အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
အပိုင်း (၃၁၉) - အပြန်အလှန်အကျိုးပြုသည့် ညောင်ပင်နှင့် ကျယ်ပြန့်လာသော သစ်ပင်အိမ်
"ဟင် ရှင် နောက်ထပ် သစ်ပင်အိမ်တစ်လုံး ထပ်စိုက်လိုက်တာလား။ ဘာလို့ ပင်မသစ်ပင်အိမ်နဲ့ ကပ်ရပ်ကြီး စိုက်ထားရတာလဲ"
ပင်မသစ်ပင်အိမ်ဘေးတွင် ရွှီရှင်းစိုက်ထားသော ညောင်ပင်ကို မြင်သောအခါ လီဝမ်ရှီးက အံ့အားသင့်စွာ မေးလိုက်၏။
ထို့နောက် သူမ တစ်စုံတစ်ရာကို သတိထားမိသွားပုံဖြင့် "ဟင် နေပါဦး... ဒီကပ်ပါးသစ်ပင်အိမ်က ကြည့်ရတာ တော်တော်လေး မြင့်နေသလိုပဲနော်"
"ဪ... ဒါလား။ ဒါက သစ်ပင်အိမ် မဟုတ်ပါဘူး၊ ညောင်ပင်တစ်ပင်ပါပဲ"
ရွှီရှင်းက အပင်ဖျားရှိရာဘက်သို့ ညွှန်ပြလိုက်ရင်း "ဒါက မြေအောက်ဂူထဲမှာ ငါတွေ့ခဲ့တဲ့အပင်လေ..."
သူ စကားပြောနေရင်းတန်းလန်းမှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဤညောင်ပင်မှာ တကယ်ပင် ထူးဆန်းနေပေသည်။
အကြောင်းမှာ ၎င်းသည် သူ၏သစ်ပင်အိမ်နှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် တစ်သားတည်း ဖြစ်နေသည့်အလား ထင်မှတ်ရပြီး၊ သူကိုယ်တိုင်ပင် သေသေချာချာ သတိမထားမိခဲ့ခြင်း ဖြစ်၏။
မနေ့က သူသည် ဤညောင်ပင်ကို သစ်ပင်အိမ်၏ အနောက်ဘက်တွင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ညောင်ပင်၏ အပင်ဖျားသည် သစ်ပင်အိမ်၏ အနောက်ဘက်ခြမ်း အပင်ဖျားနှင့် တစ်ဆက်တည်း ပေါင်းစည်းသွားခဲ့ချေပြီ။
သစ်ပင်နှစ်ပင်၏ အပင်ဖျားများသည် မည်သည့်ဟာကွက် မည်သည့်အဆက်အစပ်မျှ မရှိဘဲ အလွန်ပင် သဘာဝကျစွာ ချိတ်ဆက်နေကြခြင်းပင်။
အောက်ခြေတွင် သီးခြားစီရပ်တည်နေသော သစ်ပင်ပင်စည်နှစ်ခုသာ မရှိပါက၊ ၎င်းကို အပင်တစ်ပင်တည်းဟုပင် ထင်မှတ်မှားစရာ ရှိပေသည်။
သို့သော် ပြဿနာမှာ ရွှီရှင်း၏ ပင်မသစ်ပင်အိမ်မှာ ခရမ်းရောင်အဆင့်ဖြစ်သဖြင့် အပြာရောင်အဆင့် သစ်ပင်အိမ်များထက် ပိုမိုမြင့်မားသော်လည်း၊ ဤညောင်ပင်၏ အပင်ဖျားမှာမူ သူ၏ပင်မသစ်ပင်အိမ်နှင့် အံကိုက်ဖြစ်အောင် ဖန်တီးထားသည့်အလား ရှိနေခြင်း ဖြစ်သည်။
အပင်ဖျား၏ အောက်ခြေအမြင့်မှာ ပင်မသစ်ပင်အိမ်နှင့် တစ်ညီတည်းဖြစ်နေပြီး အောက်မှကြည့်လျှင် တစ်ဆက်တည်းသော အမိုးကြီးတစ်ခုအလား မြင်တွေ့ရပေသည်။
မည်သို့ပင်ဆိုစေကာမူ ညောင်ပင်အသစ်၏ အပင်ဖျားမှာ လေးထပ် မဟုတ်ဘဲ သာမန် နှစ်ထပ်သစ်ပင်အိမ်၏ အထူမျိုးသာ ရှိပေသည်။
ထို့ကြောင့်ပင် ပင်မသစ်ပင်အိမ်၏ အပင်ဖျားမှာ ညောင်ပင်၏ အပင်ဖျားထက် နှစ်ဆခန့် ပိုမိုမြင့်မားနေကာ၊ ချိတ်ဆက်ထားသော အပင်ဖျားများမှာ လှေကားထစ်တစ်ခုအလား တစ်ဖက်က မြင့်ပြီး တစ်ဖက်က နိမ့်နေလေ၏။
အမြင့်ပိုင်းမှာ ပင်မသစ်ပင်အိမ်ဖြစ်ပြီး၊ အနိမ့်ပိုင်းမှာတော့ ညောင်ပင်မှတစ်ဆင့် ချိတ်ဆက်ထားသော အပိုင်းဖြစ်၏။
ကြည့်ရသည်မှာ မူလသစ်ပင်အိမ်ကြီးဘေးတွင် နှစ်ထပ်သစ်ပင်အိမ်လေးတစ်ခု ကပ်လျက် ရှိနေသကဲ့သို့ပင်။
သို့သော် ညောင်ပင်၏ အပင်ဖျားသည် သစ်ပင်အိမ်နှင့် အမှန်တကယ် ချိတ်ဆက်သွားပြီဖြစ်ကြောင်း ငြင်း၍ မရပါပေ။
ပင်မသစ်ပင်အိမ် အနောက်ဘက်ခြမ်းရှိ ပထမထပ်နှင့် ဒုတိယထပ် ပြတင်းပေါက်များမှာ အပင်ဖျားအသစ်ကြောင့် လုံးဝ ဖုံးကွယ်သွားခဲ့ပြီ ဖြစ်သည်။
တတိယထပ်မှာမူ ပုံမှန်အတိုင်း ရှိနေဆဲဖြစ်သဖြင့်၊ စောစောက သူနိုးလာစဉ်တွင် ထူးခြားမှုကို သတိမပြုမိခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤအခြေအနေတစ်ခုတည်းနှင့်ပင် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ချေပြီ။
ဤညောင်ပင်သည် သစ်ပင်အိမ်၏ အတွင်းပိုင်းဟင်းလင်းပြင်ကို တကယ်ပင် ချဲ့ထွင်ပေးနိုင်သည် မဟုတ်ပါလား။
"ခဏလေး"
ရွှီရှင်းက အမျိုးသမီးနှစ်ဦးအား ခေတ္တစောင့်ရန် ပြောလိုက်ပြီးနောက် ရှေ့သို့တိုးကာ ညောင်ပင်၏ပင်စည်ကို လှမ်းထိလိုက်သည်။
[အပြန်အလှန်အကျိုးပြုညောင်ပင် (အပြာရောင်အဆင့်): သစ်ပင်အိမ်၏ အတွင်းပိုင်းဟင်းလင်းပြင်ကို ချဲ့ထွင်ပေးနိုင်စွမ်းရှိပြီး၊ သစ်ပင်အိမ်မြစ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သော အပြန်အလှန်အကျိုးပြုညောင်ပင် ဖြစ်ပါသည်။
