားရွက်ပေါ်ရှိ အမွှေးနုလေးများကို ညင်သာစွာ ဖြတ်သန်းတိုက်ခတ်သွားခဲ့ပေသည်။

သူ့မိခင်၏ ပါးပြင်က သူနှင့် ဖွဖွလေး ထိတွေ့သွားပြီးနောက် အနမ်းတစ်ပွင့် လိုက်ပါလာသည်ကို ရှောင်မို ခံစားလိုက်ရလေ၏။

ယားကျိကျိ ဖြစ်သွားသောကြောင့် ရှောင်မိုက မသိမသာ တွန့်လိမ်မိသွားခဲ့ပေသည်။

"ဘယ်လိုနေလဲ။ ကျိုးရူရှီး မွေးပြီးပြီလား။"

ထိုစဉ် အခန်းအပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အားကောင်းသော အသံ ထွက်ပေါ်လာခဲ့လေ၏။

"ဒီအစေခံအိုကြီးက မင်းသားကို အရိုအသေပေးပါတယ်ရှင်။"

"ဒီအစေခံက မင်းသားကို အရိုအသေပေးပါတယ်ရှင်။"

သားဖွားဆရာမနှင့် အစေခံမလေးတို့က လျင်မြန်စွာ အရိုအသေပေးလိုက်ကြပေသည်။

"ဒီကိုယ်လုပ်တော်က သခင်ကြီးကို အရိုအသေပေးပါတယ်။" အခုလေးတင်မှ ကလေးမွေးဖွားထားသော ကျိုးရူရှီး အမည်ရှိ အမျိုးသမီးက ထိုင်ရန် ကြိုးစားလိုက်သော်လည်း အမျိုးသားက လျင်မြန်စွာ တားမြစ်လိုက်လေ၏။ "ကျိုးရူရှီး၊ မင်း အခုလေးတင် ကလေးမွေးထားတာလေ၊ သေချာ အနားယူပါ။ ဇွတ်လုပ်နေစရာ မလိုပါဘူး။"

"ကျေးဇူးတင်ပါတယ် သခင်ကြီး။" ကျိုးရူရှီးက အားနည်းစွာ ပြောလိုက်ပေသည်။

"ဟားဟားဟား... လာစမ်း၊ ငါ့ရဲ့ ရှောင်မိသားစုအတွက် တိုးလာတဲ့ သားလေးကို ဒီမင်းသား ကြည့်ပါရစေဦး။"

မကြာမီမှာပင် အမျိုးသား၏ အကြည့်က မွေးကင်းစ ကလေးငယ်လေးဆီသို့ ရောက်ရှိသွားခဲ့လေ၏။

သားဖွားဆရာမက ကျိုးရူရှီး၏ ဘေးမှ ကလေးငယ်လေးကို လျင်မြန်စွာ ပွေ့ချီကာ မင်းသားထံသို့ ကမ်းပေးလိုက်ပေသည်။

အမျိုးသား၏ ကြီးမားကြမ်းတမ်းသော လက်များဖြင့် မတင်လိုက်သည်ကိုသာ ရှောင်မို ခံစားလိုက်ရပြီးနောက် အမျိုးသားက ခေါင်းညိတ်လိုက်သည်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရလေ၏။ "မဆိုးဘူး၊ မဆိုးဘူး။ ကျိုးရူရှီး၊ မင်း ပင်ပန်းသွားပြီ။ ဒီနေ့ ငါ့ရဲ့ ရှောင်အိမ်တော်မှာ အမွေဆက်ခံမယ့် သားယောက်ျားလေး တစ်ယောက် ထပ်တိုးလာခဲ့ပြီ။"

"ကျေးဇူးပြုပြီး သခင်ကြီးက ကလေးအတွက် နာမည်လေး ပေးသနားပါရှင်" ဟု ကျိုးရူရှီးက အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်ပေသည်။

