← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း ၃၁၉ - မိုအာက တကယ်ကို အံ့သြစရာကောင်းလောက်အောင် တော်တာပဲ

အချိန်တွေ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့လေ၏။

မွေးဖွားလာချိန်မှစ၍ ရှောင်မိုက နေ့စဉ်နေ့တိုင်း စားခြင်းနှင့် အိပ်ခြင်းမှလွဲ၍ ဘာမှ မလုပ်ခဲ့ချေ။

မွေးကင်းစ ကလေးငယ်တစ်ဦး၏ အဓိကတာဝန်များက စားခြင်းနှင့် အိပ်ခြင်းသာ ဖြစ်ပေသည်။

ရှောင်မိုအနေဖြင့် သူ၏ မိခင်နှင့် ချွေ့ချွေ့တို့၏ စကားပြောဆိုမှုများမှတစ်ဆင့် ရှောင်အိမ်တော်အကြောင်း ပိုမိုသိရှိလာစေရန် အချိန်ပို၍ နိုးကြားနေချင်ခဲ့လေ၏။

သို့သော် ရှောင်မိုက နိုးလာပြီးနောက် မကြာမီမှာပင် အိပ်ချင်လာတတ်သဖြင့် သူ တကယ်ပင် ဘာမှ မတတ်နိုင်ခဲ့ချေ။

ဤတစ်ကြိမ်တွင်မူ ကလေးလေးလို အိပ်စက်ခြင်း ဆိုသည်က ဘာကိုဆိုလိုကြောင်း ရှောင်မို တကယ်ပင် ခံစားလိုက်ရလေတော့သည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်က တစ်နေ့တခြား သိသိသာသာ လျင်မြန်စွာ ကြီးထွားလာနေကြောင်းကိုလည်း ရှောင်မို ရှင်းလင်းစွာ ခံစားသိရှိနေခဲ့ပေသည်။

အစောပိုင်း ရှောင်မို ပထမဆုံး မွေးဖွားလာချိန်က သူ၏ အမြင်အာရုံမှာ ဝေဝါးနေခဲ့လေ၏။

သို့သော် တဖြည်းဖြည်းနှင့် လက်မနှစ်ဆယ်ခန့် အကွာအဝေးအတွင်းရှိ အရာများကို ရှောင်မို ရှင်းလင်းစွာ မြင်တွေ့လာနိုင်ခဲ့ပေသည်။

နှစ်လ ကြာပြီးနောက် ရှောင်မိုက ဝူး... ဝူး... ဝူး... ဟုသာ ငိုကြွေးမနေတော့ဘဲ ဂစ်ဂစ် နှင့် ကူးကူး အစရှိသော အသံများကို ပြုလုပ်နိုင်လာခဲ့လေ၏။

သူ၏ အသက်အရွယ်ထက် ကျော်လွန်သော လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခြင်း ရှိမရှိ ဆိုသည်ကို ရှောင်မို စမ်းသပ်ကြည့်ခဲ့ပေသည်။

သို့သော် မကြာမီမှာပင် သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေခဲ့ကြောင်း နားလည်သွားခဲ့လေ၏။

ကလေးငယ်များ၌ ကိုယ်ပိုင် ကန့်သတ်ချက်များ ရှိပေသည်။

ဤငယ်ရွယ်သော ခန္ဓာကိုယ်ကို အမှန်တကယ် ယဉ်ပါးအောင် ပြုလုပ်ရန် ဆိုသည်မှာ အလွယ်တကူ မဟုတ်ပေ။

ဤအချိန်မှာပင် ရှောင်မိုက သူ၏ မျက်နှာအမူအရာအချို့ကို ထိန်းချုပ်နိုင်လာကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ပြီး သူက ပြုံးနိုင်လာခဲ့လေ၏။

ထိုနေ့နံနက်ခင်းက ကျိုးရူရှီး သူမ၏ ကလေးနှင့် ကစားနေစဉ် ရှောင်မိုက သူ၏ လက်သေးသေးလေးများကို မရပ်မနား ဝှေ့ယမ်းပြကာ ကြည်လင်သော ရယ်သံလေးများ ထွက်ပေါ်လာခဲ့ပေသည်။

ကျိုးရူရှီးက အနည်းငယ် မှင်တက်သွားပြီးနောက် သူမ၏ မျက်ဝန်းများထဲတွင် တောက်ပသော ပျော်ရွှင်မှုများ လက်ခနဲ ဖြစ်သွားခဲ့လေ၏။

"ချွေ့ချွေ့... မြန်မြန်လာကြည့်ပါဦး၊ မိုအာက ပြုံးနေတယ်" ဟု ကျိုးရူရှီးက သူမ၏ အစေခံမလေးကို ပျော်ရွှင်စွာ လှမ်းခေါ်လိုက်ပေသည်။

ယင်းကို ကြားသောအခါ ချွေ့ချွေ့က လျင်မြန်စွာ ပြေးဝင်လာခဲ့လေ၏။ "သခင်မလေး... တကယ်လား။ သခင်လေးက ပြုံးနေတာလား။"

