အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အပိုင်း (၃၂၈) - မားဟုန်ဝေ၏ အတွေးနှင့် မြေပြင်ပေါ်သို့ စောက်ထိုးကျခြင်း
ရွှီရှင်းသည် ထိုနေရာမှာတင် တိုက်ရိုက် တိုက်ခိုက်လိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
သို့သော် သူ ပြန်ထိန်းလိုက်၏။
မာဟုန်ဝေသည် သတိကြီးလွန်းလှပေသည်။
သူသည် သစ်ပင်အိမ်အောက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ခါးတွင် သစ်ပင်မြစ်များက အမြဲတစေ ပတ်လျက်သား ရှိနေဆဲပင်။
အကယ်၍သာ သူ၏ တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါက၊ တစ်ဖက်လူက ထိုမြစ်များကို အသုံးပြု၍ သစ်ပင်အိမ်ပေါ်သို့ ချက်ချင်း ပြန်တက်သွားနိုင်ပြီး သူတို့အတွက် အခက်တွေ့စေလိမ့်မည်။
သစ်ပင်အိမ်အောက်တွင် အမြစ်များကို စိတ်ကြိုက်ထိန်းချုပ်နိုင်သလို၊ သစ်ပင်အိမ်အပြင်ဘက်တွင်လည်း မြှားစနစ်များ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
အကယ်၍သာ ဤနေရာမှာတင် ရင်ဆိုင်တိုက်ခိုက်ပြီး တစ်ချက်တည်းနှင့် မနှိမ်နင်းနိုင်ခဲ့ပါက၊ သူတို့အတွက် ထွက်ပြေးရန်မှာ မဖြစ်နိုင်သလောက်ပင်။
အရင်ဆုံး အပေါ်တက်ရအောင်။
မာဟုန်ဝေ၏ စွမ်းရည်သည် သစ်ပင်အိမ်အတွင်းပိုင်းတွင်တော့ အားနည်းချက် ရှိပေသည်။
သူ၏ စွမ်းအားများသည် သစ်ပင်အိမ်အတွင်း၌ တိုက်ခိုက်ရေးစွမ်းရည် သိပ်ရှိမည်မဟုတ်ရာ၊ ထိုနေရာရောက်မှ ကိုင်တွယ်ရသည်မှာ ရွှီရှင်းအတွက် ပို၍ လွယ်ကူပေလိမ့်မည်။
ဒါ့အပြင် သစ်ပင်အိမ်၏ အူတိုင် ကို ရရှိရန်မှာလည်း အထဲသို့ ဝင်ရောက်ရန် လိုအပ်သည် မဟုတ်ပါလား။
ထို့ကြောင့် အရင်ဆုံး အထဲဝင်ဖို့သာ လိုအပ်ပေသည်။
လုဖေးအာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း "ငါကတော့ နင့်ကို စိတ်မဝင်စားပေမဲ့ နယ်မြေတူနေလို့သာ ပူးပေါင်းရတာ" ဟူသော အမူအရာမျိုးဖြင့် သူ၏လက်ကို ခပ်မြန်မြန်ပင် လှမ်းဆွဲနှုတ်ဆက်လိုက်၏။
မာဟုန်ဝေကတော့ ထိုအချက်ကို ဂရုမစိုက်ပါပေ။
မြောက်ဘက်က ခြိမ်းခြောက်မှုကို ဖယ်ရှားပေးနိုင်သရွေ့ သူ့အတွက်တော့ ပြဿနာ မရှိပေ။
ဒီကမ္ဘာကြီးက တကယ့်ကို အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။
မနေ့က ဘာအကြောင်းကြောင့်ရယ်မသိ၊ သူ၏ဝမ်းကွဲညီလေး၏ နာမည်မှာ မှိန်သွားခဲ့သည်။
နာမည်မှိန်သွားသည်ဆိုသည်မှာ သေဆုံးသွားခြင်းကို ဆိုလိုခြင်းပင်။
သို့သော်လည်း သူသည် ထိုညီလေးအပေါ် သံယောဇဉ် နက်နက်ရှိုင်းရှိုင်း မရှိလှပေ။
သူ ကူညီခဲ့သည်မှာလည်း ဤကမ္ဘာ၌ ထိုညီလေးသည် သူ၏ တစ်ဦးတည်းသော ဆွေမျိုးတော်စပ်သူ ဖြစ်နေခြင်းကြောင့်သာ ဖြစ်၏။
ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဉ်က ထိုတစ်ဦးတည်းသော ဆွေမျိုးမှာ သူ၏ စိတ်ဓာတ်ခွန်အား တစ်ခု ဖြစ်ခဲ့သည်။
ထိုညီလေး အသက်ရှင်နေစေရန်အတွက် မာဟုန်ဝေသည် မြားစက်အမြောက်အမြား ထောက်ပံ့ပေးခဲ့သလို၊ အလုပ်လုပ်ဆောင်ရာတွင်လည်း အဆင်ပြေစေရန် ထိန်းချုပ်ရေးခလုတ် တစ်ခုကိုပါ ပေးအပ်ခဲ့ဖူးသည်။
ဤကမ္ဘာတွင် ရှင်သန်ချိန် ကြာလာသည်နှင့်အမျှ နယ်မြေ ၁၈၇ ရှိ လူများမှာ တစ်စတစ်စ သေဆုံးလာကြပြီး၊ သူနှင့် ဆက်သွယ်ခဲ့ဖူးသူများစွာ၏ နာမည်များမှာလည်း တစ်ခုပြီးတစ်ခု မှိန်သွားခဲ့ရာ အဆက်အသွယ်များ အားလုံး ပြတ်တောက်ခဲ့ရချေပြီ။
သူသည် သေခြင်းတရားအပေါ် တော်တော်လေး ထုံထိုင်းနေပြီဟု ဆိုရပေမည်။
သေတာလား။
ဒါက သာမန်ကိစ္စတစ်ခုပဲလေ။
မနေ့ကတော့ သူ၏ ညီလေးပါ သေသွားခဲ့ပြီ။
အမှန်အတိုင်းပြောရလျှင် သူ တကယ့်ကို ဘာမှမခံစားရပါချေ။
တစ်ဦးတည်းသော သားဖြစ်သည့်အတွက် ဝမ်းကွဲညီအစ်ကိုတွေအပေါ် ထားရှိသည့် သံယောဇဉ်မှာ နှစ်သစ်ကူးမှသာ ဆုံတွေ့ရသည့် အဆင့်မျိုးသာ ရှိသည်။
သွေးသားတော်စပ်သော်လည်း ဒီလောက်ပါပဲ။
ဤကမ္ဘာ၏ ရှင်သန်မှု စည်းချက်ကို အသားကျသွားပြီးနောက်တွင်မူ ထိုမရှိလည်းဖြစ်သည့် စိတ်ဓာတ်ခွန်အားမျိုးကို သူ မလိုအပ်တော့ပါပေ။
