← Chapters

ငြင်းပယ်ခြင်း

Vol. 14 Ch. 185

ငြင်းပယ်ခြင်း

Vol. 14 Ch. 185

‘အကြီးအကဲ၊ ကျေးဇူးပြုပြီး ထွက်လာပေးပါ …’

စုမင် ရှေ့သို့ ဖြည်းညင်းစွာ ဆက်လျှောက် လာခဲ့သည်။ မျက်တောင်တစ်ခတ်စာ မြင်ရမည် ဆိုလျှင်တောင် သူအကြီးအကဲကို တွေ့ချင်မိသည်။

သူ့ရှေ့မှ သံကြိုး၏ အဋ္ဌမမြောက် အပိုင်းနှင့် နဝမမြောက် အပိုင်းနောက်တွင် ပုချန့်တောင် တည်ရှိနေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်တွင်တော့ လူတိုင်းယခင်က ကြားခဲ့ဖူးသည့် ပရိယာယ်ကြွယ်ဝသည့် သိမ်မွေ့သော အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

“ဆရာ၊ မင်းက ကျရှုံးသွားခဲ့ပြီးပါပြီ။ ဘာလို့ ဆက်လျှောက်လှမ်း နေရသေးတာလဲ။ မင်း ဆက်လျှောက်လှမ်း နေရင်တောင် ကျရှုံးပြီးသား ဖြစ်နေဆဲပါပဲ။ မင်းရဲ့ စိန်ခေါ်မှုက အဆုံးသတ် သွားခဲ့ပါပြီ”

ထိုသိမ်မွေ့သည့် အသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး နေရာအနှံ့သို့ ပျံ့နှံ့ သွားခဲ့သည်။

ထိုအသံထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဟန်တောင်တန်းမြို့တော် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားခဲ့သည်။ နန်ထျန်းနှင့် အခြားသူများသည်ပင် မျက်မှောင် ကြုတ်လိုက်မိကြသည်။ သို့သော် နန်ထျန်းသည် ပုချန့်တောင်ဆီသို့ ကြည့်လိုက်ပြီး နောက်တွင်တော့ ဝင်ရောက် မပြောဆိုရန်သာ ရွေးချယ် လိုက်တော့သည်။

စုမင် ထိုသူတို့ကို လျစ်လျူရှုထားခဲ့ပြီး သံကြိုးပေါ်မှ ရှေ့သို့ တိတ်ဆိတ်စွာ ဆက်လျှောက်လိုက်သည်။ သူ့မျက်လုံးများသည်တော့ သံကြိုး၏ သတ္တမမြောက်အပိုင်း အဆုံးတွင်သာ ကျရောက်နေခဲ့ပြီး မျက်လုံးအတွင်း နက်ရှိုင်းသည့် နေရာတွင် သိုဝှက်ထားခဲ့သည့် တောင့်တမှု အရိပ်အမြွက်တို့ ရှိနေခဲ့သည်။

“အကြီးအကဲ ... အကြီးအကဲ …” သူ တီးတိုး ရေရွတ်နေမိသည်။

စုမင် မရပ်တန့်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသည် လျင်မြန်စွာ ခုန်နေခဲ့သည်။ အခြားလူများ မမြင်နိုင်သည့် အရာကို သူမြင်နေရသည်။ သံကြိုးပေါ်တွင် အနက်ရောင် အခိုးအငွေ့တို့သည် စုဝေးသွားခဲ့ကြပြီး အဘိုးအိုတစ်ဦး၏ ကျောခိုင်းထားသည့်ပုံအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲ သွားခဲ့သည်။ ထိုနောက်ကျောသည် စုမင်နှင့် ရင်းနှီးကျွမ်းဝင် နေခဲ့ပြီး စုမင် မျက်လုံးများထဲတွင် စိတ်အား ထက်သန်မှုတို့ ပေါ်လာခဲ့သည်။

ထိုအရာသည် အတုအယောင် ဖြစ်ကြောင်း သူသိသည်။ သို့သော် အကြီးအကဲအား တစ်ကြိမ်ခန့်ထပ်မံ မြင်တွေ့ခွင့်ရခဲ့မည် ဆိုလျှင်ပင် သူ ကျေနပ် ဝမ်းမြောက်နိုင်မည် ဖြစ်သည်။

