အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း ၁၃၁ - ဒါက တာဝန်တစ်ခု၊ ဒါက အရောင်းအဝယ်တစ်ခုပဲ
"မင်းက ချိတ်ပိတ်ခံထားရတာလား"
ရဲချီယန်၏အကြည့်တို့က ပတ်ဝန်းကျင်သို့ ဝေ့ဝဲသွားသော်လည်း ဤနက်ရှိုင်းသောတွင်းကြီးထဲတွင် ရထားဟုခေါ်ဆိုနိုင်လောက်သည့်အရာ ဘာတစ်ခုမှ မတွေ့ရချေ။
"အဲ့ဒီလိုပြောလို့ရတာပေါ့"
အော်တိုစ်က သူ၏ ခေါင်းဆောင်းကို ပုတ်လိုက်ရာ အက်ကွဲကြောင်းများကြားမှ သွေးနှင့်ချွေးများ ရောနှောစီးကျလာလေ၏။
"တစ်ယောက်ယောက်နဲ့ တိုက်ပွဲဖြစ်ပြီး ရှုံးသွားတော့ ငါ့ရထားလည်း အလုခံလိုက်ရကာ ဒီလိုဘဝမျိုး ရောက်သွားတာပဲ။ ရထားမရှိတော့ ရထားမောင်းနှင်သူဆိုတဲ့ အမှတ်အသားပါ ပျောက်ဆုံးသွားသလိုဖြစ်ပြီး အခုတော့ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ကယ်တင်မယ့်သူကို ရှာတွေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွက်ထားခဲ့တဲ့ ရထားဒင်္ဂါးတချို့ပဲ ကျန်တော့တယ်။ ဆယ့်နှစ်နှစ်လောက်အထိ စောင့်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ဒီဘူတာရုံကမ္ဘာထဲကို လူတွေဝင်လာဖို့ အဲဒီလောက်တောင် ခက်ခဲနေတာလားဆိုတာ ငါ တကယ်နားမလည်တော့ဘူး"
သူ၏လေသံထဲတွင် နားမလည်မှုများနှင့် ပြည့်နှက်နေလေ၏။
"ဒီဘူတာကို ဘယ်သူမှ လာမှာမဟုတ်တော့ဘူးလို့ ငါထင်ခဲ့တာ..."
"ဒီဓားက မင်းဟာလား"
ရဲချီယန်က သူ၏လက်ထဲရှိ ပေါင်းစပ်ထားသော ဓားတိုကို အကြိမ်အနည်းငယ် မြှောက်ပြလိုက်သည်။
ဓားတိုကို မြင်သောအခါ အော်တိုစ်က ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေလေ၏။
"ငါ့ဟာလို့လည်း ပြောလို့ရပါတယ်။ မင်းဆီ ဘယ်လိုလုပ် ရောက်နေတာလဲ။ ဟိုကောင်က မင်းကို ရောင်းစားလိုက်တာလား"
သူ၏အသံက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားကာ သံချပ်ကာအက်ကွဲကြောင်းများဆီမှ အမည်းရောင်မြူခိုးများ အလုံးအရင်း ထွက်ပေါ်လာပြီး ရူးသွပ်တော့မည့်ပုံ ပေါက်နေလေတော့သည်။
ပုပ်သိုးနေသော အလောင်းကောင်များပင်လျှင် ထိုအမည်းရောင်မြူခိုးများ၏ လွှမ်းမိုးမှုအောက်တွင် သူတို့ဆီသို့ စတင်ရွေ့လျားလာကြလေ၏။
"ရူးသွားပြီထင်တယ်"
သန့်စင်သော မြေစွဲကျောက်တုံးက နူးညံ့သောအလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ပုပ်သိုးနေသောအလောင်းကောင်များမှာ ထိုအလင်းရောင်အောက်တွင် စက္ကန့်အနည်းငယ်မျှပင် မခံနိုင်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားကြလေ၏။ အလင်းရောင်၏ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသော အော်တိုစ်မှာ စူးစူးဝါးဝါးအော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်တစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လာသည်။
"ရပ် ရပ်ပါ အဲဒါကို မသုံးပါနဲ့တော့။ ငါမရူးပါဘူး ငါမရူးသေးပါဘူး။ ကျေးဇူးပြုပြီး ဒီအထွတ်အမြတ်ပစ္စည်းကို ဆက်မသုံးပါနဲ့တော့"
