← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အပိုင်း (၃၁၆) - အနီရောင်သွေးမြူခိုးများကြားမှ ပုံရိပ်ယောင်များ(၂)

"အဲဒါက ဘာကို ဆိုလိုတာလဲ"

"ဘာလို့လဲဆိုတော့... ဒီပုံရိပ်ယောင်က တကယ်ကို လက်တွေ့ကျလွန်းနေလို့ပဲ..."

လုဖေးအာ၏ မျက်ဝန်းများသည် ပထမဆုံးအကြိမ် အိမ်ထဲဝင်သွားစဉ်ကကဲ့သို့ပင် ဝေဝါးမှိုင်းညို့လာခဲ့ပြန်သည်။

"အိမ်ထဲက အရာအားလုံး၊ ပါးပါးနဲ့ မားမား၊ သူတို့ရဲ့ အမူအကျင့်တွေ၊ သူတို့ပြောတဲ့ စကားတွေကအစ အားလုံးက တကယ့်ကို အစစ်အမှန်အတိုင်းပဲ။ ပြီးတော့... ပြီးတော့..."

"ပြီးတော့ ဘာဖြစ်လဲ"

လုဖေးအာ၏ လေသံနှင့် ဝေဝါးနေသော မျက်ဝန်းများက ရွှီရှင်းကို အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေသည်။

"ပြီးတော့ အဲဒီပုံရိပ်ယောင်ထဲက အိမ်မှာ... ကျွန်မဆိုတဲ့လူ လုံးဝ မရှိခဲ့ဖူးသလိုပဲ..."

လုဖေးအာသည် ရွှီရှင်းကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေ၏။

"ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ကျွန်မနဲ့ ပတ်သက်နေတဲ့ အရာမှန်သမျှ အဲဒီပုံရိပ်ယောင်ထဲမှာ လုံးဝ မရှိတော့ဘူး"

သူမ ဘာတွေ လျှောက်ပြောနေတာလဲ၊ တစ်ချက်တစ်ချက် လူကို လန့်အောင်လုပ်နေတာပဲ။

ရွှီရှင်း စကားပင် မဆိုနိုင်တော့ပေ။

တစ်ခုခု ကြီးကြီးမားမား ဖြစ်နေပြီဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

"ဒါက ပုံရိပ်ယောင်တစ်ခုပဲလေ၊ အိပ်မက်တစ်ခုလိုမျိုးပေါ့။ ဒါကို နင်က အတည်ကြီး လိုက်တွေးနေတာလား"

"ဒါက အိပ်မက် မဟုတ်ဘူး"

လုဖေးအာက သူ့ကို စိုက်ကြည့်ကာ အော်လိုက်၏။

"ဒါက လုံးဝကို အိပ်မက်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သတိအပြည့်ရှိနေလို့ပဲ။ ကျွန်မ သွေးမြူချွေးထုတ်ခန်းထဲမှာ ရှိနေတယ်၊ သွေးမြူတွေကို ရှူနေတယ်ဆိုတာကို သိနေသလို၊ အရာအားလုံးကိုလည်း အသေသေချာချာ မြင်နေရတာ။ ရှုထောင့်အမျိုးမျိုးကနေတောင် လိုက်ကြည့်လို့ ရသေးတယ်။ ဒါ့အပြင် အခုမြင်ခဲ့ရတာတွေကိုလည်း ကျွန်မ အသေအချာ မှတ်မိနေသေးတယ်၊ ဒါဟာ သေချာပေါက် အိပ်မက် မဟုတ်ဘူး"

လုဖေးအာ၏ စိတ်လှုပ်ရှားမှုမှာ အတော်လေး ပြင်းထန်နေပေသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ... အိပ်မက်မဟုတ်ဘူးပဲ ထားပါတော့။ ဒါနဲ့ နင်က ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာလဲ"

ရွှီရှင်း ယခုထိ နားမလည်နိုင်သေးပါပေ။

"ဘာလို့လဲဆိုတော့... အခုကျွန်မ မြင်ခဲ့ရတာတွေက ပုံရိပ်ယောင် မဟုတ်ဘဲ၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့... မှတ်ဉာဏ်တစ်ခုလိုမျိုး ခံစားရလို့ပဲ..."

"မှတ်ဉာဏ် ဟုတ်လား"

ရွှီရှင်း မှင်သက်သွားရသည်။

"မှတ်ဉာဏ်ဆိုရင် ပိုပြီးတော့တောင် ပုံမှန်ဖြစ်မနေဘူးလား။ ဒီသွေးမြူတွေက နင့်ရဲ့ အိမ်လွမ်းစိတ်ကို နှိုးဆွပေးလိုက်တာမျိုးပေါ့၊ အဲဒီလို မဟုတ်ဘူးလား"

"ဘယ်ဟုတ်မှာလဲ"

လုဖေးအာ ခြေဆောင့်လိုက်၏။

"ဒါက ကျွန်မရဲ့ မှတ်ဉာဏ် လုံးဝ မဟုတ်ဘူး"

"ဟင်"

ရွှီရှင်း သူမကို ရေနဲ့ပက်ပြီး နှိုးလိုက်ချင်စိတ်ပင် ပေါက်သွားရသည်။

မှတ်ဉာဏ် ဟုတ်လိုက်၊ မဟုတ်လိုက်နဲ့ သူမ ဘာတွေ လျှောက်ပြောနေတာလဲ။

နောက်ထပ် ပေါက်ကရပြောတဲ့သူတစ်ယောက် တိုးလာပြန်ပြီလား။

"ကျွန်မပြောတာကို နားထောင်ဦး"

လုဖေးအာသည်လည်း သူမ၏ စကားများကို ရွှီရှင်း နားမလည်နိုင်သဖြင့် စိတ်ပူကာ အလျင်စလို ပြောလိုက်၏။

"ကျွန်မ ဆိုလိုတာက၊ ဒါဟာ ကမ္ဘာမြေပေါ်မှာ ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ မှတ်ဉာဏ် မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ... ဒါဟာ တခြား အပြိုင်ကမ္ဘာ တစ်ခုက မှတ်ဉာဏ်တွေလိုပဲ"

စကားတွေက ပိုပိုပြီး နက်နဲလာချေပြီ။

သို့သော်လည်း ရွှီရှင်း သူမ ဆိုလိုသည်ကို အကြမ်းဖျင်းတော့ ခြုံငုံမိလိုက်သည်။

သူမ ဆိုလိုသည်မှာ ပုံရိပ်ယောင်ထဲက အရာအားလုံးသည် သူမအတွက် အလွန် ရင်းနှီးနေသဖြင့် မှတ်ဉာဏ်တစ်ခုနှင့် ဆင်တူနေသော်လည်း၊ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူမ အရင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။

ဒါဟာ မြင်ဖူးသလိုလို ခံစားချက် မျိုးလား။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ပြီး မေးလိုက်၏။

"ဒါဆို နင်က ဘာလို့ အဲဒီလို ခံစားနေရတာလဲ"

"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့..."