“မင်းရဲ့ စိန်ခေါ်မှုက အဆုံးသတ် သွားခဲ့ပြီ။ မင်းက ကျရှုံးခဲ့တယ်။ မင်းက ကံကောင်းလို့ မသေဆုံးခဲ့တာပဲ။ မင်းဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်သွားပေးဖို့ ငါအကြံပေးချင်တယ်။ မင်းက အခုလိုမျိုး ဆက်လုပ်ဆောင်နေမယ် ဆိုရင် ပုချန့်မျိုးနွယ်စုရဲ့ စွမ်းအားကို စိန်ခေါ်တာလို့ ယူဆရလိမ့်မယ် ...”

ထို သိမ်မွေ့သော အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံသည် ပျော့ပျောင်း နူးညံ့ဟန် ပေါက်သော်လည်း ထိုအတွင်း၌ အဆိပ်ပြင်းမှု အရိပ်အမြွက်ကို ဖုံးကွယ်ထားခဲ့သည်။

ပုချန့်မျိုးနွယ်စုမှ အသံသည် ဟန်တောင်တန်းမြို့တော် တစ်ခုလုံးကို တိတ်ဆိတ်မှုအတွင်း ကျရောက် သွားစေခဲ့သည်။ လူတိုင်းနီးပါးပင် တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်သည်။ ဟန်တောင်တန်းမြို့တော်၏ သခင်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ပုချန့်မျိုးနွယ်နှင့် ရင်ဆိုင်မိချိန်တွင်  မြို့တော်သို့ လာရောက်သည့် ဧည့်သည်များ အနေဖြင့် မျိုးနွယ်စု၏ အလိုဆန္ဒကို ခုခံနိုင်စွမ်းမရှိပေ။

သူတို့သည် စည်းမျဉ်းကို ချမှတ်သူများ မဟုတ်ပေ။ အကယ်၍ သူတို့ ထိုအရာကို ပြောင်းလဲလိုလျှင်ပင် သူတို့တွင် ထိုသို့လုပ်နိုင်ရန် စွမ်းအားမရှိပေ။ ၎င်းသည် ဟန်တောင်တန်း သံကြိုးတန်းများ၏ မူလရည်ရွယ်ချက်နှင့် အနည်းငယ် ဆန့်ကျင်နေခဲ့သော်လည်း စုမင်၏ ကျရှုံးမှုကို သံကြိုးကိုယ်တိုင် အသိအမှတ်ပြုခြင်း မရှိခဲ့ဘဲ သူ ချောက်နက်ကြီးများ အတွင်းမှ ပြန်တက်လာနိုင်ခဲ့သည် ဆိုလျှင်ပင် စုမင်သည်တစ်ကြိမ် ကျရှုံးခဲ့ပြီးသားလူပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ပုချန့်မျိုးနွယ်စုသည် ဤအရာကိုသာ အကြောင်းရင်းအဖြစ် ပြောဆိုမည် ဆိုလျှင် သူတို့အနေဖြင့် ထိုအရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဝင်ရောက် ပြောဆိုရန် ခက်ခဲပေလိမ့်မည်။ သို့တည်းမဟုတ် သူတို့တွင် ဝင်ရောက် ပြောဆိုခွင့်ကို မရှိခြင်းလည်း ဖြစ်နိုင်သည်။

နန်ထျန်းတွင် ထိုသို့ပြုလုပ်ခွင့် အနည်းငယ်ရှိနေခဲ့သော်လည်း သူတိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။

ခဲ့ကျူးစစ်လည်း ခဏတာ တွန့်ဆုတ် နေပြီးနောက် သက်ပြင်း ချလိုက်မိသည်။ သူသည် ဟန်တောင်တန်းမြို့တော် အတွင်းတွင် ရှိနေခဲ့ခြင်း ဖြစ်ပြီး ပုချန့်မျိုးနွယ်စုအတွက် အပြင်လူတစ်ယောက် ဖြစ်နေကြောင်း သူသိသည်။ ထိုကြောင့်ပင် သူ့၌ ပုချန့်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်ကို ဝင်ရောက် ငြင်းဆိုနိုင်ရန် အခွင့်အရေး မရှိခြင်းဖြစ်သည်။