ရဲချီယန်က သန့်စင်သော မြေစွဲကျောက်တုံးကို ချက်ချင်း ပြန်မသိမ်းသေးပေ။ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလျက် အော်တိုစ်ကို ငုံ့ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"မင်းက လူဆို။ မင်းလိမ်နေတာပဲ။ လူတွေက ဒီသန့်စင်တဲ့အလင်းရောင်ကို မကြောက်ကြဘူးလေ။ ငါထင်တဲ့အတိုင်းပဲ မင်းက ရထားမောင်းနှင်သူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ရထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ"
"မဟုတ်ဘူး ငါက လူပါ တကယ့်လူစစ်စစ်ပါ။ ငါက မျိုးနွယ်စု ပြောင်းလဲထားလို့ လစ်ချ်သွေးကြော နည်းနည်း ပါနေတာပါ။ ငါက လစ်ချ်လူသားတစ်ယောက်ပါ။ ပတ်ဝန်းကျင်က ပုပ်သိုးနေတဲ့ အလောင်းကောင်တွေကို ကြည့်လိုက်ပါ အကုန်လုံးက ငါထိန်းချုပ်ထားတာတွေပါ။ သူတို့က မူလကတည်းက ဒီရှေးဟောင်း စစ်မြေပြင် အပျက်အစီးများထဲက မကောင်းဆိုးဝါးတွေလေ။ ဒီနေ့ရာသီဥတုကြောင့် အပူဒဏ်ကနေ လွတ်အောင် သူတို့ကို ဒီခေါ်လာခဲ့တာပါ"
မျိုးနွယ်စုပြောင်းလဲခြင်းဆိုသည်မှာ မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူသည်လည်း မျိုးနွယ်စုပြောင်းလဲရန်အတွက် အသုံးပြုသော သွေးစုပ်ဖုတ်ကောင် ဘယ်ရွန်၏ နှလုံးသားကို ရောင်းချခဲ့ဖူးသည်မဟုတ်ပါလော။
"ဒီလိုရာသီဥတုမှာ ဘာလို့ ဦးထုပ်ကို ချွတ်မထားတာလဲ။ လစ်ချ်လူသားတွေက အပူဒဏ်ကို မကြောက်ဘူးလား"
"သေချာပေါက် ကြောက်တာပေါ့။ ဒါပေမဲ့ ချွတ်လို့မရဘူးလေ။ ဒီမျိုးနွယ်စုအဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ ဒီသံချပ်ကာက ငါနဲ့ တစ်သားတည်း ပေါင်းစပ်သွားခဲ့တာ"
အော်တိုစ်က သူ၏ဓားကို အားပြုလျက် မတ်တတ်ရပ်နိုင်ရန် ကြိုးစားရင်း ရဲချီယန်၏လက်ထဲရှိ သန့်စင်သော မြေစွဲကျောက်တုံးကို အကြောက်အလန့်ဖြင့် လှမ်းကြည့်လေ၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့မှာ ရထားရှိတုန်းကတော့ ဒီအရာကို သိပ်မကြောက်ခဲ့ဘူး။ သန့်စင်တဲ့စွမ်းအားတွေကို ပျက်ပြယ်စေနိုင်တဲ့ ပစ္စည်းတွေ ငါ့မှာ ရှိခဲ့တာကိုး။ ဟူး ဒါနဲ့ ညီအစ်ကို မင်းအဲဒီဓားတိုကို တကယ်ပဲ ဘယ်လိုရခဲ့တာလဲ။ ယောက်ျားတစ်ယောက်က မင်းကို ရောင်းလိုက်တာ တကယ် မဟုတ်ဘူးလား"
"ငါက လူလိမ်မ တစ်ယောက်ဆီကနေ ပလက်ဖောင်း တည်နေရာကို တိုက်ဆိုင်စွာ ရလာခဲ့လို့ လာကြည့်တာပါ။ မင်း လျှောက်တွေးနေတာပဲ"
"တည်နေရာ။ ဪ ဒါကြောင့်ကိုး။ ဒီဘူတာကို ဝင်ဖို့ တည်နေရာ သြဒီနိတ်တွေ လိုအပ်တာပဲ။ ဒီလောက်နှစ်တွေအကြာကြီး ဘယ်သူမှ ရောက်မလာတာ အံ့သြစရာတော့ မဟုတ်ဘူး။ ကျစ် ငါ့ကို ဒုက္ခပေးလိုက်တာပဲ။ ငါဒီမှာ ကျန်ခဲ့လို့များ ဘူတာရုံကမ္ဘာ ပြောင်းလဲသွားတာလား။ တောက် ငါစောစောကတည်းက ဒါကို တွေးမိသင့်တာ"
အော်တိုစ်က မျက်နှာကိုအုပ်လျက် စကားဆွံ့အသွားကာ သူ၏ဦးထုပ်ကိုသာ ဆက်တိုက် ပုတ်နေလေတော့သည်။
"မင်းက ငါ့ရထားကိုသုံးပြီး ဒီကနေ ထွက်သွားချင်နေတာလား။ အဲဒါ မင်းတင်ထားတဲ့ တာဝန်လား"
ရဲချီယန်၏မျက်ခုံးတို့ အနည်းငယ် တွန့်ချိုးသွားလေ၏။ အကယ်၍ အဲဒါက တာဝန်ဆိုလျှင်တော့...