လုဖေးအာ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာ၏။

"ဘာလို့လဲဆိုတော့ အဲဒီပုံရိပ်ယောင်က ကျွန်မရဲ့ ငယ်ဘဝက အိမ်အကြောင်းမို့လို့ပဲ။ ဒါပေမဲ့ အဲဒီရင်းနှီးလှတဲ့ အိမ်ထဲမှာ ကျွန်မရဲ့ အမှတ်အသားတွေ အားလုံး ပျောက်ကွယ်နေတယ်။ တံခါးဘောင်ပေါ်မှာ ကျွန်မ အရပ်တိုင်းပြီး ခြစ်ထားတဲ့ အရာတွေ၊ ကျွန်မ ကလေးဘဝက ဆော့ရင်းနဲ့ စားပွဲပေါ်မှာ ဓားနဲ့ လျှောက်ရေးထားတဲ့ ပုံစံတွေ... တစ်ခုမှ မရှိတော့ဘူး။ ပြီးတော့... ပြီးတော့။ကျွန်မရဲ့ ပါးပါးနဲ့ မားမားက ကလေးတစ်ယောက်ကို မွေးစားဖို့အတွက် တိုင်ပင်နေကြတာလေ။ သူတို့မှာ ကလေးတစ်ယောက်မှ မရှိခဲ့တာ နှမြောစရာကောင်းတယ်၊ ဒါကြောင့် ကလေးတစ်ယောက်လောက် မွေးစားပြီး ပြုစုပျိုးထောင်ရင် သူတို့ အိုမင်းလာတဲ့အခါ ပြုစုပေးမယ့်သူ ရှိတာပေါ့လို့ ပြောနေကြတာ"

လုဖေးအာ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသည်။

"ကျွန်မဆိုတဲ့လူက... လုံးဝကို မရှိခဲ့ဖူးသလိုပဲ...။ ပြီးတော့ အဲဒီမြင်ကွင်းက တကယ့်ကို အစစ်အမှန်အတိုင်းပဲ၊ ကျွန်မကိုယ်တိုင် အဲဒီမှာ ရပ်ကြည့်နေရသလိုမျိုးပဲ"

"...နင်က မွေးစားခံထားရတာ မဟုတ်ဘူးလား၊ နင် မွေးစားမခံရခင်က နင့်ပါးပါးနဲ့ မားမားတို့ရဲ့ မြင်ကွင်းကို မြင်ခဲ့တာလား"

ရွှီရှင်းက ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။

"လုံးဝ မဟုတ်ဘူး"

လုဖေးအာ ဒေါသတကြီး ရယ်မောလိုက်၏။

"ရှင်က ဘာလို့ ဒီလောက်တောင် စိတ်ပျက်စရာ ကောင်းရတာလဲ။ကျွန်မက မားမားကိုယ်တိုင် မွေးထားတာပါ၊ ကျွန်မက ပါးပါးနဲ့ မားမားနဲ့လည်း အများကြီး တူတာပဲ။ ပြီးတော့ ပါးပါးနဲ့ မားမားတို့ရဲ့ အသက်အရွယ်ကိုလည်း ကျွန်မ ခွဲခြားနိုင်တာပေါ့။ အဲဒီပုံရိပ်ယောင်ထဲမှာ သူတို့က အသက် ငါးဆယ်ကျော်နေကြပြီလေ။ အဲဒါက သူတို့ရဲ့ လက်ရှိ အသက်အရွယ်ပဲ"

ရွှီရှင်း ဘာမှမပြောဘဲ အတွေးထဲ နစ်မျောသွားတော့၏။

အမှန်တော့ သူ လုဖေးအာ ဆိုလိုသည်ကို သိရှိပြီးသား ဖြစ်သော်လည်း၊ လုဖေးအာ၏ စိတ်အခြေအနေမှာ အနည်းငယ် ပုံမှန်မဟုတ်သဖြင့် လေထုကို ပေါ့ပါးသွားစေရန် သူမ၏ စကားကို ဖြတ်ပြောနေခြင်း ဖြစ်၏။

သို့သော် သူမ ပြောသွားသည့် အချက်မှာ တကယ့်ကို စဉ်းစားစရာပင် ဖြစ်သည်။

သူမသည် သွေးမြူခိုးတွေကြားမှာ သူမ မရှိတော့တဲ့ ကမ္ဘာကြီးတစ်ခုကို မြင်ခဲ့ရ၏။

ထိုကမ္ဘာတွင် သူမသည် သေဆုံးသွားခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း မဟုတ်ဘဲ၊ အစကတည်းက... လုံးဝကို မတည်ရှိခဲ့ဖူးခြင်း ဖြစ်ပေသည်။

ဖြစ်နိုင်တာက သူမ မြင်ခဲ့ရတာဟာ လက်ရှိ ကမ္ဘာမြေပေါ်က အခြေအနေများလား။

ယခု ကမ္ဘာမြေပေါ်တွင်၊ ဤကမ္ဘာသစ်သို့ ကူးပြောင်းလာကြသူများကို မည်သူမျှ မမှတ်မိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။

လူတိုင်းက ဤရှင်ကျန်သူများကို မေ့လျော့သွားကြပြီး၊ သူတို့၏ တည်ရှိမှုများကိုပါ ဖျက်ဆီးပစ်လိုက်ကာ မှတ်ဉာဏ်များနှင့် အမှတ်အသားများအားလုံး ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်သွားခဲ့ခြင်းလား။

ဤခန့်မှန်းချက်မှာ တွေးကြည့်ရုံနှင့်ပင် ကျောစိမ့်ဖွယ်ရာ ကောင်းလှပေသည်။

သို့သော်လည်း ဒါဟာ ယူဆချက်တစ်ခုမျှသာ ဖြစ်၏။

"နင် ငါ့ကို လန့်အောင်လို့ လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်"

ရွှီရှင်းသည် လုဖေးအာကို သံသယဖြင့် ကြည့်ကာ သူမ၏ စကားများကို မယုံကြည်ဟန်ဖြင့် မေးလိုက်၏။

"ငါ့ကို ခြောက်လှန့်ဖို့အတွက် နင် ဖန်တီးပြောနေတာ မဟုတ်ဘူးမလား"

"လူယုတ်မာကြီး"

လုဖေးအာ၏ မျက်နှာမှာ ဒေါသကြောင့် တစ်ဖန် ပြန်လည် နီမြန်းလာပြန်သည်။

"ကျွန်မ ရှင့်နဲ့ စာချုပ်ချုပ်ထားတာလေ၊ ရှင့်ကို လိမ်ပြောလို့ မရပါဘူးဆိုမှ"