အပြန်အလှန်အကျိုးပြုညောင်ပင်သည် အလွန်လျင်မြန်သော ကြီးထွားနှုန်းရှိပြီး အမြဲကြီးထွားနေမည်ဖြစ်သည်။ သစ်ပင်အိမ်နှင့် တစ်ကြိမ် ချိတ်ဆက်မိသွားပါက၊ ၎င်းသည် အပြင်ဘက်သို့ ဆက်လက်ကြီးထွားကာ သစ်ပင်အိမ်၏ အတွင်းပိုင်းဟင်းလင်းပြင်ကို တဖြည်းဖြည်း ချဲ့ထွင်ပေးသွားမည်ဖြစ်သလို၊ သစ်ပင်အိမ်၏ အကာအကွယ်နယ်မြေကိုလည်း ဖြည်းဖြည်းချင်း ကျယ်ပြန့်လာစေမည် ဖြစ်သည်။
အပြန်အလှန်အကျိုးပြုညောင်ပင်သည် ပင်မသစ်ပင်အိမ်နှင့် ချိတ်ဆက်သွားပြီးနောက်တွင် သစ်ပင်အိမ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမည်ဖြစ်ရာ၊ ပြန်လည်ပြောင်းရွှေ့စိုက်ပျိုး၍ မရနိုင်သလို မျိုးစေ့များလည်း ထပ်မံထုတ်လုပ်နိုင်တော့မည် မဟုတ်ပါ။]
အိုး....။
ဤအာနိသင်ကို မြင်လိုက်ရသောအခါ ရွှီရှင်း၏မျက်လုံးများ ဝင်းခနဲ ဖြစ်သွားရသည်။
ဒီညောင်ပင်က... ဒီလောက်တောင် အစွမ်းထက်တာလား။
လီဝမ်ရှီးနှင့် လုဖေးအာတို့သည်လည်း ရှေ့သို့တိုးကာ သစ်ပင်ပင်စည်ကို လှမ်းထိကြည့်လိုက်ကြ၏။
ထို့နောက်တွင်မူ သူတို့၏ မျက်နှာအမူအရာများပါ ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးသွားကြတော့သည်။
"အပြန်အလှန်အကျိုးပြုညောင်ပင် ဟုတ်လား"
လီဝမ်ရှီးက အံ့သြတကြီး အော်ဟစ်လိုက်မိသည်။
"သစ်ပင်အိမ်ရဲ့ အတွင်းခန်းကို ချဲ့ပေးနိုင်တာလား။ အမြစ်တွေကိုလည်း မြှင့်တင်ပေးဦးမယ်တဲ့ ဒါက ရှင် ဂူထဲမှာတွေ့ခဲ့တဲ့ ညောင်ပင်တွေထဲက တစ်ပင်လား"
ရွှီရှင်းက သူမအား ဂူထဲတွင် ကြုံတွေ့ခဲ့ရသည်များကို ပြောပြဖူးသဖြင့် ဤညောင်ပင် ဘယ်ကလာသည်ကို သူမ သိရှိထားခြင်း ဖြစ်သည်။
ရွှီရှင်းကဲ့သို့ အသေးစိတ်ဖော်ပြချက်များကို သူမ မမြင်နိုင်သော်လည်း၊ အပင်၏ အဓိကလုပ်ဆောင်ချက်ကိုတော့ သူမ နားလည်နိုင်ပေသည်။
လုဖေးအာသည်လည်း အလားတူပင် မှင်သက်သွားရ၏။
သစ်ပင်အိမ်တစ်ခု၏ အတွင်းခန်းကို ချဲ့ထွင်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဝံ့ခဲ့ပါပေ။
ဒီလူကြီးမှာ တကယ့်ကို အံ့သြစရာတွေ အများကြီး ရှိနေတာပဲ။
နေရာကူးပြောင်းစက်ကတင် လန့်ဖို့ကောင်းနေပြီကို၊ အခုတော့ ဒီညောင်ပင်က ပါလာပြန်ပြီ။
ရွှီရှင်းသည် အပင်ဖျားရှိရာသို့ အသေအချာ စောင့်ကြည့်လိုက်၏။
ညောင်ပင်၏ အပင်ဖျားမှာ သာမန်သစ်ကိုင်းသစ်ခက်များ မဟုတ်တော့ဘဲ၊ သစ်ပင်အိမ်ကဲ့သို့ပင် သစ်သားအခန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ကို သူ မြင်တွေ့လိုက်ရ၏။
ဖော်ပြချက်အရ ဤညောင်ပင်သည် ဆက်လက်ကြီးထွားနေဦးမည် ဖြစ်ရာ၊ နောင်တစ်ချိန်တွင် သူ၏သစ်ပင်အိမ် ဟင်းလင်းပြင်မှာ ပို၍ပင် ကျယ်ဝန်းလာပေလိမ့်မည်။
ရွှီရှင်းသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ဝဝရှူလိုက်ပြီးနောက် "ဟုတ်တယ်၊ ဒါ ဂူထဲက ညောင်ပင်ပဲ။ ဒါပေမဲ့ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့တော့ ငါလည်း မထင်ထားခဲ့ဘူး။ လာကြ... ငါ နင်တို့ကို အပေါ်ခေါ်သွားပြီး ပြမယ်။ သစ်ပင်အိမ်ထဲမှာလည်း အခုဆိုရင် ကျယ်သွားလောက်ပြီ" ဟု ဆိုလိုက်သည်။
"တကယ်ပဲ ကျယ်သွားတာလား မြန်မြန် အပေါ်တက်ကြည့်ရအောင်"
ရွှီရှင်းသည် လီဝမ်ရှီးနှင့် လုဖေးအာတို့ကို ပထမထပ်သို့ ခေါ်ဆောင်လာခဲ့သည်။
အပေါ်သို့ ရောက်သည်နှင့် ရွှီရှင်းသည် ထူးခြားမှုကို ချက်ချင်း သတိပြုမိလိုက်၏။
အရှေ့၊ မြောက်နှင့် တောင်ဘက်ခြမ်းများမှာ မူလအတိုင်းပင် ရှိနေသော်လည်း၊ အနောက်ဘက်ခြမ်းရှိ ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်များ ဝင်ရောက်လာခြင်း မရှိတော့ပေ။
ဝါး... အနောက်ဘက် ပြတင်းပေါက် အပြင်ဘက်မှာ နောက်ထပ် စတုရန်းမီတာ တစ်ရာခန့်ရှိတဲ့ သစ်ပင်အိမ်ဟင်းလင်းပြင်သစ်ကြီး တစ်ခု ရှိနေပါလား။
ပင်မသစ်ပင်အိမ်၏ ပထမထပ်နှင့် ဤစတုရန်းမီတာ တစ်ရာရှိသော ဟင်းလင်းပြင်အသစ်ကြီးကို မူလသစ်ပင်အိမ်၏ အပြင်ဘက်နံရံကြီးက ခြားထားခြင်း ဖြစ်ပေသည်။
ရွှီရှင်းသည် သူ၏နာရီကို ပွတ်လိုက်ပြီး သစ်ပင်အိမ် ပြုပြင်မွမ်းမံမှု ကဏ္ဍကို နှိပ်လိုက်၏။
သစ်ပင်အိမ်၏ အတွင်းပိုင်း မြေပုံဒီဇိုင်း မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ၊ လက်ရှိ သစ်ပင်အိမ်၏ တည်ဆောက်ပုံကို မြေပုံပေါ်တွင် မြင်တွေ့နိုင်ချေပြီ။