လန်ယင် မျက်မှောင်ကြုတ် လိုက်မိသော်လည်း တိတ်ဆိတ်စွာသာ ဆက်နေလိုက်သည်။

အဝေးရှိ လေထဲတွင် ရပ်နေခဲ့သည့် ရွှမ်းလွမ်သည်တော့ သူ၏ လက်သီးဆုပ်ကို ဖြေလျော့လိုက်မိသည်။ သူ့မျက်လုံးထဲတွင် ရက်စက် ကြမ်းကြုတ်ဟန် အရူးအမူး ပျော်ရွှင်မှုတို့ ရှိနေခဲ့သည်။ သူ့အနေဖြင့် ထိုအရာကို စုမင် ငြင်းဆန်လိုက် စေချင်သည်။ သို့မှသာလျှင် စုမင်အနေဖြင့် ပုချန့်မျိုးနွယ်စုကို ဆန့်ကျင်ရာ ရောက်သွားပေလိမ့်မည်။ ရွှမ်းလွမ်ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာမလိုဘဲနှင့် စုမင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

လူတိုင်း တိတ်ဆိတ်နေခဲ့ပြီး ဟန်ဖေးကျစ်သည် ခေါင်းကိုငုံ့လျက် တစ်စုံတစ်ရာကို စဉ်းစားနေမိသည်။

ပုချန့်တောင်မှ ထိုနူးညံ့သိမ်မွေ့သည့် အသံကို ကြားလိုက်ချိန်တွင် အရောင်စုံရေကန် မျိုးနွယ်စုနှင့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တို့သည်လည်း တိတ်ကျ သွားခဲ့ကြသည်။

မိုးခြိမ်းသံများပင် မြည်ဟီးခြင်း မရှိတော့ဘဲ လောကတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားခဲ့ခြင်းဖြစ်သည်။

ဟန်တောင်တန်းမြို့တော် အတွင်းမှ မျက်လုံးအစုံတို့သည် စုမင်အပေါ်တွင်သာ စူးစိုက်နေခဲ့ကြသည်။ စုမင်မည်သို့ ရွေးချယ်မည်ကို သူတို့အားလုံး သိချင်နေမိကြသည်။

သို့သော် စုမင်သည်တော့ ထိုသိမ်မွေ့သည့် အသံကြောင့် အာရုံအနောက်ခံ မနေခြင်းကို သူတို့မသိခဲ့ကြပေ။ သူ၏အကြည့်များ သည်တော့ မြူခိုးငွေ့များ အတွင်းမှ အပြည့်အဝပုံ ပေါ်လာနေခဲ့သည့် အဘိုးအို၏ နောက်ကျောဘက်တွင်သာ စူးစိုက်ထားခဲ့သည်။

သူ တုန်ယင်သွားမိပြီး မျက်လုံးအတွင်းမှ နောက်တစ်ကြိမ် မျက်ရည်များ ကျဆင်းလာခဲ့သည်။ အဝေးတွင် ရပ်လျက် သူ့ကိုဖြည်းညင်းစွာ လှည့်ကြည့်လာသည့် အဘိုးအိုကို ငေးကြည့် လိုက်မိသည်။ စုမင်အသံသည် အက်ကွဲစွာ ထွက်ပေါ်လာခဲ့၏။

“အကြီးအကဲ …”

ထိုအဘိုးအိုသည်တော့ နက်မှောင်တောင်မျိုးနွယ်စု၏ အကြီးအကဲ-မော့စန်းပင် ဖြစ်သည်။

အဘိုးအိုသည် စုမင်သူ့ကို နောက်ဆုံး တွေ့ခဲ့စဉ်အချိန်က အဝတ်အစားများကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူ စုမင်ကို မြင်သောအခါ ဝေခွဲမရဖြစ်နေဟန် အမူအရာတစ်ခု သူ့မျက်နှာတွင် ဖြစ်ပေါ် လာခဲ့သည်။ ငယ်ငယ်တည်းက သူဂရုစိုက် စောင့်ရှောက်ခဲ့ရသည့် ထိုကလေးကို အံ့သြတကြီး အမူအရာဖြင့် ကြည့်နေခဲ့သည်။