စာချုပ်က ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ဘယ်သူသိမှာလဲ။

ရွှီရှင်း နှုတ်ခမ်းမဲ့လိုက်၏။

"...သိပ်ပြီး လျှောက်မတွေးပါနဲ့၊ ဒါက ပုံရိပ်ယောင်တစ်ခုပါပဲ" ဟု ရွှီရှင်းက နိဂုံးချုပ်လိုက်၏။

ဤကိစ္စမှာ ထင်သလောက် မရိုးရှင်းနိုင်ဟု သူ ခံစားရသော်လည်း၊ အကယ်၍ ၎င်းမှာ ကမ္ဘာမြေနှင့် ပတ်သက်နေမည်ဆိုပါက သေသေချာချာ စဉ်းစားရမည့် ကိစ္စဖြစ်ပေသည်။

ယခုအချိန်တွင် ဤအကြောင်းကို ငြင်းခုံနေခြင်းမှာ အချိန်ကုန်ရုံမှလွဲ၍ ဘာမှ ထူးခြားလာမည် မဟုတ်ပါပေ။

"နင်က သွေးမြူတွေကို အများကြီး ရှူလိုက်မိလို့ ကမ္ဘာမြေကို မြင်ရတယ်လို့ ထင်နေတာလား"

ရွှီရှင်း ပုခုံးတွန့်လိုက်၏။

"အဲဒါကြောင့်လည်း ကျွန်မက မှတ်ဉာဏ်လို့ ပြောတာပေါ့"

လုဖေးအာက ပြန်ပက်လိုက်သည်။

သူမအနေဖြင့် ထိုမြင်ကွင်းမှာ ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ အလွန်ပင် လက်တွေ့ကျလှသည်ဟု ခံစားနေရခြင်း ဖြစ်၏။

"ဘယ်သူ့မှတ်ဉာဏ်လဲ၊ နင့်မှတ်ဉာဏ်လား။ ပုံရိပ်ယောင်ထဲမှာ နင်မှ မရှိတာပဲ၊ အဲဒီမှတ်ဉာဏ်က ဘယ်က ရောက်လာမှာလဲ။ နင်က ဟင်းလင်းပြင်ထဲမှာ ရပ်ကြည့်နေခဲ့တာလား"

"ဟို..."

လုဖေးအာ မျက်တောင်တဖျပ်ဖျပ် ခတ်သွားမိသည်။

"အဲဒါကြောင့် ငါပြောတာပေါ့၊ ပုံရိပ်ယောင်ဆိုတာ ပုံရိပ်ယောင်ပါပဲ၊ နင့်ရဲ့ စိတ်ကူးယဉ်မှုတစ်ခုပေါ့။ ဒီလို ထူးဆန်းတဲ့ ကမ္ဘာကြီးမှာ သွေးမြူတွေကို ရှူလိုက်တဲ့အခါ တကယ့်လက်တွေ့နဲ့တူတဲ့ ဂယောင်ဂတမ်းတွေ မြင်ရတာက မဆန်းပါဘူး၊ မဟုတ်ဘူးလား"

ရွှီရှင်းသည် လုဖေးအာကို ဤကိစ္စကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေလိုချေ။

မနက်ဖြန်တွင် သူမ၌ အရေးကြီးသော တာဝန်ရှိနေသဖြင့် စိတ်မတည်မငြိမ် ဖြစ်နေ၍ မရပေ။

"ဒါ... ဒါက ပုံမှန်ပဲလား"

လုဖေးအာ အနည်းငယ် တုန်လှုပ်သွားရှာသည်။

ခုနက သူမ မြင်ခဲ့ရသော မြင်ကွင်းမှာ အလွန်ပင် လက်တွေ့ကျလွန်းလှသဖြင့် သူမအား ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့သလို၊ သူမ၏ တည်ရှိမှုအပေါ်မှာပင် သံသယဝင်စေခဲ့ခြင်း ဖြစ်သည်။

ရွှီရှင်း၏ စကားများက သူမကို အနည်းငယ် စိတ်အေးသွားစေခဲ့၏။

"ကဲ... ပြန်ပြီးတော့ အနားယူလိုက်တော့၊ မနက်ဖြန် ငါတို့ လုပ်စရာတွေ ရှိသေးတယ်"

"ဪ... ကောင်းပါပြီ"

လုဖေးအာသည် သစ်သားအိမ်လေးဘက်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ သူမ၏ သစ်ပင်အိမ်ရှိရာသို့ လျှောက်သွားရင်း တိုးတိုးလေး ရေရွတ်နေတော့သည်။

"ပုံရိပ်ယောင်လား အင်း... ပုံရိပ်ယောင်ပဲ... ဖြစ်မှာပါနော်"

ဘယ်အရာက အစစ်အမှန်လဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ အကောင်းဆုံး ရှင်သန်နေထိုင်ဖို့ကသာ အရေးကြီးဆုံး ဖြစ်နေပေသည်။

အခန်း ၃၁၆ ပြီး။

အခန်း (၃၁၇) - အဆင့်မြင့်သွားသော ကျပန်းစွမ်းရည်မြှင့်တင်မှုနှင့် သံယောဇဉ်တိုးလာခြင်း

သစ်ပင်အိမ်သို့ ပြန်ရောက်သောအခါ ရွှီရှင်းသည် အရင်ဆုံး အနုပညာခန်းသို့ သွားကာ အစိမ်းရောင်အဆင့် ပုံဆောင်ခဲများကို စတင်ထွင်းထုတော့သည်။

ကျိချောင်းယန်က သူ့အား တိုက်ပွဲသိမ်းပစ္စည်း ကိုးခု ပေးအပ်ခဲ့သဖြင့်၊ သူသည်လည်း တန်ဖိုးတူညီသော ပုံဆောင်ခဲပန်းပုရာ ကိုးခုကို ပြန်လည်ပေးရမည်မှာ သဘာဝပင် ဖြစ်ပေသည်။

မကြာမီမှာပင် သူ၏လက်ရာဖြင့် ပုံဆောင်ခဲပုံဆောင်ခဲပန်းပုရာ သုံးခုမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်၏။

ရွှီရှင်း အချိန်ကို တစ်ချက်ကြည့်လိုက်ရာ မိနစ်သုံးဆယ်သာ ကုန်ဆုံးသွားသေးသည်ကို တွေ့ရသည်။

အတော်လေး ကောင်းမွန်လှပေသည်။

ယခုဆိုလျှင် သူသည် အစိမ်းရောင်အဆင့် အနုပညာလက်ရာတစ်ခုကို ဖန်တီးရန် ဆယ်မိနစ်သာ အချိန်ပေးရတော့မည် ဖြစ်သည်။