ပထမထပ်နှင့် ဒုတိယထပ်တို့မှာ စတုရန်းမီတာ နှစ်ရာနီးပါးအထိ ကျယ်ပြန့်သွားခဲ့သော်လည်း၊ တတိယထပ်နှင့် စတုတ္ထထပ်တို့မှာတော့ ပြောင်းလဲခြင်း မရှိပါပေ။
သူသည် အနောက်ဘက်နံရံပေါ်တွင် တံခါးတစ်ပေါက်ကို ချက်ချင်း ဖန်တီးလိုက်တော့သည်။
နံရံ၏အနောက်ဘက်တွင် ရှိနေသော ကြီးမားလှသည့် ဟင်းလင်းပြင်ကြီးကို မြင်တွေ့လိုက်ရသောအခါ၊ လီဝမ်ရှီးနှင့် လုဖေးအာတို့မှာ ကြိုတင်ပြင်ဆင်ထားကြစေကာမူ အံ့သြတကြီး မအော်ဘဲ မနေနိုင်ကြတော့ပါပေ။
"ဒါက... တကယ်ကို ကြီးတာပဲ။ စတုရန်းမီတာ တစ်ရာနီးပါးလောက် ကျယ်သွားတာ မဟုတ်လား"
လီဝမ်ရှီးက သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"ဒီတစ်ထပ်တည်းရဲ့ အကျယ်အဝန်းကတောင် အပြာရောင်အဆင့် သစ်ပင်အိမ် တစ်လုံးလုံးထက် ပိုကျယ်နေပြီ"
လုဖေးအာသည်လည်း အလွန်ပင် အံ့သြနေရှာ၏။
အခန်း ၃၁၉ ပြီး။
အပိုင်း (၃၂၀) - အပြန်အလှန်အကျိုးပြုသည့်ညောင်ပင်နှင့် ကျယ်ပြန့်လာသော သစ်ပင်အိမ် (၂)
ဒါလည်းမှန်သည် မဟုတ်ပါလား။
အပြာရောင်အဆင့် သစ်ပင်အိမ်ဆိုသည်မှာ ဂူစူးစမ်းရေးလုပ်ငန်းစဉ်အတွင်း အလွှာတစ်ခု ထပ်တိုးထားသည့်တိုင် သုံးထပ်သာ ရှိပေသည်။
တစ်ထပ်လျှင် စတုရန်းမီတာ ငါးဆယ်ခန့်သာ ကျယ်ဝန်းသဖြင့် သုံးထပ်ပေါင်းမှ စတုရန်းမီတာ ၁၅၀ သာ ရှိပေသည်။
ယခုမူ ဤတစ်ထပ်တည်းကတင် စတုရန်းမီတာ ၂၀၀ ရှိနေချေပြီ။
"ရှင့်ရဲ့နေရာက တကယ့်ကို အများကြီး ပိုကျယ်သွားတာပဲ"
လီဝမ်ရှီးက သူမထက် ပိုမိုကျယ်ဝန်းသွားသော ဤနေရာကိုကြည့်ကာ အားကျမဆုံး ဖြစ်နေတော့သည်။
"ဒီညောင်ပင်က မျိုးစေ့တွေ ထပ်ထုတ်ပေးနိုင်မလား မသိဘူး၊ ကျွန်မလည်း တကယ်လိုချင်တာ"
ရွှီရှင်းသည် ဂူထဲတွင် မြင်တွေ့ခဲ့ရသော ညောင်ပင်နှစ်ပင်ကို ပြန်လည်အမှတ်ရမိ၏။
ထိုအပင်များမှာ အပြင်ပန်းကြည့်လျှင် အပြာရောင်အဆင့် သစ်ပင်အိမ်များနှင့် တစ်ပုံစံတည်းတူပြီး အမည်မှာလည်း ညောင်ပင် အပြာရောင်အဆင့် ဟုသာ ပေါ်သော်လည်း၊ ယခု သူ၏အိမ်ဘေးက အပင်မှာမူ အပြန်အလှန်အကျိုးပြုညောင်ပင် အပြာရောင်အဆင့် ဖြစ်နေခြင်းပင်။
ဆိုလိုသည်မှာ သစ်ပင်အိမ်နှင့် နီးကပ်စွာ စိုက်ပျိုးခြင်း ရှိ၊ မရှိပေါ် မူတည်၍ ညောင်ပင် ကြီးထွားလာသည့်အခါ ပုံသဏ္ဌာန် ကွဲပြားသွားခြင်း ဖြစ်ပေလိမ့်မည်။
"အပေါ်ထပ်တက်ကြည့်ရအောင်"
ရွှီရှင်းက အမျိုးသမီးနှစ်ဦးအား ဒုတိယထပ်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဒုတိယထပ်သည်လည်း ပထမထပ်ကဲ့သို့ပင် စတုရန်းမီတာ တစ်ရာခန့်ရှိသော ကျယ်ဝန်းသည့် ဟင်းလင်းပြင်သစ်တစ်ခု ပါရှိနေပြန်သည်။
"ဒုတိယထပ်ကလည်း ဒီလောက်ကြီးတာပဲလား၊ တတိယထပ်ကော အတူတူပဲလား"
"တတိယထပ်ကတော့ အဲဒီလို မဟုတ်ဘူး။ လာ... အရင်ဆုံး စားကြတာပေါ့၊ စားရင်းနဲ့ပဲ ငါ ရှင်းပြမယ်"
ဤညောင်ပင်သည် သစ်ပင်အိမ်၏ အတွင်းပိုင်းကို အမှန်တကယ် ချဲ့ထွင်ပေးနိုင်စွမ်း ရှိနေခြင်းက ရွှီရှင်းကို အတော်လေး စိတ်လှုပ်ရှားစေသည်။
ဘာပဲဖြစ်ဖြစ် သစ်ပင်အိမ်၏ အတွင်းခန်းမှာ လုပ်ဆောင်ချက်မျိုးစုံအတွက် အခန်းများခွဲထားရသဖြင့် အနည်းငယ် ကျဉ်းကျပ်နေပြီ မဟုတ်ပါလား။
သို့သော် ၎င်းက သူ့ကို အရင်ဆုံး စိတ်လှုပ်ရှားစေသည့်အရာတော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤညောင်ပင်သည် ရွှီရှင်း လုံးဝမမျှော်လင့်ထားသော စွမ်းရည်တစ်ခုကိုပါ ပေးအပ်ထားသောကြောင့် ဖြစ်၏။
၎င်းမှာ သစ်ပင်အိမ်မြစ်များကို မြှင့်တင်ပေးခြင်းနှင့် အကာအကွယ်နယ်မြေကို ချဲ့ထွင်ပေးခြင်းပင်။
အတွင်းခန်းကျယ်ပြန့်လာခြင်းထက်စာလျှင် ဤလုပ်ဆောင်ချက်မှာ ဗျူဟာမြောက် စစ်ရေးအရ များစွာ ပိုမိုအရေးပါလှပေသည်။
ဒုတိယအဆင့် သို့ ဝင်ရောက်လာပြီးနောက်ပိုင်း သူ၏စိတ်ထဲတွင် အမြဲစိုးရိမ်နေရသည့် အချက်တစ်ခု ရှိခဲ့၏။
ပုံသေလုပ်ဆောင်ချက်များနှင့် ဆုလာဘ်များ မရှိတော့သည့် ယခုလိုအချိန်မျိုးတွင် သစ်ပင်အိမ်၏ စွမ်းရည်များကို မည်သို့ ဆက်လက်မြှင့်တင်ရမည်နည်း၊ အထူးသဖြင့် အကာအကွယ်နယ်မြေကို မည်သို့ ချဲ့ထွင်ရမည်နည်းဟူသော အချက်ပင်။
ယခုအခါ သူတို့အားလုံးသည် တည်နေရာကူးပြောင်းစက်များနှင့် ချိတ်ဆက်နေကြပြီဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ သူတို့၏သစ်ပင်အိမ်များအကြား၌ အန္တရာယ်ရှိသော ဇုန်များစွာ ရှိနေဆဲဖြစ်ကာ၊ ၎င်းတို့ကို ဟန်ပြအကာအကွယ်နယ်မြေများဖြင့်သာ ခပ်ကျဲကျဲ ချိတ်ဆက်ထားခြင်း ဖြစ်သည်။