ဒါ့အပြင် သူသည် သူ၏ညီလေး၏ စရိုက်ကိုလည်း သိပ်မနှစ်သက်လှပေ။
အရည်အချင်းမရှိဘဲ ကြွားဝါချင်သည့် စရိုက်မှာ သူ့အတွက်တော့ ကြည့်ရဆိုးလှသည် မဟုတ်ပါလား။
မာဟုန်ယွီ သေသွားပြီလား။
ဪ။
သေရင်လည်း သေပေါ့။
သူ မျှော်လင့်နေသည်မှာ ထိုညီလေး သေခါနီးအချိန်၌ သူ၏ လျှို့ဝှက်ချက်ကို ထုတ်မပြောသွားဖို့သာ ဖြစ်သည်။
ဤစွမ်းရည်မှာ သူ၏ ဝှက်ဖဲတစ်ခုပင် မဟုတ်ပါလား။
တကယ်တော့ ယခုအချိန်အထိ မာဟုန်ဝေသည် သူ၏စွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်သည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါပေ။
ဘာကြောင့်လဲဆိုတော့ သူ၏အဆင့်မှာ အမြဲတမ်း အလယ်အလတ်လောက်မှာသာ ရှိနေပြီး တစ်ခါတစ်ရံတွင် ထိပ်သီး ၁၀ ယောက်စာရင်းထဲပင် မဝင်နိုင်ခဲ့သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဤကမ္ဘာတွင် သူ့ထက် အစွမ်းထက်သူများစွာ ရှိလိမ့်မည်ဟု သူ အမြဲတစေ ထင်မြင်နေခဲ့ခြင်းပင်။
အထူးသဖြင့် လုဖေးအာ ခေါ်ဆောင်လာသော အစွမ်းထက်လှသည့် ဗီဇပြောင်းသတ္တဝါအုပ်စုကို မြင်လိုက်ရသောအခါ ထိုခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့၏။
ထိုဗီဇပြောင်းသတ္တဝါများမှာ ကိုယ်ပေါ်တွင် ထူထပ်လှသော သွေးရောင်အစင်းကြောင်းများ၊ သန်မာလှသော ခြေလက်ကြွက်သားများ၊ သာမန်ထက် များစွာကြီးမားလှသော အရွယ်အစားများနှင့်အတူ ထိုကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေသွား၊ ကျားသစ်လက်သည်းများမှာ သူတို့၏ ခွန်အားကို ဖော်ပြနေကြသည် မဟုတ်ပါလား။
မြောက်ဘက်က အမျိုးသမီးစီးနင်းလာသော နွားသိုးကြီးလောက် မကြီးမားစေကာမူ၊ အသားစားသတ္တဝါတွေ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရွယ်အစားပေါ်မှာတင် မူတည်နေသည် မဟုတ်ပါပေ။
ကျားနှင့် ကျားသစ်များသည် မိမိတို့ထက် များစွာကြီးမားသော သတ္တဝါများကို တစ်ကောင်တည်းနှင့်ပင် ဖမ်းဆီးနိုင်ကြသည် မဟုတ်ပါလား။
အထူးသဖြင့် ယခုအခါတွင် ငွေရောင်ဘုရင်နှင့် မီမီတို့မှာ လုဖေးအာက ရွှီရှင်းအပေါ် ပြုမူပြောဆိုပုံများကြောင့် အနည်းငယ် ဒေါသထွက်နေကြသဖြင့်၊ ၎င်းတို့မှာ ရန်လိုနေသည့် အသွင်ပေါက်နေရာ သူ့အပေါ်သို့ ကြီးမားသော ဖိအားများကို ပေးစွမ်းနေတော့သည်။
၎င်းကပင် သူ၏ ယုံကြည်မှုကို ပိုမို မြင့်တက်စေခဲ့ခြင်းပင်။
ဒါကိုတော့ ငြင်း၍ မရပါပေ။
"ဒါဆိုရင် ငါတို့ အခုပဲ ထွက်ကြတော့မလား"
မာဟုန်ဝေက စိတ်မရှည်စွာဖြင့် ဆိုလိုက်သည်။
ဒါဟာ ဤကမ္ဘာတွင် သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့် အမျိုးသမီးဖြစ်သလို၊ ဤမျှလောက် လှပသူဖြစ်ရာ သူ စိတ်မထိန်းနိုင်ဖြစ်နေခြင်းပင်။
သူလည်း အမျိုးသမီးတစ်ယောက် လိုချင်၏။
မြောက်ဘက်က အမျိုးသမီးမှာလည်း လုဖေးအာထက် မလျော့သည့် အလှပိုင်ရှင် ဖြစ်လိမ့်မည် မဟုတ်ပါလား။
"... နင် ဘာတွေ ပြောနေတာလဲ။ ဒီအတိုင်းကြီး ဘယ်လို သွားလို့ ရမှာလဲ"
လုဖေးအာက စိတ်မရှည်သော မျက်လုံးများဖြင့် ပြန်ပက်လိုက်၏။
"အစီအစဉ်ကို အရင် တိုင်ပင်ရမှာ မဟုတ်ဘူးလား။ ငါတို့က သစ်ပင်အိမ်တစ်ခုကို သွားတိုက်မှာလေ၊ နင်က သူတို့ကို သာမန်လူတွေလိုပဲ အလွယ်တကူ ကိုင်တွယ်လို့ ရမယ် ထင်နေတာလား"
"ဟုတ်သားပဲ၊ ဟုတ်သားပဲ... တိုင်ပင်ကြရမှာပေါ့"
မာဟုန်ဝေ သူ အလောတကြီး ဖြစ်သွားသည်ကို သတိရသွားသည်။
လုဖေးအာက အစွမ်းထက်သည် ဆိုဦးတော့ မြောက်ဘက်က အမျိုးသမီးမှာလည်း မလျော့သော ခွန်အားရှိပေလိမ့်မည်။
အဆင့်စာရင်းအရဆိုလျှင် သူမသည် ဝမ်ကွေ့ရှင်း ဆိုသူ ဖြစ်နိုင်သဖြင့် လျှော့တွက်၍ မရပါပေ။
ရွှီရှင်းက ဝင်ပြောလိုက်သည်။
"မာအစ်ကိုကြီးရာ... ခင်ဗျားပဲ အရင်က ပြောခဲ့တယ် မဟုတ်လား၊ ဖေးအာအစ်မကြီး ရောက်လာရင် စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံပါ့မယ်ဆိုတာ။ အပြင်မှာလည်း တအားအေးနေတာပဲလေ..."