"ဟုတ်တယ်" ဟု ကျိုးရူရှီးက ခေါင်းညိတ်လိုက်ပြီး ကလေးငယ်ကို ဆည်းလည်းငယ်လေးဖြင့် ကစားပြကာ ညင်သာစွာ ပြောလိုက်လေ၏။ "မိုအာ... လာပါဦး၊ အန်တီချွေ့ကို ပြုံးပြလိုက်ပါဦး။"

"ဂစ်ဂစ်... ဂစ်ဂစ်... ဂစ်ဂစ်..." ရှောင်မိုက သူ၏ လက်သေးသေးလေးများဖြင့် လေထဲတွင် လျှောက်ဖမ်းဆုပ်ရင်း ကြည်လင်သော ရယ်မောသံများ ထွက်ပေါ်လာခဲ့ပေသည်။

"သခင်လေးက တကယ်ကြီး ပြုံးနေတာပဲ၊ သခင်လေး ပြုံးနေတာ အရမ်း ကြည့်ကောင်းတာပဲ။"

အစေခံမလေး ချွေ့ချွေ့က ပုခက်ပေါ်သို့ ကိုင်းညွှတ်လိုက်ပြီး ရှောင်မို၏ ပါးပြင်ကို ပျော်ရွှင်စွာ ပွတ်သပ်လိုက်လေ၏။

ရိုးရှင်းသော အပြုံး လေးတစ်ခုမျှသာ ဖြစ်သော်လည်း ငယ်ရွယ်သော မိခင်နှင့် အစေခံမလေးတို့အတွက်မူ ရတနာသိုက်ကို ရှာဖွေတွေ့ရှိသွားသည့်အလား ရှိနေလေတော့သည်။

နောက်ထပ် နှစ်လ ကြာသွားခဲ့ပြီး ရှောင်မိုက ယခုအခါ လေးလသား အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။

ဤအချိန်တွင် ရှောင်မို၏ အမြင်အာရုံက အရွယ်ရောက်ပြီးသူ တစ်ဦးနှင့် များစွာ ကွာခြားမှု မရှိတော့ဘဲ ရှောင်မိုက သူ လှိမ့်နိုင်ရန် လုံလောက်သော ခွန်အားများ ရှိနေပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ပေသည်။

လှိမ့်နိုင်ရုံသာမကဘဲ သူက မှောက်ခုံအနေအထားဖြင့်ပင် နေနိုင်လာခဲ့လေ၏။

ပြီးတော့ ဤအချိန် ဝန်းကျင်မှာပင် ရှောင်မိုက သူ၏ ခွန်အားမှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ပေသည်။

ရှောင်မို၏ အမြင်တွင် သူ၏ ခွန်အားက သူ၏ အသက်အရွယ်အတွက် အနည်းငယ် ကြီးမားလွန်းနေသည်ဟု ထင်ရလေ၏။

ယင်းကို မွေးရာပါ နတ်ဘုရားစွမ်းရည်ဟု ခေါ်ဆိုပါက ပိုလွန်းရာကျမည် ဖြစ်သော်လည်း သူ၏ ခွန်အားက တူညီသော အသက်အရွယ်ရှိ သာမန် ကလေးငယ်များထက် သေချာပေါက် ပို၍ အားကောင်းနေခဲ့ပေသည်။

မွေးဖွားပြီး ခြောက်လမြောက်တွင် ရှောင်မိုက တွားသွားရန် ကြိုးစားခဲ့ပြီး အလွန် ချောမွေ့စွာ အောင်မြင်သွားခဲ့လေ၏။

"မိုအာ... ဆက်လာခဲ့၊ မေမေ ဒီမှာ ရှိတယ်၊ မေမေ့ရင်ခွင်ထဲကို တိုးဝင်လာခဲ့ပါ၊ မိုအာ... ဖြည်းဖြည်းချင်း လာနော်။"

သူမ၏ မိုအာက တွားသွားနိုင်ကြောင်း ကျိုးရူရှီး သိရှိသွားကတည်းက သူမက ရှောင်မိုကို လက်ခုပ်တီးပြကာ သူမရှိရာသို့ တွားသွားလာစေရန် အမြဲတမ်း အားပေးလေ့ရှိလေ၏။

ဤအချိန်မျိုးတွင် ရှောင်မိုကလည်း သူ၏ မိခင်ရှိရာဆီသို့ တွားသွားရန် အစွမ်းကုန် ကြိုးစားလေ့ရှိပေသည်။

ရှောင်မိုက မိခင်၏ဘေးသို့ ရောက်ရှိသွားသောအခါ ငယ်ရွယ်သော မိခင်က ရှောင်မိုကို ပွေ့ချီကာ ဂုဏ်ယူဝင့်ကြွားမှုများအပြည့်ဖြင့် ပျော်ရွှင်စွာ နမ်းရှုံ့လေ့ရှိလေ၏။ "မိုအာက တကယ်ကို အံ့သြစရာကောင်းလောက်အောင် တော်တာပဲ။"

လုပ်စရာ ဘာမှ မရှိသည့်အချိန်များတွင် ရှောင်မိုက ခုတင်ပေါ်၌ ဟိုဘက်ဒီဘက် တွားသွားနေလေ့ရှိပြီး ယင်းက သူ၏ အနာဂတ်အတွက် အခြေခံအုတ်မြစ်တစ်ခုကို ချထားပေးခြင်းလည်း ဖြစ်ပေသည်။