သူက သိပ်ပြီး လုပ်ချင်စိတ် မရှိလှချေ။
ဒီဘူတာကို လာရသည့် ရည်ရွယ်ချက်က နတ်ဆိုး ကတ်ပြား အတွက်သာ ဖြစ်သည်။ ထူးဆန်းသော အဆင့်မြင့် ရထားမောင်းနှင်သူ တစ်ယောက်ကို သူ၏ရထားပေါ်သို့ တက်ခွင့်ပြုရန် မလိုအပ်သလို အထူးသဖြင့် တစ်ဖက်လူက သိပ်ပြီး ပုံမှန်မဟုတ်ချေ။
"မဟုတ်ပါဘူး သူများရထားပေါ်တက်ရတာကို ငါသဘောမကျပါဘူး။ ငါလွင်တီးခေါင်ပြင်ဆီ ပြန်သွားလို့ရအောင် စက်ခေါင်းတွဲ တစ်ခုလောက် ဝယ်ပေးဖို့ပဲ မျှော်လင့်တာပါ။ ဒါက ဒီပလက်ဖောင်းအတွက် ငါသတ်မှတ်ထားတဲ့ တာဝန်ပဲ။ သေချာတာပေါ့ မင်းကို အလကားတော့ အကုန်အကျ မခံခိုင်းပါဘူး"
သူက လှည့်ကာ ယခင်စင်အမြင့်ပေါ်သို့ ပြန်တက်သွားပြီး ထိုင်ခုံအောက်တွင် ခေတ္တမျှ စမ်းသပ်ရှာဖွေလိုက်ပြီးနောက် အဝတ်အိတ်တစ်လုံးကို ဆွဲထုတ်ကာ ရဲချီယန်ထံသို့ ကမ်းပေးလိုက်သည်။
"ရထားဒင်္ဂါး တွေရဲ့ တန်ဖိုးသာ မကျသွားသေးဘူးဆိုရင် ဒါက လုံလောက်မှာပါ"
ကျီးကန်းနတ်ဆိုးက ရှေ့သို့တိုးကာ အိတ်ကိုယူ၍ ဖွင့်လိုက်ပြီး အထဲသို့ အမွေးအတောင်တစ်ခုဖြင့် မွှေနှောက်ကြည့်လိုက်လေ၏။ ဘာမှ မမျှော်လင့်ထားသောအရာ မဖြစ်လာတော့မှသာ ရဲချီယန်က အိတ်ကို လှမ်းယူလိုက်သည်။
အိတ်ထဲတွင် သူလိုအပ်နေသော ရထားဒင်္ဂါး များမှလွဲ၍ အခြားဘာမှ မပါဝင်ချေ။
"ဒီမှာ ရထားဒင်္ဂါး တစ်ရာ့ငါးဆယ် ရှိတယ်။ စက်ခေါင်းတွဲ ဝယ်ပြီးရင် ကျန်တာ မင်းယူလိုက်ပါ။ ဘယ်လိုလဲ အဆင်ပြေလား။ အင်း စဉ်းစားကြည့်ရရင် မှောင်ခိုဈေးကွက် ရှိသေးရဲ့လား"
ရဲချီယန်က သူ၏ကျောပိုးအိတ်ထဲမှ မှောင်ခိုဈေးကွက် ဖိတ်စာကတ် ကို ဆွဲထုတ်လိုက်လေသည်။
"ငါ့မှာ ကတ်ပြားတော့ ရှိတယ်။ ဒါပေမဲ့ ငါက ဘာလို့ မင်းကို ကူညီရမှာလဲ"
သူက သန့်စင်သော မြေစွဲကျောက်တုံးကို အခြားလက်တစ်ဖက်သို့ ပြောင်းကိုင်လိုက်သည်။
"ငါက ဒီတိုင်း တိုက်ရိုက် ထွက်သွားလို့ရတာပဲ။ ဒါဆိုရင် ရထားဒင်္ဂါး တစ်ရာ့ငါးဆယ်လုံး ငါ့ဟာဖြစ်သွားပြီလေ။ မင်းရဲ့ ရထားမောင်းနှင်သူ အဆင့်က မြင့်နေရင်တောင် ရထားမှမရှိတာပဲ ပြီးတော့ သန့်စင်တဲ့စွမ်းအားတွေကိုလည်း မခုခံနိုင်ဘူးဆိုတော့ မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး"
သူက နှုတ်ခမ်းထောင့်ကို ကွေးညွတ်လျက် နောက်ပြောင်သလို ပြုံးလိုက်ကာ အော်တိုစ်အား စောင့်ကြည့်ရင်း တုံ့ပြန်မှုကို စောင့်ဆိုင်းနေလေ၏။
"ငါ့ကို နားချနိုင်မယ့် အကြောင်းပြချက်တစ်ခုလောက် ရှာကြည့်ပါဦး။ ဒါမှမဟုတ် ဒီထက်ပိုတန်ဖိုးရှိတဲ့ တစ်ခုခုကို ထုတ်ပြလေ"
"..."