သူသည် မာဟုန်ဝေကို မျက်စိတစ်ချက် ပြလိုက်ရင်း၊ လုဖေးအာ စိတ်မရှည်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အပေါ်ကို မြန်မြန်တက်ရန် အချက်ပြလိုက်၏။
လုဖေးအာသည် ယခုတစ်ကြိမ်တွင်တော့ သူ့ကို စကားဖြတ်ပြောသည့်အတွက် ငေါက်ငမ်းခြင်း မပြုတော့ဘဲ၊ သူမကိုယ်တိုင်လည်း အပြင်မှာ ဆက်လက်မရပ်လိုတော့ကြောင်း ပြသလိုက်၏။
"ဪ... ဟုတ်သားပဲ၊ ဒါပေါ့... ဒီလို အပြင်မှာ စကားပြောနေလို့ ဘယ်ဖြစ်မလဲ"
အမှန်တော့ မာဟုန်ဝေသည် ပြင်ပလူများကို သူ၏သစ်ပင်အိမ်ထဲသို့ မခေါ်ချင်ပေ။
သို့သော်လည်း ဒါဟာ နယ်မြေထဲက ထိပ်သီး ၁၀ ယောက်၏ ပထမဆုံး ဆုံတွေ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သလို၊ ရောက်လာသူများမှာလည်း သူ့ထက် အဆင့်များစွာမြင့်ကာ အစွမ်းထက်သူများဖြစ်ရာ၊ သူတို့ကို အပြင်မှာ ရပ်ခိုင်းထားရန်မှာ မသင့်တော်လှပေ။
"ဒါဆို အပေါ်တက်ကြစို့၊ ငါ နင်တို့ကို အထဲ ခေါ်သွားမယ်"
ပြောရင်းဆိုရင်း သူသည် သစ်ပင်အိမ်အမြစ်များကို စတင်ထိန်းချုပ်လိုက်ပြီး ရွှီရှင်းနှင့် လုဖေးအာတို့၏ ခါးကို ပတ်ရန် ပြင်လိုက်၏။
အခန်း ၃၂၈ ပြီး။
အပိုင်း (၃၂၉) - မားဟုန်ဝေ၏ အတွေးနှင့် မြေပြင်ပေါ်သို့ စောက်ထိုးကျခြင်း (၂)
လုဖေးအာသည် အလိုအလျောက် တုံ့ပြန်မှု အဖြစ် သူမ၏ ကျောပိုးအိတ်ထဲမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ရာ၊ အေးစိမ့်သော အလင်းတန်းတစ်ခု ဝင်းခနဲဖြစ်သွားပြီး သူမ၏ခါးကို ပတ်ထားသော သစ်ပင်မြစ်များမှာ တိုက်ရိုက် အဖြတ်ခံလိုက်ရကာ ဗုန်း ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကျန်ရှိနေသော မြစ်တစ်ဝက်မှာမူ နာကျင်ခံစားရသည့်အလား "ရှူးးး" ခနဲ အသံနှင့်အတူ အပေါ်သို့ ပြန်လည်တွန့်လိမ်တက်သွားပြီး လူတိုင်း၏ ခေါင်းပေါ်တွင် ဝဲပျံနေတော့၏။
မားဟုန်ဝေ : "..."
ရွှီရှင်း : "..."
ဒီမိန်းမကတော့ ဘာတွေ ထပ်လုပ်ဦးမလို့လဲ။
လုဖေးအာသည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးနောက် ဓားကို ပြန်သိမ်းလိုက်ကာ၊ အားနာသလိုဟန်ဖြင့် "ဆောရီးပဲနော်၊ ဒါက အလိုအလျောက် တုံ့ပြန်မိသွားတာ။ ကျွန်မက တခြားသူရဲ့ ထိန်းချုပ်မှုကို ခံရတာမျိုး သိပ်မကြိုက်လို့" ဟု ဆိုလိုက်သည်။
"ဪ... ရပါတယ်၊ ဘာမှမဖြစ်ပါဘူး"
မာဟုန်ဝေ တံတွေးတစ်ချက် မျိုချလိုက်မိပြီး ချွေးစေးများပင် ထွက်လာခဲ့ချေပြီ။
တောက်... သူမ ဓားဆွဲထုတ်လိုက်တဲ့ အရှိန်က မြန်လွန်းလို့ ဘာမှတောင် သေချာမမြင်လိုက်ရဘူး။
ဒါဟာ တကယ့်ကို မြန်လွန်းလှသည်။
ယခုလို အနီးကပ် အကွာအဝေးမှာဆိုလျှင် သူမအနေဖြင့် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား။
ဤကဲ့သို့သော ခွန်အားမျိုးမှာ တကယ့်ကို အံ့မခန်းပင်။
ဒါဟာ နယ်မြေထဲက ထိပ်သီး ၅ ယောက်ရဲ့ စွမ်းအားလား။
အမြစ်များကို ဖြတ်တောက်ပစ်လိုက်သည့် လုပ်ရပ်ကြောင့် မာဟုန်ဝေမှာ တစ်စုံတစ်ရာ ထူးဆန်းသည်ဟု မခံစားရဘဲ၊ ယင်းမှာ အလွန်ပင် ပုံမှန်ဖြစ်သည်ဟု ယူဆလိုက်မိသည်။
မှန်ပေသည်။