အမျိုးသားက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏။ "ဒီမင်းသား ဒီတစ်ခေါက် စစ်ချီတုန်းက အနက်ရောင် ကျောက်စိမ်း ချီလင်တစ်ကောင်ကို ရခဲ့တယ်၊ ပြီးတော့ မြို့ထဲကို ပြန်ရောက်လာတော့လည်း မှင်လို အနက်ရောင် တောင်ထွတ်တစ်ခုကို မြင်ခဲ့ရတယ်။ အဲဒါက ကလေးမွေးဖွားတာနဲ့ တိုက်ဆိုင်နေတော့ ဒီကလေးကို ရှောင်မို လို့ နာမည်ပေးလိုက်ကြတာပေါ့။"

"ကျေးဇူးတင်ပါတယ် သခင်ကြီး။" ကျိုးရူရှီးက ကလေးကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် မိခင်မေတ္တာများ အပြည့်အဝ ရှိနေခဲ့ပေသည်။ "မိုအာ က ဒီနာမည်လေးကို သဘောကျမှာ သေချာပါတယ်။"

"ကောင်းပြီ၊ ကျိုးရူရှီး၊ သေချာ အနားယူလိုက်ပါဦး။ ဒီမင်းသားမှာ လုပ်စရာကိစ္စတွေ ရှိသေးလို့ သွားလိုက်ဦးမယ်။" အချိန်သိပ်မကြာလိုက်ခင်မှာပင် အမျိုးသားက အနှီးပတ်ထားသော ရှောင်မိုကို သားဖွားဆရာမထံသို့ ပြန်ပေးလိုက်လေ၏။

"ဂရုစိုက်သွားပါ သခင်ကြီး။" ကျိုးရူရှီး၏ မျက်ဝန်းများထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း သူမက ယင်းနှင့် အသားကျနေပြီ ဖြစ်ဟန်ရှိပေသည်။

"မင်းသားကို ရိုသေလေးစားစွာနဲ့ နှုတ်ဆက်ပါတယ်ရှင်။"

သားဖွားဆရာမနှင့် အစေခံမလေးတို့ နှစ်ဦးစလုံးက အရိုအသေပေးလိုက်ကြလေ၏။

ရှောင်မင်းသား ထွက်ခွာသွားပြီးနောက် သားဖွားဆရာမက ကျိုးရူရှီး၏ အစေခံမလေးကို မီးဖွားပြီးစ စောင့်ရှောက်မှုများအကြောင်း ညွှန်ကြားခဲ့ပြီးနောက် သူမလည်း မကြာမီ ထွက်ခွာသွားခဲ့ပေသည်။

အခန်းထဲတွင် ကျိုးရူရှီး၊ အစေခံမလေး ချွေ့ချွေ့နှင့် ကလေးငယ်လေးတို့သာ ကျန်ရစ်နေခဲ့တော့၏။

"သခင်မလေး၊ ဝမ်းမနည်းပါနဲ့။ သခင်ကြီးက ပုံမှန်အားဖြင့် တိုင်းပြည်ရေးရာတွေနဲ့ အလုပ်ရှုပ်နေတတ်လို့ပါ။ အခု သခင်မလေးက ရှောင်အိမ်တော်အတွက် အမွေဆက်ခံမယ့် သားယောက်ျားလေးတစ်ယောက် မွေးပေးခဲ့ပြီဆိုတော့ သခင်ကြီး အားတဲ့အချိန်ကျရင် သခင်မလေးဆီ သေချာပေါက် ပိုပြီး လာလည်ပါလိမ့်မယ်။"

ချွေ့ချွေ့က သူမ၏ သခင်မကို နှစ်သိမ့်ပေးလိုက်လေ၏။

"ရပါတယ်။ ငါက ကိုယ်လုပ်တော် တစ်ယောက်ပါပဲ။ သခင်ကြီးက ဒီနေ့ ငါ့ဆီကို လာကြည့်ပေးတာနဲ့တင် ငါ ကျေနပ်နေပါပြီ။ ဘယ်လိုလုပ်ပြီး ထပ်တောင်းဆိုရဲမှာလဲ။ အဲဒီထက်စာရင်..."

