အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အပိုင်း (၃၂၂) - ကပ်ပါးနေထိုင်သူများ သစ္စာဖောက်နိုင်ခြေ (၂)
"ဒီလိုနည်းနဲ့ သစ္စာဖောက်လို့ ရတာလား"
ရွှီရှင်း၏ ရှင်းပြချက်ကို နားထောင်ရင်း လုဖေးအာ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာတော့သည်။
ဤနည်းလမ်းမှာ တကယ့်ကို ပါးနပ်လှပေသည်။ ဤလူကြီးက သူမကို သစ္စာဖောက်နည်း သင်ပေးနေတာလား။
နှမြောစရာကောင်းသည်မှာ စာချုပ်ချုပ်ထားရသူပီပီ ယခုအချိန်တွင် သူမ၏စိတ်ထဲ၌ သစ္စာဖောက်ရန်ဟူသော အတွေးမျိုး အစအနပင် ပေါ်မလာနိုင်ခြင်းပင်။
ဒါ့အပြင် သူမ၏ ပင်မသစ်ပင်အိမ်မှာ အခုထိ အခုတ်မခံရသေးသော်လည်း၊ ရွှီရှင်းမှာ ထိုအိမ်၏ ပိုင်ရှင်ကဲ့သို့ ဖြစ်နေချေပြီ။
သူမ၏ ပင်မသစ်ပင်အိမ်နှင့် ကပ်ပါးသစ်ပင်အိမ်မှာ ယခုဆိုလျှင် ဘာမှမထူးတော့ပါပေ။
အကယ်၍ သူသာ ထိုအိမ်ကို ခုတ်လှဲရန် ဆုံးဖြတ်လိုက်ပါက သူမအနေဖြင့် တားဆီးနိုင်စွမ်း လုံးဝမရှိပေ။
ထို့ကြောင့် သူမ၏ ပင်မသစ်ပင်အိမ် ဆုံးရှုံးသွားပြီးနောက် သူပြောသည့်နည်းလမ်းဖြင့် သစ္စာဖောက်ခဲ့မည်ဆိုလျှင်ပင်၊ သူမသည် အခြားသော ပင်မသစ်ပင်အိမ်ပိုင်ရှင်တစ်ဦး၏ ချုပ်ကိုင်မှုအောက်သို့သာ ထပ်မံရောက်ရှိသွားမည် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သစ္စာဖောက်လိုက်ခြင်းသည် လူတစ်ယောက်၏ ကျွန်ဘဝမှ နောက်လူတစ်ယောက်၏ ကျွန်ဘဝသို့ ကူးပြောင်းသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် စာချုပ်သာ မရှိလျှင်ပင် သူမ သစ္စာဖောက်မည် မဟုတ်ပါပေ။
အကယ်၍ ရွေးချယ်စရာသာ ရှိခဲ့လျှင် သူမသည် ရွှီရှင်း၏ ကျွန်အဖြစ်သာ လိမ္မာပါးနပ်စွာ နေထိုင်သွားချင်သည်။
ဘာပဲဖြစ်ဖြစ် ဤလူကြီးမှာ နယ်မြေအားလုံးတွင် နံပါတ်တစ် မဟုတ်ပါလား။
သူ၏နောက်ကို လိုက်ခြင်းကသာ ရှင်သန်နိုင်စွမ်း အကြီးမားဆုံး ဖြစ်ပေလိမ့်မည်။
ဒါ့အပြင် သူသည် သူမ အားနည်းနေချိန်တွင်လည်း ဘာမှမလုပ်ခဲ့ဘဲ အများဆုံးဆိုလျှင် ခြောက်လှန့်ရုံမျှသာ လုပ်ခဲ့သည် မဟုတ်ပါလား။
ဤကဲ့သို့ ကောင်းမွန်သော ဆက်ဆံမှုကို ရရှိနေတာတောင် အခြားသူ၏ ကျွန်သွားလုပ်မည့်သူမှာ အရူးသာ ဖြစ်ပေလိမ့်မည်။
အကယ်၍သာ သူမ အမှန်တကယ် လွတ်မြောက်ပြီး သခင်ပြန်ဖြစ်နိုင်မည့် အခွင့်အရေးမျိုး ရှိခဲ့လျှင်တော့ သစ္စာဖောက်ဖို့ စဉ်းစားကောင်း စဉ်းစားမိနိုင်ပေသည်...။
"ရှင်က နယ်မြေအားလုံးမှာ ထိပ်ဆုံးကလူပဲကို၊ သစ္စာဖောက်ခံရမှာကို ကြောက်နေသေးတာလား"
လုဖေးအာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ "သူသာ ဦးနှောက်ရှိမယ်ဆိုရင် ကိုယ့်ထက် အားနည်းတဲ့သူဆီမှာ သွားပြီး ခွေးလုပ်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား" ဟု မေးလိုက်၏။
"ဒီကိစ္စက အနည်းငယ် ရှုပ်ထွေးတယ်"
လီဝမ်ရှီး ရွှီရှင်းကို လှမ်းကြည့်လိုက်ရာ ရွှီရှင်းက ခေါင်းညိတ်ပြသဖြင့်၊ သူမသည် လုဖေးအာအား အကြောင်းစုံကို ရှင်းပြလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့မှာတော့ လုဖေးအာက အဓိကဇာတ်ဆောင် မဟုတ်ပါလား။
သူမကို ဤအကြောင်းများ ပြောပြထားခြင်းက ကောင်းမွန်လှပေသည်။
သူမ၏ အသက်မှာ ရွှီရှင်း၏ လက်ထဲတွင် ရှိနေသဖြင့် သူမ ပြဿနာရှာဝံ့မည် မဟုတ်ပေ။
"အာ..."
ရွှီရှင်းက မာဟုန်ယွီ၏ လက်သီးကို ချိုးပြီး ခေါင်းကို တိုက်ရိုက် ခုတ်ဖြတ်ခဲ့သည်ဟူသော အကြောင်းကို ကြားလိုက်ရသောအခါ လုဖေးအာ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်သွားခဲ့ရသည်။
သူမ၏ လည်ပတ်ကို လှီးဖြတ်ခံခဲ့ရစဉ်က မြင်ကွင်းကို သူမ ပြန်လည် အမှတ်ရမိသွား၏။
ထိုစဉ်က ရရှိခဲ့သော စိတ်ဒဏ်ရာမှာ လက်ပတ်အတွင်းရှိ ဟင်းလင်းပြင်ထက်ပင် ပိုမိုကြီးမားလှပေသည်။
အကယ်၍သာ ထိုစဉ်က ဤလူကြီးက သူမ၏ ခေါင်းကိုပါ ခုတ်ဖြတ်ခဲ့လျှင် သူမ ပြန်ရှင်လာနိုင်ပါဦးမလားဆိုသည်မှာ မသေချာလှပေ။
ဤအချက်ကို တွေးမိသောအခါ သူမ အနည်းငယ်တော့ ကျေးဇူးတင်မိသွားသည်။
"ဒါပေမဲ့... ဒါက အဲဒီလိုမျိုးကိုး..."
လုဖေးအာ အတွေးထဲ နစ်မျောသွားတော့သည်။
ရွှီရှင်း ခုနက ပြောသွားတဲ့ ပြဿနာအတွက် သူမမှာ ဖြေရှင်းနည်း ရှိပုံရသည်...။
သူမသည် ဗီဇပြောင်းဆေးလုံးများကို ဖန်တီးနိုင်သည် မဟုတ်ပါလား။
ရွှီရှင်း၏ ဗီဇပြောင်းသတ္တဝါများနှင့် စာချုပ်ချုပ်ဆိုနိုင်စွမ်းနှင့်သာ ပေါင်းစပ်လိုက်လျှင်၊ မာဟုန်ဝေကို သူမကဲ့သို့ပင် ရွှီရှင်းအား လုံးဝ မဆန့်ကျင်နိုင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။
ဤစာချုပ်၏ အာနိသင်ကို သူမ အသေအချာ သိရှိထား၏။
၎င်းသည် ထွက်ပြေးလိုစိတ်ကို လုံးဝ ပျောက်ကွယ်သွားစေပြီး သူမအဖို့ ထွက်ပြေးဖို့ ကြိုးစားတာထက်စာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့က ပိုပြီး လွယ်ကူနေပေလိမ့်မည်။
ထို့ကြောင့် ဤနည်းလမ်းသည် ရွှီရှင်း၏ စိုးရိမ်ပူပန်မှုများကို တကယ်ပင် အပြည့်အဝ ဖြေရှင်းပေးနိုင်ပေသည်။
ဒါကို သူ့ကို ပြောပြသင့်လား...။
"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ"
လီဝမ်ရှီး သွားကြိတ်ကာ အကြံတစ်ခု ပေးလိုက်သည်။
"သူ့ကို ဒီဘက်ကို ဆွဲဆောင်လာခဲ့၊ ပြီးရင် ထိန်းချုပ်ရေးခလုတ် တွေကို တတ်နိုင်သမျှ များများလုပ်ခိုင်းပြီးတာနဲ့... ချက်ချင်းပဲ..."
သူမက သူမ၏ လည်ပင်းကို လက်ဖြင့် ဓားနှင့်လှီးသည့်ပုံစံ ပြလိုက်၏။
"ဟ.. ဒီလောက်တောင် ရက်စက်တာလား"
ရွှီရှင်းက စနောက်လိုက်သည်။
"အလုပ်ပြီးရင်တော့ သတ်ပစ်မယ်ပေါ့ ဟုတ်လား"
"ကျွန်မက ရှင့်ရဲ့ ဘေးကင်းရေးအတွက် စဉ်းစားပေးတာလေ"
လီဝမ်ရှီး စားပွဲကို ရိုက်ပြီး ပြန်ပြောလိုက်ရာ သူမ၏ ပါးပြင်လေးများ နီမြန်းသွားခဲ့ရသည်။
သူမကိုယ်တိုင်လည်း ဤနည်းလမ်းမှာ လူမဆန်လွန်းဟု ခံစားမိပုံရပေသည်။
ရွှီရှင်း၏ လက်ရှိ တိုးပွားနေသော သံယောဇဉ်စွမ်းအားကြောင့် သူမမှာ စိတ်ဆိုး၍ မရတော့ဘဲ၊ ဤကဲ့သို့ ရက်စက်သော စကားမျိုး ပြောမိခြင်းကိုပင် နောင်တရနေမိ၏။
"အီး ... အီးးး"
ခဲခဲလေးသည် လီဝမ်ရှီး စားပွဲရိုက်လိုက်သဖြင့် လန့်သွားကာ ရွှီရှင်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်ကြည့်ရှာရာ လီဝမ်ရှီးက သူမကို ချက်ချင်း လှမ်းယူကာ အတင်း ပွတ်သပ်ဖျစ်ညှစ်တော့သည်။
"... နင်ပြောတာက ကျိုးကြောင်းဆီလျော်ပေမဲ့လည်း..."