ထူးခြားသော စွမ်းရည်ရှိသည့် အစွမ်းထက်သူတစ်ဦးအဖို့ အခြားသူ၏ သစ်ပင်အိမ်မြစ်များဖြင့် ပတ်နှောင်ခံရခြင်းကို သတိကြီးစွာဖြင့် တုံ့ပြန်မိခြင်းမှာ သဘာဝပင် ဖြစ်၏။
ဤလုပ်ရပ်ကပင် မာဟုန်ဝေအား တစ်ဖက်လူအပေါ် ပိုမိုယုံကြည်အားကိုးစိတ် ဖြစ်ပေါ်စေခဲ့ပြီး၊ သူ၏ စိုးရိမ်မှုအနည်းငယ်ကိုပါ လုံးဝ ဥဿုံ ပျောက်ကွယ်သွားစေခဲ့သည်။
ဘာပဲဖြစ်ဖြစ သူမမှာ သူ့ကို အချိန်မရွေး သတ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ၊ သစ်ပင်အိမ်ထဲကို ခေါ်သွားတာ၊ မခေါ်သွားတာက ဘာမှ မထူးတော့ပါပေ။
အိမ်ထဲမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ သူမအတွက်တော့ အတူတူပင် မဟုတ်ပါလား။
ဒါ့အပြင် သူကိုယ်တိုင်ကလည်း သတိကြီးသူတစ်ဦးဖြစ်ရာ၊ လုဖေးအာ၏ လုပ်ရပ်က သူမအား သူနှင့် အမျိုးအစားတူသူတစ်ဦးအဖြစ် ခံစားရစေသည်။
တစ်ဖက်တွင်မူ ဤကူဟုန်ဟောင် ဆိုသူမှာတော့ ဘာတုံ့ပြန်မှုမျှ မရှိလှပေ။
သူ၏ခါးတွင် သစ်ပင်မြစ်များ ပတ်ထားသော်လည်း ဘာမှမဖြစ်သည့်အလား ငြိမ်ခံနေသည် မဟုတ်ပါလား။
သူ့အဆင့်က ဘာကြောင့် ဒီလောက်နိမ့်နေရသလဲဆိုတာ သိသာလှပေသည်။
ဒီတုံ့ပြန်မှုကို ကြည့်ရုံနဲ့တင် သူကတော့ တကယ်ကို မလုပ်နိုင်တဲ့သူပင်။
လုဖေးအာက ဘာကြောင့် ဒီလိုလူမျိုးကို ကြိုက်နေရတာလဲ မသိဘူး။
ရုပ်ကလေး ချောနေလို့လား။
ဒါမှမဟုတ် အသုံးမဝင်တဲ့ ချစ်စရာ တိရစ္ဆာန်လေးကို ပိုက်ထားလို့လား။
ဒါပေမဲ့ ဒီလူက မနေ့ကထက်စာရင်တော့ ကြည့်လို့ ပိုကောင်းလာသလိုပဲ၊ ဘာဖြစ်လို့ပါလိမ့်...။
အကယ်၍ ရွှီရှင်းသာ မာဟုန်ဝေ၏ စိတ်ထဲက စကားများကို ကြားရမည်ဆိုပါက သေချာပေါက် စကားပင် ပြောနိုင်တော့မည် မဟုတ်ပေ။
သူကတော့ မာဟုန်ဝေ၏ အိမ်ထဲကို မြန်မြန်ဝင်ချင်နေတာဖြစ်ပြီး လုဖေးအာကတော့ သူမ၏ စတိုင်အတိုင်း ဇာတ်လမ်းထွင်နေဦးမည်ဟု မည်သူ ထင်ထားမည်နည်း။
"ဖေးအာအစ်မကြီးက တကယ့်ကို အစွမ်းထက်တာပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ သစ်ပင်မြစ်တွေကို မဖြတ်ပါနဲ့ဦးနော်"
မာဟုန်ဝေက ရိုးသားသော အပြုံးဖြင့် ဆိုလိုက်၏။
"... မဖြတ်တော့ပါဘူး၊ ခုနက နင်က ရုတ်တရက်ကြီး လုပ်လိုက်လို့ပါ"
"ကျွန်တော့်အမှားပါ၊ ကျွန်တော့်အမှားပါ"
တစ်ဖက်လူ၏ ခွန်အားမှာ မိမိအသက်ကို အချိန်မရွေး ယူနိုင်သည်ကို သိရှိသွားခြင်းနှင့် မြောက်ဘက်က ခြိမ်းခြောက်မှုကို ဖယ်ရှားရန် သူမကို လိုအပ်နေခြင်းတို့ကြောင့်၊ မာဟုန်ဝေသည် ချက်ချင်းပင် နှိမ့်ချသွားတော့သည်။
"ဒါဆို ကျွန်တော် အခုပဲ အပေါ်ကို ခေါ်သွားပါ့မယ်။ ဒါနဲ့..."
သူသည် အနောက်က ဗီဇပြောင်းသတ္တဝါများကို ညွှန်ပြကာ "သူတို့ကတော့ အပေါ်လိုက်လာဖို့ မလိုဘူး မဟုတ်လား" ဟု မေးလိုက်၏။
"စိတ်မပူပါနဲ့ မာ အစ်ကိုကြီးရာ၊ သူတို့က ခင်ဗျားကို ရန်မမူပါဘူး"
ရွှီရှင်း ငွေရောင်ဘုရင်၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း "ကြည့်ပါလား၊ သူတို့က ကျွန်တော့်အပေါ် တော်တော်လေး ယဉ်ပါးကြပါတယ်။ ဖေးအာအစ်မကြီးရဲ့ အမိန့်မပါဘဲ သူတို့ ဘယ်သူ့ကိုမှ တိုက်ခိုက်မှာ မဟုတ်ဘူး"
ငွေရောင်ဘုရင် : "ဝူးးး"
"အဲဒီလိုလား..."