ရှောင်မိုက ခြောက်လသားအရွယ်မှစ၍ စတင် လေ့ကျင့်နေခဲ့ပြီး စမှတ်မျဉ်းတွင် အောင်မြင်မှု ရရှိရန် ကြိုးပမ်းနေခဲ့လေ၏။

သေချာသည်မှာ သူ၏ မိခင်နှင့် အန်တီချွေ့တို့က သူ့ကို ပုံမှန်မဟုတ်သော ကလေးတစ်ဦးဟု မထင်မှတ်စေရန် ရှောင်မိုက ယေဘုယျအားဖြင့် လူမရှိသည့် အချိန်များတွင်သာ ခုတင်ပေါ်၌ မပြတ်တမ်း တွားသွားလေ့ရှိပေသည်။

တစ်ကြိမ်တွင်မူ ရှောင်မို အိပ်ရာမှ နိုးလာပြီး သူ၏ မိခင်နှင့် အန်တီချွေ့တို့ကို မတွေ့ရသောအခါ ရှောင်မိုက ခုတင်ခေါင်းရင်းမှနေ၍ ခြေရင်းသို့၊ ထို့နောက် ခြေရင်းမှနေ၍ ခေါင်းရင်းသို့ သူ့ဘာသာ တွားသွားနေခဲ့လေ၏။

လေ့ကျင့်မှုရလဒ်များ ရရှိရန်အတွက် ရှောင်မိုက ပို၍ပို၍ မြန်ဆန်စွာ တွားသွားနေခဲ့ပေသည်။

ရှောင်မို ပျော်ရွှင်စွာ တွားသွားနေစဉ် ရုတ်တရက် တံခါးပွင့်လာပြီး အစေခံမလေး ချွေ့ချွေ့က သာမန် ကလေးငယ်တစ်ဦး၏ လှုပ်ရှားမှုအဆင့်ထက် များစွာ သာလွန်ကာ ဟမ်စတာလေး တစ်ကောင်ကဲ့သို့ အလွန်တရာ သွက်လက်စွာ ဟိုဘက်ဒီဘက် တွားသွားနေသော သူမ၏ သခင်လေးကို အံ့သြစွာ ကြည့်နေခဲ့လေတော့သည်။

ချွေ့ချွေ့က သူမ အမြင်မှားသွားသည်ဟု ထင်မှတ်ကာ မျက်လုံးကို ပွတ်သပ်ပြီး ထပ်မံ ကြည့်ရှုလိုက်ပေသည်။

ရလဒ်အနေဖြင့် သူမ၏ သခင်လေးက ခုတင်ပေါ်တွင် လှဲလျောင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်လေ၏။

"ငါ တကယ်ပဲ အမြင်မှားသွားတာလား။"

ချွေ့ချွေ့က သူ့ကိုယ်သူ တွေးလိုက်ပေသည်။

မကြာသေးမီက သူမ အရမ်း ပင်ပန်းနေခဲ့သောကြောင့် တကယ်ပဲ အမြင်မှားသွားခြင်း ဖြစ်နိုင်လေ၏။

ထိုသို့မဟုတ်ပါက ဤမျှ သေးငယ်သော ကလေးငယ်တစ်ဦးက ဘယ်လိုလုပ်ပြီး ဤမျှ မြန်ဆန်စွာ တွားသွားနိုင်မည်နည်း။

အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မိုက တွားသွားခြင်းဖြင့် မကျေနပ်နိုင်တော့ဘဲ မတ်တတ်ရပ်ရန် စတင် ကြိုးစားလာခဲ့လေ၏။

ရှောင်မိုက ခုတင်၏ လက်ရန်းကို ကိုင်၍ မတ်တတ်ရပ်ရန် ကြိုးစားတိုင်း ကျိုးရူရှီးက သူမ၏ ကလေးကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်လေ့ရှိပြီး သူမ၏ လက်သီးသေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ညင်သာစွာ အားပေးလေ့ရှိပေသည်။ "မိုအာ... ထပ်ကြိုးစားကြည့်ဦး။ မိုအာ... နည်းနည်းလေးပဲ လိုတော့တယ်။"

ရှောင်မိုက မတ်တတ်ရပ်ရန် ကြိုးစားနေရုံမျှသာ ဖြစ်သော်လည်း ကျိုးရူရှီးမှာ အလွန်တရာ အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပျက်နေသည့်အလား စိုးရိမ်တကြီး ဖြစ်နေခဲ့လေ၏။

နောက်ဆုံးတွင် ရှောင်မိုက လက်ရန်းကို ကိုင်၍ မတ်တတ်ရပ်နိုင်ခဲ့သော်လည်း သူ မတ်တတ်ရပ်သည်မှာ မခိုင်မြဲလှဘဲ ဘုတ် ခနဲ အသံနှင့်အတူ ခုတင်ပေါ်သို့ ထိုင်ရက်ကျသွားခဲ့ပေသည်။