ရွှီရှင်း သက်ပြင်းချလိုက်မိ၏။
သူမ အကြံပေးသည်မှာ အမြဲတမ်းအတွက် စိတ်အေးရမည့် နည်းလမ်းဖြစ်သော်လည်း ရွှီရှင်းအနေဖြင့် မာဟုန်ဝေ၏ စွမ်းရည်ကို တကယ်ပင် လက်မလွှတ်ချင်ပေ။
ထိုသို့လုပ်ခြင်းမှာ ရွှေဥ ဥပေးမည့် ငန်းကို သတ်ပစ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဒါ့အပြင် သူ၏ စွမ်းရည်မှာ နောင်တစ်ချိန်တွင် ပိုမို အစွမ်းထက်လာနိုင်သည် မဟုတ်ပါလား။
ရွှီရှင်းသည် အနီရောင် ဗီဇပြောင်းဆေးလုံးကို ထုတ်ယူလိုက်သည်။
ဖြစ်နိုင်လျှင် သူ့ကို ဤဆေးလုံး သောက်ခိုင်းလိုက်မည်။
ဒါဟာ သူ့အတွက်လည်း အကျိုးရှိစေမှာပဲ။
"အဲဒါပဲ"
လုဖေးအာသည် ရွှီရှင်း၏ လက်ထဲက ဆေးလုံးကို ညွှန်ပြကာ အော်ဟစ်လိုက်တော့သည်။
သူမ ဆုံးဖြတ်လိုက်ချေပြီ။
သူမတစ်ယောက်တည်း ဒုက္ခရောက်နေရတာ မတရားချေ။
ဒီမာဟုန်ဝေကိုလည်း သူမနဲ့အတူ အဖော်လုပ်ခိုင်းရမည်။
"သူ့ကို ဒါပဲ သောက်ခိုင်းလိုက်၊ ပြီးရင် ရှင်က စာချုပ်ချုပ်လိုက်ပေါ့။ ကျွန်မကို ယုံပါ၊ သူ ရှင့်ကို လုံးဝ မဆန့်ကျင်ဝံ့တော့ဘူး။ ရှင် သူ့ကို ဘာပဲလုပ်လုပ် သူ ငြိမ်ခံနေရမှာပဲ"
လုဖေးအာ၏ စကားကြောင့် ရွှီရှင်း၏ နဖူးပေါ်တွင် အမည်းစက်များ ထင်ကျန်သွားခဲ့သလို၊ လီဝမ်ရှီး၏ ပါးပြင်များလည်း နီမြန်းသွားခဲ့ရသည်။
"ဟေး... နင် ဘာတွေ လျှောက်ပြောနေတာလဲ"
သို့သော် သူမ ဆက်ပြောလိုက်သည့် စကားကတော့ ရွှီရှင်း၏ မျက်လုံးများကို ရုတ်တရက် ပြူးကျယ်သွားစေခဲ့၏။
"အမှန်တော့ ကျွန်မ ဒီဆေးလုံးကို ဖော်စပ်နိုင်တယ်၊ ရှင့်ဆီမှာ ကုန်ကြမ်းတွေ ရှိနေသရွေ့ပေါ့"
လုဖေးအာ သေသေချာချာ စဉ်းစားပြီးနောက် ဤသို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။
ဒါဟာ...။
"ဟင် နင်က ဒါကို ဖော်နိုင်တာလား။ ဒါဆိုရင် ကျွန်မလည်း တစ်လုံးလောက် စားကြည့်လို့ ရမလား"
လီဝမ်ရှီးသည်လည်း အလွန်ပင် အံ့သြသွားသော်လည်း ပိုပြီး ဝမ်းသာသွားပုံရပေသည်။
ဤဆေးလုံးမှာ တကယ်ပင် အစွမ်းထက်သည် မဟုတ်ပါလား။
"ရတာပေါ့"
လုဖေးအာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ ကုန်ကြမ်းတွေတော့ လိုအပ်တယ်။ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါရဲ့ အသားနဲ့ သွေးလားမသိဘူး။ အဲဒီလိုမျိုး ထင်တယ်၊ ကျွန်မကိုယ်တိုင်လည်း တစ်ခါမှတော့ မဖော်စပ်ကြည့်ရသေးဘူး"
"ဒါက..."
ရွှီရှင်း သူမကို ကြည့်ကာ ပထမတော့ မှင်သက်သွားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"နင် တကယ်ပဲ ဖော်စပ်နိုင်တာလား"
"... ဖော်စပ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲ။ ကျွန်မ ဖော်စပ်နိုင်တာကို ရှင်က ဝမ်းသာရမှာ မဟုတ်ဘူးလား"
ရွှီရှင်း၏ စိုက်ကြည့်မှုကို ခံလိုက်ရသဖြင့် လုဖေးအာ စိတ်လှုပ်ရှားသွားကာ လီဝမ်ရှီး၏ အနားသို့ တိုးကပ်သွားရှာသည်။
ရွှီရှင်း သူမကို ဆက်လက်စိုက်ကြည့်နေဆဲဖြစ်ပြီး သူ၏မျက်လုံးများမှာ တဖြည်းဖြည်း ကျုံ့ဝင်သွား၏။
"ငါ မှတ်မိသလောက်ဆိုရင် အရင်က ဒီအကြောင်းကို နင့်ကို မေးခဲ့ဖူးတယ် မဟုတ်လား။ နင် လိမ်ခဲ့တာလား။ အရင်ကတော့ ငါ့ကို လိမ်လို့မရဘူးလို့ ပြောခဲ့ပြီးတော့၊ အခုကျတော့ စာချုပ်ရဲ့ စွမ်းအားက နင်ပြောသလောက် မပြင်းထန်ဘူးနဲ့ တူတယ်"
ပြောရင်းဆိုရင်း ရွှီရှင်း သူ၏ ဘယ်ဘက်လက်ကို မြှောက်ပြလိုက်တော့သည်။
"ရှင် ဘာလုပ်မလို့လဲ"
လုဖေးအာ ထိတ်လန့်တကြားနှင့် လီဝမ်ရှီး၏ အနောက်သို့ ချက်ချင်း ပုန်းလိုက်၏။
"ရှင်က ကျွန်မကို ဒီဆေးလုံး နှစ်လုံးကို ဘယ်ကရသလဲလို့ပဲ မေးခဲ့တာလေ၊ ကျွန်မ ဖော်နိုင်သလားလို့မှ မမေးခဲ့တာ။ ကျွန်မ မလိမ်ပါဘူး၊ ရှင်ကမှ မမေးဘဲနဲ့ ကျွန်မကို အပြစ်လာတင်နေတာ"
ဟင် အဲဒီလိုလား။
ရွှီရှင်း ထိုစဉ်က စကားပြောခဲ့သည်များကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
အင်း... ကြည့်ရတာ... သူမ ပြောသလိုပဲ ဖြစ်ပုံရပေသည်။
"ဝမ်ရှီးရေ... ကယ်ပါဦး၊ သူ ကျွန်မကို ပြန်ပြီး ပိတ်လှောင်တော့မယ်..."
လုဖေးအာ၏ လေသံမှာ ငိုသံပါလာခဲ့ချေပြီ။
"ဟင် ဒါက ဘာပြောတာလဲ။ ပိတ်လှောင်တယ် ဘယ်မှာ ပိတ်လှောင်တာလဲ"
လီဝမ်ရှီးမှာ လုံးဝ နားမလည်နိုင် ဖြစ်နေသော်လည်း ငိုတော့မည့်ပုံ ပေါက်နေသော လုဖေးအာကို မသိစိတ်မှ အလိုလို ကာကွယ်ပေးလိုက်ရင်း "သူ့ကို မနှိပ်စက်ပါနဲ့၊ သူမက ရှင့်ကို ကူညီနေတာ မဟုတ်ဘူးလား" ဟု ရွှီရှင်းအား ပြောလိုက်၏။
ကြည့်ရတာ... ဒါက ငါ့ရဲ့ အထင်မှားမှုပဲ ဖြစ်ရမယ်။
ရွှီရှင်း ခေါင်းခါယမ်းလိုက်ရင်း "ငါ နင့်ကို အထင်မှားသွားတယ်၊ တောင်းပန်ပါတယ်" ဟု ဆိုလိုက်၏။
ရွှီရှင်းက လျှော့ပေးလိုက်သောအခါမှ လုဖေးအာ သက်ပြင်းချနိုင်တော့သည်။
ဟုတ်ပေသည်။
လီဝမ်ရှီးနဲ့ ဆက်ဆံရေးကောင်းအောင် ထားတာက သူမအတွက် တကယ့်ကို ဘေးကင်းလုံခြုံမှုပင်။
သူမကိုယ်သူမ ပါရမီရှင်တစ်ယောက်ဟုပင် ခံစားလိုက်ရ၏။
"ဒါနဲ့ ပိတ်လှောင်တယ်ဆိုတာက တကယ်တမ်း ဘာအကြောင်းလဲ"
လီဝမ်ရှီးက အဓိကအချက်ကို ဖမ်းမိသွားပြီး လုဖေးအာနှင့် ရွှီရှင်းကို အကဲခတ်ကာ "ပိတ်လှောင်တယ် ဟုတ်လား" ဟု ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
"အဲဒါက ဒီလိုရှိတယ်..."
ရွှီရှင်းမှာ အထင်မှားမှုများ မဖြစ်စေလိုသဖြင့် သူ၏လက်ပတ်အကြောင်းကို အနည်းငယ် ရှင်းပြလိုက်၏။
"အဲဒီလက်ပတ်ထဲမှာဆိုရင် တကယ့်ကို မှောင်မည်းနေတာပဲ၊ ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးလိုပဲလေ။ ဘာမှလည်း မမြင်ရဘူး၊ ဘာအသံမှလည်း မကြားရဘူး။ ကိုယ့်ရဲ့ နှလုံးခုန်သံကိုပဲ ကိုယ်ပြန်ကြားနေရတာ။ တကယ့်ကို ကြောက်ဖို့ကောင်းတာ။ အထဲမှာ ကြာကြာနေရရင်တော့ စိတ်ရူးပေါက်သွားမှာ သေချာတယ်"
လုဖေးအာက ထိတ်လန့်တကြားနှင့် ပြန်ပြောပြရှာသည်။
"ဪ... အသံတိတ်အခန်း လိုမျိုးပေါ့"
လီဝမ်ရှီး သဘောပေါက်သွား၏။
"ဒါက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ အဲဒီလိုအခန်းထဲမှာဆိုရင် ဘယ်သူမှ တစ်နာရီထက်ပိုပြီး တောင့်မခံနိုင်ဘူးလို့ ပြောကြတယ်"
"အဲဒါထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်"
လုဖေးအာ ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။
"အနည်းဆုံးတော့ အဲဒီအခန်းထဲမှာ တစ်ခုခုကို မြင်နေရသေးတာလေ။ ဒီလက်ပတ်ထဲမှာတော့ လုံးဝ မှောင်မည်းနေပြီး ဘာကိုမှလည်း ထိတွေ့လို့ မရဘူး။ မြေအောက်မှာ မြှုပ်ထားတဲ့ ဟင်းလင်းပြင် ခေါင်းတလားကြီးထဲ ရောက်နေသလိုပဲ၊ တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်"
သူမ ချဲ့ကားပြောနေခြင်း မဟုတ်ပါပေ။
သူမအနေဖြင့် လီဝမ်ရှီး၏ သနားမှုကို ရရှိရန်အတွက် လက်ပတ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ဖော်ပြချင်သော်လည်း၊ သူမ၏ ဝေါဟာရအသုံးအနှုန်းများဖြင့် ထိုကြောက်စိတ်ကို မည်သို့ ဖော်ပြရမှန်းပင် မသိနိုင်အောင် ဖြစ်နေခြင်းပင်။
ထိုအကြောင်းကို ပြောမိသည်နှင့် လက်ပတ်အတွင်းက ဟင်းလင်းပြင်ကို ပြေးမြင်မိကာ သူမ ငိုချင်စိတ်ပင် ပေါက်သွားရသည်။
တကယ့်ကို ကြောက်စရာကောင်းလှ၏။
"ကဲပါ... အဆင်ပြေသွားမှာပါ။ နင်သာ ကြီးကြီးမားမား အမှားမလုပ်ဘူးဆိုရင် ရွှီရှင်းက နင့်ကို အဲဒီထဲမှာ ပိတ်ထားမှာ မဟုတ်ပါဘူး"
လီဝမ်ရှီးက သူမအား နှစ်သိမ့်ပေးလိုက်၏။
"သူမ သရုပ်ဆောင်နေတာကို မယုံနဲ့ဦး၊ ဘယ်လောက်အထိ ချဲ့ကားပြောနေသလဲမှ မသိတာ"
ရွှီရှင်း မျက်လုံးတစ်ချက် စောင်းကြည့်လိုက်မိသည်။
"ကျွန်မ မချဲ့ကားပါဘူး"
လုဖေးအာသည် သူမ၏စကားကို မယုံကြည်သဖြင့် ဒေါသကြောင့် မျက်နှာလေး နီမြန်းသွားရသည်။
"ရှင် မယုံဘူးဆိုရင် ကိုယ်တိုင်သာ ဝင်ကြည့်လိုက်တော့"
အမှန်အတိုင်းပြောရလျှင် အမှားလုပ်မိ၍ အပြစ်ပေးခံရခြင်းမှာ သူမအတွက်တော့ ပုံမှန်ပင် ဖြစ်သော်လည်း၊ ထိုလက်ပတ်ကတော့ တကယ်ကို လွန်လွန်ကဲကဲ ဖြစ်လှပေသည်။
အမှားသေးသေးလေး လုပ်မိရုံနှင့် ထိုထဲတွင် ပိတ်လှောင်ခံရခြင်းမှာ ငါးကျပ်ခိုးမိလို့ သေဒဏ်ပေးခံရသကဲ့သို့ပင် သူမ ခံစားနေရခြင်း ဖြစ်၏။
"ကဲ... ဒီအကြောင်းကို ဒီမှာတင် ရပ်ကြရအောင်"
ရွှီရှင်းက စကားဖြတ်လိုက်သည်။
"အကယ်၍ နင် တကယ်ပဲ ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုရင်၊ အခုပဲ တစ်လုံးလောက် ဖော်စပ်ကြည့်"
အခန်း ၃၂၂ ပြီး။
အပိုင်း (၃၂၃) - ဗီဇပြောင်းဆေးလုံး ထုတ်လုပ်ခြင်းနှင့် ခရီးစတင်ခြင်း
မာဟုန်ဝေ၏ကိစ္စမှာ ပြဿနာမရှိနိုင်တော့ဟု ယူဆရန်အတွက် လုဖေးအာအနေဖြင့် ဆေးလုံးကို တကယ်ဖော်စပ်နိုင်ခြင်း ရှိ၊ မရှိ အရင်ဆုံး စမ်းသပ်ကြည့်ခိုင်းရန် ရွှီရှင်း ဆုံးဖြတ်လိုက်သည်။
"ကျွန်မ ပြောပြီးသားပဲလေ၊ ကုန်ကြမ်းတွေ လိုတယ်လို့..."