မာဟုန်ဝေမှာ စိုးရိမ်နေဆဲပင်။
ဘာပဲဖြစ်ဖြစ် ဒီသားရဲကြီးတွေက တကယ့်ကို ကြောက်စရာကောင်းလှသည် မဟုတ်ပါလား။
ရှေ့က လူနှစ်ယောက်ကို သူ ယုံကြည်နိုင်စေကာမူ၊ ဗီဇပြောင်းသတ္တဝါတွေကိုတော့...။
"သူတို့ကိုပါ ခေါ်သွားလိုက်။"
လုဖေးအာက ဆိုလိုက်သည်။
"သူတို့က ငါတို့ပြောတာကို နားလည်ကြတယ်။ ပြီးတော့ အစီအစဉ်မှာလည်း သူတို့ လိုအပ်လိမ့်မယ်။ ငါတို့ တိုင်ပင်ပြီးမှ သူတို့ကို တစ်ခါပြန်ပြီး ရှင်းပြနေရမှာကို ငါ မလိုလားဘူး"
"ကောင်းပါပြီ"
လုဖေးအာ၏ စကားကြောင့် မာဟုန်ဝေ စိတ်အေးသွားခဲ့ရပြီး ခေါင်းညိတ်ကာ "ဟုတ်ကဲ့ပါ၊ ဒါဆို အားလုံးကို အတူတူ ခေါ်သွားပါ့မယ်" ဟု ဆိုလိုက်တော့သည်။
ပြောရင်းဆိုရင်း သူသည် သစ်ပင်အိမ်အမြစ်များကို အသုံးပြုကာ ယခုတစ်ကြိမ်တွင်မူ အလွန်ပင် ညင်သာစွာဖြင့် လူနှစ်ဦးနှင့် သားရဲနှစ်ကောင်၏ ခါးကို ပတ်နှောင်လိုက်ပြီးနောက်၊ အပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်ကာ နောက်ဆုံးတွင် သူ၏ သစ်ပင်အိမ်အတွင်းသို့ ရောက်ရှိသွားကြတော့သည်။
ဒါဟာ သူ၏သစ်ပင်အိမ် ဒုတိယထပ်ဖြစ်ပြီး၊ သူ နေထိုင်ရာနှင့် သစ်ပင်အိမ်မျက်နှာပြင် ရှိရာ အထပ်လည်း ဖြစ်ပေသည်။
ရွှီရှင်းသည် ပြတင်းပေါက်နားတွင် ချထားသော ထိန်းချုပ်ရေးခလုတ်များကို ချက်ချင်း သတိပြုမိလိုက်၏။
တစ်ခုတည်း မဟုတ်ဘဲ အရပ်မျက်နှာ အသီးသီးဖြစ်သော အရှေ့တောင်၊ အနောက်မြောက် ဘက်တိုင်းတွင် ရှိနေခြင်း ဖြစ်သည်။
"နင့်ရဲ့ သစ်ပင်အိမ်မှာလည်း ထူးခြားတာတွေ ရှိနေတာပဲ"
လုဖေးအာသည် ထိုထိန်းချုပ်ရေးခလုတ် လေးခုကို မြင်သောအခါ အေးအေးဆေးဆေးပင် မှတ်ချက်ပေးလိုက်သည်။
မနေ့ညက ရွှီရှင်းသည် မာဟုန်ဝေ၏ အရေးပါပုံကို သူမအား ပြောပြထားခဲ့သဖြင့် ထိုခလုတ်များ၏ ရည်ရွယ်ချက်ကို သူမ သိရှိထားခြင်း ဖြစ်၏။
"ဪ... ဒါတွေက အလှဆင်ထားတာပါ၊ သိပ်ပြီး အသုံးမဝင်ပါဘူး"
မာဟုန်ဝေမှာ သတင်းအချက်အလက်များကို အလွယ်တကူ မထုတ်ပေးချင်ပေ။
သူသည် ဆိုဖာကို ညွှန်ပြကာ "နှစ်ယောက်စလုံး ထိုင်ကြပါဦး။ မြောက်ဘက်က သစ်ပင်အိမ်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ အသေအချာ တိုင်ပင်ကြတာပေါ့။ အရင်က သဘောတူထားသလိုပဲ၊ သစ်ပင်အိမ်က နင့်အပိုင်၊ လူကတော့ ငါ့အပိုင်နော်၊ စကားပြန်မဖျက်နဲ့ဦး"
"ဒါပေါ့။"
လုဖေးအာ ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ကာ "ငါ ပြောထားတဲ့အတိုင်းပဲ ဖြစ်စေရမယ်" ဟု ဆိုလိုက်၏။
ရွှီရှင်းသည် သူမ၏အနောက်တွင် လက်ပါးစေတစ်ယောက်ကဲ့သို့ ရပ်နေသော်လည်း တကယ်တမ်းမှာမူ သစ်ပင်အိမ်အတွင်းပိုင်းကို အကဲခတ်နေခြင်းပင်။
အထဲမဝင်ခင်က ဤလူကြီးသည် သစ်ပင်အိမ်ထဲ၌ ဂျောက်ဂျက် ဂျောက်ဂျက် နှင့် အသံများ ပြုလုပ်နေသည်ကို သူ ကြားခဲ့ရသည် မဟုတ်ပါလား။
ဒါဟာ ဘာအသံပါလိမ့်။
သူ ပတ်ပတ်လည်ကို ကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။
သို့သော် ခုနကကြားလိုက်ရသော အသံမှာ ဤအထပ်မှ မဟုတ်ဘဲ တတိယအထပ်မှ ဖြစ်ဟန်တူပေသည်။
နောက်ကျရင် အပေါ်တက်ကြည့်မှ သိရပေလိမ့်မည်။
ယခုအခါ မာဟုန်ဝေမှာ သတ်ဖြတ်ခြင်းကို စောင့်ဆိုင်းနေရသော သိုးငယ်လေးတစ်ကောင်နှင့် တူနေချေပြီ။
သူသည်လည်း ချက်ချင်း လှုပ်ရှားခြင်းမရှိဘဲ လုဖေးအာ ဘာဆက်လုပ်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေလိုက်၏။
"ဒါပေမဲ့..."
