တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း
Vol. 14 Ch. 186
ဟန်တောင်တန်းမြို့တော် အတွင်းမှ လူတိုင်း တိတ်ဆိတ် နေခဲ့ချိန်တွင် အရောင်စုံ ရေကန်တောင်ရှိရာဆီမှ အိုမင်းနေသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အတန်ငယ် အားနည်းနေဟန် ရသော်လည်း ၎င်းပေါ်ထွက်လာသည့် အခိုက်အတန့်တွင် တိတ်ဆိတ်မှုကို ရုတ်ခြည်း ချိုးဖျက်သွားခဲ့သည်။
လူတိုင်း၏ အကြည့်များသည် အရောင်စုံ ရေကန်တောင်ရှိရာဆီ စုဝေးရောက်ရှိ သွားကြသည်။ လူအများစုသည် ထိုရုတ်တရက် ထွက်ပေါ်လာသည့် အသံနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြချေ။ ထိုအသံသည် အရောင်စုံ ရေကန်မျိုးနွယ်စုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကိုသာ သူတို့သိရှိပြီး ပြောလိုက်သည့်ပုဂ္ဂိုလ် မည်သူဆိုသည်ကို သူတို့မသိပေ။
သို့သော် ထိုအသံပိုင်ရှင်ကို သိရှိသူများလည်း ရှိနေသေးသည်။ သူတို့ မျက်နှာများတွင် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာများ ဖြစ်ပေါ်လာကြပြီး အရောင်စုံ ရေကန်တောင်ဆီသို့ လှည့်ကြည့် လိုက်မိကြသည်။
နန်ထျန်း ကြောက်ရွံ့လျက် တုန်ယင် သွားမိပြီး ထိုအသံပိုင်ရှင်ကို သူသိသောကြောင့် ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
လန်ယင်လည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိပြီး အရောင်စုံ ရေကန်တောင်ဆီ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌ ခဲ့ကျူးစစ်သည် အပြင်လူများထဲတွင် အသံကြောင့် အလွှမ်းမိုးခံလိုက်ရဆုံးသူ ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ ယခုစကား ပြောလိုက်သူ မည်သူဖြစ်ကြောင်း သူသိနေခဲ့သည်။ သူသည် အရောင်စုံ ရေကန်မျိုးနွယ်စု၏ ဧည့်သည်တော် ဖြစ်ခဲ့ဖူးသောကြောင့် အပြင်လူများ မသိနိုင်သည့် လျှို့ဝှက်ချက်များကို သူသိထားခဲ့သည်။ အရောင်စုံ ရေကန်မျိုးနွယ်စု၏ ဦးဆောင်သူသည် မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်ဟု အပြင်လူများကြားတွင် ကောလာဟလများ ပျံ့နှံ့နေခဲ့သော်လည်း ထိုသို့ မဟုတ်ကြောင်း သူသိထားခဲ့သည်။
“အရောင်စုံရေကန်ရဲ့ ... အကြီးအကဲ”
အရောင်စုံရေကန် တောင်ပေါ်တွင် ယန်လွမ် အမူအရာသည်လည်း ပြောင်းလဲ သွားခဲ့ရပြီး သူမဘေးရှိ အဘွားအိုထံသို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် ယခုကဲ့သို့ စကားလုံးများကို အကြီးအကဲ ပြောလိုက်လိမ့်မည်ဟု သူမမထင်မှတ်ထားခဲ့မိပေ။ ဤအပြုအမူသည် သံသယရှိစရာ မလိုအောင်ပင် ပုချန့်ကို စိတ်ဆိုးစေလိမ့်မည်မှာ သေချာသည်။ ယခင်က သူတို့အကြား ဆက်ဆံရေးများကို ပြန်လည်ပြုပြင်နိုင်ရန် ကြိုးစားခဲ့မှုများ အားလုံးသည် ဤအရာကြောင့် လုံးဝပင် ပျက်စီး သွားပေလိမ့်မည်။