လုဖေးအာသည် ရွှီရှင်းကို သိပ်ပြီး ဂရုမစိုက်ချင်သော်လည်း၊ စာချုပ်၏ အရှိန်အဝါနှင့် တိုးပွားနေသော သံယောဇဉ်စွမ်းအားကြောင့် မဖြေဘဲ မနေနိုင်ဖြစ်ကာ "အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေရဲ့ အသား လိုတယ်။ ဘယ်လိုအမျိုးအစားလဲဆိုတာတော့ ကျွန်မလည်း အတိအကျ မသိဘူး၊ ဒါပေမဲ့ ရှင့်ဘက်က ရှာပေးနိုင်ရင် ကျွန်မ ဖော်စပ်ပေးလို့ ရတယ်" ဟု ပြန်ပြောရှာသည်။
"အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါရဲ့ အသား ဟုတ်လား"
လီဝမ်ရှီး၏ မျက်လုံးများ ဝင်းခနဲဖြစ်သွားပြီး ရွှီရှင်းကို လှမ်းကြည့်ကာ "ရှင့်ဆီမှာ အဲဒါတွေ ရှိတယ် မဟုတ်လား။ အများကြီးတောင် ရှိတာလေ၊ ဟုတ်တယ်မလား" ဟု မေးလိုက်၏။
"ဟင်"
လုဖေးအာ မျက်လုံးပြူးသွားသည် "ရှင် တကယ်ပဲ ရှိတာလား။ ရှင်က ဘာလို့ အရာအားလုံး ရှိနေရတာလဲ"
"ရှိတာပေါ့"
ရွှီရှင်း၏ နှုတ်ခမ်းအစုံမှာ အောင်နိုင်သူအပြုံးဖြင့် ကွေးညွတ်သွားသည်။
ဒါဟာ တကယ့်ကို အားစိုက်စရာမလိုဘဲ ရလာတဲ့ အခွင့်အရေးပင်။
အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါအသား သို့မဟုတ် ညစ်ညမ်းနေသော ဗီဇပြောင်းသား မှာ သူ့ထံ၌ ပေါများလှပေသည်။
သွေးရောင်ယုန်၊ သွေးရောင်ကြောင်နှင့် ထိုသွေးရောင်မာလင်ငါး အထူးသဖြင့် ထိုမာလင်ငါး၏ အသားမှာ ကီလိုဂရမ် ရာဂဏန်းအထိ ရှိနေသည် မဟုတ်ပါလား။
အရင်ကတော့ သူသည် ငွေရောင်ဘုရင်အတွက် ဗီဇပြောင်းဆေးရည် အနည်းငယ်ဖော်စပ်ရာတွင်သာ သုံးခဲ့ပြီး၊ ထိုအချိန်မှစ၍ မသုံးဖြစ်တော့ပေ။
ထိုအသားမျိုးမှာ ပုပ်သိုးသွားခြင်း မရှိသဖြင့် သူ၏အလုပ်ရုံရှိ ဗီဇပြောင်းဆေးရည် ပေါင်းစပ်စင် ဘေးက ကျောပိုးအိတ်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်၏။
"ငါ့နောက် လိုက်ခဲ့ကြ"
ရွှီရှင်းသည် လုဖေးအာနှင့် လီဝမ်ရှီးတို့ကို ဒုတိယထပ်ရှိ သူ၏အလုပ်ရုံသို့ ခေါ်ဆောင်လာခဲ့သည်။
"ရှင့်မှာ အလုပ်လုပ်တဲ့ စင်တွေ အများကြီးပဲ..."
လုဖေးအာ နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။
မနေ့က သူမသည် အဂ္ဂိရတ်ခန်းကိုသာ လှည့်ပတ်ကြည့်ခဲ့ပြီး ဤအလုပ်ရုံထဲသို့ မဝင်ခဲ့ပါပေ။
အခု မြင်တွေ့ရသည်မှာ သူမ၏ အလုပ်ရုံထက် များစွာ သာလွန်လှသည် မဟုတ်ပါလား။
"ဟုတ်တယ်၊ ဟဲဟဲ... ဒီမှာကြည့်၊ ဒီအခြေခံ လျှပ်စစ်ပစ္စည်းစင်ဆိုရင် ကျွန်မပေးတဲ့ ကုန်ကြမ်းတွေနဲ့ သူ လုပ်ထားတာလေ"
လီဝမ်ရှီးက အလုပ်ရုံစင်ကို ပုတ်ရင်း ဂုဏ်ယူစွာ ပြောလိုက်၏။
"လျှပ်စစ်ပစ္စည်း ဟုတ်လား"
လုဖေးအာ ထပ်မံ အော်ဟစ်လိုက်မိပြန်သည်။
"ရှင်... ရှင်က လျှပ်စစ်ပစ္စည်းတွေပါ လုပ်နိုင်နေပြီလား။ ဒါပေမဲ့ ဒီမှာ ဘာတစ်ခုမှ မတွေ့မိပါလား"
"ကုန်ကြမ်းက မလောက်သေးလို့လေ၊ အခုထိတော့ ဘာမှ မလုပ်ရသေးဘူး"
ရွှီရှင်းသည် ကန်အလယ်တွင် မြင်ခဲ့ရသော အစိမ်းရောင် သတ္တုရိုင်းများကို ပြေးမြင်မိ၏။
အကယ်၍သာ ၎င်းမှာ တကယ့် ကြေးနီသတ္တုရိုင်း ဖြစ်နေမည်ဆိုပါက၊ လျှပ်စစ်ပစ္စည်းများကို ဖန်တီးနိုင်တော့မည် ဖြစ်သည်။
သူ၏ အမိုးပေါ်က မိုးကြိုးလွှဲတိုင်မှာ လင်းလက်နေခြင်း မရှိတော့သော်လည်း၊ တစ်ခါတစ်ရံတွင် တဝီဝီအသံများ ထွက်ပေါ်နေသဖြင့် လျှပ်စစ်ဓာတ်အားမှာ လုံလောက်စွာ ရှိနေသေးကြောင်း သိသာလှပေသည်။
မာဟုန်ဝေ၏ကိစ္စ ပြေလည်သွားသည်နှင့် သူသည် ကန်အတွင်းကို သွားရောက်စစ်ဆေးရန် စီစဉ်ထား၏။
ဒါပေမဲ့ သေချာပေါက် ခဲခဲလေးကိုတော့ ခေါ်သွားရမည်။
အကယ်၍ ခဲခဲလေးသာ ကန်ထဲမှာ အန္တရာယ်ရှိသည်ဟု အာရုံခံမိပါက သူ ဆင်းမည်မဟုတ်ပါပေ။
အသက်က အဓိက မဟုတ်ပါလား။ သူ ဧရာမမြွေကြီးနှင့် တိုက်ရိုက် ရင်မဆိုင်ချင်ပါပေ။
ရွှီရှင်းသည် ညစ်ညမ်းနေသော ဗီဇပြောင်းသားများကို သူ၏ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ရာ၊ သူ၏ အာရုံခံစွမ်းရည်အောက်တွင် ထိုအသားများမှာ မီးခိုးရောင်အလင်းတန်းများ ထွက်ပေါ်နေပေသည်။
[ညစ်ညမ်းနေသော ဗီဇပြောင်း တောယုန်သား (မီးခိုးရောင်အဆင့်): အလွန်အမင်း အဆိပ်ပြင်းလှပြီး သားရဲများကို များစွာ ဆွဲဆောင်နိုင်သည်။ စားသုံးမိပါက ချက်ချင်း သေဆုံးနိုင်ခြေ အလွန်များပြီး အလောင်းမှာလည်း အသုံးမဝင်တော့ပေ။ ဗီဇပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပါသည်။]
သူသည် အသားတစ်တုံးကို လုဖေးအာထံ ကမ်းပေးလိုက်ရင်း "ဒါ နင်ပြောတဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါရဲ့ အသားပဲ" ဟု ဆိုလိုက်၏။
လုဖေးအာသည် ထိုအသားကို လှမ်းယူလိုက်ရာ သူမ၏ အကြည့်များမှာ ဝေဝါးသွားခဲ့သည် "မယုံနိုင်စရာပဲ... အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါရဲ့ အသားက အရမ်းမွှေးနေခဲ့ပေမဲ့၊ အလယ်အလတ်အဆင့် အသားကျတော့ အဆိပ်တွေ ဖြစ်နေတာလား။ ပြီးတော့..."
"နင် ဒါကို စားချင်နေတာတော့ မဟုတ်ပါဘူးနော်"
လီဝမ်ရှီးသည် လုဖေးအာ၏ အမူအရာ ထူးဆန်းနေသည်ကို မြင်သဖြင့် သူမ၏ မျက်နှာရှေ့တွင် လက်ယမ်းကာ မေးလိုက်၏။
"စားချင်စိတ် နည်းနည်း ပေါက်နေသလိုပဲ..."