သူသည် တစ်စုံတစ်ခု ပြောလိုဟန် ပေါက်နေသော်ငြား မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။ သူ့မျက်လုံးများ အတွင်းမှ ဝေခွဲမရဖြစ်မှု များသည်တော့ နွေးထွေးကြင်နာမှုနှင့် ချစ်ခြင်း မေတ္တာတရားတို့ဖြင့် အစားထိုး သွားခဲ့သည်။

ယခုစုမင်ကို မြင်လိုက်ရချိန်တွင် အလွန်အမင်း ကျေနပ်သည့်အလား ချီးကျူးမှု အရိပ်အမြွက်ပင် ပါရှိနေခဲ့သည်။

စုမင် အကြီးအကဲကို ကြည့်လိုက်မိသည်။ သူဘယ်လောက် အရွယ်ရောက် လာသည်ဖြစ်စေ၊ သူဘယ်လောက်အထိ လျစ်လျူရှု တတ်လာခဲ့သည် ဖြစ်စေ၊ သူဘယ်လောက် အထီးကျန်ခဲ့ရသည်ဖြစ်စေ၊ သူ လူမည်မျှ သတ်ခဲ့ဖူးပါစေ၊ သူ မြောက်များစွာသော အရာများကို မည်မျှပင် ဖြတ်ကျော်ခဲ့ရပါစေ အရေးမပါတော့ပေ။ အကြီးအကဲကို မြင်လိုက်ရချိန်တွင် ထိုအရာများအားလုံး ပျောက်ကွယ် သွားခဲ့ရသည်။ သူသည် နက်မှောင်တောင်တွင် နေထိုင်သော ဂရုစိုက်ခံလိုသည့် ကလေးငယ်လေး ဖြစ်နေဆဲပင် ဖြစ်သည်။ သူ့တွင် အဖော်အဖြစ် ရှောင်ဟုန်နှင့် အကြီးအကဲထံမှ ချစ်ခြင်းမေတ္တာများ ရှိနေခဲ့သည်။ သူ နဂါးခံတွင်းရည် စုဆောင်းရန် မိုးရွာဖို့ စောင့်ဆိုင်းရလိမ့်မည်၊ မျိုးနွယ်စုအတွင်း မီးပုံဖိုရန် သူစောင့်ဆိုင်းရမည်၊ ပြီးလျှင် အကြီးအကဲ၏ ဘေး၌ ပျော်ရွှင်စွာ ရယ်မောလျက် ကခုန်နေမိမည် ဖြစ်သည်။

အဖြူရောင် တိမ်စိုင်များနှင့် ပြာလွင်လွင် ကောင်းကင်ပြင်များ၊ သို့သော် သူထိုအရာတို့ကို ရှင်းရှင်းလင်းလင်း ပြန်မမှတ်မနိုင်တော့ပေ။

“အကြီးအကဲ၊ ကျွန်တော် အိမ်ကိုလွမ်းတယ် …”

စုမင် ရှေ့တိုးလိုက်သည်။ အကြီးအကဲကို သေချာ ကြည့်ရှုနိုင်ရန် အနားသို့ တိုးကပ်သွားချင်မိသည်။ ဤအရာသည် စိတ်ထင်ယောင်ထင်မှားဖြစ်မှု တစ်ခုဆိုလျှင်တောင် သူစိတ်ထဲမထားပေ။

အကြီးအကဲသည် စုမင်ကို ကြည့်နေခဲ့၏။ သူ၏နွေးထွေး ကြင်နာသည့် မျက်လုံးများသည် စုမင်နှလုံးသားကို တုန်ရီစေသည်။ စုမင် သူ၏လူငယ်ဘဝ ပျော်ရွှင်ဖွယ် အမှတ်တရများကို ပြန်လည်မြင်ယောင် နေမိသည်။

သူနီးကပ်လာခဲ့ပြီး မြူခိုးတို့မှ ဖြစ်တည်လာခဲ့သည့် အကြီးအကဲ၏ အရှေ့တွင် ရပ်လိုက်မိချိန်တွင် စုမင် ပြင်းထန်စွာ ငိုကြွေးလိုက်မိသည်။ သူ၏ မှတ်ဉာဏ်များထဲမှ အကြီးအကဲ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားတို့ဖြင့် ဆံပင်ဖြူများနှင့် အဘိုးအိုကို သူကြည့်လိုက်မိသည်။ ကြည့်နေရင်းမှ စုမင် အပြုံးတစ်ခုကို အားတင်း ပြုံးပြလိုက်သည်။