"ကိစ္စမရှိပါဘူး မိုအာ" ကျိုးရူရှီးက ကလေးကို အလျင်အမြန် ဖက်တွယ်လိုက်ပြီး သူ၏ တင်ပါးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေ၏။ "မိုအာက အရမ်း ကြိုးစားခဲ့ပါတယ်။ အခု မတ်တတ်မရပ်နိုင်သေးရင်လည်း ကိစ္စမရှိပါဘူး၊ နည်းနည်းလောက် ပိုကြီးလာတဲ့အထိ စောင့်ကြတာပေါ့။"

သူ၏ မိခင်က ထိုသို့ပြောသော်လည်း ရှောင်မိုက လက်မလျှော့ခဲ့ချေ။

ရှောင်မိုက ခုတင်လက်ရန်းကို ကိုင်၍ မတ်တတ်ရပ်ရန် မကြာခဏ ကြိုးစားခဲ့လေ၏။

ခုနစ်လမြောက်သို့ ရောက်ရှိလာသောအခါ ရှောင်မိုက ခုတင်လက်ရန်းကို ကိုင်၍ မယိမ်းမယိုင်ဘဲ မတ်တတ်ရပ်နိုင်လာပြီး လက်လွှတ်လိုက်ပြီးနောက် အသက်ရှူဆယ်ကြိမ်စာ အချိန်အထိပင် မတ်တတ်ရပ်နိုင်လာခဲ့ပေသည်။

သူမ ကလေး၏ ဤအောင်မြင်မှုများအတွက် ကျိုးရူရှီးက သဘာဝကျကျပင် အလွန် ပျော်ရွှင်နေခဲ့လေ၏။

သို့သော် ကျိုးရူရှီး၌ သူမ၏ သားကို နဂါးတစ်ကောင် ဖြစ်လာစေရန် ရည်မှန်းချက် မရှိခဲ့ချေ။

ကျိုးရူရှီး၏ အမြင်တွင် သူမ၏ ကလေး ကျန်းမာစွာ ကြီးပြင်းလာပြီး အိမ်ထောင်ပြုကာ သားသမီးများ ရရှိပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါက လုံလောက်နေပြီ ဖြစ်ပေသည်။

မကြာမီမှာပင် ရှောင်မိုက ဆယ်လသား အရွယ်သို့ ရောက်ရှိလာခဲ့လေ၏။

ရှောင်မိုက သူ့ဘာသာ မယိမ်းမယိုင် မတ်တတ်ရပ်နိုင်ရုံသာမက ခြေလှမ်းအနည်းငယ်ပင် လျှောက်လှမ်းနိုင်လာခဲ့သော်လည်း လမ်းလျှောက်နေစဉ် လဲကျသွားတတ်သည့် အလေ့အထတော့ ရှိနေသေး၏။

အစပိုင်းတွင် ရှောင်မို လဲကျသွားတိုင်း ကျိုးရူရှီး၏ အမူအရာက အလွန် တင်းမာသွားလေ့ရှိပေသည်။

သို့သော် ဘယ်ကလေးက မလဲကျဘဲ နေမည်နည်း ဆိုသည်ကို ကျိုးရူရှီး သိရှိထားလေ၏။

ငယ်ရွယ်စဉ်တွင် ပို၍ လဲကျလေ၊ ကြီးလာသောအခါ လဲကျမှု နည်းပါးလေ ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ကျိုးရူရှီးက သူမကိုယ်သူမ နှလုံးသားမဲ့သူ အဖြစ် အတင်းအကျပ် ဖန်တီးလိုက်ပြီး ကလေး၏ ဘေးတွင် နေထိုင်ကာ သူ့ဘာသာ ဖြည်းဖြည်းချင်း လမ်းလျှောက်စေလိုက်လေတော့သည်။

တကယ်တော့ ကျိုးရူရှီးက သူမ၏ ကလေးကို ဤမျှ လျင်မြန်စွာ လမ်းလျှောက်တတ်စေရန် မလိုလားခဲ့ချေ။

ဘာကြောင့်လဲဆိုတော့ ချင်တိုင်းပြည်တွင် ကလေးတစ်ယောက် စောစော လမ်းလျှောက်တတ်ခြင်းက ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်ချင်မှ ဖြစ်မည်ကိုး။

ထို့ကြောင့် ပုံမှန်အားဖြင့် ကျိုးရူရှီးက ရှောင်မိုကို ပွေ့ချီထားလေ့ရှိပြီး သူ့ကို မြေပြင်ပေါ်တွင် အချိန်ပြည့် လမ်းလျှောက်ခွင့် မပြုခဲ့ချေ။

ရှောင်မိုကလည်း သူ၏ မိခင်က သူ့ကို ဤမျှ လျင်မြန်စွာ လမ်းလျှောက်တတ်စေရန် မလိုလားကြောင်း ခံစားမိသော်လည်း ဘာကြောင့်လဲ ဆိုသည်ကိုတော့ သူ မသိခဲ့ပေ။

ထို့အပြင် ဤတစ်နှစ်နီးပါး အချိန်ကာလအတွင်း ရှောင်မိုက သူ မွေးဖွားလာသည့်နေ့မှလွဲ၍ သူ၏ ဖခင်ဖြစ်သူက နောက်တစ်ကြိမ် လာရောက်လည်ပတ်ခြင်း မရှိတော့ကြောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့လေ၏။