တစ်ခါတစ်ရံတွင် ပုဂ္ဂိုလ်ရေးအရ တစ်စုံတစ်ယောက်ကို သတ်ခြင်းသည် မျိုးနွယ်စုငယ် နှစ်ခုအတွက် အသေးအဖွဲ ကိစ္စတစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူမသည် ဟန်တောင်တန်း မြို့တော်ရှိ လူများရှေ့တွင် ၎င်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်၍ ဤစကားသည် ပြုပြင်ဖာထေး၍ မရနိုင်သည့် ပျက်စီးမှုကို ယူဆောင်လာမည်မှာ အသေအချာပင် ဖြစ်သည်။
အကြီးအကဲတစ်ယောက် ညာဘက်လက်ကို ဆုပ်လိုက် ဖြန့်လိုက် အကြိမ်ကြိမ် လုပ်နေခဲ့ရခြင်းကို ယန်လွမ် ရုတ်တရက် နားလည် သွားမိသည်။ သူမ နားမလည်နိုင်ခဲ့သည့် အကြီးအကဲ တွန့်ဆုတ် နေရခြင်း၏ အဖြေသည် ယခုတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
‘အကြီးအကဲက အခုလိုမျိုး တစ်စုံတစ်ရာ ဖြစ်ပျက် လာလိမ့်မယ်လို့များ ခန့်မှန်းမိခဲ့တာလား။ ဒါက ဘာကြောင့် ... ချီတုံချတုံ ဖြစ်နေခဲ့ရတာလဲ ဆိုတာပဲ’
ယန်လွမ် အသက်ပြင်းပြင်း ရှူလိုက်ရင်း ခေါင်းကို ငုံ့ထားလိုက်မိသည်။
အရောင်စုံ ရေကန်မျိုးနွယ်စု အကြီးအကဲ၏ စကားသံများသည် ဧရိယာတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပြီး ဟန်တောင်တန်းမြို့တော်မှ လူအုပ်အတွင်း အသံတို့ပေါက်ကွဲ ထွက်ပေါ် လာတော့မည့် အရိပ်အယောင်များ ဖြစ်ပေါ် လာစေခဲ့သော်လည်း သူတို့သည် ဆက်လက်၍သာ တိတ်ဆိတ် နေခဲ့ကြသည်။
ပုချန့်တောင်ပေါ်တွင် အသားတောင်လေး တစ်လုံးသဖွယ်လူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ သူ့ဘေးမှ သုန်သုန်မှုန်မှုန်ဖြင့် စကားပြောခဲ့သည့် အဘိုးအိုသည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး ပြောစရာစကားလုံးများ ပျောက်ဆုံး သွားခဲ့ရသည်။
ပုချန့်မျိုးနွယ်စု အကြီးအကဲမှာ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့မျက်လုံးများအတွင်း ဒေါသများ ထွက်ပေါ်လာခဲ့သည်။ သူဖြည်းညင်းစွာ ထရပ်လိုက်ပြီး အရောင်စုံ ရေကန်တောင်ဆီ လှမ်းကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
“မင်းက အရောင်စုံရေကန်ရဲ့ အကြီးအကဲပဲလေ။ ဒါပေါ့ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ်”
သူစကား ပြောလိုက်သည်နှင့် အရောင်စုံ ရေကန်တောင်မှ ပြောလိုက်သူသည် မည်သူဖြစ်ကြောင်း မသိခဲ့သည့်လူများ အားလုံးပင် ရုတ်တရက် အံ့အားသင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြသည်။ သို့သော် မည်မျှပင် အံ့အားသင့် သွားကြပါစေ၊ လူများသည် သူတို့အချင်းချင်းကြားတွင် စကားမပြောခဲ့ကြပေ။ ထိုအစား ၎င်းတုန်လှုပ်မှုသည် တိတ်ဆိတ်မှု အလယ်တွင် ထွက်ပေါ်လာတော့မည့် ပြင်းထန်စွာ ပေါက်ကွဲခြင်းအတွက် အင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ငါ ဒါကို သဘောမတူနိုင်ဘူး”