“အကြီးအကဲရဲ့ လာစုငယ်လေးက အရွယ်ရောက် လာခဲ့ပါပြီ။ ကျွန်တော် ပိုပြီး အရွယ်ရောက် ကြီးထွားလာခဲ့ပြီ …”

အကြီးအကဲသည် ပြုံးလျက် စုမင်ကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းဖွဖွ ချလိုက်ရင်း သူ့မျက်လုံးများ အတွင်းမှ နူးညံ့သိမ်မွေ့မှု များသည် ဝေခွဲမရ ဖြစ်မှုများအဖြစ် အစားထိုး သွားခဲ့သည်။ ထိုဝေခွဲမရမှုများထဲတွင် သနားကရုဏာသက်မှု အနည်းငယ် ပါဝင်နေခဲ့သည်။ စုမင် နားမလည်နိုင်သည့် လေးနက်မှု အရိပ်အယောင်တို့လည်း ပါဝင်လျက်ရှိသည်။

အဆုံးတွင်တော့ စိတ်ပိုင်းဖြတ်လိုက်ဟန် အရိပ်အမြွက်ကို အကြီးအကဲ၏ မျက်နှာပေါ်မှာ စုမင် မြင်လိုက်ရသည်။ အကြီးအကဲ၏ မျက်လုံးများ အတွင်း ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည့် ထူးဆန်းသည့် အကြည့်တစ်ခုကိုလည်း စုမင် တွေ့လိုက်ရသည်။ ထိုအကြည့်သည် စုမင် စိတ်အတွင်း ရောက်ရှိသွားခဲ့ပြီး ပေါက်ကွဲမှုတစ်ခုသဖွယ် ပြုလုပ်လျက် သူ့ခေါင်းအတွင်း မြည်ဟီး သွားစေခဲ့သည်။ စုမင်၏ စိတ်နှလုံးသည် တုန်ယင် သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ မှတ်ဉာဏ်များထဲတွင် ရှိနေခဲ့သည့် အသံတစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

“စုမင် ... မင်း …”

စုမင် တုန်ယင် သွားခဲ့ရသည်။ သို့သော် စကားသံ စတင် ထွက်ပေါ်လာခဲ့ပြီး ထိုစကားလုံးများကို စုမင် သေချာ မကြားရသေးခင်မှာပင် အကြီးအကဲ၏ ခန္ဓာကိုယ်သည် ယိမ်းထိုး တုန်ခါသွားခဲ့ပြီး ရုတ်တရက် ပျက်စီး ပျောက်ကွယ် သွားခဲ့သည်။ မြူငွေ့တို့သည် ၎င်းတို့ နောက်ဘက်မှ ပြင်းထန်သော အားတစ်စုံတစ်ရာကြောင့် ပေါက်ကွဲသွားဟန်ရပြီး စုမင်မျက်စိရှေ့မှ အရာအားလုံးကို လုံးဝ ပျောက်ကွယ် သွားစေခဲ့သည်။

မြူငွေ့များ ပျောက်ကွယ်သွားသလို အကြီးအကဲလည်း ပျောက်ကွယ် သွားခဲ့သည်။ အကြီးအကဲ၏ အသံသည်ပင် သူ့စိတ်ထဲတွင် ဖျော့တော့သည့် ပဲ့တင်သံအဖြစ် ပြောင်းလဲသွားခဲ့ပြီး စုမင် ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ချေ။ ထိုအရာသည် သူခြေချော် သွားခြင်းကြောင့် မဟုတ်ခဲ့သလို ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများက တစ်စုံတစ်ရာ မှားယွင်း သွားခဲ့ခြင်းကြောင့်လည်း မဟုတ်ခဲ့ပေ။ ၎င်းအရာများ အားလုံး ဖြစ်ပျက် သွားရခြင်းမှာ ထိုအခိုက်အတန့်တွင် သူ့ထံဦးတည် လာနေခဲ့သည့် သန်မာသည့် အားတစ်ခုကြောင့်သာ ဖြစ်သည်။