ယင်းက သူ တိုင်းပြည်ရေးရာများနှင့် အလုပ်ရှုပ်နေသောကြောင့်သာ မဟုတ်ချေ။ ရှောင်မိုက အစ်မချွေ့ချွေ့၏ သခင်ကြီး အိမ်တော်ကို ပြန်ရောက်နေပြီ ဆိုသည့် စကားကို ကြားခဲ့ရသော်လည်း သူက ဤခြံဝင်းထဲသို့ တစ်ကြိမ်တစ်ခါမျှ လာရောက်ခြင်း မရှိခဲ့ပေ။

သို့သော် ရှောင်မိုက သိပ်ပြီး ဂရုမစိုက်နေခဲ့ချေ။

မည်သို့ပင်ဆိုစေ သူ၏ အသုံးမကျသည့်ဖခင်ကြီး၏ အမြင်တွင် သူက ကိုယ်လုပ်တော်တစ်ဦး၏ သားတစ်ယောက်မျှသာ ဖြစ်လေ၏။

သူ၏ မိခင်နှင့် သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှောင်အိမ်တော်၏ မျိုးဆက်ပွား အရေအတွက်ကို +၁ တိုးစေရန်သာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ မွေးဖွားလာမှုကြောင့် သူ၏ မိခင်၏ လစဉ်ထောက်ပံ့ကြေးက နှစ်ဆ တိုးလာခဲ့ပြီး သူမ၏ နေ့စဉ် အစားအစာများကလည်း ယခင်ကထက် များစွာ ပိုမို ကောင်းမွန်လာခဲ့လေ၏။

သို့သော် ကျိုးရူရှီးက ထိုငွေအားလုံးကို ရှောင်မိုအတွက်သာ အသုံးပြုခဲ့ပေသည်။

ကျိုးရူရှီးက ချွေ့ချွေ့ကို အထည်ကောင်းများ ဝယ်ယူခိုင်းပြီးနောက် သူမ၏ ကလေးအတွက် အဝတ်အစားများကို တစ်စုံပြီးတစ်စုံ၊ ဖိနပ်လေးများကို တစ်ရံပြီးတစ်ရံ ကိုယ်တိုင် ချုပ်လုပ်ပေးခဲ့လေ၏။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရူရှီး ကိုယ်တိုင်ကမူ ဂါဝန်အသစ် တစ်ထည်မျှ လဲလှယ်ဝတ်ဆင်ခြင်း မရှိသလို လက်ဝတ်ရတနာ အသစ်တစ်ခုမျှလည်း ဝယ်ယူခဲ့ခြင်း မရှိချေ။

ဤအမျိုးသမီးက အမြဲတမ်း ဤမျှ ကျော့ရှင်းပြီး ရိုးရိုးယဉ်ယဉ်လေး နေတတ်ပုံပေါ်လေ၏။

အစေခံမလေး ချွေ့ချွေ့ပင်လျှင် တစ်ခါတစ်ရံ မကြည့်ရက်တော့ဘဲ ကျိုးရူရှီးကို အကြံပေးလေ့ရှိပေသည်။ "သခင်မလေး၊ သခင်မလေး ကိုယ်တိုင်အတွက်လည်း အဝတ်အစားနဲ့ လက်ဝတ်ရတနာတချို့ ဝယ်သင့်တယ်။ သခင်မလေးရဲ့ အခု အဝတ်အစားတွေက မလဲရတာ အရမ်း ကြာနေပြီလေ။"

သို့သော် ကျိုးရူရှီးက ပြုံးရုံသာ ပြုံးပြီး ပြောလိုက်လေ၏။ "ငါက ဘာလုပ်ဖို့ အဝတ်အစားအသစ်တွေ၊ လက်ဝတ်ရတနာအသစ်တွေ လိုမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးက ဒီကို လာမှာမှ မဟုတ်တာ၊ ငါက ဘယ်သူ့အတွက် အလှပြင်ရမှာလဲ။ အဲဒီအစား ငါ့ရဲ့ မိုအာကို အဝတ်ကောင်းကောင်း ဝတ်စေပြီး အစားကောင်းကောင်း စားရစေတာက အတန်ဆုံးပါပဲ။"

"....."

ပထမသခင်မလေး၏ အဖြေကို နားထောင်ပြီးနောက် ချွေ့ချွေ့က ဘာမှ ထပ်မပြောတော့ချေ။

ပထမသခင်မလေး၏ ခေါင်းမာသော စရိုက်ကို သူမ သိထားလေ၏။

သူမ ဘာပဲပြောပြော ပထမသခင်မလေးက နားထောင်လိမ့်မည် မဟုတ်ပေ။

သို့သော် အကြိမ်များစွာတွင် ပထမသခင်မလေးက သခင်လေးကို ချော့သိပ်နေသည်ကို မြင်သောအခါ သူမ၏ ပထမသခင်မလေးက ဤထက် ပိုမိုကောင်းမွန်သော အရာများနှင့် ထိုက်တန်သည်ဟု ချွေ့ချွေ့ အမြဲတမ်း ခံစားရလေ၏။