လုပ်နိုင်ကိုင်နိုင်စွမ်းရှိပုံ မရတော့သည့် အရောင်စုံ ရေကန်မျိုးနွယ်စု အကြီးအကဲ အဘွားအိုသည် ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။
ယန်လွမ် အံကြိတ်လိုက်ရင်း အော်ဟစ်လိုက်သည်။
“ငါ၊ ယန်လွမ်၊ အရောင်စုံ ရေကန်မျိုးနွယ်စု ခေါင်းဆောင်ကလည်း ဒါကို သဘောမတူနိုင်ဘူး”
မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲတို့၏ အသံများသည် မျိုးနွယ်စုတစ်စု၏ အရေးပါထင်ရှားသော အရာများပင် ဖြစ်သည်။ ယန်လွမ်နှင့် အကြီးအကဲတို့၏ စကားလုံးများသည် အရောင်စုံရေကန် မျိုးနွယ်စု၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြသွားခဲ့သည်။ သူတို့၏စကားများ နောက်ကွယ်မှ အဓိပ္ပာယ်သည် ဟန်တောင်တန်း တစ်ခုလုံးကို လှုပ်ခါရန် လုံလောက်ပေသည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
ပုချန့်မျိုးနွယ်စုတစ်ခုလုံး ထိတ်လန့် တုန်လှုပ်နေခဲ့သည်။ မရေမတွက်နိုင်သော ပုချန့်မျိုးနွယ်ဝင်များသည် ဒေါသများဖြင့် ပြည့်နှက်သွားခဲ့ကြပြီး သူတို့အမူအရာများက ပြောင်းလဲ သွားခဲ့ကြသည်။ တောင်ထိပ်တွင်တော့ ပုချန့်မျိုးနွယ်စု အကြီးအကဲသည် ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။
ယခင်က စကားပြောခဲ့သည့် သူ့ဘေးမှ အဘိုးအိုသည်တော့ တုန်လှုပ်နေခဲ့သည်။ ဤအရာများ အားလုံးသည် သူပြောခဲ့မိသည့်စကားနှင့် ဆက်စပ်နေခဲ့သည်ဟု သူခံစားနေရ၏။ အသားတောင်လေး တစ်လုံးသဖွယ် လူက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ချိန်တွင် ထိုခံစားချက်သည် ပိုမိုခိုင်မာလာခဲ့သည်။
အသားတောင်လေးသဖွယ် လူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပုချန့်မျိုးနွယ်စု အကြီးအကဲဘေး၌ ရပ်လိုက်သည်။ အရောင်စုံရေကန် မျိုးနွယ်စုရှိရာသို့ ကောက်ကျစ်စွာ ငေးကြည့်လိုက်ပြီး စကားစပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် …
ငြိမ်းအေးရာ အရှေ့အရပ်တောင်ဆီမှ အိုမင်းနေသူ တစ်ဦး၏ ရယ်မော သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ငါလည်း ဒါကို သဘောမတူပေးနိုင်ဘူး”
“ငါ၊ ဖန်းရှန်၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကလည်း ဒီကိစ္စကို သဘောမတူနိုင်ဘူး”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲ ပြောဆိုပြီးသည်နှင့် ချက်ချင်းပင် ဖန်းရှန်၏ အာဏာသံပါသော အသံက လေထုအတွင်း ပျံ့လွင့်လာခဲ့သည်။