သူ့ရှေ့မှ လူငယ်လေး လိမ်ပြောနေခြင်းမဟုတ်သည်ကို အော်တိုစ် နားလည်လိုက်သည်။ ရထားဒင်္ဂါး များကို တိုက်ရိုက် ပေးလိုက်မိသည့်အတွက် သူနောင်တရသွားမိလေ၏။
ဆယ့်နှစ်နှစ်တိုင်တိုင် လူသားများနှင့် အဆက်အသွယ်မရှိခဲ့ခြင်းက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။ လွင်တီးခေါင်ပြင်တွင် အသက်ရှင်ကျန်ရစ်သော ရထားမောင်းနှင်သူ များထဲ၌ အင်ပါယာအမိန့်တော် အဖွဲ့အစည်း မှလွဲ၍ မည်သူက တကယ့်လူကောင်းများ ဖြစ်နေမည်နည်းဆိုသည်ကို သူ မေ့လျော့သွားခဲ့ခြင်းပေ။
"ငါ ကြယ်တစ်ထောင်မြို့တော် ထဲမှာ ဖွက်ထားတဲ့ ပစ္စည်းတချို့ ရှိတယ်။ ငါထွက်သွားလို့ရတာနဲ့ အဲဒီအထဲက အဖိုးတန်ဆုံးတစ်ခုကို မင်းကို ပေးပါ့မယ်။ သေချာတာပေါ့ မင်းအခု ထွက်သွားလို့ရပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းက ရထားဒင်္ဂါး တစ်ရာ့ငါးဆယ်ထက်တော့ သေချာပေါက် ပိုတန်ဖိုးရှိပါတယ်။ မင်းဘာသာမင်း ဆုံးဖြတ်ပါ။ အဲဒီကျောက်တုံးနဲ့ဆိုတော့ ငါမင်းကို မယှဉ်နိုင်ပါဘူး"
"ငါက မင်းကို ဘာလို့ယုံရမှာလဲ။ ဒီပလက်ဖောင်း ပေါ်ကနေ ထွက်သွားလို့ မင်းက ငါ့ကို ပစ္စည်းမပေးရင်တောင် လွင်တီးခေါင်ပြင် ရောက်သွားတဲ့အခါ မင်းကို ဘယ်လိုလုပ် ရှာတွေ့နိုင်တော့မှာလဲ"
အော်တိုစ်က ခါးသီးသောအပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
"မင်းဒီကမ္ဘာကို ရောက်နေတာ သိပ်မကြာသေးဘူးထင်တယ်။ ရက်တွေကို ရေတွက်ကြည့်ရရင် အင်း ရထားမောင်းနှင်သူ အသစ်တစ်သုတ် ရောက်လာလောက်ပြီ မဟုတ်လား။ ဒါပေမဲ့ မင်းက ဒီဘူတာကို ဝင်နိုင်ပြီး ဒီလောက်စွမ်းဆောင်နိုင်တယ်ဆိုတော့ မင်းက အနည်းဆုံး သုံးနှစ်၊ မဟုတ်ဘူး၊ ခြောက်နှစ်လောက်က ဒါမှမဟုတ် အဲဒီထက်စောတဲ့အသုတ်ကနေ ဒီကမ္ဘာကို ဝင်လာတာဖြစ်ရမယ်။ မင်းက ဒါကိုတောင် တကယ်မသိဘူးလား။ ငါပြောပြမယ်"
သူက လက်ညှိုးတစ်ချောင်းကို ထောင်လျက် ကောင်းကင်သို့ ညွှန်ပြလိုက်လေ၏။
"ငါက စနစ် ဆီကို တာဝန်တစ်ခု တင်ခဲ့တာ။ အဲဒါက ပြီးမြောက်အောင် လုပ်ရမယ့် အရောင်းအဝယ်တစ်ခုလိုပဲ။ မဟုတ်ရင် စနစ် က ငါ့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ စနစ် ရဲ့ ကုန်သွယ်ရေး ပလက်ဖောင်း လိုမျိုးပဲ သူက အမှားလုပ်တာကို မင်းဘယ်တုန်းက တွေ့ဖူးလို့လဲ။ အရောင်းအဝယ်တစ်ခုကို ဘယ်သူကများ ဝင်ရောက်စွက်ဖက်နိုင်မှာလဲ"
"ဒါကြောင့် ငါအဲဒီစကားတွေကို ပြောလိုက်တဲ့အချိန်မှာပဲ တာဝန်လို့ နာမည်တပ်ထားတဲ့ ဒီအရောင်းအဝယ်က အဆင့်မြှင့်တင်ပြီးသား ဖြစ်သွားပြီ"
"ဒီကမ္ဘာကနေ ထွက်သွားနိုင်ဖို့ စက်ခေါင်းတွဲ တစ်ခုကို ဝယ်ပေးဖို့ မင်းငါ့ကို ကူညီသရွေ့ နောက်ဘူတာက ကြယ်တစ်ထောင်မြို့တော် ကို ဝင်တဲ့အခါ ရထားဒင်္ဂါး ၁၅၀ ထက်မက တန်ကြေးရှိတဲ့ အဲဒီမှာငါသိမ်းထားတဲ့ပစ္စည်းကို မင်းကို သေချာပေါက် ပေးပါ့မယ်။ ဒါက တာဝန်တစ်ခုပဲ၊ ဒါက အရောင်းအဝယ်တစ်ခုလည်း ဖြစ်တယ်"