လုဖေးအာ လက်မြှောက်ကာ ပါးစပ်ထောင့်ကို သုတ်လိုက်ရသည်။
သူမ တကယ်ပင် သွားရည်ကျနေခဲ့ခြင်း ဖြစ်၏။
"အခုဆိုရင် ဒါကို အစိမ်းလိုက်တောင် ဝါးစားပစ်ချင်နေပြီ..."
လုဖေးအာ၏ တုံ့ပြန်မှုကို မြင်ရသောအခါ ရွှီရှင်းသည် ဂူထဲတွင် သူ ကြုံခဲ့ရသော လင်းနို့အုပ်ကြီးကို ပြေးမြင်မိသွားသည်။
ထိုစဉ်က သူသည် ဤအသားကို သုံး၍ သူတို့ကို ဆွဲဆောင်ကာ အဆိပ်ခတ်ရန် ကြံစည်ခဲ့ဖူးသည်။
သို့သော်လည်း သူတို့မှာ သေဆုံးသွားခြင်းမရှိဘဲ ထိုအသားကို ဝိုင်းဝန်း လုယက်စားသောက်ကာ သူ့ကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလား။
ဖြစ်နိုင်တာက လုဖေးအာလည်း အတူတူပင် ဖြစ်လိမ့်မည်။
သူမသည်လည်း ဤအသားကို စားရုံနှင့် သေဆုံးမည် မဟုတ်ပါပေ။
"တကယ်ကြီးတော့ မစားနဲ့ဦးနော်၊ ချက်ချင်း သေသွားနိုင်ခြေ အရမ်းများတယ်"
လီဝမ်ရှီးသည် လုဖေးအာ ခေါင်းငုံ့ကာ ကိုက်တော့မည့်အပြုအမူကို မြင်သည်နှင့် ယုန်သားတုံးကို သူမလက်ထဲမှ အမြန် လုယူလိုက်တော့သည်။
"အာ..."
အသားကို လုယူခံလိုက်ရမှ လုဖေးအာ သတိပြန်ဝင်လာခဲ့ပြီး ရုတ်တရက် ထိတ်လန့်သွားရှာသည်။
"ဘုရားရေ... ကျွန်မ... ကျွန်မက အသားစိမ်းကို စားချင်နေတာလား။ ကျွန်မက တောရိုင်းတိရစ္ဆာန် တစ်ကောင်လို ဖြစ်သွားပြီလား"
"... နင်က အခု ဗီဇပြောင်းသတ္တဝါ ဖြစ်နေပြီဆိုတော့ စားလိုက်လို့လည်း သေမှာ မဟုတ်လောက်ပါဘူး"
"ဟင်"
လုဖေးအာ၏ မျက်လုံးများ ချက်ချင်း ဝင်းခနဲဖြစ်သွားသည်။
"ကျွန်မ တကယ် စားလို့ရတာလား။ တစ်ကိုက်လောက် ပေးပါဦး၊ တကယ်ကို စားချင်လွန်းလို့ပါ"
လီဝမ်ရှီးသည် အသားတုံးကို သူမ၏အနောက်ဘက်သို့ အမြန်ဝှက်လိုက်ရင်း "ဒါက အသားစိမ်းလေ၊ သတိလေး ဘာလေး ထားပါဦး" ဟု ငေါက်လိုက်ရရှာသည်။
"မရဘူး၊ ဒါကို စားဖို့ မစဉ်းစားနဲ့။ ဒီအသားက ဆေးရည်တွေနဲ့ ဆေးလုံးတွေ ဖော်ဖို့အတွက် အကောင်းဆုံးပဲ။ နင့်ကို ဒီအတိုင်းကျွေးလိုက်ရတာက နှမြောစရာကြီး" ဟု ရွှီရှင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
"... ကောင်းပါပြီလေ။"
လုဖေးအာမှာ ရွှီရှင်း၏ ဆန္ဒကို မလွန်ဆန်ဝံ့သဖြင့် နှုတ်ခမ်းလေးစူကာ တံတွေးတစ်ချက် ထပ်မျိုလိုက်ပြီးနောက် ပေါင်းစပ်စင်ဆီသို့ လျှောက်သွားတော့သည်။
"နင် ဘာလုပ်မလို့လဲ"
ရွှီရှင်းသည် လုဖေးအာက သူ၏ ပေါင်းစပ်စင်ကို အသုံးပြုရန် ပြင်နေသည်ကို မြင်သဖြင့် မေးလိုက်၏။
"ထူးခြားတဲ့ အလုပ်ရုံစင်တစ်ခုကို အရင်ဖန်တီးရမယ်။ အဲဒါမရှိရင် ဆေးလုံးတွေ ဖော်လို့မရဘူး"
လုဖေးအာ ဆက်လက်လုပ်ဆောင်နေရင်း လီဝမ်ရှီးဘက်သို့ လှည့်ကာ
"ဝမ်ရှီး... နင့်ဆီမှာ သံတုံးတွေ ပါလား။ အစိမ်းရောင်အဆင့် ငါးဆယ်လောက် လိုတယ်" ဟု ဆိုလိုက်သည်။
"အစိမ်းရောင်အဆင့် သံတုံးတွေလား။ အများကြီး ရှိတာပေါ့။"
လီဝမ်ရှီး သူမ၏ကျောပိုးအိတ်ကို မကာ အစိမ်းရောင်အဆင့် သံတုံးပုံကြီးတစ်ပုံကို မြေပြင်ပေါ်သို့ ချပေးလိုက်၏။
"ထူးခြားတဲ့ အလုပ်ရုံစင် ဟုတ်လား"
ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည် "နင့်ဆီမှာလည်း... ထူးခြားတဲ့ စွမ်းရည်အချို့ ရှိနေတာလား"
လုဖေးအာ၏ သစ်ပင်အိမ်သည် ကျိချောင်းယန်နှင့် ရွှီရှင်း၏ သစ်ပင်အိမ်များအကြားတွင် ရှိနေခြင်းဖြစ်ရာ၊ အကယ်၍ ဤနယ်မြေသည် တကယ်ပင် ထူးခြားမည်ဆိုပါက သူမတွင်လည်း အချို့သော စွမ်းရည်များ ရှိနေနိုင်ချေ ရှိပေသည်။
"ထူးခြားတဲ့ စွမ်းရည်လား။ရှင့်မှာရှိတဲ့ ပင်ကိုယ်စွမ်းရည်မျိုးလား။အဲဒီလိုတော့ ကျွန်မမှာ မရှိဘူး၊ ဒါပေမဲ့..."
လုဖေးအာ ဖန်တီးရန် ခလုတ်ကို နှိပ်လိုက်၏။
မြေပြင်ပေါ်က သံတုံးများ ပျောက်ကွယ်သွားခဲ့ပြီး အလင်းတန်း တစ်ချက်နှင့်အတူ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာကာ၊ ရွှီရှင်း၏ ဗီဇပြောင်းဆေးရည် ပေါင်းစပ်စင် နှင့် ဆင်တူသော သံပေါင်းစပ်စင်တစ်ခု ပေါ်ထွက်လာတော့သည်။
"ဒါပေမဲ့ ဒါက ကျွန်မ ဂူထဲမှာ ရခဲ့တဲ့ စွမ်းရည်လေ။ ဗီဇပြောင်းလူသား ထုတ်လုပ်သူ စာချုပ်လို့ ခေါ်တယ်"
လုဖေးအာက ပေါင်းစပ်စင်ကို ညွှန်ပြကာ "ဒီဆေးလုံးတွေကိုလည်း အဲဒီစာချုပ်နဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာ" ဟု ရှင်းပြသည်။
"ဗီဇပြောင်းလူသား ထုတ်လုပ်သူ ဟုတ်လား"
လီဝမ်ရှီး အော်ဟစ်လိုက်မိသည်။
"ဒီနာမည်က ကြည့်ရတာ... ကြောက်စရာကြီးပဲ။ ကလုန်းလူသားတွေ ဖန်တီးတဲ့ အရူးသိပ္ပံပညာရှင် တစ်ယောက်လိုပဲ။ ဒါက တကယ်ပဲ အသက်မွေးဝမ်းကျောင်း တစ်ခုလား"
ရွှီရှင်းကတော့ သိပ်ပြီး အံ့သြမနေပါပေ။
သူမသည် ထိုဗီဇပြောင်းဆေးလုံးများကို ဖော်စပ်နိုင်သည့် စာချုပ်ကို ဂူထဲတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး၊ နာမည်အရဆိုလျှင်လည်း ၎င်းမှာ အသက်မွေးဝမ်းကျောင်းစာချုပ်တစ်ခု ဖြစ်ပုံရပေသည်။
သူသည်လည်း သူ၏ အနုပညာရှင်စွမ်းရည်ကို စာချုပ်တစ်ခုမှတစ်ဆင့် ရရှိခဲ့သကဲ့သို့ပင် ဖြစ်သည်။
ရွှီရှင်းသည် ထိုအလုပ်ရုံစင်ကို လှမ်းထိကြည့်လိုက်၏။
[ဗီဇပြောင်းဆေးလုံး ထုတ်လုပ်ရေးစင်: လူသားများအား မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိသော ဗီဇပြောင်းသတ္တဝါများ၏ စွမ်းရည်များ ရရှိစေနိုင်မည့် ဆေးလုံးများကို ပေါင်းစပ်ထုတ်လုပ်ပေးနိုင်ပါသည်။]
ဖော်ပြချက်မှာ ရိုးရှင်းသော်လည်း တိကျလှပေသည်။
ရွှီရှင်း စာရင်းကို နှိပ်ကြည့်လိုက်ရာ ဤနေရာမှာ သူ၏ သစ်ပင်အိမ်ဖြစ်သဖြင့် သူ အသုံးပြုနိုင်ပေသည်။
သို့သော် စာရင်းမှာ လွတ်နေသဖြင့် ဤစင်ကို အသုံးပြု၍ သူကိုယ်တိုင် ဆေးလုံးဖော်၍ မရကြောင်း၊ လုဖေးအာ ကိုယ်တိုင်သာ ဖော်စပ်ရမည်ဖြစ်ကြောင်း သိလိုက်ရ၏။
"ဘာလို့ နင့်ရဲ့ သစ်ပင်အိမ်ထဲမှာ ဒီစင်ကို ငါ မတွေ့ခဲ့ရတာလဲ"
သူ လုဖေးအာဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အမလေးရှင်... အစိမ်းရောင်အဆင့် သံတုံး ငါးဆယ်လေ၊ အဲဒီတုန်းက ကျွန်မမှာ ဘယ်ကနေ အဲဒီလောက်အထိ ရှိမှာလဲ"
လုဖေးအာမှာ စကားပင် မဆိုနိုင်တော့ပေ။
ဪ... ဟုတ်သားပဲ။
ထိုစဉ်က သူမတွင် လက်နက်ပင် မရှိဘဲ အပြာရောင်အဆင့် ကျောက်လက်နက်များသာ ရှိခဲ့သလို၊ အပြာရောင်အဆင့် သားရေချပ်ဝတ်ကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ရာ သံနှင့် လုံးဝ မပတ်သက်ခဲ့ပါပေ။
လုဖေးအာသည် လီဝမ်ရှီး၏ လက်ထဲမှ ညစ်ညမ်းနေသော အသားကို လှမ်းယူလိုက်ပြီး၊ စားချင်စိတ်ကို အသည်းအသန် အောင့်အည်းကာ ဗီဇပြောင်းဆေးလုံး ထုတ်လုပ်ရေးစင်ကို စတင် အသုံးပြုတော့သည်။
အလင်းတန်း တစ်ချက် ဝင်းခနဲဖြစ်သွားပြီးနောက်၊ အနီရောင်ဆေးလုံး နှစ်လုံး သူမ၏ လက်ထဲတွင် ပေါ်ထွက်လာတော့သည်။
"ရော့... ဒီမှာ"
လုဖေးအာသည် ထိုဆေးလုံးနှစ်လုံးစလုံးကို ရွှီရှင်းထံသို့ အလေးအနက် ကမ်းပေးလိုက်၏။