မနေ့ညက သူ၏အတွေ့အကြုံအရ ထိုဟန်ပြအကာအကွယ်နယ်မြေများကို လုံးဝယုံကြည်၍ မရကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
၎င်းတို့မှာ ပုံမှန်ဘေးကင်းချိန်၌သာ ဗီဇပြောင်းသတ္တဝါများကို အနည်းငယ် ဟန့်တားနိုင်ခြင်းဖြစ်ပြီး၊ တကယ့်အန္တရာယ်နှင့် ကြုံလာရလျှင် သစ်ပင်အိမ်တိုင်းမှာ ဘက်ပေါင်းစုံမှ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပေလိမ့်မည်။
သို့သော် ယခု ဤညောင်ပင်ကြောင့် အကာအကွယ်နယ်မြေမှာ ဆက်လက်ကျယ်ပြန့်လာနိုင်သည့် အခွင့်အရေး ရှိလာခဲ့ချေပြီ။
ကြီးထွားနှုန်း မည်မျှမြန်မည်ကို မသိရသေးသော်လည်း၊ အနည်းဆုံးတော့ နောင်တစ်ချိန်တွင် သူတို့၏ တကယ့်အကာအကွယ်နယ်မြေများကို တစ်ဆက်တည်းဖြစ်အောင် ချိတ်ဆက်ပြီး ဤနယ်မြေတစ်ခုလုံးကို သူတို့၏ ပိုင်နက်အဖြစ် သတ်မှတ်နိုင်တော့မည် မဟုတ်ပါလား။
သူတို့ သုံးဦးစလုံး တတိယထပ်သို့ တက်လာခဲ့ကြ၏။
"အီးးး"
ခဲခဲလေးသည် ရွှီရှင်း တက်လာသည်ကို မြင်သည်နှင့် ပြေးလာကာ သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်တော့သည်။
"အိုး... ခဲခဲလေး"
လီဝမ်ရှီးက ခဲခဲလေးကို လှမ်းယူကာ သူမ၏ရင်ခွင်ထဲ၌ ပွေ့ချီထားလိုက်၏။
ရွှီရှင်းသည် အနောက်ဘက် ပြတင်းပေါက်နားသို့ လျှောက်သွားကာ အပြင်ကို လှမ်းကြည့်လိုက်သည်။
ပြတင်းပေါက်၏ အောက်တည့်တည့်မှာပင် ထိုညောင်ပင်၏ အပင်ဖျား ရှိနေပြီး လက်လှမ်းရုံဖြင့်ပင် ထိတွေ့နိုင်ပေသည်။
ဤညောင်ပင်သည် သစ်ပင်အိမ်နှင့်မတူဘဲ ဆက်လက်ကြီးထွားနေဦးမည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤအပင်၏ အမိုးကြီးမှာ ဤနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားနိုင်ပြီး၊ သူ၏ ပထမထပ်နှင့် ဒုတိယထပ် ဟင်းလင်းပြင်များမှာလည်း ပိုမို ကျယ်ပြန့်လာပေလိမ့်မည်။
တကယ့်ကို ကောင်းမွန်လှပေသည်။
ဤညောင်ပင်မျိုးစေ့၏ တန်ဖိုးမှာ စွမ်းအင်အမြုတေ အပိုင်းအစများနှင့် ယှဉ်လျှင်ပင် သိပ်ပြီး လျော့နည်းမည် မဟုတ်ပါချေ။
နှမြောစရာကောင်းသည်မှာ ပင်မသစ်ပင်အိမ်နှင့် ချိတ်ဆက်သွားသော အပြန်အလှန်အကျိုးပြုညောင်ပင်ကို ပြန်လည်ပြောင်းရွှေ့စိုက်ပျိုး၍သော်လည်းကောင်း တူးဖော်၍သော်လည်းကောင်း မရနိုင်တော့ခြင်းပင်။
"နေဦး"
ရွှီရှင်း ရုတ်တရက် ကျိချောင်းယန်ကို သတိရသွားသည်။
သူသည် ညောင်ပင်ကို သစ်ပင်အိမ်နှင့် မီတာ ၅၀ ခန့်အကွာ ခပ်လှမ်းလှမ်း စိုက်ထားသည် မဟုတ်ပါလား။
သူသည် ကျိချောင်းယန်ထံသို့ အသံမက်ဆေ့ချ် ချက်ချင်း ပို့လိုက်ရာ၊ စက္ကန့်အနည်းငယ်အကြာတွင် ချိတ်ဆက်သွားခဲ့၏။
"ဘာကိစ္စရှိလို့လဲ"
ကျိချောင်းယန်၏ အသံမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။
"မင်း ဘာဖြစ်နေတာလဲ။ အသံက တော်တော်လေး နွမ်းနေသလိုပဲ"
"ငါ ခုနလေးတင် ရှေ့ဖြစ်တစ်ခု ထပ်ဟောလိုက်တာလေ၊ အဲဒီနိမိတ်ထဲက အသေးစိတ်အချက်အလက်တွေကို အနီးကပ်ကြည့်ဖို့ ကြိုးစားရင်းနဲ့ စိတ်အင်အားတွေ ကုန်သွားတာ။ ငါ့ရဲ့ စိတ်စွမ်းအားက ရှေ့ဖြစ်တစ်ခု ဟောပြီးတိုင်း ဒီလိုပဲ ဖြစ်သွားတတ်တယ်"
ကျိချောင်းယန်က ရှင်းပြလိုက်ရင်း တစ်ဖက်မှ တစ်ခုခုကို ဝါးစားနေသည့်အသံ ကြားလိုက်ရသည်။
ကြည့်ရသည်မှာ စိတ်စွမ်းအား ပြန်လည်ပြည့်စေရန် လိမ္မော်သီးများကို စားနေပုံရပေသည်။
ကြည့်ရတာ သူက ငါ့ထက်တောင် စိတ်စွမ်းအားမြှင့်ဆေးရည်တွေကို ပိုပြီး လိုအပ်နေပုံရတယ်။
အခုတော့ အဲဒီအကြောင်း ခဏထားဦး။
"မင်းရဲ့ ညောင်ပင်က ကြီးလာပြီလား။ စစ်ဆေးကြည့်ပြီးပြီလား"
ရွှီရှင်း သူ၏ညောင်ပင်ကို ကြည့်ရင်း တိုက်ရိုက်ပင် မေးလိုက်၏။
"အပြန်အလှန်အကျိုးပြုညောင်ပင်ပဲ၊ မင်းဆီကအတိုင်း ဖြစ်မှာပါ"
ကျိချောင်းယန်၏ စကားကြောင့် ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ဆက်မေးလိုက်ပြန်သည်။
"မင်းရဲ့ ညောင်ပင်က ပင်မသစ်ပင်အိမ်နဲ့ ချိတ်ဆက်နေပြီလား။ ပြန်ပြောင်းစိုက်လို့ ဒါမှမဟုတ် မျိုးစေ့ပြန်တူးလို့ မရဘူးဆိုတဲ့ သတိပေးချက်မျိုး ပေါ်နေလား"
"ချိတ်မနေဘူး၊ ပြီးတော့ ပြောင်းစိုက်လို့မရဘူးဆိုတဲ့ သတိပေးချက်လည်း မရှိဘူး"