အခန်း ၁၃၂ - ရထားစနစ်၏ တရားမျှတမှု
တာဝန်တစ်ခု အရောင်းအဝယ်တစ်ခု။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုစကားက အမှန်ပင်ဖြစ်လေ၏။
သို့သော်လည်း ဤအရာက တကယ့်အရောင်းအဝယ်တစ်ခုဆိုလျှင် နှစ်ဖက်စလုံးအတွက် တရားမျှတမှု ရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူအရင်က ပြောခဲ့သည့်အတိုင်း ရထားဒင်္ဂါးများကိုယူ၍ ထွက်သွားနိုင်သောကြောင့်ပင်တည်း။ တာဝန်ပေးအပ်သူကို ရင်ဆိုင်နိုင်စွမ်းရှိနေသမျှ ကာလပတ်လုံး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အကြွင်းမဲ့ လိုအပ်ချက်မရှိပေ။
ရဲချီယန် စကားမပြောသည်ကို မြင်သောအခါ တစ်ဖက်လူက သူ့ကို ယုံကြည်မှုမရှိသေးမှန်း သိလိုက်သဖြင့် အော်တိုစ်က ခေါင်းယမ်းကာ သက်ပြင်းချရင်း ဆက်ပြောလေ၏။
"မယုံသေးဘူးလား။ ညီအစ်ကို မင်းကို ငါလိမ်မှာကို စိတ်မပူပါနဲ့။ ရထားစနစ်က ရထားမောင်းနှင်သူတွေအတွက် တရားမျှတပေမယ့် ရထားမောင်းနှင်သူမဟုတ်တဲ့ သူတွေအတွက်တော့ အတူတူမဟုတ်ဘူးလေ"
"ဘာကိုဆိုလိုတာလဲ"
"ပြောတဲ့အတိုင်းပါပဲ။ လွင်တီးခေါင်ပြင်က မရေမတွက်နိုင်တဲ့ ဘူတာရုံကမ္ဘာတွေကို ဆက်သွယ်ပေးထားပြီး အဲဒီကမ္ဘာတွေက ဒေသခံတွေဆိုတာ ရထားစနစ်ရဲ့ မျက်လုံးထဲမှာတော့ ရထားမောင်းနှင်သူတွေရဲ့ စွန့်စားခန်းတွေအတွက် အသုံးပြုတဲ့ ဇာတ်ကောင်တွေထက် မပိုဘူးလေ။ သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းတွေက အဓိပ္ပာယ်မရှိဘူး။ ရထားမောင်းနှင်သူ ပိုမိုသန်စွမ်းလာနိုင်သမျှ ကာလပတ်လုံး ပလက်ဖောင်းထဲက လူတွေကို သတ်တာပဲဖြစ်ဖြစ် လုယက်တာပဲဖြစ်ဖြစ် ဘာပြစ်ဒဏ်မှ ခံရမှာမဟုတ်ဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ အဆုံးအစမရှိသော လွင်တီးခေါင်ပြင်နဲ့ ရထား ရှင်သန်ရေး ကမ္ဘာအကြောင်း သိထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့အဆင့်အတန်းကို ဆုံးရှုံးခဲ့ရတဲ့ ငါ့လို ရထားမောင်းနှင်သူဟောင်းတွေ အတွက်တော့ အကြွင်းမဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ခံရလိမ့်မယ်"
ရဲချီယန်က အော်တိုစ်စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်လေ၏။
အတိုချုပ်ပြောရလျှင် ရထားစနစ်က ၎င်း၏ တရားမျှတသောအခြမ်းကို ရထားမောင်းနှင်သူများအားသာ ပြသပြီး အခြားသူများ အထူးသဖြင့် ၎င်းတို့၏အဆင့်အတန်းကို စွန့်လွှတ်ခဲ့သူများအတွက်မူ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပေသည်။
"ကောင်းပြီ မင်းအတွက် စက်ခေါင်းတွဲ တစ်ခုကို ဝယ်ပေးနိုင်ပါတယ်"
"တကယ်လား ကျေးဇူးတင်ပါတယ် ညီအစ်ကို"