ရွှီရှင်း ချက်ချင်းပင် အချက်ပေးချက်တစ်ခု ရရှိလိုက်သည်။
[ဗီဇပြောင်းဆေးလုံး (အပြာရောင်အဆင့်): ရှင်ကျန်သူတစ်ဦး၏ စွမ်းရည်ကို ကဏ္ဍတစ်ခုတွင် မြှင့်တင်ပေးနိုင်ပြီး၊ ဆေးလုံးငယ်လေး တစ်လုံးတည်းဖြင့်ပင် ဗီဇပြောင်းလဲမှု စွမ်းအားများကို ရရှိစေနိုင်ပါသည်။ စားသုံးပြီးနောက် ရှင်ကျန်သူသည် ထိုစွမ်းအားကို အသုံးပြုခြင်း ရှိ၊ မရှိကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။]
အောက်တွင် ဆေးလုံး၏ လုပ်ဆောင်ချက်ကိုလည်း ဖော်ပြထားပေသည်။
ဗီဇပြောင်းလဲမှုစွမ်းအားကို အသက်သွင်းလိုက်ပါက တစ်နာရီကြာအောင် ခွန်အားအလွန်အမင်း ကြီးမားလာစေမည်ဖြစ်သော်လည်း ထိုအချိန်ကုန်ဆုံးသွားပါက ၂၄ နာရီကြာအောင် အားနည်းသွားမည့် အချိန် ကို ကြုံတွေ့ရမည် ဖြစ်သည်။
ထို့အပြင် ထိုစွမ်းအားကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် ပြန်မလှည့်နိုင်သော ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ကာ သွေးရောင်ဗီဇပြောင်းသတ္တဝါ တစ်ဦးအဖြစ် ပြောင်းလဲသွားမည် ဖြစ်ပေသည်။
"မဆိုးဘူး"
ရွှီရှင်း ထိုဆေးလုံးနှစ်လုံးကို သိမ်းဆည်းလိုက်ရင်း "ဒီဆေးလုံးတွေအပြင် တခြား ဘာတွေ ထပ်လုပ်လို့ ရသေးလဲ" ဟု မေးလိုက်၏။
အသက်မွေးဝမ်းကျောင်းတစ်ခု ဆိုသည်မှာ ဤဆေးလုံးတစ်မျိုးတည်းကိုသာ ဖော်စပ်နိုင်ခြင်းမျိုး မဟုတ်တန်ရာပေ။
"တကယ်တော့ ဒါပဲ ရှိသေးတာလေ။ စာရင်းထဲမှာလည်း ဒါတစ်မျိုးတည်းပဲ ရှိတာ၊ ကျွန်မ ဖော်နေတုန်းက ရှင် မြင်လိုက်သားပဲ မဟုတ်လား" လုဖေးအာ လက်ကို ဖြန့်ပြလိုက်သည်။
မှန်ပေသည်။
သူမ စင်ကို အသုံးပြုနေစဉ်က ဖန်တီးမှုစာရင်း၌ ဤဆေးလုံးတစ်မျိုးတည်းသာ ရှိသည်ကို သူတို့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ဖြစ်နိုင်တာက နောင်ကျလျှင် ထပ်မံ ထွက်ပေါ်လာနိုင်ခြင်းပင်။
"ကောင်းပြီလေ။ ဒါဆိုရင်တော့ စိုးရိမ်စရာ မရှိတော့ဘူး၊ မာဟုန်ဝေကို သွားရှာလို့ ရပြီ။ နင် သူ့ကို ဆက်သွယ်ပြီးပြီလား"
"အင်း... မနေ့ကတည်းက ဆက်သွယ်ထားတာ။ ဒီနေ့မနက်မှာ ငါတို့တွေ အတူတူ လာတွေ့မယ်လို့ ပြောထားတယ်" လုဖေးအာ ခေါင်းညိတ်ပြ၏။
"ကောင်းပြီ... ဒါဆိုရင် အခု သူ့ကို ထပ်ပြီး ဆက်သွယ်လိုက်ဦး။ ငါတို့တွေ ရောက်ခါနီးပြီလို့ ပြောလိုက်"
"ဟုတ်ကဲ့"
လုဖေးအာသည် သူမ၏နာရီကို ချက်ချင်း ပွတ်လိုက်ပြီး မာဟုန်ဝေထံသို့ အသံမက်ဆေ့ခ်ျ ပို့လိုက်တော့သည်။
"မာဟုန်ဝေက ရှင့်စကားတွေကို တကယ်ပဲ ယုံကြည်မယ်လို့ ထင်လို့လား"
လီဝမ်ရှီး အနည်းငယ် စိုးရိမ်နေဆဲဖြစ်သဖြင့် ရွှီရှင်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ "သူ့ရဲ့ စွမ်းရည်တွေက တကယ်ကို အားကောင်းတာလေ၊ ဟုတ်တယ်မလား။ အကယ်၍ သူက ရှင့်ရဲ့ သစ်ပင်အိမ်အပြင်ဘက်မှာ တစ်ခုခု လုပ်ဖို့ ကြံစည်ရင်..."
"လာမယ့်ဘေး ပြေးကြည့်တာပေါ့၊ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ရှူးးး... ဘာမှမပြောနဲ့ဦး၊ ဖုန်းဝင်သွားပြီ"
"ဪ... အင်း အင်း..."
လုဖေးအာ ဖုန်းချိတ်ဆက်မိသွားခဲ့ချေပြီ။
"လုဖေးအာ နင်တို့ ဒီနေ့ လာခဲ့ကြမှာလား"
မာဟုန်ဝေ၏ အသံမှာ အနည်းငယ် ပျင်းရိနေပုံရပြီး၊ အခုမှ အိပ်ရာနိုးလာပုံရပေသည်။
"ဟုတ်တယ်၊ ငါတို့တွေ ရောက်ခါနီးပြီ။ မိနစ်သုံးဆယ်အတွင်းလောက်တော့ ရောက်လာလိမ့်မယ်"
"ဝါး... နင်တို့တွေ ဒီလောက်တောင် စောစောစီးစီးလား"
တစ်ဖက်က အသံမှာ ချက်ချင်းပင် နိုးကြားသွားခဲ့သည်။
"ဂူလေးကော နင့်ဘေးမှာ ရှိလား"
"ကျွန်တော် ဒီမှာ ရှိပါတယ် မာအစ်ကိုကြီး၊ ကျွန်တော်တို့ အခု လာနေပြီ။ ခင်ဗျား အခုလောလောဆယ် အပြင်မထွက်နဲ့ဦး။ ကျွန်တော်တို့တွေ တိုင်ပင်ပြီးတော့ ခင်ဗျားရဲ့ မြောက်ဘက်က သစ်ပင်အိမ်ကို ဒီနေ့ သိမ်းပိုက်ဖို့ ကြိုးစားကြတာပေါ့" ဟု ရွှီရှင်းက လုဖေးအာ၏ နာရီထဲသို့ လှမ်းပြောလိုက်၏။
"ဘာပြဿနာမှ မရှိဘူး။ ငါလည်း ဒီရက်ပိုင်း အပြင်မထွက်ဖြစ်ပါဘူး၊ နင်တို့ကိုပဲ စောင့်နေတာ။ အဲဒီမြောက်ဘက်က မိန်းမက တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်၊ ငါလည်း အပြင်မထွက်ရဲဘူး။ နင်တို့တွေ မြန်မြန် လာခဲ့ကြပါ"
မာဟုန်ဝေ၏ လေသံမှာ အားကိုးရာမဲ့နေသည့် အသွင်ပေါက်နေသည်။
လီဝမ်ရှီး မျက်လုံးပြူးသွားပြီး သူမကိုယ်သူမ လက်ညှိုးထိုးကာ "ငါက ကြောက်ဖို့ကောင်းတယ် ဟုတ်လား။ ငါက ကြောက်ဖို့ကောင်းတယ်" ဟု အသံတိတ် မေးနေရှာသည်။
"... ဒီနေ့ အစီအစဉ်မှာ နင် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လုဖေးအာ၏ လေသံမှာ အနည်းငယ် အေးစိမ့်သွားပြီး စိတ်မရှည်သလို ခံစားချက်မျိုး ပါနေသည်။
"သစ်ပင်အိမ်ကတော့ ငါ့အပိုင်ပဲ၊ အဲဒီမိန်းမကတော့ နင့်အပိုင်ပေါ့။ တခြား မဟုတ်ကဟုတ်ကတွေတော့ လျှောက်မစဉ်းစားနဲ့ဦး"
လီဝမ်ရှီး နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။
"အဲဒီမိန်းမက သူ့အပိုင် ဟုတ်လား။ဒါက ဘာကို ဆိုလိုတာလဲ။ ငါနဲ့ ဘယ်လို ပတ်သက်သွားတာလဲ"
ရွှီရှင်း ရယ်ချင်စိတ်ကို အသည်းအသန် ထိန်းလိုက်ရကာ ပါးစပ်ကို အမြန် ပိတ်လိုက်ရသည်။
"ဟေး... ငါ နားလည်ပါတယ်၊ နားလည်ပါတယ်။ အဲဒီကပ်ပါးသစ်ပင်အိမ်ကို ငါ စိတ်မဝင်စားပါဘူး။ ဂူလေးကလည်း နင်ကလွဲလို့ တခြားမိန်းမတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ငါ့ကို မခြိမ်းခြောက်ပါနဲ့ဦး၊ ဒါကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလို့ ခေါ်တယ် မဟုတ်လား"
"သူက စိတ်ဝင်စားဝံ့လို့လား"
လုဖေးအာ၏ လေသံက အေးစိမ့်နေသော်လည်း၊ သူမ၏ နှုတ်ခမ်းအစုံမှာတော့ မသိမသာ ပြုံးယောင်သန်းနေကာ ရွှီရှင်းကို စနောက်သလို ကြည့်လိုက်၏။
"... မဝံ့ပါဘူး၊ မဝံ့ပါဘူး"
ရွှီရှင်း၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့ရသည်။
ထို့နောက် သူ၏ လက်ဖမိုးပေါ်တွင် နာကျင်မှုလေးတစ်ခု ခံစားလိုက်ရ၏။
လီဝမ်ရှီးက သူ့ကို မကျေမနပ်ဖြစ်ဟန်ဖြင့် အနည်းငယ် ဆိတ်လိုက်ခြင်း ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာလည်း စူပုတ်နေရှာတော့၏။
ရွှီရှင်း လီဝမ်ရှီး၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
"ဟူး... ဂူလေးရာ... မင်းကတော့ တကယ့်ကို ကံကောင်းတဲ့ကောင်ပဲ။ ကဲ... ငါ ဒီမှာပဲ မင်းတို့ ရောက်လာမှာကို စောင့်နေမယ်"
ဖုန်းချလိုက်သောအခါ လုဖေးအာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
သို့သော် လီဝမ်ရှီး၏ မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါမှ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
ဒုက္ခပဲ... နည်းနည်းတော့ လွန်သွားပြီ ထင်တယ်...