ရွှီရှင်းသည် ထိုပုံဆောင်ခဲ သုံးခုကို ကျိချောင်းယန်ထံသို့ အရင်ဆုံး လဲလှယ်ပေးပို့လိုက်ပြီးနောက်၊ အိပ်ခန်းသို့ ပြန်သွားကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်တော့၏။

ဤပုံဆောင်ခဲ သုံးခုကို ဖန်တီးလိုက်ခြင်းကပင် သူ၏ စိတ်အင်အားကို စတင်ကုန်ခမ်းစေခဲ့ချေပြီ။

အိပ်ရမယ့်အချိန် ရောက်ပြီပေါ့..။

ကုတင်ပေါ်တွင် လှဲလျောင်းရင်း ရွှီရှင်းသည် မျက်နှာကြက်ကို ငေးကြည့်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်က အတွေ့အကြုံများနှင့် အနာဂတ်အတွက် လျှောက်လှမ်းရမည့် လမ်းစများကို စဉ်းစားနေမိသည်။

မနက်ဖြန်မနက်ကျလျှင် ဤကမ္ဘာကြီးမှာ ရေခဲနှင့် နှင်းများအောက်တွင် ဖုံးလွှမ်းသွားမလားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ကျိချောင်းယန်၏ ခန့်မှန်းချက်အရဆိုလျှင် မနက်ဖြန် မဟုတ်သေးဘဲ သဘက်ခါမှသာ ဖြစ်လာနိုင်ခြေ များလှပေသည်။

အကယ်၍ ရာသီဥတုက ပုံမှန်အတိုင်း ရှိနေဦးမည်ဆိုပါက သူသည် လုဖေးအာကို ခေါ်ဆောင်ကာ မာဟုန်ဝေကို သွားရောက်ဖမ်းဆီးရပေလိမ့်မည်။

မာဟုန်ဝေ၏ စွမ်းရည်သည် သစ်ပင်အိမ်၏ ကာကွယ်ရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်သဖြင့်၊ သူသည် မရှိမဖြစ်လိုအပ်သော အရည်အချင်းရှိသူတစ်ဦး ဖြစ်သည်။

အကယ်၍ သူက အညံ့မခံဘူးဆိုလျှင် တိုက်ရိုက်သတ်ပစ်ရန်သာ ရှိတော့ပေသည်။

ထိုကဲ့သို့သော လူမျိုးမှာ မိမိတို့ဘက်တွင်ရှိလျှင် အင်အားကြီးမားသော အထောက်အပံ့ဖြစ်သော်လည်း ရန်သူ့ဘက်တွင်ရှိလျှင်တော့ တကယ့်ကို ကြီးမားလှသော ပြဿနာတစ်ခု ဖြစ်ပေလိမ့်မည်။

ရွှီရှင်းသည် ဗီဇပြောင်းဆေးလုံး ကို ထုတ်ယူကာ မျက်စိရှေ့၌ မြှောက်ကြည့်လိုက်မိ၏။

ဖြစ်နိုင်လျှင် သူသည် မာဟုန်ဝေကိုလည်း လုဖေးအာကဲ့သို့ ဗီဇပြောင်းသတ္တဝါအဖြစ် ပြောင်းလဲလိုက်ပြီးမှ စာချုပ်ချုပ်ဆိုလိုက်ပါက၊ ပိုမို စိတ်ချရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် သူက မာဟုန်ဝေ၏ ညီကို သတ်ခဲ့သည် မဟုတ်ပါလား။

နာမည်ကို ကြည့်ခြင်းအားဖြင့် ထိုမာဟုန်ယွီသည် သူ၏ ညီအရင်း ဖြစ်နိုင်ချေ များလှပေသည်။

သူတို့ ညီအစ်ကို ဆက်ဆံရေးကို သူ သေသေချာချာ မသိသော်လည်း၊ မာဟုန်ဝေသည် မာဟုန်ယွီအတွက် ကုန်ကြမ်းများစွာ ထောက်ပံ့ပေးခဲ့သလို မိမိ၏ စွမ်းရည်ကို ထုတ်ဖော်ပြသပြီးအထိ ကူညီပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူသည် ဤညီငယ်လေးကို အလွန်တန်ဖိုးထားကြောင်း သိသာလှပေသည်။

သို့သော်လည်း ရွှီရှင်းအနေဖြင့် ဤဗီဇပြောင်းဆေးလုံးကို အခြားသူအား မပေးချင်သေးပေ။

ဒါဟာ လုဖေးအာကို သေရာမှ ပြန်ရှင်စေခဲ့တဲ့ အသက်ကယ် အံ့ဖွယ်ဆေးလုံးဖြစ်သလို ၎င်းကို မည်သို့ ထပ်မံရရှိနိုင်မည်ကိုလည်း မသိသေးသဖြင့် ဤဆေးလုံးကို မိမိအတွက်သာ ချန်ထားသင့်ပေသည်။

ဒါ့အပြင် သူသည် ချန်ရင်တို့ မိသားစုနှင့် နောက်တစ်ကြိမ် ထပ်မံဆုံတွေ့သည့်အခါ ဤဆေးလုံး၏ ပါဝင်ပစ္စည်းများကို စစ်ဆေးခိုင်းပြီး၊ ပြန်လည်ဖော်စပ်နိုင်ခြင်း ရှိမရှိကိုလည်း သိချင်နေသေးသည် မဟုတ်ပါလား။

ကဲ... လာမယ့်ဘေး ပြေးကြည့်တာပေါ့။

အခြေအနေတစ်ခု ရောက်လာတဲ့အခါမှပဲ ဘာလုပ်မလဲဆိုတာ ဆက်ပြီး စဉ်းစားတော့မယ်။

သူ မာဟုန်ယွီကို သတ်လိုက်တဲ့အကြောင်းသာ သူတို့ဘက်က မပြောလျှင် မည်သူမျှ သိရှိနိုင်မည် မဟုတ်ပါပေ။

"အင်း..."

ခဲခဲလေးသည် ဗိုက်ကလေး အပေါ်လှန်ကာ တစ်ဖက်သို့ လှည့်လိုက်ပြန်ရာ၊ သူမ၏ အမြီးကြီးမှာ ရွှီရှင်း၏ မျက်နှာပေါ်သို့ ကျရောက်လာတော့သည်။

"ဒီကောင်မလေးကတော့"

ရွှီရှင်း သူမ၏ အမြီးကို ဘေးသို့ ဖယ်လိုက်ပြီး ခေါင်းလုံးလုံးလေးကို ပုတ်ပေးလိုက်ကာ မျက်လုံးများကို မှိတ်လျက် အိပ်စက်ခြင်းထဲသို့ နစ်မျောသွားခဲ့တော့သည်။

...