"ဒါပေမဲ့ အဲဒီမတိုင်ခင် ဒီရှေးဟောင်း စစ်မြေပြင် အပျက်အစီးများထဲမှာ မင်းနဲ့ ဒီပုပ်သိုးနေတဲ့ အလောင်းကောင်တွေကလွဲရင် တခြားဘာတွေရှိသေးလဲဆိုတာကို ငါ့ကို ပြောပြရမယ်"
တကယ်တော့ အော်တိုစ်ဟုခေါ်သော ဤလူသာ သာမန်လူသားတစ်ဦး ဖြစ်ခဲ့လျှင် ရဲချီယန်က ဤမျှလောက် လောဘတကြီး ပြုမူမည်မဟုတ်ချေ။
ဤလူက မျိုးနွယ်စုကို ပြောင်းလဲထားသောကြောင့်သာ ဖြစ်ပေသည်။
သွေးစုပ်ဖုတ်ကောင် ဘယ်ရွန် ၏ နှလုံးသားကဲ့သို့ပင် ဖြစ်ရမည်။ လူသားတစ်ယောက်အနေဖြင့် သူ့ကို အလိုလို ရွံရှာမိစေလေ၏။
၎င်းက စိတ်စွမ်းအား အဆင့်အပေါ် လွှမ်းမိုးမှုမဟုတ်ဘဲ သစ္စာဖောက်တစ်ဦးကို ရင်ဆိုင်နေရသော လူသားတစ်ဦး၏ ခံစားချက်မျိုးသာ ဖြစ်လေသည်။
ထို့ကြောင့်ပင် ရဲချီယန်က ဤလူကို အခက်တွေ့စေရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူက လောဘကြီးသော်လည်း ကိုယ်ပိုင်မူဝါဒများ ရှိထားပြီး ပလက်ဖောင်းထဲမှ လူများကို ယခင်မှတ်တိုင်မှ ချင်ချန် ကဲ့သို့ အတုအယောင် ဇာတ်ကောင်များအဖြစ် သဘောထားမည်မဟုတ်ပေ။
အော်တိုစ်က သူ၏ဦးထုပ်ကို ပုတ်ကာ ခေတ္တမျှ သေချာစဉ်းစားလိုက်လေ၏။
"တခြား ဘာမှမရှိတော့ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အရှေ့တောင်ဘက်မှာ အမည်းရောင် တောအုပ်တစ်ခု ရှိတယ်။ ငါ အဲဒီကို တစ်ခါပဲ ရောက်ဖူးတယ်။ အဲဒီနေရာက အရမ်း မိစ္ဆာဆန်တယ်။ တောအုပ်ထဲကို ဝင်လိုက်တာနဲ့ တစ်ခုခုကို ခုတ်ထစ်ချင်စိတ်တွေ အလိုလို ဖြစ်ပေါ်လာတယ်"
အော်တိုစ်၏ လက်ညှိုးညွှန်ပြရာအရပ်သို့ ကြည့်လိုက်ရာ အရှေ့တောင်ဘက်ဆိုသည်မှာ ဝေါလီ စူးစမ်းလေ့လာရန် သွားခဲ့သောနေရာ အတိအကျပင် ဖြစ်နေလေ၏။
ထိုနေရာသည် နတ်ဆိုး ကတ်ပြား ကို သိမ်းဆည်းထားရာနေရာ ဖြစ်နိုင်ချေ အလွန်များပေသည်။
"မင်းဒီမှာ နေလာတာ ဆယ်နှစ်ကျော်ပြီလေ အဲဒီကို သွားလေ့လာဖို့ တစ်ခါမှ မတွေးဖူးဘူးလား"
အော်တိုစ်က ခေါင်းယမ်းလိုက်၏။
"ငါ မသွားရဲဘူး။ ငါ့ပစ္စည်းတွေ အကုန်လုံးက တခြားသူတွေရဲ့ လုယူတာ ခံလိုက်ရပြီလေ။ အခု ငါက ဒီပုပ်သိုးနေတဲ့ အလောင်းကောင်တွေကို ထိန်းချုပ်ဖို့ လစ်ချ် မော်ဂျူး ကိုပဲ အားကိုးနိုင်တော့တာ။ ဒါပေမဲ့ အဲဒီနေရာကို ရောက်ပြီးတဲ့နောက်မှာ ပုပ်သိုးနေတဲ့ အလောင်းကောင်တွေက ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ငါ့ကို ပြန်တိုက်ခိုက်ကြတယ်။ ငါသွားခဲ့တဲ့ တစ်ကြိမ်တုန်းက ဒီအလောင်းကောင်တွေရဲ့ ခုတ်ထစ်တာခံရလို့ သေလုနီးပါး ဖြစ်ခဲ့ရတယ်"
နတ်ဆိုး ကတ်ပြား၏ စွမ်းအားကြောင့်များလား။
သို့မဟုတ် အဲဒီမှာ တခြားတစ်ခုခု ရှိနေလို့များလား။
ရဲချီယန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။
သူက စနစ် အလင်းမျက်နှာပြင် ကို ဆွဲဖွင့်ကာ မှောင်ခိုဈေးကွက် ဖိတ်စာကတ် မှတစ်ဆင့် ပွတ်ဆွဲရှာဖွေလိုက်သည်။