သူများရဲ့ ချစ်သူကို ရှေ့တင်ာဒီလိုနောက်လိုက်တာကတော့ တကယ်ပဲ နည်းနည်း များသွားတာပေါ့...။
သို့သော်လည်း လီဝမ်ရှီးမှာ တကယ်ကြီး စိတ်ဆိုးနေခြင်းတော့ မဟုတ်ပါပေ။
သူမ အနည်းငယ် မအီမသာ ဖြစ်သွားရုံမျှသာ ဖြစ်ပြီး ဒါဟာ သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိထားသဖြင့် ချက်ချင်းပင် အခြေအနေ ပြန်မှန်သွားခဲ့သည်။
"ပြောလို့ ပြီးပြီလား။ ဒါဆိုရင် ကျွန်မ အိမ်ကိုမြန်မြန် သွားကြစို့"
အခန်း ၃၂၃ ပြီး။
အပိုင်း (၃၂၄) - နေရာကူးပြောင်းရေးတံခါး၏ ဘေးထွက်ဆိုးကျိုးများ
ရွှီရှင်းသည် ငွေရောင်ဘုရင်နှင့်အတူ တတိယထပ်သို့ ပြန်တက်လာခဲ့ပြီး၊ ခဲခဲလေးကတော့ အကျင့်အတိုင်းပင် အပြင်ထွက်ရန်အသင့်ဖြစ်နေသည့်ဟန်ဖြင့် ရွှီရှင်း၏ ပုခုံးပေါ်သို့ တွယ်တက်လိုက်တော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မီမီက အလိုက်မသိဘဲ နေမရတော့ပေ။
၎င်းသည် ရွှီရှင်း၏ ခြေထောက်ကို ကုတ်တွယ်ထားပြီး ဘာပဲဖြစ်ဖြစ် လိုက်မည်ဟု ဇွတ်အတင်း လုပ်နေတော့သည်။
မနေ့က တစ်နေကုန် အိမ်ထဲမှာပဲ ပိတ်မိနေခဲ့သည် မဟုတ်ပါလား။
ကြောင်မျိုးနွယ်ဝင် သတ္တဝါများသည် ခွေးမျိုးနွယ်စုများကဲ့သို့ အင်အားမကြီးမားကြသော်လည်း၊ ၎င်းသည် အိမ်ထဲမှာနေရလွန်း၍ ရူးမတတ် ပျင်းရိနေချေပြီ။
ထို့ကြောင့် ရွှီရှင်းတို့နှင့်အတူ အပြင်ထွက်ရန်သာ ဆုံးဖြတ်ထားပုံရပေသည်။
"သူ့ကိုပါ ခေါ်သွားလိုက်ပါ၊ ရှင့်နောက် တောက်လျှောက်မလိုက်နိုင်ရင်တောင် ကျွန်မအိမ်မှာ ဆော့နေလို့ ရတာပဲလေ၊ ဟုတ်တယ်မလား မီမီ"
လီဝမ်ရှီးက မီမီ၏ခေါင်းကို လှမ်း၍ ပုတ်ပေးလိုက်သည်။
လီဝမ်ရှီးက သူ့ဘက်ကနေ ကူပြောပေးလိုက်၍ ထင်သည်၊ မီမီသည် ယခုတစ်ကြိမ်တွင်တော့ ရှောင်မပြေးတော့ဘဲ လီဝမ်ရှီးအား အသေအချာ ပုတ်ခွင့်ပေးလိုက်ရာ၊ လီဝမ်ရှီးလည်း ထိုတောကြောင်ကြီးကို နောက်ဆုံးတွင် အဝပွတ်သပ်ခွင့် ရသွားတော့သည်။
ရွှီရှင်း ခဏမျှ စဉ်းစားပြီးနောက် ခေါ်သွားရန် ဆုံးဖြတ်လိုက်၏။
မာဟုန်ဝေကို သူ အရင်က ပြောခဲ့ဖူးသည်မှာ လုဖေးအာသည်လည်း ဗီဇပြောင်းသတ္တဝါများနှင့် စာချုပ်ချုပ်ထားသူ ဖြစ်သည်ဟူ၍ ဖြစ်ရာ၊ မီမီကို ခေါ်သွားခြင်းက ပြဿနာမရှိနိုင်ပါပေ။
ဒါ့အပြင် သူတို့နှစ်ယောက်တည်း သွားခြင်းက ပူးပေါင်းဆောင်ရွက်မည့်ပုံ သို့မဟုတ် တိုက်ခိုက်မည့်ပုံမျိုး သိပ်မပေါ်လွင်လှဘဲ၊ ငွေရောင်ဘုရင်နှင့် မီမီကိုပါ ခေါ်သွားခြင်းက အရှိန်အဝါတစ်ခုကို ပိုမိုဖြစ်ပေါ်စေပေလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်ကလည်း သူသည် အကူအညီအချို့ ခေါ်လာမည်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလား။
မြှားအလိုအလျောက် ပစ်ခတ်သည့်စနစ်၏ တိုက်ခိုက်ခြင်းကို ခံရမည့်အန္တရာယ် ရှိနေစေကာမူ၊ မာဟုန်ဝေသည် ထိုစနစ်ကို အလိုအလျောက် တိုက်ခိုက်ရန် ပြင်ဆင်ထားလောက်အောင် မိုက်မဲမည့်သူ မဟုတ်ပါပေ။
ထို့အပြင် စာချုပ်ချုပ်ထားသော ဗီဇပြောင်းသတ္တဝါများသည် သူ၏မြေပုံပေါ်တွင် အစိမ်းရောင်အစက်များအဖြစ် ပေါ်နေသဖြင့်၊ သူ၏စာချုပ်သားရဲများနှင့် လုဖေးအာတို့သည်လည်း ရှင်ကျန်သူများဘက်ကဖြစ်ကြောင်း သတ်မှတ်ခံရပေလိမ့်မည်။
ရှင်ကျန်သူများအတွက်ဆိုလျှင် အလိုအလျောက် လေးမြှားစနစ်၏ ဆုံးဖြတ်ချက်မှာ ကြားနေ သာဖြစ်ရာ၊ ၎င်းတို့အား စတင်တိုက်ခိုက်မည် မဟုတ်သဖြင့် မီမီကို ခေါ်သွားခြင်းက အဆင်ပြေလှပေသည်။
"ကောင်းပြီလေ၊ ဒီနေ့တော့ မီမီလည်း လိုက်ခဲ့တော့"
ရွှီရှင်းကလည်း မီမီ၏ခေါင်းကို ပုတ်ပေးလိုက်၏။
မီမီသည် နှစ်ချက်မျှ အပုတ်ခံပြီးနောက် ရှောင်ထွက်သွားကာ၊ ၎င်း၏ ခြေဖဝါးအသားအိအိကြီးဖြင့် ရွှီရှင်းနှင့် လီဝမ်ရှီး၏ လက်များကို တွန်းဖယ်လိုက်တော့သည်။
မီမီ၏ ခြေဖဝါးမှာ ကြည့်ရသည်မှာ ထိတ်လန့်စရာကောင်းသော်လည်း၊ ၎င်းသည် အလွန်ပင် သတိထားတတ်ပြီး မိမိ၏မဟာမိတ်များကို မထိခိုက်အောင် လုပ်ဆောင်တတ်ပေသည်။
"မီမီ... ဒီနေ့ ငါ့ရဲ့ခွန်အားတွေ ပြန်ပြည့်နေပြီနော်၊ မနေ့ကလို ငါ့ကို လာမခြိမ်းခြောက်နိုင်တော့ဘူး"
လုဖေးအာက မီမီကို လက်သီးပြလိုက်၏။
မနေ့က ရွှီရှင်း၏အမိန့်ကြောင့် သူမသည် မီမီ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး၊ သူမ အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် ထိုတောကြောင်ကြီးက သူမအပေါ်သို့ ခုန်အုပ်တော့မည့်အလား မတ်တတ်ရပ်လာတတ်သဖြင့် တကယ့်ကို ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။
မီမီကတော့ သူမကို မျက်လုံးတစ်ချက် စောင်းကြည့်လိုက်ပြီးနောက်၊ ရွှီရှင်း၏ဘေးသို့ သွားကာ အတူတူဆင်းရန် စောင့်နေတော့သည်။
"သွားကြစို့"
သစ်ပင်အိမ်အောက်သို့ ရောက်သောအခါ ရွှီရှင်းသည် အာဖုကိုပါ လှမ်းခေါ်လိုက်၏။
အာဖု၏ အသံလှိုင်းတိုက်ခိုက်မှုမှာ အတော်လေး အသုံးဝင်ဆဲဖြစ်ရာ တစ်ချိန်ချိန်တွင် အကူအညီဖြစ်လာနိုင်ပေသည်။
သင်းခွေချပ်မိသားစုကိုတော့ သူတို့၏ သားပေါက်လေးတွေကို ပြုစုစောင့်ရှောက်ရန်နှင့် တိုက်ခိုက်မှုစွမ်းရည် သိပ်မရှိလှသဖြင့် အိမ်မှာပဲ ထားခဲ့လိုက်တော့သည်။
ရွှီရှင်းသည် မီမီနှင့် အာဖုတို့အတွက် နေရာကူးပြောင်းလက်ပတ်များ ပြင်ဆင်ထားသော်လည်း၊ သူတို့၏ကိုယ်ပေါ်တွင် ချိတ်မပေးထားဘဲ သူ၏ကျောပိုးအိတ်ထဲ၌သာ ထည့်ထားလိုက်၏။
ဘာပဲဖြစ်ဖြစ် သူတို့သည် အတူတူ နေရာကူးပြောင်းကြမည်ဖြစ်ရာ၊ သူတို့ကိုယ်ပေါ်တွင် ချိတ်ထားပါက ပျောက်ဆုံးသွားနိုင်သဖြင့် မိမိဘာသာ သိမ်းထားခြင်းက ပို၍ စိတ်ချရပေသည်။
လီဝမ်ရှီး၏ သစ်ပင်အိမ်သို့ ဦးတည်သော နေရာကူးပြောင်းရေးတံခါးကို ဖွင့်လိုက်ပြီးနောက်၊ ရွှီရှင်းသည် လူနှင့် သားရဲအုပ်စုကို ဦးဆောင်ကာ အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
ပတ်ချာလည်ကာ အရှိန်နှင့် ပြုတ်ကျသွားသည့် ခံစားချက်ကြီးပင်...။
နှစ်စက္ကန့်အကြာတွင် ခြေထောက်များ မြေပြင်ပေါ်သို့ ထိလိုက်ရပြီး၊ လီဝမ်ရှီး၏ သစ်ပင်အိမ်မှာ သူတို့ရှေ့တွင် ပေါ်လာခဲ့ချေပြီ။
ရွှီရှင်းသည် အကြိမ်ကြိမ် နေရာကူးပြောင်းပြီးနောက်တွင်မူ ယခုအခါ လုံးဝ အသားကျသွားပြီဖြစ်ရာ မအီမသာဖြစ်ခြင်းမျိုး မရှိတော့သည်ကို ကျေနပ်စွာ တွေ့ရှိလိုက်ရ၏။
သို့သော် သူ၏အနောက်တွင်မူ အချို့သောသူများမှာ လဲကျနေကြချေပြီ။
လီဝမ်ရှီးကတော့ အဆင်ပြေပါသေးသည်။
သူမသည် အကြိမ်အနည်းငယ် နေရာကူးပြောင်းဖူးသဖြင့် ရွှီရှင်းကဲ့သို့ပင် အသားကျနေပြီဖြစ်ရာ မတ်တတ်ရပ်နိုင်ဆဲဖြစ်သော်လည်း၊ မျက်နှာမှာ အနည်းငယ် ဖြူဖျော့လျက် ရွှီရှင်း၏ လက်မောင်းကို ဆုပ်ကိုင်ထားရရှာသည်။
ကျန်ရှိသောသူများကတော့ ထိုသို့ မဟုတ်ပါပေ။
လုဖေးအာသည် ခြေထောက်များ ခွေယိုင်သွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကိုယ်ကိုကိုင်ကာ အန်ချင်သလို ဖြစ်နေတော့သည်။
"အား... မူးလိုက်တာ... အူးးး..."