လုဖေးအာ စကားကို ဆွဲလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ"
မာဟုန်ဝေ မှင်သက်သွားပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားဟန် ပြလိုက်၏။
ဤအရောင်းအဝယ်မှာ ထင်သလောက် မလွယ်ကူနိုင်ကြောင်း သူ သိထားသည်။
သူ၏အထင်တွင် တစ်ဖက်လူမှာ ကီလိုမီတာ ဆယ်ဂဏန်းလောက်ကို ခရီးနှင်လာရခြင်းဖြစ်ရာ သစ်ပင်အိမ်အပြင် သူ့ထံမှ တစ်ခုခုကို ထပ်မံ လိုချင်နေခြင်းဖြစ်မည်ဟု ယူဆလိုက်ခြင်းပင်။
သို့သော် ရွှီရှင်းတို့အဖွဲ့ ဤမျှဝေးကွာသော ခရီးကို နှင်လာရခြင်းမှာ အခြားအရာအတွက် မဟုတ်ဘဲ သူကိုယ်တိုင်အတွက် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပါပေ။
လုဖေးအာသည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြတင်းပေါက်မှတစ်ဆင့် မြောက်ဘက်ကို လှမ်းကြည့်လိုက်ရာ၊ လီဝမ်ရှီး၏ သစ်ပင်အိမ်မှာ စိမ်းလန်းစိုပြည်လျက် ရှိနေပေသည်။
သူမ မေးစေ့ကို အသာအယာ မြှောက်လိုက်ရင်း "နင် ဘာမှ ထူးခြားတာကို သတိမထားမိဘူးလား" ဟု မေးလိုက်၏။
"ဟင်"
မာဟုန်ဝေသည် သူမ၏ အကြည့်နောက်သို့ လိုက်၍ ပြတင်းပေါက်မှတစ်ဆင့် လီဝမ်ရှီး၏ သစ်ပင်အိမ်ကို လှမ်းကြည့်ကာ ဇဝေဇဝါဖြစ်သွားရသည်။
"ဘာများ ထူးခြားလို့လဲ၊ သူမရဲ့ သစ်ပင်အိမ်က..."
ထိုအချိန်မှာပင် ဆိုဖာပေါ်တွင် ထိုင်နေသော လုဖေးအာသည် ရုတ်တရက် ခုန်ထလိုက်တော့၏။
သူမသည် အလွန်လျင်မြန်သော အရှိန်ဖြင့် မားဟုန်ဝေ၏အနားသို့ ရောက်ရှိသွားပြီး၊ သူမ၏ ညာဘက်လက်ငါးချောင်းကို လက်သည်းများကဲ့သို့ ကျုံ့လိုက်ကာ သူ၏ခေါင်းကို တိုက်ရိုက်ဖမ်းဆွဲ၍ မြေပြင်ပေါ်သို့ အားဖြင့် ဆောင့်ချပစ်လိုက်တော့၏။
"ဘာ..."
မာဟုန်ဝေ ဘာမှ မတုံ့ပြန်နိုင်သေးမီမှာပင် ကမ္ဘာကြီး တစ်ပတ်လည်သွားသလို ခံစားလိုက်ရပြီးနောက်...
"ဒုန်း"
ကျယ်လောင်သော အသံကြီးနှင့်အတူ သူ၏ခေါင်းမှာ သစ်ပင်အိမ် ကြမ်းပြင်နှင့် တိုက်ရိုက် ဆောင့်မိသွားခဲ့ချေပြီ။
သူသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ချက်ချင်းပင် မူးဝေကာ သတိလစ်သွားပြီး မြေပြင်ပေါ်တွင် ပျော့ခွေလဲကျသွားတော့သည်။
"အီး"
ခဲခဲလေးမှာတော့ လန့်သွားသဖြင့် ခုန်တက်သွားရှာ၏။
သူမသည် တစ်ချိန်လုံး လိမ္မာပါးနပ်စွာဖြင့် အသံမထွက်ဘဲ နေခဲ့သော်လည်း၊ အခုတော့ ရွှီရှင်း၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိတော့သော မာဟုန်ဝေကို မျက်လုံးလေးများ ပြူးကာ ကြည့်နေရှာတော့၏။
လုဖေးအာ သူမ၏ ညာဘက်လက်ကို ပြန်ရုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ဖုန်သုတ်သလိုဟန်ဖြင့် လက်ဝါးချင်း ပုတ်လိုက်၏။
ထို့နောက် ရွှီရှင်းဘက်သို့ လှည့်ကာ အောင်နိုင်သူအပြုံးဖြင့် လက်နှစ်ချောင်းကို V ပုံလုပ်ပြရင်း "ဘယ်လိုလဲ၊ သေသပ်လှပတယ် မဟုတ်လား" ဟု ဆိုလိုက်၏။
အခန်း ၃၂၉ ပြီး။
အခန်း (၃၃၀) - အောင်မြင်မှု၏ အသီးအပွင့်နှင့် အင်အားကြီးမားလှသော လက်နက်များ
လုဖေးအာ၏ လှုပ်ရှားမှုမှာ တကယ့်ကို မြန်ဆန်လွန်းလှသလို အလွန်လည်း ရုတ်တရက် ဆန်လှပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မာဟုန်ဝေမှာ မြေပြင်ပေါ်သို့ စောက်ထိုးကျသွားခဲ့ရပြီး၊ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သတိလစ်သွားခဲ့ရချေပြီ။
ရွှီရှင်း၏ မျက်ခွံများပင် လှုပ်ခတ်သွားရ၏။
ဒီမိန်းမ... တကယ့်ကို မြန်တာပဲ။
"ဝူးးး"
ဘေးနားက ငွေရောင်ဘုရင်သည် လုဖေးအာအား လှမ်း၍ အော်ဟစ်လိုက်သည်။
၎င်းသည် သူမ၏ လုပ်ရပ်ကြောင့် လန့်သွားခြင်းလား သို့မဟုတ် သူမအား အားပေးလိုက်ခြင်းလားဆိုသည်ကိုတော့ မသေချာလှပေ။
ပြတင်းပေါက်ဘောင်ပေါ်တွင် နားနေသော အာဖုသည်လည်း ထိတ်လန့်သွားကာ အတောင်ပံကို နှစ်ချက်မျှ ခတ်လိုက်မိသည်။
မနေ့က တစ်ချိန်လုံး သူ့ကို ရန်တွေ့နေသည့် ဤမိန်းမမှာ ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပုံရပေသည်။
မီမီကတော့ မြေပြင်ပေါ်တွင် ဆက်လက်ဝပ်နေဆဲဖြစ်ပြီး၊ မျက်တောင်လေးကို အနည်းငယ်မျှသာ ပင့်ကြည့်လိုက်၏။