ထိုသန်မာသည့်အား၏ အရင်းအမြစ်သည် အနက်ရောင် အရိုးလက်စွပ်တစ်ကွင်း ဖြစ်သည်။ အရိုးလက်စွပ်သည် စူးရှသံတစ်ခုနှင့်အတူ ပုချန့်တောင်ပေါ်မှ ပျံသန်း ထွက်ပေါ်လာခဲ့ပြီး စုမင်ထံ တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် သံကြိုးကိုပင် တုန်ခါသွားစေခဲ့ပြီး စုမင် မျက်လုံးများအတွင်း ရောင်ပြန်ဟပ် နေခဲ့သည့် သံကြိုးထံမှ ပုံရိပ်ယောင်များကို ပျက်စီး သွားစေခဲ့သည်။

စုမင် မျက်လုံးတို့သည် ရုတ်တရက် အနီရောင်ပြောင်း သွားခဲ့သည်။ မူလတည်းကပင် ရူးရူးမိုက်မိုက် မလုပ်မိစေဘဲ မည်သို့ တည်ငြိမ်ရမည်ကို သူသင်ယူခဲ့ရသည်။ သို့သော် သူ သေချာပေါက် သည်းမခံနိုင်သည့် အရာများတော့ ရှိနေခဲ့သည်။

အကြီးအကဲသည် ထိုအရာများထဲမှ အရာတစ်ခုဖြစ်သည်။

တိုးဝင်လာနေသည့် အရိုးကွင်းသည် အကြီးအကဲအဖြစ် ပြောင်းလဲ သွားခဲ့သည့် အခိုးအငွေ့များကို ဖြိုခွဲပစ်လိုက်ပြီး စုမင်နှလုံးသားထဲမှ ပေါ်ထွက်လာသည့် လှပ၍ ပျော်ရွှင်ဖွယ် ကောင်းသည့် သူ၏ငယ်ဘဝ မှတ်ဉာဏ်များကို အဝေးသို့ ပျံ့လွင့် ပျောက်ကွယ် သွားစေခဲ့သည်။ ဤမြင်ကွင်းသည် ဟန်တောင်တန်း ဘိုးဘေး၏ သီးသန့်နယ်မြေရှိ သွေးရောင် လမ်းကြောင်းတွင် သူလျှောက်လှမ်းခဲ့စဉ်က နောက်ဆုံးတွင် နက်မှောင်တောင်သည် ဧရာမလက်ကြီး တစ်ခုဖြင့် ဖြိုဖျက် ခံလိုက်ရချိန်တွင် ထွက်ပေါ်လာခဲ့သည့် အကြည့်သဖွယ်ပင် ဖြစ်သည်။

အရိုးလက်စွပ်နှင့် သူ့ပိုင်ရှင်သည် စုမင်၏ မည်သူ့ထံကမှ အထိခိုက် မခံနိုင်သည့် နောက်ဆုံးမျဉ်းကို ချိုးဖျက်သွားခဲ့ပြီဖြစ်ပြီး၊ သူ့ကို ... ရူးသွပ်မှုအတွင်း ကျရောက် သွားစေခဲ့သည်။

စုမင် နှုတ်မှနေ၍ အချိန်အတော်ကြာ ပေါ်ထွက်လာခဲ့ခြင်း မရှိသည့် ဟိန်းဟောက် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ကုန်းမြေတစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်မှ မိုးခြိမ်းသံများနှင့် ရောထွေးသွားခဲ့သည်။ သူ၏ဒေါသသည် မိုးကောင်းကင်၏ ဒေါသ ဖြစ်သွား သကဲ့သို့ပင် ဖြစ်သည်။

အော်ဟစ် လိုက်ပြီးနောက် စုမင်ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ချိန်တွင် သူ့မျက်လုံးများအတွင်း သွေးလွှမ်းလ၏ အရိပ်က ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ သူ့ထံသို့ နီးကပ်လာနေသည့် အရိုးလက်စွပ်ကို ကြည့်လိုက်ရင်း ရှေ့သို့ ခြေလှမ်းကျဲကြီး လှမ်းလိုက်သည်။ သူ၏ချီများသည် အံ့အားသင့်ဖွယ် စွမ်းအားနှင့် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး လရောင် အမြောက်အများ သည်လည်း သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ တံဆိပ်ခတ်နှိပ်ခြင်း ပညယရပ်လည်း ထွက်ပေါ်လာခဲ့သည်။ သူ့မျက်ခုံးများ အလယ်တွင် အစိမ်းရောင် အလင်းတဖြာ တောက်ပသွားခဲ့ပြီး ကျောက်စိမ်း ဓားမြောင်ငယ်လေးသည် အစိမ်းရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ချီစွမ်းအား၊ သွေးလွှမ်းလအရိပ်၊ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်တို့ဖြင့် ပူးပေါင်းသွားခဲ့ပြီး အစိမ်းရောင် အလင်းတဖြာ တောက်ပ သွားခဲ့လေသည်။