သူမသည် သူမ၏ပါးစပ်ကို အုပ်ထားပြီး၊ ခုနလေးတင် စားထားသော မနက်စာများ ပြန်ထွက်မလာအောင် အသည်းအသန် ထိန်းထားရရှာသည်။
မီမီသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် ခန့်ညားစွာ လှမ်းလိုက်သော်လည်း၊ ထို့နောက်တွင်မူ ယိုင်တိုင်တိုင်ဖြစ်ကာ ဘေးသို့ လဲကျသွားတော့သည်။
၎င်းသည် ပြန်ထရန် ကြိုးစားသော်လည်း ထပ်မံ လဲကျသွားပြန်ရာ၊ စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်နေရတော့သည်။
အာဖုမှာလည်း လေထဲတွင် နှစ်ချက်မျှ အတောင်ပံယမ်းပြီးနောက် မီမီ၏အပေါ်သို့ ပစ်ကျသွားတော့၏။
ငွေရောင်ဘုရင်ကတော့ မြေပြင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းပင် ဝပ်ချလိုက်သည်။
အရင်အကြိမ်များနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ တစ်ခုတည်းသော တိုးတက်မှုမှာ မီမီကဲ့သို့ ဇွတ်မထဘဲ အရင်ဆုံး အားပြန်ဖြည့်ရန် ငြိမ်နေရမည်ကို သိရှိသွားခြင်းပင်။
"အီး"
ခဲခဲလေးသည် ရွှီရှင်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်ကြည့်ကာ မြေပြင်ပေါ်က လူနှင့် သားရဲများကို ကြည့်နေ၏။
သူမသည် ရွှီရှင်း၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ သူတို့တစ်ဦးချင်းစီကို လိုက်လံစစ်ဆေးပြီး၊ သူမ၏ လက်သည်းလေးများဖြင့် တွန်းကြည့်နေတော့သည်။
ကြည့်ရသည်မှာ "နင်တို့အားလုံး ဘာဖြစ်နေကြတာလဲ၊ ဘာလို့ ဒီလောက်တောင် မူးနေကြတာလဲ" ဟု မေးနေသည့်အလားပင်။
လီဝမ်ရှီးသည် ရွှီရှင်း၏ လက်မောင်းကို ဆယ်စက္ကန့်ခန့် ဆုပ်ကိုင်ထားပြီးနောက် အခြေအနေ ပြန်မှန်သွားခဲ့သည်။
သူမသည် လက်ကို လွှတ်လိုက်ပြီး အံ့သြတကြီးနှင့် "တကယ်ပဲ အသားကျသွားတာပဲ။ ငါ အခုဆို ချက်ချင်းကြီး မမူးတော့ဘူး" ဟု ဆိုလိုက်၏။
"နင် ငါ့အိမ်ဘက်ကို လာတုန်းကလည်း တော်တော်လေး မြန်မြန် ပြန်ကောင်းလာတာပဲလေ" ရွှီရှင်း ရယ်မောလိုက်သည်။
"ဟုတ်မယ် ထင်တယ်၊ ဒါပေမဲ့ ရှင့်ရဲ့ ပြောင်းလဲမှုတွေက အရမ်းများနေတော့ ကျွန်မ သတိမထားမိလိုက်ဘူး။ အာ..."
လီဝမ်ရှီး လှည့်ကြည့်လိုက်ရာ လုဖေးအာ မြေပြင်ပေါ်တွင် မူးဝေစွာ ထိုင်နေသည်ကို မြင်သဖြင့် သူမအား သွားရောက် ထူပေးလိုက်၏။
"... ရှင့်ရဲ့ အဲဒီတုန်းက ခံစားချက်ကို ကျွန်မ အခုမှ တကယ် နားလည်တော့တယ်..."
လုဖေးအာသည် လီဝမ်ရှီး၏ ကိုယ်ပေါ်သို့ အားကိုးတကြီး မှီထားရပြီး မျက်နှာမှာလည်း သရဲတစ်ကောင်အလား ဖြူဖျော့နေပေသည်။
သူမ၏ ခြေထောက်များမှာ မတ်တတ်ပင် မရပ်နိုင်လောက်အောင် အားနည်းနေရှာတော့၏။
"ပထမဆုံးအကြိမ်ဆိုရင်တော့ ဒီလိုပါပဲ၊ နောက်ကျရင် သက်သာသွားမှာပါ"
လီဝမ်ရှီးက သူမအား နှစ်သိမ့်ပေးလိုက်သည်။
ရွှီရှင်းသည် ငွေရောင်ဘုရင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ငွေရောင်ဘုရင်မှာ ဝံပုလွေခေါင်းကြီးကို ခါယမ်းနေဆဲဖြစ်ပြီး အလွန်ပင် မူးဝေနေပုံရပေသည်။
ငွေရောင်ဘုရင် မင်းကတော့ နေရာကူးပြောင်းစက်ကို အကြိမ်ကြိမ် သုံးဖူးနေပြီ မဟုတ်လား။
ဘာလို့ အခုထိ ပထမဆုံးအကြိမ်လိုမျိုး ဖြစ်နေရတာလဲ။
ရွှီရှင်း ဒူးထောက်ထိုင်လိုက်ကာ ငွေရောင်ဘုရင်အား မေးလိုက်၏။
"ဒီတစ်ခါက အရင်အကြိမ်တွေထက်စာရင် နည်းနည်း ပိုပြီး နေလို့ကောင်းလာလား"
"... ဝူးးး"
ငွေရောင်ဘုရင်က ဇဝေဇဝါဖြစ်ဟန်ဖြင့် တစ်ချက် အော်လိုက်ပြီးနောက်၊ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။
"ဝူးးး..."
ဒါဆိုရင်တော့ အသားမကျသေးဘူးပေါ့။
၎င်းသည် ရွှီရှင်းနှင့် လီဝမ်ရှီးတို့ကဲ့သို့ အသားကျမလာခြင်းမှာ ဘာကြောင့်ပါလိမ့်။
ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာဆိုလျှင် တစ်နေ့လျှင် ကီလိုမီတာ ဆယ်ဂဏန်း ပြေးလွှားနိုင်သော ဤဝံပုလွေကြီးမှာ သူတို့ထက် အားနည်းစရာ အကြောင်းမရှိပါပေ။
ဖြစ်နိုင်တာက ဗီဇပြောင်းသတ္တဝါတွေဟာ ဒီအပိုင်းမှာ လိုက်လျောညီထွေရှိမှု အားနည်းတာလား။
သူတို့လို ရှင်ကျန်သူတွေပဲ အသားကျနိုင်တာလား။
ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး မျက်နှာဖြူဖျော့နေဆဲဖြစ်သော လုဖေးအာအား ဖေးမထားသည့် လီဝမ်ရှီးကို ကြည့်ကာ "ဖြစ်နိုင်တာက နင်လည်း နောင်ကျရင် အသားကျမလာတာမျိုး ဖြစ်နိုင်တယ်" ဟု ဆိုလိုက်၏။
"... ဟင် ဘာကို ဆိုလိုတာလဲ။ အူးးး..."
လုဖေးအာ နောက်တစ်ကြိမ် ပျို့အန်ချင်သလို ဖြစ်လာပြန်သဖြင့် ငိုချင်စိတ်ပင် ပေါက်သွားရှာသည်။
"ဘာဖြစ်လို့လဲ။ ကျွန်မ ပထမဆုံးအကြိမ် နေရာကူးပြောင်းတုန်းက ဒီလောက်အထိ မဖြစ်ခဲ့ပါဘူး"
လီဝမ်ရှီး အနည်းငယ် ထူးဆန်းနေမိသည်။
သူမ ပထမဆုံး နေရာကူးပြောင်းစဉ်က ခေါင်းမူးပြီး ခြေထောက်ယိုင်သွားရုံမျှသာ ဖြစ်ခဲ့ခြင်းပင်။
အနည်းငယ် ပျို့အန်ချင်သလို ဖြစ်ခဲ့သော်လည်း၊ ယခု လုဖေးအာကဲ့သို့ တဟွတ်ဟွတ်နှင့် ဖြစ်နေသည်အထိတော့ မဆိုးရွားခဲ့ပါပေ။
ဒါ့အပြင် လုဖေးအာ၏ ပုံစံမှာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသည့်အလား မှီထားရခြင်း ဖြစ်သော်လည်း၊ လီဝမ်ရှီးမှာတော့ ထိုစဉ်က ခြေထောက်ယိုင်ရုံမျှသာ ဖြစ်ခဲ့ခြင်း ဖြစ်၏။
"ငွေရောင်ဘုရင်က နေရာကူးပြောင်းတာ အကြိမ်ကြိမ် ရှိနေပြီဆိုတာတောင် အသားမကျလာသေးဘူး။ ကြည့်ရတာ ဗီဇပြောင်းသတ္တဝါတွေဟာ ဒီနေရာကူးပြောင်းစက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တောင့်မခံနိုင်ကြဘူး ထင်တယ်" ဟု ရွှီရှင်းက သုံးသပ်လိုက်သည်။
"ဒီစက်တွေက သာမန်ရှင်ကျန်သူတွေအတွက်ပဲ အထူးထုတ်လုပ်ထားတာ ဖြစ်နိုင်တယ်"
လုဖေးအာ၏ ခြေထောက်များ ပြန်လည် ယိုင်သွားပြန်ရာ လီဝမ်ရှီးက သူမအား အမြန် ဖမ်းထားလိုက်ရသည်။
"ကျွန်... ကျွန်... ကျွန်မ နောက်ကို လုံးဝ မကူးပြောင်းတော့ဘူး... တကယ့်ကို နေလို့မကောင်းဘူး..."
လုဖေးအာ မူးဝေပျို့အန်နေသဖြင့် မျက်ရည်များပင် ထွက်လာခဲ့ချေပြီ။
သူမ ဤကဲ့သို့ ဖြစ်နေသဖြင့် သူတို့ ချက်ချင်း ထွက်ခွာ၍ မရနိုင်သေးပေ။
"အပေါ်တက်ပြီး ခဏလောက် အနားယူကြဦးမလား"
လီဝမ်ရှီးက လုဖေးအာကို ဖေးမထားရင်း ရွှီရှင်းအား မေးလိုက်သည်။
"သူမ ဒီအခြေအနေနဲ့တော့ ချက်ချင်း သွားလို့မရဘူး မဟုတ်လား"
"... ကောင်းပြီလေ၊ ဒါဆို ခဏ အနားယူကြတာပေါ့"
ရွှီရှင်း အချိန်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
မာဟုန်ဝေနှင့် ချိန်းထားသည်မှာ မိနစ်သုံးဆယ်အတွင်း ရောက်လာမည်ဟူ၍ ဖြစ်သည်။
မာဟုန်ဝေ၏ သစ်ပင်အိမ်မှာ လီဝမ်ရှီး၏အိမ်မှ ကီလိုမီတာ ဆယ်ဂဏန်းခန့်သာ ဝေးကွာသဖြင့်၊ ငွေရောင်ဘုရင်နှင့်ဆိုလျှင် ဆယ်မိနစ်ခန့်သာ သွားရပေလိမ့်မည်။
သူတို့ အနည်းငယ် နောက်ကျသွားစေကာမူ ပြဿနာမရှိချေ၊ သူ့ကို စောင့်ခိုင်းထားလိုက်ရုံပင်။
လီဝမ်ရှီးသည် လူရော သားရဲများကိုပါ သူမ၏ သစ်ပင်အိမ်ထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
အထဲသို့ ရောက်သည်နှင့် လုဖေးအာသည် ဆိုဖာပေါ်သို့ ပစ်လှဲလိုက်ပြီး ခေါင်းကို ကိုင်လျက် ကိုယ်ကို လိပ်ထားတော့သည်။
"တကယ်ကြီး အဲဒီလောက်အထိ ဆိုးတာလား"
ရွှီရှင်း သူမကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။
"... တကယ့်ကို တောင့်မခံနိုင်ဘူး..."