လုဖေးအာမှာ အလွန်ပင် ဖျတ်လတ်သော်လည်း မီမီ၏ အရှိန်နှင့် တုံ့ပြန်မှုနှုန်းကိုတော့ ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် မီမီဆိုသည်မှာ အရှိန် ကြောင့် နာမည်ကျော်လှသော ကျားသစ်မျိုးနွယ်ဖြစ်သလို၊ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါလည်း ဖြစ်သည် မဟုတ်ပါလား။
လုဖေးအာ၏ အရှိန်မှာ မီမီအတွက်တော့ ဘာမှမဟုတ်ပါပေ။
သူမ ဂူထဲတွင် ပိတ်မိနေစဉ်ကပင် လုဖေးအာထက် ပိုမြန်ခဲ့သည်ဟု မီမီက ယုံကြည်ထားခြင်း ဖြစ်သည်။
ယခုဆိုလျှင်တော့ သူမအား အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်၏။
"ဟူး... အခုမှပဲ စိတ်ထဲ နေလို့ကောင်းတော့တယ်။ ဒီကောင်က လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ ငါ့လက်ကို အတင်းညှစ်နေတာ၊ တကယ့်ကို ရွံစရာကောင်းလိုက်တာ"
လုဖေးအာသည် မြေပြင်ပေါ်တွင် သတိလစ်နေသော မာဟုန်ဝေကို တစ်ချက် ကန်လိုက်ရာ၊ သူ၏ကိုယ်မှာ လည်ထွက်သွားပြီး မြေပြင်နှင့် ဆောင့်ထားသော ဦးခေါင်းနောက်စိမှာ ပေါ်လာတော့သည်။
"... သူက လေးစားတဲ့အနေနဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်နှုတ်ဆက်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ"
ရွှီရှင်းက စကားပင် မဆိုနိုင်တော့ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။
မာဟုန်ဝေ၏ စရိုက်ကို သိထားသည့် ရွှီရှင်းအဖို့ ထိုလူသည် တစ်ဖက်လူ ဒေါသထွက်အောင် တမင်ညှစ်လိမ့်မည်ဟု မထင်ပေ။
လုဖေးအာကိုယ်တိုင်က အထိမခံလွန်းသဖြင့် သူမ၏လက်ကို ညှစ်ခံရသည်ဟု ခံစားလိုက်ရခြင်းသာ ဖြစ်ပေလိမ့်မည်။
"... ကျွန်မတော့ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် သူက ရွံဖို့ကောင်းတာပဲ"
လုဖေးအာ ခဏမျှ စဉ်းစားပြီးနောက် အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
"သူက ဝမ်ရှီးကိုတောင် စိတ်ကူးယဉ်နေသေးတာလေ၊ ရှင်က ဒါကို စိတ်မဆိုးဘူးလား။ ဝမ်ရှီးက ရှင့်ရဲ့ ချစ်သူ မဟုတ်ဘူးလား"
"ရပါတယ်"
ရွှီရှင်း ပုခုံးတွန့်ပြလိုက်၏။
"စိတ်ကူးယဉ်တာကတော့ လူတိုင်း လုပ်တတ်တဲ့အရာပဲ မဟုတ်လား။ ငါကတော့ သူ့ကို သနားစရာကောင်းတယ်လို့ပဲ ထင်မိတယ်"
"ရွံစရာကြီး"
သူမ မာဟုန်ဝေကို ရွှီရှင်းရှိရာဘက်သို့ ရောက်သွားအောင် နောက်တစ်ချက် ထပ်ကန်လိုက်ပြီးနောက်၊ လက်ပိုက်လျက် "ကျွန်မရဲ့ တာဝန်ကတော့ ပြီးသွားပြီ။ ကဲ... ကျွန်မ သရုပ်ဆောင်တာ ဘယ်လိုလဲ။ ဆုကရောဘာရမလဲ" ဟု မေးလိုက်သည်။
"အီး"
ခဲခဲလေးသည် မာဟုန်ဝေ၏ ဘေးတွင်ရပ်ကာ၊ ခေါင်းလေးစောင်းလျက် သူ့ကို ကြည့်နေ၏။
သူမသည် အရင်က သတိလစ်နေသော လုဖေးအာကို လုပ်ခဲ့သကဲ့သို့ပင်၊ သူ၏ခေါင်းကို သူမ၏ လက်သည်းလေးများဖြင့် ခဏခဏ လှမ်းတို့ကြည့်နေရှာသည်။
ရွှီရှင်းသည် မိမိခြေရင်း၌ ခွေးသေတစ်ကောင်လို လဲကျနေသော မာဟုန်ဝေကို ငုံ့ကြည့်လိုက်ရာ၊ မျက်ခွံများ နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။
"နင်က ဒီလောက်အထိ အားနဲ့လုပ်လိုက်တာ၊ သူ့ကို မတော်တဆ သတ်မိသွားတာမျိုးတော့ မဟုတ်ဘူးမလား"
ခုနက ကြမ်းပြင်နှင့် ဆောင့်မိလိုက်သည့် အသံကြီးကြောင့် သူကိုယ်တိုင်ပင် ခေါင်းထဲမှ နာသွားသလို ခံစားလိုက်ရခြင်းပင်။
"စိတ်အေးအေးထားပါ၊ မြင်ရသလောက်တော့ အားမပါပါဘူး။ ပြီးတော့ လူတွေရဲ့ ဦးခေါင်းခွံကိုလည်း အထင်မသေးနဲ့ဦး၊ အဲဒါက တော်တော်မာတာ။ သူကတော့ ဦးနှောက် အနည်းငယ် လှုပ်ခါသွားတာမျိုးပဲ ဖြစ်မှာပါ၊ ခဏနားလိုက်ရင် သက်သာသွားလိမ့်မယ်"
လုဖေးအာက သူမ၏ ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်ပြီးနောက် ဆိုဖာပေါ်သို့ ပစ်ထိုင်လိုက်သည်။
"အခြေအနေ ဆိုးနေတယ်ဆိုရင်လည်း ရှင့်အဖွဲ့ထဲက ဆရာဝန်မလေးကို ဆေးတစ်လုံးလောက် တိုက်ခိုင်းလိုက်ပေါ့"
သူမသည် ဆိုဖာပေါ်တွင် ပျင်းရိစွာ ကိုယ်ကို ဆန့်လိုက်ရင်း ပြုံးစိစိဖြင့်
"အာ... ရှင့်ကို ငေါက်ရတာ တကယ့်ကို အရသာရှိတာပဲ" ဟု ဆိုလိုက်၏။
"နင့်ကို လက်ပတ်ထဲမှာ ပိတ်ထားရတာလည်း အရသာရှိတာပဲနော်"
ရွှီရှင်းက သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