ကျိုးရူရှီးက သူမ၏ ခေါင်းအုံးဘေးရှိ ကလေးငယ်လေးကို လှည့်ကြည့်လိုက်ပေသည်။

"ဒီနေ့ကစပြီး ငါ့ကို အဖော်ပြုပေးမယ့် မိုအာ ရှိနေပြီဆိုတော့ ငါ အထီးကျန်တော့မှာ မဟုတ်ဘူး။"

သူမ၏ သခင်မကို ကြည့်ရင်း ချွေ့ချွေ့က နှုတ်ခမ်းကို အနည်းငယ် ဟလိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်နေသည့်ဟန် ရှိသော်လည်း နောက်ဆုံးတွင် သူမ၏ ပါးစပ်ကို ပြန်ပိတ်ထားလိုက်လေ၏။

တစ်ချိန်တည်းမှာပင် ရှောင်မိုက ဤဘဝ၏ အချက်အလက်များကို စီစစ်နေစဉ် ဘဝတစ်ရာကျမ်း၏ အသံက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပေသည်။

[ပိုင်ရှင်သည် ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက် ဘဝထဲသို့ ဝင်ရောက်သွားခဲ့ပါပြီ။]

[ချင်တိုင်းပြည်၏ မြောက်ပိုင်းကာကွယ်ရေး စစ်သူကြီး ရှောင်ရှီက ကျွမ်တိုင်းပြည်ကို စစ်ချီတိုက်ခိုက်ခဲ့ပြီး ယွင်ဟွေမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ယွင်ဟွေမြို့၏ မြို့စားက လက်နက်ချ အညံ့ခံခဲ့ပြီး သူ၏သမီးဖြစ်သူ ကျိုးရူရှီးကို ရှောင်ရှီထံ ဆက်သခဲ့သည်။ ရှောင်ရှီက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ကျိုးရူရှီးကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့သည်။]

[သုံးနှစ်အကြာတွင် ကျိုးရူရှီးက ကိုယ်ဝန်ဆောင်ခဲ့ပြီး ရှောင်ရှီအတွက် သားတစ်ယောက် မွေးဖွားပေးခဲ့သည် - ရှောင်မို (ပိုင်ရှင် ဖြစ်သည်)။]

[ပိုင်ရှင်သည် အဆင့်အတန်းနိမ့်ကျသော ကိုယ်လုပ်တော်၏သား ဖြစ်သော်လည်း ပိုင်ရှင်၌ ကြီးမားသော သိုင်းတာအို ပါရမီ ရှိပြီး အနာဂတ်တွင် သိုင်းတာအိုကို ကျင့်ကြံပါက ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်ပေလိမ့်မည်။]

[ယခုအခါ အနန္တဓမ္မလောကတွင် အဓိက တိုင်းပြည်ကြီး ခုနစ်ခုနှင့် တိုင်းပြည်ငယ် ဆယ့်ငါးခု ရှိပြီး ဖရိုဖရဲ ကာလထဲသို့ ရောက်ရှိနေသည်။]

[သို့သော် လောက၏ ယေဘုယျ ရေစီးကြောင်းအရ ကွဲကွာနေသောအရာများက ပြန်လည် ပေါင်းစည်းရမည်ဖြစ်ပြီး ပေါင်းစည်းနေသောအရာများကလည်း ပြန်လည် ကွဲကွာရမည် ဖြစ်သည်။ ပိုင်ရှင် မွေးဖွားလာချိန်တွင်ပင် ချင်တိုင်းပြည်၏ မိဖုရားကြီးက သူမ၏ တတိယမြောက် ကလေးကို မွေးဖွားခဲ့သည်။]

[ဤကလေးက ပိုင်ရှင်နှင့် နှစ်၊ လ၊ ရက် အတူတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူမက မိန်းကလေး ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီး၏ အသန့်စင်ဆုံးသော ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး သူမ၏ ကံကြမ္မာက အလွန်တရာ မြင့်မြတ်လှသည်။]