ပထမသခင်မလေးက လှပရုံသာမက ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေး ရှိသည့် အထက်တန်းလွှာ မိသားစုမှ သမီးပျိုတစ်ဦး ဖြစ်သော်လည်း ရန်သူ့တိုင်းပြည်တွင် ရှိနေပြီး မြို့တော် ကျဆုံးသွားသောကြောင့်သာ သခင်ကြီးထံသို့ ကိုယ်လုပ်တော်အဖြစ် ပေးအပ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ထိုသို့မဟုတ်ပါက ပထမသခင်မလေးက လိုက်ဖက်ညီသော မိသားစုတစ်ခုသို့ ဇနီးမယားအဖြစ် လက်ထပ်ဝင်ရောက်သွားမည်မှာ အသေအချာပင်။

နိုင်ငံရပ်ခြားတွင် နေထိုင်ရပြီး သူမ၏ ကိုယ်ပိုင် မိဘများကပင် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်လေ၏။

ပထမသခင်မလေး၏ နှလုံးသားထဲတွင် သခင်လေးက သူမ၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အခန်း ၃၂၀

မသိမသာဖြင့်ပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီး ရှောင်မို၏ ပထမဆုံး မွေးနေ့ရောက်ရန် တစ်လသာ လိုတော့လေ၏။

ကျိုးရူရှီးက သူမ၏ကလေး အအေးပတ်မည်ကို စိုးရိမ်သဖြင့် ကျားခေါင်းပုံ ဦးထုပ်ငယ်လေးကို ဆောင်းပေးထားပြီး အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်ပေးထားရာ ရှောင်မိုမှာ သူ့ကိုယ်သူ ဘောလုံးတစ်လုံးကဲ့သို့ ခံစားနေရတော့သည်။

နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။

ယခင်က ရှောင်မို စကားပြောချင်ခဲ့သော်လည်း ဤငယ်ရွယ်သော ခန္ဓာကိုယ်ကို ယဉ်ပါးအောင် မထိန်းချုပ်နိုင်ခဲ့သဖြင့် ဂစ်ဂစ် နှင့် ကူးကူး ဟူသော အသံများကိုသာ ပြုလုပ်နိုင်ခဲ့ပေသည်။

သို့သော် ယခုအခါ ရှောင်မိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဘာသာစကားကို တဖြည်းဖြည်း ဆုပ်ကိုင်မိလာသည့်အလား ရှိလေ၏။

ဤခံစားချက်က အလွန်တရာ အံ့သြဖွယ်ကောင်းလှပြီး မိမိ၏ ပါးစပ်ကို မိမိကိုယ်တိုင် ယဉ်ပါးအောင် သင်ကြားပေးနေရကြောင်း ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

ထို့အပြင် ရာသီဥတုက ပိုမို အေးချမ်းလာသည်နှင့်အမျှ သူ၏မိခင်က ရာသီဥတုနှင့် ပတ်သက်၍ ပိုမို စိုးရိမ်ပူပန်လာပုံရပြီး အနည်းငယ် တင်းမာနေသည့်အလား ပုံပေါက်နေသည်ကို ရှောင်မို သတိပြုမိလိုက်လေ၏။

ထိုအခါ ကျိုးရူရှီး အစိုးရိမ်ဆုံး ကိစ္စရပ်က နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေတော့သည်။

ပထမလ၏ လလယ်ခန့်၊ ရှောင်မို၏ ပထမဆုံး မွေးနေ့ရောက်ရန် ဆယ်ရက်သာ လိုတော့သည့် အချိန်တွင် ချင်တိုင်းပြည် မြို့တော်၌ နှင်းများ အသည်းအသန် ကျဆင်းလာခဲ့ပေသည်။

နှင်းပွင့်များက တလွင့်လွင့် ကျဆင်းလာပြီး လောကတစ်ခွင်လုံးကို အဖြူရောင်အဖြစ် ဆေးခြယ်လိုက်လေ၏။

ငွေရောင်လွှမ်းခြုံထားသော လောကကြီးက လှပတင့်တယ်လှသော်လည်း ကျိုးရူရှီးမှာ ယင်းကို ခံစားနိုင်ရန် စိတ်အခြေအနေ မရှိခဲ့ချေ။

အမှန်တကယ်တော့ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျိုးရူရှီးက နှင်းများကို ဤမျှလောက် မုန်းတီးနေခဲ့ခြင်း ဖြစ်ပေသည်။

ယင်းမှာ ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ဖြစ်လေ၏။

ကလေးတစ်ဦး ကိုယ့်ဘာသာ လမ်းလျှောက်တတ်လာသောအခါ ပထမဆုံး နှင်းကျချိန်တွင် စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းရမည် ဖြစ်သည်။ မိခင်ဖြစ်သူက ခြေလှမ်း ဆယ်ကျန်အကွာတွင် ရပ်နေရမည်ဖြစ်ပြီး ကလေးငယ်က မိခင်၏ဘေးသို့ ရောက်ရှိသွားသည်အထိ သို့မဟုတ် ဆက်လက် လမ်းမလျှောက်နိုင်တော့သည်အထိ မိခင်ရှိရာဆီသို့ လျှောက်လှမ်းရမည် ဖြစ်ပေသည်။

ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ပြင်းထန်သော အအေးဒဏ်နှင့် နှင်းထု၏ ဆေးကြောသန့်စင်မှုကို ခံနိုင်ရည်ရှိမှသာ ကလေးတစ်ဦးက အရပ်ပိုရှည်လာပြီး စိတ်ဓာတ် ပိုမို ကြံ့ခိုင်လာနိုင်မည်ဟု ယုံကြည်ကြလေသည်။

ထိုနေ့တွင် ရှောင်အိမ်တော်မှ ပထမသခင်မကြီး၏ အစေခံမလေးက ကျိုးရူရှီး၏ ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့ပြီး ရှောင်မို ဤဓလေ့ထုံးတမ်းကို ပြီးမြောက်အောင် ဆောင်ရွက်နေသည်ကို ကြီးကြပ်စောင့်ကြည့်နေခဲ့ပေသည်။

ကျိုးရူရှီးက သဘာဝကျကျပင် သူမ၏ ရင်ထဲတွင် မကြည့်ရက်နိုင်အောင် ဖြစ်နေခဲ့လေ၏။

ပုံမှန်အားဖြင့် ကလေးငယ်များက အသက်တစ်နှစ်ကျော်အရွယ်ရောက်မှသာ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ကြခြင်း ဖြစ်ပေသည်။

သို့သော် သူမ၏ ကလေးက စောစော လမ်းလျှောက်တတ်ခဲ့ပြီး အသက်တစ်နှစ်ပြည့်ရန်ပင် လိုသေးတော့၏။

သို့သော် ချင်တိုင်းပြည်တစ်ခုလုံးက ဤဓလေ့ထုံးတမ်းကို လိုက်နာကြသည်ဖြစ်ရာ သူမ၏ မိုအာက မြောက်ပိုင်းကာကွယ်ရေးစစ်သူကြီး၏ သားတစ်ယောက် ဖြစ်နေသည်ကိုပင် ထည့်ပြောစရာ မလိုတော့ချေ။ သူမက ငြင်းဆန်ရန် ဘာများ တတ်နိုင်မည်နည်း။

နောက်ဆုံးတွင် ရှောင်မိုကို ချွေ့ချွေ့က ပွေ့ချီကာ သူ၏မိခင်နှင့် ဆယ်ကျန်အကွာတွင် ချထားလိုက်လေတော့သည်။

နှင်းတောထဲတွင် ရပ်နေရင်း ရှောင်မိုက ဘယ်ညာ ဝေ့ဝဲကြည့်လိုက်ပေသည်။

အခြားသူများ၏ အမြင်တွင်မူ အသက်တစ်နှစ်ပင် မပြည့်သေးသော ဤကလေးငယ်လေး၏ မျက်ဝန်းများက ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်ဟု ထင်ရလေ၏။

ကျိုးရူရှီးက သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး သူမ၏ ကလေးကို ပြုံးပြကာ လက်ခုပ်တီးလျက် လေနွေးများကို မှုတ်ထုတ်ကာ ညင်သာစွာ ခေါ်ဆိုလိုက်လေ၏။ "မိုအာ... မကြောက်နဲ့နော်။ မိုအာ... မေမေ့ဆီ လာခဲ့။"

ရှောင်မိုက သူ၏ မိခင်ကို ကြည့်ကာ သူ၏ မျက်လုံးပြူးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် သူ၏ ခြေတံတိုတိုလေးများဖြင့် ခြေလှမ်းကျဲကျဲလေးများ လှမ်းကာ သူ၏ မိခင်ရှိရာသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားခဲ့ပေသည်။

သူ လျှောက်လှမ်းသွားစဉ် ရှောင်မိုက ကျောက်ခဲငယ်လေး တစ်လုံးနှင့် ခလုတ်တိုက်မိသွားပြီး ဘုတ် ခနဲ အသံနှင့်အတူ နှင်းပုံထဲသို့ လဲကျသွားခဲ့လေတော့သည်။

ကျိုးရူရှီးမှာ အလွန်လန့်ဖျပ်သွားပြီး ချက်ချင်းပင် မတ်တတ်ရပ်ကာ သူမ၏ သားရှိရာသို့ ပြေးသွားရန် ဟန်ပြင်လိုက်ပေသည်။

"ပဉ္စမသခင်မလေး... ကျေးဇူးပြုပြီး စည်းကမ်းမဖောက်ပါနဲ့။" အစေခံမလေး နှစ်ဦးက ကျိုးရူရှီးကို ဆွဲထားကာ အေးစက်စက် လေသံဖြင့် ပြောလိုက်ကြလေ၏။

ကျိုးရူရှီးက သူမ၏ ပါးလွှာသော နှုတ်ခမ်းလေးများကို တင်းကျပ်စွာ ကိုက်ထားရင်း သူမ၏ ကလေးကို ကြည့်နေခဲ့ရပေသည်။

မကြာမီမှာပင် ရှောင်မိုက နှင်းပုံထဲမှ ရုန်းထွက်လာပြီး သူ၏ ဖောင်းအစ်အစ် ခေါင်းလေးနှင့် ခန္ဓာကိုယ်လေးကို ခါရမ်းလိုက်ကာ သူ၏ လက်များကို ဆန့်တန်းလျက် မိခင်ရှိရာဆီသို့ တစ်လှမ်းချင်းစီ ဆက်လက် လျှောက်လှမ်းသွားပြန်လေ၏။