မနက်ခင်းတွင် နေရောင်ခြည်မှာ ပြတင်းပေါက်မှတစ်ဆင့် ကုတင်ပေါ်သို့ ဖြာကျလာခဲ့ရာ ရွှီရှင်းလည်း မျက်လုံးပွင့်လာခဲ့၏။

ခဲခဲလေးသည် သူ၏ဘေးတွင် လှဲလျောင်းလျက် မျက်လုံးလေးများ ပြူးကာ သူ့ကို ကြည့်နေ၏။

"...နင်ကတော့ စောစောစီးစီး နိုးနေတာပဲလား"

ရွှီရှင်း ခဲခဲလေး၏ မေးစေ့ကလေးကို ကုတ်ပေးလိုက်သည်။

"အီး" ခဲခဲလေးက သာယာစွာ ပြန်ထူးရှာသည်။

သူ ကုတင်ပေါ်သို့ ထထိုင်လိုက်စဉ်မှာပင် နားထဲ၌ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

[သစ်ပင်အိမ်၏ အလှဆင်မှုအဆင့် ၅၀၀ ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယနေ့အတွက် ကျပန်းစွမ်းရည်မြှင့်တင်မှု - "သံယောဇဉ်တိုးပွားခြင်း" ကို ရရှိပါသည်။ တစ်ရက်တာ အကျိုးသက်ရောက်မှု ရှိပါမည်။ ထို့အပြင် ယခင်ရရှိခဲ့ဖူးသော စွမ်းရည်များထဲမှ ဒုတိယမြောက် စွမ်းရည်တစ်ခုကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်]

"..."

ရွှီရှင်း ချက်ချင်းပင် နိုးကြားသွားခဲ့၏။

သူ၏ ကျပန်းမြှင့်တင်မှု စွမ်းရည်မှာ ပိုမို အစွမ်းထက်လာခဲ့ချေပြီ။

အကြောင်းမှာ သူ၏ အလှဆင်မှုအဆင့်သည် ၅၀၀ ကျော်သွားသောကြောင့် ဖြစ်၏။

သစ်ပင်အိမ် အလှဆင်မှုအဆင့် ၁၀၀ ကျော်လျှင် ကျပန်းစွမ်းရည် တစ်ခု ရရှိနိုင်ပေသည်။

ယခုတစ်ကြိမ်တွင်မူ အဆင့် ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း အချက်ပြလာခဲ့ပြီး၊ ကျပန်းစွမ်းရည် တစ်ခု ရရှိရုံသာမက ယခင်က ရခဲ့ဖူးသမျှထဲမှ တစ်ခုကိုပါ စိတ်ကြိုက် ထပ်မံ ရွေးချယ်နိုင်မည် ဖြစ်သည်။

ယနေ့အတွက် ကျပန်းစွမ်းရည်မှာ သံယောဇဉ်တိုးပွားခြင်း ဟု ခေါ်ပေသည်။

နာမည်ကို ကြည့်ခြင်းအားဖြင့် အခြားသူများနှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာစေပြီး အကောင်းမြင်စိတ်များ ဖြစ်ပေါ်စေမည့် သဘောပင်။

"အီး"

ရွှီရှင်း ဤစွမ်းရည်ကို ရရှိလိုက်သည်နှင့် ခဲခဲလေးက သူမ၏ ခေါင်းလေးကို စောင်းကာ ကြည့်လာခဲ့၏။

ရွှီရှင်းလည်း ခဲခဲလေးကို ပြန်လည် စိုက်ကြည့်လိုက်မိသည်။

"အီး... အီး"

ခဲခဲလေးသည် သူ့ကို နှစ်စက္ကန့်ခန့် စိုက်ကြည့်နေပြီးနောက်၊ ရုတ်တရက် သူ၏ ခြေထောက်ပေါ်သို့ ခုန်တက်ကာ ရင်ခွင်ထဲသို့ တိုးဝင်လာတော့သည်။

သူမ၏ အမြီးကြီးမှာလည်း တဖျပ်ဖျပ် ယမ်းနေပေ၏။

ကြည့်ရတာ ဒီ သံယောဇဉ်တိုးပွားခြင်း ဆိုတာက လူတွေအပေါ်တင်မကဘဲ သားရဲတွေအပေါ်မှာလည်း အလုပ်လုပ်ပုံရပေသည်။

မမျှော်လင့်ဘဲ ဤကောင်မလေးအပေါ်မှာတောင် သက်ရောက်မှု ရှိနေပါလား။

ရွှီရှင်း ခဲခဲလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း အပြင်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

အပြင်ဘက်မှာတော့ ခြောက်ကပ်နေသော မြင်ကွင်း၊ အရွက်ကင်းစင်နေသော တောအုပ်နှင့် သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသော မြေပြင်မှာ အရင်အတိုင်းပင်။

"ဟူး... တော်သေးတာပေါ့"

ရွှီရှင်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။

ကြည့်ရတာ ပြင်းထန်တဲ့ အအေးဒဏ်က မနက်ဖြန်မှ ရောက်လာမည့်ပုံပင်။

သူသည် သူ၏နာရီကို ပွတ်လိုက်ပြီး အလှဆင်မှုအဆင့် ထဲက ကျပန်းစွမ်းရည်မြှင့်တင်မှု ကို နှိပ်ကာ ယခင်က ရရှိခဲ့ဖူးသော စာရင်းများကို စစ်ဆေးကြည့်လိုက်၏။

ယခင်က ရရှိခဲ့ဖူးသော စွမ်းရည်များမှာ -

အမြင်အာရုံ မြှင့်တင်မှု၊ အကြားအာရုံ မြှင့်တင်မှု၊ ခွန်အား မြှင့်တင်မှု တို့ ဖြစ်ကြ၏။

ယခုအခါ သူသည် ဤသုံးမျိုးထဲမှ တစ်ခုကို ယနေ့အတွက် ဒုတိယမြောက် စွမ်းရည်အဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်ပြီ ဖြစ်သည်။

ဤစွမ်းရည်မှာ တကယ့်ကို အစွမ်းထက်လှပေ၏။

ဤစွမ်းရည် သုံးမျိုးစလုံးမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် ရွှီရှင်း ရွေးချယ်ရ ခက်နေမိသည်။

သေသေချာချာ စဉ်းစားပြီးနောက်၊ နောက်ဆုံးတွင် သူသည် အကြားအာရုံ မြှင့်တင်မှုကိုသာ ရွေးချယ်လိုက်တော့သည်။

ဤစွမ်းရည်သည် ပြီးခဲ့သည့်အကြိမ်က သူ့ကို များစွာ ကူညီပေးခဲ့သည် မဟုတ်ပါလား။

ဤစွမ်းရည်ရှိနေပါက ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှု မှန်သမျှသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည် ဖြစ်သည်။