အလင်းရောင်သည် ကောင်းကင်တစ်ခွင် ထွန်းလင်း တောက်ပသွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် လျှပ်စီးတန်းတို့ ဝင်းလက် မနေခဲ့သော်ငြား ဤအချိန်တစ်ခဏ၌ ကမ္ဘာလေးက တစ်ခုလုံး အစိမ်းရောင် အလင်းဖြင့် လင်းထိန် သွားခဲ့ရသည်။ မိုးခြိမ်းသံကြီး မြည်ဟည်း သွားချိန်တွင် အစိမ်းရောင် အလင်းသည် နီးကပ် လာနေသည့် အရိုးကွင်းထံသို့ ဦးတည် တိုးဝင်သွားခဲ့ပြီး အရိုးလက်စွပ်ကွင်းကို ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်းနှင့်ပင် လက်စွပ်ကို ပိုင်းဖြတ်ပစ် လိုက်တော့သည်။

ကျယ်လောင်သည့် တိုက်ခိုက် မြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောက တစ်ခုလုံး တုန်ခါသွားခဲ့သည်။ စုမင် ပါးစပ်အပြည့်သွေးတို့ ထွေးထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သို့သော် ခြေတစ်ကြိမ် ချလိုက်တိုင်းတွင် သံကြိုးပေါ်သို့သာ တိကျစွာ ကျရောက်သွားခဲ့သည်။

အစိမ်းရောင် အလင်းသည် စုမင်ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။ ထိုအစိမ်းရောင် အလင်းသည် ပေါ်ထွက်လာချိန်မှ ပျောက်ကွယ်သွားချိန်အထိ ခဏတာသာ ကြာမြင့်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မှ အမှန်တကယ် ဖြစ်ပျက်သွားခဲ့သည်ကို မမြင်နိုင်ချေ။

စုမင်အရှေ့မှ အနက်ရောင် အရိုးကွင်းသည် လှုပ်ရှားခြင်း အလျင်းမရှိတော့ပေ။ ၎င်း၏မျက်နှာပြင်တွင် ပါးလွှာသည့် အက်ကွဲကြောင်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရုတ်တရက် ထက်ပိုင်းကျိုးပဲ့သွားပြီး ချောက်ကြီးအတွင်း ကျရောက် သွားခဲ့သည်။

ထိုအခိုက်အတန့် ပုချန့်တောင်ပေါ်တွင် အသားတောင်လေး တစ်လုံးသဖွယ် လူသည် ပြင်းထန်စွာ ယိမ်းယိုင်တုန်ခါသွားခဲ့ပြီး ပါးစပ်အပြည့်သွေးတို့ ထွေးထုတ် လိုက်ရသည်။ သူ့မျက်နှာသည် သေလုနီးပါး ဖြူရော်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ အသားများသည်လည်း ထူးခြားဆန်းကြယ်စွာဖြင့် ကြီးကြီးမားမား ကျုံ့ဝင်သွားခဲ့သည်။

“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ။ မင်း ရှေ့ဆက်တိုးရင် ပုချန့်မျိုးနွယ်စုကို ဆန့်ကျင်သူအဖြစ် သတ်မှတ်ခံရမယ်လို့ ငါတို့မင်းကို သတိပေးထားခဲ့ပြီးပြီ။ ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။ အခုပြန်လှည့်လိုက်တော့။ မင်းက ကျရှုံးခဲ့ပြီးပြီ”

အသားတောင်လေး တစ်လုံးသဖွယ်လူသည် အားနည်းသော်လည်း အဆိပ်ပြင်းသေးဟန် အသံဖြင့် အော်ဟစ်လိုက်သည်။

“ငါ ငြင်းပယ်တယ်”