ကျိချောင်းယန် ရွှီရှင်း၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွား၏။
"မင်းရဲ့ ညောင်ပင်က သစ်ပင်အိမ်နဲ့ ချိတ်သွားပြီလား။ အခြေအနေက ဘယ်လိုလဲ"
မချိတ်သေးဘူးပေါ့..။
ရွှီရှင်း သူ၏ အခြေအနေကို ကျိချောင်းယန်အား ရှင်းပြလိုက်သည်။
သူ စဉ်းစားနေသည်မှာ အကယ်၍ ကျိချောင်းယန်၏ အပင်သည် သာမန်ညောင်ပင်အဖြစ် ရှိနေသေးပါက၊ ပေါက်ပြားဖြင့် တူးဖော်လျှင် မျိုးစေ့ပြန်ရနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနှင့် ပြောင်းရွှေ့စိုက်ပျိုးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိသည် မဟုတ်ပါလား။
အကယ်၍ ထို ၅၀ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့လျှင်၊ သူသည် ပြောင်းရွှေ့စိုက်ပျိုးနိုင်သော ညောင်ပင်တစ်ပင်နှင့် ညောင်ပင်မျိုးစေ့တစ်ခုကို ထပ်မံ ရရှိနိုင်မည် ဖြစ်ပေသည်။
"အင်း... ငါ့ဘက်မှာတော့ ငါက ခပ်လှမ်းလှမ်းမှာ စိုက်ထားတာဖြစ်လို့ သစ်ပင်အိမ်နဲ့ မချိတ်သေးတာကြောင့် တူးလို့မရဘူးဆိုတဲ့ သတိပေးချက် မရှိသေးဘူး။ ဒါပေမဲ့ နာမည်ကတော့ ဂူထဲကအတိုင်း ညောင်ပင် လို့ မဟုတ်တော့ဘဲ အပြန်အလှန်အကျိုးပြုညောင်ပင် လို့တော့ ပြောင်းသွားပြီ"
ရွှီရှင်း မေးစေ့ကို ပွတ်လိုက်ရင်း "ဖြစ်နိုင်တယ်... တကယ် ဖြစ်နိုင်တယ်... မင်း လောလောဆယ်တော့ အဲဒါကို မတူးသေးနဲ့ဦး။ ငါ ဒီဘက်က အလုပ်တွေပြီးရင် မင်းရဲ့ သစ်ပင်အိမ်ဆီကို လာခဲ့မယ်။ ငါ့မှာ ပိုပြီး အသေးစိတ်တဲ့ ဖော်ပြချက်တွေ ရှိနေတာဆိုတော့၊ မင်းရဲ့ ညောင်ပင်ကို ပြောင်းစိုက်လို့ ရမရဆိုတာ ငါ သေချာပေါက် သိနိုင်လိမ့်မယ်" ဟု ဆိုလိုက်သည်။
"ကောင်းပြီလေ။ ဒါပေမဲ့ ငါ အပြင်ထွက်နေတာမျိုး ဖြစ်နိုင်လို့၊ မင်း ရောက်လာတဲ့အခါ တည်နေရာကူးပြောင်းစက်ကနေပဲ တိုက်ရိုက် လာခဲ့လိုက်ပေါ့"
"ကောင်းပြီ"
ဖုန်းချလိုက်သောအခါ လီဝမ်ရှီးက သူ့ကို မျက်လုံးလေးများ ပြူးလျက် ကြည့်ကာ "ဆိုလိုတာက ညောင်ပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးခြင်းကတစ်ဆင့် အဆက်မပြတ် ရရှိနိုင်မယ့် အခွင့်အရေး ရှိတယ်ပေါ့။ ဒါဆိုရင် ကျန်တဲ့သူတွေအတွက်လည်း..." ဟု မေးလိုက်၏။
ရွှီရှင်း ခေါင်းညိတ်လိုက်သည်။
"ဒါဟာ အတွင်းခန်းတွေရော အကာအကွယ်နယ်မြေ အကျယ်အဝန်းကိုပါ ချဲ့ထွင်ပေးနိုင်လိမ့်မယ်"
"ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့"
လီဝမ်ရှီး လက်ခုပ်တီးကာ ဝမ်းသာအားရ ဖြစ်နေတော့သည်။
လုဖေးအာမှာ သူမအတွက်တော့ ဒါတွေဟာ ဝေစုရမည့်အရာ မဟုတ်မှန်း သိထားသဖြင့် ဘာမှဝင်မမေးဘဲ အေးအေးဆေးဆေးပင် နေနေ၏။
"ကဲ... စားကြရအောင်"
ရွှီရှင်းသည် လတ်ဆတ်လှသော ငါးအသားအချို့နှင့်အတူ အကင်စက် နှင့် စိုက်ပျိုးခန်းထဲမှ အခုလေးတင် ခူးထားသော သစ်သီးများကို ထုတ်ယူကာ သစ်သီးငါးကင် မနက်စာကို ပြင်ဆင်လိုက်တော့သည်။
"... ဒီမှာ စားရတာ တကယ့်ကို စည်ကားတာပဲ"
လီဝမ်ရှီးသည် သူမ၏ဘေးတွင် အသားစားငါးများကို ကိုက်စားနေကြသော မီမီ၊ ငွေရောင်ဘုရင်နှင့် အာဖုတို့ကိုကြည့်ကာ၊ စားပွဲပေါ်တွင်လည်း တူကို အားတက်သရော အသုံးပြုရန် ကြိုးစားနေသည့် ခဲခဲလေးကို မြင်ရသောအခါ တစ်မျိုးကြီး ခံစားလိုက်ရသည်။
"ဒါက အမြဲတမ်း ဒီလိုပါပဲ။ ဒီကောင်တွေက အစားတော်တော်ကြီးကြတာလေ။ တော်သေးတာပေါ့၊ နင် အရင်က အပြာရောင်အဆင့် ယမ်းစိမ်း တွေ ပေးထားလို့သာ အသားတွေကို မပုပ်အောင် သိမ်းထားနိုင်တာ။ မဟုတ်ရင်တော့ သူတို့တွေ တကယ်ပဲ ငတ်ကုန်ကြမှာ"
ရွှီရှင်း အားရပါးရ စားသောက်နေကြသော ငွေရောင်ဘုရင်နှင့် မီမီတို့ကိုကြည့်ကာ အနည်းငယ် စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏။
အစားကတော့ တကယ်ကို ကြီးလှပေသည်။
ငွေရောင်ဘုရင်မှာ မနေ့က သွေးမြူခိုးတွေကို စုပ်ယူပြီး အင်အားမြှင့်တင်ထားသဖြင့် အစားပိုစားလာ၏။
ဒီနေ့တော့ မီမီနဲ့ အာဖုကိုလည်း အဲဒီအခန်းလေးထဲမှာ သွားပြီး စမ်းကြည့်ခိုင်းရမည်။
"ဟဲဟဲ... တကယ့်ကို ပျော်စရာကြီးပဲ။ကျွန်မ ဒီမှာပဲ အမြဲလာစားချင်တယ်"
လီဝမ်ရှီးက ခဲခဲလေး၏ အမြီးကြီးကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။
"အင်း ဒီငါးက တကယ့်ကို ကောင်းတာပဲ"