“ငါ၊ ဖန်းချန်းလန်၊ အေးခဲကောင်းကင်ကလန်ရဲ့ တပည့်၊ ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုဝင်ကလည်း ဒါကို သဘောမတူဘူး”
ဖန်းချန်းလန်၏ အသံသည် အမြဲတစေ နူးညံ့သိမ်မွေ့ခဲ့ သော်လည်း ဤအခိုက်အတန့်တွင်တော့ နူးညံ့သိမ်မွေ့သည့် အသံအတွင်း၌ ပြတ်သားခိုင်မာမှုတို့ ပါဝင်နေခဲ့သည်။
ပုချန့်တောင်ပေါ်မှ အသားတောင်လေး တစ်လုံးသဖွယ် လူသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အမူအရာများ ပြောင်းလဲ သွားခဲ့သည်။ ထိုအချိန်တွင် ပုချန့်မျိုးနွယ်မှ လူများသည် ဒေါသမထွက်နိုင် ကြတော့ဘဲ မယုံနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်သွားကြရသည်။ ကြီမားသည့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက် လာတော့မည်ဟု သူတို့ခံစားနေရ၏။
ပုချန့်မျိုးနွယ်စု အကြီးအကဲတစ်ယောက် ဖြူဖျော့ သွားခဲ့ရပြီး သူ့မျက်လုံး အတွင်းမှ ဒေါသများက ပိုမို ပြင်းထန်လာခဲ့သည်။ သူ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဆိုသလို အသံများ နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ဟန်တောင်တန်း မြို့တော်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ငါ၊ အရောင်စုံ ရေကန်မျိုးနွယ်စုက ဟန်ဖေးကျစ်၊ ပုချန့်မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ပါဘူး”
“ငါ၊ ဟန်တောင်တန်းမြို့တော်ရဲ့ ရုပ်နယ်လွန်အဆင့် နန်ထျန်းက ဒါကို သဘောမတူပါဘူး”
“ငါ၊ ဟန်တောင်တန်းမြို့တော်ရဲ့ ရုပ်နယ်လွန်အဆင့် ခဲ့ကျူးစစ်၊ ဒီကိစ္စကို သဘောမတူပါဘူး”
“ငါ၊ လန်ယင် ဟန်တောင်တန်းမြို့တော်ရဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ကလည်း ပုချန့်မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ပါဘူး”
အရောင်စုံရေကန်နှင့် ငြိမ်းအေးရာ အရှေ့အရပ်တို့ပြီး နောက်တွင် ဟန်တောင်တန်းမြု့တော် အတွင်းမှ ထွက်ပေါ်လာခဲ့သော အသံ ၄ ခုသည် တိတ်ဆိတ်မှုကို ဖြိုခွဲရန် လိုအပ်သော အင်အားကို နောက်ဆုံး ပေးနိုင်ခဲ့သည်။ ဟန်ဖေးကျစ် မပါဝင်လျှင်ပင် အခြားသုံးဦးသည် ရုပ်နယ်လွန် အဆင့်မှ စွမ်းအားကြီးမာန် စွမ်းအားရှင်များ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သာ ပြောဆိုခဲ့လျှင် အသုံးဝင်မည် မဟုတ်သော်လည်း သုံးဦးဆက်တိုက် ပြောလိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် ခြိမ်းခြောက်နိုင်သော အင်အားသည် မျိုးနွယ်စုငယ် တစ်ခုသဖွယ် မစွမ်းဆောင် နိုင်သော်လည်း ၎င်းကို လျစ်လျူရှု၍တော့ မရနိုင်သည့် စွမ်းအားပင် ဖြစ်သည်။