လုဖေးအာကို အနိုင်ရခဲ့ခြင်းမှာလည်း ဤစွမ်းရည်ကြောင့်ပင်။

ခွန်အားမြှင့်တင်မှုကိုမူ မနေ့ကမှ သူ ခံစားခဲ့ရပြီးဖြစ်သလို၊ အလွန်ပင် အားကောင်းလှသော်လည်း အရည်အသွေးပိုင်းအရ ထူးခြားသော မြှင့်တင်မှုမျိုးတော့ မဟုတ်လှပေ။

အမြင်အာရုံမြှင့်တင်မှုမှာတော့ အဝေးကို လှမ်းမြင်နိုင်ခြင်းဖြစ်ပြီး အစပိုင်းတွင် ပတ်ဝန်းကျင်က သစ်ပင်အိမ်များကို ရှာဖွေရန် ၎င်းကို အားကိုးခဲ့ရသော်လည်း၊ ယခုအခါတွင်မူ သစ်ပင်အိမ်များမှာ ခြောက်သွေ့ခြင်း မရှိသဖြင့် ပတ်ဝန်းကျင်နှင့် အရောင်အဆင်း သိသိသာသာ ကွဲပြားနေရာ သာမန်မျက်စိဖြင့်ပင် အလွယ်တကူ ရှာဖွေနိုင်နေပြီ ဖြစ်ပေသည်။

---

အခန်း ၃၁၇ ပြီး။

အခန်း (၃၁၈) - အဆင့်မြင့်သွားသော ကျပန်းစွမ်းရည်မြှင့်တင်မှုနှင့် သံယောဇဉ်တိုးလာခြင်း ၂

ထို့ကြောင့် အကြားအာရုံမြှင့်တင်မှုက ပိုမိုလက်တွေ့ကျပေလိမ့်မည်။

ဤမြှင့်တင်မှုနှင့်ဆိုလျှင် အနည်းဆုံးတော့ သူ၏ပတ်ဝန်းကျင် မီတာဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိသမျှအရာအားလုံးကို သူ စိတ်ကြိုက်ထိန်းချုပ်ထားနိုင်မည် မဟုတ်ပါလား။

[အကြားအာရုံမြှင့်တင်မှုကို ရွေးချယ်လိုက်ပါပြီ။ အာနိသင်မှာ တစ်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ယနေ့အတွက် ကျပန်းစွမ်းရည်မြှင့်တင်မှုနှင့်အတူ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။]

ခဏချင်းမှာပင် အမျိုးမျိုးသော အသံဗလံများ သူ၏ နားစည်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။

သူသည် ရေဒါတစ်ခုအလား ဖြစ်သွားခဲ့ချေပြီ။

ပတ်ဝန်းကျင်က သစ်ရွက်လှုပ်သံမှအစ ရိပ်ခနဲဖြစ်သွားသော အရိပ်တစ်ခုအထိ အားလုံးမှာ သူ၏စိတ်ထဲတွင် ပုံရိပ်အဖြစ် ပြတ်သားစွာ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်အခြေအနေကို အလုံးစုံ မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရ၏။

ရွှီရှင်း၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွတ်သွားခဲ့သည်။

ဤစွမ်းရည်က တကယ့်ကို လုံခြုံမှုအပြည့် ပေးနိုင်စွမ်းရှိပေသည်။

အသံတွေက နည်းနည်းတော့ ဆူညံသော်လည်း ယခုအခါ ဆောင်းဦးနှောင်းပိုင်းဖြစ်၍ အပူချိန်နိမ့်နေသဖြင့် ပိုးကောင်သံနှင့် ငှက်သံများ သိပ်မရှိတော့ရာ ပြီးခဲ့သည့်အကြိမ်ကထက်စာလျှင် ပို၍ပင် နေလို့ကောင်းလှပေသည်။

ဧည့်ခန်းထဲတွင် ဝပ်နေသော မီမီ၏ အသက်ရှူသံတိုးတိုး၊ အပြင်ဘက်က လေတိုးသံများ... ပြီးတော့ လုဖေးအာ၏ အသံကိုပါ သူ ကြားနေရပြီ ဖြစ်သည်။

"နင်တို့တွေ နယ်မြေ ၁၈၈ ဘက်ကို ပြဿနာသွားရှာတာမျိုး ထပ်မလုပ်ကြနဲ့တော့နော်၊ ဟုတ်ပြီလား"

ဪ...

သူမ၏ အဖွဲ့ငယ်လေးထဲက လူတွေကို ဆက်သွယ်နေတာပင်

မနေ့ညက ပြန်ရောက်ပြီးနောက် ရွှီရှင်းသည် နယ်မြေ ၁၈၇ ထဲက သစ်ပင်အိမ်တွင် သူမ၏နာရီကို ပြန်မသိမ်းခဲ့သဖြင့် သူမသည် နယ်မြေ ၁၈၇ က လူများနှင့် ဆက်လက်ဆက်သွယ်နိုင်နေဆဲ ဖြစ်၏

"အဲဒါ ကောင်းတယ်။ ငါ ပြောထားပြီးသားပဲ၊ နယ်မြေ ၁၈၈ က လူတွေကို သွားပြီး မဆွကြနဲ့။ အဲဒီမှာ တကယ့်ကို အစွမ်းထက်တဲ့လူတွေ ရှိနေတာ၊ နင်တို့တွေ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"နယ်မြေ ၁၈၆ လား။အဲဒီမှာတော့ နင်တို့ ကြိုက်သလိုသာ လုပ်ကြတော့"

"လောလောဆယ်တော့ သစ်ပင်အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး နေကြဦး။ ရာသီဥတုက တအားအေးနေတော့ အပြင်ထွက်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ နင်တို့ ဆန္ဒရှိမယ်ဆိုရင်တော့ ငါ နင်တို့ကို ရှာတွေ့တဲ့အခါ ငါ့ဆီကို ခေါ်လာခဲ့ပေးမယ်"

"ဒါပေါ့... ကပ်ပါးသစ်ပင်အိမ် နည်းလမ်းကို သုံးပြီးတော့ပေါ့။ နင်တို့တွေ ငါ့ဆီမှာ လာပြီး ကပ်ပါးနေလို့ ရတယ်၊ အတူတူ အနွေးဓာတ်ယူကြတာပေါ့"

"ဘာ... ငါ့ကို နင်တို့ဆီမှာ လာပြီး ကပ်ပါးနေပါလား ဟုတ်လား"

"ကဲ... အဲဒါကိုတော့ နောက်မှပဲ ဆက်ပြောကြတာပေါ့။ ငါ ဒီနေ့ တခြားလုပ်စရာတွေ ရှိသေးတယ်၊ နောက်မှ ပြန်ပြောမယ်"

"ဒါနဲ့... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ငါနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်က နင်တို့ကို သီးသန့် လာဆက်သွယ်တာမျိုး ရှိလား"