သို့သော် အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မို ထပ်မံ လဲကျသွားခဲ့ပြန်ပေသည်။

သို့တိုင်အောင် ရှောင်မိုက ပြန်လည် ထလာပြီး အရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့လေ၏။

အသက်တစ်နှစ်ပင် မပြည့်သေးသော ဤကလေးငယ်လေး ပြသနေသည့် ကြံ့ခိုင်သော စိတ်ဓာတ်က လူတိုင်း၏ မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့ပေသည်။

သူက တစ်ခါလဲကျတိုင်း တစ်ခါ ပြန်ထလာခဲ့သည်။ နှင်းတောထဲတွင် လျှောက်လှမ်းရသည့်တိုင်အောင်၊ ထူထပ်သော နှင်းများက သူ၏ ခါးအထိ ရောက်ရှိနေသည့်တိုင်အောင်၊ သူ၏ လက်သေးသေးလေးများနှင့် ပါးပြင်လေးများမှာ အအေးဒဏ်ကြောင့် နီရဲနေသည့်တိုင်အောင်ပင် ဖြစ်လေ၏။

သူက လက်မလျှော့ခဲ့သလို တစ်ချက်လေးမျှပင် မငိုကြွေးခဲ့ချေ။

ပုံမှန် အခြေအနေမျိုးဆိုလျှင် ကလေးအများစုက နှင်းတောထဲတွင် ထိုင်ကာ အော်ဟစ်ငိုကြွေးနေကြမည်သာ ဖြစ်ပေသည်။

"မိုအာ... ခြေလှမ်းအနည်းငယ်ပဲ လိုတော့တယ်၊ မိုအာ... မေမေ ဒီမှာ ရှိတယ်၊ မိုအာ မလောနဲ့၊ ဖြည်းဖြည်းချင်း လာနော်။"

သူမ၏ ကလေး အအေးဒဏ်ကြောင့် တုန်ရီနေသည်ကို ကြည့်ရင်း ကျိုးရူရှီး၏ မျက်ဝန်းများမှာ နီရဲနေခဲ့ချေပြီ။

တစ်လှမ်း...

နှစ်လှမ်း...

သုံးလှမ်း...

နောက်ဆုံးတွင်...

ရှောင်မိုက သူ၏ မိခင်ရှိရာသို့ ရောက်ရှိသွားပြီး သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့လေတော့သည်။

"မိုအာက တကယ်ကို အံ့သြစရာကောင်းလောက်အောင် တော်တာပဲ၊ မိုအာက တကယ်ကို တော်လွန်းတယ်။"

ကျိုးရူရှီးက သူမ၏ ကလေးတွင် ကပ်ငြိနေသော နှင်းဖြူများကို အလျင်အမြန် ဖယ်ရှားပေးလိုက်ပြီးနောက် သူ၏ လက်သေးသေးလေးများကို သူမ၏ လက်များဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ လေနွေးများကို မပြတ်တမ်း မှုတ်ပေးနေခဲ့ပေသည်။

"မေမေ..."

ကျိုးရူရှီးက သူမ၏ ကလေးကို ပွေ့ချီကာ အိမ်ထဲသို့ ဝင်ရန် ဟန်ပြင်လိုက်ချိန်မှာပင် ရှောင်မိုက နူးညံ့သောအသံလေးဖြင့် ခေါ်ဆိုလိုက်လေ၏။

ကျိုးရူရှီးက အနည်းငယ် မှင်တက်သွားပြီး သူမ၏ ကလေးကို တွေဝေစွာ စိုက်ကြည့်နေမိပေသည်။ "မိုအာ... သားလေး မေမေ့ကို ဘယ်လို ခေါ်လိုက်တာလဲ။"

"မေမေ..." ရှောင်မိုက ထပ်မံ ခေါ်ဆိုလိုက်ရာ သူ၏ အသံထွက်က ပထမအကြိမ်ထက် များစွာ ပိုမို ရှင်းလင်းနေခဲ့လေ၏။

"မိုအာ..." ကျိုးရူရှီး၏ မျက်တောင်လေးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ပေသည်။ "မိုအာ... မေမေ့ကို နောက်တစ်ခါလောက် ပြန်ခေါ်ပြပါလား။"

"မေမေ..."

"မေမေ..."

"မေမေ..."

ရှောင်မိုက ပျော်ရွှင်စွာဖြင့် သုံးကြိမ်ဆက်တိုက် ခေါ်ဆိုလိုက်လေတော့သည်။

ကျိုးရူရှီးက သူမ၏ ကလေးကို တင်းကျပ်စွာ ဖက်တွယ်လိုက်ရာ သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာပြီး လှိုက်လှဲစွာ တုံ့ပြန်လိုက်ပေသည်။

"လိမ္မာလိုက်တဲ့ သားလေး... မေမေ ဒီမှာ ရှိတယ်... ဒီမှာ ရှိနေပါတယ်..."

All Chapters