အထူးသဖြင့်တော့ သူတို့သည် အပြင်လူများ ဖြစ်နေခဲ့သည့် အချိန်ပင် … ။
ဒါသည် လုံလောက်နေခဲ့ပေပြီ။
“ငါ၊ လုထောင် ဟန်တောင်တန်းရဲ့ အပြင်လူကလည်း ဒါကို သဘောမတူပါဘူး”
“ငါကလည်း ဟန်တောင်တန်းက အပြင်လူ တစ်ယောက်ပဲ။ ငါ့မှာ လုပ်ပိုင်ခွင့်မရှိဘူး ဆိုရင်တောင် ပုချန့် ငါမင်းကို ပြောလိုက်မယ်။ ငါလည်း ဒါကို သဘောမတူဘူးကွ”
“ငါ၊ စုန့်ယွမ် အပြင်လူတစ်ယောက်၊ ဒါကို သဘောမတူနိုင်ပါဘူး”
အော်ဟစ်သံများသည် ဟန်တောင်တန်း မြို့တော်၏ တိတ်ဆတ်နေခဲ့သည့် လူအုပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အသံများ ထွက်ပေါ် လာသည်နှင့်အမျှ ပို၍ပို၍ များပြားလာခဲ့သည့် လူတို့သည် သူတို့၏ တိတ်ဆိတ်မှုများကို ချိုးဖျက်လျက် အော်ဟစ်လာခဲ့ကြသည်။ သူတို့သည် တိတ်ဆိတ်မှုကို ချိုးဖျက်လျက် ပါးစပ်များကို ကျယ်ကျယ်ဖွင့်ပြီး ပုချန့်တောင်ဆီသို့ ဦးတည် အော်ဟစ် လိုက်ကြသည်။
“ငါ၊ လျိုဟိုင် ဟန်တောင်တန်းရဲ့ အပြင်လူ ဒါကို သဘောမတူနိုင်ပါဘူး”
“ငါ၊ ယန်လျိူ ဟန်တောင်တန်းရဲ့ အပြင်လူကလည်း ဒါကို သဘောမတူနိုင်ပါဘူး”
“ငါ၊ အပြင်လူ ချန်းဖန် သဘောမတူနိုင်ပါဘူး”
“ငါ ချောင်းတလည်း သဘောမတူပါဘူး”
“ငါရောပဲ။ ငါ ချောင်းစုန့်လည်း သဘောမတူဘူး”
အသံများသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေခဲ့ပြီး နောက်ဆုံးတွင် ဟန်တောင်တန်းမြို့တော် အတွင်းမှ လူတိုင်းသည် သူတို့ အတွေးများကို အော်ဟစ် ထုတ်ဖော်ခဲ့ကြသည်။ ဟန်တောင်တန်းမြို့တော် အတွင်းမှ မရေမတွက်နိုင်သော လူများသည် တူညီသည့် စကားလုံးများကို အော်ဟစ် ပြောဆိုခဲ့ကြပြီး သူတို့အသံများသည် ရောထွေးလျက် ထွက်ပေါ် လာခဲ့သည်မှာ မိုးခြိမ်းသံကိုပင် ဖုံးအုပ်သွားခဲ့သည်။ သူတို့အသံများသည် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေသည် ဆိုခြင်းမှာ အနည်းငယ်ချဲ့ကား ပြောဆိုရာ ကျသော်လည်း ပုချန့်မျိုးနွယ်စုကိုတော့ ထိတ်လှန့်နိုင်ခဲ့လေသည်။
ပုချန့်မျိုးနွယ်စုကို အသံလှိုင်းဖြင့် နစ်မြုပ်ပစ်လိုက် သကဲ့သို့ ထိုအသံများသည့် နယ်မြေဧရိယာ တစ်လျှောက် တုန်လှုပ် မြည်ဟည်း နေခဲ့သည်။ ပုချန့်တောင်ပေါ်ရှိ မျိုးနွယ်စုဝင်များသည် ကြောက်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့ဖြင့် ဖြူဖျော့ သွားခဲ့ကြသည်။
တောင်ပေါ်မှ အသားတောင်လေး တစ်လုံးသဖွယ်လူသည် အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။ ဤကဲ့သို့အရာများ ဖြစ်ပေါ်လာလိမ့်မည်ဟု သူမမျှော်လင့် ထားခဲ့မိပေ။ ၎င်းသည် ဟန်တောင်တန်းသံကြိုး၏ စိန်ခေါ်သူနှင့်သာ သက်ဆိုင်သောအရာ မဟုတ်တော့ပေ။ ၎င်းသည် အရောင်စုံရေကန်၊ ငြိမ်းအေးရာ အရှေ့အရပ်နှင့် ဟန်တောင်တန်းမြို့တော် အတွင်းမှ လူများအားလုံး သူတို့ကို ရုတ်တရက် ဆန့်ကျင်လိုက်ကြခြင်းဖြစ်သည်။