"ဘာမှမဟုတ်ပါဘူး၊ ဘယ်သူမှ မဆက်သွယ်ဘူးဆိုရင်တော့ အေးတာပေါ့"

ရွှီရှင်း ခေါင်းကို ညင်သာစွာ ညိတ်လိုက်မိ၏

သူမသည် သူမ၏လူတွေကို နယ်မြေ ၁၈၈ က လူတွေကို ရန်မမူဖို့ သတိပေးနေသလို၊ သူတို့ကိုပါ ဆွဲဆောင်ဖို့ ကြိုးစားနေခြင်းပင်။

ဒါ့အပြင် မာဟုန်ဝေက ကူဟုန်ဟောင်ကို ဆက်သွယ်ခြင်း ရှိမရှိကိုလည်း စမ်းတဝါးဝါး မေးမြန်းနေသေးသည်။

ကြည့်ရသည်မှာ ဘာပြဿနာမှ ရှိပုံမရပေ။

မနေ့ညက ရွှီရှင်းသည် သူမအား မာဟုန်ဝေကို အရင်ဆုံး ဆက်သွယ်ပြီး ဒီနေ့ကိစ္စတွေကို အတည်ပြုခိုင်းထားသော်လည်း သူမ လုပ်ပြီးပြီလားဆိုသည်ကိုတော့ သူ သေချာမသိသေးပေ။

သို့သော်လည်း သူ၏ အကြားအာရုံမြှင့်တင်မှုက လုဖေးအာ၏ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူနိုင်နေပြီ ဖြစ်သည်။

လုဖေးအာ၏ ကပ်ပါးသစ်ပင်အိမ်သည် သူနှင့် မီတာ ၁၀၀ နီးပါး ဝေးကွာနေသလို၊ နံရံများနှင့် ပြတင်းပေါက်များခြားနေသော်လည်း အသံများမှာ အလွန်ပင် ပြတ်သားနေပေ၏။

ဤစွမ်းရည်က တကယ့်ကို အစွမ်းထက်လှ၏။

ထိုစဉ် တည်နေရာကူးပြောင်းစက်ရှိရာ အရပ်မှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသဖြင့် ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါဟာ... နေရာကူးပြောင်းရေး တံခါး ပွင့်လာတဲ့ အသံလား။

ဤအသံ၏ စူးရှမှုမှာ ကျောက်သင်ပုန်းပေါ်တွင် လက်သည်းဖြင့် ခြစ်လိုက်သည့်အသံနှင့်ပင် နှိုင်းယှဉ်၍ ရပေသည်။

မနေ့ညက လုဖေးအာ တစ်ချိန်လုံး ဘာကြောင့် ညည်းညူနေခဲ့သလဲဆိုသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။

တကယ့်ကို နားမခံသာသော အသံပင်။

သို့သော်လည်း နေရာကူးပြောင်းရေး တံခါး၏ အဝင်ဝတွင်မူ ထိုကဲ့သို့သော အသံမျိုး မရှိခဲ့ပေ။

ကြည့်ရသည်မှာ ဤအသံသည် ထွက်ပေါက်အနီးရှိ လူများကို တစ်စုံတစ်ယောက် ရောက်လာတော့မည်ဖြစ်ကြောင်း သတိပေးရန်အတွက်သာ ဖြစ်ပုံရသည်။

အတော်လေးတော့ အဆင်ပြေလှ၏။

ဒါပေမဲ့ ဒီအချိန်ကြီး ဘယ်သူ ရောက်လာတာလဲ...။

"အား" အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

ဒါဟာ လီဝမ်ရှီးရဲ့ အသံပဲ။

ရွှီရှင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ လီဝမ်ရှီးသည် မြေပြင်ပေါ်တွင် ထိုင်လျက်၊ လက်တစ်ဖက်ဖြင့် ခေါင်းကို နှိပ်ကာ အခြားတစ်ဖက်ဖြင့် တင်ပါးကို ပွတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ သူမသည် နေရာကူးပြောင်းပြီးပြီးချင်း မူးဝေပြီး ပြုတ်ကျသွားပုံရပေသည်။

ဒီမနက်အစောကြီး ဘာလာလုပ်တာလဲ။

ရွှီရှင်းသည် သစ်ပင်အိမ်ပေါ်မှ ချက်ချင်း ဆင်းလာခဲ့သလို၊ တစ်ချိန်တည်းမှာပင် လုဖေးအာသည်လည်း သူမ၏ ကပ်ပါးသစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့ချေပြီ။

ရွှီရှင်း ဆင်းလာသည်ကို မြင်သောအခါ သူမသည် မျက်ခုံးပင့်လိုက်ပြီး၊ အရှိန်ကို လျှော့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

"အတော်လေးကို တက်ကြွနေတာပဲ။ မနေ့ကတော့ နေရာကူးပြောင်းစက် ထွက်ပေါက်ကို စောင့်ကြည့်ခိုင်းပြီးတော့၊ အခုကျတော့ ကျွန်မအတွက် ဘာမှ လုပ်စရာ မကျန်တော့ဘူးပေါ့"

ရွှီရှင်း : "..."

"ဘာလို့ ဒီလောက်အစောကြီး ရောက်လာတာလဲ"

ရွှီရှင်း အနားသို့ လျှောက်သွားလိုက်၏။

လီဝမ်ရှီးသည် သူမဘာသာ ထရပ်နေသော်လည်း အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေသဖြင့် ရွှီရှင်းက သူမအား အမြန် ဖေးမပေးလိုက်၏။

"ဟိုလေ... ရှင့်ကို လာနှိုးတာလေ"

လီဝမ်ရှီးက သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။

သူမသည် အနည်းငယ် မူးနေဆဲပုံရသော်လည်း မနေ့က မတ်တတ်ပင် မရပ်နိုင်သည့် အခြေအနေထက်စာလျှင် အများကြီး ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။

သူမသည် ရွှီရှင်းကို မော့ကြည့်ကာ ပြုံးလျက် "ဒါနဲ့... တကယ်တော့ ရှင့်ပြောသလိုပဲ နေရာကူးပြောင်းတာကို အသားကျအောင် လာလုပ်တာပါ။ အကြိမ်ကြိမ် ကူးပြောင်းပြီးသွားရင်တော့ အဆင်ပြေသွား..."

လီဝမ်ရှီး၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး၊ သူမသည် ရွှီရှင်း၏ မျက်နှာကို ကြည့်ကာ မျက်လုံးများ ပြူးသွားတော့သည်။

"ဘာဖြစ်လို့လဲ"

ရွှီရှင်း သူမ၏ ထူးဆန်းသော အကြည့်ကြောင့် ဇဝေဇဝါဖြစ်ကာ သူ၏ မျက်နှာကို စမ်းကြည့်လိုက်မိ၏။

"ဒီနေ့ ရှင်က ဘာလို့ ဒီလောက်တောင် ထူးခြားနေရတာလဲ"

လီဝမ်ရှီး မျက်လုံးများ ပြူးလျက် သူ၏ မျက်နှာကို အနီးကပ် စိုက်ကြည့်နေမိသည်။

"ဒါက ဘယ်လိုပြောရမလဲ... ခံစားချက်က... ခံစားချက်က..."