ထိုစကားကြောင့် လုဖေးအာ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး၊ ဆိုဖာပေါ်မှာ တင်ပါး မီးလောင်သွားသည့်အလား ဒေါသရော ကြောက်စိတ်ပါ ရောပြွမ်းနေသော အသံဖြင့် ခုန်ထလိုက်တော့သည်။
"ရှင် ကျွန်မက ရှင်ကိုယ်တိုင် ဖန်တီးထားတဲ့ ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ပေးနေတာလေ။ ရှင်က...။ ကျွန်မ ရှင့်ကို အများကြီး ကူညီပေးခဲ့တာလေ။ ဆုမပေးတာက ထားပါဦး၊ ရှင်က ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ"
ရွှီရှင်းကတော့ စနောက်ပြောဆိုလိုက်ခြင်းသာဖြစ်ပြီး သူသည် ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော မာဟုန်ဝေကို အသေအချာ အကဲခတ်ရန် ဒူးထောက်ထိုင်လိုက်ချေပြီ။
ဒဏ်ရာရသွားသော နေရာမှာ ဦးခေါင်းနောက်စိဖြစ်ပေသည်။
အကြောင်းမှာ လုဖေးအာသည် သူ၏နဖူးကို ဆွဲ၍ အောက်သို့ ဆောင့်ချလိုက်ခြင်းကြောင့် ဖြစ်၏။
သူ၏ ဒဏ်ရာမှာ ရွှီရှင်း ထင်ထားသလောက်တော့ မဆိုးရွားလှပေ။
ဦးခေါင်းနောက်စိတွင် ဖုယောင်နေပြီး ဆံပင်များကြားတွင် သွေးစအချို့မှာ မြစ်ဖျားခံလျက် ဖြည်းဖြည်းချင်း စီးကျနေပေသည်။
ယေဘုယျအားဖြင့် သူ၏ အသက်ရှူနှုန်းမှာ တည်ငြိမ်ပြီး နှေးကွေးနေသလို၊ သူ၏ နှလုံးခုန်သံကိုလည်း ရွှီရှင်း၏ အစွမ်းထက်လှသော အကြားအာရုံဖြင့် အသေအချာ ကြားနေရပေသည်။
သူသည် တကယ်ပင် သတိလစ်နေခြင်း ဖြစ်၏။
"သူ့ကို စောင့်ကြည့်ထားလိုက်ကြ... ထားလိုက်ပါတော့၊ သစ်ပင်အိမ်ထဲကို ရှာဖွေဖို့ ကူညီပေးကြဦး"
ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး "မီမီ၊ ငွေရောင်ဘုရင်၊ အာဖု... သူ့ကို စောင့်ကြည့်ထားကြ။ အကယ်၍ သူ နိုးလာခဲ့ရင် သူ့ကို အတင်းဖိထားလိုက်၊ ထခွင့်မပေးနဲ့" ဟု အမိန့်ပေးလိုက်သည်။
"သစ်ပင်အိမ်ကို သိမ်းပိုက်ရမည့် အချိန်ရောက်ပြီလား။ ပထမထပ်ကိုတော့ ကျွန်မကိုသာ လွှတ်ထားလိုက်"
လုဖေးအာသည် ရွှီရှင်းက သူမအား ပိတ်လှောင်မည်ကို စိုးရိမ်သဖြင့်၊ အောက်ထပ်သို့ အလောတကြီး ပြေးဆင်းသွားတော့သည်။
"ဝူးးး"
ငွေရောင်ဘုရင်က ပြန်ထူးလိုက်ပြီး၊ သတိလစ်နေသော မာဟုန်ဝေ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
မီမီသည်လည်း လျှောက်လာကာ မာဟုန်ဝေ၏ ရင်ဘတ်ပေါ်သို့ ခြေဖဝါးတစ်ဖက် တင်လျက် ဝင်ထိုင်လိုက်သည်။
အာဖုကတော့ သူ၏ မျက်နှာပေါ်တည့်တည့်သို့ ဆင်းသက်လိုက်တော့၏။
ဒုက္ခပဲဟ။ ဗီဇပြောင်းသတ္တဝါ သုံးကောင်ရဲ့ ဝိုင်းရံမှုကို ခံထားရတာဆိုတော့၊ ဒီကောင် နိုးလာရင်တော့ သေအောင် လန့်သွားတော့မှာပဲ။
သူတို့တွေ မာဟုန်ဝေကို စောင့်ကြည့်နေကြသဖြင့် ရွှီရှင်း စိတ်အေးသွားခဲ့ရသည်။
အထူးသဖြင့် မီမီ ရှိနေသဖြင့် သူမ၏ အရှိန်ကြောင့် ဤလူကြီး မတ်တတ်ရပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါပေ။
သူ ခြေတစ်လှမ်းတောင် ပြေးနိုင်မည် မဟုတ်ပါချေ။
သူ့ကို ဗီဇပြောင်းသတ္တဝါအဖြစ် ပြောင်းလဲပြီး စာချုပ်ချုပ်ဆိုမည့်ကိစ္စကိုတော့ သူ၏ သစ်ပင်အိမ်ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီးမှသာ စဉ်းစားမည်ဟု ရွှီရှင်း ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ်၊ အကယ်၍ သူ ဆေးသောက်ပြီး ဗီဇပြောင်းလဲသွားမည်ဆိုပါက ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်များမှာ ဆတိုး မြင့်တက်လာမည့် အရှိန်အဟုန်ပြင်းသော အခြေအနေသို့ ရောက်ရှိသွားမည် မဟုတ်ပါလား။
သူက ပြန်လည် တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန် အခွင့်အလမ်းမှာ နည်းပါးစေကာမူ ရွှီရှင်းအနေဖြင့် မည်သည့် အမှားအယွင်းမျှ အဖြစ်မခံလိုချေ။
သူ၏ သစ်ပင်အိမ်မှာ အလွန်ပင် အန္တရာယ်များလှသဖြင့် ၎င်းကို အရင်ဆုံး ဖြေရှင်းလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
သစ်ပင်အိမ်သာ မရှိတော့လျှင် သူ၏ ခန္ဓာကိုယ်ခွန်အားတစ်ခုတည်းအပေါ်တွင်တော့ ရွှီရှင်း စိုးရိမ်စရာ မရှိတော့ချေ။
ဒါပေမဲ့ အရင်ဆုံး သူ၏ သစ်ပင်အိမ်ထဲမှာ ဘာကောင်းတာတွေ ရှိမလဲဆိုတာကို သွားကြည့်ရပေဦးမည်။
အခန်း ၃၃၀ ပြီး။