ဤအရာသည် ပုချန့်မျိုးနွယ်စု၏ မော်ကွန်းကိုပင် မှောက်လှန်ပစ် လိုက်နိုင်သည့် အဖြစ်အပျက်ဖြစ်သည်။ ယခုကိစ္စသည် ဗြောင်ကျကျ အမုန်းပွား လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူတို့သာ ဤအရာကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းခြင်း မပြုလျှင် သူတို့ကိုယ်တိုင် မိမိ၏ ပျက်စီးခြင်းကို ယူဆောင်မိသလို ဖြစ်သွားပေလိမ့်မည်။
သူ စိုးရိမ်ကြောက်ရွံ့ နေမိသည်။ ထိုအကြောက်တရားသည် ကြောက်ရွံတုန်လှုပ် ချောက်ချားခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
“ဒါက ပူးပေါင်း ကြံစည်မှုပဲ။ ဒါက ဟိုးအရင်တည်းက စီစဉ်ထားခဲ့တဲ့ ပူးပေါင်းကြံစည်မှုပဲ ဖြစ်ရမယ်”
အသားတောင်လေး တစ်လုံးသဖွယ် လူသည် အကြီးအကဲထံ လှည့်ကြည့်လိုက်မိသည်။
အကြီးအကဲ၏ မျက်နှာသည်လည်း ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ ဤအရာများသည် ကြာမြင့်စွာကပင် သူ၏ မျှော်မှန်းထားမှုများထက် ကျော်လွန်နေခဲ့ခြင်း ဖြစ်ပြီး အသားတောင်လေး တစ်လုံးသဖွယ် လူကဲ့သို့ပင် သူသည်လည်း ဤကဲ့သို့အရာများ ဖြစ်ပေါ် လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“အကြီးအကဲ၊ ကျေးဇူးပြုပြီး မြန်မြန် ဆုံးဖြတ်ချက် ချပေးပါ”
အသားတောင်လေး သဖွယ်လူသည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။ သူတို့ပတ်ဝန်းကျင်ရှိ လူများသည်လည်း ကြောက်လန့်တုန်လှုပ်နေခဲ့ကြပြီး မျိုးနွယ်စုဝင် များသည်လည်း ကြောက်လန့်တကြား အော်ဟစ်နေကြသည်ကို သူတွေ့လိုက်ရ၏။
သဘောထားကွဲလွဲနေသည့် အော်ဟစ်သံများသည် အပြင်ဘက်မှနေ၍ မိုးခြိမ်းသံများထက် ဆူညံစွာပျံ့လွင့် လာနေခဲ့ပြီး သူတို့ကို ထိတ်လန့်ကြောက်ရွံ့ တုန်လှုပ် နေစေသည်။ အော်ဟစ်သံများထဲမှ အနည်းငယ်သည် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်များ ဖြစ်သော်လည်း အများစုသည် သွေးကြောကျောက်သား နယ်ပယ်တွင်သာ ရှိနေခဲ့ကြပြီး အချို့ဆိုလျှင် သူတို့ မျက်လုံးများထဲတွင် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေခဲ့သည် ဆိုလျှင်ပင် ကြောက်ရွံ့ တုန်လှုပ်မိဆဲပင် ဖြစိသည်။
“အကြီးအကဲ”
အသားတောင်လေး တစ်လုံးသဖွယ်လူသည် အကြီးအကဲ မလှုပ်ရှားသေးသည်ကို မြင်လျှင် စကားကို စည်းလွတ်ဝါးလွတ် ပြောခဲ့သည့် အဘိုးအိုထံသို့ လှည့်ကြည့် လိုက်သည်။