၎င်းထဲတွင် ရထား၏ စက်ခေါင်းတွဲ ကို သူရှာဖွေလိုက်လေ၏။ သေချာပေါက် ရောင်းချရန်ရှိနေသော်လည်း စျေးနှုန်းမှာ ဆော်လမွန် မြို့တော် ရှိ ရထား အရောင်းအဝယ်ဌာန နှင့် အတိအကျတူညီနေပေသည်။
[အခြေခံ စက်ခေါင်းတွဲ]
[စျေးနှုန်း - ရထားဒင်္ဂါး ၁၀၀]
သူ ချက်ချင်းမဝယ်သေးဘဲ ဝယ်ယူစဉ်အတွင်း ပါဝင်သော အပိုဆောင်းရွေးချယ်စရာများအပေါ် အာရုံစိုက်လိုက်လေ၏။
"ဒါ မဆိုးဘူးပဲ"
ရဲချီယန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေ၏။ သူက အလင်းမျက်နှာပြင် ပေါ်တွင် တစ်ခုခုကို ရိုက်ထည့်လိုက်ရာ ခဏအကြာတွင် စက်ခေါင်းတွဲ ဝယ်ယူသည့် စျေးနှုန်းမှာ ၁၀၀ မှ ၁၁၀ သို့ ပြောင်းလဲသွားလေတော့သည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ အဝတ်အိတ်ထဲရှိ ရထားဒင်္ဂါး များကို အလင်းမျက်နှာပြင် ထံသို့ ချိန်ရွယ်လိုက်ရာ ရထားဒင်္ဂါး ၁၁၀ မှာ မှောင်မိုက်သော ရွှေရောင်အလင်းတန်းလေးများအဖြစ် ပြောင်းလဲသွားကာ ၎င်းထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေ၏။
ချက်ချင်းပင် အော်တိုစ်၏ တွေဝေငေးမောနေသော အကြည့်များအောက်တွင်။
ဤအမည်းရောင် တွင်းနက်ကြီး၏ အထက်တွင် ကွန်ရက်သဏ္ဌာန် ပုံပျက်နေသော ချိုင့်ခွက်တစ်ခု ပေါ်လာလေ၏။
အမည်းရောင် ရထားသံလမ်းများက အောက်ဘက်သို့ ဆန့်ထွက်လာပြီး အခြေခံအကျဆုံး စက်ခေါင်းတွဲ တစ်ခုက ဥသြသံနှင့်အတူ ကောင်းကင်မှ ကျဆင်းလာကာ တွင်းနက်ကြီးထဲသို့ ဝင်ရောက်လာလေတော့သည်။
ကျန်ရှိနေသော ရထားဒင်္ဂါး များကို သိမ်းဆည်းလိုက်ရင်း ရဲချီယန်က စက်ခေါင်းတွဲ ထံသို့ ထပ်မံလက်ညှိုးညွှန်ပြလိုက်သည်။
"ဝင်မကြည့်တော့ဘူးလား"
အိပ်မက်မက်နေသည်ဟု ခံစားရသကဲ့သို့ အော်တိုစ်က သူ၏ဦးထုပ်ကို ခပ်ပြင်းပြင်း ပုတ်လိုက်လေ၏။
သူက ရထားနှင့် ရဲချီယန်ကြားတွင် အကြိမ်ကြိမ် အကဲခတ်ကြည့်နေမိသည်။
"ဘုရားရေ အစ်ကိုကြီး မင်းက အတိအကျ ဘယ်အဆင့် ရထားမောင်းနှင်သူ လဲ။ ရထားကနေတစ်ဆင့် မဟုတ်ဘဲ ရထားစနစ် ကို ဘယ်လိုလုပ် တိုက်ရိုက် ထိန်းချုပ်နိုင်ရတာလဲ"
"ဒါက ထူးဆန်းလို့လား။ မင်း အရင်က မလုပ်နိုင်ခဲ့ဘူးလား"
"သေချာပေါက် မလုပ်နိုင်ခဲ့တာပေါ့။ ရထားကနေတစ်ဆင့် မဟုတ်ဘဲ ရထားစနစ် ကို အသုံးပြုနိုင်တာက အဆင့် ၃၀ အထက် ရထားမောင်းနှင်သူ တွေသာ ရဖို့အခွင့်အရေးရှိတဲ့ မော်ဂျူး တစ်ခုလေ။ အဲဒီတုန်းကသာ ငါ့မှာ အဲဒီလို မော်ဂျူး မျိုး ရှိခဲ့မယ်ဆိုရင် ရထားဆုံးရှုံးသွားပြီးတဲ့နောက် ဒီမှာ ပိတ်မိနေမှာ မဟုတ်ဘူး။ မော်ဂျူး အနည်းငယ်ရယ် မျိုးနွယ်စု ပြောင်းလဲပြီးတဲ့နောက် အစာစားစရာ မလိုတော့တဲ့ အချက်လေးရယ်ကြောင့်သာ မဟုတ်ရင် ဒီလိုစောက်ကျိုးနည်းနေရာမှာ ငါသေနေတာ ကြာလှပေါ့..."