[ဤမိန်းကလေးက အနန္တဓမ္မလောကကို ပေါင်းစည်းပြီး ပထမဆုံးသော တစ်စည်းတစ်လုံးတည်းဖြစ်သည့် အင်ပါယာမင်းဆက်ကို တည်ထောင်နိုင်ချေ ရှိသည်။]

[တာဝန် ၁ - ကျေးဇူးပြု၍ သူမအား အခြား တိုင်းပြည်များကို သိမ်းပိုက်ရာတွင် ကူညီပေးပါ။ ဤဘဝ အဆုံးသတ်ချိန်တွင် ပိုင်ရှင်က ချင်တိုင်းပြည်အတွက် တိုင်းပြည်များကို သိမ်းပိုက်ရန် ကူညီပေးနိုင်လေ ဆုလာဘ်က ပို၍ ကြွယ်ဝလေ ဖြစ်မည်။ လောကကြီးကို ပေါင်းစည်းနိုင်ပါက ဆုလာဘ်က အမြင့်ဆုံးသို့ ရောက်ရှိမည် ဖြစ်သည်။]

[ဖရိုဖရဲ ရှေးဦးခေတ်ကာလတွင် မွေးဖွားလာသော အမျိုးသားတစ်ဦးသည် မိမိကိုယ်ကို တိုးတက်စေရန် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး ကုသိုလ်ကောင်းမှုနှင့် ဘဝအောင်မြင်မှု တည်ဆောက်ခြင်းကို မိမိ၏ တာဝန်အဖြစ် ခံယူရမည်။ လောကတစ်ခွင်တွင် နာမည်ကျော်ကြားရန် ရည်ရွယ်ချက်ဖြင့် လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သာမန်ဘဝနဲ့ နေထိုင်နိုင်မှာလဲ။]

[တာဝန် ၂ - ဤဘဝတွင် ပိုင်ရှင်၏ ဂုဏ်သတင်းကျော်စောမှု မြင့်မားလေ၊ ဘဝအဆုံးသတ်ချိန်တွင် ဆုလာဘ်က ပို၍ ကြွယ်ဝလေ ဖြစ်မည်။]

[ဓားတာအို၊ ကွန်ဖြူးရှပ်တာအို သို့မဟုတ် သိုင်းတာအို မည်သည့်အရာပင် ဖြစ်စေကာမူ ကျင့်ကြံခြင်း ကိစ္စရပ်ကို လစ်လျူမရှုသင့်ပေ။ ဤသည်မှာ အားလုံးအတွက် မှန်ကန်တိကျလှပေသည်။]

[တာဝန် ၃ - ဤဘဝ အဆုံးသတ်ချိန်တွင် ပိုင်ရှင်၏ အဆင့်ကို တွက်ချက်မည် ဖြစ်သည်။ ပိုင်ရှင်၏ အဆင့် မြင့်မားလေ၊ ဆုလာဘ်က ပို၍ ကြွယ်ဝလေ ဖြစ်မည်။]

ဘဝတစ်ရာကျမ်း၏ အသံက ပျောက်ကွယ်သွားခဲ့လေ၏။ ရှောင်မိုက တာဝန်သုံးခုကို မှတ်မိနေသော်လည်း လတ်တလောတွင် ထိုအကြောင်းများကို ဆက်လက် တွေးတောမနေတော့ချေ။ ကြည့်ရသည်မှာ ဤတစ်ခေါက်ဘဝသည်လည်း သူ့အတွက်ခက်ခဲဦးမည့်ပုံစံပင်။

လောလောဆယ်တွင် သူက မွေးကင်းစ ကလေးငယ်လေးတစ်ယောက်သာ ဖြစ်ပြီး ရှေ့ဆက်ရမည့် လမ်းခရီးက ရှည်လျားလှသေးပေသည်။ သူက ကြီးပြင်းလာရန်ကိုသာ ဦးစွာ အာရုံစိုက်ထားမည် ဖြစ်လေ၏။