ဪ...။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ရွှီရှင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဘာကြောင့်လဲဆိုသည်ကို သူ သိလိုက်ချေပြီ။

သူ၏ သံယောဇဉ်တိုးပွားခြင်း စွမ်းရည်က အလုပ်လုပ်နေခြင်းပင်။

"ဟေး... ဒီနေ့ ရှင်က ဘာလို့ ရုတ်တရက် ဒီလောက်တောင် ချောလာရတာလဲ"

လုဖေးအာသည်လည်း အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူမသည် အနားသို့ တိုးကပ်လာလေလေ၊ တစ်ခုခု ထူးခြားနေသည်ကို ခံစားရလေလေပင်။

ရွှီရှင်းထံမှ ဆွဲဆောင်မှု တစ်မျိုးကို ခံစားနေရပြီး သူ၏အနားတွင် နေချင်စိတ် ပေါက်နေမိတော့သည်။

ဒါဟာ ချစ်ခြင်းမေတ္တာကြောင့်တော့ မဟုတ်ပါပေ။

ဒါက သူ့အနားမှာ ရှိနေရတာ တကယ့်ကို သက်သောင့်သက်သာရှိလှတဲ့ ခံစားချက်မျိုးပင်။

"ဟုတ်တယ်"

လုဖေးအာ၏ စကားကို လီဝမ်ရှီးက အားတက်သရော ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ကျွန်မလည်း အဲဒီလိုပဲ ခံစားရတယ်။ ရှင့်ရဲ့ အရှိန်အဝါ က မနေ့ကနဲ့ လုံးဝကို ကွဲပြားနေတာပဲ"

သူမသည် ရွှီရှင်း၏ မျက်နှာကို မသိစိတ်မှ လှမ်းကိုင်မိတော့မလို ဖြစ်သွားပြီးမှ၊ မသင့်တော်ကြောင်း သတိရကာ လက်ကို အမြန် ပြန်ရုတ်လိုက်ရှာသည်။

"တကယ်လား။ မနေ့က ငါ့ရဲ့ အရှိန်အဝါက ဆိုးနေလို့လား"

ရွှီရှင်းက ပြုံးလျက် မေးလိုက်၏။

"ဪ... မဟုတ်ပါဘူး၊ အားလုံးက ကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ကျတော့ ရှင့်ကို မြင်ရတာက လူတွေကို... လူတွေကို... တစ်ခုခု... လုပ်ချင်စိတ် ပေါက်အောင်..."

လီဝမ်ရှီး၏ ပါးပြင်လေးများ နီမြန်းသွားခဲ့ရသည်။

ထို့နောက် သူမသည် ခါးကို ထောက်ကာ "ဒါနဲ့ ဘာတွေ ဖြစ်နေတာလဲ။ ရှင်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ" ဟု မေးလိုက်တော့သည်။

ထို့နောက် သူမသည် သတိကြီးစွာဖြင့် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး "ရှင် တစ်ခုခုများ ပူးကပ်နေတာ မဟုတ်ဘူးမလား" ဟု ဆိုလိုက်၏။

ကြည့်ရသည်မှာ ဤ သံယောဇဉ်တိုးပွားခြင်း အာနိသင်က ပြင်းထန်လွန်းလှပေသည်။

သူ့ကို ရင်းနှီးသောသူများမှာ သူ၏ အပြောင်းအလဲကို သိသိသာသာ ခံစားရသဖြင့်၊ တစ်ဖက်တွင်မူ သတိထားစရာ ဖြစ်သွားစေတော့သည်။

ဒါဟာ ဤစွမ်းရည်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

"နင်တို့ရဲ့ စိတ်ကူးကလည်း တကယ့်ကို ဆန်းကြယ်လွန်းတာပဲ..."

ရွှီရှင်းသည် ဘာမှတတ်နိုင်ဘဲ ခေါင်းခါယမ်းလိုက်မိ၏။

"ဟီးဟီး... နောက်တာပါ၊ ဒါနဲ့ တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ"

လီဝမ်ရှီး စပ်စုလိုစိတ် ပြင်းပြနေဆဲပင်။

ရွှီရှင်းက ပြန်မဖြေဘဲ "နင် မနက်စာ စားပြီးပြီလား" ဟု ပြန်မေးလိုက်သည်။

"မစားရသေးဘူး၊ ရှင့်ကို ရှာဖို့ တန်းလာခဲ့တာလေ"

လီဝမ်ရှီးက အလိုလိုနေရင်း ပြန်ဖြေလိုက်၏။

ထို့နောက်မှ သူမ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားသည်။

ယခုအခါ ရွှီရှင်း၏ စကားများသည် မှော်စွမ်းအား တစ်မျိုး ပါဝင်နေသကဲ့သို့ ဖြစ်နေပြီး၊ သူမအား အလိုအလျောက် ပြန်လည် ဖြေကြားစေချင်စိတ် ပေါက်အောင် လုပ်ဆောင်နေခြင်းပင်။

"ကျွန်မလည်း မစားရသေးဘူး"

လုဖေးအာက လက်မြှောက်ပြလိုက်သည်။

"အတူတူ စားကြရအောင်"

"ကောင်းသားပဲ၊ အတူတူ စားကြတာပေါ့"

လီဝမ်ရှီး ခေါင်းညိတ်လိုက်၏။

မနေ့ညက အဖြစ်အပျက်များနောက်တွင် ဤအမျိုးသမီး နှစ်ဦးကြားက အကွာအဝေးမှာ ပိုမို နီးကပ်သွားခဲ့ပုံရပေသည်။

"နင်တို့တွေကတော့ ငါ့အိမ်မှာ လာပြီး ထမင်းအချောင်နှိုက်ဖို့ပဲ ကြံနေကြတာပေါ့"

ရွှီရှင်း ခေါင်းခါယမ်းလိုက်ရင်း "ကဲ... သွားကြစို့၊ ငါ့အိမ်ပေါ်ကို အကုန် တက်ခဲ့ကြ။ ဒီနေ့ မာဟုန်ယွီကို ဘယ်လို ဖမ်းမလဲဆိုတဲ့ အစီအစဉ်ကိုပါ တစ်ခါတည်း ဆွေးနွေးကြတာပေါ့" ဟု ဆိုလိုက်လေတော့၏။

အခန်း ၃၁၈ ပြီး။

All Chapters