ရဲချီယန်က သူ့ကို အာရုံစိုက်ရန် စိတ်မဝင်စားသည်ကို မြင်သောအခါ အော်တိုစ်က ရယ်မောလိုက်ပြီး ရထားတံခါးဆီသို့ ခပ်သုတ်သုတ် ပြေးသွားကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် နောက်ကျိနေသောလေများကို မှုတ်ထုတ်လိုက်ကာ တံခါးကို ဝင်တိုက်လိုက်လေ၏။
"အာ အစ်ကိုကြီး ဒီတံခါးကို ဖွင့်ပေးရမှာက မင်းပဲလေ"
အော်တိုစ်က အနေခက်စွာ ပြုံးပြလိုက်သည်။ အစပိုင်းနှင့် နှိုင်းယှဉ်ပါက ရဲချီယန်အား စကားပြောဆိုသည့် သူ၏လေသံမှာ တော်တော်လေး ရိုသေလေးစားမှု ရှိလာပေသည်။
သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ကာ စက်ခေါင်းတွဲ ၏ ထုပ်ပိုးမှုကို ဖျက်သိမ်းလိုက်လေ၏။
တံခါးပွင့်သွားသည်နှင့် အော်တိုစ်က အလောတကြီး တိုးဝင်သွားကာ အရှေ့ဘက်ဆုံးရှိ ထိန်းချုပ်ရေးစနစ်ဆီသို့ ပြေးသွားပြီး သံချပ်ကာဖုံးလွှမ်းနေသော လက်ဖဝါးကို ဆန့်ထုတ်ကာ ၎င်းအပေါ် ဖိချလိုက်လေသည်။
"ချိတ်ဆက်လိုက်"
"...ဘာလို့ တုံ့ပြန်မှု မရှိတာလဲ"
စက်ခေါင်းတွဲ ၏ အပြင်ဘက်တွင် ရဲချီယန်က ရထားပြတင်းပေါက်ဆီသို့ လျှောက်သွားကာ အော်တိုစ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေပြီးနောက် သူ၏လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်တော့မှသာ အော်တိုစ်က ချိတ်ဆက်ခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားလေ၏။
"အစ်ကိုကြီး ဘာ ဘာလုပ်လိုက်တာလဲ။ ငါက ဘာလို့ ကိုယ်တိုင် ချိတ်ဆက်လို့ မရတာလဲ။ ပြီးတော့ ရထားရဲ့စနစ်ကို ငါက ထိန်းချုပ်လို့ မရသလို ဖြစ်နေတာ ဘာလို့လဲ"
ရဲချီယန်က ဗိုက်စင်သီး တစ်လုံးကို ထုတ်ယူကာ ကိုက်စားလိုက်လေ၏။ သူက စားနေရင်းနှင့်ပင် အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါဘာမှ မလုပ်ပါဘူး မှောင်ခိုဈေးကွက် ထဲက တစ်ယောက်ယောက်ကို ဒီရထားပေါ်မှာ သော့ခလောက်တစ်ခု တပ်ပေးဖို့ အကူအညီတောင်းလိုက်ရုံပါပဲ။ နောက်မှတ်တိုင် ကြယ်တစ်ထောင်မြို့တော် ကို မင်းရောက်လို့ မင်းပြောခဲ့တဲ့ ပစ္စည်းတွေကို ငါ့ဆီ လွှဲပြောင်းပေးတဲ့အခါ ဒီသော့ခလောက်က အလိုလို ပွင့်သွားပါလိမ့်မယ်"
"မင်း"
သန့်စင်သော မြေစွဲကျောက်တုံး က အနည်းငယ် တလက်လက် တောက်ပသွားလေ၏။
အော်တိုစ်၏ အငွေ့အသက်များက စက္ကန့်ဝက်မျှပင် မကြာလိုက်ဘဲ တောင့်တင်းသွားပြီးနောက် ပြန်လည် အားပျော့သွားလေတော့သည်။
"မင်းက တကယ်ကို သတိကြီးတာပဲ..."
"မိတ်ဆွေဖွဲ့ဖို့ တောင်းဆိုချက် ပို့ထားပြီးပြီ။ နောက်မှတ်တိုင် ကြယ်တစ်ထောင်မြို့တော် ကျရင် ငါမင်းကို လာရှာမယ်"
လက်ခံမလား ဆိုသည်ကို အော်တိုစ် ရွေးချယ်ရန် မလိုအပ်တော့ပေ။
ရဲချီယန်၏ ရထား ထိန်းချုပ်ရေးစနစ် မျက်နှာပြင်ခွဲက သူ့ကိုယ်စား ရွေးချယ်မှုကို ပြီးမြောက်စေခဲ့ပြီ ဖြစ်လေ၏။
အော်တိုစ်က မြေပြင်ပေါ်တွင် ကူကယ်ရာမဲ့စွာ ထိုင်ချလိုက်ပြီး သူ၏ကံကြမ္မာကို အပြည့်အဝ လက်ခံလိုက်ကာ သက်ပြင်းပင် စတင်ချနေတော့သည်။
"အဲဒီတုန်းကသာ ငါ့မှာ မင်းလို သတိကြီးတဲ့ စိတ်နှလုံးမျိုး ရှိခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ ကောင်ကို မယုံကြည်ခဲ့ဘူးဆိုရင် ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူးထင်တယ်"
အနည်းဆုံးတော့ သူက ရထားမောင်းနှင်သူ ဆိုသည့် အဆင့်အတန်းကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်လေ၏။ ရထားအဆင့် သို့မဟုတ် လက်နက်ကိရိယာများ မရှိသော်လည်း အချိန်အလုံအလောက်ရပါက အားလုံးကို ပြန်လည်ရယူနိုင်စွမ်း ရှိနေသေးပေသည်။