သူ့ထံတွင် မကောင်းသော အရာတစ်ခုခု ဖြစ်လုနီးပြီဟု ခံစားလိုက်ရပြီး အဘိုးအို တုန်လှုပ်သွားခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင် သူ့ကို လှည့်ကြည့် နေသည်ကို မြင်လိုက်ချိန်တွင် မသိစိတ်အရ နောက်ပြန်ဆုတ် လိုက်မိသည်။ သူ့ခေါင်းပေါ်သို့ သေခြင်းတရား နီးကပ် လာခဲ့သည်ဟု ခံစားလိုက်ရ၏။ ထိုအချိန်တွင် အသားတောင်လေး တစ်လုံးသဖွယ်လူသည် လှုပ်ရှားလိုက်ပြီး သူ့ထံ တိုးဝင်လာခဲ့သည်။ အဘိုးအိုသည် နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ရင်း သူ့ပါးစပ်မှ ကြောက်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါက အမဲလိုက် ခေါင်းဆောင်ပဲ။ မင်းက မျိုးနွယ်စု ခေါင်းဆောင် ဖြစ်နေရင်တောင် စကားလေးတစ်ခွန်း အတွက်နဲ့ ငါ့ကို အရေးယူလို့မရဘူး”
အဘိုးအိုသည် ပြေးလွှားနေခဲ့သော်လည်း အသားတောင်လေး တစ်လုံးသဖွယ်လူက သူ့အနားသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
“အကြီးအကဲ၊ ငါ မျိုးနွယ်စုကို အကူအညီ ပေးခဲ့တယ်။ ငါက မျိုးနွယ်စုရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ”
အဘိုးအို ထိတ်လန့် တုန်လှုပ်နေခဲ့သည်။ သူနောက်သို့ ပြန်ဆုတ် နေခဲ့သော်လည်း မည်သူမှ သူ့ကိုလာရောက် ကူညီပေးခြင်း မရှိခဲ့ပေ။ သူတို့အားလုံးသည် တိတ်ဆိတ်နေခဲ့ကြပြီး အသားတောင်လေးသဖွယ်လူက အဘိုးအိုအနီးသို့ ရောက်ရှိသွားပြီး ညာဘက်လက်ဖြင့် ကုပ်ဆွဲလိုက်သည်ကိုသာ ကြည့်နေခဲ့ကြသည်။
“မင်းက ငါ့လက်ကို သုံးဖို့ ဖိအားပေးခဲ့တာပဲ”
သူချောင်ပိတ်မိနေပြီ ဖြစ်ကြောင်း မြင်လိုက်ချိန်တွင် အဘိုးအို၏ မျက်နှာ၌ မုန်းတီးမှု၊ ရူးသွပ်မှုများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ မသေချင်သေးပေ။ သူ ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် တိတ်ဆိတ်နေခဲ့သည့် အကြီးအကဲသည် လှည့်ကြည့် လာခဲ့သည်။
“ရပ်စမ်း”
သူ၏အသံသည် မကျယ်လောင်သော်လည်း အသံထဲတွင် အာဏာပိုင်စိုးမှုတို့ ပါဝင်နေခဲ့ပြီး အသားတောင်လေး သဖွယ်လူကို ရပ်တန့်သွားစေသည်။ ထိုသူသည် အကြီးအကဲကို စိုးရိမ်ပူပန်စွာ ပြန်ကြည့်လိုက်သည်။
အဘိုးအို စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို့နောက် သူသည်လည်း အကြီးအကဲကို စိုးရိမ်ပူပန်စွာဖြင့် မသေချာ မရေရာစွာ စိုက်ကြည့် လိုက်မိသည်။
“အမဲလိုက်ခေါင်းဆောင်က မျိုးနွယ်စုကို အကျိုးပြုခဲ့တယ် …”
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် တည်ငြိမ်နေခဲ့ပြီး သူ့မျက်နှာတွင် ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း မည်သည့် စိတ်ခံစားချက်များကိုမှ မမြင်တွေ့နိုင်ပေ။ သူသည် စကားပြောနေရင်းမှ ရှေ့သို့ လျှောက်လာခဲ့သည်။