လုဖေးအာသည် ငါးအသားကို ပါးစပ်ထဲထည့်ရင်း မျက်လုံးများ ဝင်းခနဲ ဖြစ်သွားတော့သည်။
"တကယ့်ကို အရသာရှိတာပဲ။ ဗီဇပြောင်းသတ္တဝါရဲ့ အသားက ဒီလောက်အထိ အရသာရှိလိမ့်မယ်လို့ မထင်ထားဘူး"
"အင်း... နင့်အသားကလည်း တော်တော်လေး အရသာရှိနိုင်တယ်နော်"
ရွှီရှင်း သူမကို ကြည့်ကာ စနောက်လိုက်၏။
အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါတွေရဲ့ အသားကတော့ ကောင်းမွန်လှပေသည်။
နှမြောစရာကောင်းသည်မှာ အလယ်အလတ်အဆင့်သို့ ရောက်သွားသည့်အခါ ဗီဇပြောင်းသတ္တဝါအသားများသည် စား၍မရတော့ဘဲ ပြင်းထန်သော အဆိပ်အတောက်များသာ ဖြစ်သွားခြင်းပင်။
"ဘာလဲ... ရှင်က တစ်ကိုက်လောက် ကိုက်ကြည့်ချင်လို့လား... လုံးဝ မရဘူးနော်။ တစ်ယောက်ယောက် ကိုက်ခွင့်ရှိမယ်ဆိုရင်တောင် အဲဒါ ဝမ်ရှီးပဲ ဖြစ်ရမယ်"
လုဖေးအာ ရွှီရှင်းကို နှစ်ခွန်းလောက် ပြန်နောက်ရန် ပြင်လိုက်သော်လည်း၊ လီဝမ်ရှီး၏ရှေ့တွင် သူမသည် လိမ္မာသောမိန်းကလေးအဖြစ် ဟန်ဆောင်ရမည်ကို ရုတ်တရက် သတိရသွားကာ အခြေအနေကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လီဝမ်ရှီး၏ လက်မောင်းကို ကိုင်လျက် သူ့ကို မျက်စောင်းထိုးလိုက်တော့သည်။
"ဟင် ဪ... ဟုတ်သားပဲ၊ နင်ကလည်း ဗီဇပြောင်းသတ္တဝါ တစ်မျိုးပဲလေ"
လီဝမ်ရှီးသည် ရွှီရှင်းက လုဖေးအာကို စနောက်နေသည်ဟု အစက ထင်ထားခဲ့သော်လည်း ယခုမှ သဘောပေါက်သွားခြင်း ဖြစ်၏။
"ဟုတ်တယ်လေ၊ မနေ့ညက ကျွန်မကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေကိုတောင် ပြဖူးတယ် မဟုတ်လား"
လုဖေးအာက သူမ၏ ရင်ဘတ်ကို အနည်းငယ် လျှော့ချပြကာ သွေးရောင်အစင်းကြောင်းအချို့ကို ပြလိုက်၏။
"အယ်"
လီဝမ်ရှီးသည် သူမ၏ ရင်ဘတ်ဆီသို့ စိုက်ကြည့်ရင်း ခဏမျှ မှင်သက်သွားပြီးနောက် "နင့်ရဲ့ သွေးရောင်အစင်းကြောင်းတွေက အရောင်ပိုရင့်လာတာလား မနေ့ကလည်း ဒီလောက်အထိ ရင့်နေလို့လား" ဟု မေးလိုက်သည်။
ရွှီရှင်းလည်း တစ်ချက် လှမ်းကြည့်လိုက်မိရာ ထိုနက်ရှိုင်းလှသော ချိုင့်ဝှမ်း...။
အာ..မဟုတ်ပါဘူး။
ထိုသွေးရောင်အစင်းကြောင်းများသည် တကယ်ပင် ပိုမို ထင်ရှားလာသကဲ့သို့ ရှိနေပေသည်။
"ကြည့်လို့မရဘူးနော်"
လီဝမ်ရှီးက လုဖေးအာကို ချက်ချင်းပင် ကာကွယ်လိုက်ကာ သူ့ကို မျက်စောင်းထိုးလိုက်တော့၏။
ရွှီရှင်းကတော့ အူကြောင်ကြောင်နှင့် ရယ်မောလိုက်ပြီး ငါးအသားတစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ လုဖေးအာ၏ စွမ်းအားများမှာ တကယ်ပင် တိုးတက်လာခဲ့ချေပြီ။
အခန်း ၃၂၀ ပြီး။
အပိုင်း (၃၂၁) - ကပ်ပါးနေထိုင်သူများ သစ္စာဖောက်နိုင်ခြေ
ရွှီရှင်းသည် လုဖေးအာ၏ အသွင်ပြောင်းလဲမှုနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်မိနေသည်။
သူ ရရှိထားသော သတင်းအချက်အလက်များအရ သားရဲကြီးများ၏ သွေးမျိုးဆက် ပါဝင်သူများသာလျှင် သွေးရောင်ဗီဇပြောင်းလဲမှု ဖြစ်ပေါ်သည့်တိုင် မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိကြခြင်း ဖြစ်သည်။
ဤရှုထောင့်မှ ကြည့်လျှင် လုဖေးအာသည် သူမ သောင်းကျန်းစဉ်က သူမ၏ ကိုယ်ပိုင်စိတ်ဆန္ဒကို အမှန်တကယ် လက်လွှတ်ခဲ့ရခြင်း ဖြစ်၏။
ရွှီရှင်း၏ တိုက်ခိုက်မှုနှင့် ပြင်းထန်လှသော နာကျင်မှုများကြားတွင်မှ သူမ၏ စိတ်သည် ပြန်လည်နိုးထလာခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ သူမ၏ သွေးရောင်အစင်းကြောင်း စွမ်းအားများမှာ ပိုမို အားကောင်းလာခဲ့ချေပြီ။
နောင်တစ်ချိန်တွင် သူမသည် ထိုစွမ်းအားကို အသုံးပြုခဲ့လျှင် သူမ၏ ကိုယ်ပိုင်အသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါဦးမလားဆိုသည်မှာ မသေချာလှပေ။
အကယ်၍ သူမ၏ စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပါက၊ စာချုပ်အရ သခင်ဖြစ်သော သူ့စကားကို နားထောင်ပါဦးမလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေ၏။
"နောက်ကျရင် နင့်အသက်အန္တရာယ် တကယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးကလွဲရင်၊ အဲဒီ သွေးရောင်စွမ်းအားကို လုံးဝ ထုတ်မသုံးနဲ့" ဟု ရွှီရှင်းက လုဖေးအာကို သတိပေးလိုက်သည်။
"ရှင် မပြောလည်း ကျွန်မ သိပါတယ်"