စုမင် ပါးစပ်ထောင့်မှ သွေးတို့ကို သုတ်လိုက်ပြီး ပုချန့်တောင်ဆီ အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူပြန်လည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

“မင်းက ငြင်းပယ်တာလား။ မင်းမှာ ငြင်းပယ်ပိုင်ခွင့် ရှိလို့လား။ မင်းက ဟန်တောင်တန်းအတွက် အပြင်လူ သက်သက်ပဲ။ ဟန်တောင်တန်းမှာ မျိုးနွယ်စု သုံးစုကပဲ ဆုံးဖြတ်ချက်ချတယ်။ အသက်သုံးကြိမ် ရှူချိန်အတွင်းမှာ မင်းထွက်မသွားဘူး ဆိုရင် နောက်ထပ် ဘယ်တော့မှ ထွက်သွားဖို့ စိတ်မကူးနဲ့တော့”

ဤတစ်ကြိမ် စကားပြောလိုက်သည် အသားတောင်လေး တစ်လုံးသဖွယ် လူမဟုတ်ဘဲ ပုချန့်မျိုးနွယ်စု အကြီးအကဲဘေးတွင် ရပ်နေသည့် အခြားအဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုအဘိုးအို၏ မျက်နှာတွင် ရိုင်းစိုင်း၍ မာနထောင်လွှားဟန် အမူအရာရှိနေခဲ့ပြီး သူ၏ အေးစက်စက် ရယ်မောသံတွင် မထီမဲ့မြင်ပြုမှုတို့ ပါဝင်နေခဲ့သည်။

သူ စကားပြောလိုက်ချိန်တွင် အသားတောင်လေး တစ်လုံးသဖွယ် လူသည် ရုတ်တရက် မျက်မှောင်ကြုတ် သွားမိသည်။ သူသည် တစ်စုံတစ်ရာကို ပြောလိုဟန် ပေါ်သွားခဲ့သော်လည်း သူ၏အတွေးများကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ နေလိုက်တော့သည်။

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် တိတ်ဆိတ် နေခဲ့သော်လည်း သူ့မျက်လုံးများ အတွင်းမှ အေးစက်နေခဲ့သည့် အကြည့်က သူ၏အတွေးတို့ကို ထုတ်ဖော်ပြသ နေခဲ့သည်။

စုမင် တိတ်ဆိတ် သွားခဲ့သည်။

ဟန်တောင်တန်းမြို့တော် အတွင်းမှ လူအချို့သည် လက်သီး တင်းတင်း ဆုပ်လိုက်မိကြသည်။ သူတို့သည်လည်း ဟန်တောင်တန်းအတွက် အပြင်လူများသာ ဖြစ်သည်။ သူတို့ ဟန်တောင်တန်း မြို့တော်အတွင်း နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့လျှင်ပင် မြို့တော်ကို မျိုးနွယ်စုသုံးစုသာ ပိုင်ဆိုင်ပေသည်။ သူတို့သည် မျိုးနွယ်စုသုံးစုမှ မဟုတ်သရွေ့ သူတို့အားလုံးသည် အပြင်လူများပင် ဖြစ်သည်။

သူတို့တွင် အမှန်တကယ်ပင် ငြင်းဆိုနိုင်ရန် မည်သည့် အခွင့်အရေးမျှ မရှိပေ။ တဖြည်းဖြည်းနှင့် ပုချန့်မျိုးနွယ်စုသို့ ကြည့်နေခဲ့သည့် လူတို့၏ အကြည့်များသည် အေးစက်မှုအဖြစ် ပြောင်းလဲ သွားခဲ့သည်။ စုမင်အား အသိအမှတ်ပြုမှုအချို့ ဖြည်းညင်းစွာ ထွက်ပေါ် လာခဲ့သည်။  အဆုံးတွင်တော့ သူတို့အားလုံးသည် အပြင်လူများသာ ဖြစ်သည်။

ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် နန်ထျန်း၊ ခဲ့ကျူးစစ်နှင့် လန်ယင် တို့သည်လည်း ပုချန့်တောင်ဆီသို့ အေးစက်စွာ စိုက်ကြည့် လိုက်ကြသော်လည်း တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့လိုက်သည်။

“ဒါဆိုရင် ငါ့မှာရော လုပ်ပိုင်ခွင့်ရှိလား”

***

All Chapters