ရှောင်မိုကို ပို၍ စိတ်လှုပ်ရှားသွားစေသည်မှာ - အပြာရောင် ပင်လယ်ကြယ် သူ၏ လောကအစစ်အမှန်တွင် ရှိနေစဉ်က သူက မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရပြီး ကျိုးနိုင်ငံ၏ ဧကရာဇ်အဖြစ် နေထိုင်ခဲ့ရသော ဘဝနှင့် ဘဝတစ်ရာကျမ်းက လမ်းညွှန်ပေးခဲ့သော ဘဝများတွင်လည်း သူ၏ မိခင်က ကွယ်လွန်သွားခဲ့သည်မှာ ကြာလှချေပြီ။

ဘဝတစ်ရာကျမ်းက အတုအယောင်ဖြစ်ကြောင်း ရှောင်မို သိထားသော်လည်း ဤသည်မှာ သူ မိခင်မေတ္တာကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်ပေသည်။

"မိုအာ၊ ဘာဖြစ်လို့လဲ။ အိပ်ပျော်သွားတာလား။"

ရှောင်မို ငေးမောနေစဉ် ကျိုးရူရှီးက သူမ၏ ကလေးလေး ငြိမ်သက်နေသည်ကို မြင်သောအခါ အလွန် စိုးရိမ်ပူပန်သွားခဲ့လေ၏။

"ဝူး... ဝူး... ဝူး..."

ရှောင်မိုက အကြိမ်အနည်းငယ် ငိုပြလိုက်ပြီး သူ အဆင်ပြေကြောင်း ပြသရန် သူ၏ လက်သေးသေးလေးများနှင့် ခြေထောက်လေးများကို မရပ်မနား ဝှေ့ယမ်းပြလိုက်ပေသည်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ မေမေက သားလေးကို နှိုးလိုက်မိပြီ။ မေမေ သားလေးကို သီချင်းလေး တစ်ပုဒ် ဆိုပြရမလား... မိုအာ အိပ်တော့၊ မိုအာ အိပ်တော့၊ ဆောင်းဦးရေပြင်လှိုင်းတွေပေါ်မှာ တိမ်မည်းတွေက ညင်သာစွာ ဆင်းသက်လာတယ်၊ ညနေခင်း လေပြေက ပုလွေသံလေးလို ဖြတ်သန်းသွားပြီး ကြယ်လေးတွေကို ကြွေကျလာဖို့ ချော့သိပ်နေတယ်"

ငယ်ရွယ်သော မိခင်က ကလေးငယ်ကို ညင်သာစွာ ပုတ်ပေးရင်း နူးညံ့သော သားချော့တေးလေးကို ညည်းဆိုနေခဲ့လေ၏။

မကြာမီမှာပင် မွေးကင်းစ ကလေးငယ်တစ်ဦး ဖြစ်နေသော ရှောင်မိုမှာ ပို၍ပို၍ အိပ်ချင်လာပြီး အချိန်သိပ်မကြာလိုက်ခင်မှာပင် သူက မိခင်၏ လက်ညိုးကို ဆုပ်ကိုင်ထားရင်း တကယ်ပင် အိပ်ပျော်သွားခဲ့လေတော့သည်။

ကျိုးရူရှီးက ကလေးငယ်၏ အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်ရင်း သူမ ထွက်သွားမည်ကို စိုးရိမ်နေသည့်အလား သူ၏ ဆုပ်ကိုင်ထားသော ခွန်အားလေးကို ခံစားလိုက်ရပေသည်။

ငယ်ရွယ်သော မိခင်က ကလေးငယ်၏ ပါးပြင်ကို ညင်သာစွာ နမ်းလိုက်ပြီး သူမ၏ မျက်ဝန်းများက ကြင်နာယုယမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။ "မိုအာ... အိပ်မက်လှလှ မက်ပါစေ။"

"မိုအာ... မကြောက်နဲ့နော်။"

"မေမေ ဒီမှာ ရှိတယ်..."

"အမြဲတမ်း ရှိနေမှာပါ..."

All Chapters