လုဖေးအာသည် လီဝမ်ရှီးက သူမ၏ ရင်ဘတ်ကို ပြန်လည်ဆွဲတင်ပေးလိုက်ပြီး အဝတ်အစားများကို ပြန်ပြင်ရင်း ရွှီရှင်းဘက်သို့ လှည့်ကာ "ဒါကို သုံးပြီးသွားရင် ၂၄ နာရီပတ်လုံး ငါးပါးမှောက်အောင် အားနည်းသွားတာလေ။ ပေးဆပ်ရတာ အရမ်းကြီးလွန်းလို့၊ ကျွန်မ သေခါနီးဖြစ်လို့ အလိုအလျောက် ပွင့်လာတာမျိုးကလွဲရင် ဘယ်တော့မှ တမင်ထုတ်သုံးမှာ မဟုတ်ဘူး" ဟု ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဒီစွမ်းရည်က တကယ်ကို အစွမ်းထက်တာပဲ"
လီဝမ်ရှီးက မှတ်ချက်ပေးလိုက်သည်။
"သေရာက ပြန်ရှင်လာတာနော်၊ မယုံနိုင်စရာပဲ မဟုတ်လား။ ၂၄ နာရီလောက် အားနည်းသွားတာက ဘာမှမဟုတ်ပါဘူး။ အကယ်၍ ဒီဆေးလုံးတွေသာ အများကြီးရှိရင် ကျွန်မလည်း တစ်လုံးလောက် သောက်ထားချင်တယ်။ ဒါက တကယ့်ကို အသက်ကယ် အံ့ဖွယ်ဆေးပဲ"
ဒါကို ဘယ်သူက ငြင်းနိုင်မှာလဲ။
ရွှီရှင်းလည်း ထိုသို့ပင် ထင်မြင်မိသည်။
တစ်စုံတစ်ယောက်က သေလုမျောပါး မဖြစ်သရွေ့တော့ ဗီဇပြောင်းသွေးမျိုးဆက်က နိုးထလာမည် မဟုတ်ပေ။
၎င်းမှာ မိမိဆန္ဒအလျောက် အသက်သွင်းခြင်း သို့မဟုတ် သေခါနီးတွင် အလိုအလျောက် ပွင့်လာခြင်းမျိုးဖြစ်ပြီး ဒဏ်ရာအားလုံးကိုလည်း ကုသပေးနိုင်စွမ်း ရှိပေသည်။
အကယ်၍ တစ်ယောက်ယောက်က သေသွားပြီဆိုလျှင် ပြန်ရှင်လာဖို့ကသာ အရေးကြီးဆုံး မဟုတ်ပါလား။
ဗီဇပြောင်းသတ္တဝါ ဖြစ်သွားမှာကို ဘယ်သူက ဂရုစိုက်နေတော့မှာလဲ။
ဒါ့အပြင် သွေးရောင်ဗီဇပြောင်းလဲမှု ဖြစ်ပြီးနောက်တွင် မီမီကို ကြည့်ခြင်းအားဖြင့် သက်တမ်းမှာလည်း အလွန်ရှည်လျားသွားတတ်သည်။
လုဖေးအာသည်လည်း ယခုဆိုလျှင် အသက်ရှည်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်သွားချေပြီ။
သွေးရောင်မျိုးနွယ်စု ရဲ့ လက်ပါးစေ ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိနေစေကာမူ၊ ဒါဟာ တိုက်ရိုက်သေဆုံးသွားတာထက်စာရင် အများကြီး ပိုကောင်းလှပေသည်။
မသေဘူးဆိုရင်တော့ အခြေအနေကို ပြန်လှန်ဖို့ အခွင့်အရေး ရှိနေသေးသော်လည်း၊ သေသွားရင်တော့ ဘာမှလုပ်လို့ မရတော့ပေ။
ထို့ကြောင့် မည်သည့်ဘက်မှ ကြည့်ကြည့် ဤဆေးလုံး၏ အားသာချက်မှာ အားနည်းချက်ထက် သာလွန်နေပေသည်။
"အင်းးး..."
အဝအပြဲ စားသောက်ပြီးနောက် ခဲခဲလေးသည် ရွှီရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
"ကဲ... အခုတော့ စားသောက်လို့လည်း ဝပြီဆိုတော့ အလုပ်အကြောင်း ပြောကြရအောင်"
ရွှီရှင်း ခဲခဲလေး၏ အမွှေးနုနုလေးများကို ပွတ်သပ်ပေးရင်း မျက်နှာတည်သွားခဲ့သည်။
"လီဝမ်ရှီးရဲ့ တောင်ဘက်ခြမ်းက မာဟုန်ဝေရဲ့ ကိစ္စပဲ"
"မာဟုန်ဝေ..."
လီဝမ်ရှီး ရွှီရှင်းကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုအချို့ ရှိနေပေသည်။
သူတို့က မာဟုန်ဝေ၏ ညီကို သတ်ခဲ့ကြသည် မဟုတ်ပါလား။
အကယ်၍ ထိုလူသာ ဤအကြောင်းကို သိသွားခဲ့လျှင် အညံ့ခံလိုက်သည့်တိုင်အောင် နောင်တစ်ချိန်တွင် ဘေးဒုက္ခပေးမည့် မြှုပ်ကွက်တစ်ခု ဖြစ်လာနိုင်ပေသည်။
"ဒါကို ဘာတွေ ဆွေးနွေးနေဦးမှာလဲ။ အဲဒီအချိန်ကျရင် ကျွန်မ သရုပ်ဆောင်တာကိုသာ ထိုင်ကြည့်နေလိုက်"
လုဖေးအာကတော့ စိုးရိမ်ပုံမရဘဲ ပန်းသီးတစ်လုံးကို အေးအေးဆေးဆေး ကိုက်စားရင်း "သူ့ရဲ့ သတိထားမှုကို ကျွန်မ သေချာပေါက် လျှော့ချပေးမှာပါ။ အဲဒီကျရင် ရှင့်အတွက် သူ့ကို ကိုင်တွယ်ဖို့က အေးဆေးပဲ... မဟုတ်သေးပါဘူး၊ ရှင်တောင် လုပ်စရာမလိုဘူး၊ ကျွန်မဘာသာ သူ့ကို ဖမ်းပေးမယ်" ဟု အလွယ်တကူ ဆိုလိုက်၏။
လုဖေးအာ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သွေးရောင်စွမ်းအားကြောင့် သာမန်ရှင်ကျန်သူများထက် များစွာ သာလွန်နေသလို သူမ၏ လျင်မြန်ဖြတ်လတ်မှုမှာ ရွှီရှင်းပင် အားကျရသည့် အဆင့်တွင် ရှိပေသည်။
ထို့ကြောင့် မာဟုန်ဝေကို ကိုင်တွယ်ရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပါပေ။
ရွှီရှင်း ခေါင်းခါယမ်းလိုက်ရင်း သူ၏ စိုးရိမ်မှုကို ထုတ်ဖော်လိုက်သည်။
"အဲဒီလို အစွမ်းထက်တဲ့လူမျိုးကို ဖမ်းဖို့က ထင်သလောက် မလွယ်နိုင်ဘူး။ သူ့အသက်ကို ဓားစာခံလုပ်ပြီး ဒီဘက်ကို အတင်းခေါ်လာခဲ့ရင်တောင်မှ၊ တစ်ချိန်ချိန်မှာ သစ္စာဖောက်မယ့် အန္တရာယ်က ရှိနေဦးမှာပဲ"