လုဖေးအာ ဆိုဖာထဲတွင် ခေါင်းနှစ်ထားရင်း ညည်းတွားနေရှာသည်။
"ကျွန်မမှာ နောက်ထပ် စိတ်ဒဏ်ရာတစ်ခု ထပ်တိုးပြန်ပြီ... ရှင်ကတော့ စိတ်ဒဏ်ရာတွေ ဖန်တီးပေးတဲ့ စက်ရုံကြီးအတိုင်းပဲ..."
ပြောရလျှင်တော့ သူမ၏ စိတ်ဒဏ်ရာအားလုံးမှာ ရွှီရှင်းနှင့် တကယ်ပင် ပတ်သက်နေပေသည်။
ပထမတစ်ခုက လည်ပင်းလှီးခံရခြင်း၊ ဒုတိယက လက်ပတ်ထဲက ဟင်းလင်းပြင်ကြီး... အခုကတော့ တတိယမြောက် စိတ်ဒဏ်ရာ ဖြစ်နိုင်ပေသည်။
ထိုအချိန်တွင် ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့မှာလည်း အနားတွင် ဝပ်နေကြပြီး အခြေအနေ ပြန်မကောင်းသေးချေ။
ကြည့်ရသည်မှာ ဗီဇပြောင်းသတ္တဝါများအတွက်တော့ ဤနေရာကူးပြောင်းစက်၏ ဘေးထွက်ဆိုးကျိုးမှာ ရှင်ကျန်သူများထက် များစွာ ပိုမိုကြီးမားလှပေသည်။
လူသားတွေအတွက်ပဲ သီးသန့်ထုတ်လုပ်ထားတဲ့ စက်များလား။
သူတို့အနေဖြင့် စောင့်ဆိုင်းရန်မှတစ်ပါး အခြားမရှိပေ။
"ဒါနဲ့ လီယာကျွင်းရော သူမကို မတွေ့ပါလား"
ရွှီရှင်း ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ရင်း လီဝမ်ရှီးအား မေးလိုက်၏။
သူ လာသည့်လမ်းတွင် လီယာကျွင်း၏ သစ်ပင်အိမ်ကို မြင်ခဲ့သော်လည်း၊ သူတို့ဘက်က ဆူညံနေစေကာမူ လီယာကျွင်းမှာ ခေါင်းပြူထွက်လာခြင်းပင် မရှိပါပေ။
"ဪ... ယာကျွင်းက ရှင်မရောက်ခင်ကတည်းက ကျွန်မအတွက် သတ္တုသွားတူးပေးမယ်ဆိုပြီး ထွက်သွားတာလေ"
လီဝမ်ရှီးက ရှင်းပြလိုက်ရင်း ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"သူမ ဒီနေ့ တကယ့်ကို တက်ကြွနေတာ။ ဒီလောက်စောစောကြီး သွားစရာမလိုဘူးလို့ ပြောတာတောင်၊ သူမက သွားကြည့်ချင်တယ်ဆိုတာနဲ့ပဲ လွှတ်လိုက်ရတာ"
"... နင် သူမကို အပြာရောင်အဆင့် ဝတ်စုံတွေ ပေးလိုက်ရဲ့လား"
လီယာကျွင်းမှာ အရင်က အစိမ်းရောင်အဆင့် ဝတ်စုံတွေကိုသာ ဝတ်ဆင်လေ့ရှိပြီး၊ ယခုကဲ့သို့ ရာသီဥတုမျိုးတွင် အပြင်ထွက်မည်ဆိုပါက အပြာရောင်အဆင့် ဝတ်စုံမပါဘဲ မဖြစ်ပါပေ။
"ပေးလိုက်ပါတယ်၊ အပြာရောင်အဆင့် သားရေချပ်ဝတ် တစ်စုံလုံးပေါ့။ ကျွန်မ သူမကို မြောက်ဘက်ခြမ်းက သတ္တုတွင်းတစ်ခုဆီကို လွှတ်လိုက်တာ၊ နွားမလေးပါ အတူလိုက်သွားတယ်" ဟု လီဝမ်ရှီးက ဆိုသည်။
"တကယ့်ကို သတ္တုတွင်းသူဌေးမကြီး ဖြစ်နေပြီပေါ့"
ရွှီရှင်း ရယ်မောလိုက်၏။
"ဘာတွေ လျှောက်ပြောနေတာလဲ"
လီဝမ်ရှီး သူ့ကို လက်သီးဖြင့် အသာလေး ထိုးလိုက်ရင်း "ဒါက နားထောင်လို့ မကောင်းဘူးလေ။ ကျွန်မကတော့ သူ့ကို သတ္တုတွင်းရှာဖွေသူ လို့ပဲ ခေါ်တယ်"
"အူးးး..."
လုဖေးအာမှာ ဆိုဖာပေါ်တွင် သနားစဖွယ် လှဲလျောင်းနေဆဲပင်။
သူမသည် ဆိုဖာတစ်ခုလုံးကို နေရာယူထားသဖြင့်၊ ဆိုဖာပေါ်မှာ လူးလှိမ့်ချင်နေသော ခဲခဲလေးမှာတော့ ဆိုဖာဘေးမှာရပ်ရင်း သူမကို ခေါင်းလေးစောင်းကာ ငေးကြည့်နေရရှာသည်။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့မှာ သူမ အခြေအနေ ပြန်ကောင်းလာသည်အထိ အေးအေးဆေးဆေး စကားပြောရင်း စောင့်နေကြ၏။
ငွေရောင်ဘုရင်နှင့် မီမီတို့မှာ ငါးမိနစ်၊ ခြောက်မိနစ်ခန့်အကြာတွင် အခြေအနေ ပြန်မှန်သွားခဲ့သည်။
အာဖုနှင့် လုဖေးအာတို့ကတော့ ပိုပြီး အချိန်ကြာခဲ့ရာ၊ ဆယ်မိနစ်ခန့်အကြာမှသာ တဖြည်းဖြည်း သက်သာလာကြတော့သည်။
ငွေရောင်ဘုရင်နှင့် မီမီတို့မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများဖြစ်ကြပြီး၊ အာဖုနှင့် လုဖေးအာတို့မှာ အဆင့်နိမ့်များ ဖြစ်ကြသည်။
ကြည့်ရသည်မှာ ဗီဇပြောင်းသတ္တဝါများသည် ဤဘေးထွက်ဆိုးကျိုးများကို အသားမကျနိုင်စေကာမူ၊ သူတို့၏ အဆင့်နှင့် ခွန်အား မြင့်တက်လာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုး ခံစားရသည့် အချိန်မှာတော့ တိုတောင်းသွားပုံရပေသည်။
"နောက်ဆုံးတော့... နောက်ဆုံးတော့ နေလို့ ပြန်ကောင်းလာပြီ..."
လုဖေးအာ ဆိုဖာပေါ်မှ ထထိုင်လိုက်ပြီး၊ နားထင်ကို နှိပ်ကာ ညည်းတွားလိုက်၏။
"ဒါက တကယ့်ကို တောင့်မခံနိုင်စရာကြီးပဲ"
"နောက်ရက်တွေမှာ နင် အကြိမ်အနည်းငယ်လောက် ထပ်ပြီး ကူးပြောင်းကြည့်ဦး။ ငါတို့လိုမျိုး အသားကျသွားနိုင်မလားဆိုတာ သိရတာပေါ့" ဟု ရွှီရှင်းက အကြံပြုလိုက်သည်။
"ရှင်... ရှင်... ရှင်ကတော့ တကယ့်ကို မိစ္ဆာကြီးပဲ"
လုဖေးအာ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပေါ်လာခဲ့သည်။
"ကျွန်မ ဘယ်လိုဖြစ်ပြီး ရှင့်လို သခင်မျိုးနဲ့ လာတွေ့ရတာလဲ"
"ဖြစ်နိုင်တာပဲလေ၊ ကျွန်မတောင် အခုဆိုရင် အရင်လောက် မဆိုးတော့ဘူး။ နင်လည်း ဖြစ်နိုင်မှာပါ"
လီဝမ်ရှီးက သူမကိုယ်သူမ ညွှန်ပြကာ ပြောလိုက်၏။
"... ဒါပေမဲ့ ရွှီရှင်းက ကျွန်မ အသားကျမှာ မဟုတ်ဘူးလို့ ပြောထားတယ်လေ"
လုဖေးအာ ဆိုဖာပေါ်မှ ထရပ်လိုက်သည်။
ခုနက ခံစားချက်ကို သူမ အတော်လေး ထိတ်လန့်နေသေးသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
"အီး"
အကြာကြီး စောင့်ခဲ့ရသော ခဲခဲလေးသည် ဆိုဖာပေါ်သို့ ခုန်တက်ကာ စတင် လူးလှိမ့်တော့သည်။
"ဒါနဲ့ ဒီကောင်မလေးကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ"
သူမသည် တက်ကြွနေသော ခဲခဲလေးကို အားကျတကြီး ကြည့်ကာ လှမ်းပုတ်ရန် ပြင်လိုက်သော်လည်း ခဲခဲလေးက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လက်သည်းလေးများ ယမ်းကာ သွားလေးများ ဖြဲပြပြီး ပြန်လည် စနောက်နေတော့သည်။
"ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ။ နင်က ဗီဇပြောင်းသတ္တဝါ ဖြစ်နေပေမယ့် ရှင်ကျန်သူတစ်ယောက်လည်း ဖြစ်နေတာဆိုတော့၊ အကြိမ်အနည်းငယ်လောက် ထပ်စမ်းကြည့်မှပဲ သေချာပေါက် သိရလိမ့်မယ်"
"ဟူးး... ကောင်းပါပြီလေ..."
လုဖေးအာမှာ စူပုတ်ပုတ်နှင့်သာ သဘောတူလိုက်ရတော့သည်။
ရွှီရှင်း သစ်ပင်အိမ် ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်၏။
တောင်ဘက်ရှိ ထိုသစ်ပင်အိမ်မှာ စိမ်းလန်းစိုပြည်လျက် ရွှီရှင်းတို့ ရောက်လာမည့်အချိန်ကို စောင့်ကြိုနေသကဲ့သို့ ရှိနေပေသည်။
"အားလုံး အခြေအနေ ပြန်ကောင်းသွားပြီဆိုတော့၊ အခုပဲ မာဟုန်ဝေရဲ့ သစ်ပင်အိမ်ဆီကို ထွက်ခွာကြရအောင်။"
အခန်း ၃၂၄ ပြီး။