“ဒါပေမဲ့ အကြီးအကဲ …”
အသားတောင်လေးသဖွယ် လူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် အကြီးအကဲက သူ၏စကားများကို ဖြတ်ချသွားခဲ့သည်။
“မျိုးနွယ်စုကို အကျိုးပြုခဲ့ရုံတင် မဟုတ်ဘူး။ မျိုးနွယ်စု အပေါ်မှာလည်း သစ္စာရှိတယ်။ စကားလေးတစ်ခွန်း အတွက်ကြောင့်နဲ့ ငါတို့က သူ့ကို ဘယ်လိုလုပ် ပြစ်ဒဏ်ချမှတ်နိုင်မှာလဲ။ ငါ ဒီလိုအရာမျိုး မလုပ်နိုင်ဘူး”
အကြီးအကဲသည် ရှေ့သို့ လျှောက်လာနေရင်းမှ ဖြည်းညင်းစွာ ပြောသည်။
ထိုအခါမှသာလျှင် အဘိုးအိုသည် လုံးဝ စိတ်သက်သာ သွားခဲ့သည်။ အကြီးအကဲထံသို့ ကြည့်နေသည့် သူ့မျက်လုံးများတွင် ကျေးဇူးတင်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် လက်သီးနှင့် လက်ဝါးထပ်လျက် ဦးညွှတ်လိုက်သည်။
“သူက သစ္စာရှိတယ်။ ပြီးတော့ မျိုးနွယ်စုက ပျက်စီးတော့မဲ့ အန္တရာယ်ကျရောက် နေရင်တောင်မှ သူက သူ့ဘဝအတွက် ထွက်ပြေးမှာ မဟုတ်ဘူး။ ပြီးရင် မျိုးနွယ်စုအတွက် သေပေးလိမ့်မယ်။ အဲဒီလို မဟုတ်ဘူးလား အမဲလိုက်ခေါင်းဆောင်”
အကြီးအကဲသည် ထိုသို့ ပြောဆိုနေချိန်တွင် အဘိုးအိုနှင့် ပေ ၃၀ ခန့်သာ ဝေးကွာတော့သည်။
“မျိုးနွယ်စုက ဒီနေရာမှာ ရှိနေသရွေ့၊ ငါကလည်း ဒီနေရာမှာ ရှိနေမှာပဲ။ အကယ်၍ မျိုးနွယ်စုကိုသာ အန္တရာယ် ကျရောက်ခဲ့ရင် ငါလည်း အသက်ရှင်ကျန်ခဲ့မှာ မဟုတ်ပါဘူး” အဘိုးအို လျင်မြန်စွာ ပြောလိုက်သည်။
အကြီးအကဲသည် အဘိုးအိုနှင့် ၁၀ ပေခန့်သာ ကွာဝေးသည့်နေရာသို့ ရောက်လာခဲ့ချိန်တွင် ဖြည်းညင်းစွာ ပြောလိုက်သည်။
“အဲဒီလို ဆိုရင်တော့ ငါက မင်းရဲ့ဆန္ဒကို ဖြည်းဆည်း ပေးရတာပေါ့။ မျိုးနွယ်စုအပေါ် လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် မင်းကိုကျေးဇူးတင်ပါတယ်”
ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် အဘိုးအိုသည် ကြောင်အသွားခဲ့ပြီး သူ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူထွက်ပြေးရန် ပြင်လိုက်ချိန်တွင် အကြီးအကဲသည် ညာဘက်လက်ကို ရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်၏။ အမဲလိုက် ခေါင်းဆောင်သည် ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်ကို အနက်ရောင် အခိုးအငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။ သူတုန်လှုပ် သွားခဲ့ရပြီး သူ့ခန္ဓာကိုယ်သည် အခိုးအငွေ့များဖြင့် ဖုံးအုပ်ခြင်း ခံလိုက်ရကာ ပုချန့်တောင်ပေါ်မှ ထွက်ခွာသွားခဲ့ပြီး ထို့နောက် မျက်စိတစ်မှိတ် အတွင်း၌ပင် သူသည် ဆူညံစွာ အော်ဟစ်နေကြသည့် ဟန်တောင်တန်းမြို့တော် အထက်သို့ ခေါ်ဆောင် သွားခံလိုက်ရလေသည်။
***