"ဒါက ဘာခက်တာမှတ်လို့လဲ။ သူသာ ဒီကို တကယ်ရောက်လာရင်တော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ"
လုဖေးအာကတော့ ရွှီရှင်းထက်ပင် ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
သူမကိုယ်တိုင်တောင် ဖမ်းဆီးခံလိုက်ရပြီးနောက် ဘာမှပြန်မလုပ်ဝံ့တော့သည်ကို ကြည့်လျှင် မာဟုန်ဝေက ဘာထူးမှာလဲဟု သူမ ထင်နေခြင်းပင်။
"သူ့ရဲ့ သစ်ပင်အိမ်က ရှင့်လက်ထဲမှာလေ၊ သူက သစ္စာဖောက်လို့ ရမှာလား။ ရှင့်ရဲ့ နယ်မြေထဲမှာ ရှင့်ကို ရန်မူဖို့ဆိုတာ မဖြစ်နိုင်တာအပြင်၊ အကယ်၍ ရှင့်ကို သတ်လိုက်နိုင်ခဲ့ရင်တောင်မှ ရှင့်ရဲ့ ပင်မသစ်ပင်အိမ် သေသွားတာနဲ့ သူ့ရဲ့ ကပ်ပါးသစ်ပင်အိမ်ကလည်း လိုက်သေမှာပဲလေ။ အဲဒီကျရင် သူက သစ်ပင်အိမ်မရှိတဲ့ မျက်စိကန်းတစ်ယောက်လို ဖြစ်သွားမှာ မဟုတ်ဘူးလား"
"ပြဿနာတစ်ခုမှာ အမြဲတမ်း ပတ်လမ်းကြောင်းဆိုတာ ရှိတတ်တယ်၊ သစ္စာဖောက်နိုင်တဲ့ နည်းလမ်းတွေက ရှိနေတာပဲ"
ရွှီရှင်း သက်ပြင်းချလိုက်မိသည်။
ကပ်ပါးသစ်ပင်အိမ်မှာ နေထိုင်သူတွေဟာ သစ္စာဖောက်နိုင်ခြေ ရှိ၊ မရှိကို သူ ရက်အတော်ကြာအောင် စဉ်းစားခဲ့ဖူးသည်။
သူ၏ အဖြေမှာ "ရှိသည်" ဟူ၍ ဖြစ်၏။
သစ်ပင်အိမ် ဆုံးရှုံးသွားသော ရှင်ကျန်သူများသည် ဤကမ္ဘာတွင် ရှင်သန်နိုင်စွမ်း မရှိကြသော်လည်း၊ ချက်ချင်း သေဆုံးသွားကြခြင်း မဟုတ်ဘဲ ၂၄ နာရီ အချိန်ရကြသေးသည်။
အကယ်၍ ထို ၂၄ နာရီအတွင်း အခြားသစ်ပင်အိမ်တစ်ခုကို ရရှိခဲ့မည်ဆိုပါက ပြဿနာမရှိပါပေ။
သစ်ပင်အိမ်တစ်ခုကို ပြန်လည်ရရှိရန်မှာ အခြားသူကို အားကိုးရမည်ဖြစ်ပြီး၊ ကပ်ပါးသစ်ပင်အိမ်များ ရှိထားပြီးသားဖြစ်သော အခြားရှင်ကျန်သူများ၏ အကာအကွယ်နယ်မြေအတွင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုး ဖြစ်ပေသည်။
အရည်အချင်းရှိသူတွေအတွက်တော့ ဒါဟာ မခက်ခဲပါပေ။
အနာဂတ်တွင် လွတ်နေသော ကပ်ပါးသစ်ပင်အိမ်များမှာ သေချာပေါက် ပေါများလာပေလိမ့်မည်။
ယခု လုဖေးအာ နေထိုင်နေသော အိမ်မှာလည်း ထိုကဲ့သို့သော အိမ်မျိုးပင် မဟုတ်ပါလား။
ဤကမ္ဘာရှိ ရှင်ကျန်သူအတော်များများမှာ လူထက် သစ်ပင်ကို ပိုမိုတန်ဖိုးထားကြသူများ ဖြစ်သည်။
နောက်ပိုင်းတွင် လွတ်နေသော ကပ်ပါးသစ်ပင်အိမ်များမှာ ပို၍ပင် များပြားလာပေလိမ့်မည်။
ထို့ကြောင့် အကယ်၍ ကပ်ပါးနေထိုင်သူ တစ်ဦးသည် သင့်တော်သော အိမ်ရှင် ကို ရှာတွေ့ခဲ့ပြီး ထိုအိမ်ရှင်က သူ့အား ကပ်ပါးသစ်ပင်အိမ်တစ်ခု ပေးအပ်နိုင်ခဲ့မည်ဆိုပါက၊ အခြားနယ်မြေများသို့ သစ္စာဖောက်၍ ပြောင်းရွှေ့သွားရန်မှာ ဖြစ်နိုင်ချေ ရှိနေပေသည်။
မာဟုန်ဝေကဲ့သို့ ထူးချွန်သူတစ်ဦးအဖို့ သစ္စာဖောက်ရန်မှာ ပို၍ပင် လွယ်ကူပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မည်သူကမျှ သူ၏ စွမ်းရည်ကို ငြင်းပယ်ကြမည် မဟုတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ရွှီရှင်းအနေဖြင့် မာဟုန်ဝေ၏ သစ်ပင်အိမ်ကို ခုတ်လှဲပစ်ကာ သူ့အား ဤဘက်သို့ အတင်းအကျပ် ခေါ်ဆောင်လာခဲ့စေကာမူ၊ သစ္စာဖောက်နိုင်ခြေမှာ ရှိနေဦးမည်သာ ဖြစ်သည်။
သို့သော် သူ့ကို သတ်ပစ်ရန်မှာလည်း ရွှီရှင်းအတွက် မဖြစ်နိုင်ပါပေ။
သူ၏ စွမ်းရည်မှာ အလွန်ပင် တန်ဖိုးရှိလှပြီး သစ်ပင်အိမ်၏ ကာကွယ်ရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်သဖြင့်၊ သူ့ကို သတ်လိုက်ရခြင်းမှာ နှမြောစရာ ကောင်းလှပေသည်။
ဘယ်လိုလုပ်ရမလဲ။
သူ အလေးအနက် စဉ်းစားရင်း သူ၏ အတွေးများကို အမျိုးသမီးနှစ်ဦးအား မျှဝေလိုက်သည်။
လုဖေးအာမှာမူ သူနှင့် စာချုပ်ချုပ်ထားသူဖြစ်ရာ သူမ၏ တည်နေရာမှာ သူ၏ မြေပုံပေါ်တွင် အမြဲ ပေါ်နေမည်ဖြစ်သလို၊ သူ၏ အကြားအာရုံမြှင့်တင်မှုကလည်း သူမ၏ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူနိုင်သဖြင့် သစ္စာဖောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် သူမအား ဤအကြောင်းများကို ပြောပြခြင်းမှာ ပြဿနာ မရှိပါပေ။
"ဝါး... ရှင်က ဒီလောက်အထိ အများကြီး စဉ်းစားထားတာလား။ဒါပေမဲ့ ရှင့်ပြောတာလည်း ဟုတ်နေတာပဲ..."
လီဝမ်ရှီးမှာ ပို၍ပင် စိုးရိမ်သွားကာ "ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ" ဟု မေးလိုက်၏။
အခန်း ၃၂၁ ပြီး။